စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်၏ ဘိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ ၂၀၁၆ ခုနှစ်
နိုဝင်ဘာလ ၃၀ ရက်နေ့က လာရောက်ခဲ့၏။
“ကျွန်မသွားတဲ့နိုင်ငံတိုင်းမှာ မြန်မာတွေကို တွေ့ဖြစ်အောင်တွေ့လေ့ရှိပါတယ်”
ဟု သူပြောခဲ့သည့်အတိုင်း စင်ကာပူရောက် မြန်မာများနှင့်လည်း ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၈
နာရီမှ ၉ နာရီထိ တွေ့ဆုံခဲ့ပါသည်။
ထိုတွေ့ဆုံပွဲတွင် သူက ကျွန်တော်တို့အား “တိုင်းပြည်အတွက်
ကျရာနေရာကနေ တတ်နိုင်သလောက် လုပ်ပေးကြပါ။ ဒါမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်တာ ပိုပြီးမြန်လိမ့်မယ်”
ဟု ပြောခဲ့ပါသည်။
ထိုအခါ ပရိသတ်ထဲမှတစ်ယောက်က “ဒါဆို ကျွန်တော်တို့ ဘာတွေလုပ်ပေးရမလဲ”
ဟု မေးသည်။ သူကလည်း ထပ်၍ “ကိုယ်တတ်နိုင်တာကို ကျရာနေရာကနေ လုပ်ပေးပါ” ဟုပဲ ပြန်ဖြေခဲ့ပါသည်။
မေးခွန်းမေးသည့် မောင်ကလေးအနေနှင့် ထိုအဖြေစကားကို နားလည်မလည် မပြောတတ်ပါ။ ထို့ကြာင့်
ကျွန်တော်က မိမိတို့အနေနှင့် ဘာတွေလုပ်လို့ရသနည်း ဆိုသည်ကို နည်းနည်းလောက် ပြောပြချင်ပါသည်။
တိုင်းပြည်ဆိုတာ တိုင်းသူပြည်သားများနှင့် ဖွဲ့စည်းထားတာဖြစ်သဖြင့်
တိုင်းသူပြည်သားများ တုံး, အ, နေပါက ထိုတိုင်းပြည် သည် ငတုံး၊ ငအတိုင်းပြည်သာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊
ထူးချွန်ထက်မြက်သော နိုင်ငံသားများဖြစ်ပါမှ တိုင်းပြည်သည်လည်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့်
တိုင်းပြည်ဖြစ်လိမ့်မည်ဖြစ်ကြောင်း ယခင် ဆောင်းပါး တော်တော်များများတွင် ကျွန်တော်
ရေးခဲ့ဖူးပါပြီ။
ကျွန်ုပ်တို့ မထူးချွန်ပါက သူများညာဝါဖြီးဖျန်းပြီး ညာစားနေတာ
ခံချင်တိုင်း ခံနေရမည်။ အချခံရလို့လည်း ခံရမှန်းမသိ။ အလုံးကြီးကြီးနှင့်ထည့်နေတာကိုပင်
ကျေးဇူးတင်နေရသေးကြောင်း မိတ်ဆွေတို့ သိပါသည်။
ထင်လွယ်မြင်လွယ် နမူနာတစ်ခုဖြင့် တင်ပြပါရစေ။
ရခိုင်မှ ဘင်္ဂါလီ (သူရို့အခေါ် ရိုဟင်ဂျာ) များအရေးတွင် အနောက်နိုင်ငံများက
အဘယ်ကြောင့် ၎င်းတို့ဘက်ကို ယိမ်းနေကြရ သနည်းဆိုသည်ကို စဉ်းစားဘို့ကောင်းသည်။ ၎င်းတို့တွင်
website ကောင်းကောင်းရှိသည်။ နိုင်ငံတကာကို နားဝင်လာအောင် ပြောပြနိုင်သူများ ရှိသည်။
သူတို့အပေါ် မြန်မာအစိုးရက ဘယ်နည်းဘယ်ပုံနှိပ်စက်နေ၍ သူတို့ ဘယ်လိုဒုက္ခရောက် နေရကြောင်း
အက်ဆေးကောင်းကောင်းရေးတတ်သူတွေရှိသည်။
သူတို့၏ ထိုရိုက်ချက်များကို ပြန်လည်တုံ့ပြန်ဖြေရှင်းဘို့ရာ၊
ပြန်လည်ထိုးနှက်ဘို့ရာ ကျွန်တော်တို့မှာ အင်္ဂလိပ်စာ ကောင်းကောင်း ရေးတတ်သူများ ဘယ်နှစ်ယောက်များ
ရှိပါသနည်း။ ကိုယ်ကပြန်ဆော်ဘို့အသာထား။ ယုတ်စွအဆုံး သူတို့ဘာရေးထားတယ် ဆိုတာတောင် မနည်းနားလည်အောင်
ကြိုးစားပမ်းစား ဖတ်နေရဆဲအဆင့်တွင်ပင် ရှိသေးသည်။
ယခု ကျွန်တော်က မြန်မာနိုင်ငံသားဖြစ်နေ၍ ထိုဘင်္ဂါလီများအကြောင်း
ကောင်းကောင်းသိသည်။ အကယ်၍ ကျွန်တော်သာ ဥရောပတွင်နေသူ၊ မြန်မာစာမဖတ်တတ်သူဖြစ်ပါက ဟို
ဘင်္ဂါလီများရေးထားသည့် website ကိုဖတ်ပြီး ၎င်းတို့ကို သနား နေမည်သာဖြစ်၏။ ၎င်းတို့ဘက်က ပါနေမည်မှာ
အမှန်ပင်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရေးထားသမျှကိုသာ တဖက်သတ် ဖတ်နေရသောကြောင့်တည်း။
သို့ဖြစ်၍ ထိုကိစ္စမျိုးအပါအ၀င် အခြားကိစ္စရပ်တော်တော်များများတွင်
သူများတွေနှင့် ပုခုံးချင်းယှဉ်၊ ရင်ဘောင်တန်းနိုင်ရန် အရည်အသွေးပြည့်ဝသော နိုင်ငံသားများ
ဖြစ်လာအောင် ပြုစုပျိုးထောင်ယူရပေလိမ့်မည်။
ဤသို့ပြုစုပျိုးထောင်ရာတွင် အစိုးရကိုချည်းအားကိုးနေလို့မရ။
တိုင်းသူပြည်သားများ၏ ပူးပေါင်းပါဝင်မှုလည်း များစွာ အရေးပါ လေသည်။ အစိုးရက ဦးဆောင်ရန်လိုသည်ကို
ပြောစရာမလို။ အစိုးရသည် မူဝါဒချမှတ်ပြီး ကောင်းမွန်မှန်ကန်သော စနစ်များ ရေးဆွဲကျင့်သုံးရန်လိုသည်။
ထိုစနစ်ကို အကောင်အထည်ဖော်ရာတွင်မူ အောက်ခြေ၀န်ထမ်းများနှင့် တိုင်းသူပြည်သားများ၏
အခန်းကဏ္ဍကို မေ့ထားလို့မရ။ စနစ်မည်မျှကောင်းနေသည်ဖြစ်ပါစေ။ လူများမလိုက်နာလျှင် အလကားပဲဖြစ်သည်။
နားလည်လွယ်အောင် ကျွန်ုပ်ကိုယ်တွေ့ အသစ်ကျပ်ချွတ် နမူနာကလေးနှင့်
ပြောပြပါမည်။
ယခု ကျွန်တော် အဝေးသင်တက္ကသိုလ်တက်ပါသည်။ ဤသည်မှာ စတန့်ထွင်လို၍
မဟုတ်။ တက်ချင်လို့တက်တာ ဖြစ်၏။ ကွန်တော် ယခုမှ အဝေးသင်တက္ကသိုလ်ကို စ,သိတာမဟုတ်။ ဟို့
၁၉၈၀၊ တက္ကသိုလ် စာပေးစာယူသင်တန်း ဘ၀ကတည်းက ရင်းနှီးခဲ့တာဖြစ်သည်။ မိတ်ဆွေတို့ ကျွန်တော်တို့အိမ်လာကြည့်ကြစမ်းပါ။
အဝေးသင်တက္ကသိုလ်မှ ပို့ချစာစဉ်များကို နှစ်စဉ် အလိုက် စုဆောင်းထားတာ ပြချင်ပါသည်။
အဝေးသင်တက္ကသိုလ်ဆိုသည်မှာ ဆရာဆရာမများက တက္ကသိုလ်တွင် ပို့ချသည့်အတိုင်း
အဝေးမှ ကျောင်းသားကျောင်းသူ များကို ပို့ချပေးခြင်းဖြစ်၏။ ထိုအထဲတွင် စာစဉ်များနှင့်
ဗီဒီယိုခွေများပါသည်။ ဟိုးယခင် ဗီဒီယိုမရှိခင်က တီဗီမှ အပတ်စဉ် လွှင့်ပေးသည်။ သို့ဖြစ်၍
ပို့ချချက်များမှာ အတော်လေးကို ပြည့်စုံပါသည်။ ဤစာစဉ်များကိုသာ သေသေချာချာ ကျကျနန လေ့လာပါက
တက္ကသိုလ်သွားတက်နေသူများကဲ့သို့ပင် တတ်မြောက်ကျွမ်းကျင် နိုင်ပါလိမ့်မည်။
သို့သော် ထိုစာစဉ်များကို သေချာစွာဖတ်ဖူးသူ ဘယ်နှစ်ယောက်
ရှိပါသနည်း။ အဝေးသင်တက္ကသိုလ်မှ ပို့ချချက်များကို တီဗီတွင် စောင့်ကြည့်နားထောင်၊ လေ့လာသင်ယူသူ
ဘယ်နှစ်ယောက် ရှိပါသနည်း။ ပို့ချချက်စာစဉ်များနှင့်အတူ ပူးတွဲ ပေးပို့လိုက်သော ဗီဒီယိုခွေများကို
ဖွင့်နားထောင်သူ ဘယ်နှစ်ယောက် ရှိပါသနည်း။
အကယ်၍ ကျွန်တော်သာ ဘီလ်ဂိတ်၏သားမက်ဖြစ်ခဲ့ပါက အဝေးသင်တက္ကသိုလ်အကြောင်း
ဆာဗေးလုပ်ကြည့်ချင်ပါသည်။ (အခုတော့ စားဝတ်နေရေးအတွက် ပိုက်ဆံရှာနေရလို့ ဆာဗေးလုပ်ဖို့
အခွင့်မသာပေဘူးပေါ့ဗျာ။ မိသားစုကိုပစ်ထားပြီး ဆာဗေးသွားလုပ်နေရင် မိန်းမနဲ့ နောင်ဂျိန်ချရမှာပေါ့။
ဤကား စကားချပ်)
ကျွန်တော်မမှားဘူးဆိုလျှင် အဝေးသင်တက္ကသိုလ် ကျောင်းသား တစ်ထောင်ရှိပါက
ပို့ချစာစဉ်များကို ဖတ်ဖူးသူ ဆယ်ယောက် မျှပင် ပြည့်မည်မထင်ပါ။ အထဲမှာ ဘာတွေရေးထားသလဲဆိုတာ
စုံစမ်းလေ့လာဘို့ ဝေးစွ။ ထိုအဝေးသင်စာစဉ် စာအုပ်ထုပ်ကို အထုပ်ဖြေဖူးသူပင် ဆယ်ယောက်ပြည့်မည်
မထင်။ စစ်စစ်ပေါက်ပေါက် လိုက်မေးမည်ဆိုပါက မိမိသင်ယူ လေ့လာရမည့် ဘာသာရပ်များ၏ နာမည်ကိုပင်
မှန်အောင်ဖြေနိုင်မည့်သူ အတော်ရှားပါလိမ့်မည်။ ဤသည်မှာ ကျွန်တော်က ရမ်းတုတ်ခြင်း ဖြစ်၍
မှန်ချင်မှ မှန်ပါလိမ့်မည်။ တကယ်ဖတ်ရှုလေ့လာသူများ မရှိဟု မဆိုလို။ ရှိသည့်တိုင် အလွန်ရှားကြောင်း
ပြောခြင်းသာ ဖြစ်၍ တကယ်လေ့လာနေသူများ မနာကြပါနှင့်။
ကျွန်တော်စာမေးပွဲဖြေရအောင်သွားတော့ စာကျက်နေသူ မောင်ကလေး၊
မယ်ကလေးတို့ကို တစေ့တစောင်း အကဲခတ် ကြည့်မိပါသည်။ ကျွန်တော်မှလွဲ၍ တစ်ဦးတစ်ယောက်မှ
ပြဌာန်းစာအုပ်ကိုင်ပြီး စာကျက်နေတာ မတွေ့ခဲ့ရပါ။ အားလုံး ကျူရှင် စာအုပ် သို့မဟုတ်
ဗလာစာအုပ်နှင့် ရေးမှတ်ထားသည်များကို ကျက်နေကြတာသာ ဖြစ်၏။
နောက်ပြီး ပြောစရာရှိသည့်တစ်ခုမှာ သင်ကြားရေးစာစဉ်များအကြောင်းဖြစ်၏။
သင်ကြားရေးစာစဉ်များ၏ အရည်အသွေး ကိုလည်း မြှင့်ဘို့လိုသည်။ အရည်အသွေးဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ
စာရွက်သား၊ စာအုပ်အပြင်အဆင်၊ စာအုပ်ချုပ်ပုံ စသည်တို့ကိုသာ ဆိုလိုသည်မဟုတ်။ အထဲမှ စာများ၏
အရည်အသွေးလည်း ပါသည်။ ဤသည်မှာ ပြောစရာအများကြီးရှိ၍ ဤနေရာတွင် မပြောတော့ပါ။ နောက်မှ
ဆောင်းပါးအရှည်ကြီး ရေးပါမည်။
အဆိုးဆုံးကား အင်္ဂလိပ်စာ အဆင့်အတန်းဖြစ်၏။ အမှန်ကိုပြောရလျှင်
ယခုဖြေခဲ့သည့်စာမေးပွဲအတွက် ကျွန်တော် အင်္ဂလိပ် စာကို ကြိုကြည့်သွားတာ မဟုတ်ပါ။ ယခင်နှစ်က
မေးခွန်းဟောင်းများကိုကြည့်လိုက်တော့ တရေးနိုးထဖြေတောင် အောင်မှန်း သိသဖြင့် ဖြေမည့်ညကျမှ
အနည်းအပါး လှန်လှောကြည့်သွားတာသာ ဖြစ်ပါသည်။ သဟာနှင့်တောင် ကျွန်တော်မဖြေနိုင်တာ တစ်ပုဒ်မှ
မတွေ့ခဲ့။ အဖြေနိုင်ဆုံးဘာသာမှာ အင်္ဂလိပ်စာ ဖြစ်သတည်း။
အားမနာတမ်းပြောရလျှင် GCE အဆင့်အတန်းနှင့်ဆို Primary 4 အဆင့်တောင်မရှိပါ။
မိတ်ဆွေတို့မယုံလျှင် Primary 4 အင်္ဂလိပ်စာနှင့် အဝေးသင်ပထမနှစ် အင်္ဂလိပ်စာကို ယှဉ်ပြပါမည်။
ကျောင်းသားများ အင်္ဂလိပ်စာတတ်မြောက်ဘို့အတွက် အင်္ဂလိပ်စာအဆင့်အတန်းကိုမြှင့်ရန်
များစွာလိုနေပါသေးသည်။ ကျွန်ုပ်ပြောတာကို လွန်လှပြီဟု အသင်ဆိုအံ့။ အောက်ပါ စာပိုဒ်ကလေးကို
ဘာသာပြန်ကြည့်စမ်းပါ။
“ဆောင်းဦးပေါက် မနက်စောစော လမ်းလျှောက်လာစဉ် အိမ်ဘေးနားရှိ
သစ်ပင်ပေါ်မှ ကျေးငှက်ကလေးများ၏ အိပ်တန်းထသံ ကြည်ကြည်ကြာကြာကို ကြားရသည်။ လေပြေညင်းကလေး
တသုန်သုန် တိုက်ခတ်နေ၏။ လမ်းဘေးပန်းခြုံများမှ ပန်းရနံ့ကို သင်းသင်းလေး ရှုရှိုက်မိသည်။
ကြည်နူးစရာ ကောင်းလှသည့် နံနက်ခင်း ကလေးပါတကား။”
ထိုစာစီစာကုံးကလေးကို အင်္ဂလိပ်လို ချရေးကြည့်စမ်းပါ။ “ပန်းရနံ့သင်းသင်းကလေး”
ဆိုတာဝေးလို့ “ငှက်ကလေးတွေ ကြည်ကြည်ကြာကြာမြည်သည့်အသံ” နှင့်ပင် ဒုက္ခရောက်လှပြီ မဟုတ်လော။
ပြန်ကောက်ရလျှင် အနှီကျောင်းသားကလေးများသည် အဝေးသင်တက္ကသိုလ်
စာမေးပွဲကို တစ်ပွဲထိုးကြည့်ပြီး ဖြေနေကြခြင်း မှာ မိမိကိုယ်ကိုလည်း ဖျက်ဆီးရာရောက်သည်။
တိုင်းပြည်အတွက်လည်း နစ်နာသည်။ မိဘများအတွက်လည်း နစ်နာသည်။ မည်သူ့အတွက်မှ အကျိုးမရှိ။
သို့ဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေရသနည်း။ စဉ်းစားကြဘို့ ကောင်းပါသည်။
ကိုယ်ဖြေနေတာ ဘာတွေမှန်းမသိပါဘဲလျက် ထိုကျောင်းသားကလေးများသည်
စာမေးပွဲများအောင်ပြီး ဘွဲ့ပင်ရလာသည့်တိုင် မည်ကဲ့သို့အရည်အချင်းရှိသူ ဖြစ်လာပါမည်နည်း။
ဤသည်မှာ တစ်နေရာတည်းမဟုတ်မူ၍ တစ်နိုင်ငံလုံး ဖြစ်နေတာဖြစ်သည်။
မည်မျှဆိုးရွားလိုက်ပါသနည်း။ နစ်နာသမှ နိုင်ငံနှင့်ချီ၍ နစ်နာသည်။ ဤပုံနှင့် မည်ကဲ့သို့
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးကို တည်ဆောက်ပါမည်နည်း။
ကျောင်းသားကလေးတွေ တကယ် တော်တည့်ထက်မြက်ပါမှ တကယ်တတ်မြောက်ကျွမ်းကျင်သည့်
အင်ဂျင်နီယာများ၊ ပိသုကာများ၊ ကုန်ထုတ်လုပ်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာပါလိမ့်မည်။
ကျောင်းသာပြီးလာရော ဘာမှမတတ်လို့ အလုပ်ထဲကျမှ အကုန်ပြန်လေ့လာ၊ သင်နေရလျှင် ကိုယ်လည်းစိတ်ညစ်ရမည်။
အလုပ်ရှင်လည်း ကြိုက်မှာ မဟုတ်။ အချိန်နှင့် ငွေလည်းကုန်သည်။ လူလည်းပင်ပန်းသည်။
တိုင်းပြည်တစ်ခုကိုထူထောင်တာ သယံဇာတတွေနှင့်ချည်း ထူထောင်လို့ရတာမဟုတ်။
ရုပ်ဝတ္ထုပစ္စည်းများ မည်မျှပေါများ နေသည်ဖြစ်ပါစေ။ လူမရှိက ဘာလုပ်လို့ရပါမည်နည်း။ ထို့ကြောင့်
လူအရင်းအမြစ် အဓိက အရေးကြီးလေသည်။ ထိုလူအရင်းအမြစ် ပျိုးထောင်ရေးတွင် အစိုးရရော ပြည်သူလူထုပါ
အရေးကြီးကြောင်း ယခုလောက်ဆို မိတ်ဆွေတို့ သဘောပေါက်ပါပြီ။
ထို့ကြောင့်ပင်လျှင် ကိုယ့်ကိုယ်ကိုယ် ထူးချွန်ထက်မြက်အောင်
လုပ်နေခြင်းသည်လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ပင်ဖြစ်သည် ဟု ကျွန်ုပ်ဆိုခြင်း
ဖြစ်သတည်း။
အသင်တို့သည် ကားရထားကို သက်တောင့်သက်သာ စီးချင်ပါသလား။ ၀င်ငွေကောင်းကောင်းဖြင့်
မပူမပင် မကြောင့်မကျဘဲ နေလိုပါသလား။ သက်တောင့်သက်သာရှိသည့် လူအဖွဲ့အစည်းတစ်ခုကို ဖန်တီးချင်ပါသလား။
မိမိ၏မိသားစု ကျန်းမာရေး၊ ပညာရေး စသည်တို့အတွက် စိတ်အေးလက်အေး နေလိုပါသလား။ ဒ့ါထက်
အ၀ိုင်းလည်မနေသည့် အင်တာနက် ကောင်းကောင်းကလေး သုံးချင်ပါသလား။
အချုပ်ဆိုရလျှင် အသင်တို့သည် သင်တို့၏တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်သော
တိုင်းပြည်တစ်ခု ဖြစ်လာစေလိုပါသလား။
သည်အတိုင်းတော့ ဖြစ်လာစရာအကြောင်း မရှိပါ။ အစိုးရကိုချည်း
အားကိုးနေလို့လည်း မဖြစ်ပါ။ အားလုံး တက်ညီလက်ညီ ၀ိုင်းကြ၀န်းကြမှ ရပါမည်။
သည်မျှဆိုလျှင် “ကျွန်တော်တို့ တိုင်းပြည်အတွက် ဘယ်နေရာကနေ
ဘာတွေလုပ်ပေးလို့ရမလဲ” ဆိုသည့်မေးခွန်းကို ဖြေပြီး ဖြစ်ပါသည်။
ပြန်ချုပ်ပါမည်။
၁။ ကိုယ့်ကိုယ်ကိုယ် ထူးချွန်ထက်မြက်အောင် လုပ်ပါ။
၂။ ကိုယ့်ပတ်ဝန်းကျင်မှ လူများ (လူငယ်များ) ကို ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်
တတ်နိုင်သမျှ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းဖြင့်
ကူညီစောင့်ရှောက်ပါ။
၃။ မိမိကိုယ်တိုင် (မဟုတ်တာဆို ဘာမှမလုပ်သော) ပတ်ဝန်းကျင်၏
စံပြဖြစ်အောင် နေပြပါ။ ကိုယ်နေသည့်အတိုင်းလည်း မိမိနှင့်နီးစပ်ရာ ကလေးသူငယ်များကို
သွန်သင်ဆုံးမပါ။
အသင်သာ ဤကဲ့သို့ နေ့တဓူဝ လုပ်နေသည်ဖြစ်အံ့။
အသင်ကား တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုစား
ဆောင်ရွက်နေသူ ဖြစ်တော့၏။
(ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသောစိတ်ဖြင့် ဤစာကို
ရေးပါသည်။ သူ့ကိုချစ်လျှင် သူ့စကားကို နားထောင်ရမည် မဟုတ်ပါလော။)
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂ ဒီဇင်ဘာ၊ ၂၀၁၆
No comments:
Post a Comment