(Myanmar in Singapore တွင် တင်ထားသော " မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ " နှင့်ကိုဖတ်မိပြီး အောက်ပါအတွေးများ ရလာပါသဖြင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှခြင်း ဖြစ်ပါသည်။ ကျွန်တော်ပြောတာ ဟုတ်မဟုတ် စဉ်းစားကြရန် ဖြစ်ပါ၏။)
တစ်နေ့သ၌ ECC Project တွင် အလုပ်လုပ်ရင်းမှ ရင်းနှီးကျွမ်းဝင်လာသူ UTOC မှ ဦးစောဝေ၏ ဇနီးဖြစ်သူက ကျွန်တော့်ထံ ဖုံးဆက်လာ၏။ အကြောင်းမှာ သူ့သားများကို မြန်မာစာ သင်ပေးရန် ဖြစ်သည်။ ဟိုက်ရော၊ ကျွန်တော်က မြန်မာစာဆရာမှ မဟုတ်တာ။ ဘယ်နှယ်လုပ် သင်တတ်ပါမတုံး။ နောက်ပြီး သူတို့ကိုသင်ပေးဘို့ရာ ကျွန်တော့်မှာ ဘာစာအုပ်စာတမ်းမှ ရှိတာ မဟုတ်။ ဘယ်လိုသင်ရမှန်းလည်း မသိ။
ဒါ ခဏထားပါအုံး။ စာသင်တယ်ဆိုလို့။ နည်းနည်းလျှာရှည်ပြစေဦး။ စာသင်ခြင်းသည်လည်း အတတ်ပညာတစ်မျိုး ဖြစ်ပါ သည်။ ခုခေတ် သင်နေကြသလို ဆယ်တန်းအောင်တာနဲ့ (အဲလေ တချို့လည်း ဆယ်တန်းတောင်မှ အောင်တာ မဟုတ်ပါဘူး။ အခြေအနေအရ ဆရာဝင်လုပ်ကြရတာ။) စာသင်လို့ရပြီ ဆိုတာ၊ ဆရာလုပ်လို့ဖြစ်ပြီဆိုတာ အင်မတန် လွဲပါသည်။ ဒါပေသိ၊ မြန်မာပြည်မှာ တက္ကသိုလ်တွေကို မိုးတွင်းမှာပေါက်သော မှိုတွေလို တစ်မြို့နယ်တစ်ခုနှုံးဖြင့် ဖွင့်လာပြီဆိုတော့ သည် တက္ကသိုလ်တွေမှာ သင်ပေးဘို့ ဆရာတွေ ဘယ်ကရမည်နည်း။
(ဟဲ့ကောင်လေး၊ နင်ကျောင်းပြီးရင် ဘာလုပ်မလဲ။
မသိသေးပါဘူးဆရာရယ်။
ဒါဖြင့် မင်းဘာမှစဉ်းစားမနေနဲ့ ငါတို့တက္ကသိုလ်မှာ ဆရာတွေလိုနေတယ်။ မင်း ဆရာဝင်လုပ်စမ်း။
အဲဟိုကောင်မလေးရော၊ ပြောစမ်း။ ကျောင်းပြီး ဘယ်သွားမယ် စိတ်ကူးထားလဲ။
စင်ကာပူတော့ သွားချင်သား။ ဒါပေမဲ့ ပိုက်ဆံမှ မရှိတာဆရာ။
ဒါဖြင့်ကောင်းပြီ။ နင်ဘာမှ စိတ်ကူးမလွဲနဲ့။ ငါတို့ အသစ်ဖွင့်ထားတဲ့ စက်မှုတက္ကသိုလ်မှာ ဆရာမတွေမရှိလို့။ နင်ဆရာမ မလုပ်ချင်ဘူးလား။
မြင်းမိုရ်တောင်ဦး မကကျူးတဲ့ ကျေးဇူးရှင်ဆရာဆိုတာ ဒါကို ခေါ်မှန်း သမီးခုမှ သဘောပေါက်တော့တယ်။ စာလဲသင်ပေး၊ အလုပ်လဲခန့်ပေး ဆိုတော့။ ကျေးဂျူးဂဘာ ပါဘဲဆရာ။)
သည်လိုနှင့် ဆရာ၊ ဆရာမများဖြစ်လာကြတာများသည်။ ဘာခက်တာလိုက်လို့။ အရည်အချင်းဆိုတာ - - - (အယ်မယ်လေး၊ ဟေ့ကောင်။ မင်းကခုမှ ကြီးကြီးကျယ်ကျယ်တွေလာပြောမနေပါနဲ့။ ငါတို့ဖြစ်လို့ လုပ်လာခဲ့တာ ကြာပေါ့။ ခုဆို ဘယ်နှနှစ် ရှိပြီလဲ။)
ပညာရေးအပေါ် ဆရာများ ထားရှိရမည့် သဘောထား။ ပညာရေး စိတ်ပညာ။ သင်ကြားမှု နည်းစနစ်များ။ သင်ထောက်ကူ ပစ္စည်းများ။ အဲသည့်ဟာတွေပြောပြရလောက်အောင် ကျွန်တော် မတတ်ပါ။ ပညာရေးအကြောင်းဖတ်ချင်လျှင် မောက္ခ အွန်လိုင်းပညာရေး မဂ္ဂဇင်းတွင် ဖတ်ကြည့်နိုင်ကြပါသည်။ ခု ကျွန်တော်ပြောမှာ ပညာရေးအကြောင်းမဟုတ်ပါ။
ထားပါတော့။
ကိုစောဝေ၏ အမျိုးသမီးက သူ့သား သည်နှစ် GCE’O’ ဖြေမည်။ မြန်မာစာ တစ်ဘာသာပါမည်။ အဲဒါ သင်ပေးပါ ဟု ဆို၏။ သူ့သားနှင့် သူ့သားသူငယ်ချင်း။ ပေါင်း နှစ်ယောက်ဖြစ်၏။
အားနာတာ မြန်မာလူမျိုးများတွင်သာ ရှိမည်ထင်ပါသည်။ အင်မတန် စိတ်ပျက်စရာကောင်းလှသော အမူအကျင့် သို့မဟုတ် အလေ့အထ ဖြစ်ပါ၏။ ကိုယ်မကြိုက် မကြိုက်ဘူး။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူး ပွင့်ပွင့်လင်းလင်းပြောလိုက်ပေါ့။ ခုတော့ ကျွန်တော့်မှာ မြန်မာလူမျိုးဖြစ်သည့်အတွက် အားနာပါးနာနှင့် အင်း - လိုက် လိုက်ရသည်။ ပထမတွင် ကျွန်တော် မြန်မာစာ ဆရာမဟုတ်၊ ဘာစာအုပ်မှလည်း မရှိသည့်အတွက် မသင်တတ်လို့ မသင်ပါရစေနှင့်ဟု နှစ်ခါ သုံးခါလောက် ငြင်းပါသေးသည်။ သို့သော် သူက လူနာအမဲခြောက်တောင်းသလို တကျီကျီလုပ်နေသည့်အတွက် ပြီးပြီးရော ကဲ - ဒီလိုဆိုလဲ လွှတ်သာ လွှတ်လိုက်ပါဗျာ ဟု ပြောလိုက်ရသည်။
သူ ကျွန်တော့်ကို မြန်မာစာသင်ခိုင်းရခြင်းမှာ အကြောင်းရှိသည်။ ကျွန်တော်က မနေနိုင်မထိုင်နိုင်၊ သည်ကဲ့သို့သော တိုစိတိုစိ စာများရေးသည်။ နောက်ပြီး ဖတ်တာမဖတ်တာ နင်တို့အလုပ်၊ ပို့တာ ငါ့တာဝန်ဟု သဘောပိုက်ပြီး ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည်ဖြစ်စေ သူငယ်ချင်းများထံ အတင်းပို့သည်။ သည်ကဲ့သို့ပို့သော ကျွန်တော့ ကပေါက်တိကပေါက်ချာ စာများ ကိုဖတ်ပြီး သဘောကျသဖြင့် မြန်မာစာအရာတွင် ပါရဂူမြောက်တတ်နေပြီဟု အထင်ကြီးကာ (ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့) စာသင်ခိုင်းခြင်း ဖြစ်သတည်း။
နောက်ပြီး သူ့သား၏ မြန်မာစာဗဟုသုတအပေါ်လည်း ကြွားလိုက်သေးသည်။ သူ့သားကို ဘုန်းကြီးပျံ ဆိုတာ ဘာခေါ်လဲ မေးတော့ flying monk ဟု ဖြေသည်ဆို၏။ သေဟဲ့ နန္ဒိယ။ သူဖြေတာလဲ ဟုတ်တုတ်တုတ်။ ခင်ဗျားတို့ မြန်မာစကားကိုက ရှုပ်တာကို လို့၊ နော။
အတိုချုပ်လိုက်သော် တနင်္ဂနွေနေ့တိုင်း ကျွန်ုပ် မြန်မာစာပြဆရာ ဖြစ်ရတော့သတည်း။ သူ့တို့က မြန်မာပြည်တွင် ခြောက်တန်း၊ ခုနစ်တန်းလောက်ထိ ကျောင်းနေခဲ့ဖူးသဖြင့် တော်သေးသည်ဆိုရမည်။ သင်ရသည်မှာ သူတို့က GCE’O’ မေးခွန်းဟောင်းများ ယူလာသည်။ ကျွန်တော်က မေးခွန်းများကို နားလည်အောင်ရှင်းပြ။ အဖြေပါ သူတို့ဆီပါလာလျှင်လည်း ဘာ့ကြောင့် ဤကဲ့သို့ဖြေထားသည်ကို ရှင်းပြ။ မဖြေရသေးလျှင် ဖြေပြ။ ဘာ့ကြောင့် ဤကဲ့သို့ ဖြေရသလဲ ပြောပြ။ သည်မျှသာ ဖြစ်ပါ၏။ သိပ်မခက်လှပါ။
Comprehension ကတော့ မဆိုးလှပါ။ သူတို့က မြန်မာစာ ဖတ်တတ်သဖြင့်၊ အိမ်တွင်လည်း မြန်မာလိုပင် ပြောသည်ဖြစ်ရာ နားလည်လွယ်ပါသည်။ မေးထားသော မေးခွန်းကို ဖြေတတ်သည်ဟု ဆိုရမည်။
ပြဿနာမှာ ဘာသာပြန် (translation) နှင့် စာစီစာကုံး (composition) ဖြစ်၏။ ဘာသာပြန်မှာလည်း မြန်မာမှ အင်္ဂလိပ်သို့ ပြန်ရာတွင် သိပ်ပြဿနာမရှိလှ။ အချို့စကားလုံးများကို အဓိပ္ပါယ်ပြောပြလိုက်လျှင် သူတို့ဟာသူတို့ ဘာသာပြန်တတ်သည်။ ဆိုးသည်မှာ အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ခြင်း ဖြစ်၏။ သူတို့ဘာသာပြန်ထားတာ ကျွန်တော် ဘယ်လိုနားလည်လိုက်ရမှန်း ပင်မသိပါ။
စာစီစာကုံးမှာလည်း ချာတူးလန်ပါ၏။ သူတို့ရေးထားသည်များကို အောက်တွင် မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။ GCE’O’ ကို မြန်မာမှု ပြုရလျှင် ဆယ်တန်း ဟု အဓိပ္ပါယ်ရ၏။ ဆယ်တန်းသမားတစ်ယောက် ရေးထားသော စာစီစာကုံးကို ဖတ်တော်မူကြပါကုန်။ (ကာယကံရှင်ထံ ခွင့်မတောင်းဘဲ ထည့်ရန်မသင့် ဆိုသည်ကို ကျွန်တော်သိပါသည်။ သို့သော် ယခု ထိုကာယကံရှင်မှာ ဘယ်ဌာနေလိုက်ရှာရမှန်း မသိသဖြင့် အရဲစွန့်ကာ ထည့်လိုက်ခြင်းဖြစ်ပါသည်။ ကာယကံရှင် ဖတ်မိပါက ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်။)
ECC တွင် လုပ်စဉ်က ကျွန်တော်တို့ ကုမ္ပဏီသို့ Safety Officer တစ်ယောက် ရောက်လာပါသည်။ Terence ဟု ခေါ်၏။ အဖေတရုတ်၊ အမေတရုတ် ဖြစ်သော ရေမထိုးသည့် တင်းပြည့်ကျပ်ပြည့် (စင်ကာပူ)တရုတ်ဖြစ်သည်။ တရုတ်လိုပင်ပြောပါ၏။ သို့သော် တရုတ်စာမတတ်။ မင်း-တရုတ်စာ ဘာလို့ မလေ့လာတာလဲ ဟု ကျွန်တော်မေးတော့ သူပြန်ပြောပုံလေးမှာ သင်းလှပါ၏။
စာဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေး ပစ္စည်းတစ်ခုပဲ။ အခု ငါ အင်္ဂလိပ်လိုရေးတတ်၊ ဖတ်တတ်တယ်။ ဒါဆို ငါ့အနေနဲ့ တရုတ်စာတတ်ဖို့ လိုသလား ဟု ပြန်ဖြေပါ၏။ ဟိုက် - ရှားဘား။
နောက်တစ်ဦးမှာ ကျွန်တော်တို့ရုံးမှ အသက် ၆၀ ပြည့်ရန် လပိုင်းမျှသာလိုတော့သော တရုတ်မကြီး ဖြစ်ပါသည်။ Anna ဟု ခေါ်၏။ သူလည်း တရုတ်စာမတတ်။ ပြောတာတော့ တရုတ်လိုပြောသည်။ ကျွန်တော်က သူနှင့်အရမ်းခင်သဖြင့် နောက်လိုသောကြောင့် My Paper သတင်းစာမှ တရုတ်လိုအပိုင်းကိုထုတ်ပြီး သူ့ကို မကြာခဏ ပေးပါသည်။ ဤသည့်အခါများတွင် သူက အတင်းအော်၏။ အာရိုး၊ နင့်ကို တရုတ်စာမဖတ်တတ်ပါဘူးလို့ ငါ ဘယ်နှခါပြောရမလဲ။ အင်္ဂလိပ်လိုဟာပဲ ပေး။ ဒီ တုတ်ချောင်း၊ ရှုပ်ရှုပ်ပွပွတွေ ငါနားမလည်ဘူး ဟူ၏။ တရုတ်လိုတော့ ပြောပြီး တရုတ်လို မဖတ်တတ်ဖူးဆိုတော့ အင်မတန် ဆန်းတာပဲ။ ကျောင်းမှာ တရုတ်လို မသင်ခဲ့ဖူးလား ဟု ကျွန်တော်က ပြန်မေးလျှင် ငါ တရုတ်စာခက်လို့ မလေးစာပဲ ယူခဲ့တယ် ဟု ပြန်ဖြေပါသည်။
a မှ z ထိ ၂၆ လုံးသော အက္ခရာများရှိလျှင် အင်္ဂလိပ်စာ ဖြစ်ပြီ။ မြန်မာစာမှာတော့ အက္ခရာ ၃၃ လုံးနှင့်မရ။ သဝေထိုး၊ ယပင့်၊ ယရစ်၊ အသတ်၊ ၀ဆွဲ၊ လုံးကြီးတင်၊ လုံးကြီးတင်ဆံခတ်၊ အောက်ကမြစ်၊ သဝေထိုး ၀ဆွဲ ဟထိုး၊ ရေးချရှေ့ထိုး။ လုံးကြီးတင် နှင့် သေးသေးတင်တွဲထားသည့် တာဝတိံသာ လိုဟာမျိုး။ လ တောင်မှ လကလေး၊ လကြီး။ အော တောင်မှ အော နှင့် သြ။
ခဏလေး။ သြ ဆိုလို့ သတိရတာတစ်ခု ကြားဖြတ်ပြောပါရစေဦး။ ကျွန်တော် ၁၀၉၊ ၁၁၀ ဘ၀နှင့် ရန်ကုန်မြို့တော်တွင် ပလက်ဖောင်းမင်းသား လုပ်ခဲ့စဉ်ကာလက အသိဘုန်းကြီးတစ်ပါးနှင့် အင်းစိန်ကမ်းနားလမ်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်သွား၏။ ထိုကျောင်းမှ ဘုန်းကြီးမှာ ထူးဆန်းပါပေ၏။ အသက် ၅၀ ကျော်လောက်ရှိပြီ။ မြန်မာသီချင်းများမှာ ပျင်းဘို့ကောင်းတယ် ဟု ဆိုကာ ရေဒီယိုမှလာသော ကုလားသီချင်းများကို ဖွင့်နားထောင်လေ့ရှိ၏။ ဦးဇင်း နားလည်လို့လား ဟု ကျွန်တော်ကမေးသောအခါ နားလည်တာ မလည်တာထက် နားထောင်လို့ကောင်းတယ်ကွ ဟု ပြန်ဖြေပါသည်။
ညဦးပိုင်းတွင် သူက အနီးပတ်ဝန်းကျင်မှ ကျောင်းမနေနိုင်သော ကလေးများကို စာသင်ပေးသည်။ သူစာသင်တာ ကျွန်တော် တစေ့တစောင်း လေ့လာမိ၏။ ဘုန်းကြီးကျောင်းတို့ ထုံးစံအတိုင်း သင်ပုန်းကြီးမှ စသင်သည်။ ကကြီးရေ က၊ ကကြီးရေးချ ကာ - စသဖြင့် ဖြစ်၏။ သို့နားထောင်နေရင်း ကျွန်တော့်စိတ်ထဲ ထူးပါတယ် ဟု ထင်သဖြင့် နားစွင့်နေမိပါသည်။ သူချပေးသည်မှာ -
သ - ယရစ် သယ၊ သ - ရယစ် ရေးချ သယာ၊ သဝေထိုး သ - ယရစ် ရေးချ ရှေ့ထိုး သယော် ဟု ဖြစ်၏။
ဟိုက်ရှာလပတ်ရည်။
သ - ကိုယရစ်လိုက်လျှင် သြ - အော ဟု ဖတ်ရမည် မဟုတ်ပါလော။ သဝေထိုး သ - ယရစ် ရေးချ ရှေ့ထိုး သြော် - အော် ဟု ဖတ်မည်လား သယော် ဟု ဖတ်မည်လား။ သယော် ဟု ဘာ့ကြောင့်မဖတ်သနည်း။ ဒါကြောင့်ပြောတာပေါ့၊ ခင်ဗျားတို့ မြန်မာ စာ ရှုပ်ပါတယ် ဆို။
သည်တော့ စင်ကာပူရောက် မြန်မာမိတ်ဆွေများခင်ဗျား -
အဖေ့မြန်မာစာကြီးကလည်း ရှုပ်ရှက်ခပ်နေတာပဲ၊ မသင်ချင်ပေါင်ဗျာ။ အင်္ဂလိပ်စာတတ်လဲ ပြီးတာပဲမဟုတ်လား ဟု (အထက်ပါ Terence နှင့် Anna တို့ကဲ့သို့) အသင်တို့ သား က ပြောလာခဲ့လျှင် သင် မည်ကဲ့သို့ ပြန်ဖြေပါမည်နည်း။ စင်ကာပူတွင် ငယ်ငယ်ကလေးထဲက ကြီးပြင်းလာသော ကလေးမှာ သူတို့ရင်းနှီးကျွမ်းဝင်ရမည့် ပတ်ဝန်းကျင်ကသာ သူတို့အပေါ် ကြီးစိုးလွှမ်းမိုးမည်ကို စိုးစဉ်းမျှ သံသယရှိစရာမလို။ လူမပြောနှင့် ကျေးညီနောင်တောင်မှ သည်သို့ဖြစ်သေးသည် မဟုတ်တုံလော။
ကျေးညီနောင်ပုံပြင်ကို လူတိုင်းကြားဖူးပြီးသားမို့ မပြောတော့ပါ။
စဉ်းစားဖို့ အလုပ်ပေးလိုက်ခြင်းဖြစ်ပါသည်။ လက်ပေါ်နဖူးတင်၍ ဖြစ်စေ၊ နဖူးပေါ်လက်တင်၍ ဖြစ်စေ။ တစ်ခေါင်းလုံး ဖြူလာသည်ထိ စဉ်းစားကြပါကုန်။
အေးငြိမ်း
၇-၇-၂၀၁၁
Blk 134A, Kang Ching Road
#03-91
Singapore 619062
1 comment:
"သ - ကိုယရစ်လိုက်လျှင် သြ - အော ဟု ဖတ်ရမည် မဟုတ်ပါလော။"
မီးသတ်ကား မီးလောင်သလို ဖြစ်နေပြီ။ ;)
သ ယရစ် သြ မဟုတ်ပါ။ ဩ(အသံထွက် - အော) သည် "အက္ခရာ ဩ" သာ ဖြစ်ပါ၏။
Post a Comment