Tuesday, September 15, 2015

ဂုဏ်၊ သိက္ခာနှင့် လူကြီးလူကောင်း

(၁) သတ်ပုံမှားသော တိုင်းပြည်

စစ်ဗိုလ်များက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို အတင်းအဓမ္မသိမ်းယူကာ ရာစုနှစ်တစ်ဝက်ကျော် တသွေး၊ တသံ၊ တမိန့် စနစ်ဖြင့်အုပ်ချုပ်ခဲ့ရာ ရလဒ်အဖြစ် အုပ်ချုပ်ရေးပိုင်းမှ စစ်ဗိုလ် သို့မဟုတ် စစ်ဗိုလ်လူထွက်များမှာ ဒီကမ္ဘာပေါ်မှာ ငါသာ အတတ်ဆုံး၊ ငါပြောတာသာအမှန်၊ ငါပြောတဲ့အတိုင်းပဲလုပ်ရမယ်၊ ဘာမှ အထွန့်ပြန်မတက်နဲ့ ဟူသည့် အတွေးအခေါ်များ ရင်ထဲတွင် သံမှိုနှက်သကဲ့သို့ စွဲမြဲသွားစေသည်။ သူတို့လုပ်တာဆိုလျှင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အားလုံး တရားသည်၊ မှန်သည်ချည်းဖြစ်၍ ဘယ်ခွေးမှ လူမထင်ဟူသော စရိုက်ဆိုးများ စွဲငြိနေခဲ့သည်မှာ ယခုဆိုလျှင် ၎င်းတို့မှာ ၎င်းတို့ လုပ်ခဲ့သောအမှားများကိုပင် အမှန်ထင်နေသည်ထိ ဖြစ်နေပေတော့၏။

၎င်းတို့လုပ်တာ ၎င်းတို့ပတ်ဝန်းကျင် ကွက်ကွက်ကလေးတွင်ဆို ဘာမှ မထောင်းတာပါ။ သို့သော် ၎င်းတို့၏ မောက်မာရိုင်းစိုင်း လှသော အမူအကျင့်များကို အများပြည်သူရှေ့မှောက်သို့ ယူဆောင်လာသည့်အခါ နုနယ်သေးသော၊ အတွေ့အကြုံ မရင့်ကျက်သေးသော လူငယ်များအား အတုယူလွဲမှားစေမည့် အန္တရာယ် ရှိလေသည်။ တစ်နည်းအားဖြင့် ပြည်နာလှပေ၏။

အမှန်ဆိုရပါမူ စစ်သားဟူသည် စစ်တိုက်ဘို့သာဖြစ်၍ အရပ်သားများအတွင်း စစ်ဝတ်စုံနှင့် ရောက်လာစရာ အကြောင်းမရှိ။ စစ်ဗိုလ်သည် သူ့စစ်တပ်အတွင်း၌ စစ်ဗိုလ်ဖြစ်ချင်ဖြစ်မည်။ အရပ်ဘက် လူမှုအသိုင်းအ၀ိုင်းသို့ရောက်လာသည့်အခါ စစ်ဗိုလ် မဟုတ်တော့။ သာမန်လူသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော သာမန် အရပ်ဘက် လူ့အဖွဲ့အစည်းသည် စစ်တပ် မဟုတ်သောကြောင့်တည်း။ စစ်တပ်မဟုတ်သည့်အတွက်လည်း ရပ်ကွက်အတွင်း ၀င်လာသည့် စစ်ဗိုလ်သည် သာမန်လူများ ကဲ့သို့သာ ပြောဆိုဆက်ဆံရပေမည်။ ရပ်ကွက်အတွင်းမှ သာမန်အရပ်သားများမှာ ၎င်းတို့၏ တပည့်သားမြေးများ၊ စစ်သားများ မဟုတ်။ မဟုတ်သည့်အတွက်လည်း အရပ်သားများကို အထက်စီးမှ စစ်ဗိုလ်လေသံဖြင့် ဆက်ဆံစရာအကြောင်း တစ်စက် ကလေးမှမရှိ။ နေရာတကာ ငါသိငါတတ်ချည်း လုပ်ချင်လို့မရ။

