(၁) ၀ိရောဓိနှင့် ပဋိပက္ခ
ဤလောကကြီးသည် ဆန့်ကျင်ဘက်တို့တည်ရှိလျက် အတူယှဉ်တွဲနေထိုင်ရသော
လောကကြီးဖြစ်၏။ အဖိုနှင့်အမ၊ နေ့နှင့်ည၊ အမှောင်နှင့်အလင်း၊ အဟောင်းနှင့်အသစ်၊ အနိမ့်နှင့်အမြင့်၊
အပူနှင့်အအေး၊ ကောင်းခြင်းနှင့်ဆိုးခြင်း၊ ချမ်းသာနှင့်ဆင်းရဲ၊ အဖြူနှင့် အမည်း၊ အောင်မြင်မှုနှင့်
ရှုံးနိမ့်မှု။
ထိုကဲ့သို့သော ဆန့်ကျင်ဘက်တွင် ၀ိရောဓိနှင့် ပဋိပက္ခဟု နှစ်မျိုးကွဲသည်။
သာမန် အရှေ့နှင့် အနောက်၊ နေ့နှင့်ညတို့ ဆန့်ကျင်ဘက်မှာ သဘာဝအတိုင်း
တည်ရှိနေသော ဆန့်ကျင်ဘက်တို့ဖြစ်၏။ သူတို့ ဆန့်ကျင်ဘက်ကြောင့် ဘာပြဿနာမှမရှိ။ မည်သူ့ကိုမှ
ဒုက္ခမပေး။ ထိုဆန့်ကျင်ဘက်၊ မတူညီမှုတို့ပင် အတူယူဉ်တွဲ နေရပေသေး၏။ ဥပမာ - မိန်းမနှင့်ယောက်ျားသည်
ဆန့်ကျင်ဘက်ဖြစ်၏။ သို့သော် ယောက်ျား ယောက်ျားချင်း ပေါင်းလို့မရ။ မိန်းမ မိန်းမချင်း
ပေါင်းလို့မဖြစ်။ ယောက်ျားနှင့်မိန်းမမှသာ ပေါင်းလို့သင်းလို့ ဖြစ်သည်။
သို့သော် ဤဆန့်ကျင်မှုမှာ လူတို့၏ ပယောဂပါလာသည့်အခါ ပဋိပက္ခအသွင်
ဆောင်သွားတတ်သည်။ ပဋိပက္ခဖြစ်ရခြင်း အကြောင်းမှာ လူတို့၏ လောဘ၊ ဒေါသ၊ မောဟတရားများအပေါ်
အခြေခံသည်။ လူတို့တွင် (လူမှာသာဖြစ်၍ တိရစ္ဆာန်မှာမဟုတ်) လောဘ၊ ဒေါသ၊ မောဟတရားတို့မရှိလျှင်
ပဋိပက္ခဆိုတာ ဖြစ်မလာနိုင်။ သို့သော် လူဖြစ်နေသမျှ ကာလပတ်လုံး (တစုံတစ်ခုသော မဂ်လေးပါး၊
ဖိုလ်လေးတန်ကိုမရသရွေ့) လောဘ (လိုချင်တပ်မက်မှု)၊ ဒေါသ (အမျက်ကြီးမှု)၊ မောဟ (မသိနားမလည်မှု)
ဆိုတာ ရှိနေမည်သာ ဖြစ်လေသည်။
လောဘ၊ ဒေါသ၊ မောဟတို့ရှိနေသမျှ ပဋိပက္ခဆိုတာလည်း ရှိနေမည်သာ
ဖြစ်၏။
ဝိရောဓိသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်လျက် ငြိမ်းချမ်းစွာ
အတူယှဉ်တွဲကာ ရှိနေသည်။
ပဋိပက္ခကတော့ ဆန့်လည်းဆန့်ကျင်သည်၊ ရန်သဘောလည်း ဆောင်သည်။
ပဋိပက္ခရှိနေသမျှကာလပတ်လုံး မည်သည့်နည်းနှင့်မှ ငြိမ်းချမ်းမှုကို မရနိုင်။ ငြိမ်းချမ်းမှုကိုရရန်
ပဋိပက္ခကို ချုပ်ငြိမ်းအောင် လုပ်ဖို့သာ ရှိသည်။
သို့ဆိုလျှင် မည်သည့်နည်းနှင့် ပဋိပက္ခကို ချုပ်ငြိမ်းနိုင်စေမည်နည်း။
အမေးရှိက အဖြေရှိရမည်။
(၂) လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား
ကျွန်တော်တို့ကျောင်းသားဘ၀က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏
မူဝါဒသဘောတရားကြေငြာချက်ဖြစ်သော လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားကို သင်ကြားရသည်။
