ညက
ကျွန်တော် (၅၃) နှစ်မြောက် စင်ကာပူနိုင်ငံ အမျိုးသားနေ့ ကျင်းပတာကို တမေ့တမော ထိုင်ကြည့်ဖြစ်ပါသည်။
နှစ်တိုင်းလည်း ကြည့်နေကျဖြစ်၏။ သူတို့အခမ်းအနားကျင်းပနေတာ ကြည့်ရင်း ကျွန်တော့်စိတ်တွင်
ပျော်ရွှင်ကြည်နူးစိတ်များနှင့် အတူ ဝမ်းနည်းစိတ်များလည်း ဖြစ်ပေါ်မိ၏။
ကျွန်တော်
စင်ကာပူရောက်စက ကောင်းကင်ပေါ်မှ လေယာဉ်ပျံတစ်စီး ဖြတ်သွားတိုင်း အိမ်ပြန်ချင်စိတ်များ
ဖြစ်ပေါ်လျက် အကယ်၍ ငါတို့တိုင်းပြည်သာ စင်ကာပူလိုဆို ငါတို့စင်ကာပူလာလုပ်စရာ ဘယ်လိုလိမ့်မလဲကွာဟု
တွေးမိပါသည်။ တကယ်လည်း မြန်မာပြည်ကြီးကို စင်ကာပူကဲ့သို့ တိုးတက်စေချင်လှ၏။ ဒါ ကျွန်တော်တစ်ယောက်တည်း
မဟုတ်ပါ။ နိုင်ငံခြားရောက်သူ မြန်မာတိုင်း သည်ကဲ့သို့ပင် ခံစားရလိမ့်မည်ဟု ယုံကြည်မိပါသည်။
အနို့ အဘယ်သူသည် ကိုယ့်ချစ်သူ ခင်သူများနှင့် ခွဲခွာကာ တစ်ပြည်ရပ်ခြားသို့ ထွက်လာလိုပါလိမ့်မည်နည်း။
ယခင်က ဗေဒင်အဟောများတွင် နိုင်ငံရပ်ခြားသွားရခြင်းကို ကံဆိုးသည့်အထဲ၌ ထည့်ဟောသည်။ ရှေးလူကြီးများက
မိမိမိသားစုနှင့် နှစ်ရှည်လများ ခွဲခွာရမည့်အရေးကို ကံကောင်းသည်ဟု မမှတ်ယူပါ။
စင်ကာပူအမျိုးသားနေ့
အခမ်းအနား၌ ရွှေပွဲလာပရိသတ်များကို အနီးကပ်ရိုက်ပြထားရာ သူတို့မျက်နှာများကို ကျွန်တော်
စေ့စေ့စပ်စပ် ဖတ်ကြည့်မိ၏။ သူတို့မျက်နှာများပေါ်၌ ပျော်ရွှင်ခြင်း၊ အားရကျေနပ်ခြင်း၊
ဝမ်းသာကြည်နူးခြင်း နှင့် လွတ်လပ်ခြင်း များကို အတိုင်းသား တွေ့မြင်ရ၏။
ကျွန်တော်လည်း
စစ်ချီသီချင်းများကို နားထောင်လျက်၊ အသုတ်လိုက် အသုတ်လိုက် ချီတက်လာသည့် စစ်ကြောင်းများကို
ကြည့်လျက် သူတို့လိုပင် ဝမ်းသာကြည်နူးစိတ်များ ဖြစ်မိပါသည်။
နောက်ပြီးတော့
စင်ကာပူရောက်စက တွေးမိသကဲ့သို့ ငါတို့တိုင်းသူပြည်သားတွေလည်း ဘယ်တော့များမှ အခုလို
လွတ်လွတ် လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင် ဝမ်းသာကြည်နူးနိုင်ကြမှာပါလိမ့် ဟု တွေးမိကာ ဝမ်းနည်းမိပါသည်။
ကျွန်တော်တို့ဆီတွင်
ဒုစရိုက်မှုများ ပေါများလှသည်။ သတင်းစာ ဂျာနယ်များကို ဖတ်ကြည့်လိုက်လျှင် လူသတ်မှုမပါသည့်နေ့မရှိ။
သက်ငယ်မုဒိန်းမှု မပါလျှင် သတင်းစာမမည်။ မတော်တဆမှုကြောင့် သေဆုံးရသည့်သတင်းများဆိုလျှင်
ရိုးလို့တောင် နေပါပြီ။
နောက်ပြီး
တစ်ယောက်နှင့်တစ်ယောက် အမနာပပြောမှုများ များပြားလှသည်။ ဘာမဟုတ်သည့် အကြောင်းအရာတစ်ခုကို
လူများစုကြီးက စိတ်ပါလက်ပါ ငြင်းခုံနေကြသည်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို
ဘာမှ အထောက်အကူမပြုသည့် ထိုအကြောင်းအရာထဲတွင် စီးမျောနေကြသည်။ ပါးစပ်က ဘုရား၊ ဘုရားဆိုရင်း
တစ်ဦးနှင့်တစ်ဦး မစ္ဆရိယစိတ်များ ပွားနေကြသည်။ ကမ္ဘာပေါ်တွင် ဆန္ဒပြမှုအများဆုံး တိုင်းပြည်ကိုပြပါဆိုလျှင်
မြန်မာပြည်ကို ပြရမည် ထင်၏။
ဤသည်မှာ
ကောင်းသည့်လက္ခဏာမဟုတ်ပါ။
လူများကို
အရေခွံခွာကြည့်လိုက်ပါ။ အားလုံး အတူတူချည်းဖြစ်၏။
လူအားလုံးကို
ဝတ်ထားသည့် အဝတ်များ ချွတ်ခိုင်းကြည့်လိုက်ပါ။ အားလုံးအတူတူချည်း ဖြစ်နေတာ မဟုတ်ပါလော။
ခရစ်ယာန်၊
ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ စသည်တို့မှာ လူတို့ယုံကြည်ရာကိုလိုက်၍ ကွဲသွားခြင်းဖြစ်သည်။
သူ့ဘာသူ ခရစ်ယာန် ဖြစ်တာ ကိုယ်နှင့် ဘာဆိုင်ပါသနည်း။ သူလည်း သူ့ယုံကြည်ရာကိုးကွယ်ပိုင်ခွင့်
ရှိသည်။ ကိုယ်လည်း ကိုယ့်ယုံကြည်ရာ ကိုးကွယ် ပေါ့။ ဘာပြဿနာမှ မရှိပါ။ ယခုတော့ ဘာသာတရားကို
အကြောင်းပြကာ တစ်ဦးနှင့်တစ်ဦး အမုန်းတရား ပွားနေကြသည်။
လူကြီးလူကောင်းဟု
ကင်ပွန်းတပ်နိုင်သည့် အဝတ်အစား ဝတ်ထားသူများပါးစပ်က ဤအရာများ ပြောနေခြင်းကား လွန်စွာမှပင်
စိတ်ပျက်စရာ ကောင်းလှပါတော့သည်။
လူကိုလူလိုသာ
ဆက်ဆံစေချင်ပါသည်။ အဝတ်အစား၊ ရာထူးဌာနန္တရတွေဆိုတာ ခဏပန်းမျှသာ မဟုတ်ပါလော။ လူမှန်သမျှ
သူ့ဟာနှင့်သူ တန်ဘိုးရှိသူချည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ထံတွင် ပျောက်ဆုံးနေသည့် မေတ္တာတရား၊
သစ္စာတရား၊ ရိုးသားမှု၊ လူကို လူလိုတန်ဘိုးထားမှု၊ ကိုယ်ချင်းစာမှု စသည်တို့ကို ပြန်လည်မွေးမြူကြစေချင်ပါသည်။
နောက်ပြီး
ကျွန်တော်တို့ဆီတွင် team work ဆိုတာမရှိ။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်မည်။
ငါ့ဘာသာ ငါထင်တာ လုပ်မည်။ ဘာမှ ဂရုစိုက်နေစရာမလို။ ရေမြောင်းထဲက ဓာတ်တိုင် နှင့် အိမ်မျက်နှာစာရှေ့တွင်
ငါးပေလောက်မြင့်သည့် ရေမြောင်း ဖောက်ထားတာကြည့်ပါ။ ဤကဲ့သို့ ငါ့မြင်းငါ ထင်ရာစိုင်းခဲ့ကြသဖြင့်
တိုင်းပြည်ဘဏ္ဍာ သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပြီ။ သုံးမရသော ရထားလမ်း၊ ဘူတာနှင့်
ရထားတွဲများက ဤအရာကို သက်သေပြနေကြသည်။ ဤသည်ကိုလည်း နမူနာမယူ။ သင်ခန်းစာယူရကောင်းမှန်းမသိကြ။
ယခုတိုင် အမှားများကို ဆက်တိုက်ကျူးလွန်နေကြဆဲဖြစ်၏။
ပြဿနာတစ်ခုဖြစ်လာလျှင်
ထိုပြဿနာကို ဝိုင်းဝန်းအဖြေရှာရန် ကြိုးစားကြရမည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်
လက်ညှိုးထိုးနေခြင်းဖြင့် ပြဿနာ၏အဖြေကို မရနိုင်။ ပြဿနာဆိုတာ မဖြစ်မီက ကြိုတင်ကာကွယ်ထားရသည်။
ဖေ့စ်ဘုတ်က မနိုင့်ရင်ကာ ဝိုင်းအော်ကြတော့မှ ထလုပ်ရတာမျိုးမဟုတ်။
ကျွန်တော်
ငါးတန်း၊ ခြောက်တန်းကျောင်းသားဘဝလောက်က ကွင်းကောက်တွင် ကျောင်းတက်ခဲ့ရသည်။ တောသဘာဝ
အလျောက် ကျွန်တော်တို့နှင့် အိမ်နီးနားချင်းတို့ အလွန်ခင်မင်ရင်းနှီးခဲ့၏။ ဒေါ်ဒေါ်ညွန့်တို့၊
အရီးမခင်အေးတို့၊ အမေပုံ့တို့။
သည်တုံးက
ကွင်းကောက် တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်း ကူးသန်းသွားလာနိုင်ရန် ကြိုးတံတားထိုးမည်ဟု
အသံထွက်လာ၏။
အမေပုံ့က
ငါသေပြီးနောက်ဘဝ လူလေးထပ်ဖြစ်လာတောင် နင်တို့ကြိုးတံတား မဖြစ်ဘူး ဟု ပြောသည်။
ယခုလည်း
ကျွန်ုပ်တို့ မြန်မာ့လူ့ဘောင်တွင် ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းတို့ကို
မည်သည့်အခါမှ ရပါမည်နည်း။
ကျွန်တော်သေပြီးနောက်
လူကလေးပြန်ဖြစ်လာတောင် ရပါမည်လား။
မသေချာပါ။
ကံကောင်းပါစီ၊
မြန်မာပြည်
အေးငြိမ်း
၁၀
သြဂုတ်၊ ၂၀၁၈
No comments:
Post a Comment