(၁)
“လွမ်းတ,ပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ထက်၊
လွမ်းရေးခက်၏။”
နာမည်ကြီး ဥမ္မာဒန္တီပျို့ကို ကျွန်တော်ငယ်စဉ်က ဟိုနားသည်နား
ဆောင်းပါးများတွင် တို့တိတို့တိ ဖတ်ခဲ့ရဖူးပါသည်။ သို့သော် ပျို့အစအဆုံးကို မတွေ့ခဲ့ဖူးသလို
ဘယ်လိုကောင်းသည်၊ ဘာကြောင့်ကောင်းသည်ကိုလည်း မသိခဲ့ပါ။ ဆောင်းပါးများတွင် ညွှန်းထားသည့်တိုင်
ငယ်သေးတော့ သေသေချာချာ နားမလည်ခဲ့။
သို့တိုင် အထက်ပါ လင်္ကာတစ်ပိုင်းတစ်စကိုမူ အထက်တန်းကျောင်းသား
ဘ၀လောက်ကတည်းက တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္ထုတွင် ဖတ်၊ မှတ်၊ ကျက်ခဲ့ဖူးပါသည်။ သို့သော်
ဥမ္မာဒန္တီပျို့ကမှန်းမသိခဲ့။ သည်လင်္ကာကလေးကို မိတ်ဆွေတို့လည်း အလွတ် ရပါလိမ့်မည်။ သည်လင်္ကာကလေးကို
မည်မျှကြိုက်သနည်းဆိုလျှင် တစ်ခေါက်ဖတ်မိရုံနှင့် တစ်သက်လုံးစွဲသွားသည်ထိ ဖြစ်၏။
ယခု အဝေးသင်တက္ကသိုလ်၊ မြန်မာစာ ဒုတိယနှစ်သင်တန်းတွင် ပြဌာန်းစာအဖြစ်နှင့်
သည်ပျို့ ပါလာသည်။ သည်တော့မှ အစအဆုံးဖတ်ဖြစ်ပါတော့သည်။ ဒုတိယနှစ်သင်တန်းတွင် ဥမ္မာဒန္တီပျို့နှင့်
အာသံနိုင်မော်ကွန်း နှစ်ပုဒ် သင်ရ၏။
ဥမ္မာဒန္တီပျို့အဖွဲ့များမှာ အတော်ကောင်းသည်။ အရေးအဖွဲ့များမှာ
လှသည်။ ရှင်းသည်။ နှစ်သက်စရာကောင်းသည်။ ထို့ကြောင့် ဥမ္မာဒန္တီပျို့ကို ကျွန်တော် အတော်နှစ်သက်မိပါသည်။
သူ့ခေတ်နှင့်သူတော့ အာသံနိုင်မော်ကွန်းမှာ ထိပ်တန်းမော်ကွန်းတစ်ခု
ဖြစ်၏။ ယခုလည်း ပညာရှိအများက ထိပ်တန်း မော်ကွန်းတစ်စောင်အဖြစ် လက်ခံမှတ်သား လေ့လာနေကြဆဲဖြစ်ပါသည်။
ကျွန်တော့် အတ္ထနောမတိအတိုင်းဆိုရပါမူ အာသံနိုင်မော်ကွန်းကို
ဥမ္မာဒန္တီပျို့လောက် မကြိုက်ပါ။
အဘယ်ကြောင့်ဆိုသော် အာသံနိုင်မော်ကွန်းက - င်ခေါင်းကျယ်လွန်းလှသည်။
သူ့ဘုရင်ကိုလည်း မတန်တဆ မြှောက်ပင့် ထား၏။ မျက်မြင်စစ်ပွဲများကို အခြေခံရေးဖွဲ့ထားသည့်တိုင်
လက်တွေ့နှင့် အတော်ကင်းကွာလှသည်။ ဥပမာပြရလျှင် မော်ကွန်း အပိုဒ် (၁၅) တွင် မိဂသီမိုး၊
ရွာကြိုးဖျန်းပက်၊ ဆန်းသည့်ရက်ဝယ်၊ နရစက်စုတ်၊ ရှင့်ကိုးတုတ်သည့်၊ ထိုးခုတ်ဖြတ်ဖောက်
. . .
ဟု ပါရှိသည်။
၎င်းကို အဝေးသင်တက္ကသိုလ် ဒုတိယနှစ် ပြဌာန်းစာအုပ်တွင် အောက်ပါအတိုင်း
အဓိပ္ပာယ်ဖွင့်ဆိုထား၏။
နရစက်စုတ် = နရစက်တွက်ကိန်းအရ ရက်ကောင်းရက်မြတ် (နရစက်တွက်ကိန်းကို
ကျွန်တော်မသိပါ။ သိသူရှိလျှင် ရှင်းပြပါ။)
ရှင့်ကိုးတုတ် = ရှဥ့်ကိုးတောင်တွက်ကိန်း (ရှဥ့်ကိုးကောင်
ဖြစ်မည်ထင်ပါသည်။ ကျွန်တော် မသိပါ။)
ထိုတွက်ကိန်းအရ -
အုန်းခြံတစ်ခြံတွင် အုန်းပင် (၉) ပင်
ယင်းမျှသောအုန်းခြံ (၉) ခြံ
အုန်းတစ်ပင်တွင် အုန်းခိုင် (၉) ခိုင်
အုန်းတစ်ခိုင်တွင် အုန်းသီး (၉) လုံး
အုန်းသီးတစ်လုံးတွင် ရှဥ့် (၉) ကောင်
ရှဥ့်တစ်ကောင်တွင် မြား (၉) စင်း
မြားတစ်စင်းတွင် သွေး (၉) စက်
သွေးတစ်စက်တွင် ယင် (၉) ကောင်
ထိုတွက်နည်းဖြင့်တွက်ပါက ယင်ကောင်စုစုပေါင်း (၃၈၇၄၂၀၄၈၉)
ကောင်ရသည်။
(၃၈) ကုဋေ ကျော်သော စစ်သည်အရေအတွက်ကို ရှင့်ကိုးတုတ်ဟု ချုံ့၍
ဖွဲ့စပ်ထားခြင်းဖြစ်သည်။
ဆယ်ခေါဘဏီ = စစ်သည် ၃၈ ကုဋေစီပါသော စစ်တပ်ကြီး (၁၀) တပ်
၁ ကုဋေ = ၁၀ သန်း
ဆိုတော့ အာသံပြည်သို့သွားတိုက်သော မြန်မာစစ်တပ်တွင် စစ်သည်အရေအတွက်
သန်းပေါင်း ၃၈၀၀ ဖြစ်နေလေသည်။
ယခုခေတ်တောင်မှ မြန်မာတစ်ပြည်လုံးတွင် လူဦးရေ စုစုပေါင်း
သန်း (၅၀) မျှသာ ရှိရာ ရှေးခေတ်က စစ်သည်ပေါင်း သန်း (၃၈၀၀) ဆိုသည်မှာ လွန်သည့်ဟိုဘက်
နှစ်ဘူတာလောက် ပိုမနေဘူးလားခင်ဗျာ။
(၁၉၇၀ ခုနှစ် ကမ္ဘာ့လူဦးရေ = ၃၇၀၆ သန်း)
မူလစာဆို၏ ဆိုလိုရင်းကို အဓိပ္ပာယ်ဖွင့်သူက မှားယွင်းကောက်မိတာလည်း
(misinterpretation) ဖြစ်နိုင်ပါသည်။ ရိုးရိုးသားသားပြောရပါမူ ထို “နရစက်စုတ်၊ ရှင့်ကိုးတုတ်သည့်”
ဆိုသည့်စကားကို ကျွန်တော်နားမလည်ပါ။
ဒါက ထင်သာမြင်သာရှိသည့်ဥပမာတစ်ခုကိုသာ ပေးခြင်းဖြစ်ပါသည်။
ဤမော်ကွန်းတွင် အဲသဟာမျိုးတွေ တော်တော်များများ ပါသည်။
နောက်ပြီး သူက တင်စားသည့်စကားလုံးတွေ များလွန်းလှတော့ ဘာကိုဆိုလိုမှန်း
ရုတ်တရက်မသိနိုင်။ ပြန်ရှင်းပြတော့မှ သြော် - ဒါပါလားဟု နားလည်ရ၏။
စာတစ်ပုဒ်ကို ခံစားတတ်ဘို့ရာမှာ စာရေးသူပြောချင်သည့်အချက်ကို
စာဖတ်သူက ရင်နှင့်ခံစားနားလည်နိုင်မှ ရသမြောက် ပေမည်။ ခုတော့ ကျွန်တော့်မှာ အာသံနိုင်မော်ကွန်းကိုဖတ်ပြီး
အူလည်လည် ဖြစ်ရသည်။ ကျွန်တော်နားမလည်သည့်အတွက် မခံစားနိုင်သည့်အတွက် သည်မော်ကွန်းကို
မကြိုက်တာလည်း ဖြစ်ပါလိမ့်မည်။
ပညာရှိကြီးများကတော့ မော်ကွန်းတွင် ရေးထားသည်များကို ဘာ ဆိုတာ
တန်းကနဲ ဖတ်ရှုခံစားမိသောကြောင့် တန်ဘိုးထား ကာ ထိပ်တန်းစာပေထဲ ထည့်ထားတာ ဖြစ်မည်ထင်၏။
ပတ္တမြားတစ်လုံး၏ တန်ဘိုးသည် တန်ဘိုးသိသူ၏လက်ထဲမှာသာ တန်ဘိုးရှိတာဖြစ်သည်။
လင်္ကာကိုဖတ်ပြီး နားမလည်သူ မခံစားတတ်သူအဖို့ ထိုလင်္ကာသည် အဘယ်ကဲ့သို့ တန်ဘိုးရှိနိုင်ပါမည်နည်း။
(ကျွန်တော့်ခံစားချက်ကိုသာ ပြောခြင်းဖြစ်ပြီး သဘောမတူလိုသူများ သဘောမတူပဲ နေနိုင်ပါသည်။)
ဆိုရလျှင် ကျွန်တော်အင်မတန်နှစ်သက်သော လင်္ကာများကိုပြပါဆိုလျှင်
ဦးပုညနှင့် အချုပ်တန်းဆရာဖေတို့၏ လင်္ကာများကို ပြရပါလိမ့်မည်။ ဦးပုည၏လင်္ကာများကိုဖတ်ရတာ
ဒန်ပေါက်စားပြီး ဖာလူဒါသောက်ရတာထက် အရသာရှိသေးသည်။
အဘယ်ကြောင့် ကျွန်တော်ကြိုက်ရသနည်းဟူမူ သူတို့က သိပ် ကွယ်ထောင့်မနေ။
အတုံးလိုက်၊ အတစ်လိုက်၊ ပယ်ပယ်နယ်နယ်၊ ကွင်းကနဲ၊ ရှင်းကနဲ ရေးသောကြောင့် ဖြစ်၏။
နမူနာ ပြပါရစေ။ ဦးပုည၏ နွားတစ်ကောင်လုံး အသုံးချနည်း အဆုံးသတ်ကလေးကို
ဖတ်ကြည့်ပါ။
. . . မီးတွင်းမိန်းမ၊ နို့မရ၍၊ သားက တစာစာ၊ မာတာကျုံလှီ၊
နို့ရည်မလိုက်၊ ရှိသည်ခိုက်တွင်၊ ပြောလိုက်မည်အပြီး၊ သည်နွားမြီးကို၊ မီးဖုတ်ချက်ချင်း၊
တောက်တောက်စဉ်း၍၊ ဟင်းခါးလည်းချက်၊ ကြောင်ပန်းရွက်နှင့်၊ နို့ပျက်မိန်းမ၊ သောက်လိုက်ရလျှင်၊
နို့လုံးရွှင်သည်၊ သူ့လင်စို့တော့ မကုန်တည်း။ ။
သူ့ကဗျာက သိပ်ရှေရှေဝေးဝေး စဉ်းစားနေစရာမလို။ ဖတ်လိုက်သည်နှင့်
မျက်လုံးထဲတွင် ကွင်းကနဲ၊ ရှင်းကနဲ မြင်နိုင်သည်။ နောက်ပြီး ဟာသရသလေးလည်းပါသည်။ ရွတ်လို့လည်း
ကောင်းသည်။
ထို့အတူ အချုပ်တန်းဆရာဖေ၏ ကဗျာဆိုလည်း ကျွန်တော် တစ်ခေါက်ဖတ်ရုံနှင့်
အလွတ်ရသည်။ ထိုပထမတစ်ခါ အလွတ်ရနေသောကဗျာကို ဘယ်အချိန်ချိန် ကောက်မေးမေး ရွတ်ပြနိုင်သည်သာ
ဖြစ်၏။ အဲသလောက်ကြိုက်သည်။
ထီးဖြူရုံပြသာဒ်နှင့်၊ မအပ်တဲ့အရာ
လဒ်ဆိုသည့် မိစ္ဆာငယ်၊ ပိတ်ရှာပြီဇီဝိ
ဘုန်းမတံ့၊ ဘုန်းဆံ့ကျယ်တယ်
ဆုံးရုပ်နာမ်၊ သွားတဲ့ဝီစိ။
ကျွန်တော်ကြိုက်တာတွေ လျှောက်ရေးနေရလျှင် ဆုံးတော့မည်မဟုတ်ပါ။
ချစ်မိတ်ဆွေတို့ကို ဥမ္မာဒန္တီပျို့မှ ချစ်စရာ အဖွဲ့ကလေးများနှင့် မိတ်ဆက်ပေးပါရစေဦး။
(၂)
ယေဘူယျအားဖြင့် ကာရန်ငြိသမျှစာအဖွဲ့ကို လင်္ကာဟု ခေါ်ဆိုနိုင်သည်။
လေးလုံးတစ်ပါဒ စပ်ဆိုထားသော လင်္ကာအဖွဲ့ အမျိုးမျိုးရှိ၏။
ဘုရင့်သားတော်၊ သမီးတော်များအား ဧယင်မင်္ဂလာသီကျူးရန် ဖွဲ့ဆိုလျှင်
ဧချင်း ဟု ခေါ်၏။
အကြောင်းအရာတစ်ခုကို နောင်လာနောက်သားများ မှတ်သားသိရှိနိုင်ရန်
ဖွဲ့ဆိုလျှင် မော်ကွန်းဟု ခေါ်၏။
ရာသီ၊ သဘင်၊ အခမ်းအနား၊ အခြေအနေများကို လင်္ကာသုံးပိုဒ်ဖြင့်ဖွဲ့လျှင်
ရတု ဟု ခေါ်၏။
အကြောင်းအတ္ထုပ္ပတ္တိတစ်ခုခုကို သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရတို့ဖြင့်
နှစ်သက်ဖွယ်၊ သာယာနာပျော်ဖွယ်ဖြစ်အောင် ပိုဒ်ရေပေါင်းများစွာ ဖွဲ့ဆိုထားပါမူ ပျို့
ဟု ခေါ်၏။
မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံးပျို့များမှာ ရှင်မဟာသီလ၀ံသ၏
ပါရမီတော်ခန်းပျို့နှင့် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် ဇာတ်ပေါင်းပျို့ တို့ဖြစ်၏။
ဤသည်မှာ ပြဌာန်းစာအုပ်ပါ ပျို့၊ မော်ကွန်း၊ ရတု စသည်တို့၏
အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်ပါသည်။ မိတ်ဆွေများ ဗဟုသုတ ရစေရန် ထည့်သွင်းဖော်ပြလိုက်ခြင်း
ဖြစ်ပါ၏။
(၃)
ဥမ္မာဒန္တီပျို့ မှ -
. . . သလဲ့သလင်း၊ သဲဖြူခင်းထက်၊ မြင်းလည်းလှလှ၊ ရွလည်းရွလျက်၊
၀၀ကြီးကြီး၊ အစီးကောင်းမွန်၊ နားကျူးချွန်နှင့်၊ မျက်ဆန်ဂယ်လောင်း၊ ဆံလည်းကောင်းသား၊
ဦးခေါင်းမြီးထောင်၊ ပိတုန်းရောင်မူ၊ အာပေါင်လက်ရောက်၊ သုံးဆစ်မြှောက်၍၊ နောက်လည်းပွပွ၊
စာမြီကသို့၊ ထကြွကျောက်ကန်၊ ပျံမည့်ဟန်နှင့်၊ ဗွေကြန်သွေးမွေး၊ . .
. . . နိမ္မာနရ၊ ဘုံကစံသီး၊ နတ်သမီးသို့၊ ညီးညီးပြောင်ပြောင်၊
လှကိုယ်ရောင်နှင့်၊ မင်းခေါင်ဘုန်းရှိ၊ မြင်လိုက်မိသော်၊ ပင်ထိကရုံး၊ အလှဆုံးကို၊ နှလုံးစိတ်တွင်၊
သိစမ်းချင်၍၊ လူရှင်လက်ထိ၊ တို့လိုက်မိလျှင်၊ နွမ်းရိညှိုးငယ်၊ ဖြစ်သောနှယ်သို့၊ .
. .
အပိုဒ် (၂၁)
စစ်ရေးမက်ရေး၊ ရန်သူ့ဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊
ပြည်ထဲရေးရာ၊ ခက်သည်သာတည့်၊ အစာအစား၊ ထွားထွားမြည့်ကြေ၊ ရှားပါးလေ၍၊ သေကျေပျောက်စဲ၊
ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်၊ ၀မ်းရေးခက်၏။ ထိုထက်မှာမူ၊ ချစ်ခင်သူနှင့်၊ အတူတကွ၊
မပေါင်းရဘဲ၊ လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ထက်၊ လွမ်းရေးခက်၏၊
အဖက်မရ၊ ဖက်သုံးဝမူ၊ ဒုလ္လဘတွင်၊ မ၀င်ပါလျှက်၊ သည်အခက်ကား၊ သူ့ထက်လွန်ကျူး၊ သာ၍ထူး၏၊
ရှေးဦးဖွားစ၊ ငါ့ကိုမသား၊ သတ္တဘာဂ၊ ဒေ၀ရာဇာ၊ သူနှင့်ငါကို။ ။ ဖူးစာမရေးလေသလော။
. . . ရွှေရောင်ပျံ့ပျူး၊ ရွှေနဖူးနှင့်၊ ကော့ဖြူးမျက်တောင်၊
ရွှေမျက်မှောင်မှ၊ ရွှေရောင်ဝင်းလျှံ၊ ရွှေနှာတံတွင်၊ သံပရာဖျား၊ ရွှေရွက်နားလည်း၊ ပြန့်ကားရွှေသွေး၊
ရွှေလည်ရေး၌၊ ရွှေကျေးလည်ရစ်၊ ပေါ်စသစ်သို့ . . .
. . . မစူးမစမ်း၊ ထောက်လှမ်းမမီ၊ ပီပီပြင်ပြင်၊ မသိခင်က၊
အလျင်တဆော၊ စိတ်မာန်ဇောနှင့်၊ ပြုသောအမှု၊ အသာဓုတိ၊ ပြုလျှင်မကောင်း၊ ထိုအပေါင်းကို၊
လမ်းကြောင်းမလိုက်၊ ငါမကြိုက်တည့်၊ မကိုဋ်တဆူ၊ မင်းမာန်ဟူက၊ ရေပူဆားကျ၊ ဖြစ်တတ်လှ၍။
စိတ်ကပိုင်ပိုင်၊ မလွဲနိုင်အောင်၊ ကိုယ်တိုင်စေ့ငု၊ သိအောင်ပြု . . . .
ကျွန်တော်အများကြီးထုတ်နုတ်မပြတော့ပါ။ သည်လောက်ဆို ဒုံးမဝေးလှသော
ချစ်မိတ်ဆွေများ အတော်လေး တီးမိခေါက်မိ ရှိပါပြီ။
ဥမ္မာဒန္တီပျို့ကို online တွင် free download လုပ်ယူလို့ရပါသည်။
ဝါသနာပါသူများ ဖတ်နိုင်ကြပါစေရန် လမ်းညွှန်လိုက်ရ ပါကြောင်း။
ဥမ္မာဒန္တီပျို့ free download
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၇ ဇူလိုင်၊ ၂၀၁၇
No comments:
Post a Comment