မည်သူပင် မကြိုက်သည်ဖြစ်စေ သည်စာအုပ်ပါ သဘောတရားတော်တော်များများကို ကျွန်တော်ကတော့
နှစ်သက် သဘောကျပါသည်။ သည်ကဲ့သို့ မှန်ကန်ကောင်းမွန်သော သဘောတရား၊ လမ်းညွှန်ချက်ရှိလျက်နှင့်
အဘယ်ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ကျဆုံးရသနည်းဆိုသော် အရှိကို အရှိအတိုင်း၊ အမှန်ကို
အမှန်အတိုင်းလက်မခံ။ တစ်ဦးကိုတစ်ဦး အပြန်အလှန် ၀ိုင်းဝန်းလိမ်ညာနေကြသောကြောင့် ဖြစ်၏။
သူတို့အကောင်အထည်ဖော်သော နည်းစနစ် မှားယွင်း၍ ဖြစ်၏။ နောက်တစ်ခုက ကျွန်ုပ်တို့ ဒွန္နယာကြီးတွင်
မည်သို့မှ မဖြစ်နိုင်သော၊ မြောက်ကျွန်း၌သာဖြစ်နိုင်သည့် သာတူညီမျှ ဘုံဝါဒကို အခြေခံထားသောကြောင့်
ဖြစ်၏။
ထားပါ။ ဒါ ကျွန်တော်ပြောလိုသည့်အချက်မဟုတ်ပါ။
ကျွန်တော်ပြောချင်သည်မှာ လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားစာအုပ်တွင်
ကောင်းသည့်အချက်များ အများအပြားပါဝင်နေသည် ဆိုသည့်အချက် ဖြစ်ပါသည်။ ထိုစာအုပ်မှ သဘောတရားအချို့ကို
ကျွန်တော်သင်တန်းများတွင် ထည့်သွင်း သင်ကြားတတ်ပါသည်။ ဥပမာ - “သဘောတရားမပါသော လက်တွေ့သည်
အကန်းနှင့်တူ၍ လက်တွေ့မပါသော သဘောတရားသည် အကျိုးနှင့်တူ၏” ဆိုတာကို competency အကြောင်းပြောသည့်အခါတိုင်း
ထည့်သွင်းပြောကြားတတ်၏။
ယခု ကျွန်ုပ်လက်ဝယ်တွင် ထိုစာအုပ်ကလေးမရှိတော့ပါ။ တအုပ်တလေရှိသေးလျှင်
(ဖိုတိုကော်ပီပင်ဖြစ်စေ) ကျွန်တော် ၀ယ်ယူလိုပါသည်။ လက်ဝယ်ရှိသူများ သတင်းပေးကြပါ။
အထက်တွင်ပြောခဲ့သည့် ၀ိရောဓိနှင့် ပဋိပက္ခမှာ ထိုစာအုပ်ပါ
သဘောတရားဖြစ်ပါသည်။ ကျွန်တော် ထိုအကြောင်းကို ဒေသကောလိပ် ပထမနှစ်တွင် (ထင်ပါသည်) သင်ခဲ့ရတာ
ဖြစ်၏။ ဒေသကောလိပ်ဆိုတာ ဆယ်တန်းအောင်ပြီး တက္ကသိုလ် မတက်ရခင် တက်ရသော ကောလိပ်ဖြစ်ပါသည်။
ဤသဘောတရားကလေးကို ကျွန်တော်အလွန်နှစ်သက်သည့်အတွက်သာ အနှစ် ၄၀ လောက်ကြာပြီး ယခုတိုင်
မှတ်မိနေခြင်း ဖြစ်ပါသည်။
ထို့ပြင် -
အမြင့်မှာနေလျှင် လေတိုက်၍ ကြွေတတ်သည်။
အနိမ့်မှာနေလျှင် မြွေကိုက်၍ သေတတ်သည်။
ဤစကားနှစ်လီကို ကြံစည်ကာတွေးဆ, ကြည့်လျှင်
လူတို့ခွင်မှာ
မငယ်မကြီး မနီးမဝေး မနှေးမလျင်
တံငါလုလင် မြားကြိုးငင်သို့
မတင်းမလျော့ လှေဖောင်ဖော့သို့
ဆင်ခြင်စည်းစောင့် ၀မ်းထဲဖြောင့်လော့ . . . . ဆိုတာလည်း မှတ်မိနေပါသေးသည်။
အစွန်းနှစ်ဖက်ကိုရှောင်ရမည့် မဇ္စျိမ ပဋိပဒါ အကြောင်း သင်ကြားထားခြင်းဖြစ်ပါသည်။ (အနှစ်
၄၀ လောက်ရှိပြီဆိုတော့ ကျွန်တော်အလွတ်ရထားသော ကဗျာမှာ အတိမ်းအစောင်းရှိနိုင်ပါသည်။
သေသေချာချာ သိသူများ ပြင်ပေးကြပါ။)
လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရားက -
“လောက၌ ဆန့်ကျင်ဘက်တို့ရှိနေသော်ငြား ဤဆန့်ကျင်ဘက်တို့မှာ
ရန်ဘက်များမဟုတ်ကြ။ အသုံးချတတ်လျှင် ဤဆန့်ကျင်ဘက်တို့သည် လူများအတွက် အကျိုးပင်ရှိသေး၏။
(ဥပမာ - ယောက်ျားနှင့်မိန်းမ ပေါင်းဖက်ခြင်းကြောင့် လူသားမျိုးဆက်ဆိုတာ တည်တံ့ရသည်။
လျှပ်စစ် အဖိုနှင့်အမ ပေါင်းစပ်၍သာ လျှပ်စစ်ပစ္စည်းများ အလုပ်လုပ်ကြခြင်း ဖြစ်၏။) သို့သော်
အစွန်းရောက်အတွေးအခေါ် အယူအဆများ ၀င်သွားပါက ဤဆန့်ကျင်ဘက်တို့သည် ပဋိပက္ခအသွင် ဆောင်သွားတော့၏”
-
ဟု သင်ကြားပေးပါသည်။
(သူတို့ကသာ ဤသဘောတရားကိုလက်ကိုင်ထားသော်ငြား သူတို့ကိုယ်တိုင်
အစွန်းရောက်နေမှန်းကို မသိခဲ့ကြ။)
(၃) တရားမှုနှင့် မတရားမှု
မိတ်ဆွေတို့ ရုပ်ရှင်ကားပေါင်း မြောက်များစွာကို ကြည့်ခဲ့ဖူးကြပါလိမ့်မည်။
ရုပ်ရှင်ကားပေါင်း ထောင်သောင်းမက ရှိနေသည်ဖြစ်စေ ရုပ်ရှင်ကားအားလုံးကို
ခြုံကြည့်လိုက်မည်ဆိုလျှင် မည်သည့်ကားမဆို အကောင်းနှင့် အဆိုး၊ တရားမှုနှင့် မတရားမှုတို့၏
အားပြိုင်မှုတိုက်ပွဲကို ရိုက်ကူးထားသည်ချည်းသာ တွေ့ရပါလိမ့်မည်။
လောကတွင်လည်း ဤအတိုင်းချည်းဖြစ်၏။
လောကဆိုတာ ကောင်းမှုနှင့်မကောင်းမှု၊ တရားမှုနှင့် မတရားမှုတို့၏
အားပြိုင်မှုသာ ဖြစ်သည်။ မကောင်းမှုနှင့် မတရားမှုသည် ကောင်းမှုနှင့် တရားမှုကို အမြဲတိုက်ခိုက်နေသည်၊
ရန်လိုနေသည်၊ မလိုမုန်းထားနေသည်သာဖြစ်၏။ ကောင်းမှုက ၎င်းအပေါ် မည်ကဲ့သို့ပင် မေတ္တာစေတနာထားနေပါစေ
မကောင်းမှုသည် မည်သည့်အခါမှ အကောင်းမမြင်။ သူ့တစ်သက်လုံး မကောင်းတာတွေတွေးရင်း၊ ပြောရင်း၊
လုပ်ရင်းနှင့်သာ အချိန်ကုန်သွားလေ့ရှိသည်။ နောက်ဆုံး သေခါနီးကျမှ သူလုပ်ခဲ့တာတွေမှားကြောင်း
အမြင်မှန် ရသွားတတ်တာချည်း ဖြစ်၏။
ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း သမိုင်းကိုပြန်ကြည့်လိုက်ပါက
မတရားသော မကောင်းသောလူများကြောင့် တရားသော၊ ကောင်းသောသူများကို ဆုံးရှုံးခဲ့ရတာ များလှပါပြီ။
ထိုမကောင်းသူများ ချုပ်ငြိမ်းသွားလိမ့်မည် မမှတ်ပါနှင့်။
အထက်တွင် ကျွန်တော်ပြောခဲ့သလို လူတို့တွင် လောဘ၊ ဒေါသ၊ မောဟဆိုတာတွေ ရှိနေသမျှ ထို
မကောင်းသူများ ရှိနေမည်သာ ဖြစ်၏။ ၎င်းတို့ မဟုတ်တာ၊ မမှန်တာ၊ မကောင်းတာ လုပ်နေကြခြင်းသည်
