Thursday, February 26, 2015

သားရှင်ပြု

(၁)

ဘာလိုလိုနဲ့ ကိုယ်ကိုယ်တိုင်တောင် မိဘနေရာရောက်လာပါပေါ့။ အရင်တုံးကတော့ ကျွန်တော်တို့မောင်နှစ်မတစ်သိုက်ကို ကျွန်တော်တို့ ကြီးဒေါ်အပျိုကြီးများက ကြည့်ရှုထိန်းကျောင်းခဲ့သည်။ ယခု ကျွန်တော်တို့က သူတို့တာဝန်ကို ဆက်လက် ထမ်းဆောင်ရသည်။ ကျွန်တော်တို့မောင်နှမတစ်သိုက်က အခြားနှမများက မွေးထားသည့် သားသမီးအားလုံးကို ခေါ်ယူကျွေးမွေး စောင့်ရှောက်ထား၏။ ဟော၊ အခု အချိန်တန်အရွယ်ရောက်လာတော့ ရှင်ပြုပေးရတော့မည်။

ကျွန်တော်ငယ်စဉ်က ရှင်ပြုတော့ ၇ နှစ်သားသာ ရှိသေးသည်။ ကလေးဆိုတော့ ထိုစဉ်က ရှင်ပြုခဲ့သည်ကို ကောင်းကောင်း မမှတ်မိတော့။ သို့သော် ဓာတ်ပုံကိစ္စနှင့်ပတ်သက်၍ အစ်မကြီး (ကျွန်တော့်အမေ) ဒေါသပုန်ထသည်ကို ယခုထိတိုင် မှတ်မိနေပါသေး၏။ ကျွန်တော်တို့ရွာက ရခိုင်ရိုးမတောင်ခြေမှာ ကပ်နေတာဆိုတော့ အင်မတန်ခေါင်လှသည်။ ထိုကာလ (၁၉၆၉ ခုနှစ်) များက ဓာတ်ပုံရိုက်ဘို့ဆိုတာ အင်မတန်ခဲယဉ်းလှ၏။ သို့သော် ကျွန်တော်တို့ရှင်ပြု၌ ဓာတ်ပုံဆရာ ငှားသည်ထင့်။ ဓာတ်ပုံ နှစ်ပုံလား၊ သုံးပုံလား ရလာသည် ထင်ပါသည်။

အလှူတွင် ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ ကိုတင်ထူးက ရှင်ပြု။ နောက် ဦးလေးတော်သူ မောင်ခါဘူး က ပဉ္ဖင်းခံ။ (မောင်ခါဘူးမှာ သူ့အမည်ရင်းမဟုတ်။ ငယ်စဉ်က အနာများအလွန်ပေါက်လေရာ ထိုအနာများကို ခါဘူး တစ်ဘူးပြီးတစ်ဘူး ၀ယ်ကာ သိပ်ပေးခြင်းဖြင့် အနာများ ပျောက်ကုန်ရာမှ မူရင်းအမည်ပျောက်လျက် မောင်ခါဘူး ဖြစ်လာရသော ဟူသတတ်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။ အနှီ  ဦးပဉ္ဖင်းမောင်ခါဘူးမှာ ထိုပဉ္ဖင်းခံမှစ၍ မထွက်တော့ဘဲ ဘုန်းကြီးအပြီးဝတ်သွားလေရာ ဦးပဉ္ဖင်းမောင်ခါဘူးဘ၀မှ ဦးကေတုမာလာဖြစ်လာပြီးသကာလ ယခုအခါ ဒိုက်ပျက်အနီး ကွင်းပြားကျေးရွာတွင် ကျောင်းထိုင်လျက်ရှိသတည်း။) (ပေါင်ဒါမှုန့်ဘူးကို ကျွန်တော်တို့ဘက်က ခါဘူးဟု ခေါ်သည်။ အဘယ်ကြောင့်ခေါ်သနည်း ဆိုတာ ကျွန်တော်လည်း မသိပါ။ ပေါင်ဒါများ ထွက်လာစေရန် ခါ၍ချရသောကြောင့် ခါဘူးဟု ခေါ်သည်ထင်ပါသည်။ သိလိုသူများ ကျွန်တော်တို့ရွာတွင် သွားမေးကြပါခင်ဗျား။ ဤကား စကားချပ်။)

အလှူတွင်ရိုက်ထားသော ဓာတ်ပုံများတွင် ကျွန်တော်တို့အားလုံးပါသောပုံက တစ်ပုံသာရှိသည်။ နောက်တစ်ပုံက ကျွန်တော် မပါ၊ ဦးပဉ္ဇင်းချည်းပါသည်။ ရှင်နှင့်ပဉ္ဖင်း အားလုံးပါသော ဓာတ်ပုံကို ကျွန်တော်တို့ဝမ်းကွဲအဘွားဖြစ်သူ ဘွားအေးတင် (ပဉ္ဖင်းအစ်မ) ကယူပြီး ကျွန်တော့်ပုံမပါဘဲ ဦပဉ္ဖင်းချည်းပါသည့်ပုံကိုသာ ကျွန်တော်တို့ကို ပေးသည်။ သည်တော့ ကျွန်တော့် အမေဖြစ်သူမှာ အကြီးအကျယ် ဒေါကန်လေ၏။ ငါ့သားမပါတဲ့ပုံကို ဘာလုပ်ဖို့လဲ ဆိုကာ ဆွဲဆုတ်ပစ်သည်ထင်ပါသည်။ သို့တိုင် ကျွန်တော်ပါသည့်ပုံကို မရခဲ့ပါ။ ကျွန်တော့်မှာ ကိုယ်ရှင်ပြုတုံးကပုံကိုပင် ကောင်းကောင်းမကြည့်ခဲ့ရ။

ရှင်ပြုတုံးက မှတ်မိတာဆို၍ ဤတစ်ခုသာရှိသည်။ သြော် နေဦး။ နောက်တစ်ခုရှိသေးသည်။ ကျွန်တော်တို့ကို ရှင်ပြုမည် ဆိုတော့ သင်္ကန်းတောင်း ထင်ပါသည်။ သင်ပေးသည်။ ယခုတိုင် မှတ်မိနေသည်မှာ ပဋိသင်္ခါယောနိသော၊ အပျိုမြင် ငါ့ပြော ဆိုတာ ဖြစ်ပါသည်။ (မဟုတ်တာကျ မှတ်မိတယ်။) နောက်ပြီး ပိဏ္ဍပါတံ၊ ထမိန်စ အသာလှန် ဆိုတာရှိသေး၏။ ကိုရင်ဝတ်ရန် ကျွန်တော် တစ်ပတ်ဆယ်ရက်လောက် ကျက်ခဲ့သည့်စာများတွင် ထိုနှစ်ကြောင်းသာ မှတ်မိသည်။ ကျန်တာ ဘာဆိုဘာမှ မမှတ်မိ။

အလှူတွင် ဘာတွေကျွေးခဲ့သည်။ ဘယ်လိုရှင်လောင်းလှည့်ခဲ့သည် အစရှိသည်တို့ကို သိပ်မမှတ်မိတော့ပါ။ ကျွန်တော့်စိတ်ထဲ တွင် ကျွန်တော့်ကို လူကြီးတစ်ဦးကထမ်းပြီး ရှင်လောင်းလှည့်ခဲ့သည်ဟု ခပ်ရေးရေးသာ မှတ်မိပါတော့သည်။ ဦးပဉ္ဖင်းကိုမူ လက်တင်ပါသည့်ခုံကို လူလေးယောက်ထမ်းသည် ထင်ပါသည်။

(၂)

သားကို ၈ နှစ်သားတွင် ရှင်ပြုမည်ဟု မွေးကတည်းက စဉ်းစားထားခဲ့သည်။ သူတို့သားအမိကို နောင်နှစ်ကျလျှင် စင်ကာပူ ခေါ်မည်ဟု တွက်ထားသဖြင့် မခေါ်မီတစ်နှစ်တွင် ရှင်ပြုထားမှ ပိုအဆင်ပြေလိမ့်မည်။ သားလည်း ၈ နှစ်ပြည့်ပြီ။ ကျွန်တော့်အောက်ညီမ၏ သားဖြစ်သူ ဖိုးဝဏ္ဏလည်း ယခု ၁၆ နှစ်ရှိပြီ။ ရှင်မပြုရသေးဆိုတော့ သူတို့ညီအစ်ကိုနှစ်ဦးကို ရှင်ပြုပေးမည်။ ကျွန်တော်တို့အိမ်နားမှ ဘုန်းကြီးတစ်ပါးကို သိမ်ထပ်ပေးမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ မြန်မာပြည် ပြန်ကတည်းက စီစဉ်ခဲ့တာဖြစ်၏။

အလှူလုပ်ရန် ရသမျှ ဘိုးနပ်စ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရ၏။ ငွေပိုငွေလျှံက သိပ်ရှိတာမဟုတ်။ ဒါတောင် ချစ်ဘို့ကောင်းသောရုံးက လစာမဲ့ခွင့် ၈ ရက်ယူတာကို ၁၇၀၀ ဖြတ်လိုက်သဖြင့် အတော်အောင့်သွားရ၏။ တစ်သက်မှတစ်ခါ လှူရတာဆိုတော့ ကျွန်တော်တို့မောင်နှမက ကောင်းကောင်းလေး လုပ်ချင်သည်။ ကောင်းကောင်းဆိုသည်မှာ ရွာကလူတွေကို ထမင်းကောင်းကောင်း၊ ဟင်းကောင်းနှင့် ကျကျနန ကျွေးမွေး၊ အသီးများရသမျှဝယ်၊ တခြားမုံ့ပဲ သွားရေစာ၊ အချိုရည် စသည်ဖြင့် အလျှံမပယ်တောင် တော်တော်လေးတော့ ၀၀လင်လင်ဖြစ်အောင် ကျွေးကြမည်ဟု တွက်ထားကြ၏။ အဖိုးကြီး အဖွားကြီးများနှင့် ကလေးများကိုတော့ ကိတ်မုန့်အပါအ၀င် အခြားအစားအသောက်များဖြင့် အထူးစပယ်ရှယ် ကျွေးပါမည်။ (ကျွန်တော်တို့ဆီက လူတွေက ကလေးတွေဆို အင်မတန် နှိမ်လှသည်။ ကလေးများမှာ လူကြီးတွေ စားတာသောက်တာကို အဝေးမှ မျှော်ကြည့်နေကြရရှာ၏။ မည်သူကမှ ကလေးတွေကို အရေးတယူခေါ်ပြီး ကျကျနနကျွေးမည်ဟု မစဉ်းစား။ အားလုံး တ၀တပြဲစားသောက်ကြပြီးမှ ကလေးတွေကို ခေါ်ကျွေးသည်။ ကျွန်တော်ငယ်စဉ်ကဆို ထမင်းစားနေရင်းတန်းလန်း ထမင်းဝိုင်းထဲမှ ဆွဲထုတ်တာကိုပင် ခံခဲ့ရဖူးသည်။ အသည်းနုနုမှ ထိုဒဏ်ရာမှာ ခုထိ အကင်းမသေတတ်သေး။) 

အလှူလုပ်မည်ဆိုတော့ ကျွန်တော်တို့မောင်နှမမှာ ဘာတွေကျွေးမည်၊ ဘယ်လိုလုပ်မည်နှင့် တိုင်ပင်ကာ အူမြူးနေကြလေ၏။ ဘုန်းမြတ်ငြိမ်းတို့ရှင်ပြုကျရင် ဘိုဘိုတို့တီးဝိုင်းငှားရမယ် ဟု သူ့ကြီးကြီးက ဟို့ယခင်ကတည်းက တေးထားတာဖြစ်၏။ ယခု အလှူလုပ်ဖို့သေချာတော့ အဖေကြီးက ဘိုဘိုတို့ကို သွားခေါ်ကာ ကြိုတင်ညှိနှိုင်းရသည်။ သူတို့က ရေဒီယိုအဆိုကျော်များပါ ခေါ်လာမည် ဖြစ်ကြောင်း၊ လူရွှင်တော်များပါထည့်မှ ပွဲစည်မည်ဖြစ်ကြောင်းပြော၍ ကျွန်တော်တို့ကလည်း ကိုရင်တို့ အဆင်ပြေသလိုလုပ်ပါဟု သူတို့ကို အားလုံးလွှဲလိုက်သည်။

နောက်တစ်ခါဖုံးဆက်တော့ ဖြူဖြူက ဦးကြီးတို့က တီးဝိုင်းပါမယ်ဆိုတော့ ရွာကလူတွေ အဲဒီရက်မတိုင်ခင် တောင်ပေါ်က အလုပ်တွေ အပြီးလုပ်ထားမှ ဖြစ်မယ်ဟေ့ဆိုပြီး တီးဝိုင်းနားထောင်ဘို့ အားခဲထားကြတယ် ဟု ပြောလေသည်။ ဟုတ်ပါ့။ ကျွန်တော်တို့ရွာသူရွာသားများမှာ ပွဲငတ်လှသည်။ ဘာမှ ကြည့်စရာမရှိ။ အရင်တုံးကမှ နတ်ပွဲလေးဘာလေးကလို့ ကြည့်ရ သေး။ ခုတော့ ပိုက်ဆံရှားပါးသည်နှင့် နတ်တောင် မကနိုင်တာ အတော်ကြာပြီ။ ယခင်ပြခဲ့သော ဗီဒီယိုဆိုင်များလည်း မရှိတော့။ လွန်ခဲ့သည့် လေးငါး ခြောက်နှစ်ကမှ ရွာမှာ မီးစက်တွေ ဘာတွေရှိသေး။ ယခုတော့ မီးစက်ထောင်ကာ အိမ်များသို့ မီးပေးသူများလည်း မီးလခကလည်း မပေး၊ ကြွေးတောင်းတော့လည်း မရ ဆိုတော့ မီးများအားလုံး ဖြတ်လိုက်သည်။ ဆိုတော့ တစ်ရွာလုံး မှောင်နှင့်မဲမဲ။ သည်တော့ ကျွန်တော်တို့က အလှူလုပ်မည့် ၄-၅-၆ ညအတွက် မီးပေးထားရန် မီးစက်ကြိုငှားထားရ သည်။

ကျွန်တော်တို့ငယ်စဉ်ကမူ နွေရာသီရောက်လျှင် ရွာမှ လေးငါးမိုင်ခန့်ဝေးသော အောင်ဘော်၊ ပန်းတောကြီး စသည့် ရွာများတွင် ရုံများဆောက်ကာ ရုပ်ရှင်ငှားပြကြသည်။ ကွင်းကောက်တွင်လည်း နန်ကသူချောင်းအတွင်း ဇာတ်ရုံကြီးဆောက်ကာ မိုးမင်း၊ မိုးဝင်း၊ စိန်မာဒင်၊ ဆောင်းမင်းသမီးလေး ၀င်းဝင်းအေး စသဖြင့် ဇာတ်များငှားပြကြ၏။ သို့သော် ဗီဒီယိုများပေါ်လာပြီး နောက်ပိုင်း ထိုရုပ်ရှင်၊ ဇာတ်များမှာ အတော် အ,သွား၏။ ငှားရမ်းခများ တက်လာသဖြင့် ပိုက်ဆံမတတ်နိုင်တာ တစ်ကြောင်း၊ ခေတ်ကာလ သားသမီးများမှာ မြန်မာဖြစ်ဇာတ်ထက် ကိုးရီးယားကိုသာ ပိုသွားရေယိုကြသဖြင့်တစ်ကြောင်း တို့ကြောင့် (တောဘက်ဆိုတော့ ကျွန်တော်ထင်တာ မှန်ချင်မှ မှန်ပါမည်။ ပို၍ဖြစ်နိုင်သည်မှာ ပိုက်ဆံမတတ်နိုင်တာ ဖြစ်ပါလိမ့်မည်။) ရုပ်ရှင်၊ ဇာတ်ပွဲများကို ကျွန်တော်တို့ဘက်ကလူများ မကြည့်ရသည်မှာ အတော်ကြီးကို ကြာနေလေပြီ။

ဆိုတော့ ကျွန်တော်က သူတို့ကို ရုပ်ရှင်နှစ်ညပြမည်ဟု ကြေငြာလိုက်၏။ ပိတ်ကားကြီးတော့ မဟုတ်ပေဘူးပေါ့။ ပရိုဂျက်တာ နှင့် ပိတ်ကားထောင်ကာ ပြမည်ဖြစ်၏။ ကျွန်တော့်တွင် အင်္ဂလိပ်ကားကောင်း အတော်များများရှိ၏။ ကျွန်တော်ကြိုက်၍ ၀ယ်ထားသော ဒီဗီဒီကားများရော၊ ကိုအောင်မြင့်မြတ် မပြန်ခင်ပေးသွားသောကားများ၊ ကိုဇော်ကြီးပေးထားသောကားများ အားလုံးဆိုလျှင် ကားပေါင်း ၁၀၀ - ၁၅၀ လောက်ရှိပါသည်။ ထိုအထဲကမှ လက်ရွေးစင် ၆ ကားလောက်ရွေး ပြမည်။ ကလေးများအတွက် Ice Age 4, King Lion, Chronicle of Nania, Jack the Giant Slayer  စသည့်ကားများ။ လူကြီးများ အတွက်တော့ မြန်မာကား တစ်ကားနှစ်ကားနှင့် အင်္ဂလိပ် ဟာသကား၊ စွန့်စားခန်းကားများ၊ ချာလီချက်ပလင်၊ Mr. Bean, Life of Pi, Pirates of the Caribbean, Lord of the Ring, Prince of Persia, Harry Potter, Clash of Titans ။ သောက်ကျိုးနဲ များတောင်နေပြီ။ (ထိုကားများမှာ ကျွန်တော့်အဖို့ ဘယ်နှစ်ခါပြန်ကြည့်ကြည့် မရိုးသောကားများဖြစ်သတည်း။)

တရားပွဲလည်း ထည့်ချင်သေးသည်ဟု မမက ဆိုသဖြင့် ၂ ရက်နေ့ညတွင် တရားပွဲလုပ်ပေးရန် သဘောတူကြ၏။ အလှူနေ့က ဧပြီလ ၅ ရက် ဗျောဝင်၊ ၆ ရက်နေ့ ရှင်လောင်းလှည့်။ ဆိုတော့ ၃ ရက်နှင့် ၄ ရက်နေ့ ညများတွင် ရုပ်ရှင်ပြမည်။ ၅ ရက်နေ့ အလှူညတွင် တီးဝိုင်းနှင့် ဧည့်ခံမည်။ ၆ ရက်နေ့ညကျရင်တော့ ပြန်မှာနဲ့ သိမ်းမှာဆည်းမှာနဲ့ဆိုတော့ အချိန်ရမှာ မဟုတ်ဘူးဟဲ့ ဟု ဆိုသဖြင့် ကျွန်တော်က Facebook မှ ကူးထားသော မျက်လှည့်များ၊ ဟာသများနှင့် ထူးထွေတည့် အံ့ရာသော်လေးများကို တစ်နာရီခန့်ပြမည်ဟု စိတ်ကူးထားပါသည်။ ကျွန်တော်စုဆောင်းထားသည့် ဖေ့စ်ဘုတ်ဗီဒီယိုတင် ၅၀၀ ကျော်ရှိသည်။ (သိပ်ဝါသနာမပါရှာဘူး။ Download အခက်အခဲကြောင့် စိတ်ညစ်နေသူ ရန်ကုန်မှမိတ်ဆွေများ လိုချင်လျှင် ဧပြီလ ၇ ရက်နေ့ ည ကျွန်တော့်အိမ်ကို လာခဲ့ပါ။ ကျွန်တော် အကုန်ပေးလိုက်ပါမည်။ စုစုပေါင်း 4GB လောက်ရှိပါသည်။)

မမက သူများရွာတွေသာ လျှောက်ပြောနေတယ်။ ဒို့ရွာမှာလည်း ကလေးတွေကို ပညာရေးအကြောင်းလေးဘာလေး ပြောပါအုံးဟဲ့ ဟု ဆိုပြန်၏။ နောက်ပြီး ရွာသူရွာသားတွေကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြောဘို့လည်း လုပ်အုံးဟဲ့၊ သစ်ပင်စိုက်ဘို့တို့၊ သစ်ပင်ခုတ်တာတွေ လျှော့ဘို့တို့ စသဖြင့်ပေါ့ ဟု ဆိုသောကြောင့် ၃ ရက်နေ့နေ့လည်တွင် ပညာရေး။ ၄ ရက်နေ့နေ့လည်တွင် ပတ်ဝန်းကျင်အကြောင်း စသဖြင့်ပြောမည်ဟု မှန်းထားပါသည်။ တစ်ချက်ခုတ် လေးချက် ပြတ်ပေါ့။

(၃)

ဗုဒ္ဓဘာသာမှန်လျှင် မိမိသားရတနာလေးများကို ရှင်သာမဏေ၀တ်စေလျှက် သာသနာ့ဘောင်သို့ သွတ်သွင်းပေးကြမြဲ။ သမီးရှိလျှင် သမီးများကိုပါ နားထွင်းမင်္ဂလာဟု ထည့်သွင်းပြုလုပ်ကြသေးသည်။ ရှင်ပြုခြင်းကို ပဗ္ဗဇိတမင်္ဂလာ ဟု ခေါ်၏။  ပဗ္ဗဇိတမင်္ဂလာတွင် ဆံရိတ်ခြင်း၊ သင်္ကန်းပေးခြင်း နှင့် သရဏဂုံပေးခြင်း ဟု သုံးမျိုးပါသည်။

ဆံရိတ်ရာတွင် မောင်ရှင်လောင်းများ ကျောင်းသို့လာပြီး သံဃာအား ဆံရိတ်မည့်အကြောင်း အပလောကန - ကံဖြင့် ပန်ကြားပြီး မှ ရိတ်ရမည်။ ရိတ်နေစဉ် မောင်ရှင်လောင်းအား တစပဉ္စက ကမ္မဌာန်းကို သင်ပေးရမည်ဟု အဋ္ဌကထာဆရာ မိန့်သည်။ ဆံချပြီး ရေချိုးသည့်အခါ လူနံ့ပျောက်စေရန် နံနွင်း သုတ်လိမ်းပေးရမည်။ ဤကား ပထမပဗ္ဗဇ္ဖ အမှုတည်း။*

သင်္ကန်းပေးသည့်အခါ “ဆယ်ဝါပြည့်တင်း၊ ၀ိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင်၊ ဟောစွမ်းနိုင်၊ ကျောင်းထိုင် ငါးအင်္ဂါ” ဟူသည်နှင့်အညီ ကျောင်းထိုင်အင်္ဂါနှင့်ပြည့်စုံသော ဥပဇ္ဈာယ်ဆရာသည် သင်္ကန်းပေးခြင်း ဟူသော ဒုတိယ ပဗ္ဗဇ္ဖအမှုကို ပြုလုပ်ထိုက်သည်။ ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံသော ဆရာတော်က ရှင်လောင်းကို သင်္ကန်းပေးလိုက်တော့ ဟု စေခိုင်းလျှင် ရဟန်းငယ်လည်း သင်္ကန်းပေးကောင်းသည်။ မခိုင်းသော်မှ ဥပဇ္ဈာယ်၏ ကိုယ်စား သင်္ကန်းပေးကောင်းသည် ဟု ဆို၏။*

သရဏဂုံပေးမှု၌ ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ပေးမှုသည်သာ ကျမ်းဂန်တို့၌လာ၏။ သင်္ကန်းပေးမှုကဲ့သို့ ဥပဇ္ဈာယ်ဆရာက စေခိုင်း၍သော်လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာ၏ ကိုယ်စားသော်လည်းကောင်း ပေး၍ရပါသည် ဟုလည်းဆိုပါသေးသည်။ ရှင်ပြုခြင်း၌ ဤအပိုင်းသည် အလွန်အရေးကြီး၏။ ဗုဒံ္ဓ သရဏံ ဂစ္ဆာမိ ဆိုသည်ကို ဌာန်၊ ကရိုဏ်းကျကျ ရွတ်ဆိုနိုင်ရမည်။ ရှင်ပြုရာတွင် ဆရာလည်း ပီသ၊ တပည့်လည်း ပီသ၊ ဥဘတော သုဒ္ဓိ ဖြစ်မှ သာမဏေဖြစ်နိုင်ရာ ဆရာ, တပည့် နှစ်ဦးလုံး အတူ ကြိုးစားသင့်သည်။ ထို သရဏဂုံ ပီသ အောင်မြင်ခဲ့လျှင် တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ အဆုံးတွင် ရှင်သာမဏေ အစစ် ဖြစ်တော့သည်။* 

သရဏဂုံအဆုံးတွင် သာမဏေဖြစ်သော်လည်း မိမိကျင့်ရမည့် သိက္ခာပုဒ်များ ကျေပွန်ရန် (၁၀)ပါးသော သီလကို ဆက်လက် ဆောက်တည်စေရသည်။ ရှင်သာမဏေသည် အပြစ်ကြီး၊ အပြစ်ငယ်ကို အနီးကပ် ကြည့်ရှုဆုံးမတတ်သော ဥပဇ္ဈာယ် ဆရာနှင့် ကင်း၍ မနေကောင်းသောကြောင့် “ဥပဇ္ဈာယော မေ ဘန္တေ ဟောတိ - အရှင်ဘုရား၊ အရှင်ဘုရားသည် တပည့်တော်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါ” ဟု သုံးကြိမ်ဆို၍ ဥပဇ္ဈာယ် ယူရသည်။ ဥပဇ္ဈာယ်ဆရာက “ပါသာဒိကေန သမ္မာဒေဟိ” ဟု တိုက်တွန်းစကား ပြောကြားရသည်။*

ကိုရင်သည် လိင် (၁၀)ပါး တွင် တစ်ပါးပါးကို ပြုမိသည်ရှိသော် သရဏဂုံပျက်၏။ သင်္ကန်းပေးမှုကား မပျက်၊ လူဖြစ်သည် မဟုတ်။ နောင်ရှောင်ကြဉ်ပါမည်ဟု ကတိပြုလျှင် သဲဒဏ်၊ ရေဒဏ်ပေး၍ သရဏဂုံထပ်ပေးရ၏။ နောင် ထပ်မံ ကျူးလွန်အံ့။ ထပ်မံ၍ သရဏဂုံပေးအပ်၏။ နောင်ရှောင်ကြဉ်မည့်သူမဟုတ်လျှင်ကား တစ်ခါတည်း ထွက်သွားစေအပ်၏။*

* အရှင်ဇ၀န(ပဲခူး) ၏ ကျောင်းထိုင်ဘုန်းကြီး မှတ်စု - မှ

ရှင်သာမဏေတို့ ရှောင်ကြဉ်ရမည့် လိင် ၁၀-ပါး။ (သုတေသန သရုပ်ပြ အဘိဓာန် မှ)

(၁) သူ့အသက်ကို သေအောင်ကိုယ်တိုင်သတ်ခြင်း, သူတပါးကိုသတ်ခိုင်းခြင်း၊ 
(၂) အရှင်မပေးသောသူ့ဥစ္စာကို ခိုးယူခြင်း၊ သူတပါးကို ခိုးခိုင်းခြင်း၊ 
(၃) မေထုန်မှုကို ကံမြောက်အောင်ပြုခြင်း၊ 
(၄) လိမ်ညာ၍ပြောခြင်း (ရယ်စရာအဖြစ်ပင် မပြောရ။)
(၅) သေရည်အရက် သောက်စားခြင်း၊ 
(၆) ဘုရားရှင်၏ ဂုဏ်သရေကို ရှုတ်ချကဲ့ရဲ့ခြင်း၊ 
(၇) တရားတော်၏ ဂုဏ်ကို ရှုတ်ချကဲ့ရဲ့ခြင်း၊ 
(၈) သံဃာတော်၏ ဂုဏ်ကို ရှုတ်ချကဲ့ရဲ့ခြင်း၊ 
(၉) သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ အယူကို ယူခြင်း၊ 
(၁၀) ဘိက္ခုနီမကို ဖျက်ဆီးခြင်း။


(၄)

ရွာသွားမည်ဆိုတော့ သားက ဖေဖေတို့ရွာမှာ လျှပ်စစ်ရှိသလား၊ အင်တာနက်ရှိသလား၊ ဂိမ်းကစားလို့ရသလား၊ ကားရှိသလား ဟု မေး၏။ သားမေးတာတွေ ဘာတစ်ခုမှ မရှိဘူးလကွ ဟု ပြန်ဖြေသော် အဲလိုဆို သား မသွားချင်ဘူး ဟု ဆိုလေ၏။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတော့၍ ဒေသန္တရ ဗဟုသုတဆိုတာ အဲသလိုရွာတွေမှာ ရှာရတာကွဟု ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ရမ်းဖြီးလိုက်ရလေသတည်း။

သားမွေးထားသူများ ရှင်ပြုအလှူတော်မင်္ဂလာအတွက် ယခုကတည်းက ပိုက်ဆံစုထားကြပါကုန်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၄ ဖေဖော်ဝါရီ၊ ၂၀၁၅။ ည ၁၀း၃၅ နာရီ

မင်္ဂလာတေး

ဘာသာပြန်စရာလေးရှိလို့ အကူအညီပေးစမ်းပါ ဟု မနေ့ နေ့ခင်းက မခင်လေး ဖုံးဆက်လာ၏။ ဘာများပါလိမ့်ဆိုတော့ သူက ဘာတဲ့ဆိုလား ပွဲတစ်ခုမှာ၊ Performance ပဲ ထားပါတော့၊ အဲဒါ သီချင်းဆိုပြရသည်၊ နောက်ပြီး အဲသဟာကို အဓိပ္ပာယ် ပြန်ရှင်းပြရမည် ဆို၏။ ပထမတော့ ဘာသာပြန်ဆိုတော့ အင်္ဂလိပ်မှ မြန်မာပြန်တာအောက်မေ့လို့ ခပ်လွယ်လွယ်ပင် ရပါတယ် ဟု ဆိုလိုက်၏။ နောက် သူရှင်းပြတော့မှ မျက်လုံးပြူးရသည်။

သူက မင်္ဂလာတေး သီချင်းကိုဆိုပြီး အဲသဟာကို သိုးဆောင်းဘာသာဖြင့် ပြန်ရှင်းပြရမည် ဟူ၏။ ကျွန်ုပ်ကား အင်္ဂလိပ်စာကို အနည်းအကျဉ်း ဖတ်တတ်သည့်တိုင် အရေးအသားမှာ အင်မတန် ချာတူးလန်လှသူ ဖြစ်၏။ အားမနာတမ်း ဝေဘန်ရလျှင် ကျွန်ုပ်အင်္ဂလိပ်စာအရေးအသားမှာ Primary 3 အဆင့်လောက်သာရှိ၏။

သာမန်စာစီစာကုံးလောက်ကိုတောင် အတော်ချွေးပြန်အောင် ရေးနေရသူတစ်ယောက်အနေနှင့် သည်လို အင်မတန် သိမ်မွေ့ ခက်ခဲလှသည့် မင်္ဂလာတေးကို ဘာသာပြန်ပေးပါဆိုတော့ အတော် ထိတ်လန့်တုန်လှုပ်မိရသည်။ နောက်မှ ဘယ်လို လုပ်ရင် ကောင်းမလဲဟု စဉ်းစားကာ ပထမ သီချင်းစာသားအားလုံးကို ချရေး။ နောက်ပြီး ထိုစာသားများက ဘာကိုဆိုလိုတယ် ဆိုတာ သိအောင် တွေး။ နည်းနည်းရိပ်မိလာတော့မှ အနီးစပ်ဆုံး အဓိပ္ပာယ်ပေါက်အောင် အင်္ဂလိပ်ဘာသာပြန်။

မိတ်ဆွေများခင်ဗျား -

မင်္ဂလာတေးကို တွံတေးသိန်းတန် ရေးသားသီကုံးပါသည်။ အင်္ဂလိပ်လို မပြောနှင့်။ မြန်မာလိုပင် ရှင်းရှင်းလင်းလင်း နားလည် အောင် ကြိုးစားကြည့်ပါဦး။

-------------------------------------------------------

မင်္ဂလာတေး                                                                                
တေးရေး - တွံတေးသိန်းတန်                                                          
တေးဆို - တွံတေးသိန်းတန်+တင်တင်မြ                                            

ကျား      (တူနှစ်ဖြာ . . . ရွှေဂဟေဆက်ဖို့ . . .
သွေမပျက်တဲ့ . . . . မေတ္တာ . . . .
ရေစက်ရဲ့ ရှေးအလာ . . . မနှေးခါခါ ချင့်တွေး . . . .
ဖြစ်ရေးခု . . . သမုဒယနွယ်လာ . . .
ဖြစ်ရေးခု . . . သမုဒယနွယ်လာ . . .
ခုဘ၀တကယ် . . . ဘယ်မမုန်းတော့ . . . လေး . . . .)
မ          (ရှေးရေစက် . . . . အကြောင်းဖက်ဖန်လာ . . . .
ရွှေပဒေသာ . . . ငွေပဒေသာ . . . . ဝေေ၀ဆာဆာ . . .
စွေရွာဖြိုး . . . ရတနာမိုးသွန်းတဲ့ . . . .
ရက်မြတ် မင်္ဂလာ . . . အခါ)
ကျား      (ဇေယျတု . . . သဗ္ဗမင်္ဂလံ . . . အောင်စေအတိတ်နဲ့ . . .
ကြွေးကြော်ညံကာ . . . သပြေနုမှာ . . . ငွေခရုပါ . . .
မသွေယခုပြုကြတဲ့ . . . မင်္ဂလာအခါ . . .
အောင်စေကြောင်း . . . ဆုတောင်း . . သွန်းပတ္ထနာ . . .)
ကျား+မ (တန်ဘိုး အနဂ္ဃရတနာ . . . နိတုံ ရွှေကိုသာ . . .
န၀ရတ် ကျောက်မြတ်ပုလဲနဲ့ . . . စီခြယ်သွန်း . . . . သည့်အခါ . . .
မင်္ဂလာခညောင်း . . . အပေါင်း ကျက်သရေ ပြည့်စုံလာ . . .
မောင်နဲ့မေ . . နှောင်ဖွဲ့ အခြေမှာ . . .
နေနဲ့လ . . ရွှေနဲ့မြ ပုံပမာ . . . . )
မ          (အခါတော် . . . ပေးတာက . . . နတ်ရေးငယ် ရွှေစာ . . .
သာသနာရောင် လင်း . . . ကောင်းခြင်း . . ခု . . သည်ချိန် . . ခါ . . . )
မ          (မင်္ဂလာ . . အခါတေးနဲ့ . . . ဟစ်ကြွေး . . . ဟစ်ကြွေးသံစာ . . .
နတ်ရေးတဲ့ . . ရွှေနဖူးစာ . . .
မင်္ဂလာ . . အခါတေးနဲ့ . . . ဟစ်ကြွေး . . . ဟစ်ကြွေးသံစာ . . .
နတ်ရေးတဲ့ . . ရွှေနဖူးစာ . . .
လေးဆူဒီပါ . . . သီတာရေမြေ ဆုံးစေတော့ . . မုန်းပါနိုင် မောင်နဲ့သာ . . .)
ကျား      (ရွှေကျမ်းသစ္စာ . . မသွေတမ်းချစ်မှာ . . ပစ်မခွာ . . နှစ်တစ်ရာ . .
ရှစ်ကမ္ဘာ မကပါ . . .
ရွှေကျမ်းသစ္စာ . . မသွေတမ်းချစ်မှာ . . ပစ်မခွာ . . နှစ်တစ်ရာ . .
ရှစ်ကမ္ဘာ မကပါ . . .
မေတ္တာမျှလာ . . . တူနှစ်ဖြာ . . .
အကြောင်းရေစက် . . . ပေါင်းဖက်ဖို့ ဖန်လာ . . . )
ကျား+မ (တန်ဘိုး အနဂ္ဃရတနာ . . . နိတုံ ရွှေကိုသာ . . .
န၀ရတ် ကျောက်မြတ်ပုလဲနဲ့ . . . စီခြယ်သွန်း . . . . သည့်အခါ . . .
မင်္ဂလာခညောင်း . . . အပေါင်း ကျက်သရေ ပြည့်စုံလာ . . .
မောင်နဲ့မေ . . နှောင်ဖွဲ့ အခြေမှာ . . .
နေနဲ့လ . . ရွှေနဲ့မြ ပုံပမာ . . . . )


တူနှစ်ဖြာ . . . ရွှေဂဟေဆက်ဖို့ . .
. . . ဆိုသည်မှာ ကိုယ်တို့မောင်မယ်နှစ်ယောက် မင်္ဂလာဆောင်ရမဲ့ အရေးမှာ - ဟု အဓိပ္ပာယ် ရပါလိမ့်မည်။ ရွှေဂဟေဆက်ဖို့ ဟု သုံးထားတာ အလွန်လှပါသည်။ မင်္ဂလာဆောင်တာတောင် ရိုးရိုးဆောင်တာ မဟုတ်။ ဘယ်တော့မှ မခွဲကြစတမ်းဟု သစ္စာတိုင်ကာ ဆောင်ကြမှာ ဖြစ်၏။

ရွှေဂဟေဆိုသည်မှာ ရွှေထည်ပစ္စည်း တစ်ခုလုပ်ဖို့ မီးပေးကာ ဂဟေဆော်ရသည်။ ထိုရွှေထည်နှစ်ခု ပေါင်းစပ်သွားလျှင် တစ်သားတည်း ဖြစ်သွားသည်။ ဤသည်ကို ရွှေဂဟေဟုခေါ်သည်။ သည်ကဲ့သို့ တစ်သားတည်းဖြစ်သွားသည့် ရွှေထည်ကို မူလအတိုင်း နှစ်ခုခွဲထုတ်ဖို့ရာ မဖြစ်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော ဂဟေဆက်ပြီဆိုကတည်းက ရွှေထည်နှစ်ခုစလုံး အရည်ပျော်ကာ ရွှေမော်လီကျူးများ တစ်ခုနှင့်တစ်ခု ဒွေးရောယှက်တင် ဖြစ်သွားသောကြောင့်တည်း။

ထိုကဲ့သို့ပင် -
မောင်နှင့်မယ်သည်လည်း မင်္ဂလာဆောင်သည့်အချိန်မှ စကာ မည်သည့်အခါမှ ခွဲကြတော့မည်မဟုတ် ဟု တင်စားခြင်း ဖြစ်၏။

(ပြောရင်းနဲ့ ငါတောင် မင်္ဂလာဆောင်ချင်စိတ် ပေါက်လာပြီ။)

သွေမပျက်တဲ့ . . . . မေတ္တာ . . . .
. . . ဆိုရာ၌ သွေ ဆိုသည်မှာ သွေဖည်သည်၊ တခြားရောက်သွားသည် ဟု အဓိပ္ပာယ်ရ၏။ သွေမပျက် ဆိုသည်မှာ တစ်ဦးအပေါ်တစ်ဦး ချစ်ကြသည့် ချစ်မေတ္တာမှာ တခြား ဘယ်သူ့ဆီမှမရောက်၊ ဟောသည် တစ်ဦးတည်းကိုသာ မပျက်မကွက် အမြဲချစ်မည် . . ဟု ဆိုလို၏။

(ကျွန်ုပ်အဓိပ္ပာယ်ဖွင့်ထားတာသာ တွံတေးသိန်းတန် ဖတ်ရပါက ဟ၊ တယ်တော်တဲ့ ငါပါလား။ ငါ အဲသလောက်တော်မှန်း ကိုယ့်ဟာကိုယ်တောင်မသိဘူး။ အခုမှ သိရတယ်။ အသိနောက်ကျလေချင်းဟု ငိုချင်းချလေမည်လားမသိ။)

ရေစက်ရဲ့ ရှေးအလာ . . .
. . . ဆိုသည်မှာ ယခု မောင်မယ်နှစ်ဦး တွေ့ကြဆုံကြ၊ မင်္ဂလာဆောင်ကြခြင်းမှာ ယခုမှ ကောက်ခါငင်ကာ ဖြစ်လာတာမဟုတ်။ ဟိုးယခင်ယခင် ဘ၀များစွာကတည်းက ရှိခဲ့ဖူးသော ရေစက်ကြောင့် ဖြစ်သည် ဟု ဆိုလိုခြင်း ဖြစ်၏။

မနှေးခါခါ ချင့်တွေး . . . .
ဆိုသည်မှာ အကြောင်းမသိသူ တစ်ယောက်နှင့်တစ်ယောက် ပေါင်းဖော်ရတာ လွယ်တာမဟုတ်။ မတော် သူနှင့်ကိုယ် သဘောချင်းမတိုက်ဆိုင်ခဲ့ပါက စလယ်ဝင်ဖင်မမဲခင်က ကွဲကြပြဲကြ ဖြစ်တော့မည်။ သည်တော့ သူနဲ့ကိုယ် တစ်သက်လုံးပေါင်းဘို့ဆိုတာ ဖြစ်မှဖြစ်ပါ့မလားဟု အခါခါ ချင့်ချိန်တွေးဆရသည်။

(ဟိုကောင်လေးတွေ စလယ်ဝင် ဖင်မမဲခင်က ဆိုတာ မသိပြန်ဘူးမဟုတ်လား၊ နင်တို့ခေတ်ကာလ ခလေးတွေကို၊ ခက်ပါတယ်ဟာ။)

(စလယ်ဝင်အိုး = နှစ်ယောက်စာ ဆန်နို့ဆီဘူးနှစ်လုံး တည်လောက်သည့် မြေထမင်းအိုး)
(၂ လမြူ = ၁ လမြက်
 ၂ လမြက် = ၁ စလယ်
 ၂ စလယ် = ၁ ခွက်
 ၂ ခွက် = ၁ ပြည် စသည့် မြန်မာအချင်အတွယ် မှ လာသည်။)

(ဖင်မမဲခင်က ဆိုသည်မှာ ရှေးယခင်က မြေအိုးဖြင့်ထမင်းချက်သည်။ ထမင်းချက်ရာတွင်သုံးသည့်မီးမှာ ထင်းမီးဖြစ်၏။ ထင်းမီးဖြင့်ချက်ရ၍ အိုးများဖင်မှာ မီးခိုးများဖြင့် မဲနေလေ့ရှိသည်။ စလယ်ဝင် ဖင်မမဲခင်က ဆိုသည်မှာ မင်္ဂလာဆောင်တော့ ပါလာသည့် ၂ ယောက်စာ စားလောက်ရုံထမင်းအိုး အသစ်ကလေးတည်လို့မှ ကြပ်ခိုးမ၀ခင် ဟု ဆိုလိုသည်။ ကြပ်ခိုးဝဘို့ တစ်ပတ် ဆယ်ရက်လောက် အနည်းဆုံးချက်ရမည်။ ဖင်မမဲခင်က ဆိုတော့ မင်္ဂလာဆောင်ပြီးလို့မှ ဆယ်ရက်မပြည့်သေး။ ကွဲကြ ကွာကြမဲ့စကား ပြောလာပြီ ဟု ဆိုလိုသည်။) (နင်တို့ပြောရတာ မော . . ထှာ။)

ဖြစ်ရေးခု . . . သမုဒယနွယ်လာ . . .
အဲသလိုနဲ့ အခုတော့ သမုဒယတွေဟာ တစ်ယောက်နဲ့တစ်ယောက် နွယ်ပင်ကလေးများ ကဲ့သို့ တွယ်ငြိလာခဲ့ကြပြီ။

ခုဘ၀တကယ် . . . ဘယ်မမုန်းတော့ . . . လေး . . . .
ခုဘ၀မှာတော့ တစ်ယောက်နဲ့တစ်ယောက် တကယ့်ကို ဘယ်လို နည်းနဲ့မှ မမုန်းကြတော့ဘူး။

ရှေးရေစက် . . . . အကြောင်းဖက်ဖန်လာ . . . .
ဟိုးအရင် ရှေးတုံးက ရှိခဲ့ဖူးတဲ့ ရေစက်က အကြောင်းဖန်လာခဲ့လို့
(ရေစက် = ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်၏ အကျိုးဆက်) (ရေစက်ချ အမျှဝေ)

ရွှေပဒေသာ . . . ငွေပဒေသာ . . . . ဝေေ၀ဆာဆာ . . .
ရွှေတွေငွေတွေ ပဒေသာပင်သီးသကဲ့သို့ ဝေေ၀ဆာဆာနဲ့
(ပဒေသာ = ပေါပေါများများ၊ များများစားစား၊ ဝေေ၀ဆာဆာ၊ ပဒေသာပင် = လိုသမျှ အကုန်ရသည့်အပင်)

စွေရွာဖြိုး . . . ရတနာမိုးသွန်းတဲ့ . . . .
ရတနာတွေ မိုးများရွာချသကဲ့သို့ ပေါပေါများများရှိတဲ့
(စွေ = မိုးအဆက်မပြတ်ရွာနေသည်။
ဖြိုး၊ သွန်း = ရွာသွန်းဖြိုး = ရေများကို ဝေါကနဲသွန်ချလိုက်သကဲ့သို့ မိုးရွာသည်။
ရတနာ = လူများနှစ်သက်သည့်အတွက် ရတနာခေါ်သည်။)

ရက်မြတ် မင်္ဂလာ . . . အခါ . . .
ရက်ကောင်းရက်မြတ် မင်္ဂလာ အခါတော် ဖြစ်ပါပေ၏။
(မင်္ဂလာ ဆိုတာ ပါဠိသက်စကားလုံး ဖြစ်ပါသည်။ ကောင်းမှုဟု ခြုံငုံဘာသာပြန်လျှင် ရနိုင်သော်လည်း အဓိပ္ပာယ် အတိအကျ ကို ကျွန်တော်မသိပါ။ ကျွန်တော့်တွင် ပါဠိသက်ဝေါဟာရ အဘိဓာန်စာအုပ်ကြီး ရှိသော်လည်း ရန်ကုန်မှာ ဖြစ်သဖြင့် မရည်ညွှန်းနိုင်ပါ။ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသောကောင်းကျိုးများ၊ ပွားများစည်ပင်စေသည့် အကြောင်းဆိုလျှင် မှားအံ့မထင်။) 

ဇေယျတု . . . သဗ္ဗမင်္ဂလံ . . .
မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေသောဝ်၊ အောင်ပါစေသောဝ်။
ဇေယျတု ဆိုသည်မှာ အောင်ပါစေသောဝ် ဟု အဓိပ္ပာယ်ရသည်။
သဗ္ဗ - ခပ်သိမ်းကုန်သော၊ အားလုံး၊ အလုံးစုံ။ မင်္ဂလံ = မင်္ဂလာ။

အောင်စေအတိတ်နဲ့ . . . 
အောင်ပါစေဟူသည့် အတိတ်၊ နမိတ်နှင့် (နောင်အနာဂတ်တွင် အောင်မြင်ပါစေဟု)
(အတိတ်၊ နမိတ် = အနာဂတ်တွင် ဖြစ်မည့်အကြောင်းကို ယခုကတည်းက တစ်စုံတစ်ခုသော ဖြစ်ရပ်ဖြင့် ပြခြင်း)

ကြွေးကြော်ညံကာ . . . သပြေနုမှာ . . . ငွေခရုပါ . . .
အောင်ပါစေကြောင်း အောင်စေကြောင်း ဟု ညံညံစာစာ ကြွေးကြော်ပြီး သကာလ။ သတို့သားနှင့် သတို့သမီးတို့ ရှေ့တွင်ချထားသည့် ငွေဖလားကြီးထဲ၌ ထိုးစိုက်ထားသည့် အောင်နိမိတ်ဆောင် သပြေညွန့်ကလေးများမှာ မနေ့ကမှ ခူးယူလာသည့် အညွန့်နုနုထွတ်ထွတ် ကလေးများဖြစ်သည်။ ထိုငွေဖလားကြီးဘေးတွင် မင်္ဂလာဘိသိက်ပေးမည့် ပုဏ္ဏားကြီးက ဘိသိက်သွန်းလောင်းရန် ငွေဖြင့်ပြုလုပ်ထားသည့် ခရုလည်း ပါပါသေးသည်။

မသွေယခုပြုကြတဲ့ . . . မင်္ဂလာ အခါ . . .
စေ့စပ်ကြောင်းလမ်းပြီးတော့မှ သဘောမတိုက်ဆိုင်လို့ ဖျက်လိုက်တာမျိုးမဟုတ်ဘဲ တကယ့်ကို မလွဲမသွေ ပြုကြတဲ့ ဟောသည် မင်္ဂလာအခါရက်မြတ် အခါတော်မှာ
(အခါ = မည်သည့်အချိန်၌ မင်္ဂလာဆောင်လျှင် ကောင်းမည်နည်းဟု ဆရာဦးကျော်မြင့်၊ ဆရာဦးအောင်သန်း စသည့် ဗေဒင်ဆရာကြီးများနှင့် သေချာကျနစွာ ရွေးချယ်တွက်ချက်ထားသည့် အချိန်၊ အခါ၊ ကာလ)

အောင်စေကြောင်း . . . ဆုတောင်း . . သွန်းပတ္ထနာ . . .
ယခု မင်္ဂလာပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်ပါစေကြောင်း ငွေခရုဖြင့် ရေများသွန်းလောင်း၍ ဆုတောင်း ထောပတ္ထနာ ပြုလိုက်ပါသည်။

တန်ဘိုး အနဂ္ဃရတနာ . . . နိတုံ ရွှေကိုသာ . . .
အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည့် အဖန်ဖန်အထပ်ထပ် သန့်စင်ထား၍ လုံးဝအညစ်အကြေးကင်စင်သည့် ဇမ္ဗူရစ်ရွှေစင်ကို -
(အနဂ္ဃ= အကန့်အသတ်မဲ့။ တန်ဘိုးအနဂ္ဃ= တန်ဘိုးမဖြတ်နိုင်)
(နိတုံရွေ = လုံးဝသန့်စင်နေသည့်ရွှေ)

န၀ရတ် ကျောက်မြတ်ပုလဲနဲ့ . . . စီခြယ်သွန်း . . . . သည့်အခါ . . .
န၀ရတ်စသော အဖိုးတန်ကျောက်မျက်ရတာများနှင့် စီခြယ်လိုက်သည့်အခါ -
(န၀ရတ် = န၀+ရတ = ရတနာကိုးမျိုး = န၀ရတ်ကိုးသွယ် = ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ မြ၊ ဥဿဖယား၊ ပတ္တမြား၊ ဂေါ်မုတ်)

မင်္ဂလာခညောင်း . . . အပေါင်း ကျက်သရေ ပြည့်စုံလာ . . .
ကျက်သရေအပေါင်းနှင့် ပြည့်စုံသွားပြီးလျင် မင်္ဂလာအပေါင်း ခညောင်းလာသကဲ့သို့ -

မောင်နဲ့မေ . . နှောင်ဖွဲ့ အခြေမှာ . . .  
မောင်နှင့် မေသည်လည်း တစ်ဦးနှင့်တစ်ဦး သံယောဇဉ်နှောင်ကြိုးများဖြင့် နှောင်ဖွဲ့ထား သော အခြေအနေတွင် -

နေနဲ့လ . . ရွှေနဲ့မြ ပုံပမာ . . . .  
နေနဲ့လ၊ ရွှေနဲ့မြပမာ အလွန်လိုက်ဖက် တင့်တယ်လှပါပေသည်။

. . . . . . . . . . . . . . . . . . . . . . . . . . .

အခါတော် . . . ပေးတာက . . . နတ်ရေးငယ် ရွှေစာ . . .  
ယခု မင်္ဂလာအခါကိုပေးတာ လူမဟုတ်၊ နတ်ရေးသော ရွှေနဖူးစာ သာ ဖြစ်ပါသည်။
(နဖူးစာ = တစ်ဦးနှင့်တစ်ဦး ပေါင်းဖက်သင့်၍ ပေါင်းဖက်ရခြင်း၊ ဖူးစာဖက် = အပေါင်းအဖော် ဖြစ်ထိုက်သူ)

သာသနာရောင် လင်း . . . ကောင်းခြင်း . . ခု . . သည်ချိန် . . ခါ . . .
သာသနာရောင်ဝါလင်းသည့် ကောင်းမြတ်သော ယခု အချိန်အခါ ဖြစ်၏။

မင်္ဂလာ . . အခါတေးနဲ့ . . . ဟစ်ကြွေး . . . ဟစ်ကြွေးသံစာ . . .
ယခု မင်္ဂလာအခါတွင် မင်္ဂလာရှိသော တေးသံသာကို တစာစာ ဟစ်ကြွေးသီဆိုကြပြီ။

နတ်ရေးတဲ့ . . ရွှေနဖူးစာ . . .
သည်မောင်မယ် အကြောင်းဆက်၍ ပေါင်းဖက်ရခြင်းမှာ လူက ရွေးတာမဟုတ်။ နတ်ရေးသော ရွှေနဖူးစာသာ ဖြစ်တော့၏။
(ဆိုလိုသည်မှာ ဖူးစာနတ်က ဟောသည်မောင်ကလေးနှင့် ဟောသည်လုံမကလေးတို့ ပေါင်းဖက်ကြစေ ဟု ရွှေပေလွှာတွင် ရေးတင်ထားသောကြောင့် ပေါင်းဖက်ရသည် ဟူလို။)

(မင်္ဂလာ . . အခါတေးနဲ့ . . . ဟစ်ကြွေး . . . ဟစ်ကြွေးသံစာ . . .

နတ်ရေးတဲ့ . . ရွှေနဖူးစာ . . . )

လေးဆူဒီပါ . . . သီတာရေမြေ ဆုံးစေတော့ . . မုန်းပါနိုင် မောင်နဲ့သာ . . .
အရှေ့ကျွန်း၊ အနောက်ကျွန်း၊ တောင်ကျွန်း၊ မြောက်ကျွန်းတည်းဟူသော ကျွန်းကြီးလေးခု နှင့် ရှိရှိသမျှ ကုန်းမြေရေများ ကုန်ဆုံးပျောက်ကွယ်သွားသည့်တိုင် ဟောသည်မောင်ကို မမုန်းဘဲ အတူတကွ ပေါင်းဖော်ယှဉ်တွဲ နေထိုင်သွားပါမည်။
(ဒီပါ = ကျွန်း။ ကျွန်ုပ်တို့နေထိုင်ရာကျွန်းမှာ တောင်ကျွန်းဖြစ်သည် ဟူ၏။)

ရွှေကျမ်းသစ္စာ . . မသွေတမ်း . . ချစ်မှာ . . ပစ်မခွာ . . နှစ်တစ်ရာ . . ရှစ်ကမ္ဘာ မကပါ . . .
နောင် အနှစ်တရာ၊ အို . . ဘယ်ကမလဲ။ ရှစ်ကမ္ဘာ (ကမ္ဘာပေါင်း ၈ ခု) ထိတိုင် ဟောသည် မယ်ကလေးကို ပစ်ခွာမသွားပဲ ချစ်နေပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုလိုက်ပါရဲ့။

(ရွှေကျမ်းသစ္စာ . . မသွေတမ်း . . ချစ်မှာ . . ပစ်မခွာ . . နှစ်တစ်ရာ . . ရှစ်ကမ္ဘာ မကပါ . . .)

မေတ္တာမျှလာ . . . တူနှစ်ဖြာ . . .
တစ်ဦးနဲ့တစ်ဦး မေတ္တာမျှကြတဲ့ အကျွန်တို့ မောင်မယ်နှစ်ယောက် ဟာ -

အကြောင်းရေစက် . . . ပေါင်းဖက်ဖို့ ဖန်လာ . . .
အတူတူပေါင်းဖက်ကြဘို့ ရှေးရေစက်အကြောင်းက ဖန်လာတာ မဟုတ်ပါလား ခင်ဗျာ။

မှားတာရှိလျှင် ပြင်ပေးကြပါဘိ။

ရေးဖြစ်အောင်တွန်းအားပေးသော မခင်လေးကို အထူးကျေးဇူးတင်ပါသည်။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

အေးငြိမ်း

၂၆ ဖေဖော်ဝါရီ။ ၂၀၁၅

Tuesday, February 17, 2015

စာအုပ်များ မျှဝေခြင်း

Farm Safety Book (Book Version)


Safety Checklists and Permit To Work Forms


Safety Posters


My Articles 16 Feb 2015

https://www.dropbox.com/sh/953oico7la80zf4/AACbuAUT841vCoUMsFSGgPwda?dl=0


မြန်မာစာအုပ်များ ဒေါင်းလုပ်လင့်


Civil Engineering Books



ဆုံးမစာများ

ရှင်မဟာရဌသာရ ဆုံးမစာ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

  ရှင်မဟာရဋ္ဌသာရ



၁။ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစေချင်
ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား
မိဘဆရာ၊ စကားနာ၍
ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။

၂။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို
ချစ်ခင်မြတ်နိုး
ဂူပုထိုးသို့၊ ရှိခိုးဦးတင်
ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျက်
ကြီးထသက်အို၊ မျိုးဆွေကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုတ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစေမင်း။

၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံလလျက်
တုပ်ကွပုဆစ်၊ ဆရာစစ်၌
ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်
စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်
ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌
သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး
မှတ်သားလေလေ၊ ၀မ်းထဲခွေ၍
အထွေအထူး၊ ဂုဏ်ကျေးဇူးကို
ဆည်းပူးသိမြင် ကြွယ်စေမင်း။

ရခိုင်သူမြတ်


ခက်ဆစ်အဖွင့်

ပဲ့ပြင်= ဆုံးမသည်။ သွန်သင်သည်။ ဖြောင့်မှန်ကောင်းမွန်အောင်လုပ်သည်။
နိစ္စ= အမြဲ။
ကွပ်= ဆုံးမပဲ့ပြင်သည်။ လိမ္မာအောင်လုပ်သည်။
ပေါ်လွင်= ပေါ့ဆသည်။ ဘာကိုမျှ ဂရုမစိုက်။
ကြိုး= ကြိုးစားသည်။
ဂူ= လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။
ပုထိုး= ဓာတ်တော်မွေတော် စသည်တို့ကို ဌာပနာ၍ အုတ်ကျောက်စသည်ဖြင့် တည်ထားသော မုခ်ပေါက် သို့မဟုတ် မုခ်ယောင်ပါရှိသော စေတီ။
သိမ်းမြန်း= ထိန်းသိမ်းစောင့်ရှောက်သည်။
တုပ်ကွ= ရိုသေလေးစားသည်။ ညွှတ်တွားခယသည်။
ပိုက်ထုပ်= ထိန်းသိမ်းသည်။
စင်းလျင်း= အမြဲ၊ မပြတ်မလပ်။
ထုံးတီး= ရှေးထုံးဟောင်း။
ချောင်းချောင်း= အမြဲမပြတ် အရိပ်အခြေကြည့်၍။
ခြိမ်းမောင်း= ဆူပူကြိမ်းမောင်းသည်။
ဝမ်းထဲခွေ= ၀မ်းထဲ၌ မှတ်သားနှလုံးသွင်းသည်။




၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

၂။ အချိန်တန်၍၊ စာအံဆိုလျှင်
မရွှင်မျက်နှာ၊ မသာမချို
ထိုထိုအကြံ၊ ကြီးစွာဖန်၍
မအံတခါ၊ အံတခါနှင့်
မျက်နှာတပါး၊ စာတခြားလည်း
စကားပြောဟော၊ တသောသောသည်
ရယ်မော၍လည်း မနေနဲ့။

၃။ မပြတ်အသံ၊ တညံညံသည်
စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ
သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။

၎။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ
ရေးသောခါလည်း
အက္ခရာကို၊ သေချာလှစေ
စာလုံးကိုလည်း လှလှစေ။

                                  ရှင်မဟာသီလဝံသ

ခက်ဆစ်အဖွင့်--

၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။
၂။ လျင်လျင်=မြန်မြန်။
၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။
၎။ သောသော=ဆူဆူညံညံ။
၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။
၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။
၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။
၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

မြန်မာ့ယဉ်ကျေးမှုနှင့် ကျင့်ဝတ်များ

ပြဿနာတိုင်းမှာ အဖြေရှိရမယ်။ (သူ့ရေဘူးပေါက်နေသလား မဆန်းစစ်ဘဲ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ သီအိုရီကို လွှင့်ပစ်လိုက်တော့။) ဒီတော့ ခုနင်ကပြောခဲ့တဲ့ ဘ၀နေနည်းအနုပညာကို သင်ပေးချင်သူတို့၊ လေ့လာချင်သူတို့၊ လက်တွေ့ကျင့်ကြံကျိုးကုတ် အားထုတ်ချင်သူတို့အတွက် ဟောသည်မှာ စာအုပ် သုံးအုပ်။

(ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ။ နောက်ပြီး ကိုယ်နဲ့နီးစပ်တဲ့သူတွေကို ပြန်ပြောပြပါ။ မျှဝေပါ။ လက်ညှိုးထိုးအပြစ်ပံနေခြင်းဖြင့် မည်သည့်ရလဒ်ကောင်းမှ ထွက်ပေါ်လာမည်မဟုတ်။)

အင်္ဂလိပ်စာလုံးတွေနဲ့ရေးထားမှ စာလို့မထင်ပါနဲ့ဗျာ။ မြန်မာစာပေမှာလည်း ရှင်မဟာရဋ္ဌသာရဆုံးမစာ၊ ရှင်မဟာသီလ၀ံသ ဆုံးမစာ၊ လောကနီတိ၊ မဃဒေ၀လင်္ကာသစ် အများကြီးရှိပါတယ်။ ဟိုးခေတ်က ဘုန်းကြီကျောင်းတွေမှာ သင်ပေးပါတယ်။ အခုတော့ ကျောင်းသားတွေ ကျူရှင်နဲ့ကျောင်း၊ ကျောင်းနဲ့ကျူရှင် လုံးချာလည်လိုက်နေလို့ ဘုန်းကြီးကျောင်းတွေကို မရောက်တော့တာရယ်။ အနောက်နဲ့ ကိုးရီးယားယဉ်ကျေးမှု လွှမ်းမိုးလာလို့ ကိုယ့်ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို အထင်သေး၊ ပစ်ပယ်လာတာရယ် စတာတွေကြောင့် ကိုးစောင်တွဲတို့၊ ဆယ်စောင်တွဲတို့ဆိုတာ ဘာမှန်းတောင် မသိကြတော့ဘူး။ သိသပဆိုရင် အခုကောက်ကက် ရေပြစမ်းပါခင်ဗျာ။ ဆယ်စောင်ပြည့်အောင်။

မြန်မာ့ယဉ်ကျေးမှုနှင့် ကျင့်ဝတ် - မောင်အံ့


လောကနီတိ - တက်တိုး


မဃဒေ၀ လမ်းညွှန်နီတိ



ကျောင်းအတွက် ပိုစတာများကို ဤမှာ ဒေါင်းပါလေ။












ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၇ ဖေဖော်ဝါရီ၊ ၂၀၁၅