Tuesday, August 30, 2011

စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ သတင်းနှစ်ပုဒ်ကိုဖတ်ပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါသော ကျွန်ုပ်

(၁)

မင်းဟူသည် တိုင်းသူပြည်သားတို့ကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်အပ်သည်။ မိဘဟူသည် မိမိသားသမီးများ ဒုက္ခခံစား နေရလျှင် မကြည့်ရက်နိုင်သကဲ့သို့ မင်းအစိုးရသည်လည်း ပြည်သူပြည်သားတို့ ဆင်းရဲဒုက္ခရောက်နေလျှင် အလေးထား ဆောင်ရွက်ရမည်သာ ဖြစ်ပေသည်။ သို့မှသာ ပြည်သူပြည်သားအပေါင်းတို့ မှီခိုအားထားရာ၊ ယုံကြည်ကိုးစားရာအဖြစ် သိက္ခာသမာဓိရှိရှိ ရပ်တည်နိုင်မည် မဟုတ်ပါလော။
(၂)
ကြမ်းပိုးများကို စစ်ကြေငြာလိုက်သည် ဟူသော ကြွေးကြော်သံကိုသာ ကျွန်တော်တို့ရွာမှလူများကြားလျှင် ရီချင်ပါလိမ့်မည်။ မရီပါနှင့်ခင်ဗျား။ ကြမ်းပိုးဒုက္ခကို ကိုယ်တိုင်ခံစားဖူးသူများသာ သိပါလိမ့်မည်။

၂၀၀၈ ခုနှစ်လောက်က ကျွန်တော့်အိမ်သို့ မြန်မာအမျိုးသား အိမ်ငှားတစ်ဦးရောက်လာသည်။ ကို MZYO ဟု ခေါ်၏။ ထိုသူက ၎င်းနှင့်တစ်ပါတည်း ကြမ်းပိုးများကိုပါ သယ်လာသည်။ ကျွန်တော်က မသိ။ သူနှင့်တစ်ခန်းထည်းနေသူ ကိုဝင်းမြင့်တို့က အစ်ကို ဒီလူရောက်လာမှ ကျွန်တော်တို့ ကြမ်းပိုးအရမ်းကိုက်ခံနေရတယ်။ ကောင်းကောင်းမအိပ်နိုင်ဘူး ဟု ဆို၏။

လောကတွင် ကျွန်တော်ကြောက်လည်းကြောက်၊ မုန်းလည်းမုန်းသော အရာများရှိ၏။ ခြင်၊ ယင်၊ ကြမ်းပိုး၊ ကြွက်၊ သန်း၊ ခြ၊ ပုရွက်ဆိတ် နှင့် ပိုးဟပ်များဖြစ်ပါသည်။ ထိုအကောင်ပလောင်ကလေးများအား တတ်နိုင်သမျှ ဝေးဝေးကရှောင်သည်။ သို့အတွက် ကျွန်တော့်အိမ်တွင် ကြမ်းပိုးမရှိ။ ပုရွက်ဆိတ်မရှိ။ သို့သော် အနှီပုဂ္ဂိုလ်ရောက်လာမှ ကြမ်းပိုးများ တစ်အိမ်လုံးသို့ ပျံ့နှံ့လေတော့သည်။ ဟုတ်ပါ့။ သူမရှိတုံး သူ့အိပ်ယာကို လှန်လှောရှာတော့ ကြမ်းပိုးများမှာ မြို့ရွာတည်ကာ သားသမီးမြေးမြစ် အစုံလိုက် သောက်စားပျော်ပါးလျှက် ရှိသတည်း။
ကြမ်းပိုးအကြီး၊ ကြမ်းပိုးအလတ်၊ ကြမ်းပိုးအငယ်၊ ကြမ်းပိုးအဖိုးအို၊ ကြမ်းပိုးပိစိညှောက်တောက်၊ ကြမ်းပိုးကာလသား၊ ကြမ်းပိုးတစ်ခုလတ်၊ ကြမ်းပိုးဆယ်ကျော်သက်။ အရွယ်စုံ ဆိုဒ်စုံတို့သည် ကုတင်ကြမ်းခင်းများထဲတွင် တစ်မျိုး၊ မွေ့ယာများကို အပေါက်ဖောက်လျှက် တစ်ဖုံ၊ ခေါင်းအုံးစွပ်များအတွင်း တစ်နည်း၊ စာအုပ်များထဲတွင်တစ်သွယ် အိပ်လျှက်၊ ထိုင်လျှက်၊ ငိုက်လျှက်၊ လျှောင်းလျှက်၊ လမ်းလျှောက်လျှက် မြူးတူးပျော်ပါးနေကြသည်ကို အသည်းယားစဖွယ် တွေ့ရလေတော့၏။
အနှီသကောင့်သား အလုပ်ကပြန်လာတော့ သည်ကြမ်းပိုးကိစ္စ အမြန်ရှင်းဘို့ရာ ပြောရ၏။ ကျွန်တော်ပြောတာကို သူကတော့ ဘယ်ကဲ့သို့ သဘောပေါက်သည်မသိ။ ပိုနေမြဲ၊ ကျားနေမြဲတည်း။ သည်ကြမ်းပိုးတပ်မထဲ သူမည်ကဲ့သို့ အိပ်သနည်းဆိုသည်ကို ကျွန်တော် စဉ်းစားလို့မရ။
သုံးခါလောက်ပြောသော်လည်း ဘာမှမလှုပ်ရှားသဖြင့် လကုန်လျှင် အိမ်ပြောင်းပါရန် ၀မ်နင်ပေးလိုက်ရတော့သည်။ သူပင်ပြောင်းသွားသော်ငြား ကြမ်းပိုးများမှာ ကျွန်တော့်တစ်အိမ်လုံး ပျံ့နှံ့ကျန်ခဲ့ပါတော့သည်။ နောက်တော့ ထိုကုတင်၊ မွေ့ယာ၊ ခေါင်းအုံး။ သူနေသွားသော အခန်းရှိပစ္စည်းအားလုံးကို လွှင့်ပစ်လိုက်ပါသည်။ သို့သော် ကျွန်တော့်စာအုပ်များအကြားတွင် တစ်ကောင်စ နှစ်ကောင်စ ကပ်ကျန်သည်မှအစ ယခုတိုင် ကျွန်တော့်မှာ ကြမ်းပိုးများနှင့် နပမ်းလုံးနေရဆဲ ဖြစ်ပါသည်။
တစ်ခါတရံ ကြမ်းပိုးများကြောင့် ကျွန်တော့်မှာ နာရီပြန် ၂ ချက်တီးလောက်ကြီးနိုးလာကာ ကြမ်းပိုးရှာရသည်။ ပြန်အိပ်တော့ အိပ်မရတော့။ ဟိုဘက်လှိမ့်လိုက်၊ သည်ဘက်လှိမ့်လိုက်နှင့် မိုးစင်စင်လင်းရသည်။ တစ်ခါဖြန်းလျှင် သုံးဗူးနှုံးနှင့် insect killer များဖြင့် ဖြန်းပါသည်။ သို့သော် မဖြန်းဘဲထားတာ ဟုတ်တုတ်တုတ်။ ဆေးဖြန်းပြီးမှ ပိုများများလာသည်။
ချုပ်လိုက်သော် ကြမ်းပိုးဒုက္ခ မသေးလှကြောင်း ကျွန်တော် ကောင်းကောင်းသိသွားပါတော့သတည်း။ သို့အတွက် -
MP က ကြမ်းပိုးများကို စစ်ကြေငြာကာ အပြတ်တိုက်ထုတ်မည့် စီမံချက်ကိုဖတ်လိုက်ရသောအခါ ကျွန်တော့်မှာ ထိုတိုက်များရှိ အဖိုးကြီး၊ အဖွားကြီးများအတွက် အတော်ကလေး နှလုံးစိတ်ဝမ်း ချမ်းမြေ့စွာ ခံစားမိပါသည်။
ယခု သြဂုတ်လ ၂၅ ရက်နေ့ Straits Times သတင်းစာတွင် Tanjong Pagar GRC မှ MP (Member of Parliament) ဖြစ်သူ ဒေါက်တာလီလီနီယို (ဓါတ်ပုံပါ အမျိုးသမီး) က သူ့ပိုင်နက်နယ်မြေအတွင်းရှိ Kreta Ayer-Kim Seng ရပ်ကွက်နေ ပြည်သူများ ထံမှ တစ်လလျှင် ကြမ်းပိုးကိုက်ကြောင်း တိုင်ကြားစာ ၁၀ စောင်ခန့်ရရှိနေကြောင်း၊ ထိုရပ်ကွက်နေသူ အိမ်ထောင်စု ၁၅၀ ခန့်အနက် ၄၀ ရာခိုင်နှုံးမှာ ဤပြဿနာနှင့်ရင်ဆိုင်နေရကြောင်း။ သို့အတွက် ဤရပ်ကွက်အတွင်းမှ တိုက်များကို တစ်ခုချင်းစီ ကြမ်းပိုးအပြတ်နှိမ်နှင်းရေး စီမံကိန်းချ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါလာပါသည်။ ဤကဲ့သို့ နေအိမ်တိုက်တာများတွင် ကြမ်းပိုးနှိမ်နှင်းရေးကို စီမံချက်ချ ဆောင်ရွက်သည်မှာ စင်ကာပူတွင် ယခု ပထမဆုံးအကြိမ်ဖြစ်ဖွယ် ရှိကြောင်းလည်း ဖော်ပြ ထားပါသည်။
ဤသတင်းသည် အခြားသူများအတွက် ထူးချင်မှထူးပါမည်။ သို့သော် ကြမ်းပိုးဒုက္ခကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ ဒူးတွေ့ ခံစားထားရသူ ကျွန်တော့်အတွက်ကား မင်္ဂလာသတင်း ဖြစ်ပါသည်။ အထူးသဖြင့် ဤတိုက်များမှာ အိမ်မ၀ယ်နိုင်သဖြင့် ငှားရမ်းနေထိုင်ကြသူများ ဖြစ်သည်။ အများစုမှာ အဖိုးကြီး အဖွားကြီးများဖြစ်၏။ ဆင်းရဲသားများဖြစ်သောကြောင့်လည်း စားဖို့တောင် အနိုင်နိုင်လုပ်နေကြရသည်ဖြစ်ရာ အင်မတန်ဈေးကြီးလှသော ကြမ်းပိုးဆေးဝယ်ရန် မတတ်နိုင်ပါ။ (ကျွန်တော် Jurong Point NTUC extra ၌ ကြမ်းပိုးဆေးဝယ်တာ ဗူးသေးသေးကလေး တစ်ဗူးကို ၁၆ ကျပ်ခွဲပေးရပါသည်။ တစ်အိမ်လုံး ဖြန်းဘို့ ၃ ဗူးဝယ်တော့ ၅၀ ခန့်ချောသွားပါသည်။ ဒါတောင်မလောက်ချင်။)
            ပထမ Chin Swee Road ရှိ Block No. 51 ကို အရင်ရှင်းမည်။ တိုက်ရှိလူကုန် အားလုံးထွက်ကာ Seniors Activity Centre သို့ မိမိအ၀တ်အစားများသယ်ကာ သွားစုကြရမည်။ စုရပ်တွင် dryer ကြီး ၁၂ လုံးထားပေးမည်။ ထို dryer ကြီးများ အတွင်း မိမိတို့ အ၀တ်များထည့်ရမည်။ Dryer  ကြီးများက အပူချိန် ၆၀ ဒီဂရီထိ အပူပေးမည်။ ထိုအခါ ကိုရွှေကြမ်းပိုးများ အားလုံး ဥများပါမကျန် မာလကီးကုန်မည်။ Pest Management အဖွဲ့များက တိုက်တစ်ခုလုံးရှိ ကြမ်းပိုများကို ကြူပင်ခုတ် ကြူငုတ်ပါမကျန် အကုန်ရှင်းမည်။ ဤသို့ရှင်းရန် တိုက်တစ်လုံးလျှင် အနည်းဆုံး ၄ နာရီကြာမည်။
            ဤသို့ရှင်းသည်ဆိုရာ၌ တစ်ကြိမ်ထည်းလုပ်လို့မရ။ ကြမ်းပိုးများမှာ ၃ လ မှ ၆လ လောက်ကြာလျှင် တစ်ကြော့ပြန် လာတတ်၍ ပုံမှန်ရှင်းနေဘို့လိုသည်။ ကြမ်းပိုးကလေးမှာ သေးသေးကလေး ဆိုပေမင့် ပေါ့သေးသေးကလေး တွက်လို့မရ။ အထပ် ၂၀ ပါ တိုက်တစ်လုံးကို ကျကျနန ရှင်းဘို့ရာ လူ ၁၀၀ ခန့်လိုပြီး ပိုက်ဆံ စင်ကာပူဒေါ်လာ ၂၅၀၀၀၀ လောက် ကုန်မည်။ အားပါးပါး။
              အကောင်သေးပေမဲ့ ဒီအကောင်လေးတွေက ခံနိုင်ရည်အား တော်တော်ကောင်းတယ်။ တော်ရုံနဲ့သေတာ မဟုတ်ဘူး။ ပွားတာလည်း အရမ်းမြန်တယ်။ ကြမ်းပိုးမတစ်ကောင်က တစ်ရက်ကို ဥ ၂၀ လောက်ဥနိုင်တယ်။ သွေးတစ်ခါ စုပ်ထားတဲ့ ကြမ်းပိုးတစ်ကောင်ဟာ ရက်ပေါင်း ၁၅၀ လောက် အသက်ရှင်နေနိုင်တယ် ဟု ဒေါက်တာနီယိုကပြောပါသည်။
            ထိုတိုက်များတွင် နေတာကြာပြီဖြစ်သော အသက် ၆၄ နှစ်အရွယ် အဖွားအို Irene Goh က ဒီလို ကြမ်းပိုးတွေလာ ရှင်းပေးမယ်ဆိုတော့ ၀မ်းသာလိုက်တာကွယ်။ ငါတို့ ဒီမှာနေတာ ၄ နှစ်ကျော်ပြီ။ ညည ကြမ်းပိုးကိုက်လို့ ကောင်းကောင်း မအိပ်ရဘူး။ ငါတို့က အသက်ကြီးပြီဆိုတော့ ကြမ်းပိုးကိုက်လို့ နိုးလာရင် ပြန်အိပ်မပျော်တော့ဘူး။ မနက်ကျတော့လည်း အလုပ်သွားဘို့ ၅ နာရီလောက်မှာ ထရတာ ဟု ပြောပါသည်။
            အဘွားအိုအတွက် ကျွန်တော် ၀မ်းသာမိပါသည်။ ကြမ်းပိုးကိုက်၍ နိုးလာသော ကျွန်တော်ပင်လျှင် အိပ်ပျော်အောင် ပြန်အိပ်ရေးအတွက် အခက်အခဲရှိသဖြင့် အဘွားအိုကို ကိုယ်ချင်းစာပါသည်။   
(၃)
            အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် အစာငတ်ခံဆန္ဒပြသူ Anna Hazare ကို အိန္ဒိယအစိုးရက သြဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ Anna Hazare က ဂန္ဒီကြီး၏လမ်းစဉ်အတိုင်း ငြိမ်းချမ်းစွာပင် ဆန္ဒပြခဲ့သည်။ လူထုက သူ့ကို ပြင်းပြင်းထန်ထန် ထောက်ခံခဲ့သည်။
            အသက်စွန့်လွှတ်ဘို့ရာပင် ၀န်လေးသူမဟုတ်သည့် အသက် ၇၄ နှစ်ရှိပြီဖြစ်သော သည်အဖိုးကြီးကို အိန္ဒိယအစိုးရက နောက်ဆုံးတော့ လက်လျှော့ပေးလိုက်ရသည်။ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် သူတို့မူဝါဒများကို ပြန်လည် ပြင်ဆင် ပေးမည်ဟု သဘောတူပါသည်။ အဖိုးကြီးအစာပြန်စားချိန်တွင် သူ့ပတ်ဝန်းကျင်၌ သူ့ကိုချစ်သော ပရိတ်သတ်ကြီးက ၀ိုင်းအုံ နေကာ သမီးကလေးနှစ်ယောက်က ပျားရည်ရောထားသော အုန်းရည်ကို တိုက်သည်။

 

သည်သတင်းကိုဖတ်ရတော့ ကျွန်တော် အတော်လေး ၀မ်းသာမိပါသည်။ သည်ကုလားအဖိုးကြီးအားလည်း ဂန္ဒီကြီး ကို ချစ်သကဲ့သို့ ချစ်မိသွားရပါ၏။ ကျွန်တော်သည်ပင် သည်အဖိုးကြီးကို သည်မျှလေးစားချစ်ခင်ရပါလျှင် သူအနစ်နာခံ လုပ်ပေးနေသော သူ့ပြည်သူပြည်သားများကား မည်သို့ရှိချိမ့်မည်နည်း။ ယခင်က သူ့ကို ပြင်းပြင်းထန်ထန်ပြောခဲ့သော်ငြား ပြည်သူများ၏ ဆန္ဒကို လိုက်လျောခဲ့သော အိန္ဒိယအစိုးရကိုလည်း လေးစားမိပါသည်။
            သည်ဖြစ်ရပ်ကလေးကို တွေ့ရတော့ ကျွန်တော်သတိမရဘဲ မနေနိုင်သူမှာ ဆရာကြီးဒေါက်တာ ဆလိုင်းထွန်းသန်းပင် ဖြစ်ပါသည်။ ဆရာကြီးအတွက် အတော်စိတ်မကောင်းဖြစ်မိပါသည်။
(၄)
သည်သတင်းများကိုဖတ်ရတော့ ကိုယ့်ကိုယ့်ကိုယ် အတော်လေး သနားမိသွားပါသည်။ စိတ်မကောင်းခြင်းလည်း ကြီးစွာ ဖြစ်ရပါ၏။ ယခု ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင်ပြောနေသော မိခင်ဧရာဝတီကြီး ငါးပါးမှောက်စေမည့် အဇာတသတ် စီမံကိန်းကြီးကို ကျွန်တော်တို့ so call အစိုးရသစ်ကြီးသည် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးပါမည်နည်း။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက သဘောမတူသည့်ကိစ္စကို အရေးတယူလုပ် ဆောင်ရွက်ပေးပါမည်လား။
တရုတ်ကလည်း ယူလို့ရတာ အကုန်ယူ ဟူသောစိတ်ထားဖြင့် ဧရာဝတီမြစ်ကို ရေကြောင်းသွားလာရေးအတွက် အသုံးချဘို့ရာ မြန်မာအစိုးရနှင့် လာညှိပြန်သည်။ ဟို ကုလားအုပ်ပုံပြင်ထဲကလို ပထမတော့ ခေါင်းလေး ၀င်ပြစေ။ နောက်တော့ ရှေ့ခြေ ကလေး ၀င်ပြစေ။ နောက်တစ်ကိုယ်လုံး တဲထဲရောက်လာတော့ တဲရှင်မှာ တဲအပြင်ထွက်ပေးလိုက်ရသကဲ့သို့ ကျွန်တော်တို့ လည်း မည်သည့်ကာလတွင် တဲအပြင်ထွက်ပြေးရမည် မသိ။ မန္တလေးကလူတွေတော့ အကုန် မြို့သစ်တွေ ရောက်ကုန်ပြီ။ ယခုလည်း တရုတ်က ရန်ကုန်ထိ အမြန်ရထားလမ်း ဖောက်ဖို့လုပ်နေသည်။ သည်ကိစ္စအားလုံးကို သည်ပရောဂျက်များအား မှီ၍ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာနေသူ သူတို့ သမီးယောက်ဖများမှလွဲ၍ ကျန်ပြည်သူတစ်ရပ်လုံးက လားလားမှ သဘောတူတာမဟုတ်။ သို့သော် ထို အစိုးရဆိုသူတို့သည် ကျွန်တော်တို့ပြည်သူဆန္ဒများကို ဖုတ်လေသည့် ငါးပိ၊ ရှိသည်ဟုမှ သဘောထားပါလေသလား။  
ကြည့်ပါခင်ဗျား။ ဖားကန့်ပါတဲ့။ ကျွန်ုပ်တို့ မြန်မာပြည်ကြီးကို အူအသည်းပြောင်းပြန်လှန်ကာ ရှိသမျှကလီစာ အကုန်ထုတ် ရောင်းစားနေကြတာ တစ်နိုင်ငံလုံး ဤအတိုင်းချည်းမှတ်ပါ။  
ဤပုံမှာ 7 Day News ဂျာနယ်၊ အတွဲ ၁၀၊ အမှတ် ၂၁ ရှေ့မျက်နှာဖုံးတွင်ပါသော သတင်းဓါတ်ပုံဖြစ်ပါသည်။ မူလက သစ်တောဝါးတောကြီးများဖြင့် နေပြောက်မထိုးအောင် စိမ်းစိုနေသော သစ်တောကြီးများမှာ ယခု တလင်းပြင် ဖြစ်နေပါပြီ။ ဤဓါတ်ပုံမှ ဟိုး မိုးကုတ်စက်ဝိုင်းထိ ကြည့်လိုက်စမ်းပါ။ သစ်ပင်ဘယ်နှပင်တွေ့ရပါသနည်း။ အမိမြေကြီးကို ခုတ်ထစ်၊ ဆစ်ပိုင်း ထားလိုက်ကြသည်မှာ တရုတ်ပြည်ကိုပင် အတိုင်းသား မြင်နေရလောက်ပါပြီ။
မေလထုတ် Living Color မဂ္ဂဇင်းပါ ဓါတ်ပုံမှာ ရွှေကျင်နေကြပုံဖြစ်ပါသည်။ တောင်ကြီးများကို မြင်းကောင်ရေ ၅၀၀ မှ ၁၀၀၀ ရှိ အင်ဂျင်ကြီးများဖြင့်မောင်းသော ရေပိုက်လုံးကြီးများဖြင့် ဖြိုချနေကြသည်မှာ ကြောက်မက်ဖွယ်ဖြစ်ပါသည်။ ထိုရွှံရေများသည် ချင်းတွင်းမြစ်အတွင်း စီးဝင်ကာ ယခု ချင်းတွင်းမြစ်မှာ တစတစ တိမ်ကောလာရာ နွေအခါတွင် သင်္ဘောများမသွားနိုင်သည့် အခြေအနေသို့ ဆိုက်လာပါပြီ။ မိုးတွင်းတွင်ပင်လျှင် စိတ်ချလက်ချ မောင်းလို့မရတော့။ ရေစူးမှာ အလွန်တိမ်သွားသဖြင့် သောင်တင်မှုများ မကြာခဏဖြစ်လာကာ မြစ်ညာရောက်သည်ထိ ဆန်မတက်နိုင်တော့ပါ။ ကျွန်တော်အချိန်ရလျှင် ဤဆောင်းပါးကိုလည်း ပြန်လည်ဝေမျှပါမည်။
ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) ဘေးနားတွင် ကျောပြင်ကြီးတစ်ခု ရှိပါသည်။ ယခင်က ကျွန်တော်တို့ရွာအပါအ၀င် အနီးပတ်ဝန်းကျင်ရွာများမှ ထိုကျောပေါ်တွင် မိုးအခါ နွားတက်ကျောင်းသည်။ တောင်ယာ ခုတ်သည်။ ဆောင်းအခါများ၌ မြေပဲစိုက်ကြသည်။
ယခုမူ ဗိုလ်မှူးဘယ်သူဆိုလား ရောက်လာကာ ထိုကျောပြင်ကြီးတစ်ခုလုံးကို သူ့ယောက္ခမထံမှ အမွေရထားသည့် မြေအလား ၀င်းခြံခတ်လိုက်ပါသည်။ ရှိသမျှအပင်များအားလုံး ခုတ်ကာ သီဟိုလ်စိုက်မည်ဆိုလား လုပ်ပါသည်။ ကျွန်တော်တို့ရွာမှ ဆယ်တန်းလောက်ထိ ကျောင်းတက်ဖူးသော ကောင်လေးများပင် စာရေးသွားလုပ်နေပါသေး၏။ ယခင်က စိမ်းစိုညို့မှိုင်းနေ သော ကျောကြီးမှာ ယခုတော့ ပြောင်တလင်းဖြစ်နေပါပြီ။ ထိုမျှသာမက အနီးတွင်ရှိသမျှ ၀ါးရုံအားလုံးကို သိမ်းကျူံးခုတ်ကာ ပျော့ဖတ်အဖြစ်လာဝယ်သော လော်ရီကားကြီးများသို့ ရောင်းပါသည်။ အောင်မယ်၊ ကျွန်တော့်တူမယောက်ျား၊ ကျေးရွာလူကြီး တောင် ကန်ထရိုက်ယူ လုပ်နေပါသေး။ ၀ါးပင်ကို အပင်ခုတ်ရုံမျှသာမက အမြစ်ကိုပါတူးယူတာ ဟု အဖေကြီးက ရင်ထုမနာ ပြောပါသည်။ မည်မျှဆိုးပါသနည်း။
 ကျွန်တော်ငယ်စဉ်က သစ်ဝါးလိုလျှင် အဖေကြီးနှင့် သားအဖနှစ်ယောက် မနက်ဝေလီဝေလင်းသွား။ နေ့လည်စာစားအမီ  ၀ါးလှည်းတစ်စီးနှင့် ပြန်လာနိုင်ပါသည်။ ယခုတော့ တစ်ညအိပ်သွားတာတောင် ၀ါးကောင်းကောင်းမရတော့ဟု ကျွန်တော့် တူများက ပြောပြပါသည်။ ဤသည်မှာ ကောင်းသည့် အလားအလာပါလား။
(၅)
ကျွန်တော်ပြီးခဲ့သည့်တစ်ခေါက် ရန်ကုန်ပြန်တော့ နေပြည်တော်ဆိုတာကြီးကို သွားလေ့လာပါသည်။ အလွန်ကောင်းမွန်၊ ကျယ်ပြောလှသော ၈ လမ်းသွား ၁၀ လမ်းသွားလမ်းမကြီးများပေါ်တွင် တစ်စီးတလေမှလွဲ၍ ကားများကို မတွေ့ခဲ့ရပါ။ လူသူ ဆိတ်သုဉ်းနေသည့် များပြားလှစွာသော ၀န်ထမ်းတိုက်တန်းလျားများတွင်မူ မီးများထိန်ထိန်လင်းနေပါသည်။ လူသူနည်းပါးလှ သော ရေကန်ပတ်လည်ကိုတော့ မီးပြေးများဖြင့် အလှဆင်ထား၏။ ကားရှိသူများသာ လာနိုင်သည့် ရေပန်းဥယျာဉ်ကိုလည်း တောထဲတွင် ဟီးနေအောင် ပြင်ထားပါသည်။ ယခုလည်း မိုင် ၃၀ ရှည်မည့် မြေအောက်ရထားလမ်းကို ဖောက်ဦးမည်။
ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့ကို ဖွဲ့ပြီး လစဉ်လှူနေတော့ အလှူနေရာများစုံစမ်းရန် မြန်မာပြည် တစ်နံတစ်လျားရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများစွာသို့ ရောက်ခဲ့ပါသည်။ များစွာသော မူလတန်းကျောင်းကလေးများမှာ နွားတင်းကုပ်သာသာမျှသာ ဖြစ်ပါသည်။ လေးတိုင်စင်ထိုးလျှက် သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက် ဖြစ်ပါသည်။ ကာထားသော ထရံမှာ ပိုက်ဆံမရှိလို့ ထပ်မကာနိုင်တော့သည်နှင့် ဆွေးမြေ့ပေါက်ပြဲ ကျနေတာ များပါသည်။
ဤအကြောင်းများ ကျွန်တော့်တွင် ဓါတ်ပုံမှတ်တမ်းများနှင့် ကျကျနနရှိပါသည်။ သိလိုသူများ အောက်ပါလိပ်စာသို့ အချိန်မရွေး လာမေးကြပါ။
သို့ဆိုလျှင် -
မြေကြီးပေါ်ထိုင်ပြီး သည်အတိုင်းစာသင်နေရသော ကလေးများအရေးထက် မည်သူမျှမနေသော၊ မည်သူမျှ မသွားသော သည်အိမ်နှင့် လမ်းမကြီးများက ပိုအရေးကြီးပါသလော။
ငတ်ပြတ်နေသော ပြည်သူများအရေး၊ နာဂစ်လေဘေး၊ ရခိုင်လေဘေး၊ ပဲခူးရေဘေး၊ မန္တလေးရေဘေး စသဖြင့် သဘာဝ ဘေးအန္တရာယ်များကြောင့် အတိဒုက္ခရသော ပြည်သူများအရေးထက် မည်သူမျှ စီးမည်မဟုတ်သော မြေအောက်ရထားလမ်း က ပိုပြီး အရေးကြီးလှပါသလော။
(၆)
ကြမ်းပိုးကိုက်တာကို ပိုက်ဆံများစွာအကုန်ခံပြီး အရေးစိုက်ပေးသော ဒေါက်တာနီယို၊ ပြည်သူများအတွက် အသက်သေသေ ဆိုပြီး အစာငတ်ခံဆန္ဒပြခဲ့သော Anna Hazare ၏ ဆန္ဒကို လိုက်လျောခဲ့သော အိန္ဒိယအစိုးရ - တို့၏ သတင်းများကို ဖတ်မိသောခဏ -
ကျွန်တော် -
ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန်တော်တို့ပြည်သူများအတွက် အလွန်အင်မတန် စိတ်မကောင်းဖြစ်မိ၊ များစွာမှ ၀မ်းနည်းမိပါ တော့သည်။
အေးငြိမ်း
၃၀။၈။၂၀၁၁ နံနက်လင်းအားကြီး ၂ နာရီ ၅၄ မိနစ်
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: (65)97303027

Saturday, August 20, 2011

ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ

(၁)

စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complaint များမှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများ အနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ဈေးသက်သာပြီး ကျွမ်းကျင်သော နိုင်ငံခြားသားများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရမှု စသည်တို့ ပါဝင်ပါသည်။


အဘယ်ကြောင့် သူတို့ဤကဲ့သို့ ပြောဆိုနေကြသည်ကို သေချာစွာသိနိုင်ရန် စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။ ပထမဦးစွာ စင်ကာပူသို့ အလုပ်လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ မိသားစုရှေ့ရေးကြောင့်သော်လည်းကောင်း ပြောင်းရွှေ့ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေကို လေ့လာပါမည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စင်ကာပူအစိုးရ စာရင်းအင်းများအရ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အနှစ် ၃၀ အတွင်း စင်ကာပူတွင် တိုးတက်လာသော လူဦးရေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Population Size and Growth in Singapore from 1980 to 2010
(www.singstat.gov.sg/pubn/popn/c2010acr/key_demographic_trends.pdf )

မှတ်ချက်။ ။ Singapore Permanent Resident (SPR) များကို local သို့မဟုတ် resident များအဖြစ် သတ်မှတ် ပါသည်။ ထို Singapore Citizen (SC) နှင့် SPR များမှ ကြွင်းသော ကျန်သူများအားလုံးကို Non-Resident (Foreigner) များအဖြစ် သတ်မှတ်ပါသည်။


၎င်းကို ပိုပြီးထင်သာမြင်သာရှိစေရန် ရာခိုင်နှုံးဖြင့် ပြန်ပြောင်းလျှင် အောက်ပါဇယားအတိုင်းရပါသည်။

စင်ကာပူတွင် လာရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ဦးရေ (ရာခိုင်နှုံး)

ဤဇယားကို ကြည့်ခြင်းဖြင့် စင်ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါသည်။ ၁၉၈၀ ခုနှစ်များက စင်ကာပူနိုင်ငံတွင် ပီအာအပါအ၀င် နိုင်ငံခြားသားဦးရေမှာ ၁၀ ရာခိုင်နှုံးမျှသာ ရှိသော်လည်း ၂၀၁၀ ခုနှစ်သို့ရောက်သောအခါ စင်ကာပူနိုင်ငံတွင် စင်ကာပူနိုင်ငံသားစစ်စစ်မှာ ၆၄ ရာခိုင်နှုံးမျှပင် မပြည့်တော့ပါ။


စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားဦးရေ တိုးတက်လာမှုမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှု (တိုးတက်နှုံး)



အထက်ပါဇယားကို ကြည့်လျှင် စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြားလာခဲ့ရာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ၁၅ ရာနှုံးမှ ၁၉ ရာနှုံးထိ မြင့်တက်လာသည်ကို တွေ့နိုင် ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဤမျှများပြားလာသော နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကျေမနပ်ဖွင့်အံလာချက်များကြောင့် ပြန်လည်လျှော့ချခဲ့ရာ ၂၀၁၀ တွင် ၄.၁ ထိ ကျဆင်းသွားခဲ့သည်ကို တွေ့နိုင်ပါသည်။ ဤသို့လျှော့ချလိုက်သည့် အတွက်ပင် စင်ကာပူသို့လာရောက် အလုပ်ရှာသူ မြန်မာများအနက် အလုပ်မရဘဲ ပြန်သွားရသူ တိုးတက်များပြား လာခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် လက်ရှိလုပ်နေသူများကိုပင် သက်တမ်းတိုးမပေးခြင်း၊ တိုးပေးသည့်တိုင် အကန့်အသတ်ဖြင့်သာ တိုးပေးခြင်း စသည်တို့ နှင့် ကြုံတွေ့ရလျှက် ရှိပါသည်။


၂၀၀၀ ပြည့်နှစ်များက စင်ကာပူ PR ရရန် အလွန်ခဲယဉ်းခဲ့ပါသည်။ သို့သော် ၂၀၀၄ ဇူလိုင်တွင် Work Pass အသစ် တစ်မျိုးဖြစ်သော S Pass ကို ချထားပေးလိုက်ပြီး S Pass holder များအား PR လျှောက်ခွင့်ပေးခဲ့ပါသည်။ ဤသည်မှစ၍ မြန်မာနိုင်ငံတွင် ဘွဲ့ရလာသူများ၊ GTI အောင်လာခဲ့သူ အများအပြား PR ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၂၀၀၉ ခုနှစ်တွင် PR ချထားပေးခဲ့မှုမှာ ၁၁.၅ % ထိ မြင့်တက်ခဲ့၏။ သို့သော် ဤကဲ့သို့ PR ချထားပေးခဲ့မှုများကို ၂၀၀၉ နှစ်တွင် ပြန်လည်တင်းကျပ် ခဲ့ရာ ယခင်က မြန်မာနိုင်ငံမှ GTI ပြီးလာခဲ့သူများပင် PR ရခဲ့သော်လည်း ယခုအခါ NTU, NUS တို့မှ M.Sc ပြီးသူများကိုပင် PR ရရန် မသေချာသည့် အခြေအနေသို့ ရောက်ခဲ့ပါသည်။

၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များက NTU တွင်တက်ရောက်ပညာသင်ကြားနေသူ မြန်မာနိုင်ငံသူ M.Sc ကျောင်းသူ တစ်ဦးအား ကျောင်းတက်နေစဉ်က PR Offer letter (ကျောင်းပြီးလျှင် PR လျှောက်နိုင်ခွင့်) ပေးထားခဲ့သော်ငြားလည်း အမှန်တကယ် ကျောင်းပြီးလာသည့်အခါ ၎င်း စာကို ပြန်လည်ရုပ်သိမ်းကာ သူမလျှောက်ထားသည့် PR လျှောက်လွှာကို reject လုပ်ခဲ့ပါသည်။ သူမမှာ စင်ကာပူနိုင်ငံ၊ အလွန်နာမည်ကြီးလှသော NTU (Nanyan Technological University) မှ M.Sc ဘွဲ့ရခဲ့သည့်တိုင် သင့်တော်သော အလုပ်တစ်ခုကို မရနိုင်ခဲ့သည့်အတွက် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရပြီ ဖြစ်ပါ သည်။ သုံးနှစ်တာ ပညာသင်နှစ်အတွင်း ကုန်ဆုံးခဲ့သော ပညာသင်စရိတ် မြန်မာငွေ သိန်း ၂၀၀ ခန့် နှင့် သူမ၏ ကြိုးစား အားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ရပါသည်။

(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။

Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။

စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx

အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း

Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။

Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။

BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို ကျွန်တော်ရေးသော အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

MYE : Man Year Entitlement, Construction sector အတွက် MYE ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ၁၀% ထိ လျှော့ချလိုက်ပါသည်။ MYE အကြောင်းအသေးစိတ်သိလိုသူများ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

excempted from MYE : Construction တွင် အနည်းဆုံးလုပ်သက် ၂ နှစ်ရှိသူများမှ လျှောက်နိုင်ပါသည်။

Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀% မှ ၃၅% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၅ % မှ ၅၀% ထိရှိခြင်း

S Pass များအတွက် Levy မှာ ယခင်က တစ်လလျှင် ၅၀ ဖြစ်သော်လည်း ယခုအခါ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။

ယခု စင်ကာပူနိုင်ငံ၌ နိုင်ငံသားနှင့် နိုင်ငံခြားသားများအား အလုပ်အကိုင် ခန့်ထားမှု အချိုးအစားကို လေ့လာကြည့် ပါမည်။

နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှု အခြေအနေ (2010 Labor Force Survey Findings)

(Ref: http://www.mom.gov.sg/statistics-publications/national-labour-market-information/publications/Pages/report-labour-force-sg.aspx)

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှုကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။


ဤဇယားကိုကြည့်လျှင် စင်ကာပူနိုင်ငံသားများ အဘယ်ကြောင့် အလုပ်အကိုင်ခန့်ထားမှုအပေါ် ဒေါသထွက်နေ ရသနည်း ဆိုသည်ကို ထင်ရှားစွာ မြင်နိုင်ပါသည်။ အလုပ်အကိုင်အားလုံး၏ ၃၅ ရာခိုင်နှုံး (သုံးပုံတစ်ပုံ) ကို နိုင်ငံခြားသား များက နေရာယူထားသောကြောင့် ဖြစ်ပါသည်။ (နိုင်ငံခြားသားဟု ဆိုရာတွင်ပင် စင်ကာပူပီအာများ မပါသေး ဆိုသည်ကို သတိပြုရန် လိုပါသည်။)စင်ကာပူမှ အလုပ်လက်မဲ့နှုံး မှာ ဇွန်လ၊ ၂၀၁၁ စာရင်းများအရ အောက်ပါအတိုင်း ဖြစ်ပါသည်။



သို့ဆိုလျှင် စင်ကာပူနိုင်ငံသားများ အမှန်တကယ် အလုပ်မရကြတော့ပြီလော ဆိုသည်ကို ဆန်းစစ်ရန် စင်ကာပူမှ အလုပ်လက်မဲ့အခြေအနေကို လေ့လာရန် လိုပါသည်။


(Ref: http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=373)

ဇွန်လ၊ ၂၀၀၉ - ၄.၅ % (ဦးရေအားဖြင့် - ၉၀၃၀၀)
ဇွန်လ၊ ၂၀၁၀ - ၃.၂ % (ဦးရေအားဖြင့် - ၆၅၅၀၀)
ဇွန်လ၊ ၂၀၁၁ - ၃.၀ % (ဦးရေအားဖြင့် - ၆၂၇၀၀)

ယခု ၂၀၁၁ ခုနှစ်တွင် ဇူလိုင်လ၌ မတ်လကထက်စာလျှင် အလုပ်လက်မဲ့နှုံး အနည်းငယ် မြင့်တက်လာ သည်။ အကြောင်းမှာ တက္ကသိုလ်ပညာပြီးဆုံးသူများ အလုပ်ရှာမှု ပိုမိုများပြားလာသည့်အတွက် ဟု ဖော်ပြထားပါသည်။ ထိုစာရင်းအရ စင်ကာပူတွင် အလုပ်လုပ်နေသူဦးရေ စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် ဒုတိယလေးလပတ်၌ ၃၁၅၆၉၀၀ (၃ သန်း ၁ သိန်းကျော်) ဖြစ်ကြောင်း သိရပါသည်။


ဤသည်ကို ကြည့်လျှင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ အတွင်း အလုပ်လက်မဲ့နှုံးမှာ လျော့ကျသွားသည်ကို တွေ့နိုင်ပါသည်။ သို့ဆိုလျှင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာမှုကြောင့် အလုပ်လက်မဲ့ဦးရေ တိုးလာမလာ လေ့လာကြည့်ပါမည်။


အထက်ပါဇယားအရ အလုပ်လက်မဲ့ဦးရေမှာ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ တွင်သာ အနည်းငယ် တိုးမြင့်လာပြီး နောက်ပိုင်းနှစ်များ၌ ပြန်လည်လျော့ကျသွားသည်ကို တွေ့မြင်နိုင်ပါသည်။ အဓိပ္ပါယ်မှာ နိုင်ငံခြားသားများ တိုးတက်ဝင်ရောက် လာသလောက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာခဲ့သည်။ သို့အတွက် ဌာနေ စင်ကာပူနိုင်ငံသားများ၏ အလုပ်အကိုင်ရရှိမှုအပေါ် ထိခိုက်မှုမရှိပါဟု သုံးသပ်နိုင်ပါသည်။

(၃)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာနေမှုကို ကန့်သတ်ရန် ဒုတိယအကြိမ် စင်ကာပူအစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ အခြေခံလစာများအား တိုးမြှင့်ခြင်း ဖြစ်ပါသည်။


စင်ကာပူတွင် အခြေခံလစာများကို ၂၀၀၁ ခုနှစ်က သတ်မှတ် ပြဌာန်းပေးလိုက်ပြီး (ငွေဖောင်းပွမှု များရှိနေသည့်တိုင်) မပြင်ဘဲ ထားခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုမျှ ကြာခဲ့ပါပြီ။ ယခုမူ နိုင်ငံခြားသား အလုပ်ခန့်ထားမှုကို တင်းကျပ်နိုင်စေရန် အခြေခံ လစာများကိုလည်း ပြင်ဆင်ခဲ့ရာ ယခုနှစ်တစ်နှစ်တည်းအတွင်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။

ယခင်က အခြေခံလစာ နှုံးထားများမှာ (၂၀၀၄ ခုနှစ်အလွန်နှစ်များက) -


S Pass Holder: S$1800
Q1 Pass (EP): S$2500
P2 Pass: S$3500
P1 Pass: S$7000 - ဖြစ်၏။

၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုနှုံးများကို အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်လိုက်ပါသည်။

S Pass Holder: S$2000
Q1 Pass (EP): S$2800
P2 Pass: S$4000
P1 Pass: S$8000

NDP 2011 (National Day Parade Rally) တွင် စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီဆင်လုံး ပြောသွားသည့် မိန့်ခွန်းမှ ကျွန်တော်တို့နှင့် တိုက်ရိုက်ပတ်သက်နေသော အကြောင်းများကို အောက်တွင် အတိုချုပ် ဖော်ပြလိုက်ပါသည်။ ၀န်ကြီးချုပ်၏ မိန့်ခွန်းမှာ အလွန်ရှည်လျှားလှသည်ဖြစ်ရာ လိုသလောက်သာ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။


ဝန်ကြီးချုပ်က အိမ်ဝယ်ခြင်း၊ ငှားခြင်း နှင့် ပညာရေးတွင် Singaporeans come first ဟုဆိုကာ ယခုနှစ်တွင် အိမ်သစ် ၂၅၀၀၀ ဆောက်ပေးမည်။ လာမည့်နှစ်တွင်လည်း အလားတူပင် အိမ်သစ် ၂၅၀၀၀ ထပ်မံဆောက်ပေးဦးမည်။ စင်ကာပူနိုင်ငံသားများ အိမ်ဝယ်နိုင်ရန် မည်သို့ စီစဉ်ထားသည်။ အိမ်မ၀ယ်နိုင်သည့် အနည်းငယ်သော နိုင်ငံသားများ အတွက်လည်း ငှားနေနိုင်ရန် အိမ်ခန်း ၇၀၀၀ စီစဉ်ထားသည် စသည်ဖြင့် ကတိပေး ပြောကြားသွားပါသည်။

ထို့ပြင် တက္ကသိုလ်တက်ရမည့်အရွယ်ရှိသူ လေးဦးတွင် တစ်ဦးသည် တက္ကသိုလ်ပညာကို သင်ယူနေကြောင်း၊ လက်ရှိတွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁၂၀၀၀ ရှိကြောင်း။ လွန်ခဲ့သည့် ၁၀ နှစ်ကမူ စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၉၀၀၀ မျှသာရှိကြောင်း။ နောင်လာမည့် ၄ နှစ်အတွင်း နိုင်ငံသားများအတွက် တက္ကသိုလ်တွင် နေရာ ၂၀၀၀ ထိ ထပ်မံလက်ခံသွားမည်ဖြစ်ကြောင်း။ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁၄၀၀၀ ထိ ရှိလာမည်ဖြစ်ကြောင်း။

စင်ကာပူပိုလီကျောင်းသား တစ်ဦးက ၎င်းအား S Pass တစ်ဦးအနေနှင့် လခ ၁၈၀၀ ရနေချိန်တွင် ပိုလီကျောင်းဆင်း ဒီပလိုမာတစ်ဦးအနေနှင့် သည့်ထက်ပိုသော လခရကြောင်း၊ သို့သော် ထို S Pass များသည် အလုပ်ရှာချိန်တွင် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်နေခဲ့သည် ဟု ပြောခဲ့ကြောင်း။ ထို့ကြောင့်ပင် S Pass အခြေခံလစာများကို ၁၈၀၀ မှ ၂၀၀၀ သို့တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း။ သို့တိုင် လိုအပ်ချက်များကိုဖြည့်ဆည်းရန် နိုင်ငံခြားသား အလုပ်သမားများ ဆက်လက်လိုအပ်နေဦးမည် ဖြစ်ကြောင်း။

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် စင်ကာပူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ထိပ်ပိုင်းစီးပွားရေး လုပ်ငန်းများအတွက် ကျွမ်းကျင်သောစီးပွားရေးပညာရှင်၊ လုပ်ငန်းရှင်များလိုနေသေးကြောင်း။ မိမိတို့ အစိုးရလုပ်ကိုင်နေသည် များကို လေ့လာကြည့်လျှင် အောက်ခြေကိုသာ တင်းကျပ်နေသော်လည်း ထိပ်ပိုင်းကို ဖွင့်ပေးထားတာ တွေ့ရမည်ဖြစ်ကြောင်း။ ထိပ်ပိုင်းနှင့်အောက်ခြေအကြား အလယ်အလတ်တန်းစား ကျွမ်းကျင်သူပညာတတ်များအတွက်မူ ထပ်မံ ထိန်းညှိရန် လိုကြောင်း၊ ထိုသူအများစုမှာ Employment Pass (EP) holder များ ဖြစ်ကြောင်း။

အစိုးရအနေနှင့် နိုင်ငံခြားအလုပ်သမားများကို တင်သွင်းခြင်းတွင် လိုအပ်သည့်စီမံခန့်ခွဲမှု၊ ပြန်လည်ဆန်းသစ်မှုများ ပြုလုပ်ရန် လိုသည့်တိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူ နိုင်ငံခြားသား အလုပ်သမားများမှာ မရှိမဖြစ် ဆက်လက်လိုအပ်နေဦးမည်သာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဝန်ကြီးချုပ်မိန့်ခွန်းပြောပြီး မရှေးမနှောင်းမှာပင် ယခုမှအသစ်စက်စက် ပြောင်းပြီးစ လခများအား ထပ်မံ ပြင်ဆင် လိုက်ပြန်ပါသည်။ ၀န်ကြီးချုပ်ပြောသကဲ့သို့ပင် EP အခြေခံလခများကို ပြင်ဆင်ခြင်း ဖြစ်၏။ အသစ်ပြင်ဆင်လိုက်သော အခြေခံလခများကား အောက်ပါအတိုင်း ဖြစ်ပါသည်။

(Ref: 1. Yahoo News: MOM tightens Employment Pass criteria on 16 Aug, 2011
2. http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=377)

MOM မှ ထုတ်ပြန်သော သြဂုတ်လ ၁၆၊ ၂၀၁၁ နေ့စွဲပါ ကြေငြာချက်

Enhancements to the Employment Pass Framework
(New assessment criteria to take effect from 1 January 2012)

S Pass Holder: S$2000
Q1 Pass (EP): S$3000
P2 Pass: S$4500
P1 Pass: S$8000

လက်ရှိ EP များကို တစ်နှစ်သာ သက်တမ်းတိုးပေးမည်။ ယခုနှစ်ကုန်လျှင် ၂၀၁၂ မှစကာ လခနှုံးထား အသစ်ဖြင့် ထပ်မံလျှောက်ရမည်ဟု ဖော်ပြထားသည်။ ဤအပြောင်းအလဲသည် ၃ သောင်းမျှသော အချို့ EP များအား အကျိုးသက်ရောက်မည် ဖြစ်သည်။ သို့သော် MOM က နိုင်ငံခြားသား အလုပ်သမားခန့်ထားမှုကိုမူ စုစုပေါင်း လုပ်သားဦးရေ၏ သုံးပုံတစ်ပုံ၌ ထိန်းထားမည်ဟု ဆိုပါသည်။

၎င်းတို့အဆိုအရ စင်ကာပူစီးပွားရေး ဦးမော့လာချိန် ၂၀၁၀ တွင် EP လျှောက်ထားမှု သိသာစွာ မြင့်တက်လာပြီး ၂၀၁၀ ဇွန်လမှ ၂၀၁၁ ဇွန်လအတွင်း ၁၄% မှ ၂၈ % ထိ နှစ်ဆမျှ မြင့်တက်လာသည်။ ၎င်းကို ထိန်းရန် ယခုကဲ့သို့ လခများ ပြင်ရပါသည် ဟု ဆို၏။ ယခုအခါ EP Holder ၁၄၂၀၀၀ ထိ ရှိသည်ဟု ဖော်ပြထားပါသည်။

သို့သော်လည်း ၀န်ကြီးချုပ်က ဤကဲ့သို့ နိုင်ငံခြားသားများ၏ လည်ပင်းကိုညှစ်လိုက်ခြင်းသည် စင်ကာပူနိုင်ငံသားများ အား အော်တိုမက်တစ် လခကောင်းကောင်း၊ နေရာကောင်းကောင်းသို့ ရောက်ရပါစေမည်ဟု အာမခံခြင်းမဟုတ်ကြောင်း၊ သင်းတို့ ယှဉ်ပြိုင်ရမည်မှာ စင်ကာပူရောက် နိုင်ငံခြားသားများသာမဟုတ်ပဲ ကမ္ဘာ့အဆင့် လုပ်သားများဖြစ်ကြောင်း ထည့်သွင်း ပြောသွားတာလည်း တွေ့ရပါလေသေး၏။

အမှန်ဆိုရလျှင် ဤကဲ့သို့ အခြေခံလစာ ပြောင်းလဲမှုများကို သူရို့ စင်ကာပူနိုင်ငံသားများ အပါအ၀င် တော်တော် များများမှာ မနှစ်သက်ကြပါ။

အထက်ပါသတင်း ထွက်ပေါ်လာပြီးနောက် ထိုသတင်းအပေါ် ဆွေနွေးချက် ၅၀၀ ခန့်ထွက်ပေါ်လာပါသည်။ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ မူရင်းဖတ်လိုသူများ http://sg.news.yahoo.com/blogs/singaporescene/mom-tightens-employment-pass-criteria-111607991.html တွင် ဖတ်နိုင်ပါသည်။ အသေးစိတ်ဆိုလျှင် ပျင်းစရာကြီးဖြစ်မှာစိုးပါသဖြင့် လိုတိုရှင်းပဲ ရေးလိုက်ပါ သည်။

- ဒါဆို လခကို ၁၈၀၀ ဆိုပြီး အလုပ်ရှင်ကို ပြန်ပေးနေရတဲ့ သူတွေကျတော့ ဘယ်လိုပြောမလဲ။ ဆိုလိုတာက ပေးတဲ့ လစာကတော့ ၁၈၀၀ ဟုတ်ပါရဲ့။ ဒါပေမဲ့ တကယ်ရတာက ၁၅၀၀ ပဲဖြစ်ပြီး ၃၀၀ ကို အလုပ်ရှင်ကို ပြန်ပေးလိုက်ရတာ။ S Pass ဆိုပေမဲ့ တချို့ဆို ၁၂၀၀ ပဲရတယ်။ တချို့ ၁၀၀၀ ပဲရတယ်။


- ဒီလို လခတိုးလိုက်တဲ့အပေါ် အလုပ်ရှင်တွေကတော့ ပျော်နေမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က လခ ၃၀၀၀ ပေး ပါတယ်လို့ ပြမယ်။ တကယ့်တကယ်ကျတော့ ၂၂၀၀ ပဲပေးမယ်။ သူတို့က သပိတ်ဝင်အိတ်ဝင် တစ်လကို ၈၀၀ အမြဲ ပြန်ရနေမယ်။ တစ်ခါ Income Tax ပေးဘို့ကျတော့ အဲဒီ ၈၀၀ ပါ ထပ်သက်သာသွားပြန်တယ်။ ဒီလို လခ ပြောင်းလိုက်ရုံနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ၀င်လာမှုကို ထိန်းနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပဲ။


- အလုပ်သမားတွေက အလုပ်ရှင်ကို ဒီလိုပြန်ပေးနေရတယ် ဆိုတာ MOM အရာရှိတွေ သိနိုင်တာပဲ။ ဒါဖြင့် ဒီကိစ္စ ဘာကြောင့် အရေးမယူဘဲ ရေငုံနေကြသလဲ။


- သူတို့ဘယ်လိုပြောင်းပါတယ် ဆိုစေ။ ဒီလို လိမ်ညာမှုတွေကတော့ အလုပ်ခန့်ထားရေးမှာ ရှိနေဦးမှာပဲ။ ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံခြားအလုပ်သမားတွေကို ထိန်းနိုင်တယ် လို့ပြောတာ ဦးဏှောက်မရှိတဲ့သူတွေကိုပဲ ညာလို့ ရမှာပေါ့ကွယ်။ ဒါပေမဲ့ ငါတို့မှာလည်း တွေးတတ်ခေါ်တတ်တဲ့ ဦးဏှောက်ရှိတယ်ဆိုတာ မေ့မထားစေချင်ဘူး။


- ဒီမှာ အလုပ်သမားတွေကို အလိမ်အညာ လခတွေနဲ့ခန့်နေတယ် ဆိုတာ MOM လူကြီးမင်းများကလွဲလို့ တစ်နိုင်ငံ လုံးသိတယ်။ MOM လူကြီးမင်းများခင်ဗျာ၊ စင်ကာပူတစ်ကျွန်းလုံးက ကော်ဖီဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆီက ပြည်ကြီးတရုတ် ၀န်ထမ်းတွေဆီက ပိုက်ဆံတွေကို ပြန်ယူနေပါတယ်။ လူကြီးမင်းတို့ စားပွဲမှာထိုင်ပြီး ငိုက်မျဉ်းနေ မဲ့အစား အရေးယူဆောင်ရွက်ကြဘို့ တိုက်တွန်းလိုပါတယ်။


- ဒီနေရာမှာ မစ္စတာ Tharman ကျန်ခဲ့တာတစ်ခု ပြောချင်ပါတယ်။ သူက နိုင်ငံခြားသားလို့သာ ပြောတာပါ။ တကယ်ဆို PR တွေနဲ့ ခုမှ ဖြစ်လာတဲ့ အသစ်ကျပ်ချွတ် စင်ကာပူနိုင်ငံသားတွေကိုရော ထည့်မတွက်သင့်ဘူးလား။ သူတို့လဲ ကျုပ်တို့ကို ပြိုင်နေတာပဲ။ ငါတို့မှာ စင်ကာပူနိုင်ငံသားတွေနဲ့ လည်ပတ်နေတဲ့ ဟာတွေ ရှိပြီးသားပဲ။ ဘာနောက်ထပ်မှ hawkers, lounge hostesses, KTV hostesses, cleaners, bartenders, sales assistants, warehouse workers etc တွေမလိုတော့ပါဘူး။ ခင်ဗျားတို့ဟာ တကယ့်စင်ကာပူနိုင်ငံသားစစ်စစ်တွေအတွက် ထည့်သွင်းစဉ်းစားတာများရှိပါသလား လူကြီးမင်းများ ခင်ဗျား။
(မစ္စတာ Tharman မှာ စင်ကာပူ MOM ၀န်ကြီး ဖြစ်သလို ဒုဝန်ကြီးချုပ်လည်း ဖြစ်ပါသည်။ သူက EP များ လခတိုး ရခြင်းအကြောင်း ရှင်းလင်းတင်ပြချက်အပေါ် ပြန်လည်ဝေဖန်တာ ဖြစ်ပါသည်။)


- ၂၀၁၀ မှာ စင်ကာပူမှာ မွေးတဲ့သူ စစ်စစ်ဟာ 57.36% ပဲ ရှိပါတယ်။ 43% က နိုင်ငံခြားသားလို့ ခေါ်ရမဲ့ ဟာတွေပါ။ အလဲ့ကွယ်၊ သဟာဖြင့် Singapore လို့ခေါ်မဲ့အစား Chinapore, Indiapore and Earthpore လို့ပဲ ခေါ်လိုက်ကြပါ စို့ရဲ့ အရပ်ကတို့။

- Silverman 10 hours ago

JOB OPENING FOR ALL TRUE SINGAPOREAN ONLY
( PR and FT may apply using back door)

Position: MINISTER

Requirement:

1 ) Able to Alibaba talking convincingly is a MUST.
2 ) Uniform provided- white shirt and pants.

Job Scope

1) Always Smile.
2) Overtime work - (Field Allowance & TV Crew provided)

a- Go to field - Wet market and hawker center.
b- Shake anyone hand and "Say hello and how are you"
and quickly go to next person or next table...repeat again.
Salary : 1 million - Singapore Dollars

(တစ်ယောက်က ကလေးချီပြီး ဓါတ်ပုံအရိုက်ခံရမယ် ဆိုတာပါ ထပ်ထည့်ထားလိုက်သေး)။

(၄)

အထက်ပါသတင်းများအပေါ် စင်ကာပူနိုင်ငံမှ သြဇာရှိသူ လုပ်ငန်းအကြီးအကဲများမှ ဝေဖန်သုံးသပ်ချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(CNA News on 16 Aug 2011)
ASME disappointed over stricter Employment Pass criteria

Singapore Business Federation (SBF) ၏ CEO ဖြစ်သူ Mr. Ho Meng Kit က Levy များကို မြှင့်တင်ပြီး မကြာမတင်မီမှာ ပင် ယခုကဲ့သို့ လုပ်ခလစာများကို ပြင်ဆင်ခြင်းဖြင့် နိုင်ငံခြားသား လုပ်သားများ သိသာစွာကျဆင်းလိမ့်မည်မဟုတ်ပဲ အလုပ်ရှင် များ များသောအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) ကို ကုန်ကျ စရိတ်များသာ တိုးမြင့်လာစေမှာဖြစ်ကြောင်း၊ အစိုးရအနေနှင့် စင်ကာပူနိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာစေရန် ဖန်တီးပေးရာတွင် PME (professional, manager, executive) အပါအင် အချို့အလုပ်များမှာ စင်ကာပူ နိုင်ငံသားများကို ဆွဲဆောင်မှုအားနည်းနေသေးတာကို လက်ခံရန်လိုကြောင်း ၊ EP နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အသံကိုလည်းနားထောင်ရန်လိုကြောင်း၊ EP များခန့်ထားမှုကို လျော့ကျသွားစေမည့် ပြင်၊ EP များခန့်ထားသည့် လုပ်ငန်းများကိုပါ ထိခိုက်သွားလိမ့်မည်ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။

Tighter Employment Pass criteria could make S'pore less attractive
(CNA News on 15 Aug 2011)

DBS မှ senior economist ဖြစ်သူ Irvin Seah က ဒီလိုလုပ်လိုက်တာဟာ သူရမဲ့လခနဲ့ သူ့အရည်အချင်း၊ လုပ်ငန်းအတွေ့ အကြုံတွေကို ညီမျှအောင်လုပ်ပေးတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေခံလစာတွေကို ငွေဖောင်းပွမှုနှုံးနဲ့အညီ ပြင်မပေးခဲ့တာ ခုဆို ဆယ်စုနှစ်တစ်ခုတောင် ရှိသွားပါပြီ။ ဒီလိုလုပ်တာဟာ နိုင်ငံခြားသားတွေ ၀င်လာမှုကို ဟန့်တားတာမှန်ပေမဲ့ တစ်ဖက်မှာ သူတို့ရဲ့ အရည်အချင်းကို ပိုမြင့်လာအောင် ကြိုးစားစေဘို့ တွန်းအားတစ်ခုဖြစ်ပါတယ် ဟု ပြောပါသည်။

Singapore Business Federation (SBF) က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေနှင့် လက်ရှိတွင် သူတို့လုပ်ငန်း ကို ချဲ့ထွင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်၌ ယခုလို လုပ်လိုက်ခြင်းသည် ပိုမို၍ ခက်ခဲစေကြောင်း ပြောပါသည်။

ထို့ပြင် လုပ်ခများတိုးမြှင့်ရန် ဖိအားပေးခြင်းသည် ငွေဖောင်းပွမှုနှင့် နေထိုင်မှုစရိတ်မြင့်မားစေကြောင်းလည်း ဖော်ပြခဲ့ပါသည်။

CIMB Research မှ Regional economist ဖြစ်သူ Song Seng Wun က နာ့စ်ကဲ့သို့သော အလုပ်များတွင် ပေးထားသည့်လခ မှာ စင်ကာပူနိုင်ငံသားများအတွက် ဆွဲဆောင်မှုမရှိသော်လည်း နိုင်ငံခြားသားများကိုမူ ဆွဲဆောင်နိုင်စွမ်းရှိနေသေးကြောင်း၊ ကျန်းမာရေးလုပ်ငန်းကို တိုးချဲ့ရာတွင် ရာထူးအများအပြားကိုလည်း တိုးချဲ့ခန့်ထားရမှာ ဖြစ်သည့်အတွက် ကျန်းမာရေး အသုံးစရိတ် ပိုမိုမြင့်မားလာစေမှာဖြစ်ကြောင်း ပြောပါသည်။

အချို့ကတော့လည်း ဤကဲ့သို့လုပ်ခြင်းဖြင့် ရေရှည်မှာ အကျိုးရှိမည်ဟု မျှော်လင့်ကြပါသည်။

မစ္စတာလီ (၀န်ကြီးချုပ်) အား စင်ကာပူပိုလီကျောင်းသားတစ်ဦးက Work Permit ထက် တစ်ဆင့်မျှသာ ပိုမြင့်သည့် S Pass တစ်ဦးကို လခ ၁၈၀၀ ပေးရန် အဘယ်ကြောင့် သတ်မှတ်ထားပါသနည်း ဟု မေးသည် ဆို၏။ ဆိုလိုသည်မှာ ထို S Pass များအနေနှင့် လခ ၁၈၀၀ သာရသော်လည်း ထို့ထက်မကပိုရနေသော ဒီပလိုမာလက်မှတ်ကိုင် ၎င်းတို့နှင့် အလုပ်အကိုင် ရှာဖွေရာတွင် ပြိုင်ဘက်ဖြစ်နေသည်။ ထို့ကြောင့် သူတို့နှင့် တိုက်ရိုက်ရင်ဆိုင် ယှဉ်ပြိုင်ခိုင်းပါ ဟု ဆိုသတည်း။

ဝန်ကြီးချုပ်ကတော့ သူတို့ ခံစားချက်ကို မိမိနားလည်ပါသည်။ သို့သော်လည်း စင်ကာပူနိုင်ငံသားများနှင့် မလုံလောက်သော နေရာများတွင်မူ နိုင်ငံခြားသားများကို မလွှဲမရှောင်သာ သုံးနေရဦးမည် ဟု ပြောခဲ့ကြောင်းပါ ခင်ဗျား။

(၅)


စင်ကာပူရောက် ကျွန်တော်တို့၏ အနေအထားမှာ စင်ကာပူအစိုးရချမှတ်သော မူဝါဒများအပေါ် လုံးဝ မှီခိုနေရ ပါသည်။ ဥပမာပြရလျှင် ၂၀၀၅ ခုနှစ်မတိုင်မီနှစ်များက စင်ကာပူပီအာ ဖြစ်ဖို့ရန် ခဲယဉ်းခဲ့သော ကျွန်တော်တို့မှာ အစိုးရ မူဝါဒ ပြောင်းလိုက်သည်နှင့် မြန်မာအများအပြား ပီအာများ ဖြစ်၊ မိမိတို့မိသားစုကို မြန်မာပြည်မှခေါ်။ ကလေးများကို စင်ကာပူတွင် ကျောင်းထား။ အိမ်များဝယ်ကြ စသဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ပီအာချထား ပေးမှုများ တင်းကြပ်လိုက်သည့် ၂၀၁၀ နောက်ပိုင်းနှစ်များတွင်မူ ပညာရေး၌ အဆင့်မြင့်ဘွဲ့ရခဲ့သူများပင် စင်ကာပူနိုင်ငံတွင် ရပ်တည်ဘို့ရာ မနည်းရုန်းကန်ရသည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။

ပညာရဲရင့် ပွဲလယ်တင့် ဟူသော မြန်မာစကားပုံမှာ သွေးထွက်အောင် မှန်လှပါသည်။ မိမိအနေနှင့် အတတ်ပညာ တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် (professional) တတ်မြောက်ထားပါမူ စင်ကာပူတွင်သာမက မည်သည့်နိုင်ငံသို့ သွားသည် ဖြစ်စေ သင့်တော်သောရာထူးတွင် အခြားသူများရရှိသောလခထက် မနည်းပဲ အလုပ်အကိုင်များရရှိနိုင်ပါသည်။ လက်ရှိတွင် လည်း မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ စသော အာရှနိုင်ငံများတွင်သာမက ဥရောပ၊ အနောက်နိုင်ငံများတွင်ပါ အလုပ်လုပ်နေကြသော မြန်မာလူမျိုး ပါမောက္ခများ၊ ကထိကများ၊ မန်နေဂျာများ၊ စီနီယာအင်ဂျင်နီယာများ၊ အင်ဂျင်နီယာများ၊ IT ပညာရှင်များ၊ စာရင်းအင်းပညာရှင်များ များစွာရှိပါသည်။

အဆိုးထဲမှ အကောင်းကို ရှာရလျှင် စင်ကာပူနိုင်ငံအနေနှင့် ယခုကဲ့သို့ အခြေခံလစာများ တိုးမြှင့်လိုက်ခြင်းသည် ကျွန်တော်တို့အား ထိုလခနှင့်ထိုက်တန်မည့် အရည်အချင်းများရှိလာအောင် ကြိုးစားစေဘို့ရန် တွန်းအားတစ်ခု ဖြစ်ပါသည်။ စင်ကာပူနိုင်ငံအနေနှင့် နိုင်ငံကငယ်ပြီး လူအင်အားအရင်းအမြစ်အပေါ် လုံးဝနီးပါး အားထားနေရခြင်း ဖြစ်သည့်အတွက် ယခု ကဲ့သို့ နိုင်ငံသား၊ နိုင်ငံခြားသားများအား ၎င်းတို့၏ အရည်အသွေးများတိုးတက်လာအောင် တွန်းအားပေးရခြင်းမှာ သဘာဝ ကျပါသည်။

အားလုံးကို ချုပ်ရလျှင် စင်ကာပူတွင် ရေရှည်ရပ်တည်ရန် စိတ်ကူးထားသူများ၊ စင်ကာပူတွင် အလုပ်လာလုပ်ရန် စိုင်းပြင်းနေသူများအနေနှင့် တိုးလိုက်သောလခများအားလျော်စွာ မိမိတို့ အသိပညာ၊ အတတ်ပညာများ တိုးမြင့်လာစေရန် အစွမ်းကုန် ကြိုးစားကြရမည် ဖြစ်ကြောင်း။ အတတ်ပညာမရှိသူ၊ လုပ်ငန်းမကျွမ်းကျင်သူများ အနေနှင့်မူ ရေရှည်ရပ်တည် ဘို့ရန် ခဲယဉ်းလိမ့်မည်ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

စင်ကာပူရောက်လာ ဒို့မြန်မာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

အစိုးရရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
မြန်မာအချင်းချင်း၊ လှည့်ပတ်ချင်း၊ ကင်းရှင်းကြပါစေ။


အေးငြိမ်း
၂၁ သြဂုတ်၊ ၂၀၁၁ ညနေ ၆ နာရီ ၅၆ မိနစ်
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Blog: http://shwenyein.blogspot.com
Tel: (65)97303027
Email: y_nyein@yahoo.com.sg

Friday, August 19, 2011

Hurry!!! Save your money

ဒီသတင်းကို ကောလဟလထင်ပြီး တချို့က မယုံကြလို့ သတင်းစာပါ ထည့်ပေးလိုက်တာပါ။

Good News

Sunday, August 14, 2011

လက်နှီးစုတ်ပေါ်မှ မင်စက်၊ သဘက်အဖြူပေါ်မှ ယင်ခြေရာ

(၁)


“ကိုယ့်လိပ်ပြာ ကိုယ်သန့်သူသည် သန်းခေါင်ယံ တံခါးခေါက်သံကို ကြောက်စရာမလို။”

သည် အင်္ဂလိပ်စကားပုံကလေးကို ဟိုး ကျွန်တော် ငယ်ငယ် အလယ်တန်းလား၊ အထက်တန်းလား ကျောင်းသားဘ၀ က ကြိုက်လွန်းသဖြင့် အလွတ်ကျက်မှတ်ခဲ့၏။ သို့သော် ငယ်သေးတော့ ဘာကို ဆိုလိုမှန်းမသိ။ ယခု အသက်ကြီး လာတော့မှ သည်စကားပုံ၏ အဓိပ္ပါယ်ကို ဘ၀နှင့်ရင်းပြီး သိလာခဲ့ရသည်။

အကြောက်အရွံ့ကင်းစွာ နေနိုင်ရန် လိပ်ပြာသန့်ပါစေ။

(၂)

ကျွန်တော်က ဆရာမကြီး ပုံပြင်ကို ပြောပြလိုက်တော့ တစ်ကမ္ဘာလုံးမှ မိတ်ဆွေများ အတော် ခြောက်ခြောက်ခြားခြား ဖြစ်သွားကြသည်။ တကယ်ဆို ကျွန်တော်ရေးလိုက်တာ ဘာမှ သိပ်ကြီးကြီးကျယ်ကျယ်မပါပါ။ ပီဘိပါးပါးကလေး ဖြစ်ပါ သည်။ မယုံလျှင် မိတ်ဆွေများ ပြန်ဖတ်ကြည့်ပါခင်ဗျား။

သို့သော် အဘယ်ကြောင့် ဤမျှအထိတ်တလန့်ဖြစ်ကြရကုန်ပါသနည်း။ အကြောင်းရှိပါ၏။

ကျွန်တော်တို့ရွာတွင် မိန်းမများရန်ဖြစ်ကာ တစ်ဦးနှင့်တစ်ဦးနပန်းလုံးတာ ဘာမှမဆန်း။ ပါးရိုက်နားရိုက်ရုံတင်မက လုံချည်များပင် အကွင်းလိုက်ကျွတ်ပါ၏။ သို့သော် မည်သူသိပါသနည်း။ မသကာ သည်တစ်ရွာလုံး သိမည်။ ထို့ထက်မကလျှင် ထို အမျိုးသမီးများနှင့် ပတ်သက်နေသူ အခြားရွာများမှသူများ အနည်းအပါးသိမည်။ သည့်ထက်မပို။

လွန်ခဲ့သော ဆန်ဘာဝမ်းဘုန်းကြီးကျောင်းသင်္ကြန်သို့ ကျွန်ုပ်ရောက်သွား၏။ အပြန်တွင် ပန်းခြံအတွင်း တစ်နေရာ၌ အရွယ်ကောင်း အမျိုးသမီးနှစ်ဦး တစ်ဦးနှင့်တစ်ဦး မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာကာ ဆံပင်ဆွဲ ပါးချနေသည်ကို တွေ့ရသည့်ခဏ ကျွန်ုပ်လည်း မနေနိုင်သည်နှင့် ဟ - လုပ်ကြပါဦး။ လာကြပါဦးကွ ဟု အနီးရှိသူများကို ခေါ်ကာ အတင်းဝင်ဖြန်ဖြေရသည်။ ဒေါသနှင့်တစ်ဦးဆံပင်ကို တစ်ဦးကဆွဲဆုပ်ထားတာ ဆိုတော့ သူတို့လက်များကို မနည်းဖြေ ယူရသည်။ ကျွန်တော်က လူကောင်သေးပြီး အားကမရှိတော့ တော်တော်နှင့်ဖြေလို့မရ။ နောက် ဗလကောင်းကောင်း သူတစ်ဦးလာကာ အတင်းဖြေလွှတ်မှ လွတ်သတည်း။

သည်ရန်ပွဲကို စင်ကာပူနေသူ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဘယ်နှယောက် သိလိုက်ကြပါ သနည်း။

သို့သော် -

မတော်တာသွားမေးသည့် သတင်းထောက်ကောင်မလေးကို ထက်ထက်မိုးဦးက ပါးချလွှတ်လိုက်တာကျ တကမ္ဘာလုံး ဟိုးလေးတကျော်ကျော် ဖြစ်မသွားပါသလော။ အောင်မယ်၊ မဆီနဲ့မဆိုင် ဟို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကြီးတွေထဲ မှာ အမြဲရေးနေတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေပါလိုပါ။ ထက်ထက်မိုးဦး အုပ်စု နှင့် သတင်းသမားများအုပ်စု နှစ်စုကွဲကာ အပြန်အလှန် အ,မနာပ ဆဲရေးကြ၊ တိုင်းထွာကြ မလုပ်ပါသလော။

အဘယ်ကြောင့်ပါနည်း။

အေးငြိမ်းသာ မူးပြီးလမ်းဘေးလဲနေလျှင် မည်သူ ဂရုစိုက်ပါမည်နည်း။ မသကာ ထိခိုက်လှ သူ့မိသားစုသာ ဖြစ်ချေမည်။ သူ့သူငယ်ချင်းများကိုသာ မင်းလူကလဲကွာ ဟု ကဲ့ရဲ့သင်္ဂြီုလ် အတင်းဆိုမည်။ သို့သော် ဘယ်နှယောက် သိပါမည်နည်း။ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့ကား လက်နှီးစုပ်များ ဖြစ်ကုန်၏။ လက်နှီးစုပ်ကို မည်သူဂရုစိုက်မည်နည်း။ သည်လက်နှီးစုပ်ပေါ် မင်တစ်စက် မကလို့ မင်းအိုးလိုက်မှောက်ကျသွားတော့ကော ဘာဖြစ်မည်နည်း။ သို့သော် သည်မှောက်ကျထားသည့် မင်ကွက်ပေါ် ယင်တစ်ကောင်နားကာ ထိုယင်သည် အိမ်ကြီးပေါ်လှမ်းထားသော ဆွတ်ဆွတ်ဖြူ မျက်နှာသုတ် ပုဝါပေါ် သွားနားသည် ဆိုပါစို့။ ဘာဖြစ်သွားမည်နည်း။

ရွာမှ ဘုန်းကြီးတစ်ပါး ဟ၀ှာလုပ်တာ မည်သူသိပါသနည်း။ သူတို့ဘုန်းကြီးနှင့် သူတို့ရွာသား ဘာပြဿနာမှ မရှိ။ သူရှိနေလို့ပဲ ငါတို့ ဆွမ်းကျွေးလေးဘာလေးလုပ်လို့ရတာ၊ အန္တရာယ်ကင်း ပရိတ်ကလေး ဘာလေး ရွတ်လို့ရတာ ဟု ရပ်ရွာမှ ခွင့်လွှတ်ထားပါသည်။

သို့သော် ပုပ္ပါးတောင်ဆရာတော် ဦးပရမ၀ဏ္ဏသိဒ္ဓိ ကောင်မလေးတွေနှင့် ပလူးနေတော့ အစိုးရက အတင်းအကျပ် လူဝတ်လဲကာ သိက္ခာမချခိုင်းပါသလော။ အဘယ်ကြောင့်နည်း။

နာမည်မကြီးသူ သာမညောင်ညလူကို မည်သူစိတ်ဝင်စားပါမည်နည်း။ ထိုသူ ဘာလုပ်လုပ် ဘယ်သူမှစိတ်မ၀င်စား။ ရာဇ၀တ်မှုကျူးလွန်မှ ရဲကစိတ်ဝင်စားလိမ့်မည်။ အများသူငါကတော့ ငါနဲ့ ဘာဆိုင်တာလိုက်လို့ ဟု အလုပ်ရှုပ်ခံ သတင်းပလင်း ထောက်လှမ်းနေစရာအကြောင်းမရှိ။

သို့သော် နာမည်ကြီးသူ၊ အထူးသဖြင့် ဘာသာရေးလုပ်နေသူ၊ တရားဟောဓမ္မကထိက စသူတို့။ ဘွဲ့ထူး ဂုဏ်ထူးကြီး တွေနှင့် လူရှေ့သူရှေ့ မကြာခဏရောက်သူတို့၊ လူတကာက ကိုးကွယ်ဆည်းကပ်နေသူတို့မှာ သတိထားစရာ မကောင်း ပါသလော။

(သည်စာရေးနေရင်း ကိုယ့်ဟာကိုယ် သဘောကျလို့ ပြုံးမိပါသေး၏။ အယ်မယ်မင်းရဲ့ကောင်၊ နင့်လိုမလောက်လေး မလောက်စားကောင်၊ ငချွတ်ကလေးကများ ငါတို့လို ဘွဲ့ထူးဂုဏ်ထူးတွေ တသီကြီးနဲ့၊ လူပေါင်း သောင်းနဲ့သိန်းနဲ့ချီပြီး တရားပြနေတဲ့သူကို လာပြီး ဆရာစားနေရတယ်လို့ - ဟု တွေးမိသောကြောင့် ဖြစ်ပါ၏။)

(၃)

ဆိုကရေးတီးကို လူတိုင်းသိပါသည်။ သူက တွေးခေါ်ပညာရှင်။ လူငယ်များအား အမှန်တရားကို သိမြင်တွေးခေါ် တတ်လာအောင်၊ ကိုယ်ကျင့်တရားကောင်းလာအောင် သင်ပေးသည်။ ဤသည်ကို မျက်မုန်းကျိုးနေသော ရောမအုပ်ချုပ်သူ လူကြီးမင်းများက လူငယ်တွေကို လူပျင်းတွေဖြစ်အောင်၊ အယူမှားတွေသင်ပေးနေသူ ဟု အဓမ္မစွပ်စွဲကာ သေဒါဏ် ပေးသည်။ ဆိုကရေးတီးက အဆိပ်ခွက်ကို ကိုကာကိုလာအလား သောက်သွားခဲ့ပါသည်။

                                  ဆိုကရေးတီး အဆိပ်သောက်နေပုံ

ဂျော်ဒါနို ဘရူနိုဆိုတာ နက္ခတ္တဗေဒပညာရှင်။ သူက အစဉ်အလာကို ဆန့်ကျင်ကာ ကမ္ဘာနဲ့တကွ ဂြိုဟ်တွေဟာ နေကို ပတ်နေတာပါ ဟု ဆို၏။ ရောမ ဘာသာရေးခေါင်းဆောင်ကြီးများက ဒီမှာကိုယ့်လူ၊ မောင်ရင့် အယူအဆကို စွန့်လွှတ်မလား၊ မီးအရှို့ခံမလားဟု မေးသည်အား ဆရာကြီးများခင်ဗျာ။ ကျွန်တော့်ကိုမီးနဲ့ရှို့လိုက်လို့ နေက ကမ္ဘာကြီးကို ပတ်သွားမှာမဟုတ်ပါ။ ကျွန်တော်က အမှန်တရားကို လူတွေသိအောင်ပြောပြခြင်းသာ ဖြစ်ပါသည် ဟု ဆိုကာ မီးပုံပေါ်သို့ ရင်ကော့ကာ တက်ခဲ့ဖူးလေပြီ။

                                   ဂျော်ဒါနို ဘရူနို

ရှင်ဘုရင့်ယောက္ဖ၊ တောင်ထားဝယ်သေနတ်ဗိုလ် ငတိုး လူဝါးဝနေသည်ကို နရင်းအုပ်ကာ ဆုံးမခဲ့သော ယောမင်းကြီး အား ရှင်ဘုရင်က ရှေ့တော်သို့ခေါ်ကာ ခြိမ်းခြောက်၏။

ဟဲ့၊ ငလှိုင်၊ သဟာ ဘာလဲ ဟု ရှင်ဘုရင်ကမေးလေသော် -
အရှင့်ခမည်းတော်ကိုင်တဲ့ လှံပါဘုရား ဟု ဖြေ၏။
သည်လှံကို ဘယ်လိုသုံးခဲ့သလဲ။
အရှင့်ခမည်းတော်က ကျွန်တော်မျိုးခမည်းတော်ကို စီရင်ခဲ့ကြောင်းပါ။
သည်တခါတော့ နင်နာချင်ပြီ ထင်တယ် ဟု ရှင်ဘုရင်က ခြိမ်းခြောက်သည်ကို ယောမင်းကြီးက -
ထိုးတော်မူပါ ဘုရား ဟု ဆိုကာ ရင်ကိုကော့ပေးသည် ဟူသတတ်။

သည် ယောအတွင်းဝန်၊ ဂျော်ဒါနိုဘရူနို၊ ဆိုကရေးတီး တို့ကို ကျွန်တော် အူထဲ၊ အသည်းထဲ၊ နှလုံးထဲ၊ ကျောက်ကပ်ထဲ၊ ရိုးတွင်းချင်ဆီများထဲမှ ကြည်ညိုမြတ်နိုးမိပါ၏။ အသက်ထက် အမှန်တရားကို ချစ်မြတ်နိုးကြသူများပါပေတည်း။ သူတို့အကြောင်းကို ဖတ်မိလေတိုင်း ကျွန်တော့်မှာ ကြက်သီးမွေးညင်းများ ထမိပါသည်။

ယောမင်းကြီး

ကျွန်ုပ်သည်လည်း အသက်ထက်အမှန်တရားကို မြတ်နိုးသူဖြစ်လိုပါ၏။ သို့အတွက်လည်း အများမျက်မုန်းကျိုးမှာ မကြောက်မရွံ့ ဤစာများကို ရေးပါသည်။ သည်စာရေးလျှင် သည်လိုအဆဲခံရမည်ကို မသိမဟုတ်။ သိပါ၏။ သိသိကြီးနှင့် ရေးပါသည်။

(၄)

အခါတစ်ပါး ရဟန်းနှစ်ပါးသည် မြတ်စွာဘုရားကို ဖူးမြော်ရန် သွားကြကုန်၏။ လမ်းခရီးတွင်ရေငတ်လတ်သော် ရေရှာကြကုန်၏။ ရေတွေ့သော်လည်း သူတို့မှာ ရေစစ်ပါမလာ။ ရေကို စစ်သောက်ရမည်ဟု ပညတ်ထားသောကြောင့် ရဟန်းတစ်ပါးမှာ ရေမသောက်၊ ရေအငတ်ခံကာ အသက်ဆုံးသတည်း။ ကျန်တစ်ပါးမှာမူ ရေကိုသောက်ကာ မြတ်စွာဘုရားထံ အဖူးမြော်ရောက်သည်။ ရဟန်းတော်က လမ်းမှဖြစ်ပျက်ခဲ့သည်များကို ဘုရားရှင်သို့ ပြန်လျှောက်၏။ ဘုရားရှင်က လမ်းတွင် ရေအငတ်ခံကာ အသက်စွန့်သွားသော ရဟန်းတော်ကိုသာ ချီးမွမ်းချေသည်။

(၅)

ကျွန်တော်ကား သူတော်ကောင်းမဟုတ်ပါ။ သို့သော် တံခါးခေါက်သံကို မကြောက်လန့်သူသာ ဖြစ်လိုပါသည်။ ကျွန်တော်ကား နာမည်ကြီး၊ တန်ခိုးထွားသူတစ်ဦးမဖြစ်လိုပါ။ ဂျော်ဒါနိုဘရူနိုလိုသာ ဖြစ်လိုပါသည်။ ကျွန်တော်ကား မြတ်စွာဘုရားကို ဖူးသည့်ရဟန်းတော်မဖြစ်လိုပါ။ လမ်းတွင်ရေအငတ်ခံကာ အသက်စွန့်သွားသော ရဟန်းတော်သာ ဖြစ်လိုပါသတည်း။

(၆)

ကျွန်တော့်ဘလော့ကို လာရောက်ဖတ်ရှုကြသူအပေါင်းအား ချစ်ခင်လေးစားပါသည်။ ကျွန်တော့်စာများကို ကူးယူဖော်ပြကြသော မိတ်ဆွေ အပေါင်းအသင်းများအားလည်း ကျေးဇူးအထူးတင်ပါသည်။ သို့သော် -

မိတ်ဆွေများ တောင်းဆိုမှုကြောင့် ဆရာမကြီး ပို့စ်ကို ဖျက်လိုက်ပါသည်။ အခြားကူးယူဖော်ပြထားသူများကိုလည်း ဖျက်ပေးပါရန် မေတ္တာရပ်ခံပါသည်ခင်ဗျာ။ ကျွန်တော်ရေးလိုက်သောစာကြောင့် ခုနစ်ရက်သားသမီးများ စိတ်မချမ်း မသာဖြစ်ရခြင်းကို တောင်းပန်ပါသည်။

အေးငြိမ်း
၁၄ သြဂုတ်၊ ၂၀၁၁ နံက် နာရီပြန် နှစ်ချက်ထိုးပြီး ၈ မိနစ်
Blk 663D, Jurong West St. 65
#15 – 233
Singapore 644663
Tel: (65)97303027
email: y_nyein@yahoo.com.sg

Friday, August 12, 2011

စင်ကာပူရောက် မြန်မာကလေးများ (Myanmar Journal Version)


ရန်ကုန်မှ ဂျာနယ်တစ်စောင်က ဤဆောင်းပါးကို တောင်းခံလာပါသဖြင့် ဂျာနယ်ဆောင်းပါးနှင့်တူအောင် ပြန်လည်ရေးဖွဲ့ပါသည်။ ဤ new version ကိုလည်း နှစ်သက်ကြလိမ့်မည်ဟု ယူဆပါသည်။ 


(၁)

I’ll send you to child jail, OK. Do you think I don’t dare to do it!!!
ဖခင်တစ်ဦးက ၈ နှစ်အရွယ်ရှိသူ့သမီးကို ကြိမ်းမောင်းလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် အတော်ပင် ထိတ်လန့် သွားမိပါ၏။ ၁၇-၇-၂၀၁၁ နေ့က မြန်မာပြည်မှ ခေတ္တအလည်ရောက်လာသည့် မိတ်ဆွေနှင့်အတူ အခြား အပေါင်းအသင်း သူငယ်ချင်းများဆီ သွားလည်ပါသည်။ ထိုသူငယ်ချင်းများထဲမှ တစ်ဦးမှာ ကျွန်တော် စက်မှုတက္ကသိုလ်ကျောင်းသား ဘ၀က ဗုဒ္ဓဘာသာမိသားစုတွင် အတူတွဲလုပ်ခဲ့ဖူးသူ အမျိုးသမီးမိတ်ဆွေတစ်ဦး ဖြစ်ပါသည်။ သူတို့အိမ်သွားလည်စဉ် ဤသို့ ကြုံခဲ့ရခြင်း ဖြစ်၏။

ကျွန်တော်က သူငယ်ချင်းဖြစ်သူ အမျိုးသမီးကို သူ့သမီးနှင့် ပတ်သက်၍ မေးကြည့်၏။ သူ့အပြောအရ သူတို့ ကလေးကို စင်ကာပူသို့ ၃ နှစ်သမီးအရွယ်တွင် ခေါ်လာခဲ့သည်။ စင်ကာပူမှာပင် ကျောင်းထားသည်။ ယခု Primary 2 ရောက်နေပြီ။ ကလေးမှာ ယခင်နှစ်များက မြန်မာလိုပြောသေးသော်လည်း ယခုနှစ်တွင်မူ လုံးဝနီးပါး မပြောတော့ဟု ဆိုပါသည်။ သို့သော် သူတို့မိဘများ မြန်မာလိုပြောတာကိုတော့ နားလည်သည်။ ပြန်ပြောလျှင်မူ အင်္ဂလိပ် စကားတွင် တခါတရံ မြန်မာလို ညှပ်ပြောသည်မှအပ အင်္ဂလိပ်လိုသာ ပြောတာတွေ့ရပါသည်။ သို့သော် မြန်မာပြည်သို့မူ ပြန်လိုစိတ် ရှိသည်။ ပြန်လျှင်လည်း ကြာကြာလေး နေလိုသည်ဟု သူ့မိခင်က ပြောပါသည်။

            ကလေးမှာ အိမ်ပြန်ရောက်ရောက်ချင်း ကျောပိုးအိတ်ကို ဘုန်းကနဲပစ်ချကာ ကွန်ပြူတာစားပွဲတွင် ထိုင်လျှက် အဆင် သင့်ဖွင့်ပြီးသား ကွန်ပြူတာတွင် မိမိစိတ်ကြိုက် ရုပ်ရှင်နှင့်သီချင်းများ နားထောင်နေသည်ကို တွေ့ရသည်။ နားထောင်ရာတွင် တကယ့်ကို လွတ်လွတ်လပ်လပ် အားရပါးရ စားပွဲပေါ် ခြေထောက်နှစ်ချောင်းဖြဲကား ပစ်တင်လျှက် အကျယ်ကြီးဖွင့်ကာ နားထောင်နေခြင်း ဖြစ်ပါသည်။ လူကြီးများ စကားပြောနေသဖြင့် အမေလုပ်သူက နည်းနည်းတိုးရန် ပြောသည်ကိုပင် ခဏမျှသာတိုးကာ နောက်ပြီး ကျယ်မြဲ ပြန်ကျယ်ပါသည်။ သူ့ကြည့်ရတာ မည်သူ့ကိုမှ ဂရုစိုက်ဟန်မတူပါ။

            ကျွန်တော်တို့မှာ ဟိုရောက်သည်ရောက် ထွေရာလေးပါး ရှေးဟောင်းနှောင်းဖြစ်များ ပြောနေကြသခိုက် ဘာ အခန့်မသင့်သည်မသိ။ အဖေနှင့် သမီးဖြစ်သူမှာ တစ်ယောက်တစ်ခွန်း အော်ပါသည်။ သို့အော်ရင်းမှ ကျွန်တော်တို့ အနီး ရောက်လာကာ အဖေဖြစ်သူက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်၏။ ထိုအခါ အမေလုပ်သူက သမီးကို သွားချော့ပါသည်။

            အမေဖြစ်သူက သူ့သမီးမှာ ယခင်နှစ်များက မိဘစကားနားထောင်သေးသော်ငြားလည်း သည်နှစ်တွင်မူ နားမထောင် တော့ဟု ပြောပါသည်။ အဘယ်ကြောင့်ဆိုသော် ကလေးမှာ တော်သဖြင့် အတန်းထဲတွင် အတန်းခေါင်းဆောင် ခန့်ခြင်းခံရ သည်။ ထိုအခါ အခြားကလေးငယ်များကို လူကြီးသဖွယ် ထိန်းကျောင်းပေးရသည်။ ထို့အတွက် သူ့ကိုယ်သူ အခြားသူများ၏ ခေါင်းဆောင် သို့မဟုတ် ဆရာအဖြစ် အထင်ရောက်ကာ သူကသာ သူများကို ဆိုဆုံးမ ပြောဆိုရမည်။ သူ့ကို လာဆုံးမလျှင် မကြိုက်တော့။ သူ့ကိုဆိုဆုံးမသည့် မိဘများကို why ဟု အမြဲပြန်မေးလေ့ရှိသည် ဟု ဆိုပါသည်။

            သူတို့က လူကြီးသူမများရှေ့တွင် ခေါင်းငုံ့သွားခိုင်းသောအခါ သူတို့ကို လူညွန့်ချိုးသည် ထင်သည်ဟု ဆို၏။ လူကြီးများကို ရိုရိုသေသေဆက်ဆံခိုင်းသောအခါ သူတို့၏ အစွမ်းအစ(သူတို့ကတော့ မာနတရား ကိုဆိုလိုတာ ဖြစ်နိုင်ပါသည်) ကို ဖိနှိပ်တာဟု ပြောသည် ဆိုပါသည်။ သူ့အဖေက စိတ်မရှည်၊ ကလေးနှင့် အမြဲထိပ်တိုက်တွေ့သည် ဟု သူ့မိခင်က ပြောပါ သည်။ ယခုမူ ကလေးမှာ မိဘများဆုံးမတာကို မနာခံတော့ပဲ အပြောရအဆိုရ အလွန်ခက်သည် ဟု မိခင်က ငြီးပါသည်။
            တကယ်တော့ ဤဖြစ်ရပ်ကလေးမှာ ၅ မိနစ်မျှပင် မကြာပါ။ သို့သော် ကျွန်တော့်အတွက်တော့ တွေးတောစရာ၊ စဉ်းစားစရာများ အများအပြားရလာပါသည်။

            သည်ကလေးများအကြောင်းရောက်တိုင်း ကြေးညီနောင်ပုံပြင်ကို သတိမရဘဲ မနေနိုင်ပါ။ ကလေးဟူသည် ပီဘိ အဖြူရောင် ဖြစ်၏။ ကြည်လင်နေသည့် ရေဖန်ခွက်ထဲသို့ အနီရောင် ဆေးစက်ကလေး ချကြည့်ပါ။ ရေနီဖန်ခွက် ဖြစ်သွားမည်။ မဲနယ် နည်းနည်းလောက် ထည့်လိုက်လျှင် အပြာရောင်ရေဖန်ခွက် ဖြစ်သွားမည်။ ကလေးဟူသည် အတုမြင် အတတ်သင် တတ်သည်ဖြစ်ရာ သူနှင့်အမြဲထိတွေ့နေရသော ပတ်ဝန်းကျင်မှ ဓလေ့စရိုက်များ သူ့ထံကူးစက်လာမည်မှာ သဘာဝသာ ဖြစ်ပါသည်။ ဤသည်ကို နိုင်ငံရပ်ခြားတွင် မိမိကလေးများခေါ်ထားသော မိဘတိုင်း သတိပြုရန် လိုပါသည်။

            မိုးလင်းမှ မိုးချုပ် အလုပ်လုပ်နေရသော မိဘနှင့် ကျောင်းတက်နေသော သားသမီးသည် တစ်နေ့လျှင် နာရီမည်မျှ ထိတွေ့နိုင်ပါမည်နည်း။ သူတို့ အချိန်အများဆုံး ပေါင်းသင်းဆက်ဆံနေရသည်မှာ သူတို့ပတ်ဝန်းကျင်သာ ဖြစ်ပါသည်။ မိမိက ဤသည်ကို လက်ခံနိုင်ရန်လိုပါသည်။ မိမိဖြစ်စေချင်သည့်တိုင်း ကလေးကို အတင်းရိုက်မောင်းပုတ်မောင်းလုပ်လျှင် ကလေးက မိဘများကို ရန်သူသဖွယ် ထင်သွားနိုင်သည်။ နောက်ဆုံး ထွက်ပေါက်ရှာသည့်အနေဖြင့် မိမိကိုယ်မိမိ လုပ်ကြံသည်အထိ ဖြစ်သွားနိုင်ပါသည်။

(၂)

            မြန်မာပြည်မှ လာခါစက စင်ကာပူမှကျောင်းတွင် ပထမရခဲ့သော ကလေးတစ်ဦးသည် ယခုအခါ စာမေးပွဲအောင် ဘို့ပင် အနိုင်နိုင်လုပ်နေရကြောင်း အခြား ကျွန်တော့်မိတ်ဆွေတစ်ဦးကလည်း ပြောပြပါသည်။

            သည်သူငယ်ချင်းနှင့် ကျွန်တော်မှာ စက်မှုတက္ကသိုလ်တက်စဉ်က အတန်းဖော်ဖြစ်သည်။ သူတို့စင်ကာပူရောက် သည်မှာ အတော်ကြာပြီ။ သူ စင်ကာပူပီအာ (Singapre Permanent Resident) ဖြစ်တော့ သမီးနှင့်ဇနီးဖြစ်သူကိုပါ ခေါ်သည်။ သမီးကို မြန်မာပြည်မှ ၅ တန်းအောင်အပြီး စင်ကာပူသို့ခေါ်ကာ Primary 4 စတက်စေသည်။ ရောက်စက စာတော်သောကလေးတစ်ဦးဖြစ်၏။ သူငယ်ချင်းက သူ့သမီးအတန်းထဲတွင် ပထမရကြောင်း ကျွန်တော့်ကို ပြောဖူးတာ ခုထိမှတ်မိနေပါသေးသည်။

            ယခု သမီးမှာ ၁၇ နှစ်ရှိပြီ။ ရောက်စကနှင့်မတူတော့။ လုံးဝနီးပါးပြောင်းလဲသွားခဲ့ပြီ။ ကျွန်တော်က သူငယ်ချင်းဖြစ်သူ အား ခင်ဗျားသမီးကို ခန့်မှန်းကြည့်စမ်းပါ။ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ ဘယ်နှရာခိုင်နှုံးလောက် ကျန်သေးလဲ ဟု မေးသောအခါ သူငယ်ချင်းက ရောက်စက ၁၀၀ % ဆိုရင် အခု ၃၀% တောင် မနည်းကျန်ရတော့မယ် ဟု ဆိုပါသည်။ မိခင်ဖြစ်သူက သူ လုံးဝပြောင်းလဲသွားတာ Secondary 1 နဲ့ 2 မှာ ဟု ဆိုပါသည်။ အသက်အားဖြင့် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်၊ ကြီးကောင်ဝင်စ၊ စိတ်ကစားတတ်ချိန်။ ကလေးစိတ်ပညာအရလည်း အလွန်သတိထား ကိုင်တွယ်ရမည့် အရွယ်ဖြစ်ပါသည်။

            သမီးဖြစ်သူက မိဘစကားကိုနားမထောင်၊ မိခင်ဖြစ်သူကို ပြန်အော်၊ မခန့်လေးစားလုပ်သောအခါ ဖခင်ဖြစ်သူမှာ စိတ်ဆင်းရဲရသည်။ ထို့ပြင် အတန်းထဲတွင် စာတော်လာခဲ့သော ကလေးမှာ စာမေးပွဲများ တစ်ဘာသာပြီးတစ်ဘာသာ ကျရှုံး ခဲ့သဖြင့် ကျောင်းမှ မိဘကိုခေါ်ယူသတိပေးရသည်ထိ ဖြစ်လာခဲ့သည်။ ပါးစပ်နှင့်ပြော၍ ဆုံးမ မရသောအခါ ဖခင်ဖြစ်သူက ရိုက်နှက် ဆုံးမသည်။ ထိုအခါ ဖခင်နှင့်သမီးမှာ ထိပ်တိုက်တွေ့တော့၏။ သမီးဖြစ်သူက အခန်းတွင်းဝင်လျှက် တံခါးပိတ်ကာ ချက်ချထားခြင်းဖြင့် ဆန္ဒပြသည်။ 
     
            ထိုအခါ ဖခင်ဖြစ်သူက နင်စိတ်ဆိုးရင် အိမ်ကဆင်းသွားပါလားဟု ပြောသောအခါ သမီးဖြစ်သူမှာ ဘာမှ ပြန်မပြော။ သူ့ကို စိမ်းစိမ်းစိုက်ကြည့်နေသည် ဟု ဆိုသည်။ သည်နိုင်ငံတွင် တစိမ်းမိန်းကလေးတစ်ဦးအား မည်သူကမှ ညအိပ် ညနေလက်မခံ ဆိုသည်ကို ဘ၀ပေးအသိဖြင့် သူတို့သိသည်။ မြန်မာပြည်တွင်ဆိုလျှင် ဘကြီးဘထွေး၊ ဒေါ်ကြီးဒေါ်လေးများထံ သွားခိုနေလို့ရသည်။ သို့သော်စင်ကာပူတွင် မိဘမှလွဲ၍ မည်သူ့မှ အားကိုးစရာမရှိ။ ထိုအခါ မိဘက အကိုင်အတွယ်မတတ်၍ အတင်းဖိနှိပ်ချုပ်ချယ်လာသောအခါ နောက်ဆုံးထွက်ပေါက်အနေနှင့် ၁၁ ထပ်မှ ခုန်ချ အဆုံးစီရင်သွားခဲ့သော မိန်းကလေး တစ်ဦးရှိခဲ့ကြောင်း သူငယ်ချင်းက ပြောပြသည်။ သူလည်း အကယ်၍ သူ့သမီးသာ ဟု တွေးမိပြီး အလွန်ထိတ်လန့်သွားခဲ့ရ သည် ဟု ဆိုသည်။ သူတို့အိမ်မှာ ၄ ထပ်တွင်သာရှိသော်လည်း လုံးဝ စိတ်ချရသည့်အခြေအနေတော့ မဟုတ်။

            ထိုအခါ သူငယ်ချင်းက နည်းဗျူဟာပြောင်းဘို့ ဆုံးဖြတ်ခဲ့သည်။ သူ့ကို အကြမ်းနည်းနဲ့ကိုင်တွယ်လျှင် မလိုလား အပ်သော ဆိုးကျိုးများနှင့်ရင်ဆိုင်ရနိုင်သည် ဟု တွက်ဆကာ အနုနည်းနှင့် အကျိုးအကြောင်း ပြောဆိုဆုံးမခဲ့သည်။

            သူတို့အိမ်အနီးတွင် ပညာမတတ်သော မိသားတစ်စုရှိသည်။ ဖခင်ဖြစ်သူက Cold Storage (အသား၊ ငါး၊ အသီးအနှံများကို အအေးခန်းဖြင့်ရောင်းသော ဈေးဆိုင်) တွင် ၀က်သားခုတ်သောအလုပ်ကို လခနည်းနည်းဖြင့် လုပ်ရသည်။ မိခင်ဖြစ်သူကလည်း သန့်ရှင်းရေးသမား ဆိုသော လခမည်မျှရပါမည်နည်း။ ထိုအခါ မိမိတို့၏ ကလေးများပညာရေးကို ပြန်မကြည့်နိုင်။ သို့အတွက် သားနှစ်ဦးမှာလည်း ပညာမထူးချွန်။ ITE ၀င်အောင်ပင် မနည်းလုပ်ယူရမည်။ (ITE – Institute of Technical Education - မြန်မာနိုင်ငံမှ စက်မှုအထက်တန်းကျောင်းကဲ့သို့)

            ဖခင်က သမီးဖြစ်သူအား ထိုမိသားစုကိုပြကာ ဆုံးမသည်။ လူနေမှုစရိတ်ကြီးမြင့်လှသော စင်ကာပူတွင် ပိုက်ဆံမရှိ ပါက သို့မဟုတ် လခနည်းပါက နေရေးထိုင်ရေး၊ စားသောက်ရေး အလွန်ကြပ်တည်းသည်။ သမီး စာမကြိုးစားသဖြင့် ပညာရေး အောက်ကျနောက်ကျဖြစ်လျှင် ကြီးပြင်းလာသောအခါ ထိုမိသားစုကဲ့သို့ဖြစ်မှာ မကြောက်ဖူးလား ဟု ပြောပြသည်။ ထို့ပြင် မိမိတို့ ဤနေရာရောက်လာခဲ့သည်မှာ လွယ်လွယ်ကလေး ရောက်လာတာ မဟုတ်ကြောင်း၊ မိမိဆိုလျှင် တောမှာပင်မွေး၊ တော မှာပင်ကြီးကာ ဆယ်တန်းအောင်၍ အမှတ်ကောင်းတာတောင် ငွေအားမတတ်နိုင်သဖြင့် စက်မှုတက္ကသိုလ်တက်ဖို့ ချီတုံချတုံဖြစ်ခဲ့ရကြောင်း။ နောက်မှ ဆွေမျိုးသားချင်းတစ်ဦး၏ ထောက်ပံ့မှုဖြင့်သာ တက်ခဲ့ရကြောင်း။ ဆင်းရဲသည့်အတွက် ကျောင်းတွင် မည်သည့်အပိုအသုံးစရိတ်မှ မသုံးပဲ ချွေတာခဲ့ရကြောင်း။

            ကျောင်းပြီးပြန်သောအခါ အလုပ်ကမလွယ်။ သဘောင်္သားဖြစ်လိုဖြစ် ဖြင့် နောက်ဆုံး ကံအားလျော်စွာ စင်ကာပူ ရောက်လာကာ ယခုအခြေအနေရောက်ရန် မိမိစိတ်ဓါတ်ကို မြှင့်ကာ ကြိုးစားခဲ့ရကြောင်း။ သမီး၏ အခြေအနေမှာ နေရေး၊ စားရေး၊ ငွေရေးကြေးရေး ဘာမှ ပူစရာမလိုဘဲ စာကိုသာ ကြိုးစားဘို့ရန်လိုကြောင်း။ သမီးလိုသမျှ မိဘများက ဖြည့်ဆည်း ပေးရန် အသင့်ရှိကြောင်း ပြောဆို ဆုံးမခဲ့သည်။ ထို့ပြင် သည်နှစ် ဘာသာစုံအောင်လျှင် သမီးလိုချင်တာ ၀ယ်ပေးမည်။ မည်သည့်ဘာသာတွင် ဂုဏ်ထူးထွက်လျှင် သမီးကြိုက်တာ ရစေ့မည် စသဖြင့် အပေးအယူလုပ်ကာ စည်းရုံးခဲ့ရကြောင်းများ ပြောပြသည်။

            ထို့ပြင် သမီးကြိုက်တတ်သည့် အစားအစာကလေးများ ချက်ပြုတ်ပြင်ဆင်ပေးခြင်း၊ သမီးကြိုက်တတ်သော ကိုးရီးယား ဇာတ်လမ်းခွေများ ၀ယ်ပေးခြင်း စသည်ဖြင့် မိဘများနှင့် သမီးအကြား ချစ်ခြင်းမေတ္တာကို  ပြန်လည် တည်ဆောက် ယူရသည်။ သားသမီးကို အကြမ်းနည်းနှင့် ဆုံးမ၍မရ၊ မေတ္တာဖြင့် စောင့်ရှောက်မှ အောင်မြင်မှုရနိုင်ကြောင်း သူတို့ သဘော ပေါက်သွားသည့်အခါ ယခင်ကလောက် မဆိုးတော့ဟု သူငယ်ချင်းက ပြောပြပါသည်။

            ယခင်က သမီးကို ဘုန်းကြီးကျောင်းများသို့ မကြာခဏခေါ်သွားလေ့ရှိသော်လည်း ယခုအခါ သိပ်မသွားတော့ ကြောင်း။ ယခင်ကလောက် မဆိုးတော့လည်း မြန်မာပြည်မှ ခေါ်လာကာစ အခြေအနေထိ ပြန်ရဘို့ကိုမူ မမျှော်လင့်ရဲကြောင်း မိတ်ဆွေဖြစ်သူက ပြောပါသည်။ မိခင်ဖြစ်သူကမူ သူတို့ကို အလွန်တစ်ကိုယ်ကောင်းဆန်သူများဖြစ်သည် ဟု မြင်ပါသည်။ အခြေအနေကိုက မိမိကိုယ် မိမိအားကိုးရန် သင်ပေးထားတာဖြစ်သည့်အတွက် သူတို့က သူတို့လမ်းသူတို့ လျှောက်နေတာ ဖြစ်သည်။ မိဘများနှင့် တစ်ဦးနှင့်တစ်ဦး ချစ်တာခင်တာ၊ ကြင်နာတာ၊ ယုယတာ မရှိ။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား ဆိုတာ မရှိ။ သံယောဇဉ်ကြိုးဆိုတာထက် တာဝန်နှင့်ဝတ္တရားကိုသာ ပိုအရေးကြီးကြောင်း ခံယူသည်။ ဥပမာ - အိုမင်းမစွမ်းရှိသော မိဘများကို စောင့်ရှောက်တာတောင် မိမိ၏ မိဘဖြစ်သဖြင့် စောင့်ရှောက်တာထက် သူတို့တွင် တာဝန်ရှိ၍ စောင့်ရှောက်တာသာဖြစ်သည် ဟု မိခင်ဖြစ်သူကပြောပါသည်။   
           
