(မိတ်ဆွေများခင်ဗျား
-
ခပ်ရိုင်းရိုင်းရေးထားတဲ့
ဟိုပို့စ်ကို ပြန်ရေးမယ်လုပ်တော့ ဘယ်ကနေ ဘယ်လိုစရေးရမှန်းမသိဘူး။ အဲဒါရေးတုံးကတော့
ဟိုလူကြီးပြောထားတာတွေကို ပြန်ချေပချင်တာရယ်။ ရွေးကောက်ပွဲနားနီးလာတော့ ((ကျွန်တော်တို့က
ကောင်းပါတယ်ခင်ဗျ။ တစ်သက်လုံး ရိုးရိုးသားသား နေလာခဲ့တာပါခင်ဗျ။ မဟုတ်တာဆိုလို့ ဘာမှမလုပ်ခဲ့ပါဘူး
ခင်ဗျ။)) လို့ ရူးကြောင်မူးကြောင် လျှောက်အော်နေတဲ့သူတွေကို သောက်မြင်ကပ်တာရယ်ကြောင့်
mood အပြည့်နဲ့ အသားကုန်ရေးချလိုက်တော့ ရေးလို့ ကောင်းလိုက်တာ။ အိနေအောင်နှပ်ထားတဲ့
အဆီတစ်ထပ်အသားတစ်ထပ် ၀က်သားကို ပယ်ပယ်နယ်နယ် တုပ်လိုက်ရတဲ့ အတိုင်းပဲ။ အဲဒါကို ပြန်ရေးမယ်ဆိုတော့
ဘယ်လိုရေးရမလဲ စဉ်းစားနေတာ တစ်ရက်ခွဲကြာတယ်။ ခုမှ လမ်းစရလို့ ရေးနေ ပါတယ်ခင်ဗျား။ ရေးပြီး
The Voice ကို ပို့ပါမယ်။ သူတို့ထည့်ရင် တစ်နိုင်ငံလုံး ပြန့်သွားတာပေါ့ဗျာ။ စုစုပေါင်း
A4 နဲ့ ၆ မျက်နှာရှိပါတယ်။ အဲဒါတောင် ပထမပိုင်းပါ။ စည်းကမ်းပိုင်းကို သီးသန့်ထပ်ရေးပါဦးမယ်။)
အားပေးသူအားလုံးကို
ကျေးဇူးတင်ပါတယ် ခင်ဗျား။
(၁)
လဖက်ရည်ဆိုင်ထိုင်၍
လေပန်းနေသည့်။ ကားများကို အတင်းမောင်း၊ အတင်းကျော်တက်နေသည့်။ လမ်းကို ကူးချင်သလို ကူးနေကြသည့်။
အမှိုက်ကိုပစ်ချင်သလိုပစ်နေကြသည့် ကျွန်ုပ်တို့တိုင်းသူပြည်သားများအား ဆဲဆိုကြိမ်းမောင်း
အပြစ်တင် နေသူများအားလုံးကို ရည်ညွှန်း၍ ဤဆောင်းပါးကို ရေးပါသည်။
အမှုကိစ္စတစ်ခုဖြစ်လာပြီဆိုလျှင်
ထိုအမှုအား အပေါ်ယံမျှသာမကြည့်ဘဲ ထိုအမှုအဘယ်ကြောင့်ဖြစ်ရသည်ဟူသည့် အရင်းအမြစ် ကို ရှာရပါမည်။
အရင်းအမြစ်ကို မရှင်းနိုင်သရွေ့ကာလပတ်လုံး ပြဿနာများ ပြေလည်သွားမည် မဟုတ်ပါ။
ဥပမာအားဖြင့် - လူ့ခန္ဓာကိုယ်တွင်
ပေါက်နေသည့် ကြွက်နို့များအား သတ်ရာတွင် ကြွက်နို့ကလေးများအား လျှောက်သတ်နေ ခြင်းထက်
ကြွက်နို့အမကြီးအား ရှာသတ်နိုင်ပါမှ အမြစ်ပြတ်မည် ဖြစ်၏။ သို့မဟုတ်ဘဲ ကြွက်နို့ကလေးများကို
တစ်လုံးချင်း လျှောက်သတ်နေပါက ကြွက်နို့များမှာ ဘိုးဘိုးအောင် ၀လုံးကဲ့သို့ တစ်လုံးသတ်လျှင်
နှစ်လုံးပေါ်ပြီး နှစ်လုံးသတ်လျှင် လေးလုံး ပေါက်ကာ ကြွက်နို့သံသရာ ဆုံးတော့မည်မဟုတ်ပါ။
ဤသည်ကို Solve the
problems at source. ဟု ခေါ်၏။
ယခုအခါ ကျွန်ုပ်တို့
မြန်မာနိုင်ငံတွင် ပြဿနာပေါင်းစုံတို့သည် ဖြစ်ပွားလျှက်ရှိ၏။ ရေပြဿနာ၊ မီးပြဿနာ၊ ပညာရေး
ပြဿနာ၊ လယ်သမားများ ပြဿနာ၊ အလုပ်သမားများ ပြဿနာ၊ အစားအသောက်ထဲတွင် ဓာတုဆေးများရောစပ်ခြင်း
ပြဿနာ၊ ကားကြပ်ခြင်းပြဿနာ၊ ရေလျှံခြင်းပြဿနာ အစရှိသဖြင့် ဖြစ်၏။ ဤပြဿနာများကို မည်ကဲ့သို့
ရှင်းမည်နည်း။
မီးလောင်သည့်အခါ မီးသွားသတ်ခြင်း၊
ရေလျှံသည့်အခါ မြောင်းများလိုက်ဖော်ခြင်း၊ ကားကြပ်သဖြင့် ဟိုနား ခုံးကျော်တံတားလုပ်၊
သည်နား ခုံးကျော်တံတားလုပ်၊ ဘလောက်တုံးများလျှောက်ချ အစရှိသည်တို့သည် မှန်ကန်သော ဖြေရှင်းနည်း
မဟုတ်။ ဤသည်တို့မှာ လတ်တလောဖြေရှင်းနည်းမျှသာဖြစ်၍ မီးမလောင်အောင် တားဆီးရေး၊ ရေမလျှံအောင်
စီမံရေးတို့သည်သာ အစစ်အမှန် ဖြေရှင်းနည်း ဖြစ်ပေသည်။
ဤသောင်းခြောက်ထောင်သော
ပြဿနာပေါင်းစုံတို့အနက် ယခု ကျွန်ုပ်က မြန်မာပြည်သား လူအများတို့ စည်းမဲ့ကမ်းမဲ့ ဖြစ်နေရခြင်း
ပြဿနာကို တင်ပြပါမည်။
လူပေါင်းများစွာတို့
အသုံးပြုလျှက်ရှိသည့် ဖေ့စ်ဘွတ်တည်းဟူသော လူမှုကွန်ယက်ပေါ်တွင် မြန်မာနိုင်ငံသားအပေါင်းတို့၏
စည်းကမ်းမဲ့မှုများအပေါ် ကဲ့ရဲ့သဂြိုဟ် အတင်းဆိုနေသံများကို ပွက်လောညံအောင် ကြားနေရ၏။
ဝမ်းနည်းစရာကောင်းသည်မှာ ထိုအထဲတွင် ပညာတတ်ဆိုသူများနှင့် အရာရှိကြီးများ၊ နာမည်ကြီးပုဂ္ဂိုလ်များပါ
ပါဝင်နေခြင်းဖြစ်၏။ ၎င်းတို့၏ သာမန် လူပုဂ္ဂိုလ်များနှင့်မခြား တွေးကြခေါ်ကြပုံများကို ကျွန်ုပ်မှာ
အလွန်တရာမှ အံ့သြမိရပါပေသည်။
စာရှုသူအပေါင်းသည်
ဆင်လိမ္မာ၊ မြင်းလိမ္မာ၊ ခွေးလိမ္မာ၊ မျောက်လိမ္မာ၊ ငှက်လိမ္မာတို့၏ ပြကွက်ဆန်းများကို ကြည့်ဖူးကြမည်
မချွတ်။ လူကိုယ်တိုင်မမြင်ဖူးသော်မှ ဗီဒီယို၊ ရုပ်ရှင်၊ ဖေ့စ်ဘွတ်များတွင် အနည်းနှင့်အများ
ကြည့်ဖူးကြပါလိမ့်မည်။ ထိုတိရစ္ဆာန်များသည်
မွေးကတည်းက လိမ္မာတတ်မြောက်လာသလော။ သင်ကြားလေ့ကျင့်ပေး၍ လိမ္မာတတ်မြောက် လာသလော။ သင်ကြားလေ့ကျင့်ပေးသဖြင့်သာ
ဤကဲ့သို့ တတ်မြောက်လိမ္မာလာရကြောင်း အကျွန်ုပ်ပြောစရာပင်မလို။
အဟိတ်တိရစ္ဆာန်သော်မှ သင်ပေး၍ရနိုင်သေးလျှင် အသိဉာဏ်ရှိသောလူအား အဘယ်ကြောင့်
သင်ပေး၍မရနိုင် ရှိပါအံ့နည်း။ အမှန်စင်စစ် သင်ပေးလို့ရနိုင်သည်သာတည်း။
ကျွန်ုပ်တို့သည် စင်ကာပူမှလူများ
အရာရာတွင် တန်းစီကြပုံ၊ ဂျပန်မှလူများ ရထားစီးရာတွင်ပင် တန်းစီကြပုံကို နမူနာပြလျှက်
မြန်မာပြည်မှလူအများ ကား၊ ရထားပေါ်သို့ အတင်းတိုးဝှေ့တက်ကြသည်ကို အပြစ်ဆိုကြ၏။ စင်ကာပူနှင့်ဂျပန်မှလူများ
အဘယ်ကြောင့် တန်းစီပြီး မြန်မာပြည်မှလူများ အဘယ်ကြောင့် တန်းမစီကြသနည်းဆိုသည့် အရင်းအမြစ်ကိုမူ
မည်သူမျှ မစဉ်းစားကြ၊ မတွေးခေါ်ကြ။ မြန်မာပြည်မှလူများ တန်းစီလာအောင် မည်ကဲ့သို့လုပ်မည်နည်းဆိုသည်ကို
မည်သူမျှ အဖြေမထုတ်ကြ။ မြန်မာပြည်သားလူအများတို့ အဘယ်ကြောင့် ဤမျှလောက် စည်းပျက်ကမ်းပျက်ဖြစ်နေရသနည်းဆိုသည့်
အရင်းအမြစ်ကို မည်သူမျှ မလေ့လာမဆန်းစစ်ကြ။ အပြစ်တင်ခြင်းဆိုသည့်အရာမှာ လူတိုင်းအလွယ်တကူ
လုပ်၍ရနိုင်သည်သာ ဖြစ်၏။
မြန်မာပြည်သား လူအများတို့
စည်းမဲ့ကမ်းမဲ့၊ ပညာမဲ့ရခြင်းအကြောင်းရင်းကို ကျွန်ုပ် ဖော်ထုတ်ပြပါမည်။ စာရှုသူအပေါင်းတို့
မိမိ၏ ကိုယ်ပိုင်ဉာဏ်နှင့် ချင့်ချိန် စဉ်းစားကြပါလေ။
(၂)
လွတ်လပ်ရေးမရမီနှင့်
ရပြီးစကာလများက ရန်ကုန်မြို့တော်သည် အရှေ့တောင်အာရှတွင် အသန့်ရှင်း၊ အသပ်ယပ်ဆုံး မြို့တော်
ဖြစ်ခဲ့၏။ ထိုကာလက ရန်ကုန်သူ ရန်ကုန်သား၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသားများ စည်းကမ်းမရှိဘဲနှင့်
ဤမျှသန့်ရှင်းသော မြို့တော် ဖြစ်နိုင်ပါမည်လော။ သို့ဆိုလျှင် ထိုကာလက မြန်မာနိုင်ငံသားများသည်
စည်းကမ်းရှိလျှက် ယခု အဘယ်ကြောင့် စည်းကမ်းပျက်နေရသနည်း။
အဖြေကား လယ်ပြင်တွင်
ဆင်သွားသကဲ့သို့ အင်မတန်မှ ထင်ရှားလှပါပေသည်။
ထိုခေတ်က အစိုးရသည်
မည်သည့်စနစ်နှင့် မည်ကဲ့သို့ အုပ်ချုပ်ခဲ့ပါသနည်း။ မည်မျှသန့်ရှင်းပြီး မည်မျှကောင်းမွန်သော
အစိုးရဖြစ်ခဲ့ပါသနည်း။ ပြည်သူပြည်သားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည်တို့ကို
မည်မျှတာဝန်ယူ စောင့်ရှောက်ခဲ့ပါသနည်း။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်း
အာဏာသိမ်းလိုက်ပြီးသည်မှစ၍ မြန်မာနိုင်ငံသည် ကမ္ဘာနှင့်အဆက်ပြတ်သွားခဲ့ရသည်။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းမှာ
မျက်စိပိတ်၊ နားပိတ်ခံလိုက်ရသည်မှအစ တိုးတက်သောနိုင်ငံကြီးများ၏ အသိပညာ၊ အတတ်ပညာ၊ လူနေမှုစနစ်
စသည်တို့နှင့် အလှမ်းဝေးခဲ့ရသည်။ မြန်မာအစိုးရသည် ကိုယ့်ပြည်တွင်းမှာသာ ၀ါးလုံးခေါင်းထဲ
လသာနေခဲ့သည်။ ထိုမှတစ်ဆင့်တက်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲ၊ ချမှတ်၊ ကျင့်သုံးလိုက်ရာ
မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှစ်ခုအတွင်းမှာပင်
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC - Least Development Country) အဖြစ်သို့ ကျဆင်းခဲ့ရသည်။
မြန်မာပြည်သား လူအများတို့မှာ
မိမိလယ်မှထွက်သော စပါးကိုမှ မိမိပိုင်ဆိုင်ခွင့်မရှိဘဲ ၀မ်းစာကိုပင် ပြန်ဝယ်စားရသည့်
အခြေ အနေသို့ ရောက်ခဲ့ရသည်။ ၀န်ထမ်းလောကတွင်လည်း နွားထီးငါးကျပ်၊ နွားမငါးကျပ်စနစ်ကို
ကျင့်သုံးခဲ့၍ ၀န်ထမ်းလောက တစ်ခုလုံး ပျက်စီးခဲ့ရသည်။ သမ၀ါယမဆိုင်များတွင် မည်သည့်ပစ္စည်းမှ
မရှိပါဘဲလျက် လူကြီးလာမည်ဆိုမှ ဟိုကဆွဲ၊ သည်ကဆွဲနှင့် ပစ္စည်းများအလျှံပယ်တင်၊ အလွန်ချိုသာသောဈေးများကပ်လျက်
လိမ်ညာခဲ့ကြသည်။ လူကြီးဆိုသူများကလည်း ဤကဲ့သို့ လိမ်ညာမှန်းသိလျက် မျက်စိမှိတ်ကာ မိမိ၏အရှိန်အ၀ါပေါ်တွင်
သာယာနေခဲ့ကြသည်။
ရလဒ်အဖြစ် ၀န်ထမ်းလောကတွင်
ခ လေးလုံးစနစ် (ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့၊ ခိုးစား) စနစ် ထွန်းကားခဲ့၏။
ဤနည်းအားဖြင့် ဆိုရှယ်လစ်စနစ်သည် ၀န်ထမ်းကောင်းများအား ပြည်သူ့ဘဏ္ဍာကို လစ်လျှင်လစ်သလို၊
ရလျှင်ရသလို တိတ်တိတ်ခိုးစားတတ်သည့် ကြောင်သူတော် ကြွက်သူခိုးများဖြစ်အောင် လေ့ကျင့်သင်ကြားပေးခဲ့လေသည်။
၁၉၈၀ ကျော်နှစ်များက
စာတတ်မြောက်ရေး လှုပ်ရှားမှုများ နိုင်ငံတစ်ဝှမ်းလုံးတွင် ပြုလုပ်ခဲ့ကြသည်။ အထက်တန်းအောင်နှင့်
တက္ကသိုလ်ကျောင်းသူကျောင်းသားတို့ နွေရာသီကျောင်းပိတ်ရက်များတွင် ကျေးလက်တောရွာများသို့
သွားရောက်ကာ ကျောင်းမနေခဲ့ဖူးသော အသက်ကြီးသူတို့ကို စာသင်ပေးကြသည်။ အ-သုံးလုံးဟု ခေါ်၏။
အ- သုံးလုံးဆိုသည်မှာ အရေး၊ အဖတ်၊ အတွက် ဖြစ်၏။ ယခင်က စာမတတ်ခဲ့သူတို့ကို ယခု စာတတ်မြောက်ရေး
လှုပ်ရှားမှုဖြင့် ရေးတာရော၊ ဖတ်တာရော၊ တွက်တာပါ တတ်မြောက်စေရန် သင်ကြားပေးရေး ဖြစ်၏။
စာရှုသူတို့ စဉ်းစားကြည့်ပါ။
တစ်သက်လုံးက စာမသင်ခဲ့ဖူးသူတို့ကို တစ်လလောက် လက်ပူတိုက်သင်ရုံမျှနှင့် တတ်နိုင်ပါမည်
လား။ သင်သည်ဆိုရာတွင်ပင် တစ်နေ့လုံး သင်ရတာမဟုတ်။ သူတို့မှာ နေ့ခင်းပိုင်း အလုပ်လုပ်ကြရသောကြောင့်
ညပိုင်းမှ ခဏ တဖြုတ် သင်ရခြင်းဖြစ်သည်။ ကျွန်တော်သည်ပင်လျှင် စက်မှုတက္ကသိုလ် တတိယနှစ်ကျောင်းသားဘ၀က
ပါဝင်လုပ်အား ပေးခဲ့ဖူး သေး၏။
စာလေးမဖြစ်ညစ်ကျယ်သင်ပြီးတော့
မြို့နယ်လုံးကျွတ်၊ တိုင်းလုံးကျွတ်၊ ထို့နောက် နိုင်ငံလုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲ
များ ကျင်းပသည်။ လှိုင်ထိပ်ခေါင်တင် စစ်ကြောင်း၊ ယောမင်းကြီးစစ်ကြောင်း စသော စစ်ကြောင်းကြီးများနှင့်။
မြို့နယ်ရုံးစိုက်ရာ မြို့သို့ ထိုမြို့နယ်ရှိ ရွာပေါင်းစုံမှ နွားလှည်းများဖြင့် စစ်ကြောင်းကြီးများ
ချီလာကာ ချိမ့်ချိမ့်သဲသဲ ကျင်းပကြသည်။
စာတတ်မြောက်ရေးအောင်ပွဲတွင်
အ-သုံးလုံး၏ တန်ခိုးဖြင့် နတ်ရေကန်ထဲပစ်ချလိုက်သလို နေ့ချင်းညချင်း စာတတ်လာသော တောင်သူကြီး၊
လယ်သူမကြီးများက တက်ကြွစွာ၊ အားရရွှင်လန်းစွာဖြင့် စာများ တက်ဖတ်ပြသည်။ ဆုများချကြသည်။
ပါတီ ကောင်စီလူကြီးများက ၀ါဒဖြန့်ကြသည်။ ကျွန်ုပ်သည်ပင်လျှင် ကြက်သီးမွေးညှင်းများထကာ
မိမိတို့လုပ်အား၏ အသီးအပွင့်များ အဖြစ် ပီတိဝေဖြာခဲ့ရသေး၏။
မြန်မာနိုင်ငံသည်
စာတတ်မြောက်ရေးလှုပ်ရှားမှုများအတွက် ၁၉၈၃ ခုနှစ်က မိုဟာမက် ရီဇာပါလာဗီဆုတောင် ရလိုက်သေး၏။
သို့သော် အမှန်တကယ်မှာ
အားလုံး လိမ်ညာနေကြခြင်းမျှသာ ဖြစ်၏။ ခုနင်က စာတက်ဖတ်ပြသည့် တောင်သူဦးကြီး၊ လယ်သူမ
ကြီးများမှာ ယခင်ကတည်းက စာတတ်သူများဖြစ်၏။ လူမကြောက်တတ်သူ၊ စာကောင်းကောင်း ဖတ်တတ်သူများကို
ကြိုတင်ရွေး၊ ဘာတွေတက်ဖတ်ပြမယ်ဆိုတာကို နဂိုကတည်းက စည်းဝါးရိုက်၊ လေ့ကျင့်ကာ တက်ဖတ်ပြခြင်းမျှသာ
ဖြစ်၏။
ဤသည်မှာ မြန်မာတစ်နိုင်ငံလုံးက
ကမ္ဘာနှင့်ချီ၍ လိမ်ညာခြင်းဖြစ်လေသည်။ ဦးနေ၀င်းအစိုးရက ဤကဲ့သို့သော နည်းလမ်းများဖြင့်
မြန်မာတစ်မျိုးသားလုံးအား လူလိမ်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးခဲ့လေသည်။
အမှန်တကယ် ကျွန်တော်တို့သင်ပေးခဲ့ကြသူများမှာ
တစ်လမပြောနှင့်။ မတ်လတင်မက ဇွန်လတိုင်အောင် ကျွန်တော်တို့ သင်ပေးခဲ့ကြသော်လည်း အနည်းငယ်မျှသာ
မတောက်တခေါက်တတ်သည်။ အများစုမှာ မတတ်ကြပါ။
ဦးနေ၀င်းအစိုးရ လိမ်ခဲ့သည်မှာ
၂၆ နှစ်အတွင်း အတော့်ကို များပါသည်။
နောက်တစ်ခုလောက် နမူနာ
ထုတ်ပြပါဦးအံ့။
မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီ၏ ကြိုးစားအားထုတ်မှုဖြင့် မြန်မာနိုင်ငံတွင် ရိုးရာစပါးများပပျောက်ကာ အထွက်တိုးစပါးများ
ပေါ်ထွန်းလာခဲ့သည်။ သို့သော် သူတို့အထွက်တိုးတာက လွန်လွန်းလှချည့်။ အထွက်တိုးတာ ရိုးရိုးမတိုး။
နမူနာပြရလျှင် အသက် ၁၀ နှစ်သမီးကို အတင်းအဓမ္မဗိုက်ကြီးစေပြီး ကလေးမွေးခိုင်းတာနှင့်
တူနေသည်။
ယခင်က တစ်ဧကတွင် စပါး
၄၅ တင်း၊ တင်း ၅၀ မျှသာထွက်သော လယ်များမှာ ဦးနေ၀င်း၏ တန်ခိုးဖြင့် တစ်ဧကလျှင် တင်း
၃၀၀ ကျော်ထွက်ကာ ဦးလူနီတို့ ဦးလူစီတို့မှာ စပါးသူရဲကောင်းကြီးများအဖြစ် ဂျပန်နိုင်ငံသို့ပင်
လေ့လာရေးခရီး သွားခဲ့ကြ သေးသည်။ အင်မတန် စက်မှုထွန်းကားလှပါသည်၊ fully mechanized
farming လုပ်နေပါသည်ဆိုသော အမေရိကန် ပြည်ထောင်စု၌ပင်လျှင် ၂၀၁၁ ခုနှစ်ထိ တစ်ဧကလျှင်
တင်း ၁၅၀ ကျော်ထွက်တာ ပြည်နယ်အနည်းငယ်မျှသာ ရှိ၏။ မြန်မာနိုင်ငံ တွင်မူ ၁၉၈၀ ပတ်ဝန်းကျင်ကတည်းက
တစ်ဧက တင်း ၃၀၀ ကျော်ဖြင့် ကမ္ဘာသာမက စကြာဝဠာစံချိန်ကိုပါ ချိုးထားခဲ့သည်။
ကျွန်တော့်သူငယ်ချင်းကတော့
အင်္ဂလိပ်တွေက မြန်မာတွေကို လူလိမ်တွေဖြစ်အောင် လုပ်ခဲ့တာကွ ဟု ဆို၏။ လုပ်စမ်းပါဦးကွ၊
ဘယ်ပုံဘယ်နည်း လုပ်ခဲ့တာတုံး ဆိုတော့ သူက မင်းကွာ၊ လွတ်လပ်ရေးပေးတာကို မနက် ၄း၂၀ မှာပေးတယ်လေကွာ။
ဖိုးတွမ်တီးဆိုတာ လူလိမ်မဟုတ်လို့ ဘာတုံးကွ ဟု ဆို၏။ သူပြောတာလဲ ဟုတ်တုတ်တုတ်။
ကျွန်ုပ်အဘယ်ကြောင့်
ဤမျှပေရှည်နေရသနည်းဟူမူ မြန်မာပြည်သား လူအများတို့၏ ကောင်းမွန်သည့် အကျင့်စရိုက်များအား
မြန်မာပြည်၏ အုပ်ချုပ်ရေးအာဏာကို အတင်းအဓမ္မသိမ်းပိုက်ခဲ့သော အစိုးရအမည်ခံ စစ်ဗိုလ်များက
အချိန်ယူ၍ တစ်စစီ ချိုးဖဲ့ချေမွှနေခဲ့ကြောင်း ထင်ရှားစေလို၍ ဖြစ်၏။
ကျွန်ုပ်တို့မြန်မာပြည်သားလူအများသည်
ဗုဒ္ဓဘာသာ၏ အဆုံးအမအောက်တွင် ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဟူသောအစဉ်အလာကို
ခံယူလျက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားများ လက်ကိုင်ထားကာ အေးအေးချမ်းချမ်းနေထိုင်ခဲ့ရာမှ
စစ်ဗိုလ်တစ်စု၏ ဖောက်ပြန်မှားယွင်းသော အုပ်ချုပ်မှုအောက်တွင် ကိုယ်ကျင့်တရားများ ပျက်ပြားခဲ့ရသည်။
စာရိတ္တများ ချို့ယွင်းခဲ့ရသည်။
(၃)
ဦးနေ၀င်း၏ ဖိနှိပ်မှုဒဏ်ကို
မခံနိုင်သည့်အဆုံး မြန်မာတစ်ပြည်လုံး အုံးအုံးဆူလျှက် ၈၈ အရေးတော်ပုံကြီးဖြင့် အလွန်
သြဇာအာဏာကြီးမားလှသော စစ်အာဏာရှင်ကြီးကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သည်။
သို့တိုင် ကံကြမ္မာက
ကျွန်ုပ်တို့မြန်မာပြည်သူများအား မျက်နှာသာမပေးသည့်အခါ နောက်ဘုန်းကြီး နှစ်ချက်ခေါက်
အဖြစ်နှင့် ကြုံခဲ့ရပြီး အလွန်ဆိုးညစ်ယုတ်မာလှသည့် အစိုးရကို လက်ဝယ်ပိုင်ပိုင် ရရှိလိုက်ပြန်သည်။
အရေးအခင်းကာလအတွင်း
အစိုးရအရာရှိများသည် ဂိုဒေါင်များကိုဖောက်၊ ပစ္စည်းအကောင်းများကိုယူ၊ ထို့နောက် ဂိုဒေါင်များကို
ဖွင့်ထားခဲ့ကာ လူထုအား ကျန်သောပစ္စည်းများအား တရားမရှိ၊ ဓားမရှိ ယူငင်စေလျှက် စည်းကမ်းမဲ့သူများ၊
သူများပစ္စည်း အချောင်နှိုက်တတ်သူများဖြစ်အောင် သင်ပေးခဲ့ပြန်သည်။ အုပ်ချုပ်မှုလျော့နည်းနေစဉ်ကာလအတွင်း
ပြည်သူတို့သည် မိမိတို့ လုံခြုံရေးအတွက် မိမိတို့ကိုယ်တိုင် ရပ်ကွက်ကင်းများစောင့်ကာ
ကိုယ့်ရပ်ကွက်ကိုယ် စောင့်ရှောက်နေစဉ် အစိုးရဆိုသူများသည် လူဆိုးဓားပြဒလံများလွှတ်ကာ
လုယက်ခြင်း၊ သတ်ဖြတ်ခြင်း စသည်တို့ကို အစဖော်ပေးခဲ့သည်။ ထိုအခါ ရပ်ကွက်အတွင်းရှိ ယခင်ကတည်းက
ဇ,ရှိခဲ့သူများအနေနှင့် ခေါင်းဖြတ်ခြင်း၊ ဓားပြတိုက်ခြင်းတို့ကို အလွယ်တကူ ကျူးလွန်ခဲ့သည်။
အတုမြင် အတတ်သင်အနေနှင့် တက်သစ်စ လူငယ်ကလေးများ၏ သဏ္ဍာန်အတွင်း မကောင်းသည့် ဓလေ့စရိုက်တို့
ပေါက်ဖွားလာခဲ့ တော့သည်။
အရေးအခင်းကာလအပြီး
သူတို့ကို ကလန်ကဆန်လုပ်ခဲ့သော ကျောင်းသားများအား အငြိုးအာဃာတထားကာ စစ်အစိုးရသည် ကျောင်းသားများနှင့်
ပညာရေးအား တစ်စစီချေမှုန်းရေးကို စနစ်တကျ လုပ်ဆောင်ခဲ့သည်။
ကျောင်းများကို ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းဖြင့်
ကျောင်းသားလူငယ်များမှာ လုပ်စရာမရှိတော့ဘဲ လေလွင့်သွားခဲ့ကြ သည်။ ထိုကာလမှာ အနည်းဆုံး
လေးနှစ်ကြာခဲ့သည်ဖြစ်ရာ လေးနှစ်အတွင်း လေလွင့်သွားခဲ့သည့် လူငယ်အရေအတွက်မှာ ကြောက်ခမန်းလိလိဖြစ်၏။
ကျောင်းများပြန်ဖွင့်သော်
ယခင် စုပြုံနေသော ကျောင်းသားများကို စာကိုမဖြစ်ညစ်ကျယ်သင်၊ ဖြစ်ကတတ်ဆန်း စာမေးပွဲများ
စစ်လျက် အကုန်အအောင်ပေးခဲ့ပြန်သည်။ ထိုကာလက ကျွန်တော်သည် စိုက်ပျိုးရေးတက္ကသိုလ်၌ လက်ထောက်ကထိကအဖြစ်
တာဝန်ထမ်းဆောင်လျှက်ရှိရာ တစ်နှစ် နှစ်တန်းမျှသော သင်တန်းများကို အဖြစ်မျှသင်လျှက်
စာမေးပွဲမေးခွန်းများကိုသာ အဓိက ထားသင်ပြီး အတန်းတင်ပေးခဲ့ရသည်။
နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင်
ပညာရေးကို အခြေခံ၍ တည်ဆောက်သည့်နိုင်ငံမှသာလျှင် အခြေခံကောင်းသော၊ စနစ်ကျသော၊ လူနေမှုအဆင့်မြင့်သော
နိုင်ငံတစ်ခု ဖြစ်ပေမည်။
အခြေခံပညာအဆင့်တွင်
စာကိုအဖြစ်မျှသင်ကာ အောင်လာခဲ့သော ကျောင်းသားများသည် တက္ကသိုလ်တွင်လည်း စာကို အဖြစ်မျှသင်ပြီး
ဘွဲ့ရကုန်ကြသည်ဖြစ်ရာ ထိုဘွဲ့ရများ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါသည်။
ထိုမျှမကသေး။ သေသေချာချာ
မစူးစမ်းမလေ့လာ။ ကိုယ်ကိုယ်တိုင်လည်း သေသေချာချာမသိပါဘဲလျက် စဉ်ဆက်မပြတ်၊ အကဲခတ် ပညာရေးဟု
လုပ်ချလိုက်ပြန်ရာ ယခင်ကတည်းက ညံ့ဖျင်းနုံချာလှသည့် မြန်မာနိုင်ငံပညာရေးစနစ်ကြီးမှာ
အဆိုးဆုံးသို့ ဇောက်ထိုးမိုးမျှော် ကျရောက်သွားလေတော့သတည်း။
ထိုစနစ်အရ ကျောင်းသားများမှာ
စာကျက်သည်ဖြစ်စေ၊ မကျက်သည်ဖြစ်စေ၊ တော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ။ တစ်နှစ် တစ်တန်း မတက်မနေတက်ကြရမည်ဖြစ်ရာ
လူတို့၏သဘာဝအတိုင်း အလိုလိုအတန်းတက်ရမည်မှန်းသိနေသူသည် အဘယ်မှာလျှင် စာကြိုးစားပါတော့မည်နည်း။
အင်မတန် ညံ့ဖျင်းသောကြောင့် ကျောင်းသားစာမေးပွဲကျလျှင် ထိုဆရာဆရာမမှာ ထုချေလွှာ အတောင်းခံရတော့သည်။
ကျောင်းတွင်မျက်နှာကောင်းမရ။ ၀ိုင်းဝန်း အငြိုးထားကြသည်။ ထိုအခါ လခ ရတာချင်း အတူတူ၊
မည်သည့် ဆရာဆရာမသည် အဆူအပူအဆဲအဆိုခံ၊ ထုချေလွှာအတောင်းခံပါတော့မည်နည်း။ ရလဒ်အဖြစ် ဆယ်တန်း
ကျောင်းသားတစ်ဦးသည် အင်္ဂလိပ်အက္ခရာ ဘယ်နှစ်လုံးရှိမှန်းမသိ။ မိမိနာမည်မှ မိမိမှန်အောင်
မရေးတတ်သည့် အခြေအနေထိ ရောက်ခဲ့ရသည်။
သူတို့က “အမျိုးသားစည်းကမ်းအစ၊
စာသင်ကျောင်းက” ဟု ဆင်လောက်ကြီးသော ဆိုင်းဘုတ်ကြီးများကို တစ်နိုင်ငံလုံးအနှံ့ ရှိသမျှ
ကျောင်းအားလုံးတွင် ချိတ်ဆွဲကာ လူမြင်ကောင်းရုံ လုပ်ခဲ့သည်။ ထိုအဆိုအမိန့်ကို ဘာသာပြန်လိုက်သော်
“စာသင်ကျောင်းများပျက်စီးလျှင် တစ်မျိုးသားလုံး၏ စည်းကမ်းများ ပျက်စီးလေတော့၏။” ဟု
အဓိပ္ပာယ်ရ၏။ သူတို့စကားနှင့် သူတို့၊ ယခု စာသင်ကျောင်းများမှာ ရစရာမရှိအောင် ပျက်စီးသွား၍
တစ်မျိုးသားလုံး၏ စည်းကမ်းဆိုသည်မှာလည်း ချုံးချုံးကျ သွားခဲ့ရလေသည်။
နောက်တစ်ဆင့် -
တက္ကသိုလ်ကျောင်းသားများဟူသည်
သိပ်မဝေးလှသော ကာလတစ်ခုတွင် နိုင်ငံကိုဦးဆောင်မည့်သူများ မဟုတ်ပါလော။ သည်နိုင်ငံကို
သည်တက္ကသိုလ်ကျောင်းသားများ ဦးမဆောင်လျှင် မည်သည့် ကလေကချေများ ဦးဆောင်ပါမည်နည်း။
တက္ကသိုလ်ကျောင်းသားများအား တစ်တိုင်းပြည်လုံးတွင် ပညာအတတ်ဆုံး လူတန်းစားဟု ပြောနိုင်သည်။
ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် တက္ကသိုလ်မှာကတည်းက ပျိုးထောင်ပေးရန်လိုသည်။
လူကြီးလူကောင်းများ ဖြစ်လာစေရန် အနေအထိုင်၊ အပြောအဆို၊ အပြုအမူ၊ တွေးပုံခေါ်ပုံ အစစအရာရာ
လေ့ကျင့်ပေးရမည်။ ၁၉၆၀ မတိုင်မီ နှစ်များက တက္ကသိုလ်ကျောင်းသားဆိုလျှင် ဂုဏ်ရှိသည်။
တက္ကသိုလ်ကျောင်းသားများကို တက္ကသိုလ်ကျောင်းသားနှင့် တူတူတန်တန် ထားသည်။ ထို့မို့ကြောင့်ပင်
တက္ကသိုလ်ကျောင်းသားများကလည်း လူကြီးလူကောင်းဆန်ဆန် နေထိုင်၊ ပြုမူ၊ ပြောဆိုကြသည်။
များမကြာမီ ကာလတစ်ခုက
အစိုးရကမူ တက္ကသိုလ်ကျောင်းသားများအား ၎င်းတို့အား ဒုက္ခပေးမည့်သူများ၊ ရန်သူများအဖြစ် သဘောထားသည်။
အငြိုးအတေးထားကာ အာဃာတတရားကြီးကြီးဖြင့် ရှိရှိသမျှတက္ကသိုလ်အားလုံးကို မြို့ပြင်ထုတ်ကာ၊
ရွာများ အနီး၌ တည်ခဲ့သည်။ တည်သမှ တစ်မြို့လျှင် တက္ကသိုလ်တစ်ခုနီးပါး၊ တစ်နိုင်ငံလုံး
မှိုပေါက်သလို တည်ခဲ့သည်။ အရေအတွက် များလျှင် အရည်အသွေးကျတတ်သည့် သဘာဝအတိုင်း မြန်မာနိုင်ငံမှ
တက္ကသိုလ်များမှာ တက္ကသိုလ်ဟုသာဆိုရသည်။ အဆောက်အဦကလွဲ၍ စာအုပ်ပင်လျှင် ပြည့်ပြည့်စုံစုံ
ရှိပါလေရဲ့လား။ အခြားသင်ထောက်ကူများအနေနှင့် တကယ့်ပစ္စည်းထားလို့ စက္ကပေါ်တွင်ရေးထားသည့်
အရုပ်အနေနှင့်တောင် အပြည့်အစုံ ရှိပါရဲ့လား။
ဤမျှများပြားလှသော
တက္ကသိုလ်များတွင် ခန့်ထားရန် အရည်အသွေးပြည့် ဆရာဆရာမများ မည်သည့်နေရာက ရပါသနည်း။ ဤကျောင်းများတွင်
ဤဘာသာရပ်များကို သင်သည်ထား။ တကယ်အဓိပ္ပာယ်အနှစ်သာရနှင့် ပြည့်ဝပါသည်ဟု မည်သူသည် evaluate
လုပ်ပါသနည်း။
ဤမျှလောက်ဆိုလျှင်
အနှီတက္ကသိုလ်များမှ ထွက်လာသည့် ကျောင်းသားများ၏ အရည်အသွေးကို ခန့်မှန်းမိလောက်ပါပြီ။
ကျွန်တော်တို့ရွာမှ
ကလေးမတစ်ယောက် စီးပွားရေးတက္ကသိုလ်တက်ခွင့်ရသဖြင့် ရန်ကုန်သို့ ကျောင်းလာတက်သည်။ စီးပွားရေး
တက္ကသိုလ်က ရွာသာကြီးမှာ။ ရွာသာကြီးဆိုတာ အဝေးကြီး။ အဘယ်ကဲ့သို့ ရန်ကုန်မှ နေ့ချင်းပြန်ကျောင်းတက်ပါမည်နည်း။
သည်တော့ ရွာသာကြီးနားက ရွာမှာပင် စုပြီး အိမ်ငှားနေကြရသည်။ ကျောင်းသားများအတွက် နေစရာအဆောင်
စီစဉ်ထား မပေး။
ထို့ထက် ဆန်းပြားတာ
ရှိပါသေးသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဖြစ်၏။ ရေဆင်းတွင် စိုက်ပျိုးရေးတက္ကသိုလ်၊
တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် ဟု
တက္ကသိုလ်သုံးခုရှိသည်။ ထိုတက္ကသိုလ်များက မြို့နှင့်မနီး။ တောင်စောင်းတွင်ရှိသဖြင့်
တက္ကသိုလ်ကျောင်းသားများ နေထိုင်ရန်အတွက် အဆောင်များ ဆောက်ပေးထားသည်။ သို့သော် သိပ်မကြာလှသော
ကာလတစ်ခုက ကျောင်းသားများအား ထိုအဆောင်များတွင် နေခွင့်မပေးတော့။ သည်တော့ တက္ကသိုလ်ကျောင်းသားများမှာ
အနီးအနားရှိ ပေါက်ကုန်းကျေးရွာ၊ ရေဆင်းကျေးရွာများတွင် အိမ်ငှားနေကြရသည်။ ကျောင်းသားများအတွက်ဆောက်ထားသော
အဆောင်များတွင် ကျောင်းသားများကိုမထားခြင်းကား ကျွန်တော့်အဖို့တော့ အတော့်ကို ဆန်းကျယ်လှသော
ကိစ္စတစ်ခုပေတည်း။
ရွာဆိုသည်မှာ ရွာသဘာဝအတိုင်းပင်ရှိပါမည်။
အရက်ဆိုင်ရှိမည်။ ကာလသားများက အရက်သောက်မည်။ ပုဆိုးစလွယ်သိုင်း သွားမည်။ ငါနှင့်လူနှင့်
ဆဲမည်။ လင်မယားချင်း ရန်ဖြစ်မည်။ မိန်းမအချင်းချင်း ဖင်ပေါ်ခေါင်းပေါ် နပန်းသတ်မည်။ ဤသည်မှာ
ရွာစရိုက်ဖြစ်၍ ဘာမှ မဆန်းပါ။ သို့သော် ဤကဲ့သို့သော ရွာများတွင် တက္ကသိုလ်ကျောင်းသားများကို
သွားထားခြင်းသည်ကား သက်သက် နာမ်နှိမ်ခြင်းဖြစ်၏။
ကျွန်တော်တို့ငယ်စဉ်က
ကျေးညီနောင်ပုံပြင် သင်ခဲ့ရ၏။ အဟိတ်တိရစ္ဆာန်ကျေးသားပင်ဖြစ်လင့်ကစား
ရသေ့များထံ ရောက်သွားသော ကျေးသားက လာပါ၊ ကြွပါ၊ အပန်းဖြေပါနှင့် ချစ်ဖွယ်သောစကားကို
ပြောတတ်သည်။ သူခိုး၊ ဓားပြများထံ ရောက်သွားသော ကျေးသားကမူ အဲဒီအကောင်ကိုသတ်ပြီး ပစ္စည်းတွေ
လုယူကြဟေ့ဟု ပြောသည်။
တိရစ္ဆာန်သည်ပင်လျှင် သူကျင်လည်ရသည့် ပတ်ဝန်းကျင်အလိုက် ဓလေ့စရိုက်ပြောင်းသည်။
လူဆိုလျှင်မူ အဘယ်ဆိုဘွယ် ရှိပါတော့မည်နည်း။ ဆိုတော့ ရွာသားများနှင့် ဒိုးတူပေါင်ဘက်
နေကြရသော တက္ကသိုလ်ကျောင်းသားများသည် လူကြီးလူကောင်း များအဖြစ် ပြုမူနေထိုင်ကြပါမည်လား။
ရွာသားများကဲ့သို့ပင် အရက်ဆိုင်မှ မူးပြီးပြန်လာသည့်အခါ ပုဆိုးကို စလွယ်သိုင်း၍ ငါနှင့်လူနှင့်ဆဲဆိုပြီး
တစ်ရွာလုံးကို စိန်ခေါ်ဘို့ များလေသည်။
UNESCO ၏ စာရင်းအင်းများအရ
မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဦးရေမှာ ၁၀ သန်းခန့်ရှိလေရာ တစ်နှစ်လျှင် ၁၀
သန်းမျှသော လူတို့မှာ ဗရုတ်သုက္ခပညာရေးစနစ်ကြောင့် ဗလချီးနမ်းလူများ ဖြစ်နေကြရလေသည်။
ထို အရေအတွက်မှာ တစ်နှစ်တည်းမဟုတ်။ ကျောင်းသို့ရောက်လာသမျှသော ကလေးငယ်အပေါင်းသည် ဤပညာရေးစနစ်အောက်
တွင်ပင် သင်ကြားကြရလေရာ ကျောင်းမှထွက်လာသူအပေါင်းတွင် အင်မတန် တော်တည့်ထက်မြက်သော ကျောင်းသား
အနည်းငယ်မှအပ အားလုံးလိုလိုမှာ အညွန့်ချိုးခံပြီးသား လူတန်းစားတစ်ရပ်အဖြစ် ပေါ်ပေါက်လာလေတော့သည်။
ထိုမျှသာမကသေး။ မြန်မာပြည်သူအပေါင်းကို
အဆိုးတကာ့ အဆိုးဆုံးအခြေအနေရောက်အောင် ဖန်တီးပေးထားသော အခြေအနေများလည်း များစွာရှိပါသေးသည်။
နမူနာအနည်းငယ်ကို ထုတ်ပြရပါလျှင် ၂ လုံး၊ ၃ လုံး ချဲထီများကို ဥပဒေအား စောင့်ရှောက်ရမည့်
ရဲများကိုယ်တိုင်၊ သို့မဟုတ် ၎င်းတို့၏ဇနီး၊ ဆွေမျိုးအသိုင်းအ၀ိုင်းက ဒိုင်ကိုင်သည်။ ချဲဒိုင်များနှင့်
ပေါင်းပြီး လုပ်စားသည်။ ဥပဒေပြင်ပမှ လုပ်ငန်းမှန်သမျှ ဆက်ကြေးတောင်းခံကာ ဖွင့်ပေးထားသည်။
အာဏာပိုင်များကို ပိုက်ဆံပေး ထားသည့်အတွက် လုပ်ငန်းရှင်များကလည်း ပြောင်ပြောင်တင်းတင်းပင်
လုပ်ကြကိုင်ကြသည်။
လူကြီးလူကောင်းအမည်ခံသူတို့မှာ
မိမိလုပ်ပိုင်ခွင့်ကို တလွဲအသုံးချလျက် ပိုက်ဆံကို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ၊ ရသည့်နည်းနှင့်
အကုန်ယူသည်။ ရိုးဖြောင့်မှန်ကန်သူတို့မှာ ၎င်းတို့နှင့် မယှဉ်နိုင်သည့်အတွက် ညှိုးငယ်စွာ
နေထိုင်ကြရသည်။ ထိုအခါ လူငယ်များမှာ ဆင်းတောင့်ဆင်းရဲနေထိုင်ရသည့် ရိုးဖြောင့်သူများကို
အထင်မကြီး။ မဟုတ်တာလုပ်ပြီး ကောင်းစား နေသည့် လူကြီးလူမကောင်းများအား အထင်ကြီးလျက်
၎င်းတို့အားအတုခိုးကာ မည်သည့်နည်းဖြင့်ရသည်ဖြစ်စေ။ ရလျှင် ဘနဖူးတောင် သိုက်တူးရမည်။ ပိုက်ဆံရရေးသာ
အရေးကြီးသည်ဟူသော အယူဝါဒကိုသာ စွဲစွဲလန်းလန်းလက်ခံ ကျင့်သုံးနေကြ တော့သည်။ မြန်မာလူမှုအသိုင်းအ၀ိုင်းတွင်လည်း
ရိုးရိုးသားသား လုပ်ကိုင်စားသူများမှာ နှုတ်ခမ်းမဲ့ပြီး တီးတိုးတီးတိုး အကဲ့ရဲ့ ခံရလျှက်
အောက်ဆိုဒ်ဟူသည့် မတရားသည့်နည်းဖြင့် ပိုက်ဆံရသူများကိုသာ အထင်ကြီး လေးစားကြသည်။ လူရာသွင်းကြ
သည်။ အချင်းချင်း မေးလျှင်ပင် ဟဲ့၊ နင့်ယောက်ျားက အောက်ဆိုဒ်ဘယ်လောက်ရလဲ ဟုသာ မေးကြသည်။
သာမန်လခကို စိတ်မ၀င်စား။ မိမိတို့၏ သားသမီး၊ မြေးမြစ်များကိုလည်း သမာအာဇီဝကျမည့် လုပ်ငန်းကိုင်ငန်း
လုပ်ဖို့ မတိုက်တွန်း။ အောက်ဆိုဒ် များများရမည့် အလုပ်ကိုရှာရန်သာ တွင်တွင် တွန်းအားပေးကြသည်။
ဤသို့အားဖြင့် ရှေးယခင်က
မြန်မာ့လူအဖွဲ့အစည်းအတွင်းရှိခဲ့သော ကိုယ်ချင်းစာတရားနှင့်တကွ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားတို့မှာ တဖြည်းဖြည်းတစစ ပျောက်ကွယ် ကုန်လေတော့၏။
(၄)
ချုပ်ပါမည်။
အထက်တွင် ကျွန်တော်
ရေးသားဖော်ပြခဲ့သကဲ့သို့ ၁၉၆၂ ခုနှစ်မှသည် ၂၀၁၀ ခုနှစ်များအတောအတွင်း မြန်မာတစ်မျိုးသားလုံး
လိုလိုအား ကြမ်းပိုးသူခိုးစိတ်ဓာတ်များ ကိန်းအောင်းလာအောင်၊ ကလေကချေများဖြစ်လာအောင်၊
အရည်အချင်းမဲ့သည့် ငတုံး ကလေးများဖြစ်အောင် အလုပ်ခံခဲ့ရကြောင်း ပြက်ပြက်ထင်ထင် တွေ့မြင်ကြရပြီ။
ပါပသ္မိံ ရမတီ မနော
- စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏။ အမြဲတစေ မကောင်းမှုဘက်သို့ ယိုင်နေတတ်သော စိတ်အား
ကောင်းမှုတို့ဖြစ်ပေါ်နေစေရန် လေ့ကျင့်ပေးရ၏။ ကောင်းမှုလုပ်သည်ဆိုခြင်းမှာ အဆန်လမ်းဖြစ်၏။
အစုန်လမ်းလောက် မလွယ်ကူ။
ယခုမူ ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားများအား
ကောင်းမွန်သည့်စိတ်ဓာတ်၊ မြင့်မြတ်သည့် အပြုအမူများ ဖြစ်ပေါ်လာစေရန် လေ့ကျင့်ပေးရမည့်အစား
နဂိုကမှ မကောင်းမှုလုပ်ရန် ညွတ်နေသည့်စိတ်ကို အဆင်းတွင် ဘီးတပ်ပေးသည်။ မကောင်းမှုများ
ပြုလုပ်လာစေရန် လမ်းခင်းပေးသည်။ ကြမ်းပိုးတေလေများ ဖြစ်လာစေရန် သွေးဆောင်စည်းရုံးသည်။
မသိမသာဖြစ်စေ၊ သိသိ သာသာဖြစ်စေ လေ့ကျင့်ပေးသည်။ ပုံသွင်းပေးသည်။
ယခုမျက်မှောက်တွင်
စာရှုသူတို့မြင်နေ၊ တွေ့နေရသည့် လူမှုပတ်ဝန်းကျင် အခြေအနေများမှာ ထို အနှစ် ၅၀ ကာလအတွင်း
ညစ်ပတ်စုတ်ပဲ့လှသည့် အစိုးရဆိုသူတို့က ကျကျနန ဖျက်ဆီးထားခဲ့သည့် ရလဒ်များဖြစ်သည်။
ဤမျှဆိုလျှင် ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားတို့
အဘယ်ကြောင့် ဤမျှစိတ်ဓာတ်များ အောက်တန်းကျကာ ပျက်စီးချင်တိုင်း ပျက်စီးနေကြရသည် ဆိုသည်ကို
စာရှုသူတို့ ကွက်ကွက်ကွင်းကွင်း မြင်လောက်ပြီဟု ယူဆပါသည်။
အဘယ်ကြောင့် စည်းကမ်းမလိုက်နာကြရသနည်း
ဆိုသည်ကို ဒုတိယဆောင်းပါးတွင် ဆက်ရေးပါမည်။
ဖတ်ရှုအားပေးသူအားလုံးကို
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၁ ဇွန်၊ ၂၀၁၅။ ည
၉း၀၀ နာရီ