Friday, September 14, 2018

ကျွန်ုပ် ငါးသလောက်ပြုံး ပြုံးမိရခြင်း အကြောင်း


(၁) လိုအပ်သည်များကို မှာစားခြင်း

တလောက လူနေရန်ဆောက်လုပ်ထားသည့် အဆောက်အဦများကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးကာ သည်အဆောက်အဦတွေကတော့ လူနေဘို့သင့်တယ်၊ ဒီအဆောက်အဦမှာတော့ အက်ရာတွေတွေ့လို့ လူနေဘို့ မသင့်ဘူး စသဖြင့် ဆုံးဖြတ်ပေးသည်ဆိုတာ ဖတ်လိုက်ရတော့ ကျွန်ုပ်မှာ ငါးသလောက်ပြုံး ပြုံးမိရ၏။

အနှီလူကြီးမင်းများသည် အဆောက်အဦအပြင်ပိုင်းကို သာမန်မျက်လုံးနှင့်ကြည့်ကာမျှဖြင့် အထဲမှ အုတ်၊ ရေ၊ သဲကျောက်တို့၏ အချိုး၊ သံချောင်းအရွယ်အစား၊ သူတို့၏ လုပ်ပုံကိုင်နည်း ပရိုစီဂျာများကို သိသည်ဆိုခြင်းကား နည်းတဲ့စကေးတော့ မဟုတ်ဘူးဟု ကျွန်ုပ်မှာ သြချယူရပါပေ၏။

ကျွန်ုပ်လူမှန်းသိတတ်စကတည်းက လူကြီးဆိုသူများသည် မည်သည့်လုပ်ငန်းကို လာရောက်စစ်ဆေးသည် ဆိုကာ ဝတ်ကောင်း စားလှများဝတ်လျှက် နောက်က ထီးတော်မိုးနှင့် ဟိုလက်ညှိုးထိုး၊ သည်လက်ညှိုးထိုး ထိုးပြီး လိုအပ်သည်များကို မှာစားသွားကြောင်း သတင်းစာများတွင် မမြင်ချင်မှအဆုံး ဖတ်ခဲ့ရ၏။ (စည်ပင်ဈေးကြီး ရေမြောင်းဖော်တာကို အင်ဂျင်နီယာမှူးကြီးက ကြီးကြပ်သည် ဆိုတာတောင် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြလိုက်ပါသေး။ ဘုရားစူးရပါစေ့)

၂၁ ရာစုကို ဆယ်စုနှစ် နှစ်ခုနီးပါး စွန်းလာသည့်တိုင် ယခုလူကြီးများလည်း ယခင်လူကြီးများ၏ အစဉ်အလာကို ထိန်းသိမ်းကာ သည်ကဲ့သို့ လိုအပ်သည်များကို မှာစားနေကြောင်း ဖတ်ရသည့်အခါတွင်မူ ရိုးရာအစဉ်အလာကို ထိန်းသိမ်းထားနိုင်ပါပေသည် ဟု ကျွန်ုပ်က ငါးသလောက်ပြုံး ပြုံးမိရခြင်း ဖြစ်၏။

(၂) ကျူစီ ဆိုတာ

ပစ္စည်းများ၏အရည်အသွေး၊ လုပ်ငန်းများ၏ အရည်အသွေး စသည်တို့ကို စစ်ဆေးဘို့ဆိုတာ အလုပ်အားလုံးပြီးတော့မှ အခန့်သား ရောက်လာကာ ခါးပါးလက်ထောက်လျက် ဟိုလက်ညှိုးထိုး၊ သည်လက်ညှိုးထိုး ထိုးနေရုံမျှနှင့် ဖြစ်သည့်အရာမဟုတ်။ ထိုကဲ့သို့ လာရောက်လက်ညှိုးထိုးခြင်းကို စစ်ဆေးခြင်းဟုကားမခေါ်နိုင်။ အာပလာလုပ်ခြင်း၊ မယောင်သည့်နေရာကို ဆီနှင့်လူခြင်းဟုသာ သညာတပ်ရမည် ဖြစ်သတည်း။ (အဲသလိုတွေ ရေးလို့လည်း မျက်မုန်းကျိုးတဲ့သူတွေ များတာပဗျာ။)

လုပ်ငန်းတစ်ခုကို အရည်အသွေးစစ်ဆေးဘို့ဆိုတာ ဟို့ လုပ်ငန်းမစမီကတည်းက စလုပ်ရတာ ဖြစ်၏။
သည်လုပ်ငန်းလုပ်မည့် ပုံများ (Drawing) ကို စစ်ရသည်။ သည်လုပ်ငန်းတွင် မည်သည့်ပစ္စည်းများသုံးမည်ကို စစ်ရသည်။ သည်လုပ်ငန်းတွင် မည်သည့်စက်များ၊ လက်သုံးကိရိယာများသုံးမည်ကို စစ်ရသည်။ သည်လုပ်ငန်းတွင်လုပ်မည့် လူများ၏ အရည်အသွေးကို စစ်ရသည်။ သည်လုပ်ငန်းကို မည်ကဲ့သို့လုပ်မည်ဟူသည့် လုပ်ပုံကိုင်နည်း စနစ်များကို စစ်ရသည်။
အားလုံး အိုကေပြီတော့မှ စလုပ်ဘို့ မီးစိမ်းပြရတာ ဖြစ်၏။

စလုပ်လို့ရပြီဆိုတော့လည်း သည်အတိုင်း ပစ်ထားလို့ ရတာမဟုတ်။
လုပ်ငန်းခွင်ထဲ၌ အမြဲရှိနေမည့် ကျူစီ (Quality Control) အဖွဲ့ကို ထားရသည်။ ထိုအဖွဲ့တွင် ခေါင်းဆောင်ပါမည်။ အဖွဲ့ဝင်တွေ ပါမည်။

ထိုသူများသည် လုပ်ငန်းခွင်မှ လုပ်ငန်းအားလုံးကို မျက်ဖြေမပြတ် စောင့်ကြည့်နေရတာ ဖြစ်သည်။
လုပ်ငန်းခွင်အတွင်းသို့ ပစ္စည်းများ ရောက်လာပြီဆိုသည်နှင့် ထိုပစ္စည်းများသည် Project Specification ထဲ၌ ဖော်ပြထားသည့် ပစ္စည်းများ ဟုတ်မဟုတ် စစ်ရသည်။ ပစ္စည်းများ၏ အတိုင်းအတာမှန်မမှန်၊ အရေအတွက် ပြည့်မပြည့်။ အပြစ်အနာအဆာ ကင်းမကင်း၊ လိမ်နေသလား၊ ကျိုးပဲ့အက်ကွဲနေသလား စစ်ရသည်။
နောက်ပြီး စစ်ဆေးချက်ကို မှတ်တမ်းတင်ထားရသည်။

အလုပ်သမားများသည်လည်း အရည်အသွေးပြည့်လုပ်သားများ ဟုတ်မဟုတ် စစ်ရသည်။ သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် များ၊ လက်မှတ်များ ကိုင်ဆောင်ထားသူများ ဟုတ်မဟုတ် စစ်ရသည်။ လုပ်ငန်းကို တကယ်နားလည်သူများ ဟုတ်မဟုတ် စစ်ရသည်။ ၎င်းတို့၏လိုင်စင်၊ လက်မှတ်များကို မှတ်တမ်းတင်ထားရသည်။

အသုံးပြုမည့်စက်များသည် လုပ်ငန်းအတွက် သင့်တော် မှန်ကန်၊ ကောင်းမွန်သည့် စက်များ၊ လက်သုံးကိရိယာများ ဟုတ်မဟုတ် စစ်ရသည်။ ထိုစက်များကို အသုံးပြုဘို့ အန္တရာယ်ကင်းမကင်း စစ်ရသည်။ လိုင်စင်လိုသည့် (ဥပမာ - ကရိန်း၊ လေအိုး) စက်၊ ကိရိယာများဆိုလျှင် သက်တမ်းရှိသေးသော လိုင်စင် ရှိမရှိ စစ်ရသည်။ ထိုလက်မှတ်များကို စုဆောင်းထားရသည်။

အလုပ်သမားများ အလုပ်လုပ်သည့်နေရာကို ကိုယ်တိုင်သွားကာ ၎င်းတို့သည် ပုံထဲတွင် ဖော်ပြထားသည့်အတိုင်း လုပ်မလုပ် စစ်ရသည်။ တိုင်းစရာရှိလျှင် ပေကြိုးကိုင်ကာ တိုင်းရသည်။ ၎င်းတို့သုံးနေသည့် ပစ္စည်းများ မှန်မမှန်၊ လုပ်ပုံကိုင်နည်းများ မှန်မမှန် စစ်ရသည်။ လိုအပ်လျှင် ပစ္စည်းနမူနာများကို ဓာတ်ခွဲခန်း၊ သို့မဟုတ် စမ်းသပ်စစ်ဆေးသည့်ဌာနသို့ပို့ကာ စမ်းသပ် စစ်ဆေးခြင်းများ ပြုရသည်။ ဥပမာ - ကွန်ကရိလောင်းသည့်အခါ လောင်းသည့်ကွန်ကရိမှ နမူနာတုံးကလေးများကို ပို့ပြီး စမ်းသပ်ခြင်းမျိုးဖြစ်၏။

နောက်ပြီး တည်ဆောက်နေဆဲ ပုံများပြောင်းသွားသလား။ လုပ်ကိုင်နေသူများသည် နောက်ဆုံးထုတ်ပုံကိုကိုင်ပြီး လုပ်နေတာ ဟုတ်သလားဆိုတာ စစ်ရသည်။ ပြင်ရန်လိုလျှင် အချိန်မီ ပြင်ရသည်။

၎င်းတို့၏ လက်ရာသေသပ်မသပ်၊ ပစ္စည်းများရောစပ်ရသည့်အခါ သတ်မှတ်ထားသည့် အချိုးအစားအတိုင်း ရောစပ်တာ ဟုတ်မဟုတ်စစ်ရသည်။ ရောစပ်သည့်အချိုးကို အလုပ်သမားများ သေချာစွာသိမသိ အခါအားလျော်စွာ မေးကြည့်ရသည်။ လုပ်ငန်း လုပ်ကိုင်ပုံနည်းစနစ်အဆင့်ဆင့်ကို ကြီးကြပ်နေသူ သိမသိ တီးခေါက်ကြည့်ရသည်။

ရေချိန်မှန်ခြင်း၊ အတိုင်းအတာမှန်ခြင်း၊ ရောစပ်မှုမှန်ခြင်း၊ သုံးသည့်ပစ္စည်းအမျိုးအစားမှန်ခြင်း၊ လုပ်ကိုင်နည်းစနစ်မှန်ခြင်း စသည်တို့မှာ ပစ္စည်းအရည်အသွေးအတွက် အလွန်အရေးကြီးသည့် အချက်များဖြစ်၏။ ကျူစီလုပ်သူသည် ဤအချက်များ သေချာစေရန် အမြဲမပြတ် စောင့်ကြည့်နေရသည်။ စစ်ဆေးနေရသည်။ တိုင်းတာနေရသည်။ တစ်ခုခု မှားနေပြီဆိုသည်နှင့် ချက်ချင်းထောက်ပြ ပြင်ဆင်ခိုင်းရသည်။ လုပ်ငန်းပြီးသည်ထိ စောင့်နေလို့ ဖြစ်တာမဟုတ်။

လုပ်ငန်းအားလုံးပြီးသွားသည့်အခါ တပ်စရာရှိသည်များကို နောက်ဆုံးအဆင့် တပ်ဆင်ရသည်။ စစ်စရာရှိသည်များကို ကိရိယာများ သုံးလျက် စစ်ဆေးရသည်။ ဥပမာ - ပိုက်လိုင်းတစ်ခု ဆင်ပြီးသွားသည့်အခါ ထိုပိုက်လိုင်း ရေလုံမလုံကို ဖိအားမြင့်ရေ သုံးလျက် စမ်းသပ်ရသည်။ (Hydrostatic test), ထို့နောက် ထိုပိုက်လိုင်းတွင် ဖိအားပြမီတာ၊ အပူချိန်ပြမီတာ စသည့် တပ်စရာရှိသည့် ကိရိယာတို့ကို တပ်ရသည်။ မူလရှိနေသည့် လိုင်းများနှင့် ဆက်ရသည်။ ထိုကဲ့သို့ စမ်းသပ်ခြင်း၊ တပ်ဆင်ခြင်းများကို သက်ဆိုင်ရာသူများ လက်မှတ်ထိုး၍ မှတ်တမ်းတင် ထားရသည်။

အားလုံးစမ်းသပ်စစ်ဆေးပြီး အောင်မြင်ပြီ (Pass) ဆိုမှ သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် အဖွဲ့အစည်းလက်ထဲသို့ မှတ်တမ်းများ နောက်ဆုံးထုတ်ပုံများ (As Build Drawing) စသည့်စာရွက်စာတမ်းများနှင့်တကွ လွှဲအပ်ရသည်။ လွှဲအပ်ပြီးကြောင်းကိုလည်း မှတ်တမ်းယူထားရသည်။

ဤသည်မှာ အရည်အသွေးထိန်းသိမ်းသည့် လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ကျွန်ုပ်က အရိပ်အမြွက်မှ ပြောပြခြင်းဖြစ်ပါသည်။ လက်တွေ့တွင် သည့်ထက် ပိုကျယ်ပြန့်ပါသည်။

(၃) ရိုးသားခြင်း

ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ အကြီးအကျယ် ဆောက်လုပ်ကြသည်။ ပစ္စည်းများ အမြောက်အများ ထုတ်လုပ်ကြသည်။ သည်ကဲ့သို့ အရည်အသွေး ထိန်းသိမ်းသည့်လုပ်ငန်းများ ရှိပါသလား။ အရည်အသွေးကို မည်ကဲ့သို့ ထိန်းနေပါသနည်းဆိုတာ မေးခွန်းထုတ်စရာ ဖြစ်၏။

ယုတ်စွအဆုံး Project Specification ဆိုတာတောင် ရှိပါသလား။
ကျွန်တော်က မြန်မာပြည်နှင့် အနေဝေးတော့ သည်ကိစ္စတွေ ဂဃနဏမသိပါ။ သို့တိုင် သည်လို အရည်အသွေးစစ်သည့် လုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟုလည်း မကြားမိဖူးပါ။ သည်လို အရည်အသွေးစစ်ဆေးသည့် ဝန်ထမ်းများ ခန့်ထား ဆောင်ရွက်နေကြသည်ဟုလည်း မသိခဲ့ဖူးပါ။

အထက်တွင် ကျွန်တော်ပြောခဲ့သလို တာဝန်ရှိသူဆိုသူက လာပြီး ဟိုမေးသည်မေးလုပ်တာ အရည်အသွေးစစ်တာပါလား။

ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် ရိုးသားမှုတို့ ပျောက်ဆုံးနေတာ ကြာပြီ။
ရိုးသားမှုဆိုသည့်အထဲတွင် -
၁။ မှားလျှင် မှားကြောင်းဝန်ခံတာ ပါသည်။
၂။ မသိလျှင် မသိပါဟု ဝန်ခံတာ ပါသည်။
၃။ မတတ်လျှင် မတတ်ပါဟု ဝန်ခံတာ ပါသည်။

မှားနေတာကို မှားပါတယ်ဟု ဝန်မခံသမျှကာလပတ်လုံး အမှန်သို့မရောက်နိုင်။
မသိတာကို မသိပါဟု ဝန်မခံသမျှကာလပတ်လုံး သိသူဖြစ်မလာနိုင်။
မတတ်တာကို မတတ်ပါဟု ဝန်မခံသမျှကာလပတ်လုံး တတ်သူဖြစ်မလာနိုင်။

မှားနေတာကို မှားပါတယ်ဟု ဝန်မခံခဲ့သောကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ထိပ်ဆုံးဆိုသည့်ဘဝမှ ဘိတ်ဆုံးဆိုသည့် ဘဝသို့ ရောက်ခဲ့ရကြောင်း အသင်တို့အသိပင်ဖြစ်သည်။

သည်မျှ တန်ဘိုးကြီးကြီးပေးဆပ်ခဲ့ရတာတောင် သည်ကနေ့ထိ မှားနေတာကို မှားပါတယ်ဟု လက်မခံနိုင်သေးချင်းကား အလွန်မိုက်မဲလှပေ၏။

ကိုယ်လုပ်နေတာမှားနေကြောင်းလက်ခံနိုင်မှ အမှန်လမ်းကြောင်းပေါ်ရောက်လာမည်။
သို့သော် အမှားကိုလက်ခံနိုင်ဘို့ရာ ငါမှငါ ဟူသော အတ္တများကို ခွာချဘို့လိုပေသည်။

နိဂျုံးခုတ် (အဲလေ) နိဂုံးချုပ်ရလျှင် -

သည်အက်ကြောင်းရာများတွေ့လို့ လက်မခံနိုင် ဆိုတော့ ကန်ထရိုက်တာက ဒါလေးများ ဆိုကာ ပြုံးပါလိမ့်မည်။
နောက်ပြီး ထို အက်ရာကလေးများကို ပတ်တီးရိုက်၊ သနပ်ခါးလေးလူးကာ အနှီလူကြီးမင်းများကို ပြလိုက်လျှင် ကိစ္စပြီး၏။

ထိုတိုက်တွင်နေသူများ သေလျှင် ကံဆိုးလို့သာ မှတ်ယူလိုက်ကြပါကုန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃ စက်တင်ဘာလ၊ ၂၀၁၈

No comments: