(၉) အလှူအကြို ဒုတိယနေ့ (၄/၄/၂၀၁၅)
သားမေမေရောမတွေ့ပါလား
ဆိုတော့ စားသောက်ဆိုင်သွားတယ် ဟု သားကပြန်ဖြေ၏။ နေပါဦးကွ၊ ဘယ်က စားသောက်ဆိုင်ပါလိမ့်
ဟု မေးတော့ မနေ့ညက သွားစားတဲ့ဆိုင်လေ ဟု ပြန်ဖြေလေသည်။ ကျွန်တော်တို့ တတွေက ပြင်ပြီးသားထမင်းဝိုင်းတွင်
အဆင်သင့်ထိုင်စားလိုက်၊ ဘာပန်းကန်မှတောင် မဆေးရဘဲ လက်ကလေးဆေး ထပြန်လာလိုက် နှင့် အလွန်ဟန်ကျနေတာတွေ့တော့
သားက မမစိန်လှတို့အိမ်တွင်ကျွေးသည့် ထမင်းဝိုင်းကို ထမင်းဆိုင်ထင်နေကြောင်း ယခုမှ သိရတော့၏။
မနေ့က အထက်ပိုင်းသွားပြီးပြီဆိုတော့
ယနေ့ အောက်ပိုင်း (၃) ကွက်နှင့် (၄) ကွက်သို့သွားကာ အဆွေအမျိုးများ အား နှုတ်ဆက်ကြ၏။
ကျွန်တော့်အစ်ကို၊ အစ်မ၊ ဦးကြီး၊ ဒေါ်ကြီး စသူတို့မှာ မတွေ့ရတာကြာပြီဖြစ်သဖြင့် အတော်အိုစာ
နေကြလေပြီ။ ကျွန်တော်ကိုယ်နှိုက်ပင်လျှင် ၅၀ ကျော်ခဲ့ပြီ မဟုတ်ပါလော။
နောက်တော့ ရွာအပြင်ထွက်ကာ သားကို
လယ်ကွင်းများဆီ လိုက်ပြ၏။ ယခင်က ရွာခြံစည်းရိုးမှာမရှိတော့ဘဲ ရွာပတ်လမ်းအပြင်ဘက်တွင်
အိမ်တချို့ တန်းစီဆောက်ထားတာ တွေ့ရ၏။ မြို့ပြအခေါ် ကျူးကျော်အိမ်ယာများဖြစ်လေသည်။ လယ်ကွင်းများမှာ
ရိတ်သိမ်းပြီး၍ လယ်ကွင်းအများစုမှာ ရိုးပြတ်များနှင့်ဖြစ်ပြီး အချို့လယ်ကွင်းများကိုမူ
မီးရှို့ထားသည်ကို တွေ့ရ၏။ လယ်ကွင်းထဲတွင် ကောက်ရိုးပုံများကို ဟိုနားတစ်ပုံ၊ သည်နားတစ်ပုံ
တွေ့နိုင်သည်။
ဟောဒါတွေက ရိုးပြတ်လို့ခေါ်တယ်
သားရဲ့။ ရိုးပြတ်ဆိုတာ စပါးပင်ကိုရိတ်ပြီး ကျန်ခဲ့တဲ့အပင်ငုတ်တို။ သားတို့ နေ့တိုင်း
စားနေတဲ့ထမင်းဆိုတာ ဆန်ကိုချက်လို့ရတာ။ အဲဒီဆန်ဆိုတာ စပါးကိုကြိတ်ပြီးရတာ။ အဲဒီစပါးတွေကို
စပါးပင်က ရတာ။ အဲဒီစပါးပင်တွေကို ဒီလယ်ကွင်းတွေထဲမှာ စိုက်ရတယ် . . စသဖြင့် ရှင်းပြရ၏။
သူဘယ်လောက် နားလည်မလဲတော့ မသိ။
သူက လယ်ကွင်းတွေကို ဘာဖြစ်လို့မီးရှို့ရတာလဲ
ဟု မေး၏။ အဲသလိုမီးရှို့ခြင်းဖြင့် ရလာတဲ့ပြာတွေက စပါးပင်စိုက်ဖို့ လိုအပ်တဲ့ မြေသြဇာရတာပေါ့ကွာ
ဟုပြန်ဖြေသော် မီးရှို့တော့ထွက်လာတဲ့မီးခိုးတွေက လေထုညစ်ညမ်းမှုဖြစ်တာပေါ့ ဖေဖေရ ဟု ကိုယ်တော်က
ကွန်ပလိန်းလုပ်၏။ အဲဒီမီးခိုးတွေကို ဟောဟိုက သစ်ပင်တွေက စားသုံးပြီး အောက်ဆီဂျင်ပြန်ထုတ်ပေးတာ
မဟုတ်ဘူးလားကွာဆိုမှ စပ်ဖြီးဖြီးနှင့် ပတ်တောပိတ်သွားလေ၏။
ဟောသည် ကောက်ရိုးပုံတွေက နွားတွေကိုကျွေးဘို့
စုထားတာ။ ကောက်ရိုးဆိုတာ အင်မတန် မီးလောင်လွယ်တာမို့ ရွာထဲမှာမပုံဘဲ ကွင်းထဲမှာပုံထားတာ။
အဲဒီကောက်ရိုးတွေကို နွေရာသီကနေ မိုးတွင်းဘက် မြက်တွေမပေါက်ခင်ထိ ကျွေးတယ်။ မိုးရွာလို့မြက်တွေပေါက်လာတော့
မြက်ကိုပြောင်းကျွေးတာပေါ့။
ဟောဒါက ထန်းပင်လို့ခေါ်သကွ။ ဒါက
မောင်းတက်။ ၀ါးပင်ကိုခုတ်ပြီး ထန်းပင်တက်ဖို့ လုပ်ထားတာ။ ဒီထန်းပင်က ထန်းရည်ရတယ်။ အရမ်းသောက်လို့
ကောင်းသပေါ့ကွာ။ အဲဒီထန်းရည်ကို ထန်းလျက်ချက်လို့ရတယ်။ နေ့ခင်းပိုင်းကျရင်တော့ ထန်းရည်က
အရက်လိုဖြစ်လာပြီး သောက်လိုက်ရင် မူးသကွ။ အဲဒါကို နေကျော်ထန်းရည်လို့ခေါ်တယ်။ ဖေဖေငယ်ငယ်တုံးက
သောက်ခဲ့ဖူးတာပေါ့ကွာ။
ဟောဟိုတောင်ကုန်းရဲ့ ဟိုဘက်မှာ
ဘဘတို့လယ်ရှိတယ်။ အဲဒီလယ်မှာ ဖေဖေငယ်ငယ်က လယ်လုပ်ဖူးတယ်ကွ။ လယ်လုပ်တယ်ဆိုတာ စပါးစိုက်တာပေါ့ကွာ။
ထွက်လာတဲ့စပါးကို စားလည်းစားတယ်။ ရောင်းလည်းရောင်းတယ်။ ဟိုက ၀ါးထမ်းလာတဲ့သူတွေက တောထဲသွားပြီး
ဝါးခုတ်တာ။ ၀ါးကို နှီးဖြာလို့ရတယ်။ အိမ်ဆောက်လို့ရတယ်။ ခြံကာလို့ရတယ်။ ဖေဖေတို့ငယ်ငယ်တုံးကလည်း
ဘဘနဲ့အတူတူ တောတက်ပြီး ၀ါးခုတ်ဖူးတာပေါ့ကွာ။ ခုတော့ ၀ါးတောတွေက အနီးအနားမှာ မရှိတော့ဘူး။
ပြုန်းကုန်ပြီ။
ဒါတွေကတော့ နွားချေးတွေပေါ့။ နွားချေးဆိုတာ
ရွံစရာမဟုတ်ဘူးကွ။ အဲဒါတွေက လယ်ကွင်းတွေအတွက် အင်မတန်ကောင်းတဲ့ မြေသြဇာပေါ့ကွာ။ နောက်ပြီး
နွားချေးကို ၀ါးထရံကိုသုတ်ပြီး စပါးထည့်တဲ့ စပါးကျီစသဖြင့် လုပ်တယ်။ စပါးနယ်ဘို့ တလင်းလုပ်တဲ့အခါလည်း
နွားချေးနဲ့ ကျံရတယ်။ အာ - ကျံတယ်ဆိုတာ နွားချေးကို ရေနဲ့ဖျော်ပြီး သနပ်ခါးလိမ်းသလို
မြေကြီးပေါ်လိမ်းပေးတာပေါ့ကွ။ သေချာတာပေါ့ကွာ ဖေဖေတို့ငယ်ငယ်က အဲသလို နွားချေးကျံဖူးတာပေါ့။
နွားချေးကျံရင် လက်နဲ့ပဲကိုင်ပြီး ကျံတာပေါ့ကွာ။ ရွံစရာမရှိပါဘူး။ လက်ဆေးပစ် စင်တာပဲ
. . . . စသဖြင့် လျှောက်လည်း လျှောက် ပြောလည်းပြောရင်း လာလိုက်ရာ ထမင်းစားချိန်နီးမှ
အိမ်ပြန်ရောက်လေသည်။
ထမင်းမစားမီ
ကိုမြင့်အောင်ကို နေ့ခင်း လယ်ယာလုပ်ငန်းခွင်အန္တယ်ကင်းရှင်းရေး ဟောပြောပွဲအတွက် ကြေငြာခိုင်း
ရ၏။ မနေ့က ဟောပြောပွဲတွင်လည်း မှာလိုက်ပြီးဖြစ်ပါသည်။ သည်ကနေ့တော့ ပရိုဂျက်တာထိုးကာ
ပြောမှာဖြစ်ပါသည်။ ပရိုဂျက်တာထိုးပြမည် ဆိုတော့ အမျိုးကောင်းသားကလေး လေးငါးဆယ်ယောက်လည်း
တက်လာတာတွေ့ရ၏။
လယ်ယာလုပ်ငန်းခွင်အန္တယ်ကင်းရှင်းရေး
ဟောပြောပွဲတွင် အခြားရွာများမှ ဧည့်သည်များပါ နားထောင်ကြပါသည်။ သူတို့ စိတ်ဝင်စားကြပါ၏။
ကျွန်တော်က ပိုးသတ်ဆေးအကြောင်း ဇောင်းပေးပြောသည်။ ၀တ်ဆင်ရမည့် အန္တရာယ် ကာကွယ်ရေး ပစ္စည်းများမှာလိုလျှင်လည်း
ဝယ်လိုသူများအား စာရင်းကောက်ခါ မမဆီ လှမ်းမှာလျှင် ၀ယ်ပေးမည့်အကြောင်း၊ ကျွန်တော်မှာမူ
ဘီလ်ဂိတ်၏ သားမက်မဟုတ်သည့်အတွက် လောလောဆယ်တော့ ၀ယ်မပေးနိုင်သေးကြောင်း စသည်ဖြင့်လည်း
ရှင်းပြရ၏။
တဆက်တည်းမှာပင်
ဝါးတောကွင်း၌ မော်တော်ဆိုင်ကယ် အစီး ၆၀ လောက်၊ အခြား မီးစက် စသည့် စက်များရှိနေ သည့်အတွက်
သေသေချာချာ စက်ပြင်တတ်သည့်သူ အနည်းဆုံး တစ်ဦးနှစ်ဦးတော့ ရှိထားဘို့သင့်ကြောင်း၊ တတ်တတ်
ကျွမ်းကျွမ်း စက်ပြင်ဆရာသာဆိုပါက အခြားရွာမှ စက်များပါ ပြင်ပေးနိုင်မည် ဖြစ်ကြောင်း။
ကျွန်တော်မှာ အင်ဂျင်တစ်လုံးအား မည်ကဲ့သို့ ပြင်ရမည်ကို သေသေချာချာ သင်ပြပေးတတ်သည့်တိုင်
အချိန်မရသည့်အတွက် သင်မပေးနိုင်ကြောင်း။ နောင် အချိန်အားများများရ၍ အခါအခွင့်သင့်လျင်မူ
ရွာမှလူငယ်များအား စက်ပြင်သင်တန်း၊ လျှပ်စစ်ကြိုးသွယ်တန်းနည်းများ သင်ပေးလိုကြောင်း၊
စက်ကိုမည်ကဲ့သို့ မောင်းနှင်ရမှန်းမသိဘဲ မောင်းနေကြခြင်းသည် အလွန်အန္တရာယ်များကြောင်း
စသည်ဖြင့် တော်တော်များများ ပြောခဲ့ပါသည်။
ရွာမှလူငယ်တစ်ဦးဦးကို
ရန်ကုန်ခေါ်ပြီး ၀ပ်ရှော့တွင် သင်ပေးဘို့ ဆိုတာကိုတော့ မစဉ်းစားရဲတော့ပါ။ နိုင်လင်းစိုး
တစ်ယောက်တည်းနှင့် ကျွန်တော့်မှာ သင်ခန်းစာ သုံးခါလောက် ပြန်ရသွားပြီး ဖြစ်၏။
ဝါးတောကွင်း၌ ဟိုးယခင်ကတည်းက အစိုးရခန့်
သားဖွားဆရာမတစ်ဦး ရပါသည်။ သို့သော် သားဖွားဆရာမများမှာ အမြဲမရှိ။ သို့အတွက် ရွာသူရွာသားများမှာ
ဒေါက်တာရမ်းကုများနှင့်သာ နှစ်ပါးသွားကြရ၏။ အဆိုပါ ဒေါက်တာရမ်းကုများမှာ ဘယ်သူများနည်းဟု
မေးပါ။ သည်ရွာထဲမှ သူလိုငါလို ရွာသားများပင်ဖြစ်၏။ သို့တိုင် ထိုသူများအား ဆရာတင်လျက်
ကုနေကြ ရ၏။
ထို့ကြောင့်
ကျွန်တော်က မမကို ဟဲ့၊ ရွာထဲက ကောင်လေး တစ်ယောက်လောက်ရှာစမ်း။ ဆယ်တန်းလောက်လည်း စာတတ်၊
ပါးရည်နပ်ရည်လည်းရှိ။ သူ့ကို ရန်ကုန်ခေါ်။ သူနာပြုသင်တန်းတက်ခိုင်း။ ဆေးရုံတွေမှာ လက်တွေ့ဆင်းခိုင်းပြီး
ရွာပြန်ဆေးကုခိုင်းရရင် အနည်းဆုံး ဒေါက်တာရမ်းကုတွေထက်တော့ သာမှာပဲ ဆိုကာ လူရှာခိုင်း၏။
ကျွန်တော်တို့ ဆွေမျိုးထဲကပင် နိုင်လင်းစိုးဆိုသည့် ကောင်လေးတစ်ယောကို အိမ်တွင်ထား၊
ထမင်းလည်းကျွေး၊ အိမ်သွားပြန်စရိတ်လည်း ပေးကာ ပုဂ္ဂလိက သူနာပြုသင်တန်း (စန္ဒီဒေ၀ီထင်ပါသည်)
တက်ခိုင်း။ သူဖတ်ဖို့လည်း သူနာပြုလက်စွဲ။ သားဖွားလက်စွဲ စာအုပ်များဝယ်ပေး။ သားဖွားလက်စွဲစာအုပ်မှာ
တစ်သောင်းနှစ်ထောင်တောင် ပေးရ၏။
သင်တန်းပြီးတော့
ဆေးရုံများတွင် လက်တွေ့ဆင်းခိုင်း၏။ ထို့နောက် မမက ကွင်းကောက်ဆေးရုံမှ ဆရာဝန်ကို ပြောကာ
ဆေးရုံတွင် အနည်းဆုံး ၆ လလောက်ဆင်းခိုင်းမည်။ စိတ်ချရလောက်ပြီဆိုတော့ ၀ါးတောကွင်းပြန်
ဆေးကုခိုင်းမည် ဟု စီမံကိန်းချကာ လေ့ကျင့်ပေး၏။
ဂန်းမသားကလေးက
သင်တန်းလည်းပြီး။ ဆေးခန်းများတွင်လည်း လက်တွေ့ဆင်းပြီးရော ရန်ကုန်လူလည်ဖြစ်ကာ ရွာမပြန်ချင်တော့။
ရန်ကုန်တွင်ပင် အလုပ်လုပ်ချင်တော့၏။ သူ့ကို ရန်ကုန်မခေါ်ခင်ကတည်းက မင်း၊ သင်တန်းတွေဘာတွေ
ပြီးရင် ရွာပြန်ဆေးကုရမှာနော်ဟု အစောကြီးကတည်းက ကြိုမှာထားတာ ဖြစ်၏။ သို့သော် ဒန်ပေါက်စားမိသူသည်
ထမင်းကြမ်းခဲကို ငါးပိဖုတ်နှင့် မစားချင်တော့သကဲ့သို့ နိုင်လင်းစိုးသည်လည်း ရန်ကုန်တည်းဟူသော
ဒန်ပေါက်ကို ၀ါးတောကွင်းတည်းဟူသော ငါးပိဖုတ်နှင့် မလဲလိုတော့ပြီ။ ကျွန်ုပ်နှင့် မမမှာ
ငိုရအခက်၊ ရီရအခက်။ ပိုက်ဆံကုန်တာသာ အဖတ်တင်သည်။ သို့သော် သူတစ်ယောက်တော့ ကောင်းစားသွားသည်ပေါ့။
ဤသည့်နောက်တော့
မည်သူ့ကိုမှ ဘာမှလုပ်ပေးဘို့ စိတ်မကူးရဲတော့ပါ။ ကျွန်ုပ်မှာ ကိုယ့်အတတ်နှင့်ကိုယ် စူးပေါင်း
များလှပြီ။
ဟောပြောပွဲတစ်ဝက်လောက်တွင်
ကိုင်း ခဏနားတဲ့အနေနဲ့ အအေးတိုက်မယ် ဆိုကာ မမကို အအေးဘူးများထုတ်၍ ဝေပေးရန် (ကလေးများမှာလည်း
အအေးတိုက်မည်ဆို၍ အစောကြီးကတည်းက ရောက်နေကြလေသည်။) ပြောလိုက်၏။ ဟောဗျ။ အအေးလည်းသောက်ပြီးရော
ဟောပြောပွဲမှာ ကျန်ကောင်းကျန်ရာသာ ကျန်တော့သည်။ အသီးသီး အသက အသက ထပြန်ကုန်ကြတော့၏။
သူတို့ဟာ ဟောပြောပွဲ နားထောင်ချင်လို့လာတာနှင့်မတူ။ အအေးဘူးမျက်နှာကြောင့် အောင့်အည်းထိုင်နေရတာနှင့်သာ
တူတော့သည်။ ငါ့နှယ်။
ကျွန်ုပ်လည်း
ကိုယ့်အကြောင်းကိုယ်သိကာ ဟောပြောပွဲကို အမြန် လက်စသပ်လိုက်ရလေ၏။ မြန်မာပြည်တစ်ဝှမ်း
အပွဲပွဲနွှဲလာခဲ့ရာ ကိုယ့်ရွာကျမှ နှပ်ပစ်ခံရလေသည်။
သည်ကြားထဲ
အမြတ်က ထွက်သွားသေးသည်။ ကျွန်တော်ပြောဟောနေတုံး ဗီဒီယိုရိုက်နေသည့်ကိုစိုးသိန်းက မီးရှိတုံး
ဘက်ထရီအားသွင်းထားသည်။ ကျွန်တော်က ကိုရင်တင်ထူးထံမှငှားလာသည့် extension မှ လွတ်နေသည့်
တစ်ပေါက်တွင် ထိုးပေးထားလိုက်၏။ ပြတ်သွားပြီ အစ်ကိုကြီးရေ့ ဟု ကိုးစိုးသိန်းက လှမ်းပြောလိုက်။
ကျွန်တော်က ပြန်ထိုးပေး လိုက်။ ဤကဲ့သို့ နှစ်ခါလောက်လည်း ထိုးပေးလိုက်ရော ကြွသွားပြီဗျို့ဟု
လှမ်းအော်လေသည်။ ဟဲ့၊ ဘယ်ကဘုန်းကြီးများ ဘယ်ကိုကြွသွားပါလိမ့်ဟု လှမ်းကြည့်လိုက်တော့
လက်ခါပြတာတွေ့ရသည်။ မီးက လာလိုက်မလာလိုက်ဖြစ်နေတော့ ရှော့ဖြစ်ကာ ဘက်ထရီလောင်သွားခြင်းဖြစ်သည်။
ထိုလောင်သွားသော ဘက်ထရီကို စက်ထဲထည့်လိုက်တော့ စက်ကိုပါ ဆက်လက်လောင်ကျွမ်းသွားတော့သည်
ဆို၏။ ဟိုက် ရှာလပတ်ရည်။
ပွဲက စတောင်မစရသေး။
ဗီဒီယိုရိုက်စက်ပျက်သွားသည်ဆိုတော့ ကျွန်တော့်မှာ မျက်လုံးမျက်ဆန်ပြူးရ၏။ ဗီဒီယိုရိုက်သူ အသစ်ရှာရတော့မည်။ ဗီဒီယိုရိုက်သူက
သည်အနီးအနားမှာ လွယ်လွယ်နှင့် ရပါမည်လား။ ကိုစိုးသိန်းလည်း တစ်နေ့လုံး တစ်ညနေလုံးပြင်ပါသည်။
သို့သော် မရပါ။ သို့နှင့် ဟဲ့၊ ကြည်ပြာ ကွင်းကောက်က ဗီဒီယိုသမား ငှားလာခဲ့စမ်း ဟု မှာရသည်။
ကွင်းကောက်က ဗီဒီယိုစက်များမှာ မအားသဖြင့် ဘာရွာတဲ့။ ကျောက်စရစ်ကုံးဆိုလား ရွာမှ ဗီဒီယိုသမားကို
ငှားလာရသည်ဆို၏။ ကျွန်တော့်မှာတော့ something is better than nothing ဟုသာ သဘောထားလိုက်ရတော့သည်။
ကတောက်၊ ဒီ extension တစ်ချောင်း ဘယ်လောက်ရှိမှာတုံးကွာ၊ အသစ်တစ်ချောင်းဝယ်လာခဲ့ရ ကောင်းသား
ဟု တငြီးငြီးတငြူငြူဖြစ်နေတော့ ကိုစိုးသိန်းက ဟုတ်ဘူး။ ကျွန်တော့်မှာ extension သုံးလေးချောင်းအပိုပါလာတယ်
ဟု ဆို၏။ သို့သော် လွန်ကုန်ပြီ။
မနေ့ညက
ရုပ်ရှင်ပွဲကို စိတ်သိပ်မကြည်လင်လှသည်နှင့် သည်ကနေ့ည ပြမည်လိုလို၊ မပြမည်လိုလို။ ကိုယ့်ကိုယ်ကိုယ်တောင်
သိပ်မသေချာ။ ထို့ကြောင့် ညနေပိုင်းတွင် ဆွေမျိုးသားချင်းများနှင့် အေးအေးဆေးဆေး စကား
စနေပြော၊ စားသောက်ကာနေလိုက်၏။ အတော်နေစောင်းမှ တစ်ယောက် ရောက်လာကာ ရွှေပွဲလာပရိသတ်များမှာ
ရုံပြည့်ရုံလျှံ ရှိနေပြီ ဖြစ်ကြောင်းနှင့် ရုပ်ရှင်ကို မျှော်နေကြောင်း သတင်းလာပေးမှ
ကျွန်ုပ်လည်း ကသုတ်ကရက်ထကာ ပြင်ဆင်ရ၏။ ထို့ကြောင့် ရုပ်ရှင်စပြတော့ အတော်တောင် ညဥ့်နက်နေပြီ။
အရေးထဲမှ ဆောင်းဘောက်စ်က အသံမထွက်။ ဟိုလုပ်သည်လုပ်နှင့် ချွေးပျံနေစဉ် ကလေးတစ်ယောက်က
ဆောင်းဘောက်စ်ကြီးကို မှီလိုက်မှ အသံထွက်လာသည်။ ထိုအခါမှ ကြိုးလွတ်နေကြောင်း သိရကာ
ကြိုးကို ကစားပေးရင်း အသံထွက်အောင် လုပ်ရ၏။ (မတော်တဆများသည်လည်း တစ်ခါတရံ အတော်အသုံး
တည့်လေသည်။ အာခိမိဒိကိုကြည့်ပါ။)
သည်ညတော့ Jack the Giant Slayer ကို စပြသည်။
သဘောကျကြ၏။ ဒုတိယကားကို ဘာကားပြရမည်နည်း စဉ်းစားကာ Amazing Spiderman ပြလိုက်သည်။ သည်ကားကိုလည်း
ကြိုက်ကြပါ၏။ နောက်တစ်ကားပြရန် စိတ်ကူးသေး သော်လည်း မနေ့ညက အတွေ့အကြုံကြောင့် နှစ်ကားနှင့်ပင်
ရပ်လိုက်ကာ လူစုမကွဲခင် ပစ္စည်းပစ္စယများ သိမ်းဆည်းကာ ပြန်ခဲ့တော့၏။
(၁၀) အလှူဗျောဝင်နေ့ (၅/၄/၂၀၁၅)
အလှူပထမနေ့ကို
ဗျောဝင် ဟု ခေါ်၏။ ညနေပိုင်းတွင် အလှူမဏ္ဍပ်မှ ဆိုင်းဝိုင်းကြီးဖြင့် ဗျောချကာ အလှူတော်မင်္ဂလာ
အခန်းအနားကို ဖွင့်လှစ်သည်။ သို့သော် ဆိုင်းက ဈေးလည်းကြီး၊ သယ်ယူပို့ဆောင်ရမည့် ကရိကထလည်း
ရှိသဖြင့် ကျွန်တော် က ဆိုင်းဝိုင်းကြီးကို မငှားပဲ ယခင်ကတည်းက စဉ်းစားထားသော ရွာစားစိန်ဘိုဘိုကိုသာ
ငှားခြင်း ဖြစ်လေသည်။ စိန်ဘိုဘို တို့ကတော့ အဘယ်မှာ ဗျောဝင်နိုင်ပါမတုံး။ ထို့ကြောင့်
ဗျောဝင်နေ့ဆိုသည့်တိုင် ကျွန်တော်တို့မှာ ဗျောမ၀င်နိုင်။
သည်ကနေ့က
အလှူအစနေ့ဆိုတော့ အတော်အလုပ်ရှုပ်သောနေ့ ဖြစ်၏။ အကျွေးအမွေးအစီအစဉ် စမည်ဖြစ်၍ ချက်ကြပြုတ်ကြ၊
အိုးခွက်ပန်းကန်များ ပြင်ကြဆင်ကြ။ ဘုန်းကြီးကျောင်းကို အမှိုက်များလှည်းကျင်းကြ။ နေ့လည်တွင်
ရှင်လောင်းလှည့်မည်ဖြစ်သဖြင့် ရှင်လောင်းများအတွက် ပြင်ကြဆင်ကြ။
ဟဲ့၊ ရှင်လောင်းလှည့်ဘို့ မြင်းတွေ
ရောက်ပြီလားဟဲ့။ ဦးလေးဝင်းမြင့်၊ ရှင်လောင်းလှည့်ရာမှာ လှည်းနှစ်စီး ထည့်မယ်ဆို၊ အကြောင်းကြားလိုက်ပါအုံး။
ပြင်ဆင်ပြီးကြပြီလား။ လှည်းပေါ်မှာ ဘယ်သူတွေလိုက်မလဲ။
ရန်ကုန်ကကား ရောက်ပြီလားဟဲ့။ မောင်တင်သိန်းရေ၊
ဆိုင်ကယ်တွေ လုပ်ပါဦးဟေ့။ ဒီနေ့လည်း အစီး ၃၀ လောက် လိုလိမ့်မယ်။ ရန်ကုန်က ပစ္စည်းတွေပါ
ပါလာလိမ့်ဦးမယ်။
တော်တော်ကြာတော့ ဒိုက်ပျက်က ကျွန်တော်တို့အမျိုးဘုန်းကြီး
ဦးကေတုမာလာ (မောင်ခါဘူး) ရောက်လာပြီ ဆိုသဖြင့် ကျွန်တော်တို့ သွားရောက် နုတ်ဆက်ဖူးမြော်ကြ၏။
သူနှင့်မတွေ့ရတာ ဆယ်စုနှစ်ပေါင်း အတော်များလှပြီ။ အသက် ၆၀ ကျော်နေသည့်တိုင် ကျွန်တော်နှင့်ယှဉ်လိုက်လျှင်
အတော်နုပျိုနေသေး၏။ အနို့ ဘုန်းကြီးကလည်း နုပျိုလှချည်လား ဆိုတော့ ဘုန်းကြီးပဲကွ။ ဘာအလုပ်မှ
မလုပ်ရတာ။ အရွယ်တင်မှာပေါ့ ဟဲဟဲ ဟုဆိုသည်။
သူက ညနေ
ဆံချတရားဟောမည်။ သို့သော် နောက်တစ်ပွဲရှိသေးသဖြင့် သိပ်ကြာကြာမနေနိုင်။ ညနေ ၄ နာရီ
လောက်တွင်ပြန်ကြွရမည်ဆို၏။ ထို့ကြောင့် ရှင်လောင်းလှည့်တာကို ၃ နာရီလောက်မှာ လုပ်မှာဖြစ်မည်။
နေပြင်းသောကြောင့် စောစောလှည့်လို့လည်း အဆင်မပြေ။
နေ့ခင်း
၁၁ နာရီလောက်တွင် ရန်ကုန်ကားဆိုက်လာပြီ ဆို၏။ တီးဝိုင်းက light truck ကားလေးနှင့်လာသည်။
ဝါးတောကွင်းနှင့် ထောက်ကြံ့ကွင်းအကြား တောင်ကျော်ရမည်ဆိုတော့ လမ်းကကျဉ်း၊ ညီလည်းမညီ၍
ကားမောင်းသူက မမောင်းရဲဟုဆိုကာ လမ်းတွင်သောင်တင်နေ၏။ ပစ္စည်းနှင့်လူများကို လမ်းတွင်ချလျှက်
ကားလေးက ထောက်ကြံ့ကွင်းရွာတွင် ပြန်စောင့်နေသည်။
ကျွန်တော်တို့အမျိုးဘုန်းကြီး
ဦးကေတုမာလာမှာ ကားလေးပါလာသည်။ ပစ္စည်းချည်းဆိုလျှင်တော့ သည်ကားလေး နှင့် တင်လို့ရသည်ဖြစ်ရာ
ထိုကားကလေးနှင့် သွားသယ်ကြ၏။ လူများကိုတော့ ဆိုင်ကယ်များနှင့် ခေါ်လာသည်။ အဆိုတော်၊
လူရွှင်တော်၊ တီးဝိုင်းသမား စသဖြင့် စုစုပေါင်း ၁၂ ယောက်ပါသည်။ ၎င်းတို့ကို ကျွန်တော်တို့တည်းသည့်
ဦးလေးဝင်းမြင့်တို့ အိမ်ရှေ့ မရင်နုတို့အိမ်တွင် တည်းစေသည်။ သူတို့က နေ့ခင်းကြီးရောက်ချလာရာ
တည်းသည့်အိမ်မှာကလည်း မျက်နှာကျက် မရှိ။ ရေနွေးအိုးထဲ စိမ်ထားသကဲ့သို့ အလွန်ပူလှသည်ဖြစ်ရာ
ကျွန်တော့်မှာ အဆိုတော်တစ်သိုက်ကို အလွန် အားနာမိလေ သည်။ သူတို့ကလည်း ဟိုလူမရောက်သေးလို့၊
ဒီလူမရောက်သေးလို့နှင့် ထမင်းစားသွားဘို့ရာ တော်တော်နှင့် လူမစုံ။ ကျွန်တော်လည်း လုပ်စရာများရှိသေး၍
လူငယ်တစ်ယောက်နှင့်လွှဲခဲ့ပြီး ရှင်လောင်းလှည့်ရေး ပြင်ဆင်ရန်ထွက်ခဲ့၏။
ကျွန်တော်တို့
ယောက်ျားဘသားများမှာ ဘာဗာဟီရမှ မရှိ။ ရေချိုးပြီး ရှပ်အင်္ကျီနှင့် ပုဆိုးကောက်စွပ်လိုက်လျှင်ပင်
ကိစ္စပြီးတော့၏။ သို့သော် မမလေးတို့က တော်တော်နှင့်မပြီး။ အသက်ကစကားပြောလာပြီဖြစ်သဖြင့်
ကျွန်ုပ်မှာ ယခင်ကလို စိတ်မတိုတော့။ အေးလေ၊ မိန်းကလေးတွေပေကပဲ၊ သည်လောက်တော့ ရှိမှာပေါ့ဟု
အေးအေးဆေးဆေးပင် ထိုင်စောင့်ရ၏။ ကျွန်တော်တို့ကျောင်းရောက်တော့ အတော်တောင် လူစုံနေပြီ။
ကျောင်းရှေ့မှ အိုးစည်ဝိုင်းမှာ တထုံးထုံးအသံပေးလျက် ကလေးများနှင့် စည်ကားလျက်ရှိ၏။
အလဲ့ကွယ်။
ကျွန်တော်က မောင်ရှင်လောင်းနှင့် ရဟန်းအဖေအမေများဘို့ လုံချည်ပုဆိုးများဝယ်ပေးထားသည်ကို
၎င်းတို့မှာ နမ်းတောင်မကြည့်။ အချိတ်ထဘီတွေနဲ့ပါလား ကရို။ ကျုပ်တို့ထက်တောင် သားနားနေပါသေး။ မောင်ရှင်လောင်း များ၊ ပဉ္စင်းလောင်းများမှာမူ အသီးအသီး
အသကအသက အ၀တ်အစားသစ်များဝတ်လျက် တန်းစီထိုင်နေလေပြီ။
ဟဲ့၊ မောင်ရှင်လောင်းတွေဘို့
အချွန်အတက်တွေ ဘယ်မှာထားသလဲ ဆိုတော့ အထုပ်ကြီးတစ်ထုပ် မ,လာသည်။ အထဲကဟာတွေ အကုန်ထုတ်။
တစ်စုံစီပြန်စုပြီး အကြီးအသေးခွဲကာ ဆင်ပေးကြသည်။ ဆင်စရာ တွယ်ချိတ်ကမပါလာ။ ဟဲ့၊ ခင်မာထွေး
ဘယ်မှာတုံး၊ ရှာစမ်းပါဦး။ ဟောသည် မောင်းထောင်နဲ့ စလွယ်တွေက ချိတ်မရှိရင် အဆင်ပြေမှာ
မဟုတ်ဘူး။ ပြုတ်ပြုတ်ကျတယ် ဆိုတော့ သွားရှာကြပြန်သည်။ မောင်ဘုန်းတို့ညီအစ်ကိုကိုတော့
သားရေကွင်းများနှင့် ချိတ်ပေးလိုက် သောကြောင့် ပြီးသွား၏။
ထို့နောက် ရှင်လောင်းလှည့်ရန်
တန်းစီထွက်ကြသည်။ လော်ကြီးဖြင့်ကြေငြာနေသည်က သပိတ်နဲ့သင်္ကန်းကိုင်တဲ့ သူတွေ ရှေ့ကိုလာပါ
ဆို၏။ ဦးအေးငြိမ်း၊ ဦးရဲဝင်း ဟု နာမည်များ တန်းစီခေါ်တော့ ကျွန်တော် ထွက်သွား၏။ ဟာ၊
ဘယ်က ဟုတ်ရမလဲ။ ဟေ့ ဟေ့ မြင်းတွေလာ။ မောင်ရှင်လောင်းမြင်းတွေ။ အဲဒီနောက်ကမှ သပိတ်ကိုင်တွေ
လိုက်ရမယ် ဟု အပေါက် ၀တွင် စီမံနေသူက မောင်ခင်စိုးက ပြောပြန်၏။ ကျွန်တော့်မှာ ရှေ့တစ်လှမ်းတိုးလိုက်၊
နောက်နှစ်လှမ်းဆုတ်လိုက်ဖြင့် ချာလပတ်ရမ်းလျှက် ရှိသတည်း။
ဟကောင်၊ ငါ့သပိတ်ဘယ်ရောက်သွားပြန်ပြီတုံး၊
လုပ်ပါဦးဟ ဆိုတော့ တစ်ယောက်က သပိတ်သွားယူလာပေးသည်။ တခြားသူတွေကြည့်လိုက်တော့ နောက်ပိုင်း၌
တန်းစီနေရာယူနေပြီ။ သို့နှင့် သားတော်မောင်စီးလာသည့် မြင်းက ရှေ့ဆုံးသို့ ရောက်လာ၏။
အလှူ့ဒါယကာ၏သားဆိုတော့ ရှေ့ဆုံးမှာ နေရာရသပေါ့။ အခြားမြင်းများမှာတော့ ရွှေထီးကိုယ်စီနှင့်။
သို့သော် သားစီးသော မြင်းမှာ ထီးမိုးပါမလာပြန်။ ဟဲ့၊ ထီး ထီး၊ နေပူလိုက်တာ။ ထီးဆောင်းပေးတဲ့ကောင်
ဘယ်ရောက်နေတုံး။ လုပ်ကြပါဦးဟ။
သို့နှင့် ရုတ်ရုတ်ရုတ်ရုတ်နှင့်ပင် ပဉ္စင်းနှင့်
မောင်ရှင်လောင်းမြင်းများနောက်မှ ကျွန်တော်က ထိပ်ဆုံးတွင် လိုက်ပါလျက် စတင် ရှင်လောင်းလှည့်ကြသည်။
အစပိုင်းတွင် မိုးအုံ့သွားသဖြင့် တော်ပါသေး၏။ သို့သော် ကြာကြာမခံ ခဏ အကြာတွင် နေပြန်ပူလာပြန်သည်။
ပူလိုက်သည့်ဖြစ်ခြင်း။
ဘုန်းကြီးကျောင်း အပေါက်ဝမှသည်
အထက်ပိုင်းသို့ စတင်ထွက်ခွာ၏။ ထိုကမှ ဆင်မင်းလမ်းမကြီးကိုဝင်ကာ အထက်ပိုင်းမှ အောက်ပိုင်းထိ
လျှောက်ကြ၏။ ထို့နောက် နီလာလမ်းမကြီးအတိုင်း အောက်ပိုင်းမှ အထက်ပိုင်းထိ စီတန်း လှည့်လည်ကာ
ဘုန်းကြီးကျောင်းသို့ ပြန်ဝင်သည်။ ဖုံကထူ၊ နေကပူသဖြင့် သိပ်မစားသာလှ။ ကျွန်တော်က ထိပ်ဆုံးမှ
လိုက်ပါရသည်ဖြစ်၍ နောက်ပိုင်းမှ စီတန်းလှည့်လည်လာသည့် လှပျိုဖြူများအား ကြည့်ခွင့်မရ။
တစ်ခါတစ်ရံမှ အိုးစည်ဝိုင်း၏ တထုံးထုံးအသံကို ကြားရသည်။
ရှင်လောင်းလှည့်ပြီးတော့ ဆံချပရိတ်တရားနာကြသည်။
ကျွန်ုပ်တို့ဦးလေးဘုန်းကြီး ဆရာတော် အရှင်ကေတုမာလာ က တရားဟော၏။ ဆရာတော်ကို ၀တ္တုကပ်အပြီး
ခရီးဆက်စရာရှိသေး၍ နှုတ်ဆက်ကာ ပြန်ကြွသွားသည်။ ထို့နောက် ရှင်လောင်းများကို ဆံချကြသည်။
ဆံချတာလည်း
ကြည့်လိုက်ဦး။ ဆံချကြမယ်။ ဘယ်မှာချရမလဲဟေ့ဟု မေးလိုက်တော့ ရေချိုးကန်ဘက်ကိုသွား ဟု
ဆိုသည်။ အလိုလေးဗျာ။ ကျွန်တော်တို့ကသာ ဆံချဘို့ ပြင်နေတာ။ ရေကန်ဘေးပတ်ပတ်လည်မှာ ဆံပင်တွေ
ရိတ်နေလိုက် ကြတာမှ အချို့မှာ ပြီးခါတောင် နီးနေပြီ။
ပြည်မှလိုက်လာသည့် ကျွန်တော်တို့အသိ
ဦးပဉ္စင်းလေးက မောင်ဘုန်းတို့ညီအစ်ကို ကို ခေါင်းရိတ်ပေး၏။ ဖိုးဝဏ္ဏ ဆံပင်တွေမှာ ထူထပ်လှသည်ဖြစ်ရာ
သူ့အမေက ဦးစွာ ကပ်ကြေးဖြင့် ညှပ်ပေး၏။ ထို့နောက်မှ ခေါင်းရိတ်သည်။ ခေါင်း အကြမ်းရိတ်ပြီး
ယားယံလှသည်ဖြစ်ရာ ရေအရင်ချိုး၊ နောက်ပြီးမှ ပြန်အချောသတ်။ လူနံ့ပျောက်စေရန် ခေါင်းကို
နနွင်းလူး။
အားလုံးပြီးတော့ အ၀တ်အစားများလဲကာ
ညစာကျွေးကြသည်။ စားသောက်ပြီးတော့ သင်္ကန်းတောင်း၊ သင်္ကန်းဆီး ပေး၏။ ထို့နောက် ဦးဇင်းလေးတစ်ပါးက
မင်းက ဘာနေ့သားတုံး၊ အဲဒါဆို ဘာဘွဲ့လို့မှတ် ဟု ကိုရင်များအား ဘွဲ့မည်ရည် ပေးသည်။ သားက
ကြာသပတေးသားဆိုတော့ အရှင်ပညာနန္ဒ ဆိုလား ပေးသည်။ ဖိုးဝဏ္ဏက ဗုဒ္ဓဟူးသားဆိုတော့ အရှင် ယသ
ဟု ဘွဲ့ပေး၏။
အားလုံးပြီးတော့
အတော်မှောင်နေပြီ။ ကျွန်တော်တို့လည်း ဆာဆာနှင့် ညစာကို အသားကုန် လွေးလိုက်ကြ၏။ သားတို့ကို
သင်္ကန်းဆီးပေးပြီးတော့ လူငယ်တစ်ယောက်ရောက်လာကာ တီးဝိုင်းမှာမီးပါမလာဘူး၊ မီးဆင်ပေးဘို့
ပြောနေတယ် ဆိုသဖြင့် လိုက်သွားရပြန်၏။ ဟဲ့၊ ဦးဇင်းဖိုးကုလားကို သွားခေါ်ချေစမ်း။ ကိုင်း၊
ဦးဇင်း ဒီရွာမှာမီးဆင်ပေးတဲ့သူရှိသလား ဆိုတော့ ရှိပါတယ်။ လူငယ်တွေအဖွဲ့၊ မီးဆိုင်းရှိပါတယ်ဆို၏။
ဒါဆို သူ့သွားခေါ်ဆိုတော့ ရှည်ရှည်ဝေးဝေးသွားရှာစရာမလိုပါ။ အနီးတွင်ပင်ရှိသဖြင့် ကိုင်း၊
မောင်ဟ၀ှာ၊ မင်းတို့မီးသွားယူချေကွာ။ လိုသမျှအကုန်ဝယ်ခဲ့။ ပစ္စည်းဝယ်ခရော၊ ငှားခရော
ငါပေးမယ်၊ ငှားခ ဘယ်လောက်ပေးရမလဲ မေးတော့ ဦးကြီးပေးချင်သလောက်သာ ပေးပါဆို၏။ ဟကောင်၊
ငါက ဘယ်သိမတုံးကွ။ မင်းတို့ ခါတိုင်းထွန်းနေကျအတိုင်း ယူပေါ့ ဆိုတော့ ဖိုးတင်ဦးက ဟေ့ကောင်၊
အဲဒါဆို ငါဈေးဖြတ်ပေးမယ်။ တစ်သောင်းထား ဟုတ်ပြီလား။ လိုတဲ့ပစ္စည်း အကုန်မင်းတို့ ၀ယ်ရမယ်ဆိုတော့
ရပါတယ် ဆို၏။ ဒါဆို ခပ်သုတ်သုတ်လေး လုပ်ကွာ။ မှောင်လာပြီ ဟု ပြောလိုက်သဖြင့် သူတို့အဖွဲ့ထွက်သွားကြ၏။
ကျွန်တော်တို့စားသောက်ပြီးတော့
ကျောင်းရှေ့မဏ္ဍပ်အတွင်း၌ စိန်ဘိုဘိုတို့ လက်စွမ်းပြနေချေပြီ။ ကျွန်တော်လည်း ပြေးရလွှားရဖြင့်
အတော်ပင်ပန်းနေပြီဖြစ်သဖြင့် နားချင်နေပြီ။ ထို့ကြောင့် ဘိုဘို့ထံသွားကာ ကိုယ့်လူ ကိုယ်ဘယ်တော့
သီချင်းဆိုရမလဲ ဆိုတော့ ည ဆယ်နာရီလောက် ဆိုဖြစ်ပါတယ်အစ်ကို ဟု ဆို၏။ ပရိသတ်မှာ ရုံပြည့်ရုံသျှံ
အားပေးကြ ပါသည်။ ပွဲဈေးတန်းကလည်း စည်ကားလှ၏။ ဖိုးတင်ဦးက ဟေ့ကောင်၊ မရမ်းသီးစားမလားဆို၍
သီတံတစ်ခု ယူစားကြည့်ရာ ချဉ်လွန်းလှ၍ တစ်ခုတောင် ကုန်အောင်မစားနိုင်။ ဒီဆိုင်တွေအကုန်
ဒို့ရွာကချည်းလားဆိုတော့ မဟုတ်ဘူးကွ။ တခြားရွာက လာရောင်းတာ တော်တော်များတယ်။ ဟောဟို
ကြံရည်ဆိုင်ဆို တစ်ညကို နှစ်သိန်းဘိုးလောက် ရောင်းရတယ် ဟု ဆို၏။ မဆိုးဘူးဟ၊ သူတို့လည်း
အလုပ်အဖြစ်သားဟု တွေးမိသည်။
ထို့နောက် သားလည်းအိပ်ချင်နေပြီဖြစ်သဖြင့်
ကိုရင်အသစ်ကျပ်ချွတ် သားကို လက်ဆွဲကာ တည်းသည့်အိမ် ပြန်ခဲ့ သည်။ ထို့နောက် ခြေလက်များဆေးကြောကာ
သားကို သိပ်ရင်း ခေတ္တလှဲလိုက်ရာ မထင်မှတ်ဘဲ အိပ်ပျော်သွားလေ၏။ အစ်ကိုကြီး၊ အစ်ကိုကြီး၊
ဟိုမှာ ဘိုဘိုတို့ အစ်ကိုကြီး သီချင်းဆိုဘို့ စောင့်နေကြတယ် ဟု ကိုစိုးသိန်းလာနှိုးမှ
နိုးတော့၏။
ဟိုက်ရှာလပတ်ရည်။ ၁၁ နာရီတောင်
ထိုးနေပြီ။ အိပ်လိုက်သဖြင့် အသံမှာ သြသွား၏။ အဟင်း၊ အဟဲနှင့် ချောင်းဟန့်လည်းမထူး။
သျှောင်ပေစူးကို အသားကုန်ဟဲဘို့ အားခဲထားသည့် ကျွန်ုပ်မှာ အသံကြောင့် အတော်စိတ်ပိန်သွား
လေ၏။ သောက်တလွဲ၊ ကျွန်တော် ဆိုတောင် မဆိုချင်တော့ဘူးဗျာ ဟု ကိုစိုးသိန်းကိုပြောတော့
လာပါအစ်ကိုကြီးရာ၊ ခဏနေ ကောင်းသွားမှာပါ။ ဟိုမှာ ပရိသတ်က ပွဲတောင်းနေတယ် ဆိုသဖြင့်
အင်တင်တင်နှင့်ပင် လိုက်ခဲ့ရ၏။
ဟိုရောက်တော့ ဂွမ်းကလည်း စောင့်နေသည်။
အစ်ကိုကြီး ဘယ်သွားနေတာလဲ ဟု မေးတော့ ဖြစ်ကြောင်းရယ် ကုန်စင်ကို နတ်သံနှောကာ ပြောရ၏။
ရောက်ပြီဖြစ်ကြောင်း ဘိုဘို့ကို သွားသတင်းပေးပြီး စောင့်နေလိုက်သည်။ စောင့်နေရင်း အဆိုတော်များကို
ကျွန်တော့်အသံအကြောင်း ပြောပြတော့ ဒါလေးကို ရေနွေးနဲ့သောက်၊ ကောင်းသွားလိမ့်မယ် ဆိုသဖြင့်
သူရို့ပေးသော လျက်ဆားကို လျက်လျှက် ရေနွေးသောက်ကြည့်သည်။ မထူးပါ။ ကျွန်ုပ်ကား အတော်
စိတ်အိုက်လျက်ရှိ၏။ မပူပါနဲ့၊ အပျော် ဆိုတာပဲ၊ ဖြစ်သွားမှာပါ ဟု သူတို့က ၀ိုင်းအားပေးကြပါသေးသည်။
ကျွန်တော့်အလှည့်ရောက်တော့ ကြိုးစားဆိုကြည့်ပါသည်။
သို့သော် တောဆောင်းဘောက်စ်ဆိုတော့ အသံများမှာ လုံးထွေးနေ၏။ တီးလုံးသံကို ကောင်းကောင်းမကြားရ။
မနည်းနားထောင်ယူရသည်။ အ၀င်အထွက်တွေတောင် မှန်ရဲ့လား မသိ။ စဆိုစဉ် အသံမှာ အဆင်မပြေ။
ပထမပိုဒ် ဟစ်ထည့်လိုက်မှ အနည်းငယ် ဟုတ်လာသည်။ သို့သော် ဆိုရတာ အားမရ။ သူငယ်ချင်းများက
တစ်ယောက်ပြီးတစ်ယောက် ဆုတက်ချကြ၏။ သီချင်းမဆိုမီ အိပ်လိုက်မိသော ကိုယ့်ကိုယ်ကိုယ်သာ
ကျိန်ဆဲမိလေသည်။
သျောင်ပေစူးပြီးတော့ ဘိုဘိုက အစ်ကို
ဆိုချင်သေးလား ဆိုသည်နှင့် အာသာမပြေသော ကျွန်ုပ်က မွန်းအောင်ရဲ့ ၀တ်မှုံ ရလားဆိုတော့
တေးသွားချို၊ သီကာကျူးတဲ့ ဆိုတဲ့သီချင်းမဟုတ်လား ဟု မေး၏။ ဟုတ်တယ်ဆိုတော့ ရပါတယ် ဆိုကာ
တီးလုံးစမ်း၏။ ကျွန်ုပ်လည်း ၀တ်မှုံကို အသားကုန် ဟစ်လေ၏။ ထိုအခါမှ အနည်းငယ် နေသာထိုင်သာ
ရှိသွားလေ သည်။
သီချင်းဆိုပြီး
ကျောင်းထဲလာကာ ကိုယ့်ညီအစ်ကို မောင်နှမများကို မေးကြည့်၏။ ဘယ့်နဲ့နေတုံး။ ကောင်းပါတယ်ကွာ။
တောဆောင်းဘောက်ပဲ၊ ဒီလောက်ပဲရမှာပေါ့ ဟု ဆို၏။ မကောင်းတတ်လို့သာ ကောင်းလိုက်ရတာ ဖြစ်ပါလိမ့်မည်။
နောက်တော့
သူတို့ပြီးသည်ထိ စောင့်နားထောင်ကာ အားလုံးပတ်စာခွာ ဖျာသိမ်းမှ ပြန်ခဲ့တော့သတည်း။ ကျွန်တော်
ပြန်ရောက်တော့ အားလုံးအိပ်မောကျနေကြလေပြီ။
(၁၀) အလှူပွဲနေ့
သည်ကနေ့က
အလှူပွဲကြီးနေ့ဆိုတော့ ခပ်စောစောကပင်ထ၍ ပြင်ကြဆင်ကြ၏။ ပထမ သားကိုရင်ကို ရေမိုးချိုး၊
သန့်ရှင်းရေးလုပ်ပေး။ ထို့နောက် အ၀တ်အစားများလဲကာ မမတို့ဆီသွား၊ နောက်ပြီး ကျောင်းသို့လာခဲ့ကြ၏။
ကျောင်းတွင် နေ့လည်စာ ကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်နေကြသည်ကို တွေ့ရ၏။
ကျွန်တော့်အစ်မကြီး
ဒေါ်ကျင်ကျင်မှာ ကျွန်တော်တို့အမေဆုံးပါးပြီးနောက် အမကြီးအမိအရာဆိုသည့်အတိုင်း ကျန်ခဲ့သော
မောင်နှမတစ်သိုက်ကို ပြုစုလုပ်ကျွေးရန် ဆယ်တန်းနှင့်ကျောင်းထွက်လိုက်ပြီး တတ်သမျှမှတ်သမျှနှင့်
စီးပွားရေးလုပ်သည်။ ကျွန်တော်တို့အမေဆုံးတော့ ကျွန်တော်က ၁၃ နှစ်သား၊ သူက ၁၅ နှစ်သမီး၊
အငယ်ဆုံး ညီမလေးက တစ်နှစ်သမီးသာ ရှိသေးသည်။
အဖေပင်ရှိသော်ငြား
အဖေကြီးမှာ အလွန်ရိုးအေးလှသူဖြစ်၏။ ရေခဲတုံးပေါ် ဖင်ခုထိုင်ကာ ထမင်းကြမ်းခဲကို ယပ်ခပ်စားသူ
ဖြစ်လေသည်။ အဖေကြီးက လယ်လုပ်သည်။ စက်ချုပ်သည်။ လယ်ကလေး ၅ ဧကမှထွက်သော စပါးကို ရောင်းချပြီး
တစ်နှစ်ပတ်လုံး သုံးရသည်။ လယ်အပြင် အခြားဝင်ငွေဆို၍ စက်ချုပ်ရာမှရသော မဖြစ်ညစ်ကျယ်
ပိုက်ဆံ ကလေးမျှသာ ဖြစ်သည်။ လယ် ၅ ဧကမှထွက်သောစပါးရောင်းရငွေမှာ မည်မျှရှိပါမည်နည်း။
ကျွန်တော့်အစ်မကြီးကား
ဇ,ရှိ၏။ အရီးမယ်ဟံတို့ကို မီသည်။ မိန်းကလေးတန်မဲ့ စပါးရောင်း၊ ပဲနှမ်းရောင်း၊ မီးသွေး
လုပ်၊ သစ်လုပ် စသဖြင့် အလုပ်မျိုးစုံလုပ်ကာ ကျွန်တော်တို့မောင်နှမတစ်သိုက် (၅ ယောက်)
၏ စားဝတ်နေရေး၊ ကျောင်း စရိတ် စသည်တို့ကို ထောက်ပံ့ပေးသည်။ ကျွန်တော်စက်မှုတက္ကသိုလ်တက်ရန်
ကျောင်းစရိတ်အားလုံးကို သူပင်ရှာဖွေ ထောက်ပံ့ခဲ့တာဖြစ်၏။
သူက စာဖတ်သည်။
သတင်းပလင်းအစုံ လေ့လာမှတ်သားသည်။ ဆင်ခြင်တိုင်းထွာနိုင်စွမ်းရှိသည်။ စီမံခန့်ခွဲမှု
ကျွမ်းကျင်လိုက်သည်မှာ MBA ကို ဂုဏ်ထူးနှင့်အောင်ထားသလား ထင်ရသည်။ ယခုအလှူကိုလည်း မမကပင်
အစစအရာရာ စီမံခန့်ခွဲသွားတာ ဖြစ်၏။ ကျွန်တော်စီစဉ်တာဆို၍ ဘိုဘိုတို့တီးဝိုင်းနှင့်
သီချင်းဆိုတာ၊ ရုပ်ရှင်နှစ်ညပြတာမျှသာ ရှိသည်။
သူက ရွာသွားတော့
ရွာကအလှူ၊ မင်္ဂလာဆောင်များတွင် ဒယ်ကြီးများဖြင့် ထမင်း၊ ဟင်း ချက်ပြုတ်ကြရာ၌ အဖုံးအဖြစ်
တစ်သက်တာကာလပတ်လုံး တစ်ခါမှ မဆေးဖူးသည့် ထမင်းစား စားပွဲကြီးဖြင့် အုပ်တာကို အလွန်ရွံလေ၏။
ထို့ကြောင့် ဒယ်အိုးကြီးများအတွက် အုပ်ဆောင်းများ ၀ယ်သွားသည်။
နောက်ပြီးသူက
ဟင်းကိုင်ရာတွင် လက်အိတ်များဖြင့်ကိုင်ဘို့ တစ်ခါသုံး ပလတ်စတစ်လက်အိတ်တွေ ၀ယ်သွား ပေးသည်။
ဟိုလူတွေက သူ့နောက်ကွယ်တွင် လက်များဖြင့်ကိုင်သည်။ သူက ပန်းကန်ဆေးဘို့ ပန်းကန်ဆေး ဆပ်ပြာအဆီ
၅ ဘူးတောင် ၀ယ်သွားသည်။ ဟိုလူတွေက ဆပ်ပြာအဆီ သုံးဘူးကို ထန်းရေသောက်သကဲ့သို့ သုံးပစ်လိုက်လေရာ
သူ့မှာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ဟဲ့၊ အဲသလို သုံးလို့ခံနိုင်ပါဦးမလား၊ ဟောသည်လိုသုံးမှပေါ့
ဟု ပြလည်းပြ၊ မြည်တွန်လည်း တောက်တီး၏။ ပန်းကန်ဆေးတာက ဘယ်ပုံ၊ ပဲပင်ပေါက်တွေသင်တာက ဘယ်နည်း
စသဖြင့် စိတ်တိုင်းမကျ။
ဟိုလူတွေကလည်း
ဟိုလူတွေ။ ကြည့်မပြောလျှင် ဘာမှ အဆင်မပြေ။ ဟင်းထည့်တာတောင် များသည့်ဝိုင်းမှာ အရမ်းများနေပြီး
နည်းသည့်ဝိုင်းကျတော့ ဟင်းမည်ကာမတ္တမျှသာ ရှိသည်။ ထမင်းကျွေးတာက နှစ်နေရာ။ ဘုန်းကြီးများ
ဆွမ်းစားသည့် ဆွမ်းစားဆောင်က တစ်နေရာ။ နောက် ဓမ္မာရုံအဖြစ်ဆောက်နေသော ဆောက်လက်စ အဆောက်အဦးက
တစ်နေရာ။ မမက ဆွမ်းစားဆောင်တွင် အခြားရွာမှလာသူများ၊ ရွာထဲမှ လူကြီးများ စသည်တို့ကို
သပ်သပ်ခပ်ခပ် ကျွေးပြီး ကလေးများနှင့် အခြားသူများကို ဓမ္မာရုံတွင် ကျွေးမည်ဟု စီစဉ်ထားသည်။
တကယ်လည်းထမင်းကျွေးရော
ဆွမ်းစားကျောင်းဆောင်သို့ ရောရာသောင်းပြောင်း အကုန်စုဆောင်း လာသည်။ ထိန်းမည့်ကွပ်မည့်သူ
မရှိ။ အမှန်ဆို ထမင်းကျွေးခြင်းကို ဦးဆောင်သူက ကဲ၊ ထမင်းစားကြွကြပါ။ ဧည့်သည်တွေနဲ့
လူကြီးတွေ ဆွမ်းစားဆောင်ဘက်လာပြီး တခြားသူတွေ ဓမ္မာရုံကို သွားပါမယ် ဟုကြေငြာ။ ဆွမ်းစားဆောင်
အပေါက်ဝတွင်လည်း တစ်ဖက်တစ်ယောက် စောင့်ကာ လူစစ်ထုတ်။ လုပ်တတ်လျှင် ဘာမှ မခဲယဉ်းပါ။
သူတို့ကိုပြောတော့ မခေါ်ဘဲ ၀င်လာကြတာ ဟု ဆိုသည်။ ထမင်းစားမည့်သူများမှာ မခေါ်ဘဲနှင့်တော့
မလာတန်ရာ။ တကယ်လို့လာလျှင်ပင် ဓမ္မာရုံမှာလည်း ကျွေးနေသည်။ ဓမ္မာရုံကို သွားစားကြပါဟု
ပြောလျှင် မရပါသလော။ အဲသလိုလုပ်တာ မမက နည်းနည်းမှ မကြိုက်။ သို့သော် ဘာမှ မတတ်နိုင်။
ပန်းကန်ဆေးတာလည်း
ကြည့်လိုက်ဦး။ ရေနှင့်ဆပ်ပြာသာ ဘုံးဘောလအော ကုန်သွားသည်။ စင်သည့်ပန်းကန်က စင်၊ မစင်သည့်ပန်းကန်က
မစင်။
ပန်းကန်ဆေးရာတွင် ပထမ ရေအနည်းငယ်နှင့်
ပေကျံနေသော ထမင်းဟင်းများကို အကြမ်းဆေးချ။ နောက်ပြီးမှ ဆပ်ပြာတိုက်။ နောက်ပြီး ရေကိုတန်ရုံသုံးကာ
အချောဆေး။ ဆေးပြီးသွားသည့် ပန်းကန်များကို သီးသန့်ထား။ ထမင်းကျွေးသူ များက လာယူ။ လုပ်တတ်လျှင်
ဘာမှမခက်ပါ။ (ရွာကမိန်းကလေးများ ပန်းကန်ဆေးတာ သွားမပြောပါနှင့်။ စင်ကာပူမှ ကျွန်တော်တို့အိမ်တွင်
နေသူများရော ဘာထူးပါသနည်း။ ဇွန်းကလေးတစ်ချောင်းလောက် ဆေးတာလည်း ရေများကို တဝေါဝေါ ဖြုန်းတီးသည်။
သူတို့ အိုးခွက်ပန်းကန်များဆေးသည့်ရေမှာ ကျွန်တော်တစ်ခါချိုးသည့် ရေပမာဏလောက် ရှိသည်။
အဲသဟာ၊ စင်ကာပူမှာနေသော အင်ဂျင်နီယာများပါတဲ့။ ကျွန်တော်ကတော့ အကုသိုလ်ပွားမှာစိုး၍
မမြင်မိအောင် တတ်နိုင် သမျှ အခန်းအောင်းနေတတ်သည်။)
သို့သော်
သူတို့က တစ်သက်လုံး သည်လိုချည်းလုပ်လာတာ။ မမ တစ်ခါနှစ်ခါလောက် ပြောရုံမျှနှင့်တော့
ဘယ်ဖြုံလိမ့်မတုံး။ မမက ဟင်းရည်သောက်ရာတွင် သပ်သပ်ခပ်ခပ်ကလေး သောက်ရအောင် တစ်ခါသုံးခွက်ကလေးများ
ဝယ်လာကာ တစ်ယောက်တစ်ပန်းကန်စီ ပြင်ပေးစေချင်သည်။ သို့သော် ရွာကလူတွေက ၀က်သားဟင်းခွက်ကိုပင်
လက်နှင့်နှိုက်စားတာ ဆိုတော့ စဉ်းစားသာကြည့်တော့။ သူ့စတင်းဒတ်ကို ဘယ်လိုမှ မလိုက်နိုင်။
သို့သော်
ရွာကကျွန်တော်တို့အဆွေအမျိုးများကတော့ သူပြောသလို လိုက်လုပ်နိုင်အောင် တတ်နိုင်သလောက်
ကြိုးစားရှာကြပါသည်။ ဟဲ့၊ သြော် ငါ့နှယ်။ လက်ကြီးနဲ့ကိုင်နေပြန်ပြီ။ ဟိုကမြင်ရင် ပြောတော့မှာပဲ။
ဟဲ့ကောင်မ၊ ရော့ဇွန်း။ ဇွန်းနဲ့ခပ်စမ်း။ နင်တို့ဟာ ပြောထားလျက်ကနဲ့ အမှတ်သည်းခြေကို
မရှိဘူး။
ကျွန်တော့်မှာ
သူတို့ဖြစ်နေပုံကိုကြည့်လျက် ငါးသလောက်ပြုံးပြုံးမိ၏။ ရွာကလူတွေပေကပဲ၊ သည်လိုရှိမှာပ
ဟု နဂို ကတည်းက တွက်မိသောကြောင့် ဖြစ်ပါသည်။
သိမ်ဆင်းလောင်းမည့်သူများ
အဆင်သင့်ပြင်ထားကြပါ။ သိမ်ဆင်းပါတော့မယ် ဟု ကြေငြာသံကြားသည့်အခါ အားလုံး သိမ်ဝတွင်
တန်းစီနေရာယူကြသည်။ သိမ်ဆင်းလာတော့ တန်းစီကြွချီလာသည့် ရဟန်းသံဃာတော်များကို လှူဖွယ်
ဝတ္ထုများ လောင်းလှူကြ၏။ ရဟန်းသံဃာအားလုံးကုန်သွားတော့ ကိုရင်လေးများ။ ကိုရင်လေးများကုန်သွားတော့
မြင့်က အဆင်သင့်ထည့်လာသည့် ဖလားထဲမှ ဆန်နှင့်ပိုက်ဆံများကို ကြဲ၏။ ပိုက်ဆံ လုကောက်ကြ၊
အော်ကြ၊ ဟစ်ကြ၊ တိုးကြ၊ ဝှေ့ကြ၊ ပျော်စရာကြီးပ။
သားက သိမ်ဆင်းလောင်းရာမှရလာသည့်
လှူဖွယ်ပစ္စည်းများကို သူ့သင်္ကန်းထဲမှထုတ်ကာ ရေတွက်နေသည်။ ဒါကတော့ ဘာလုပ်ရမယ်၊ ဒါကိုတော့
ဘယ်မှာသုံးရမယ် ဟု ကိုယ့်ဘာသာ ခွဲတမ်းချနေလေ၏။ အတန်ကြာတော့ ကြွရောက်လာသည့် ပရိသတ်များကို
ထမင်းစကျွေးသည်။
ကျွန်တော်
ထမင်းကျွေးသည့်နေရာ သွားကြည့်သည်။ သိပ်မဆိုးပါ။ ထမင်းကျွေးမည့်သူများကို သူ့အုပ်စုလိုက်ခွဲထား
သည်။ ဘယ်ရပ်ကွက်က ဘယ်သူတွေ၊ ဘယ်သူကတော့ ခေါင်းဆောင် စသဖြင့်။ သို့သော် သူတို့ကို စနစ်တကျလုပ်တတ်ရန်
သင်ပေးဘို့လိုပါလိမ့်မည်။ ယခုတော့ ကိုယ့်ဘာသာသင့်တော်ရာလူကို ခေါင်းဆောင်တင်ထားတာသာဖြစ်ပြီး
သူတို့ဘာသာ သူတို့အဆင်ပြေသလို လုပ်နေကြတာဖြစ်၏။ ထို့ကြောင့် မမ သဘောမကျနိုင်ခြင်း ဖြစ်လေသည်။
ဒါ သူတို့အပြစ်မဟုတ်ပါ။ သူတို့ကို သေသေချာချာ သင်ကြားပြသပေးလျှင် ရနိုင်ပါသည်။ သူတို့ကို
သင်ပေးဘို့ရာ ကျွန်တော်တို့ကလည်း တငြိမ့်တဆိမ့် နေနိုင်တာမဟုတ်တော့ လောလောဆယ် ရှိသမျှအခြေအနေကို
လက်ခံရမည်သာ ဖြစ်၏။
ဓမ္မာရုံတွင်
ထမင်းကျွေးနေသည်ကို သွားကြည့်ရာ Safety Officer တစ်ဦးအမြင်အရ လူအများကို ထမင်းကျွေးရန်
သင့်တော်သည့် နေရာမဟုတ်။ ဓမ္မာရုံမှာ ဆောက်လို့မပြီးသေးသဖြင့် ကြမ်းခင်းများမှာ ဖရိုဖရဲ။
အတက်အဆင်းကို အုတ်ခဲများ ပုံပေးထားရာ အုတ်ခဲပုံမှချော်ကျနိုင်သော အန္တရာယ် ရှိလေသည်။
သို့သော် လောလောဆယ် လူများတက်ဆင်းနေသည် ဖြစ်ရာ ပြန်ပြင်ဘို့မလွယ်။ ပြင်သည့်တိုင် ဖုံများထကာ
ထမင်းစားနေသူများအား အနှောက်အယှက်ဖြစ်နိုင်သဖြင့် ကြည့်ဆင်းကြ၊ ချော်ကျမယ်ဟုသာ ပြောနိုင်လေသည်။
ယမန်နေ့များက ရွာထဲကွင်းထဲသာလျှောက်လည်နေသည်။ ထမင်းကျွေးမည့် ဓမ္မာရုံကို လာမကြည့်မိသော
ကျွန်တော့်အပြစ်လည်း ဖြစ်ပါသည်။ သည်အခြေအနေကို ကြိုသိလျှင် ကြိုပြင် နိုင်မည် မဟုတ်ပါလော။
သို့သော် ထမင်းကျွေးပြီးသည်အထိ ထိခိုက်ဒဏ်ရာရသည်ဆိုသော သတင်းမကြားရ၍ တော်ပါသေး ၏။ သူတို့မှာတော့
ဤကိစ္စမှာ အထူးအဆန်းမဟုတ်။ ရိုးနေလိမ့်မည် ထင်ပါသည်။
နေ့လည်ပိုင်းတွင်
ပစ္စည်းပစ္စယများ စစ်ဆေး၊ ငှားရမ်းထားသည့် ပစ္စည်းများ ပြန်ပေးစရာရှိတာပေး။ စာရင်းဇယားများ
စစ်ဆေးပြီး ပိုက်ဆံပေးစရာ ကျန်သေးသည်များကို ခေါ်ပေး။ ဆိုင်ကယ် ကယ်ရီယာသမားများနှင့်
ထမင်းဟင်း ချက်ပြုတ် သူများအတွက် ပုဆိုး၊ လုံချည်များ လိုသေးသည်။ ဤသည်တို့ကိုမူ ရန်ကုန်ရောက်မှ
ဝယ်ပို့လိုက်မည်ဟု စာရင်းလုပ်ခိုင်း ထားလိုက်ရ၏။
ထမင်းများ တော်တော်များများ ပိုနေသေးသည်ဖြစ်ရာ
အောက်ပိုင်းနှင့် အထက်ပိုင်းရှိ မရှိဆင်းရဲသူများအား ပလတ်စတစ်အိပ်များနှင့် ထည့်ကာ
လိုက်ဝေခိုင်းလိုက်သည်။ ဟင်းများမှာမူ သိပ်မကျန်တော့။ ကျွန်တော်တို့ ရန်ကုန်အပြန် ယူရန်
အနည်းငယ်ချန်ထားပြီး ကျန်သည့်ဟင်းများကို အားလုံး ဝေခြမ်းပေးလိုက်ကြသည်။ လီတာ ၂၀ သောက်ရေသန့်
ဘူးကြီးတစ်ဘူးကို ရှာမတွေ့။ အစားအသောက်အတွက် ဦးစီးဦးဆောင် လုပ်ပေးသည့် ခင်စိုးက ရေသန့်ဘူးကြီး
လိုချင်သည် ဆို၍ သူ့ကို တစ်ဘူးပေးခဲ့သည်။
ရွာ၌ အိမ်ခြံမြေနှင့်ပတ်သက်၍ အငြင်းပွားမှုများ
ဖြစ်နေပေရာ ကျွန်တော်က ရွာမြေပုံထုတ်လာပြီး ၀င်ရှင်းပေးရန် ကြံသေးသည်။ သို့သော် သူငယ်ချင်းများက
ဟေ့ကောင်၊ လုပ်မနေနဲ့၊ ဒီကိစ္စ တရားရုံးရောက်နေပြီ။ မင်းလုပ်လည်း သိပ် ခရီး ရောက်မှာမဟုတ်ဘူး။
တော်ကြာ အချောင်အမုန်းခံနေရမယ် ဆိုသောကြောင့် အသာငြိမ်နေလိုက်ရ၏။ ကျွန်တော့်သဘောမှာ
ကိုယ့်ရွာထဲဖြစ်သည့်ကိစ္စ၊ ကိုယ့်ရွာထဲ၌ပင် ပြီးစေချင်သည်။ တရားရုံးရောက်သည့်အခါ မလိုအပ်ဘဲ
အလုပ်ပျက်အကိုင်ပျက် ရုံးချိန်းသွားရမည်။ ပိုက်ဆံကုန်မည်။ ယခုပင်လျှင် တစ်ဘက်ကို ၅
သိန်းခန့် ကုန်နေပြီ ဆို၏။ စိတ်မကောင်းသော်လည်း ကျွန်တော်တတ်နိုင်သည့်ကိစ္စမဟုတ်၍ အသာနေလိုက်ရသည်။
ညပိုင်းတော့ ဆွေမျိုး၊ မိတ်ဆွေ
သင်္ဂဟများနှင့်စကားစနေပြောကြ၊ ပြန်ရန်ပြင်ဆင် ထုပ်ပိုးကြ။ မှာစရာရှိတာ မှာကြ။ မနက်ပိုင်း
၇ နာရီလောက်ထွက်မည်။ ဆိုင်ကယ်များကို ၆ နာရီခွဲလောက် အရောက်လာကြရန် မောင်တင်သိန်းကို
မှာလိုက်၏။
No comments:
Post a Comment