Monday, February 18, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၁ခ)


စင်ကာပူနိုင်ငံကို ဤကဲ့သို့ စိမ်းစိုလှပနေအောင် မည်ကဲ့သို့စီမံထားသနည်း ဆိုသည်ကို သေသေချာချာသိနိုင်ရန် စင်ကာပူမှ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ၌ လက်တွေ့ပါဝင် ဆောင်ရွက်နေကြသော မြန်မာစိုက်ပျိုးရေးပညာရှင် များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကျွန်တော်တွေ့ဆုံမေးမြန်းခဲ့သူများမှာ ဦးဂျော့ကျော်စိုး၊ ဦးတင်ဇော်အောင်၊ ဦးအောင်ဆွေဦးနှင့် ဒေါ်အေးအေးမွန်၊ ဦးခင်မောင်စိုး၊ ဦးဇော်မင်းသိန်းတို့ဖြစ်ပါသည်။ ၎င်းတို့ပြောပြသည်များကို အခြေခံလျှက် အခြားသိသင့်သိထိုက်သည်များ ကို အင်တာနက်မှ မွှေနှောက်ရှာဖွေကာ မြန်မာပြည်မှ မြို့ပြများတွင်လည်း သစ်ပင်ပန်းမာလ်ထိန်းသိမ်းရေး အတုယူနိုင်ကြပါစေရန် ရည်ရွယ် ရေးသားလိုက်ပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်ကာပူတွင် အဓိကကျသော အစိုးရအဖွဲ့နှစ်ခု ရှိပါသည်။ တစ်ခုမှာ NEA (National Environment Agency) ဖြစ်ပြီး နောက်တစ်ခုမှာ NParks ဖြစ်ပါသည်။ NEA က ရေ၊ စွန့်ပစ်အမှိုက်၊ ခြင်၊ ယင်၊ ကြွက် စသည် များ၊ စားသောက်ဆိုင်များကို ကိုင်သည်။ NParks က သစ်ပင်ပန်းမာလ်၊ သစ်တောများ စိမ်းလန်းစိုပြေရေးကို ကိုင်သည်။
ယခု သစ်ပင်သစ်တောများအကြောင်းရေးမည်ဖြစ်သဖြင့် NEA ကို ချန်ခဲ့ပါမည်။ ယခုဆောင်းပါးပြီးလျှင် NEA မှ ဆောင်ရွက် နေသော လုပ်ငန်းများအကြောင်း ဆက်လက်ရေးသားပါမည်။

(၂) ဦးဂျော့ကျော်စိုး ပြောကြားချက်များ

ယခု စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်ကဲ့သို့လုပ်နေသည်ကို JTC မှ ဦးဂျော့ကျော်စိုးပြောပြသည်များကို အရင်းအတိုင်း ပြန်လည်ဖောက်သည်ချပါမည်။
သာမန်စာဖတ်သူများအနေနှင့် သူပြောသည်များကို သေသေချာချာ နားလည်ချင်မှ နားလည်နိုင်ပါလိမ့်မည်။ အချို့ စာလုံး (terminology) များကို သိချင်မှသိပါလိမ့်မည်။ ထို့ကြောင့် သူပြောသည်များထဲမှ NParks, URA, HDB, JTC, City in a Garden, Bio Diversity, Green Mark Certification, Nature Reserves, Jurong Park connector, Building Performance, Floor Ratio, အစိုးရက subsidise ပေးတယ်။ Sustainable, greenery, carbon emission, carbon credit, fuel efficient, Euro 4 အင်ဂျင်။ Indoor Air Quality, Storm Water management, Global warming, Bioswale အစရှိသော သိသင့်သိထိုက်သည်များကို နောက်ပိုင်း၌ ကျွန်တော်သီးသန့် ပြန်ရှင်းပြပါမည်။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

စင်ကာပူမှာ အပင်တွေနဲ့ပတ်သက်လို့ Authority က NParks Board (National Parks Board) ပါ။ NParks ရဲ့ guide line ပေါ်မူတည်ပြီး တခြား government agency တွေဖြစ်တဲ့ JTC(Jurong Town Council), တို့၊ HDB (Housing Development Board) တို့ ကလုပ်ပါတယ်။ NParks က plan ဆွဲထားပြီးသား။ ဘယ်လိုဆွဲသလဲဆိုတော့ URA (Urban Redevelopment Authority) နဲ့ ချိတ်လိုက်တယ်။ China Town နားမှာ URA Head Quarter ရှိတယ်။ URA က နောက်ထပ် ဆယ်နှစ်၊ အနှစ် ၂၀ plan ထပ်ဆွဲတယ်။ စင်ကာပူကို နောက်ထပ် ၁၀ နှစ်အတွင်း ဘယ်လိုလုပ်မလဲပေါ့။
URA က စင်ကာပူတစ်နိုင်ငံလုံးကို land planning လုပ်တယ်။ စင်ကာပူမှာ တိုးလာတဲ့လူဦးရေနဲ့အမျှ အိမ်ခြေတွေ တိုးဆောက် လာရင် အပန်းဖြေဘို့ပန်းခြံ စတာတွေကို ဘယ်လိုလုပ်ပေးမလဲ စသဖြင့် URA က master plan လုပ်လိုက်တယ်။ အဲဒီနယ်မြေဟာ NParks နဲ့ဆိုင်နေရင် NParks Board ကို ချပေးလိုက်တယ်။ NParks Board ကပြင်တယ်။ NParks က URA ရဲ့ plan ပေါ်မူတည်ပြီး တခြားနိုင်ငံတွေ မှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေလုပ်နေသလဲ လိုက်ကြည့်တယ်။ နယူးဇီလန်စတဲ့တခြားနိုင်ငံတွေပို့ပြီး study လုပ်ခိုင်းတယ်။ နယူးဇီလန် မှာ greenery ကိုဘယ်လိုလုပ်နေလဲ။ သြစတေးလျားမှာ ဘာတွေလုပ်နေလဲ။ လေ့လာပြီးတော့ မလိုအပ်တာတွေဖယ်။ ကောင်းတာတွေကို adapt လုပ်ပြီး ငါတို့နိုင်ငံမှာ ဘယ်လိုသုံးလို့ရမလဲ ဆိုတာ detail plan ပြန်ဆွဲတယ်။ စင်ကာပူနိုင်ငံကို ဘယ်လိုကောင်းအောင်လုပ်မလဲပေါ့။
လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတော့ စင်ကာပူကို Garden City ဆိုပြီးလုပ်ကြတယ်။ အဲဒါကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး City in The Garden ဆိုပြီး ပြောင်းလိုက်တယ်။ Garden City နဲ့ City in the Garden ဘာကွာသလဲဆိုတော့ Garden City က အပင်တွေ စိုက်တယ်။ လမ်းဘေးတွေမှာ ပန်းခြံတွေမှာ အပင်တွေစိုက်တယ်၊ ဒါလောက်ပဲ။ အရင် ၂၀၀၀ ပြည့်နှစ်လောက်ထိ စင်ကာပူကိုကြည့်လိုက်ရင် လမ်းဘေးမှာ အပင်ငယ်တွေ၊ ပန်းပင်တွေနည်းတယ်။ သစ်ပင်ကြီးတွေပဲ စိုက်ခဲ့တယ်။
နောက်တော့ လူတွေများလာတော့ကာ အဲဒါကို City in the Garden လုပ်တိုက်တယ်။ ဥယျာဉ်ကြီးထဲမှာရှိတဲ့ မြို့တော်ကြီးပေါ့။ အဲဒီမှာ intensive landscape ကို အကောင်အထည်ဖော်တယ်။ City in the Garden စနစ်မှာ လမ်းဘေးတွေမှာ သစ်ပင်ကြီးတွေတင် မကတော့ဘဲ အပင်ငယ်လေးတွေနဲ့ ပန်းပင်တွေပါ စိုက်တယ်။ စိုက်ပြီး BioDiversity ကို enhance လုပ်တယ်။
အဆောက်အဦတွေ၊ HDB Flat, Condominium တွေဆောက်တော့ concrete structure တွေများလာတယ်။ ကွန်ကရစ်က နေပူရင် အပူကို ပြန်ကန်ထုတ်တယ်။ အပူကအမြဲထွက်နေတယ်။ ဒါပေမဲ့ အပင်ကြားဖြတ်လာတဲ့လေက အေးတယ်။ နောက်တစ်ခုက အဆောက်အအုံဆောက်တော့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ သဘာဝအလျောက်ပေါက်နေတဲ့ အပင်တွေကို ခုတ်ရတယ်။ အဲဒီ သဘာဝ အပင်တွေကြားမှာ ငှက်တွေ၊ တခြား လိပ်ပြာ၊ ကင်းလိပ်ချော၊ ပိုးနှံကောင်စတဲ့ အကောင်ပလောင်တွေ၊ အင်းဆက်တွေ နေနေကြတယ်။ အဆောက်အဦဆောက်ဘို့ အဲဒီအပင်တွေ ခုတ်လိုက်ရတော့ အဲဒီအကောင်တွေ သေသွားတယ်။ ဒါမှမဟုတ်လဲ တခြားပြောင်းသွားကြ ရတယ်။
NUS က လေ့လာတော့ စင်ကာပူမှာ Bio Diversity တဖြည်းဖြည်းကျလာတာ တွေ့ရတယ်။ ဥပမာ လိပ်ပြာရဲ့ မျိုးစိတ်တွေ ကျလာတယ်။ ပေါက်ပွားနှုန်းတွေ ကျလာတယ်။ အဲဒါကို ဘယ်လိုလုပ်မလဲလို့ NParks Board က စဉ်းစားတော့ - စင်ကာပူမှာ ထိန်းထားတဲ့
Nature Reserves တွေရှိတယ်။ အဲဒီ nature reserve တွေမှာတော့ ဒီအကောင်ပလောင်လေးတွေ ရှိသေးတယ်။ အဲဒီတော့ အဲဒီ nature reserve တွေကနေပြီးတော့ မြို့ထဲရောက်အောင် ဒီအကောင်လေးတွေကို ဘယ်လိုဆွဲဆောင်ယူမလဲ စဉ်းစားကြတယ်။ လမ်းဘေးတွေမှာ သူတို့ခိုလို့ရအောင် သူတို့ကြိုက်တဲ့အခြေအနေ ပတ်ဝန်းကျင်ကို ဖန်တီးပေးတယ်ပေါ့။ မန်ဒိုင်းမှာ စစ်တပ်ကလေ့ကျင့်တဲ့တောကြီးတွေ ရှိတယ်။ အဲဒီအထဲမှာ eco system ရှိတယ်။ သဘာဝသားရဲတိရစ္ဆာန် အကောင်ပလောင်လေးတွေ ရှိတယ်။ အဲဒီအကောင်တွေကို သူနဲ့နီးတဲ့ ချွာချူကန်ကို ဘယ်လိုဆွဲဆောင်ခေါ်မလဲ။ ဆိုတော့ Jurong Park connector စသဖြင့် connector တွေ လုပ်ပေးတယ်။ လမ်းဘေးတွေမှာ သစ်ပင်လေးတွေ၊ ပန်းပင်လေးတွေစိုက်ပြီး ဆွဲဆောင်တယ်။ BidDiversity ကို enhance လုပ်တယ်။
နောက်တစ်ခါ သူတို့က native species တွေကို ပြန်ပြီး introduce လုပ်တယ်။ အရင်တုံးက စင်ကာပူကို တခြားနိုင်ငံတွေက အပင်တွေမှာပြီးတော့ စိုက်တယ်။ လှအောင်ပေါ့။ ဒါပေမဲ့ အဲဒီအပင်တွေက စင်ကာပူရေမြေ၊ ရာသီဥတုနဲ့ မကိုက်ညီဘူး။ pest တွေရဲ့ဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သေမသွားအောင် ရေများများလောင်းရတာ စသဖြင့် အရမ်းဂရုစိုက်ရတယ်။ အဲတော့ အလုပ်ရှုပ်တယ်။ ဒီတော့ NPark က South East Asia Native Tree တွေရှာစိုက်လာတယ်။
          အဆောက်အဦတွေကို အရင်ဆောက်တုံးက Building performance တို့ activity consumption တို့ကို မကြည့်ကြဘူး။ နောက်ပိုင်းကျတော့ ဒါကို BCA က သိလာတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို သွားလေ့လာတယ်။ အဆောက်အဦ ဆောက်တဲ့အခါ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ နိုင်ငံခြား consultant တွေခေါ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး BCA Green Mark Department ကိုဖွဲ့လိုက်ပြီး Green Mark Certification Scheme ကို စလုပ်တယ်။ Building Performance, Floor Ratio စတာတွေကြည့်တယ်။ Floor Ratio နဲ့ အပြင်မှာရှိတဲ့ Greenery Ratio ကို တွက်ကြတယ်။ အဲဒီအပေါ်မှာ အမှတ်တွေပေးပြီးတော့ Green Mark Platinum, Green Mark Gold Plus, Green Mark Gold, Green Mark Certified စသဖြင့် လက်မှတ်တွေပေးတယ်။
          နောက်တစ်ခါ Building owner တွေစိတ်ဝင်စားအောင်၊ ပူးပေါင်းပါဝင်လာအောင် incentive plan တွေလုပ်ပေးတယ်။ ဥပမာ - အဲယားကွန်းစနစ်အစား Chiller စနစ်သုံးရင် energy consumption ကို ၃၀% လျှော့ချနိုင်တယ် စသဖြင့်။ ဆိုတော့ သူတို့က energy consumption ကိုလျှော့ချနိုင်ရင် အစိုးရက ၂၀%၊ ၃၀% စသဖြင့် subsidise လုပ်တယ်။ ဆိုတော့ ပထမဆုံး၊ ဆောက်တဲ့နေရာမှာ အစိုးရက subsidise ပေးလို့ သက်သာတယ်။ ရေရှည်မှာလဲ building ရဲ့ operating cost ကျသွားတယ်။ power consumption ကျသွားတယ်။ အကုန်အကျသက်သာတာပေါ့။ ဒါ BCA က လုပ်တာ။ နောက်တစ်ခုက BCA ကပဲ ဒီ Green Mark Scheme တင်မဟုတ်တော့ဘူး။ Greenery နဲ့ပတ်သက်ပြီးတော့လည်း cerfification စလုပ်တယ်။ အရင်တုံးကတော့ Green Marks Certificate ပဲပေးတယ်။ ခုတော့ Green Mark Certification for Parks and Garden ဆိုပြီးပေးတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ကစတာ ခုဆို ၅ နှစ်ရှိပြီပေါ့။ ဒါက building နဲ့ ပတ်သက်ပြီး BCA က လုပ်တဲ့ certification system ပေါ့။ BCA နဲ့ NParks တို့ joint လုပ်တာ။ နောက်ပြီး ဒီ Green Mark နဲ့ပတ်သက်ပြီး audit ၀င်တယ်။ ဒါတွေက ဒီစင်ကာပူမှာ sustainable approach ပေါ့။
          Sustainable မှာ ၃ ခုရှိတယ်။
၁။ Park and Garden စသဖြင့် တစ်ခုခုဆောက်တော့မယ်ဆိုရင် ပထမဆုံးကြည့်ရတာ Econimic Sustainability။ နောက် -
၂။ Environment sustainability ။ နောက်ပြီး -
၃။ Social sustainability ရှိရဲ့လား။ ဒါတွေကြည့်ရတယ်။ ဒီ 3 sustainable criteria ပေါ်မှာမူတည်ပြီးတော့မှ concept ကိုစပြီး plan လုပ်ရတယ်။
          NParks က Greenery နဲ့ပတ်သက်ပြီး training တွေပေးတယ်။ 2007 – 2008 ကနေစပြီး အဲဒီ Certification sysytem ကို စခဲ့တယ်။ JTC အောက်မှာလည်း NPark လိုဘဲ parks and garden တွေရှိတယ်။ Jurong Lake Park, Chinese Garden, Japanese Garden စသဖြင့်။ Industrial developer က business park, business building တွေဆောက်တယ်။ Oversea invester တွေ လာတဲ့အခါကျတော့ land allocation လုပ်တယ်။ မြေတွေကို နှစ် ၃၀၊ ၄၀ ချပေးပြီး ဆောက်တယ်။ ဒီ business building တွေ ဆောက်တော့ business committee တွေကို drive လုပ်ဖို့ JTC ကနေ Parks and Garden ကို ဆောက်တယ်။ အဲဒါကိုအကောင်အထည် ဖော်ဘို့ road map တွေရေးတယ်။ ၀န်ထမ်းတွေကို အိုဗာစီးလွှတ်ပြီး တခြားနိုင်ငံတွေမှာ ဘာတွေ လုပ်နေဆိုတာ လေ့လာခိုင်းတယ်။ နောက်ပြီး bench mark ဆွဲတယ်။ သူ့မှာလဲ BCA လိုပဲ Platnium, Gold+, Gold စသဖြင့် certificate တွေရှိတယ်။
Refer လုပ်တာကတော့ တစ်ကမ္ဘာလုံးကနိုင်ငံတွေကို refer လုပ်တာပဲ။ ဒီက Nparks, URA စတဲ့ဂါးဗားမင့်အေဂျင်စီတွေက တစ်ခုနဲ့တစ်ခုဆက်နွယ်မှုရှိတယ်။ ရှေ့နှစ်ကျ ဘာတွေလုပ်မယ်လို့ plan ဆွဲရင် ဒီ plan ပေါ်မှာ ဘာအားနည်းချက်၊ အားသာချက်တွေရှိတယ် ဆိုတာ အကဲဖြတ်ခိုင်းတယ်။ တစ်နှစ်တစ်ခါ bench marking လုပ်တယ်။ တခြား regional source တွေကနေပြီးပေါ့။ တစ်နှစ်တစ်ကြိမ် အိုဗာစီးခေါ်လေ့ရှိတယ်။ ကျွန်တော်မနှစ်က ဂျာမဏီရယ်၊ ယူကေရယ်သွားပြီး အဲဒီနိုင်ငံတွေမှာ ဘာတွေလုပ်နေတယ်ဆိုတာ ကြည့်ရတယ်။ အဲဒီနိုင်ငံက ဂါးဗားမင့်အေဂျင်စီတွေနဲ့လဲ သူတို့ဘာတွေလုပ်နေတယ်ဆိုတာ ဆွေးနွေးတယ်။ ကျွန်တော်က industry မှာပါတယ်။ ဒီတော့ industry နဲ့ပတ်သက်ပြီး သူတို့နိုင်ငံမှာ ဘာတွေလုပ်နေတယ်ဆိုတာ အတွေ့အကြုံ exchange လုပ်ပြီး bench mark လုပ်တယ်။
မနှစ်က သြစတေးလျနဲ့ နယူးဇီလန်ကို သွားတယ်။ သြစတေးလျက စင်ကာပူနဲ့ နီးစပ်တယ်။ ဆိုတော့ သြစတေးလျက ဘာတွေ ကိုယ့်ထက်သာနေလဲ။ ကိုယ့်နိုင်ငံမှာ ဘာတွေလုပ်ရင်ကောင်းမလဲလေ့လာ။ စင်ကာပူပြန်လာရင် ဒီမှာ ဘာတွေဖြစ်နေတယ်။ ဘာတွေ လုပ်ရင်ကောင်းမယ်။ US မှာဘာတွေလုပ်နေတယ်။ ဂျာမဏီမှာကဘယ်လို ဆိုပြီး 5 year plan စသဖြင့် bench mark လုပ်ရတယ်။ ၅ နှစ် အတွင်း JTC က ဘာတွေဆောက်မယ်ဆိုတာ planning ရှိပြီးသား။ ဆိုတော့ ကျွန်တော်တို့က အဲဒီ ၅ နှစ်အတွင်း greenery နဲ့ပတ်သက်ပြီး ဘာတွေလုပ်မယ်ဆိုတာ နှစ်စဉ်တင်ပြရတယ်။
          စင်ကာပူမှာတော့ လောလောဆယ် carbon credit လုပ်ဖို့အစီအစဉ်မရှိသေးဘူး။ ဈေးသိပ်ကြီးလို့။ 2000 Kyoto Protocol မှာ တိုးတက်တဲ့နိုင်ငံတွေအားလုံး သူ့ဟာသူ Commitment (limit) ပေးရတယ်။ ဥပမာ - 15% of Carbon reduction by 2030 စသဖြင့်ပေါ့။ အဲဒီအတွက် Energy Market Authority က Energy Labelling System ကိုစခဲ့တယ်။ ဥပမာ - အဲယားကွန်းတွေမှာ 1 tick, 2 tick, 3 tick, 4 tick ဆိုပြီး အစိမ်းရောင်လေးတွေနဲ့ ပြထားတယ်။ အမှန်ခြစ်လေးခုဆိုရင် ပါဝါအစားသက်သာဆုံးပေါ့။ LTA ကလည်း အရင်တုံးက ကားတွေမှာ အင်ဂျင်တွေကို Euro 4 ကိုသုံးတယ်။ အခုနောက်ပိုင်းကျတော့ ဆီကိုပါ fuel efficient ဖြစ်အောင်လုပ်တယ်။ ခု ကား ကြော်ငြာ တွေကို ကြည့်လိုက်ရင် ကီလို ၁၀၀ ဆိုရင် ဆီ ဘယ်နှလီတာစားတယ်ဆိုတဲ့ ဆီစားနှုန်းပါထည့်ထားတာတွေ့ရလိမ့်မယ်။ အစိုးရကလည်း carbon emission နည်းတာတို့ စသဖြင့် control လုပ်လာတယ်။ efficient တင်မဟုတ်တော့ပဲ carbon emmission ကိုပါ ထည့်တွက် လာတယ်။ Tax ကိုလည်း ကာဘွန်ဘယ်လောက်ထုတ်တယ် ဆိုတဲ့အပေါ်မူတည် ကောက်တယ်။ နောက်ပြီး vehicle population ကိုလည်း လျှော့ချလိုက်တယ်။ အရင်တုံးက ၃၀၀၀ ချပေးရင်၊ အခု ၂၀၀၀ ပေါ့။ ဒီမှာက လူတွေက လခကောင်းတယ်။ လခက ပျမ်းမျှခြင်း ဒေါ်လာ ၃၀၀၀ လောက်ရတာ။ လူပျိုလူလွတ်အနေနဲ့ ဒီပိုက်ဆံကို ဘယ်မှာသွားသုံးမလဲ။ ဒီတော့ သူတို့ ကားဝယ်ဘို့ပဲ စိတ်ဝင်စားကြတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ထိန်းဘို့လိုလာတယ်။
          JTC က အဓိကက industrial developer ။ သူတို့က EDB (Economic Development Board) နဲ့ လုပ်ရတယ်။ EDB က တစ်ကမ္ဘာလုံးလျှောက်သွားပြီး စင်ကာပူမှာ ဘာစီးပွားရေးတွေလုပ်ရင်ကောင်းမလဲဆိုတာ အမြဲလေ့လာနေတယ်။ နောက်ပြီး သူတို့က JTC ကိုမင်းတို့ ဘာလုပ်၊ ဘာလုပ်၊ ဘာတွေပြင်ထားဆိုပြီး အကြံဉာဏ်တွေပေးတယ်။ သူတို့ပြောတာထဲမှာ labor intensive manufacturing ကို hightech industry နဲ့ အစားထိုးမယ် ဆိုတာပါတယ်။ ဘာလို့လည်းဆိုတော့ နောက်မျိုးဆက်တွေက ပညာတတ်လာတယ်။ ရိုးရိုး manufacturing ကို မလုပ်တော့ဘဲ hightech အလုပ်တွေပဲ လုပ်တော့မယ်။
          ဒီတော့ စင်ကာပူမှာ EDB ရဲ့အကြံပြုချက်နဲ့ အစိုးရက လေယာဉ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်မယ်။ လေယာဉ်အင်ဂျင်၊ အစိတ်အပိုင်းထုတ်ဘို့ လွန်ခဲ့တဲ့ ၅ နှစ် လောက်ကစပြီး master plan စဆွဲတယ်။ Phase one, Phase two, Phase three, Phase four စသဖြင့် ဆွဲတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ယိုချုကန်ဘက်မှာ မြေနေရာရှင်းပြီး foreign investor တွေလာပြီး စက်ရုံတည်ဘို့ ငှားမယ်။ ရိုးစ်ရိုက်လို ကုမ္ပဏီတွေကျတော့ လေယာဉ်အင်ဂျင်ထုတ်တဲ့စက်ရုံဆောက်ဘို့ မြေကို နှစ် ၄၀ စသဖြင့် ငှားလိုက်တယ်။ 
          ကျွန်တော်တို့အပိုင်းကျတော့ landscape ပေါ့။ အဲဒီစက်ရုံတွေဆောက်တော့မယ်ဆိုတော့ ဟက်တာ ၂၀၀ လောက်မှာ လမ်းတွေ ဖောက်ပြီး ဘာတွေစိုက်မယ်။ စက်ရုံပုံစံကြည့်ပြီး ဘယ်နေရာတွေမှာ ဘာပင်တွေစိုက်မယ်ဆိုတာ တင်ရတယ်။ ခုဆိုတော်တော်တောင် ပြီးနေပြီ။ နောက်ထပ်လည်း ထပ်စိုက်ဘို့ လုပ်နေတယ်။
ကျွန်တော်က ခုနလို landscape လုပ်ရတော့ သစ်ပင်ဘယ်လောက်စိုက်ရင် ကာဘွန်ဘယ်လောက်ကျသွားမလဲဆိုတာ လုပ်ရတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က NTU နဲ့ NParks နဲ့ ပေါင်းပြီး research လုပ်တယ်။ အပင်ဘယ်လောက်ကြီးရင် ကာဘွန် ဘယ်လောက် စုပ်နိုင်သလဲပေါ့။ အပင်ကြီးရင် ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူနှုန်းပိုကောင်းတယ်။ အပင်ရဲ့ဆိုဒ်က ၀.၅ မီတာ ဆိုရင် ကာဗွန်က တစ်နှစ်ကို 24kg စုပ်တယ်။
ကာဗွန်ထွက်တာ လျှပ်စစ်ထုတ်တာကနေ အများဆုံးပဲ။ သူက မီးရှို့ရတာကိုး။ မီးခိုးထဲမှာ ကာဗွန်ပါတယ်။ ကျွန်တော် အပင်တွေ ကနေ ကာဗွန်ဒိုင်ဆောက်ဆိုဒ် စုပ်ယူတဲ့နှုန်းတိုင်းတဲ့ ပရောဂျက်တစ်ခုလုပ်တယ်။ Chinese Garden ထဲမှာ။ Carbon accounting လုပ် တယ်။ သစ်ပင်တွေက ကာဘွန်ထုတ်တာ ဘယ်လောက်။ စုပ်ယူတာဘယ်လောက်။ Credit နဲ့ Debit လိုပေါ့။ (Credit ဆိုသည်မှာ ၀င်လာသည့်ပိုက်ဆံဖြစ်ပြီး debit ဆိုသည်မှာ ထွက်သွားသည့်ပိုက်ဆံဖြစ်ပါသည်။) စုပ်တဲ့နှုန်းနဲ့ ထုတ်တဲ့နှုန်းကို ခြားနားလိုက်ရင် သစ်ပင်တစ်ပင်က အသားတင်ကာဘွန်စုပ်တဲ့နှုန်းရမယ်။ ကျွန်တော်တွေ့တာက Chinese Garden နဲ့ Japanese Garden မှာ carbon credit ဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ်စက်ရုံတွေ ထပ်ဆောက်ဦးမှာဆိုတော့ ဒါကို အရမ်းဝမ်းသာနေလို့ မဖြစ်ဘူး။
ဒါပေမဲ့ ဒီ methodology က မှန်မှန်းမှားမှန်း ကျွန်တော်မသိဘူး။ ကျွန်တော်က NUS နဲ့ NParks က study လုပ်ထားတာတွေ၊ တခြားဖတ်ထားတာတွေကရတဲ့ အသိနဲ့ လုပ်ထားတာ။ ဒီတော့ International Society က Carbon expert တွေကို audit လုပ်ခိုင်းတယ်။ သူတို့စင်ကာပူမှာ တစ်လလောက်နေပြီး ပန်းခြံတွေထဲလိုက်စစ်၊ တွက်နည်းတွေကြည့် လုပ်တယ်။ နောက်ဆုံးကျတော့ ကျွန်တော်လုပ်ထား တဲ့ methodology ဟာ မှန်တယ်လို့ ပြောတယ်။ ISO 15364 လက်မှတ်ပေးတယ်။ ဒါဟာစင်ကာပူမှာ Parks and Garden က Carbon နဲ့ ပတ်သက်ပြီးတော့ ပထမဆုံး ရတဲ့လက်မှတ်။
နောက်တစ်ဆင့်က Jurong Island။ Jurong Island မှာက chemical စက်ရုံတွေများတယ်။ မနှစ်က Jurong Island Landscape Enhancement Plan ဆိုပြီးဆွဲခိုင်းတယ်။ ဒါပေမဲ့ ဒါကို ခဏထားလိုက်တယ်။ Jurong Island စက်ရုံတွေက gas တွေ ထွက်တယ်။ တချို့ gas တွေက ဘာ gas တွေလဲဆိုတာ မသိရဘူး။
ဒီတစ်ခါ သစ်ပင်စိုက်ရင် ကျွန်တော်ရမ်းမစိုက်တော့ဘူး။ အပင်ရဲ့ species တွေကို ရွေးမယ်။ ဘယ် species က ဘယ်ဓါတ်ငွေ့ကို စုပ်ယူနိုင်ဆုံးလည်း လေ့လာမယ်။ ဓါတ်ငွေ့တွေမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း စသဖြင့်မျိုးစုံရှိမယ်။ ဆိုတော့ ပထမ စက်ရုံတွေက ထွက်လာတဲ့ ဓါတ်ငွေ့တွေကို အရင်လေ့လာပြီးတော့မှ အဲဒီဓါတ်ငွေ့ကို စုပ်နိုင်တဲ့ အပင်မျိုးစိတ်တွေကို စိုက်သွားမယ်။   
ဒါပေမဲ့ ပြဿနာက အာရှမှာ ဘယ်အပင်က ဘယ်ဓါတ်ငွေ့ကို စုပ်နိုင်သလဲဆိုတဲ့ သုတေသနလုပ်ထားတာ လုံးဝမရှိဘူး။ ကျွန်တော်တို့နဲ့ နည်းနည်းနီးစပ်တဲ့ သြစတေးလျမှာလည်း မရှိဘူး။ ဒါပေမဲ့ အမေရိကန်မှာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့နဲ့က ပေါက်တဲ့ အပင်ချင်း၊ ရာသီဥတုချင်း၊ ရေမြေသဘာဝချင်းမတူတော့ ယူသုံးလို့မရဘူး။  
          NASA က indoor plant တွေကို study လုပ်တယ်။ ဥပမာ - စားပွဲ၊ ကော်ဇော၊ ခန်းဆီး၊ နံရံ၊ ဖိုတိုကော်ပီယာ စတာတွေ၊ တခြား သေးသေးမွှားမွှားလေးကနေ ဓါတ်ငွေ့တွေ အမြဲထွက်နေတယ်။ ရုံးထဲမှာ အပင်တွေစိုက်ထားရင် အဲဒီအပင်တွေက ဒီဓါတ်ငွေ့တွေကို ဘယ်လောက် စုပ်ယူတယ်ဆိုတာကို သူတို့ သုတေသနလုပ်တယ်။ Indoor Air Quality အတွက်ပေါ့။
          အခု ကျွန်တော် အဲဒါကို သုတေသနလုပ်မယ်။ ဓါတ်ခွဲခန်းထဲမှာ အပင်မျိုးစိတ်တွေထည့်မယ်။ ဂက်စ်တွေထည့်မယ်။ နောက်ပြီး တော့ ဘယ်လောက်စုပ်ယူနိုင်သလဲ တိုင်းမယ် ပေါ့။ နောက်ပြီးတော့ field study လုပ်မယ်။ နောက်ပြီး statistics နဲ့တွက်မယ် ပေါ့။ သုတေသနလုပ်မဲ့ အဖွဲ့မှာ တက္ကသိုလ်တွေက professor တွေပါမယ်၊ JTC နဲ့ Npark ကလည်း ပါမယ်။ အဲဒါကို ၂ နှစ်လုပ်မယ်။ ၂ နှစ်ပြီးရင် တော့ အဖြေတစ်ခု ထွက်လာမယ်ပေါ့။ ဘယ်စက်ရုံဆိုရင် ဘယ်ဓါတ်ငွေ့တွေ အများဆုံးထွက်မယ်။ အဲဒါဆိုရင် ဘယ်အပင်တွေကို ဘယ်လောက်စိုက်ရမယ်ဆိုတာ သိနိုင်မယ်ပေါ့။
နောက်တစ်ခုက Storm Water management။ သြစတေးလျမှာ မိုးရွာလို့ရလာတဲ့ Surface water ကို အကုန်လုံးစုထားတယ်။ အိမ်တွေမှာ တိုင်ကီတွေနဲ့လှောင်တယ်။ လမ်းတွေ၊ ပန်းခြံတွေက ထွက်လာတဲ့ရေအားလုံးကို surface culvert ကနေ earth drain ထဲကို ပို့တယ်။ earth drain ထဲမှာ အပင်တွေစိုက်ထားတယ်။ တချို့ရေတွေကို ပြန်သုံးတယ်။ တချို့ရေတွေကို reservoir ထဲကို discharge လုပ် လိုက်တယ်။ ဘာကြောင့်လုပ်သလဲဆိုတော့ concept က -
Global warming ဖြစ်တော့ အတ္တလန်တစ်က ရေခဲတွေ အရည်ပျော်လာတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်။ မိုးတွေအရမ်းရွာတယ်။ ရေတွေလျှံတယ်။ အပူချိန်မြင့်တက်လာတယ်။ မိုးရေကိုစုထားလိုက်တဲ့အခါ ပြန်သုံးလို့ရတယ်။ ရေစီးနှုန်း ကျသွား တယ်။ မြေပေါ်က အဆိပ်အတောက်တွေ ပင်လယ်ထဲ တိုက်ရိုက်မရောက်သွားတော့ဘူး။
ဒီရေတွေ ပင်လယ်ထဲရောက်သွားရင် သုံးလို့မရတော့ဘူး။ ရေမြောင်းတွေ (Earth drain) ထဲမှာ သစ်ပင်တွေစိုက်ပြီး အဲဒီမိုးရေတွေကို သစ်ပင်တွေကြားထဲ ဖြတ်စီးစေတယ်။ အဲဒီအခါ သစ်ပင်တွေရဲ့အမြစ်တွေက အဆိပ်တွေကို စုပ်ယူထားလိုက်တော့ ရေလှောင်ကန်ထဲရောက်လာတဲ့ ရေတွေမှာ အဆိပ်အတောက် အများကြီးနည်းသွားတယ်။
 အဲဒါကို အတုယူပြီး PUB ကလုပ်တယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မက်ဖာဆန်မှာရှိတဲ့ ဘားလမ်းRoad မှာ စလုပ်တယ်။ အခုဆို Yo Chu Kang က reservoir မှာ လုပ်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က NTU က ဂျလန်ဘဟားမှာ Business Park တစ်ခုဆောက်တယ်။ Cleantech Industry အတွက်။ Cleantech One တဲ့။ ပြီးသွားပြီ။ အခု Cleantech Two စပြီးဆောက်နေတယ်။ အဲဒီမှာပဲ Bioswale စလုပ်နေတယ်။ မြေပေါ်ကျလာတဲ့ မိုးရေတွေကို အပင်တွေကြားထဲဖြတ်ပြီးတော့မှ PUB drain တွေထဲကို discharge လုပ်တယ်ပေါ့။
နောက်ပြီးတော့ ရေရဲ့ quality ကို တိုင်းတယ်။ KPI အနေနဲ့ထည့်ထားရတာပေါ့။
စင်ကာပူမှာ အသက်ကြီးတဲ့သစ်ပင်တွေကို heritage tree အနေနဲ့ လျှောက်လို့ရတယ်။ သစ်ပင်ရဲ့သက်တမ်း အနှစ် ၅၀ ကျော်ရင် လျှောက်လို့ရတယ်။ နောက်ပြီး ရှားပါးသစ်ပင်ပန်းပင်မျိုးစိတ်တွေကိုလည်း ထိန်းထားတယ်။ ဒီသစ်ပင်တွေကို ခုတ်လို့မရဘူး။ အဲဒါအားလုံးကို Npark က ကိုင်ထားတယ်။ မခုတ်ရတဲ့သစ်ပင်ကို ခုတ်တဲ့အခါ ဒဏ်ငွေကြီးကြီးတပ်ရိုက်တယ်။ အဲဒီအပိုင်းကတော့ ဦးတင်ဇော်အောင်တို့နဲ့ ပိုဆိုင်ပါတယ်။ သစ်ပင်ခုတ်ချင်ပြီဆို သူတို့ကို ခေါ်ရတာပေါ့။

No comments: