(၁)
See something, say something. ဟူသောစကားသည် ရှိ၏။
အကြင်တစ်ဦးတစ်ယောက်သောသူသည် မှားနေသည်ကို တွေ့သည်ဖြစ်အံ့။
ထိုသူသည် မှားနေတာကို မှားနေကြောင်း ထောက်ပြမှ တာဝန်ကျေသူဖြစ်ပေမည်။ မှားနေမှန်းသိလျက်နှင့်
မသိလိုက် မသိဘာသာနေသူသည် တာဝန်မဲ့သူသာ ဖြစ်၏။ အထူးသဖြင့် တိုင်းပြည်အရေးနှင့် ပတ်သက်လာလျှင်
ပိုပြောသင့်သေးသည်။ အနာဂတ်မျိုးဆက်သစ်များ အရေးနှင့် ဆိုင်လာလျှင်လည်း (အများက ကဲ့ရဲ့သင်္ဂြိုဟ်
အတင်းဆိုနေသည့်တိုင်) ပြောသင့်ပြောထိုက်ပါက ပြောကိုပြောရမည်သာ ဖြစ်လေသည်။
ကျောင်းသုံးပြဌာန်းစာအုပ်မှ မြောက်များလှစွာသော အမှားများကို
ကျွန်တော် ပြောချင်နေသည်မှာ ကာလအတန်ကြာကတည်း က ဖြစ်၏။ သို့သော် သည်လိုပြောလိုက်လျှင်
အဖမ်းများခံရလေမလား။ တရားများစွဲလိမ့်မလားဟူသော ကြောက်စိတ်ဖြင့် မပြောဘဲ၊ ရေငုံနှုတ်ပိတ်
နေခဲ့တာဖြစ်၏။ ထို့ကြောင့် တိုင်းပြည်အပေါ် ကျွန်တော် တာဝန်မဲ့ရာ ကျပါသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်
စင်ကာပူရောက်မြန်မာများ တွေ့ဆုံပွဲတွင် သူက ဒီခေတ်မှာ ကြောက်နေတဲ့သူဟာ အတော်တုံးတဲ့သူပဲ
ဟု ပြောသွားလေသည်။ သူ့ပြောစကားကိုအားကိုးကာ ယခု အစိုးရက ပြဌာန်းထားသော ကျောင်းသုံး
ပြဌာန်းစာအုပ်များမှ အမှားများကို ကျွန်တော် ပြောပါတော့မည်။
သို့သော် အမှားများမှာ အလွန်များပြားလှလေရာ ကျွန်တော် ကုန်စင်အောင်
ပြောနိုင်မည်မဟုတ်ပါ။ ထို့ပြင်လည်း ကျွန်တော့်မှာ အလုပ်လုပ်နေရသည်က တစ်ဖက်မို့ ပြဌာန်းစာအုပ်ရှိသမျှအားလုံးကို
ခရေစေ့တွင်းကျ ဖတ်ဖို့ အချိန်မရပါ။ ကျောင်းသင် ပြဌာန်းစာအုပ်အားလုံးကို ပြင်ရန်မှာ
အစိုးရက မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၊ ဘာသာရပ်အလိုက်၊ အဆင့်အလိုက်၊ တကယ်တတ်မြောက်သူများပါသော သုတေသနအဖွဲ့တစ်ခုဖွဲ့ကာ
စာအုပ်တစ်အုပ်ချင်း၊ တစ်မျက်နှာချင်း၊ စာတစ်ကြောင်းချင်း၊ တစ်လုံးချင်း သေသေချာချာ
ကျကျနန ဖတ်ရှုစစ်ဆေးဘို့ လိုပါသည်။
စာအုပ်အရည်အသွေးဟုဆိုရာတွင် နှစ်ပိုင်းရှိ၏။
တစ်ခုမှာ စာအုပ်၏ရုပ်ပိုင်းဆိုင်ရာအရည်အသွေးဖြစ်ပြီး နောက်တစ်ခုမှာ
အတွင်းမှ စာသားများ၏အရည်အသွေး ဖြစ်ပါသည်။ ကောင်းမွန်သောစာတစ်အုပ်ဖြစ်ဖို့ရာ ထိုနှစ်ပိုင်းစလုံး
အရေးကြီး၏။
စာအုပ်၏ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွင် စာအုပ်အပြင်အဆင်၊
စာအုပ်ချုပ်ပုံ၊ အဖုံးနှင့် စာရွက်သားများအခြေအနေ၊ စာအုပ်ထဲမှ စာလုံးများအားလုံး ထင်ထင်ရှားရှား
ရှိနေစေရေး၊ စာရွက်ကျော်များ ပါမလာစေရေး၊ ဗလာစာမျက်နှာများ ပါမလာစေရေး၊ ရုပ်ပုံများ
ထင်ထင်ရှားရှား ပြတ်ပြတ်သားသား၊ လှလှပပရှိနေရေး စသည်တို့ ပါပါသည်။
နောက်တစ်ပိုင်းမှာ စာသားများ၏ အရည်အသွေးဖြစ်၏။ စာသားများ၏
အရည်အသွေးအကြောင်းပြောရလျှင် နယ်ပယ် ကျယ်ဝန်းပါသည်။ ကျွန်တော် အကျဉ်းချုံးပြီး ပြောပါမည်။
ပထမဆုံး အရေးကြီးသည်မှာ စာလုံးပေါင်းသတ်ပုံများ မှန်ကန်ရေး
ဖြစ်၏။ စာလုံးပေါင်းသတ်ပုံဟု ဆိုရာတွင် စာလုံးတိုင်း စာလုံးတိုင်းကို ဆိုလိုသည်။ ကျောင်းသင်ပြဌာန်းစာအုပ်ဖြစ်သည့်အတွက်
စာတစ်လုံးမှ မမှားစေရ၊ မလွဲစေရပါ။ အလွန် ဂရုစိုက်ရန် လိုပါသည်။ ထို့ကြောင့် စာအုပ်များကို
စစ်ဆေးသူများအနေနှင့် လက်ရှိတရားဝင်အသုံးပြုနေသော မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်းကို
ကိုင်ကာ စာတစ်လုံးချင်းစီကို ကျကျနန စစ်ဆေးရန် အရေးကြီးပါသည်။
ဒုတိယ အရေးကြီးသည်မှာ (ဒုတိယဆိုသော်လည်း ပထမကဲ့သို့ပင် အရေးကြီး၏)
ပြဌာန်းစာများသည် မူရင်းစာများနှင့် လုံးဝကွက်တိ တူညီနေစေရေး ဖြစ်၏။ သို့အတွက် ပြဌာန်းစာအုပ်များကို
စစ်ဆေးမည့်သူသည် စာရေးဆရာ၏ မူရင်း စာအုပ်များနှင့် တိုက်ဆိုင်စစ်ဆေးရမည် ဖြစ်ပါသည်။
စစ်သမှ စာတစ်လုံးချင်းစီကို တိုက်ဆိုင် စစ်ဆေးရမည်။ မူရင်းစာထဲတွင် မပါသည့်စာလုံးများ
ပါမလာစေရေး၊ မူရင်းစာအုပ်မှ စာလုံးများ ကျကျန်မနေစေရေးသည် အလွန်အရေးကြီးလှ၏။ မြန်မာစာ
သည် လုံးကောက် အနက်အဓိပ္ပာယ်ထွက်သောစာ ဖြစ်လေရာ စာတစ်လုံးကျကျန်ခဲ့ သို့မဟုတ် ပိုသွားသည်နှင့်
မူရင်း အဓိပ္ပာယ်မှ များစွာ လွဲချော်သွားနိုင်ပါသည်။
တတိယ အရေးကြီးသည်မှာ အဖြတ်အတောက်များ မှန်ကန်ရေး ဖြစ်၏။ အင်္ဂလိပ်စာတွင်
စကားလုံးတစ်လုံးချင်းစီကို ဖြတ်သွားသည်ဖြစ်ရာ အဖြတ်အတောက်မှားမှာ မပူရ။ မှားစရာကို
မရှိ။ သို့သော် မြန်မာစာတွင်မူ အဖြတ်အတောက်မှားလျှင် အဓိပ္ပာယ်ပါလွဲသည်။ ထို့ကြောင့်
အဖြတ်အတောက်များ မှန်ကန်စေရေး အရေးကြီး၏။ ဤသည့်ကိစ္စမှာ အထက်ဆုံးအရာရှိ၏ တာဝန်ဖြစ်သည်။
အောက်ဘက်က မတော်တဆမှားလာခဲ့သည်များကို အထက်ဆုံးအရာရှိက မျက်စိဒေါက်ထောက် ကြည့်ရမည်။
မြန်စရာမလို။ အုပ်ရေ သိန်းနှင့်ချီကာ တစ်နိုင်ငံလုံးကို ဖြန့်မည့်စာအုပ်များ ဖြစ်သည့်အတွက်
မှန်ရန်သာ အရေးကြီးလေသည်။
နောက်တစ်ခုမှာ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များ ဖြစ်၏။ ဤစာအုပ်မှာ
သာမန် မဂ္ဂဇင်းတစ်အုပ်၊ ၀တ္ထုစာအုပ် တစ်အုပ် မဟုတ်။ ကျောင်းသုံးစာအုပ်ဖြစ်၏။ ထို့ကြောင့်
အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်များ မှန်ကန်ရေးမှာ အလွန်အရေးကြီး၏။ ယခုမှ ပညာရင်နို့သောက်စို့ခါစ
ကလေးများကို အမှားကြီး သင်မပေးမိစေရေးမှာ ထိုပြဌာန်းစာအုပ်များ မှန်ကန်ရေးလည်း တစ်ခု
အပါအ၀င်ဖြစ်ကြောင်း သတိထားရပါမည်။
နောက်တစ်ခုမှာ စံပြအဖြေများ မှားမပေးမိစေရေး ဖြစ်၏။ ကလေးများကို
မှားသင်ပေးလိုက်လျှင် တစ်သက်လုံး မှားသွား လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကလေးများ၏
စိတ်မှာ ပကတိဖြူစင်နေသော စိတ်ဖြစ်၍ အရောင်ဆိုးရလွယ်သည်။ ထိုအရောင်သည် တစ်သက်လုံးစွဲနေတတ်သည်။
ထို့ကြောင့် စ သင်ကတည်းက အမှန်ကို သင်ပေးရေး အရေးကြီးခြင်း ဖြစ်၏။ စံပြအဖြေများ မှန်ကန်စေရေးမှာ
ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာများ၏ အရာဖြစ်ပါသည်။
နောက်တစ်ခုမှာ ဖော်ပြထားသော ပုံများနှင့်စာသား ကိုက်ညီစေရေး၊
ပုံများ မှန်ကန်စေရေး ဖြစ်၏။ အချက်အလက်များ ဖော်ပြမည်ဆိုပါကလည်း ထိုအချက်အလက်များကို
အခိုင်မာဆုံးနေရာ၊ မူလနေရာမှသာ ရယူရပါမည်။ မသေချာသည့် သို့မဟုတ် အငြင်းပွားဖွယ်ရာအချက်များ
ပါလာပါက တာဝန်ရှိသည့် ဌာနနှင့် ဆက်သွယ်ကာ အတည်ပြုချက် ရယူရပါမည်။
အရေးကြီးသည့် နောက်တစ်ချက်ကို ပြပါဆိုလျှင် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ
ကိစ္စများဖြစ်ပါသည်။ ထိုကိစ္စများသည် အလွန် အကဲဆတ်သည့်ကိစ္စဖြစ်၍ ထိခိုက်စော်ကားသည့် အသုံးအနှုန်းများ၊
အမုန်းပွားစေမည့် အသုံးအနှုန်းများမပါစေရေးကို မှန်ဘီလူးနှင့်ရှာကာ စစ်ထုတ်ပစ်ရန် လိုပါသည်။
ဤသည်မှာ ကျွန်ုပ်က အကျဉ်းရုံးပြခြင်းမျှသာ ဖြစ်၏။ အခြားအရေးကြီးသည့်အချက်များ
များစွာကျန်ရှိနေနိုင်ပါသေးသည်။
(၂)
ကျောင်းသုံးပြဌာန်းစာအုပ်များ ရိုက်နှိပ်ခြင်း၌ မည်သူ့တွင်
သို့မဟုတ် မည်သည့်အဖွဲ့တွင် တာဝန်ရှိမှန်း ကျွန်တော်မသိပါ။ ကျောင်းသုံးစာအုပ်ကော်မတီ
ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ကျောင်းသုံးစာအုပ်များ မှန်ကန်ကောင်းမွန်ရေးအတွက် ထိုသူ သို့မဟုတ်
အဖွဲ့၌ လုံးဝတာဝန်ရှိပါသည်။ စာအုပ်မှ စာလုံးပေါင်းများမှားခြင်း၊ စာလုံးများကျကျန်ခဲ့ခြင်း၊
စာကြောင်းကျော်ခြင်း စသည်တို့ မဖြစ်စေရန် စာအုပ်ရိုက်နှိပ်ရေးအဖွဲ့က အထပ်ထပ် စစ်ရပါမည်။
ပထမ အောက်ဆုံးအဆင့်က စစ်ရမည်။ ဒုတိယ ကြီးကြပ်သူ များက စစ်ရမည်။ ထို့နောက် တာဝန်အရှိဆုံးသူများက
ဖတ်ကြည့်အတည်ပြုပေးရမည်။
တလောက The Voice ဂျာနယ်တွင် ကျောင်းစာမေးပွဲ မေးခွန်းများမှားခြင်းအကြောင်း
အင်တာဗျူးတစ်ခု၌ တာဝန်ရှိသူက မေးခွန်းမှားခြင်းမှာ ကွန်ပြူတာရိုက်သူကြောင့်ဖြစ်ကြောင်း
ပြောသွားတာ ဖတ်လိုက်ရပါသည်။ ဤသည်မှာ မမှန်ပါ။ ကွန်ပြူတာ ရိုက်သူသည် စာရိုက်ပေးရုံသာဖြစ်၍
၎င်းရိုက်ပေးထားသည်များ မှန်မမှန်ကိုမူ အလုပ်အပ်သူက စစ်ဆေးရမည် ဆိုသည့် အကြောင်း သာမန်အရပ်သားတစ်ဦးပင်
သိပါသည်။
ယခု ကျောင်းသုံးပြဌာန်းစာအုပ်များ၏ အရည်အသွေးမှာ အထက်ပါ တာဝန်ရှိပုဂ္ဂိုလ်
ပြောသွားသည့်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေကြပါသည်ဟု သက်သေပြသကဲ့သို့ ဖြစ်နေပါသည်။
အမှားများကို ထောက်ပြရန် ကျွန်တော်ရည်ညွှန်းမည့် စာအုပ်များမှာ
ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ပထမနှစ် မြန်မာစာ ပြဌာန်းစာအုပ်များ ဖြစ်ပါသည်။ ပြဌာန်းစာအုပ်များဆိုစေ
အားလုံးကို အသေးစိတ်ပြောပြရန် မလွယ်ပါ။ ကျွန်တော် ပြောမည့် စာအုပ်များထဲတွင်
Philosophy, English နှင့် Aspects of Myanmar ဘာသာရပ်များ မပါဝင်ပါ။ အခြား မြန်မာစာနှင့်
ဆိုင်သည့် စာအုပ်များသာ ပါပါသည်။
ဘာသာရပ်အားဖြင့်ဆိုလျှင် -
မ ၁၀၀၁၊ ၁၀၀၂ - မြန်မာစာ
မ ၁၁၀၁ - စာပေယဉ်ကျေးမှုဆောင်းပါးများ၊ မေတ္တာစာ
မ ၁၁၀၂ - အချင်းကဗျာစု
မ ၁၁၀၃ - ဘာသာဆောင်းပါးများ၊ ဘာသာပြန် နှင့်
မ ၁၁၀၄ - သံဝရပျို့ - တို့ ဖြစ်ပါသည်။
ထိုအထဲတွင်လည်း အများဆုံး စစ်ဆေးပြမည်မှာ မ ၁၀၀၂၊ မ ၁၀၀၁
နှင့် မ ၁၁၀၂ စာအုပ်များ ဖြစ်၏။
အဝေးသင်ပြဌာန်းစာအုပ်များ၌ ဘာသာရပ်တစ်ခုလျှင် ရွေးချယ်ချက်၊
ပို့ချချက်နှင့် လေ့လာမှုလမ်းညွှန် ဟု သုံးပိုင်းစီပါသည်။ စာအုပ်များကိုမူ သင့်တော်ရာ
ဘာသာရပ်များတွဲပြီး ချုပ်ထားတာ တွေ့ရ၏။ ဥပမာ - မ ၁၀၀၁၊ ရွေးချယ်ချက်နှင့် ပို့ချချက်
ပေါင်းကာ တစ်အုပ်။ မ ၁၀၀၂၊ ရွေးချယ်ချက်နှင့်ပို့ချချက်ပေါင်းကာ တစ်အုပ်။ မ ၁၀၀၁ နှင့်
၁၀၀၂ ကို ပေါင်းကာ လေ့လာမှုလမ်းညွှန်ဟု တစ်အုပ် ထုတ်ထားပါသည်။
ကျွန်တော်စစ်ဆေးရာတွင် ကိုယ်လက်လှမ်းမီသလောက်သာ စစ်နိုင်ပါသည်။
မူရင်းစာအုပ်များနှင့် တိုက်ဆိုင်စစ်ဆေးဘို့ရာ ကျွန်တော့်တွင် ပြဌာန်းစာအုပ်ထဲမှ စာများပါသော
မူရင်းစာအုပ်များအနက် အချို့အ၀က်သာ ရှိပါသည်။ တော်တော်များများ မရှိပါ။ အင်တာနက်တွင်
ပြန်ရိုက်တင်ထားသည့် စာများကိုလည်း စိတ်မချရပါ။ ဥပမာပြရလျှင် ဆရာကြီးရွှေဥဒေါင်း၏ ခွန်အားရှိသောစာကို
မူရင်းစာနှင့် တိုက်ဆိုင်စစ်ဆေးလို၍ရှာရာ အင်တာနက်မှ ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့်
အတွေးအခေါ်များပေါင်းချုပ် စာအုပ်ကြီးကို တွေ့ပါသည်။ စာမျက်နှာပေါင်း ၁၃၉၆ မျက်နှာရှိ၏။
စီစဉ်သူများမှာ မြန်မာကျူးပစ် ဖိုရမ် ဖြစ်ပါလိမ့်မည်။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုစာအုပ်သည် မူရင်းစာအုပ်ကို
scan ဆွဲထားခြင်း မဟုတ်။ ပြန်ရိုက်ထားခြင်း ဖြစ်၏။ ခွန်အားရှိသောစာ အပိုင်းကို ပြဌာန်းစာအုပ်နှင့်တိုက်ဆိုင်
စစ်ဆေးလိုက်သောအခါ ထို ပြန်ရိုက်ထားသည်များ၌ အမှားများ ပါနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့်
ထိုစာအုပ်ကြီးကို စိတ်ချလက်ချ မရည်ညွှန်းနိုင်တော့ပါ။ မူရင်းစာအုပ်ကို Scan ဆွဲထားသည့်
တစ်သက်တာမှတ်တမ်းကို တွေ့ပါသည်။ သို့သော် ပထမသုံးတွဲသာ တွေ့ပြီး နောက်သုံးတွဲရှာမတွေ့ပါ။
အခြား ကျွန်တော်ရည်ညွှန်းသော စာအုပ်များမှာ မူရင်းစာအုပ်ကို scan ဆွဲထားသော စာအုပ်များ
ဖြစ်ပါသည်။ ဥပမာ - ပေါရာဏဒီပနီ၊ ကဗျာဗန္ဓသာရကျမ်း၊ မြန်မာ့မျက်ပွင့်၊ ခေတ်စမ်းကဗျာများ
စသည်။
(၃)
ပထမဆုံးပြောလိုသည်မှာ စာအုပ်များ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်၏။
စာအုပ်များကို ချုပ်ထားသည်မှာ စနစ်မကျပါ။ ချုပ်ထားသည့် ပင်
သည် စာအုပ်အတွင်းပိုင်းသို့ အတော်ရောက်နေသဖြင့် စာအုပ်ကိုလှန်သည့်အခါ စာသားများမှာ
ချုပ်ရိုးအတွင်း ၀င်နေပါသည်။ ကောင်းကောင်း ဖတ်မရပါ။ နောက်တစ်ခုက အပေါ်တစ်ချက် အောက်တစ်ချက်
ပင် နှစ်ချက် ရှိရာတွင် အပေါ်ဘက်က ပင် နှင့် အောက်ဘက်က ပင် ၏ စာအုပ်အနှောင့်မှ အကွာအဝေးချင်းမှာ
မတူ၍ စာအုပ်ကို လှန်လိုက်သည့်အခါ တည့်တည့်မကျဘဲ စာရွက်သားမှာ တစောင်းဖြစ်နေပါသည်။
ဆိုးသည်မှာ စာလုံးများ မထင်သဖြင့် ဖတ်မရခြင်းဖြစ်၏။
ဥပမာ - မ ၁၁၀၄ - ပို့ချချက်၊ စာမျက်နှာ ၁၂၄၊ ၁၂၅။ မ ၁၁၀၃
ရွေးချယ်ချက်၊ စာမျက်နှာ ၃၊ ၆၊ ၇၊ ၁၀၊ ၁၉၊ ၂၂၊ ၂၃၊ ၂၆၊ ၂၇ ၊ ၃၄၊ ၄၃၊ ၅၉၊ ၇၃
အချို့စာမျက်နှာများတွင် စာလုံးများနှစ်ထပ်ဖြစ်ကာ ၀ါးနေသောကြောင့်
ဖတ်မရပါ။
ဥပမာ - မ ၁၁၀၃ - လေ့လာမှုလမ်းညွှန်၊ စာမျက်နှာ ၂၊ ၃၊ ၆၊ ၇
ဤသည်မှာ ကျွန်တော်က အခြေအနေအလွန်ဆိုးသောကြောင့် လုံးဝဖတ်မရသော
စာမျက်နှာများကိုသာ ဖော်ပြခြင်း ဖြစ်ပါ သည်။ စာလုံးကောင်းကောင်းမထင်သော၊ စာလုံး နှစ်ထပ်မကျတကျဖြစ်နေသော
စာမျက်နှာ များစွာရှိပါသေးသည်။
အချို့စာမျက်နှာများတွင် စာကိုယ်နှင့် စာအုပ်နှုတ်ခမ်းသား
ကပ်လွန်း (မာဂျင်အလွန်နည်း) ပါသည်။
ဥပမာ - မ ၁၁၀၄ လေ့လာမှု လမ်းညွှန်၊ စာမျက်နှာ ၂၀၊ ၂၁၊ ၂၂၊ ၂၈၊
၃၂၊ ၃၅
ကျွန်တော့်အထင်ပြောရလျှင် သေသေချာချာ စစ်ဆေးပါက ရွက်ကျော်များပင်
ပါကောင်းပါနိုင်ပါလိမ့်မည်။
အားလုံးခြုံ၍ပြောရလျှင် စာအုပ်များမှာ စာလုံးမင်ကျမင်န မညီ။
မဲသည့်နေရာက မဲသည်။ မှိန်သည့်နေရာက မှိန်သည်။ မာဂျင်များမှာလည်း တစ်မျက်နှာနှင့် တစ်မျက်နှာမတူ။
စာအုပ်ကို အနည်းငယ်မျှလှန်ကြည့်လိုက်သည်နှင့် စာအုပ်၏ အရည်အသွေးကို သိနိုင်လေတော့သည်။
ထိုစာအုပ်များမှာ အစိုးရကျောင်းသုံးစာအုပ်များဖြစ်၍ အုပ်ရေ
သောင်းနှင့်ချီရိုက်ရမှာ မလွဲပါ။ ကျောင်းသုံးစာအုပ်များကို ဖြစ်ကတတ်ဆန်းလုပ်တာကတော့
အတော် စိတ်မကောင်းစရာ ဖြစ်ပါသည်။ ဤသည်မှာ တာဝန်ယူမှုဖြစ်၏။ တာဝန်ဆိုရာတွင် ပုံနှိပ်တိုက်ဘက်ကရော
အပ်သူဘက်ကပါ တာဝန်ယူရပါမည်။ စာအုပ်အပ်သူကလည်း မိမိလိုချင်သည့် အရည်အသွေးနှင့် မကိုက်ညီပါက
လက်မခံသင့်ပါ။
ပိုက်ဆံရပြီးရော ကျန်တာဘာဖြစ်ဖြစ် သဘောထားနေကြသရွေ့ကာလပတ်လုံး
ကျွန်ုပ်တို့တိုင်းပြည် တိုးတက်ဘို့လမ်းမှာ အလွန် အလှမ်းဝေးနေဦးမည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခုကောင်းလိုလျှင်
ကြော်ငြာနေရုံနှင့်မပြီး။ အလုပ်နှင့် သက်သေပြရပါမည်။ မိမိ၏ ၀န်ဆောင်မှု၊ မိမိထုတ်လုပ်လိုက်သည့်
ပစ္စည်းအရည်အသွေး စသည်တို့မှာ စီးပွားရေးလုပ်ငန်း တိုးတက်မှုနှင့် တိုက်ရိုက် ပတ်သက်နေပါသည်။
(၄)
နောက်တစ်ခုပြောစရာရှိသည်မှာ စာအုပ်အဖုံး ဖြစ်၏။ အနှီစာအုပ်များမှာ
မြန်မာစာများချည်းပါသော မြန်မာဘာသာရပ် ဖြစ်ပါလျက်၊ မြန်မာကျောင်းသားများအား မြန်မာဆရာများက
မြန်မာလိုသင်ပေးမည့် စာအုပ်ဖြစ်ပါလျက်၊ အဘယ်ကြောင့် စာအုပ်မျက်နှာဖုံးကို အင်္ဂလိပ်လို
ရေးချင်ရဘိသနည်းဆိုတာ ကျွန်တော် မစဉ်းစားတတ်အောင် ဖြစ်ရပါသည်။
အဖုံးတွင် Ministry of Education, Department of Higher
Education, Yangon University of Distance Education, First Year ဟု ရေးထားသည်။ အတွင်းပိုင်းတွင်မတော့
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ပထမနှစ် ဟု ဖော်ပြထား၏။
အတွင်းမှာကဲ့သို့ အဖုံးတွင် အဘယ်ကြောင့် မဖော်ပြနိုင်ရပါသနည်း။
နောက်ပြီး ကြည့်လိုက်ပါဦး။ Module အမှတ် - မ - ၁၀၀၂ - မြန်မာစာ၊
Code No. (2) ဟု ရေးထားသေး၏။ Module ကိုဘာသာပြန်စရာ မြန်မာစာလုံးရှာတွေ့ဟန်မတူ။
Code No. (2) ကို အစားထိုးစရာ အခြားစကားလုံး မရှိတော့ဟု ထင်ပါ သည်။ အလွန်ဆင်းရဲလှသော
မြန်မာစကားပေတကား။ ကျွန်ုပ်မှာ ဤသည်တို့ကိုကြည့်ပြီး University ကို တက္ကသိုလ် ဟု ဘာသာပြန်ခွင့်ရရေး
အင်္ဂလိပ်အရာရှိတို့နှင့် အတိုက်အခံငြင်းခဲ့ရသော ဆရာကြီး ဦးဖေမောင်တင်ကိုသာ အားနာမိပါတော့
သည်။
ယခု အတွင်းမှ စာများအကြောင်း ပြောပါတော့မည်။ စာအုပ်၏ အသွင်အပြင်ညံ့ဖျင်းတာကို
အတင်းဖြစ်ညှစ် ခွင့်လွှတ်လို့ ရသေးသည်။ သို့သော် စာများမှားခြင်းကိုမူ မည်သည့်နည်းနှင့်မှ
ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါ။ စာဟူသည် စာတစ်အုပ်၏ အသက်ဖြစ်၏။ ဆရာကြီးပီမိုးနင်းဆိုလျှင်
သူ့စာမူကြမ်းကို စာပြင်ဆရာက တစ်လုံးကလေးမျှ ပြင်မိရုံနှင့် အလွန် ဒေါသပုံထကာ စာတစ်ပုဒ်လုံးပစ်ရရော
ဟု ပြောခဲ့ကြောင်း ဖတ်ဖူးပါသည်။ ယခု အဝေးသင်စာအုပ်များမှားပုံကို ဆရာကြီးသာ ဖတ်ရလျှင်
အဘယ်ကဲ့သို့ ပြောလေမည်မသိ။
သည်ပြဌာန်းစာအုပ်များ၌ ကျွန်တော် မကြိုက်ဆုံးအချက်ကို ပြပါဆိုလျှင်
ဆရာဇော်ဂျီ၏ ‘ရှေးခေတ်ပုဂံပြည်’ ကဗျာအား ပြန်လည် ပြင်ဆင်ထားတာကို ပြရပါလိမ့်မည်။ အဝေးသင်တက္ကသိုလ်၊
ပထမနှစ်မြန်မာစာ၊ Module အမှတ်၊ မ ၁၀၀၂ - မြန်မာစာ။ မြန်မာကဗျာ ရွေးချယ်ချက်များတွင်
ဆရာဇော်ဂျီ၏ ‘ရှေးခေတ်ပုဂံပြည်’ ကဗျာ ပါပါသည်။
‘ရှေးခေတ်ပုဂံပြည်’ ကဗျာကို ကျွန်တော်တို့ ငယ်ငယ် (၉) တန်း၊
(၁၀) တန်း ကျောင်းသားဘကတည်းက သင်ခဲ့ရ၏။ ကျွန်တော် အလွန်နှစ်သက်သော ကဗျာများတွင် ရှေးခေတ်ပုဂံပြည်သည်
ထိပ်ဆုံးကပါသမို့ အသည်းထဲတွင် စွဲနေအောင် မှတ်မိခဲ့၊ အလွတ်ရနေခဲ့သည်။ အဝေးသင်တက္ကသိုလ်၊
ပထမနှစ်စာအုပ်မှ ရှေးခေတ်ပုဂံပြည်ကဗျာကို ဖတ်မိတော့ တစ်ခုခု မှားနေသည် ဟု ခံစားမိ၏။
ထို့ကြောင့် မူရင်းကဗျာနှင့် တိုက်ဆိုင်စစ်ဆေးကြည့်တော့ သည်အမှားမှာ မတော်တဆအမှား မဟုတ်။
တမင်သက်သက် ပြန်ပြင်ထားမှန်း သိရလေတော့သည်။ ဆရာဇော်ဂျီသာ သူ့ကဗျာကို သည်ပုံစံဖြင့်မြင်ရလျှင်
မည်မျှ ရင်ထုမနာ ဖြစ်ရှာလေမည်နည်း။
ပြဌာန်းစာအုပ်မှစာကို ကိုယ့်သဘောနှင့်ကိုယ် ပြန်လည်ပြင်ဆင်
ထည့်ဘို့ဆိုတာ တော်ရုံလူ မလုပ်ရဲပါ။ အလွန်အင်မတန် သြဇာအာဏာကြီးမားသူ တစ်ယောက်ယောက်က
လုပ်ခိုင်းတာသာ ဖြစ်ပါလိမ့်မည်။ ဤကဲ့သို့ ပြင်ဆင်ထည့်သွင်းထားသည်မှာ မည်မျှကြာပြီမှန်း
ကျွန်တော်မသိပါ။ အနည်းဆုံး ဆယ်စုနှစ်တစ်ခုကျော်တော့ ရှိပြီဟု ခန့်မှန်းပါသည်။
မင်းခယောက်ျား၊ ကမ်းနားသစ်ပင် ဟူသောစကားအရ အစိုးရ၀န်ထမ်းဟူသည်
အပြောမတတ်လျှင် အချိန်မရွေး အလုပ်ပြုတ် သွားနိုင်သမို့ ဤကဗျာ မှားနေမှန်းသိသည့်တိုင်
မြန်မာစာဌာနမှ ဆရာ၊ ဆရာမကြီးများမှာ ဘာမှမပြောသာပဲ ရင်နာနာနှင့် သည်အတိုင်း ကြည့်နေရတာ
ဖြစ်ပါလိမ့်မည်။ မသိဘဲနှင့်တော့ ဘယ်နည်းနှင့်မှ မနေ။ ပို့ချချက်တွင်ပါ ထိုကဗျာ အမှားကြီး
အတိုင်း ပို့ချထားတာ တွေ့ရပါသည်။
ယခုခေတ်မှာ ယခင်ကမှားခဲ့သော အမှားအားလုံးကို ပြန်လည်ပြင်ဆင်နေသော
အချိန်ကာလဖြစ်၍ ထိုကဗျာကိုလည်း ပြန်လည်ပြင်ဆင်ကြပါရန် တာဝန်ရှိသူများအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။
ယခုမှ အဝေးသင်တက္ကသိုလ်သို့ ရောက်လာခါစ ကျောင်းသားများမှာ
ဤကဗျာမှားနေမှန်း သိချင်မှတောင် သိပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော်က ရန်ကုန်အဝေးသင်တက္ကသိုလ်၊
ပထမနှစ် မြန်မာစာ၊ Module အမှတ် - ၁၀၀၂ ပါ ရှေးခေတ်ပုဂံပြည် ကဗျာနှင့် မူရင်းကဗျာကို
တွဲလျက် ဖော်ပြလိုက်ပါသည်။ ဤသို့တွဲလျက်ဖော်ပြခြင်းဖြင့် မည်သည့်အပိုင်းမှားနေသည်ကို
အလွယ်တကူ သိနိုင်ပါသည်။
ယခုဆိုလျှင် ထိုကဗျာအမှားကြီးကို အလွတ်ကျက် သီဆိုသွားသူ ဘယ်နှစ်ထောင်ရှိမှန်း
မည်သူမှ မသိနိုင်တော့ပါ။ သည်စာအုပ်မှာ ပြဌာန်းစာအုပ်ဖြစ်၍ နောင်လာနောက်သားတို့က ကျောင်းသုံးစာအုပ်ကတော့
ဧကန်မုချ အမှန်ဖြစ်မှာပဲဟု ကျိန်းသေတွက်ဆကာ ဤကဗျာအမှားကြီးကို လက်ဆင့်ကမ်း သယ်ပိုးချေက
ကိုယ်ကျိုးနည်းချေရော့မည်။ လုပ်ရက်ကြပါပေ့။
ပထမဦးစွာ မ ၁၀၀၂၊ မြန်မာစာ၊ ရွေးချယ်ချက်နှင့် ပို့ချချက်
စာအုပ်မှ အမှားများကို ရှာဖွေ ဖော်ထုတ်ပြပါမည်။
အပိုင်း (၂) သို့ ဆက်ဖတ်ပါ။
No comments:
Post a Comment