           ကျွန်တော့်သူငယ်ချင်း ဇနီးမောင်နှံ၏ ဖြစ်အင်ကိုကြည့်ခြင်းဖြင့် ကလေးအပေါ် မိဘများက ဆိုဆုံးမပုံ၊ ဆိုဆုံးမနည်း မှာလည်း အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြနေပါသည်။ ကလေးကတော့ သူ့ပတ်ဝန်းကျင်တွင် မြင်နေကြားနေရသမျှ ကို လက်ခံကျင့်သုံးနေမည်သာ ဖြစ်သည်။ မိဘက ကလေးကို အကိုင်အတွယ်မတတ်လျှင် ပြုပြင်၍မရသော အမှားများ၊ မဆုံးနိုင်သော နောင်တများ ရသွားနိုင်သည်။ ယခုအချိန်တွင်မူ ကျွန်တော့်မိတ်ဆွေ၏ သမီးမှာ ယခင်ကထက်စာလျှင် အတော်ပြောင်းလဲလာပြီဟု ဆိုပါသည်။
(၃)
နောက်တစ်ဦး၏ကလေးမှာမူ သားယောက်ျားကလေးဖြစ်သည်။ သူ့သားကတော့ အခြားသူများနှင့်မတူ။ တမူထူး ခြားသည်ဆို၏။ သူက ဖခင်ဖြစ်သူ၏ အလုပ်အကိုင် အဆင်ပြေမှုပေါ်မူတည်ကာ စင်ကာပူတွင် ကျောင်းလာတက်လိုက်။ မြန်မာပြည် ပြန်ပြီး ကျောင်းနေလိုက်နှင့် မြန်မာပြည်မှာတစ်ဝက်၊ စင်ကာပူမှာတစ်ဝက် ကျောင်းတက်ခဲ့ခြင်း ဖြစ်သည်။ မူလတန်းကို မြန်မာပြည်မှ ကျောင်းတွင်တက်ရောက် သင်ကြားခဲ့သည်။ Primary 4 တွင် စင်ကာပူသို့ ကျောင်းလာတက်သည်။ သို့သော် ၂ နှစ်ခန့်တက်ပြီး အဆင်မပြေသည်နှင့် မြန်မာပြည်သို့ပြန်ကာ ကျောင်းတက်ပြန်သည်။ Secondary 4 လောက် ရောက်မှ စင်ကာပူပြန်လာသည်။

ထို့ပြင် ထိုစဉ်က မိသားစုမှာ မြန်မာပြည်တွင်ပင် နေထိုင်သည်ဖြစ်သဖြင့် စင်ကာပူတွင် ကျောင်းတက်သည် ဆိုသော် ငြားလည်း ကျောင်းပိတ်သည်နှင့် မြန်မာပြည်တွင် ပြန်နေသည်။ သို့အတွက် ခြုံ၍ ပြောရလျှင် မြန်မာအသိုင်းအ၀ိုင်း၊ မြန်မာ့ ယဉ်ကျေးမှုနှင့် သိပ်မစိမ်း။ ဤသည်မှာ သည်ကလေးအတွက် မြန်မာ့ဓလေ့စရိုက်များကို ဆယ်ကျော်သက်အရွယ်ရောက် သည်ထိ လက်ခံကျင့်သုံးလာစေရန် အကြောင်းဖြစ်လာခဲ့သည်။ သို့အတွက် ငယ်စဉ်ကတည်းက စင်ကာပူတွင်နေလာခဲ့သော ကလေးများထက်စာလျှင် သူ့အပေါ် နိုင်ငံခြားမှ ယဉ်ကျေးမှုများ ကူးစက်လာမှုမှာ အတော်နည်းသည်ဟု မိတ်ဆွေဖြစ်သူက ပြောပါသည်။     
           
             ယခုအခါ သားဖြစ်သူမှာ ပိုလီတက်နေပြီ။ သို့သော် မိဘများကို ကလန်ကဆန်လုပ်ခြင်း၊ နင်ပဲငဆ ပြောဆိုခြင်းများ မရှိ။ သို့သော် သူ့ဘာသိဘာသာ၊ သူ့အခန်းထဲတွင် သူ့အပေါင်းအသင်း သူငယ်ချင်းများနှင့် ဂစ်တာတီးလိုက်၊ သီချင်းဆိုလိုက် နှင့်နေတတ်သည်။ သူ့မိဘများကလည်း သူ့တို့သားနှင့်ပတ်သက်၍ ပြဿနာကြီးကြီးမားမား မရှိသဖြင့် အထွေအထူး ဆုံးမ မနေတော့ဘဲ သူ့ဆန္ဒရှိသလိုသာ လွတ်လွတ်လပ်လပ်နေခွင့် ပေးထားသည်။ သို့ဖြစ်သည့်အတွက် မိဘနှင့် သားသမီး ဆက်ဆံရေးတွင် အဆင်ပြေသည်။ သည်တော့ တစ်မိသားစုလုံး စိတ်လက်ချမ်းချမ်းသာသာ နေရသည်။

            ဘာသာရေးအပေါ်ခံယူချက်ကရော ဘယ်လိုရှိသလဲ ဟု မေးသောအခါ ကျွန်တော့်မိတ်ဆွေက ရယ်လျှက် ဟာဗျာ။ ကျွန်တော်တောင် ပုံမှန် ဘုရားရှိခိုးဖြစ်တာမှ မဟုတ်တာ။ နောက်ပြီး ဘုန်းကြီးကျောင်းတွေ ဘာတွေလည်း တစ်လနေလို့ တစ်ခေါက် မရောက်ဖြစ်ပါဘူး။ အလုပ်နဲ့ အိမ်နဲ့လုံးချာလည် လိုက်နေတာဘဲ။ နေ့တိုင်းအလုပ်ဆင်းနေရတော့ ပိတ်ရက်တွေ လည်း ဘယ်မှ မသွားတော့ဘဲ အိမ်မှာဘဲ နေတာများပါတယ် ဟု ဆိုပါသည်။ သားကရော ဘယ်လိုလဲ ဟု မေးသောအခါ သူ့ကိုလည်း ဘာသာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေတော့ ဖတ်ခိုင်းပါတယ်။ သူလဲ တစ်ခါတလေတော့ ဖတ်ပါတယ်။ အမြဲ တော့လည်း ဘယ်ဟုတ်မလဲဗျာ၊ ကိုယ်တောင် မဖတ်ဖြစ်တာ ဟု ဆိုပါသည်။

            ကျွန်တော့်သူငယ်ချင်းမှာ မူလစိတ်ရင်းခံကိုက အေးအေးဆေးဆေး နေတတ်သူဖြစ်ပါ၏။ ဘယ်မှသိပ်မထွက်သလို၊ ဘယ်သူနှင့်မှလည်း သိပ်မရော။ ဘယ်လှုပ်ရှားမှုမှလည်း သိပ်မလုပ်။ ဘ၀ကို သက်တောင့်သက်သာ အေးချမ်းစွာ ဖြတ်သန်း နေသူဖြစ်သည်။ ဇနီးဖြစ်သူမှာလည်း သူ့အတိုင်း၊ အေးအေးချမ်းချမ်း ရှိပါသည်။ သို့အတွက် သူတို့မိသားစုမှာ အလွန် စိတ်ချမ်းသာစရာ ကောင်းပါသည်။ 

(၄)

            မိမိသားသမီးကို စင်ကာပူတွင် ခေါ်ထားပြီဆိုကတည်းက စင်ကာပူမှလူနေမှုစရိုက်တို့ကို လက်ခံရတော့မည်ဟု ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။ အချို့ကျတော့လည်း သည်အတိုင်းပင်ခံယူပါသည်။ ကျွန်တော်နှင့် ရုံးချင်းနီးသဖြင့် ရုံးဆင်းချိန်တွင် မကြာခဏ အတူ လဖက်ရည်ဆိုင်ထိုင်ဖြစ်သော သူငယ်ချင်းကမူ ဘာတတ်နိုင်မလဲဗျာ။ ကိုယ်က ဒီမှာထားချင်တာကိုး။ ဒီကဓလေ့အတိုင်းပဲ ဖြစ်တော့မှာပေါ့။ ကျွန်တော်ကတော့ အရမ်းဆိုးဆိုးဝါးဝါးကြီး မဖြစ်သွား ရင် တော်လှပြီ ဆိုပြီး ဒီအတိုင်းကြည့်နေလိုက်တာပဲ။ အမြင်မတော်တာ တွေ့ရင်တော့လည်း ပြောရတာပေါ့ ဟု ဆိုပါသည်။ အမှန်ဆိုလျှင် သူ့သမီးနှစ်ဦးမှာ မြန်မာစာကို လုံးဝမရေးတတ်၊ မဖတ်တတ်တော့ပါ။ သူ့မိဘများကလည်း ကလေးက အင်္ဂလိပ်စာ၊ တရုတ်စာ နှစ်ဘာသာယူထားရသည့်အတွက် ကလေးအပေါ် ၀န်ပိမည်စိုးသည် ဟု ဆိုကာ မြန်မာစာကို မသင် စေပါ။ အိမ်တွင် မြန်မာလိုပြောသဖြင့် မြန်မာလိုတော့ နားလည်သည် ဟု ဆိုပါသည်။ အချို့သော စကားလုံးများကိုတော့ သေသေချာချာရှင်းပြရသည် ဆို၏။ ဘုန်းကြီးပျံဆိုတာ ဘာလဲ သား လို့မေးတော့ ကျွန်မသားက flying monk လို့ ဖြေတယ် ဟု Clementi တွင်နေသူ အသိ အမျိုးသမီးတစ်ဦးက ပြောပါသည်။
            GCE’O’ ဖြေရန် မြန်မာကလေးနှစ်ဦးကို ကျွန်တော် မြန်မာစာသင်ပေးဖူးပါသည်။ စကားအားဖြင့်သာ မြန်မာလို ပြောတတ်သော်လည်း မြန်မာစာ အရေးအဖတ်တွင်မတော့ သိပ်အားရစရာမရှိပါ။ သူတို့ပတ်ဝန်းကျင်တွင် အင်္ဂလိပ်စာ ကိုသာ အထိအတွေ့များသဖြင့် စင်ကာပူရောက် ကလေးငယ်များ မြန်မာစာကို မေ့ကုန်ပါပြီ။ ဤသည့်ရောဂါကို ကုစားရန် မြန်မာ ဘုန်းတော်ကြီးကျောင်းများက မြန်မာကလေးငယ်များအား တနင်္ဂနွေနေ့တိုင်း မြန်မာစာ အခမဲ့ သင်ပေးပါသည်။ မည်မျှ အောင်မြင်သနည်းဆိုသည်ကိုတော့ ကျွန်တော် မလေ့လာမိသေးပါ။
            မိဘများဘက်ကလည်း ဂုဏ်မယူရမှာကို ဂုဏ်လုပ်မပြောမိစေရန် သတိပြုရပါမည်။ အချို့ကျတော့ မိမိကလေး မြန်မာစာ မရေးတတ်၊ မဖတ်တတ်တာကိုပင် ဂုဏ်တစ်ခုအဖြစ် ငြီးသလိုလိုနှင့် လူကြားထဲတွင် ကြွားတတ်ပါသေးသည်။ ငြီးတာနှင့် ကြွားတာ အလွန်ကွာခြားပါသည်။ နောက်တစ်ချက်မှာလည်း ကလေးကို ဆုံးမ မရကြောင်း၊ ကလေးကို ရိုက်နှက် ဆုံးမမည်ကြံတိုင်း ကလေးက ရဲတိုင်လိုက်မယ် ဟု ပြောသဖြင့် မဆုံးမရဲကြောင်းကို လူကြားထဲတွင် ခပ်ကြွားကြွားကလေး ပြောကြပါသေးသည်။ ဤသည့်အရာမှာ ကြွားစရာ ဖြစ်ပါသလား။ မိမိကလေးကို မိမိဆုံးမတာ ရဲက ဖမ်းလို့ရပါသလား။ မိမိ ဦးဏှောက်နှင့် မိမိစဉ်းစားကြရန် လိုပါသည်။  
            နောက်အသိတစ်ဦး၏ သမီးကလေးမှာတော့ သိပ်အခြေအနေမဆိုးလှပါ ဟု ဆိုရမည်။ သူကလေးက စင်ကာပူတွင် ငယ်စဉ်ကတည်းက နေလာခဲ့သော်ငြားလည်း ယခု အရွယ်ကလေးရောက်လာသည့်တိုင် တကယ့် မြန်မာမိန်းကလေး စစ်စစ် ပင်ဖြစ်ပါသည်။ နေတာထိုင်တာ ပိပိပြားပြား၊ စကားကို ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ကလေး ပြောတာ တွေ့ရသဖြင့် ၀မ်းသာမိပါ၏။ ၀တ်တာစားတာလည်း လျှပ်ပေါ်လော်လီမှု မရှိပါ။ သူ့မိဘများ သွန်သင်ဆုံးမမှု ကောင်းတာ၊ အကိုင်အတွယ် တတ်တာ အများကြီး ပါပါသည်။

အဘယ်ကြောင့် အ၀တ်အစား လျှပ်ပေါ်လော်လီခြင်းကို ထည့်ပြောရသနည်း ဟူမူ ကျွန်တော်နှင့်အလွန်ရင်းနှီးသော အမျိုးသမီးတစ်ဦး၏ ညီမဆိုသူမှာ စင်ကာပူရောက်တာ လပိုင်းမျှ ပင် ရှိသေးသော်ငြား ကျွန်တော်နှင့်တွေ့သော အချိန်တွင် စင်ကာပူမှ အမျိုးသမီးများ ၀တ်သကဲ့သို့ အင်္ကျီချိုင်းချိတ်နှင့် ပေါင်ရင်းထိရောက်နေသော ဘောင်းဘီတိုကလေးနှင့် တွေ့ရသောကြောင့် ဖြစ်ပါသည်။ စင်ကာပူရောက်သည်နှင့် မြန်မာ အမျိုးသမီးဆိုတာ မေ့ပစ်လိုက်ကြပါသည်။ သူတို့ဆီက ကောင်းတာတွေ အတုခိုးရမှာတော့ အလွန်နှေးပြီး မဟုတ်တာ (ဥပမာ - လူကြားထဲတွင် ကောင်လေးနှင့်ဖက်ပြီး ပလူးနေခြင်း) အတုခိုးရမှာကျတော့ အလွန်မြန်လှပါ၏။

            မြန်မာပြည်မှ ကျွန်တော့်မိတ်ဆွေတစ်ဦးကတော့ ဤကဲ့သို့ သူ့အမြင်ကို ပြောပါသည်။
ဟေ့ကောင်၊ မင်းတို့ စင်ကာပူမှာတင်မဟုတ်ဘူးနော်။ ငါတို့ဆီမှာလည်း ရှိတာဘဲ။ တခြား မဟုတ်ဘူး။ ငါနဲ့တစ်လျှောက်လုံး အတူနေလာတဲ့ ငါ့ညီဝမ်းကွဲဘဲ။ ငါတို့လည်း အမြဲပြောဆိုဆုံးမနေတာဘဲ။ ဒါပေမဲ့ သူ့စရိုက်နဲ့ သူလာတာကိုး။ ဘယ်လိုမှ ပြောမရတော့ ဒီအတိုင်းထားလိုက်ရတာဘဲ၊ အရမ်းရိုင်းတယ်။ လူကြီးကို လူကြီးမှန်းမသိဘူး ဟု ဆိုပါသည်။

            နိဂုံးချုပ်ရလျှင် မြန်မာပြည်မှ ဆယ်တန်းအောင်လာသော ကလေးများလည်း စင်ကာပူတွင် ပိုလီ တက်၍ရပါသည်။ မြန်မာပြည်မှ ဘွဲ့ရလာသော ကလေးများလည်း အခြားနိုင်ငံများတွင် ဘွဲ့လွန်ပညာများ ဆည်းပူးနေကြသည်မှာ ကမ္ဘာ အနှံ့အပြားတွင် ရှိပါသည်။ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများဆိုလျှင် ဂျာမဏီ၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများမှ Ph. D (ဒေါက်တာဘွဲ့) ဆွတ်ခူးခဲ့ကြသူများ အများအပြားရှိပါသည်။ မိမိ မိသားစုနှင့် အတူနေရရေးအတွက် ကလေးကို မိမိနှင့်အတူခေါ်ရင်း ကျောင်းထားသည်မှာ သဘာဝကျပါသည်။ သို့သော် ကလေးပညာရေး သီးသီးအတွက် စင်ကာပူခေါ်ထားခြင်းကိုတော့ အထက်ပါ အကြောင်းအချက်များကို ထည့်သွင်းစဉ်းစားပြီးမှ ရှေ့ရေးကို မျှော်ကိုးကာ ဆုံးဖြတ်ကြရန် လိုပါကြောင်း တင်ပြလိုက်ရပါသည်။  

အေးငြိမ်း
11/8/11 ; 1200 Midnight (Myanmar Journal Version)
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: (65) 97303027