သင်တို့မှာ စစ်တိုက်သည့်ဘက်တွက် အကျွန်ုပ်တို့ထက် အပုံကြီး သာပေလိမ့်မည်။ သဟာ ဘာမှအဆန်းမဟုတ်။ သင်တို့၏ ပရော်ဖက်ရှင်နယ်ပေကိုး။ ဒါပေသိ safety နှင့်ပတ်သက်လာလျှင်တော့ အသင်တို့ထက် ကျွန်ုပ် အများကြီးတတ်သည်၊ သိသည်။ Safety ဘက်တွင် ကျွန်ုပ်ကို သင်တို့ ဆရာလာလုပ်လို့မရ။ (သည်းခံပါမိတ်ဆွေများခင်ဗျား။ ကျွန်တော်က safety ကို နမူနာပြ၍ တင်စားခြင်းမျှသာ ဖြစ်ပါသည်။ အခြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့်ကဏ္ဍများမှာလည်း အလားတူပင် ဖြစ်ပါ၏။)

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သည့် မြန်မာနိုင်ငံသားအားလုံး မြန်မာပြည်၏ဥပဒေများကို လေးစားလိုက်နာ ရပေလိမ့်မည်။ ငါ ဘာကောင်မို့ဟူသော ချွင်းချက် လုံးဝမရှိစေရ။ All citizens are equal before the law. ဆိုသည် မဟုတ်လော။ စစ်ဗိုလ်ကလေးမျှကို မဆိုထားပါနှင့်။ သမ္မတသည်ပင် တည်ဆဲဥပဒေများကို ချိုးဖောက်ပါက ဥပဒေက သတ်မှတ်ထားသည့် အတိုင်း အရေးယူရပေလိမ့်မည်။ ထို့အတူ ၀န်ကြီးချုပ်၊ ညွှန်ချုပ်။ ဘာကောင်ကြီး ဖြစ်ပေစေ၊ အားလုံးသည် ဥပဒေ၏ ရှေ့မှောက်တွင် လမ်းဘေးက သူတောင်းစား၊ ကုန်စိမ်းသည်တို့နှင့် အတူတူပင်ဖြစ်၏။ ကုန်စိမ်းသည်ဆီမှာ ဆေးခြောက်ကလေး မဖြစ်ညစ်ကျယ်မိတာကျတော့ နှစ်ရှည်ထောင်ဒဏ်တွေချပြီး ဟို နာမည်ကြီး ဂုဏ်သရေရှိ သီရိမဟာ ဇောတိကဓဇ မဟာရဋ္ဌဂရုဆိုသူ လူကြီး၏ ခြံထဲမှာ မူးယစ်ဆေးဝါးတွေ ဘီလျံပေါင်းမြောက်များစွာ မိတာကျတော့ အဲဒါ ငါနဲ့မဆိုင်ဘူးလေကွာ ဆိုပြီး လက်သည်မပေါ်တာမျိုး လုံးဝမဖြစ်စေရ။ ဤကဲ့သို့ဖြစ်နေပြီ ဆိုပါမူ ထိုတိုင်းပြည်သည် သတ်ပုံမှားနေသောတိုင်းပြည်သာ ဖြစ်ပေလိမ့်မည်။

(၂) မိုက်လုံးထွားသူများ

ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ ရပ်နားထားသောကား (9D/8823) ကိုကရိန်းဖြင့် ဆွဲရန်ပြင်ဆင်နေစဉ် အဆိုပါကားမှာ စစ်တပ်မှ
အရာရှိတစ်ဦး၏ကား ဖြစ်နေပြီး ရာထူးအရှိန်ဖြင့် အော်ဟောက်နေသောကြောင့် ရဲအရာရှိတစ်ဦးမှ ဝင်ရောက်ရှင်းလင်းပြီး စည်းကမ်းမဲ့ရပ်နားထားသောကားအား ကရိန်းဖြင့် မဆွဲတော့ပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။


ရန်ကုန်သတင်း/Online News
မန္တလေး သတင်း





တလုံးတပါဒမှ မပြင်ဘဲ မူရင်းစာသားများအတိုင်း ပြန်ဖော်ပြလိုက်ခြင်းဖြစ်ပါ၏။

ကိုယ်ကလည်း မဟုတ်တာလုပ်သေး။ စည်းကမ်းမလိုက်နာသဖြင့် လာဖမ်းသည်ကို တောင်းပန်ရမည့်အစား အော်ငေါက်ကာ တန်းခိုးအာဏာပြသည် ဆိုခြင်းမှာ တစ်ဆိတ်ကလေး မလွန်ပါသလော။ စစ်ဗိုလ်ဖြစ်ပြီဆိုလျှင် စည်းမဲ့ကမ်းမဲ့လုပ်ချင်ရာ လုပ်လို့ရပြီ။ ဘယ်ကောင့်မှ သောက်ဂရုစိုက်စရာမလိုဟု ၎င်းတို့ စစ်ကျောင်းမှ သင်ပေးလိုက်လေသလော။ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်မှာစိုး၍ အရေးမယူဘဲ လွှတ်ပေးလိုက်သော ရဲအရာရှိများကို တရားဥပဒေ၏မျက်နှာကို မထောက်ဘဲ အရေးမယူရ ကောင်းလောဟု ကျွန်ုပ် ကဲ့ရဲ့သဂြိုဟ် အပြစ်မဆိုရက်ပါ။ ခွေးကောင်းသည် ခွေးရူးနှင့်ဖက်ကိုက်လျှင် လောကသဘာဝအရ ခွေးကောင်းသာနာသည့် ဓမ္မတာရှိရကား လူမိုက်များနှင့် အဘယ်ကြောင့် ဖက်ပြိုင်ကာ မိုက်နေရမည်နည်း။ လွှတ်ပေးလိုက်ကြပါဘိ။ တစ်နေ့ကျ သူ့ဘာသာသူ မိုက်ဇာတ်သိမ်းသွားပါလိမ့်မည်။ ၎င်းကဲ့သို့ မဖြစ်ညစ်ကျယ် ပမွှား စစ်ဗိုလ်ကလေးကို မဆိုထားဘိ။ အင်မတန် တန်ခိုးထွားလှချည့်ဆိုသော ဗိုလ်ချုပ်ကြီးခင်ညွန့်သည်ပင်လျှင် ဘုမသိ၊ ဘမသိ စားလိုက်အိပ်လိုက်နှင့် နှစ်ပေါင်းအတော်ကြာ စိတ်အေးလက်အေး နားနားနေနေ နေခဲ့ရပေလေသေးသည် မဟုတ်ပါလော။

(၃) ဂုဏ်၊ သိက္ခာနှင့် လူကြီးလူကောင်း

ကျွန်တော်ငယ်စဉ်က စစ်ဗိုလ်များကို အလွန်အထင်ကြီး အားကျခဲ့သည်။ စစ်ဗိုလ်ဆိုတာမှ တကယ့် လူကြီးလူကောင်းကွ၊ ဂုဏ်ရှိ သရေရှိကွ ဟု ထင်မှတ်ခဲ့သည်။ ယခုတော့ အထင်နှင့်အမြင် ပါစင်အောင် လွဲနေလေသည်။ သို့ဆိုလျှင် -
*       ဂုဏ်ဟူသည် အဘယ်နည်း။
*       သရေဟူသည် အဘယ်နည်း။
*       သိက္ခာဟူသည် အဘယ်နည်း။
*       လူကြီးလူကောင်းဟူသည် အဘယ်နည်း။

မစ္စတာအိုဘားမားကား ဘာတွေ အတွေးလွန်လာသည်မသိ။ ဟတ်စကီး စီးဘို့လာတော့ သူ့ကို အလေးပြုနေသည့် ရဲဘော်ကို ပြန်ပြီး အလေးမပြုမိ။ ရဟတ်ယာဉ်ပေါ်ရောက်မှ သတိထားမိသည်။ သည်တော့မှ ရဟတ်ယာဉ်ပေါ်က ပြန်ဆင်းလာကာ ပြန်ပြီး အလေးပြုရသည်။ ဆောရီးဆောရီး။

ဗိုလ်အောင်ဆန်းကား အလွန်မွဲလှသူဖြစ်၏။ ထမင်းဘိုးပေးစရာပင် ပိုက်ဆံမရှိ။ သို့သော် ငါစစ်ဗိုလ်ပဲဆိုပြီး သူများထမင်းကို နိုင့်ထက်စီးနင်း အလကားမစား။ ကဲ အဒေါ်ကြီး၊ ကျုပ်တော့ ထမင်းဘိုးပေးစရာ ပိုက်ဆံမရှိဘူး။ အဲဒီတော့ ပါးသာချတော့ဗျာ ဟု ပါးကိုထိုးပေးလေသည်။ (စစ်ဗိုလ်ဖြစ်နေပြီလား။ ကျောင်းသားဘ၀ကလား ကောင်းကောင်းမမှတ်မိတော့ပါ။ မှားလျှင်ပြင်ပေးကြပါခင်ဗျား။)