သူတို့အလုပ် သူတို့လုပ်နေကြခြင်းသာ ဖြစ်၏။ ၎င်းတို့ မဟုတ်တာလုပ်မှုများကြောင့် လောကကြီး
မဆင်းရဲရအောင်၊ သရုပ်မပျက်ရလေအောင် ကောင်းသူများ၊ တရားသူများက နည်းလမ်းမျိုစုံသုံးကာ
ဝိုင်းဝန်းထိန်းပေးဘို့သာ ဖြစ်၏။
နည်းလမ်းမျိုးစုံဆိုသည်မှာ ပါးစပ်နှင့်ပြောဆိုဆုံးမသင့် ဆုံးမရမည်။
ပါးစပ်နှင့်ပြောမရလျှင် ဖင်လှန် ရိုက်သင့်ရိုက်ရမည်။ ပြောလို့ရသလောက်သာပြောပြီး ပြောလို့မှမရဆိုလျှင်တော့
ထိုဗရုတ်သုတ်ခများကို နောင်မလှန်ရဲအောင် ခပ်စပ်စပ်ကလေး ရိုက်ပြီး ဆုံးမရမည် ဖြစ်၏။
သူတို့အတွက်နှင့်ချည်း အချိန်ကုန်ခံနေလို့မဖြစ်။ တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိသည်။
သူတို့အတွက်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထိပါးမခံနိုင်။
သြော် - ဘရုတပ်၊ မင်းလည်း ပါသကိုး။
ဤကမ္ဘာကျော် သမိုင်းဝင်စကားမှာ အလကားထားခဲ့တာမဟုတ်။
ရန်သူဆိုသည်မှာ အဝေး၌ရှိမနေ။ ကျွန်ုပ်တို့အနီး၌ပင်ရှိနေသည်ဟု
သတိပေးထားသော စကားဖြစ်၏။
သံကိုသံဖျက် သံချေးတက် ဟူသောစကားသည်ရှိ၏။
သံကိုဖျက်သူမှာ သံကဖြစ်လာသော သံချေးသာဖြစ်လေသည်။
IS တွေကြောင့် မွတ်ဆလင်တွေ နာမည်ပျက်ရသည်။
မဘသကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရသည်။
ဗုဒ္ဓဘာသာကိုဖျက်နေသူများမှာ ဗုဒ္ဓဘာသာဝင်တွေသာ ဖြစ်၏။
မြန်မာတွေမကောင်းကြောင်းကို မြန်မာတွေသာပြောသည်။
မြန်မာဟူသောပုံရိပ်ကို ကျဆင်းအောင်လုပ်နေသူများမှာလည်း မြန်မာများသာ
ဖြစ်လေသတည်း။
ကိုယ့်ကြောင့် ခုနစ်ရက် သားသမီးစိတ်ဆင်းရဲရလျှင် အလကားနေရင်း
အကုသိုလ်ရနေမည်။
ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိသော
အလုပ်ကို မလုပ်ကြပါနှင့်။
အသိမှန်၊ အမြင်မှန်၊ အတွေးမှန်များရအောင် ပညာဆည်းပူးကြပါ။
စာဖတ်ကြပါ။
ငါလုပ်တာမှ အမှန်။ ငါတို့မှနိုင်ငံကိုချစ်တာ။ ငါတို့လောက်
အမျိုးချစ်တဲ့သူ နှစ်ယောက်မရှိဟူသော အစွန်းရောက် အယူအဆများကို ပယ်သတ်ကြပါ။
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်မြို့ကိုယ့်ရွာအတွက်၊
နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းအတွက် အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်ရင်း ငြိမ်းငြိမ်းချမ်းချမ်းနေကြပါရန်
တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၎ သြဂုတ်လ၊ ၂၀၁၇
No comments:
Post a Comment