လူကြီးလူကောင်းဟူသည် မိမိ၏ဂုဏ်ပုဒ်နှင့် လျော်ညီစွာ ပြုမူသည်၊ ပြောဆိုသည်၊ ကြံစည်သည်။ မဟုတ်တာကို အဟုတ်မလုပ်။ မသိတာကို အသိမလုပ်။ မိမိမှားလျှင် တောင်းပန်သည်။ မိမိကိုယ်ကိုယ် နှိမ့်ချသည်။ လူတစ်ဖက်သားကို ဘယ်တော့မှ အထင်မသေး။ လူတိုင်းကို တန်ဘိုးထားသည်။ လေးလေးစားစားဆက်ဆံသည်။

စည်းကမ်းကို အခြားသူများထက် ပိုလိုက်နာသည်။ မိမိမှန်နေလျက်နှင့် မတရားအပြစ်ပေးခံရသည့်တိုင် ထိုအပြစ်ကို ကျေကျေ နပ်နပ် ခံယူတတ်သည်။

ဆိုကရေးတီးဆိုသူ ပညာရှိကြီးကား သူမဟုတ်တာ မလုပ်ပါဘဲလျက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့က သူ့ကို အဓမ္မ တရားစွဲပြီး အဆိပ်သောက်ခိုင်းသည့်အခါ အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်ဖြင့် မော့ခဲ့လေသည်။ ထွက်ပြေးရန် အခွင့်သာသည့်တိုင် ထွက်မပြေး။ သူ့သိက္ခာကို အသက်နှင့်လဲကာ ထိန်းသွားခဲ့သည်။

လူကြီးလူကောင်းဆိုသည်မှာ ဤကဲ့သို့သော လူမျိုးများကို ခေါ်၏။

စည်းမရှိကမ်းမရှိ လမ်းဘေးတွင်ကားရပ်ပြီး လာဖမ်းသူကိုပင် သဟောက်သဟာနှင့် အော်ငေါက်လွှတ်သော အနှီ စစ်ဗိုလ်မှာ လမ်းဘေးမှ ခွေးလှေးကြမ်းပိုးအကျင့်မျိုးကို ကျင့်ကြံသူဖြစ်၍ လူကြီးလူကောင်းတော့မဖြစ်နိုင်။ ဖြစ်ချင်းဖြစ် ကြောင်သူတော် ကြွက်သူခိုးသာ ဖြစ်ပေလိမ့်မည်။

ကျွန်တော့်မိတ်ဆွေများတွင် ကောင်းသော စစ်ဗိုလ်များလည်း ရှိပါ၏။ ကျွန်တော်လေးမျက်နှာတွင် နေခဲ့စဉ်က မ.၀.တ ဥက္ကဌ ဖြစ်ခဲ့သူ ဗိုလ်ကြီးသိန်းစိုး (ဆိုလား) ဆိုသူမှာ သိပ်မဆိုးလှ။ မဆိုးဆို သူက OTS မှလာသော စစ်ဗိုလ်ဖြစ်၏။ ယခုကိစ္စမှာ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံး ပုပ်ရခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် စစ်တပ်အနေနှင့်လည်း မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းရန် ထိုကဲ့သို့သော အရာရှိဆိုးများကို ဖော်ထုတ် အရေးယူသင့်လှပေ၏။

လူငယ်လူရွယ်၊ တူတူမအပေါင်းတို့ အတုခိုးမမှားကြပါလေနှင့်။
ထိုသူမျိုးများကို ဝေါင်ဝေါင်ရှေး၍ ဝေးဝေးကရှောင်ရှားကြစေလိုကြောင်း -
စေတနာအပေါင်းနှင့် ကြေငြာမောင်းခတ်လိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၁ သြဂုတ်လ၊ ၂၀၁၅။ ည ၁၁း၄၉ နာရီ

No comments: