လာရောက်လည်ပတ်သော မိတ်ဆွေများခင်ဗျာ -
အိမ်အပြောင်းအရွှေ့ကိစ္စများဖြင့် မအားမလပ်နိုင်အောင်ရှိပါသဖြင့် ရေးစရာ အများအပြားရှိသည့်တိုင် မရေးနိုင်သည့်အတွက် တောင်းပန်ပါသည်။ နောက်တစ်ပတ်လောက်ဆိုလျှင်တော့ ပြီးပါလိမ့်မည်။
ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ ဦးလေးကြီးဦးဖေသန်း၏ စကားကလေးကို မေတ္တာလက်ဆောင် ပါးလိုက်ချင်ပါသည်။
“ဒီမှာ ဒီမှာ ခဏလောက်နားထောင်ကြည့်စမ်းပါ။
ဟောဒီလောကကြီးမှာ
အသက်ပျောက် သေဆုံးခြင်း ဆိုတဲ့ အရာကြီးကလွဲရင်
အရာရာဟာ ပြုပြင်လို့ ကုစားလို့ ရနိုင်တာချည်းပါပဲ - - - - တဲ့။
ဝေဖန်ဘို့နဲ့ ဆင်ခြင်စဉ်းစားဘို့ ပါနော။”
လာမဲ့ စနေတနင်္ဂနွေပိတ်ရက်ကျရင် စင်ကာပူမှာ အိမ်ဝယ်တဲ့အကြောင်း ဗဟုသုတအနေနဲ့ ဖောက်သည်ချပါ့မယ်။
(ဒီစာကိုတော့ ရုံးချိန်မှာ အလီဘာဘာလုပ်ပြီး ရေးလိုက်တာပါ။)
အားလုံးကို ခင်မင်လေးစားလျှက်
အေးငြိမ်း
26 Jul 2011
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Tuesday, July 26, 2011
Tuesday, July 19, 2011
စင်ကာပူရောက် မြန်မာကလေးများ (၂)
(၁)
I’ll send you to child jail, OK. Do you think I don’t dare to do it!!!
ဖခင်တစ်ဦးက ၈ နှစ်အရွယ်ရှိသူ့သမီးကို ကြိမ်းမောင်းလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် အတော်ပင် ထိတ်လန့်သွားမိပါ၏။ ဒါ - မိဘက သားသမီးကို ဆူပူကြိမ်းမောင်းတာတဲ့လား။ သို့သော် ဤသည်မှာ တကယ်ဖြစ်ပါသည်။
မနေ့ ၁၇-၇-၂၀၁၁ က မြန်မာပြည်မှ ခေတ္တအလည်ရောက်လာသည့် ကိုအောင်ကြည်စိုးနှင့်အတူ အခြား အပေါင်း အသင်း သူငယ်ချင်းများဆီ သွားလည်ပါသည်။ ဤတွင် ကျွန်တော်က စပ်စပ်စုစု သူငယ်ချင်းဖြစ်သူ (အမျိုးသမီး) ကို သူ့သမီးနှင့် ပတ်သက်၍ မေးကြည့်၏။
သူ့အပြောအရ သူတို့ကလေးကို စင်ကာပူသို့ ၃ နှစ်သမီးအရွယ်တွင် ခေါ်လာခဲ့သည်။ သည်တင်ပင် ကျောင်းထား သည်။ ယခု Primary 2 ရောက်နေပြီ။ ကလေးမှာ ယခင်နှစ်များက မြန်မာလိုပြောသေးသော်လည်း ယခုနှစ်တွင်မူ လုံးဝနီးပါး မပြောတော့ဟု သိရ၏။ သို့သော် သူတို့မိဘများ မြန်မာလိုပြောတာကိုတော့ နားလည်သည်။ ပြန်ပြောလျှင်မူ အင်္ဂလိပ် စကားတွင် တခါတရံ မြန်မာလို ညှပ်ပြောသည်မှအပ အင်္ဂလိပ်လိုသာ ပြောတာတွေ့ရပါသည်။ သို့သော် မြန်မာပြည်သို့မူ ပြန်လိုစိတ်ရှိသည်။ ပြန်လျှင်လည်း ကြာကြာလေး နေလိုသည် ဟု သူ့မိခင်က ပြောပါသည်။
ကလေးမှာ အိမ်ပြန်ရောက်ရောက်ချင်း ကျောပိုးအိတ်ကို ဘုန်းကနဲပစ်ချကာ ကွန်ပြူတာစားပွဲတွင် ထိုင်လျှက် အဆင် သင့်ဖွင့်ပြီးသား ကွန်ပြူတာကို ဖွင့်ကာ မိမိစိတ်ကြိုက် ရုပ်ရှင်နှင့်သီချင်းများ နားထောင်နေသည်ကို တွေ့ရသည်။ နားထောင် သည်ဆိုသည်မှာ တကယ့်ကို လွတ်လွတ်လပ်လပ် အားရပါးရ စားပွဲပေါ် ခြေထောက်နှစ်ချောင်းဖြဲကား ပစ်တင်လျှက် အကျယ်ကြီးဖွင့်ကာ နားထောင်နေခြင်း ဖြစ်ပါသည်။ လူကြီးများ စကားပြောနေသဖြင့် အမေလုပ်သူက နည်းနည်းတိုးရန် ပြောသည်ကိုပင် ခဏမျှသာတိုးကာ နောက်ပြီး ကျယ်မြဲ ပြန်ကျယ်ပါသည်။
ကျွန်တော်တို့မှာ ဟိုရောက်သည်ရောက် ထွေရာလေးပါး ရှေးဟောင်းနှောင်းဖြစ်များ ပြောနေကြသခိုက် ဘာ အခန့်မသင့်သည်မသိ။ အဖေလုပ်သူနှင့် သမီးဖြစ်သူမှာ တစ်ယောက်တစ်ခွန်း အော်ပါသည်။ သို့အော်ရင်းမှ ကျွန်တော်တို့ အနီး ရောက်လာကာ အဖေဖြစ်သူက အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။ ထိုအခါ အမေလုပ်သူက သမီးကို သွားချော့ပါသည်။
အမေဖြစ်သူက သူ့သမီးမှာ ယခင်နှစ်များက မိဘစကားနားထောင်သေးသော်ငြားလည်း သည်နှစ်တွင်မူ နားမထောင် တော့ဟု ပြောပါသည်။ အဘယ်ကြောင့်ဆိုသော် ကလေးမှာ တော်သဖြင့် အတန်းထဲတွင် အတန်းခေါင်းဆောင် ခန့်ခြင်းခံရ သည်။ ထိုအခါ အခြားကလေးငယ်များကို လူကြီးသဖွယ် ထိန်းကျောင်းပေးရသည်။ ထို့အတွက် သူ့ကိုယ်သူ အခြားသူများ၏ ခေါင်းဆောင် သို့မဟုတ် ဆရာအဖြစ် အထင်ရောက်ကာ သူကသာ သူများကို ဆိုဆုံးမ ပြောဆိုရမည်။ သူ့ကို လာဆုံးမလျှင် မကြိုက်တော့။ သူ့ကိုဆိုဆုံးမသည့် မိဘများကို why ဟု အမြဲပြန်မေးလေ့ရှိသည် ဟု ဆိုပါသည်။
သူတို့က လူကြီးသူမများရှေ့တွင် ခေါင်းငုံ့သွားခိုင်းသောအခါ သူတို့ကို လူညွန့်ချိုးသည် ဟု ထင်သည်ဆို၏။ လူကြီးများကို ရိုရိုသေသေဆက်ဆံခိုင်းသောအခါ သူတို့၏ အစွမ်းအစ(သူတို့ကတော့ မာနတရား ကိုဆိုလိုတာ ဖြစ်နိုင်ပါသည်) ကို ဖိနှိပ်တာ ဟု ပြောသည် ဆိုပါသည်။ သူ့အဖေက စိတ်မရှည်၊ ကလေးနှင့် အမြဲထိပ်တိုက်တွေ့သည် ဟု သူ့မိခင်က ပြောပါ သည်။
တကယ်တော့ ဤဖြစ်ရပ်ကလေးမှာ ၅ မိနစ်မျှပင် မကြာပါ။ သို့သော် ကျွန်တော့်အတွက်တော့ တွေးတောစရာ၊ စဉ်းစားစရာများ အများအပြားရလာပါသည်။
သည်ကလေးများအကြောင်းရောက်တိုင်း ကြေးညီနောင်ပုံပြင်ကို သတိမရဘဲ မနေနိုင်ပါ။ ကလေးဟူသည် ပီဘိ အဖြူရောင် ဖြစ်၏။ ကြည်လင်နေသည့် ရေဖန်ခွက်ထဲသို့ အနီရောင် ဆေးစက်ကလေး ချကြည့်စမ်းပါ။ ရေနီဖန်ခွက် ဖြစ်သွား မည်။ မဲနယ် နည်းနည်းလောက် ထည့်လိုက်လျှင် အပြာရောင်ရေဖန်ခွက် ဖြစ်သွားမည်။
အလုပ်လုပ်နေသော မိဘနှင့် ကျောင်းတက်နေသော သားသမီးသည် တစ်နေ့လျှင် ဘယ်နှနာရီမျှ ထိတွေ့နိုင်ပါမည် နည်း။ သူတို့ အချိန်အများဆုံး ပေါင်းသင်းဆက်ဆံနေရသည်မှာ သည်ပတ်ဝန်းကျင် ဖြစ်ပါသည်။ သည်တော့ သည်စရိုက်များ သည်ကလေးများဆီသို့ လျှင်မြန်စွာ ကူးစက်လာသည်မှာ ဘာမျှ မဆန်းပါ။ ကလေးဟူသည် အတုမြင် အတတ်သင်တတ်သည် မဟုတ်ပါလော။
သည်နယ်မြေတွင် အနန္တောအနန္တငါးပါးဟူသည် ရှိပါသလော။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနား ဆိုတာ ရှိပါသလော။ ကိုအောင်ကြည်စိုးကတော့ ဟေ့ကောင်၊ ဒီမှာတင်မဟုတ်ဘူးနော်။ ငါတို့ဆီမှာလည်း ရှိတာဘဲ။ တခြား မဟုတ်ဘူး။ ငါနဲ့တစ်လျှောက်လုံးအတူနေလာတဲ့ ငါ့ညီဝမ်းကွဲဘဲ။ ငါတို့လည်း အမြဲပြောဆိုဆုံးမနေတာဘဲ။ ဒါပေမဲ့ သူ့စရိုက်နဲ့ သူလာတာကိုး။ ဘယ်လိုမှ ပြောမရတော့ ဒီအတိုင်းထားလိုက်ရတာဘဲ ဟု ဆိုပါသည်။
ကျွန်တော်ကား အလွန်စိတ်တိုတတ်သူဖြစ်၏။ စိတ်တိုတာ မကောင်းဘူးနော်။ စိတ်မတိုနဲ့။ မတိုနဲ့ ဆင်ခြင်၊ ဆင်ခြင် ဟု ကိုယ့်ကိုယ်ကို အမြဲသတိပေးပါသည်။ သို့သော် စိတ်တိုလာပြီဆိုလျှင်တော့ ထိုသတိများအားလုံးပျောက်ကုန်တော့၏။ လွန်သွားသည့်အခါမှ နောင်တရတော့သည်။ ယခု ကျွန်တော့သား ၄ နှစ်ခွဲရှိပြီး နောက် နှစ်နှစ်အတောအတွင်း စင်ကာပူကို ရောက်လာတော့မည်။ ထိုအခါ ကျွန်တော့်သားကို ကျွန်တော် မည်ကဲ့သို့ ကိုင်တွယ်မည်နည်း။ (ကိုယ့်အမျိုးသမီးအကြောင်း ကိုယ်သာသိသည်မို့ သူ့အမေအကြောင်း ထည့်မပြောတော့ပါ။ ကလေးကိုထိန်းနိုင်သည့် အစွမ်းအစမရှိ ဟုသာ မှတ်ထား လိုက်ပါ။)
အင်မတန် စိတ်တိုတတ်သော၊ ဒေါသကြီးတတ်သော၊ စကားကို မဆင်မခြင်ပြောတတ်သော၊ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ ကိုသာ နှလုံးတွေ့ပြီး၊ သည်က အလေ့အထ အမူအကျင့်များကို အော့နှလုံးနာတတ်သော ကျွန်ုပ်နှင့် သည်ပတ်ဝန်းကျင်တွင် ကြီးပြင်းကာ သည်ကဓလေ့ထုံးစံများကို အတုခိုးလာမည့် သားတော်မောင်တို့ မည်ကဲ့သို့ စခန်းသွားကြမည်ကို တွေးမိတိုင်း ကျွန်ုပ်မှာ ရင်မောလှပါသည်။
(၂)
နောက်တစ်ခု အဖြေရှာမရသော ပုစ္ဆာတစ်ခုလည်း ကျွန်တော့်ဦးဏှောက်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်နေပါ သေးသည်။
ယခု ကျွန်တော့်တူမကလေး စင်ကာပူတွင် ပိုလီကျောင်းလာတက်နေသည်။ ဆယ်တန်းတွင် အမှတ်မကောင်းသဖြင့် ရန်ကုန်တွင်ပင် IGCSE ပြန်ဖြေခိုင်းကာ ပိုလီဝင်ခွင့် လျှောက်ရာမှ ရသဖြင့် လာတက်ခြင်းဖြစ်ပါသည်။ ဆယ်တန်းအမှတ် ကောင်းလျှင် ဘာကမှ ထပ်တက်စရာမလိုဘဲ ၀င်ခွင့်တင်လို့ရပါသည်။
သည်တော့ မေးစရာတစ်ခုရှိပါသည်။ စင်ကာပူတွင် ကျောင်းတက်ကာ အောင်လာသူများလည်း ယခု သူနှင့်အတူတူ တစ်တန်းတည်း တက်နေသည်။ သည်ကျောင်းပြီးသွားလျှင် သည် ဒီပလိုမာကို အတူတူရမည်။ တန်းတူ တတ်မည်။ အလုပ် လည်း တန်းတူရမည်။ လခလည်းတူမည်။
သဟာဖြင့် မြန်မာပြည်တွင်သင်လာသော အခြေခံပညာနှင့် စင်ကာပူတွင်သင်ထားသော အခြေခံပညာ ဘယ်နေရာ တွင် ကွာနေပါသနည်း။ သည်တွင် အခွင့်သင့်တုံးကြားဖြတ် ပြောပါရစေ။ သည်းခံဖတ်တော်မူပါ။
ယခုလောလောဆယ် ကျွန်တော် ECO (Environmental Control Officer) Course တက်နေပါသည်။ ပြီးခဲ့သည့် သောကြာနေ့အတန်းတွင် သင်တန်းဆရာက Environmental ဆိုင်ရာ ဥပဒေများသင်ပေးရင်း ဤဥပဒေကို မည်သည့်နေရာ တွင်ကြည့်နိုင်သည် ဟု Singapore Statutes website ကို ပြကာ ဤ website ကို ၀င်ကြည့်ဖူးသူ၊ သိသူမည်မျှရှိသနည်း ဟု မေးပါသည်။
ဘုရားစူးရပါစေ့။ ကျွန်တော်အပါအ၀င် နှစ်ဦး သုံးဦးမျှသာ ရှိပါသည်။ အတန်းထဲတွင် သင်တန်းသား ၃၀ ရှိရာ အတော်များများမှာ Safety Officer နှင့် အခြားအဆင့် အရာရှိများ ဖြစ်ပါသည်။ Safety Coordinator နှစ်ဦး သုံးဦးမျှသာ ပါပါ သည်။ သို့နှင့်တောင်မှ ထိုသူများ ထို website ကို မသိဆိုခြင်းအား ကျွန်တော် အံ့သြမိပါသည်။ ကျွန်တော် -င်ခေါင်းကျယ်ခြင်း မဟုတ်ပါခင်ဗျာ။ ကျွန်တော် ထို website ကို လွန်ခဲ့သည့် လေးငါးနှစ်လောက်ကတည်းက အကြိမ်ပေါင်းများစွာ ၀င်ရောက်၍ ဥပဒေအတော်များများကို လေ့လာခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် စင်ကာပူမှာ ကျောင်းနေဘို့မဆိုထားနှင့်။ ရန်ကုန်မြို့ကို တောင်မှ အသက် ၁၈ နှစ်၊ လူငယ်လုပ်အားပေးပါကာမှ ဖြတ်သွားဖြတ်လာ ရောက်ဖူးရခြင်း ဖြစ်ပါသည်။ သို့ဆိုလျှင် တောကြိုအုံကြားတွင် မွေးလာကာ နွားကျောင်းရင်း စာသင်ခဲ့ရသော ကျွန်ုပ်နှင့် စင်ကာပူတွင် ကျောင်းတက်ပြီး စင်ကာပူတွင် ဘွဲ့ရလာသူ ထို Officer များ ဘာကွာပါသနည်း။
Maybe သူတို့က အင်္ဂလိပ်လိုရေးသည့်နေရာတွင် ကျွန်တော့်ထက် ပိုတော်ချင် တော်ပါလိမ့်မည်။ သို့သော်လည်း Safety Officer သင်တန်းတက်ခဲ့တုံးကမူ သင်တန်းသား ၂၅ ဦးတင်သော စာတမ်းများအနက် ကျွန်တော့်စာတမ်းကိုသာ နမူနာထားရေးကြရန် နောက်သင်တန်းမှ သင်တန်းသားများအား ထိုကျောင်းမှ ဆရာက ညွှန်းကြောင်း နောက်သင်တန်းသား များ ပြန်ပြောပြသဖြင့် ကျွန်တော်သိရပါသည်။ မယုံလျှင် ယခု Safety Officer လုပ်နေသော ကိုနွယ်ဝင်း - ဖုံးနံပတ် 92301304 သို့မေးကြည့်ပါခင်ဗျား။ ကျွန်တော် ကိုယ်တော်ကြောင်း ကြွားတာမဟုတ်သလို ကိုယ်ရည်သွေးနေတာလည်း မဟုတ်ပါ။ မြန်မာပြည်တွင် ကျောင်းတက်လာသူများလည်း စင်ကာပူကျောင်းဆင်းများထက် မညံ့ကြောင်း ပြောလို ရင်းသာဖြစ်ပါသည်။
ကျွန်တော့်သဘောအရတော့ ကျွန်တော့်သားကို မြန်မာပြည်မှာပင် ဆယ်တန်းအောင်သည်ထိ ထားချင်ပါသည်။ သို့သော် အခြားသူများ၏ ဆန္ဒကို မလွန်ဆန်ချင်ပါ။ သူတို့ထားစေချင်တာ ထားပါစေလေ။ ကိုယ်လည်း သားနှင့်အတူနေရ တာပေါ့ ဟု ဖြေရပါသည်။
ဤသို့ဆိုလိုက်ခြင်းဖြင့် မြန်မာပြည်မှ ပညာရေးစနစ်သည် စင်ကာပူမှပညာရေးစနစ်နှင့် တန်းတူကောင်းမွန်နေပြီ ဟု ဆိုလိုရာမရောက်ကြောင်း မိတ်ဆွေများကို ပြောလိုပါသည်။ ကျွန်တော်သည် ကျောင်းဆရာလူထွက်ဖြစ်သဖြင့် ပညာရေး အကြောင်း စိတ်ဝင်စားသလို လေ့လည်း လေ့လာပါသည်။ မလိုသူတို့ ဖျက်ဆီးထားသဖြင့် ရစရာမရှိအောင် ချွတ်ခြုံကျ နေသော မြန်မာပြည် ပညာရေးအား ရင်နာစွာနှင့် ကြည့်နေရပါသည်။ ကျွန်တော်တို့လှူတာတောင် ပညာရေးကို ဦးစားပေး လှူတာ ဖြစ်ပါသည်။ သည်ကိစ္စ ခင်ဗျားတို့ ကျွန်တော်တို့ ဘာမှ လုပ်လို့မရပါ။
သည့်အတွက်ပင် ကျွန်တော် ခေါင်းစားနေရခြင်း ဖြစ်ပါ၏။ ချွတ်ခြုံကျနေသော မြန်မာပြည်ပညာရေးစနစ်မှ ထွက်လာ သည့် ကျွန်တော့်တူမနှင့် စင်ကာပူတွင်မွေး၊ စင်ကာပူတွင်ကြီး၊ စင်ကာပူတွင် ကျောင်းတက်လာသူ၊ သူနှင့်အတန်းဖော်တို့ ပိုလီမှဆင်းလျှင် တတ်တာချင်းတူ၊ လုပ်တာချင်းတူ၊ လခချင်းတူသည် ဆိုပါလျှင် မြန်မာပြည် ပညာရေးကို သုံးလို့စားလို့ မရတော့သော ပညာရေးဟု ဆိုလို့ရနိုင်ပါဦးမည်လော။ တစုံတရာသောအတိုင်းအတာတစ်ခုထိတော့ သုံးလို့ရနေပါသေးသည် လို့ပဲ ပြောရမည် ဖြစ်ပါသည်။
သို့သော် ဆယ်တန်းသာအောင်လာ၊ ဘွဲ့သာရလာပြီး ဘာမှမတတ်လာတာကိုတော့ မည်သူမျှ မငြင်းနိုင်ပါ။
(၃)
ပင်နင်စူလာတွင်ဖွင့်လှစ်ထားသော ပညာဒါနသင်တန်းများအနက် တစ်ခုဖြစ်သော Piping Engineering သင်တန်းကို ကျွန်တော်သင်ပါသည်။ ဒါ စတုတ္ထမြောက် သင်တန်းဖြစ်၏။ သင်ရင်း လာတက်သူ မြန်မာအင်ဂျင်နီယာကလေးများအား (အချို့လည်း အင်ဂျင်နီယာ ဟုတ်ချင်မှဟုတ်ပါမည်။ အားနာသဖြင့် မမေးခဲ့ပါ) မေးပါသည်။ အင်မတန် အခြေခံကျလှသော Centre of Gravity နှင့် Specific Gravity ကိုပင် မသိပါ။
ဒါက မြန်မာဘက်က ပြဿနာ။
စင်ကာပူဘက်က ညည်းပုံမှာလည်း ဤသို့ဖြစ်ပါသည်။
ကျွန်တော် Marinteknik တွင်လုပ်ခဲ့စဉ်က ကျွန်တော်တို့ဌာနမှ မန်နေဂျာမှာ Simon ဖြစ်၏။ သူက သူ့သမီးနှင့် မြေးများအကြောင်း အောက်ပါအတိုင်း ချီးမွမ်းခန်း ဖွင့်ပါသည်။
Secondary School က ဆရာမတဲ့ကွာ။ ငါ့သမီး။ သူ သူတို့ကျောင်းမှာ ဘယ်လိုတွေသင်နေတယ်ဆိုတာ ငါဖြင့် စဉ်းစားလို့ကို မရဘူး ဟူ၏။ သူ့မြေးများကိုလည်း -
ဟိုနေ့က အဲဒီအကောင်တွေ ငါမေးကြည့်တယ်။ Raffels ဆိုတာ ဘယ်သူလဲ ဆိုတာ မဖြေနိုင်ဘူး။ ငါဖြင့် အံ့သြလို့ မဆုံးဘူး ဟူ၍ ဖြစ်ပါသည်။
မိတ်ဆွေများခင်ဗျား -
ကျွန်တော့်လို ဦးဏှောက်ခြောက်ခံ စဉ်းစားမနေပါနှင့်။ ဖြစ်သမျှအကြောင်း အကောင်းချည်းသာ သဘောထားပါ။ ကိုယ်လုပ်လို့ ရသမျှ လုပ်ပေး။ မရတော့လည်း ထုံးစံအတိုင်း ကံပေါ့ကွာ ဟုသာ ပုံချလိုက်ပါ။
Bonus:
လောလောလတ်လတ် ပါလာသော အောက်ပါသတင်းကလေးကို မြည်းကြည့်စမ်းပါ။
Singaporeans dying away from home
By Andrew Loh | SingaporeScene – Sun, Jul 17, 2011
Elderly residents wait for their turn for morning exercises at a nursing home in Singapore. (AFP)
By Andrew Loh
It doesn't hit home until you're standing there, eyes fixed on the old man of 87-years old. He is no longer cognisant of his surroundings, I am told. His ability to register familiar faces and places is no longer as keen as before. He can barely recognise his own son who is standing beside me at the side of his bed on the day we paid him a visit.
First a boat-builder — during the Japanese occupation — and later a plumber, his hands were the only means by which he made a living and raised a family. Now, with children all grown up with families of their own, he is bedridden, immobile and has to be cared for in a nursing home. Alzheimer's has set in, along with Parkinson's and coronary heart problems.
His son and daughters, in their 30s and 40s, try their best to provide the care he needs. They had him at home in the beginning but as his needs grew, they had no choice but to put him in a nursing home. It was no longer viable or practical for the siblings to provide the special care he required.
The costs of caring for the elderly
So in 2007, they decided to seek the services of a nursing home.
Several months ago, they were told that their father had had a fall in the home. On further probing they realised that the home had not been totally truthful about how this had happened. They were initially told that the incident took place at about 6 or 7pm. The family was informed at 8pm. However, they later discovered that it had actually happened at 2pm. They were upset that it took the home 6 hours to inform them.
In the meantime, the family was having problems paying for their father's stay in the home. It came to more than S$2,000 a month. Further enquiries with other homes revealed that they were all fully booked. In any case, they were not much cheaper either. In addition, the siblings too had to provide care for their mother who is wheelchair-bound and suffers from various ailments as well. The family was at its wits' end.
They finally had to consider the one thing they never thought they would have to — to place their father in a nursing home abroad as it would relieve the financial burden in caring for both parents.
After a search of the Internet for nursing homes in Johor Baru (JB) in Malaysia, they shortlisted several and finally decided on one. The siblings paid a visit to the home earlier this year and made the decision to place their father there.
It would cut their financial obligations by some 60 percent, not an insignificant amount for the siblings who aren't financially well-off.
Children have to make a hard choice
"No one wants to have their father in a nursing home abroad," the son tells me, his voice quivering. "But we have no choice. The costs in Singapore are just too much for us."
The consolation he and his sisters take from this is that the home is set in a quiet neighbourhood, in landed properties which are converted to homes, giving a certain familial warmth to the elderly residents. It is located about 40 minutes by taxi from central JB. The staff there too are friendly and compassionate.
When the son enquired about making bank transfers so that payments could be made on time, the person in charge, Ms Suraya (not her real name), of the home repeatedly tells him not to worry. "It doesn't mean that you have to pay on the date we agreed on. It is okay if you are one or two weeks late. It is okay," she tells him. Such compassion gives the family some peace of mind.
We were told that in recent months, more Singaporeans have made enquiries with the home. "The main reason is the cost," Ms Suraya says. "But also the recent case of abuse in a nursing home in Singapore has raised concerns among Singaporeans." She was referring to the Nightingale nursing home at Braddell Road where the staff were discovered mistreating a resident there. The JB home currently has 20 Singaporean residents. Demand has been so strong that it is planning to open a new center in the coming months.
As we took our leave of the home, another elderly resident waves at us. "Young people like you, good," he said, pointing his finger at us. "Old people like us, no good anymore." It was something he keeps repeating during the next few minutes we conversed with him.
On the next bed beside his was a Malaysian, who is no older than 55. "I am Malaysian but I had been working many years in Singapore," he said. "My children all were born in Singapore and are still there." He recently had an accident which broke several of his hip bones. When we asked why he was there and not with his children in Singapore, he said they could not afford the cost of putting him in a nursing home in Singapore.
အင်္ဂလိပ်လို အရှည်ကြီးဖတ်ရမှာ ပျင်းသူများအတွက် အတိုချုပ်ဘာသာပြန်ပြရလျှင် -
စင်ကာပူတွင် နေစရိတ်စားစရိတ်ကြီးသည့်အတွက် အိမ်ရှိလူကုန်အလုပ်လုပ်နေရသဖြင့် မိဘများကို ပြန်မကြည့်နိုင်။ သည့်အတွက် မိအို၊ ဘအိုများကို ဘိုးဘွားရိပ်သာ (Nursing Home) များတွင် သွားထားရသည်။ ပြဿနာက ဘိုးဘွားရိပ်သာကြေးမှာ အလွန်မြင့်သဖြင့် လစဉ်ပေးရန် အခက်အခဲရှိသည်။ ထို့ကြောင့် ပိုပြီးဈေးသက်သာသည့် ဂျိုဟိုး(မလေးရှား) တွင် သွားထားဘို့ စီစဉ်ရသည်။ သည့်အတွက် သားသမီးများက စိတ်မကောင်းဖြစ်ရပါသည် - - ဟူ၏။
ကိုယ်စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
အေးငြိမ်း
၁၉-၇-၂၀၁၁ (အာဇာနည်နေ့)
၀၀း၀၄ မိနစ်
Blk 134A, Kang Ching Road
#03-91
Singapore 619062
Sunday, July 10, 2011
ကက်သလိန် ဂွက်ထော်
အဖေလည်း ဗမာစစ်သည်မှာ မှန်ပါ၏။ အမေဘက်ကလည်း ရေမရောချေ။ သို့သော်လည်း သူ၏မိခင် နေ့လည်နေ့ခင်း အိပ်ပျော်နေစဉ် သိုးဆောင်း အင်္ဂလိပ်တဦး အပေါ်တည့်တည့်မှ လေယာဉ်ပျံနှင့် ဖြတ်သန်းသွားမိသော အကြောင်းကြောင့်လားမသိ။ အမည်မှာ “ကက်သလိန် ဂွက်ထော်” ဖြစ်နေ၏။ အ၀တ်အစားမှာလည်း မျောက်ဆန်နေတော့၏။ ဆံထုံးမှာ ဘီးဆံပတ်လည်း မဟုတ်။ လေယာဉ်ပျံဆံထုံးလည်း ရိုး၍ နောက်စည်းထားခြင်းကိုလည်း ကြိုက်ဟန်မတူချေ။ အလေးမ ဆံထုံးဟူ၍၎င်း၊ ဇီးကွက်ဆံထုံးဟူ၍၎င်း နာမပညတ် သမုတ်ခေါ်အပ်သော လပြွတ္တာဆံထုံးကိုမှ လှသည်ဟုထင်၊ ယဉ်သည်ဟု မှတ်သဖြင့် ကတ်သီးကတ်သတ် အဆန်းထွင်၍ ထုံးထားပေ၏။ အင်္ကျီမှာ ပါးပေ့ဆိုသော အ၀တ်ကို အတိုဆုံးနည်းအားဖြင့် ချုပ်ထား၏။ အတွင်းခံကား ဇာပတ်လည် တပ်ဆင်၍ စနေနှစ်ခိုင် ထိုနေရာကလေးနားတွင် လက်လေးသစ် ပမာနရှိ ပိတ်စကလေးဖြင့် ဖုံးထားသဖြင့် ကားကားစွင့်စွင့်နှင့် မားမားကလေး မြင့်နေသော ထိုဟာကလေးများသည် မလုံ့တလုံ ပိတ်စကလေးများအတွင်းမှ ပြူးထွက်ကာ၊ ကာလသား လူပျိုချောတို့ကို “ဒီမှာ လာပါ ကိုယ်ဟ၀ါရဲ့” ဟု မြှူခေါ်နေဟန်ရှိ၏။ မြင်ရသော ဘိုးစော၊ တွေ့ရသော လူပျိုချောတို့မှာ မျက်လုံးအရသာ အခံကြီး ခံရာမှ သောင်းကြမ်းလာသော ထိုစိတ်၊ ယိုဖိတ်လာသော ထိုမာန်ကို အတော်တွန်းလှန် ဖြိုဖျက်ရမည်မှာ မလွဲ။ ထမီကို ကြည့်ပါဦး။ ပါးတကာ့ထိပ်တင် ပါးဘုရင်ဖြစ်သော ဂျာပန်ပိုးပုဝါကို လုံကွင်းလုပ်ထား၏။ သို့သော်လည်း အတွင်းက ပိတ်ဖြူဆီးထားသဖြင့် တော်ပေသေး၏။ ဘိနပ်မှာကား လေယာဉ်ပျံကို ရိုးသည်ထင်၊ ပုံတော်ကိုလည်း ကြိုက်ဟန်မတူ၊ အနောက်နိုင်ငံသူတွေ စီးသော ခုံမြင့်ရှူးဘိနပ်ကိုမှ ခြေတော်တင်ရှာ၏။
ဤသည်ကား မြင်သမျှ ကက်သလိန် ဂွက်ထော်၏ မျောက်ဆန်ပုံဖြစ်၏။ အတွင်းစိတ်သဘောမှာကား “အ၀တ်အစား အနေအထိုင်ကို ကြည့်၍ အတွင်းသဘောကို သိနိုင်သည်” ဆိုသဖြင့် စာဘတ်သူတို့ ဥာဏ်မြင်သရွေ့ အကဲခတ်နိုင်လေပြီ။ မျောက်ဆန်သော အ၀တ်အစား၊ နီမ ဆန်သော အပြုအမူကြောင့် တမျိုးဖြစ်နေသော်လည်း နဂိုရ်ရုပ်ရည်ကား ချောပုံလှပုံရှိ၏။ ယခုလည်း တဏှာစိတ် တဏှာမျက်လုံးနှင့် ကြည့်က ကြည့်ပျော်သောအဆင်း၊ ဆွဲငင်သည့် ရုပ်ကို ဆောင်လျက်ရှိပေ၏။ မိုးမလင်းမည့် အရပ်ကို ခေါ်သွားပြီး ဖြစ်၍ညှစ်၍ ကောင်းမည့် ကိုယ်လုံးကိုယ်ပေါက်လည်း ရှိ၏။ တဏှာကြီးစိုးသော တဏှာလောကကြီးတွင် တဏှာစိတ်ကို ဆွပေးနိုင်သော အရည်အချင်းသည် သူ့၌ ပြည့်နေ၏။
“ကက်သလိန် ဂွက်ထော်” သည် အဌာရဿ တဆဲ့ရှစ်ရပ်ကို တဘက်ကမ်းခေတ်အောင် မသင်ပေးနိုင်သော်လည်း ကြွားစိတ် ၀ါစိတ် မာနစိတ်နှင့် ကျွန်စိတ် ကျွန်သွေးကိုကား လိုလေသေးမရှိရအောင် သွတ်သွင်းပေးနိုင်သော ကျွန်လုပ်စက်ရုံ တက္ကသိုလ်ကျောင်းကြီးသို့ ရောက်ခဲ့သည်မှာ နှစ်နှစ်ခန့် ရှိလေပြီ။ ဂွက်ထော်ကား ပဌမနှစ်တါင် ယခုလောက် မကဲဘဲ ရိုးရိုးနှင့် ယဉ်ခဲ့သော်လည်း ယခုအခါ တက္ကသိုလ် အဆီရစ်ကာ တက္ကသိုလ်ပါး ၀လာပြီဖြစ်၍ ဆန်းဆန်းနှင့် ချဉ်စရာဖြစ်လာလေပြီ။ ဗမာ့ယဉ်ကျေးမှုကို အပြစ်လုပ် ဗမာ့အပြုအမူကို အကောင်းမထင်၊ တက္ကသိုလ်ပညာ၏ သွန်သင်ချက်အရ စုတ်ပဲ့သော တိုင်းခြား အပြုအမူကို အတုယူကာ နီမဟန်နှင့် မျောက်ဆန်ခဲ့တော့သည်။ သူ၏ နောက်လိုက်မှာလည်း နည်းသည် မဟုတ်ချေ။ မက်ကရက်ဘုတ်ဆုံ၊ လူစီပက်ကီ၊ ချလောက်ပူစီ၊ အလစ်ပါပီ စသည်ဖြင့် အတော်ပင် များလေသည်။
ကျောင်းတက်လျှင်လည်း အတော်ကြည့်ကောင်းသေးသည်။ ကျောင်းမတက်မှီကပင် ကက်သလိန်ဂွက်ထော်၏ မပေါ့်တပေါ် စနေနှစ်ဖြာကို မမှိတ်သော မျက်လုံးဖြင့် စားပွဲထိုင်လိုသော တက္ကသိုလ် ဘိုးငတ်တစုမှာ ကက်သလိန်ဂွက်ထော်တို့ လာမည့်လမ်းက မြှော်မှန်း၍ စောင့်နေကြသည်မှာ ၀ံသာနုခေတ်ထစဉ် သမတကြီး ဦးချစ်လှိုင်အလာကို စောင့်နေကြသော ပရိသတ်ကဲ့သို့ ကော်ရစ်ဒါတခုလုံးတွင် တင်းကြမ်းပြည့်ရှိတော့၏။ ထိုအခြင်းအရာကို မြင်ရလေ ကက်သလိန်ဂွက်ထော်မှာ မိမိ၏ ပျံလွှားမ လုပ်ငန်း၌ ကြေနပ်လေဖြစ်ကာ တနေ့ထက်တနေ့ ကဲလျက် ရှိလေတော့သည်။ ကျောင်းတက်၍ ကက်သလိန်ဂွက်ထော်တို့ လူအုပ် အတန်းထဲ ၀င်လာသောအခါလည်း “ဟီးရား.. ဟီးရား” ဟူသောအသံ တဗြုံးဗြုံးနှင့် ခုံရိုက်ကြမ်းဆောင့်သော အသံများမှာ “အူရှီးတန်း” ဟု ခေါ်အပ်သော ကျောင်းသူတို့ ခုံနောက်နားတွင် ကပ်နေသော တက္ကသိုလ်ကို နိုးပေါက်တို့၏ ခုံတန်းမှ အစပြု၍ တတန်းလုံး ကူးစက်သွားသည်မှာ ကုလားတိုက် ၀က်ဝင်သကဲ့သို့ ရှိတော့၏။ ထိုအသံများ အရပ်တွင် “ရှက်ဘွယ် … ရှက်ဘွယ်” ဟု ဒေါင့်တဒေါင့်မှ ထ၍ ပွက်လိုက်သော သခင်မျိုးညွှန့်၏ အသံကိုလည်း အမြဲလိုလို ကြားလိုက်ရ၏။ ထိုအသံကို ကြားတိုင်း ကက်သလိန်ဂွက်ထော်သည် အမဲရိုးလာလုသော ဂုတ်ကျားကြီးကို ရန်လိုမုန်းထားစွာ ပြန်၍ကြည့်တတ်သော “၀မ်းဖြူမ” ကလေး၏ မျက်နှာထားမျိုးဖြင့် အသံရှင်ဘက်သို့ ဆတ်ကနဲ လှည့်ကြည့်တတ်၏။ သို့သော်လည်း တန်ခိုးထက်သန်လှသော မောင်မျိုးညွှန့်၏ မျက်လုံးဓာတ်ကို မခံနိုင်သဖြင့် ငုံ့၍သာသွားတတ်သည်ကို သတိထားမိသူတိုင်း ဂရုပြုမိပေလိမ့်မည်။ ထိုအခြင်းအရာကို မြင်ရသော အဲဖရက်ကြန်စုံ၊ ချာလီအောင်နက်တို့မှာ ရင်အောင့်သွားပေမည်။ မောင်မျိုးညွှန့်အား ထ၍ သတ်ပစ်ချင်သောစိတ်များ ပေါ်ကောင်း ပေါ်ပေမည်။ အကြောင်းကား အဲဖရက်ကြန်စုံမှာ ကက်သလိန်ဂွက်ထော်နှင့် အဆက်ဖြစ်နေပြီး၊ ချာလီအောင်နက်မှာ ရီးစားလိုလို ကြားရလေသည်။
ရီးစား တသောင်းခြောက်ထောင် ချစ်သူက တကုဋေနှစ်သန်းဆိုသော စကားသည် ကက်သလိန်ဂွက်ထော်အတွက် ရည်စူးထားဟန် ရှိလေသည်။ ဥပစာအောက်တန်းက လှကိုကို၊ မောင်သန်းသန်းတို့သည် ကက်သလိန်ဂွက်ထော်၏ ချစ်သူများဖြစ်၍ ဥပစာ အထက်တန်းမှ အဲဖရက်ကြန်စုံ၊ ချာလီအောင်နက်၊ မဟာမက်မူကာဂျီ၊ ချစ်ကိုလှသန်းတို့နှင့်လည်း အဆက်ဖြစ်နေသည်ဟု ကြားရ၏။ ၀ိဇ္ဇာတန်းမှ စောဖေသား၊ စောခွန်ကြည်၊ ရော်ဘာစင်၊ ချစ်မောင်မောင်တို့လည်း ကက်သလိန်ဂွက်ထော်၏ ရီးစားများဟု ပြောကြသည်။ နည်းပြဆရာကိုခန်းတ၊ လက်ချာရာကိုကြူဖေတို့လည်း မရိုးကြဟု သိရသည်။
ထိုအဖြစ်အပျက်များကို ကြားလည်းကြား မြင်လည်းမြင်နေရသော မောင်မျိုးညွှန့်အတွက်မှာ အောင့်သက်သက် ရှိလှ၏။ မျိုးညွှန့်မှာ ပုထုဇဉ်ဖြစ်၏။ ပုထုဇဉ်သား ဖြစ်သည့်အတိုင်းလည်း မပေါ့်တပေါ်နှင့် ရိုးတိုးရွတဖြစ်အောင် ဆွပေးနေသော ထိုအရာ ဤအရာတွေကို ကြည့်ချင်၏။ မြင်ချင်၏။ အမှန်ဆိုလျှင် ထိုအပြုအမူကို ကြိုက်၏။ ကြိုက်လွန်းသဖြင့်လည်း လောကကြီး ခက်ကုန်မည်ကို တွေးမိ၍ မျိုးညွှန့် မနှစ်သက်နိုင်ချေ။ ကမ္ဘာပေါ်တွင် ယခုအခါ တနေ့တခြား မုဒိမ်းမှု၊ အဓမ္မမှုများ ပေါများနေရသည်မှာလည်း၊ ကက်သလိန်ဂွက်ထော် ကဲ့သို့သော မျောက်ဆန်သူတို့၏ ပယောဂဟု မျိုးညွှန့် စွပ်စွဲလို၏။ ကက်သလိန်ဂွက်ထော်တို့ တန်ခိုးကြီးသောနှစ်တွင် တက္ကသိုလ် ကျောင်းသားများ အတော်ပျက်စီးကြသည်ကိုလည်း သတိထားမိ၏။ ထိုနှစ်တွင် မကောင်းသော ကာလသားရောဂါ ဖြစ်ကြသော ကျောင်းသားဦးရေ နှစ်တိုင်းထက် ငါးဆခန့် ပိုလာသည်ဟုလည်း ကျောင်းဆရာဝန်ဆီမှ တဆင့်သိလိုက်၏။ ဤအတိုင်း လွှတ်ထားလျှင် လောကကြီး ပျက်စီးတော့မည်ကို တွေးမိ၍ မျိုးညွှန့် မခံမရပ်နိုင်ချေ။ ကက်သလိန်ဂွက်ထော်၏ အပြုအမူသည် သူတယောက်နှင့် ပြီးလျှင် မထောင်းတာ။ ယခုကား နောက်လိုက်တော် မမများ၊ တနေ့တခြား တိုးပွားလာ၏။ သို့သော်လည်း ဆရာမကို နှိမ်လိုက်က နောက်လိုက်များ အလိုလို ၀ပ်သွားမည်ကို မျိုးညွှန့် နားလည်၏။ ဆရာမကို မည်ကဲ့သို့ နှိမ်ရမည်ကိုသာ အစဉ်တွေးလျက် ရှိတော့သည်။။ ထိုနောက် များမကြာမီ မောင်မျိုးညွှန့်သည် လူသွားလူလာ ပြန်သော တိရိစ္ဆေနဗေဒ ကျောင်းဆောင်ဘက်တွင် “ကက်သလိန်ဂွက်ထော်ကို အတင်းဆွဲ၍ ဖက်နမ်းသည်” ဟူသော သတင်းကို ကြားလိုက်ရ၏။ ထိုသတင်းကို ကြားလိုက်ရသော မိတ်ဆွေတို့လည်း မျိုးညွှန့်ဆီလာ၍ “ဟာ .. ဒီကောင်မဟာ ဘယ်နေ့က ကျောင်းသူတွေကို တူမတူမနဲ့ ချော့ပေါင်းပီး လိပ်လို ရင်အောက်ယက်တတ်တဲ့ ဆရာကြူဖေနဲ့ နှစ်ယောက်ထည်း ရှစ်မိုင်ဘက်ကားနဲ့ ဆက်သွားတာ တွေ့ရတယ်။ ဘယ်နေ့ကလဲ ဘယ်ရုံမှာ၊ အဲဖရက်ကြန်စုံနဲ့ တွဲပီး ဘောက်(စ်)ဆီက ကြည့်နေတာ မြင်ခဲ့တယ်။ ဘယ်တုံးက အခန်းနံပါတ် … မှာ ချစ်ကိုလှသန်းနဲ့ ဘယ်လိုလုပ်နေကြတာဘဲ” စသဖြင့်၊ မျိုးညွှန့်အား ချစ်ခင်ကြသည့်အတိုင်း အပေါက်ဆိုး တိုးမိမည်ကို စိုးရိမ်သဖြင့် သတိပေးကြ၏။ သို့သော်လည်း မျိုးညွှန့်က ဘာမှ ပြန်မပြော ပြုံး၍ နားထောင်နေတတ်သည်ကိုသာ တွေ့ရ၏။
ထိုနေ့မှစ၍ မျိုးညွှန့်အား မျက်နှာငယ်ကလေးနှင့် ကက်သလိန်ဂွက်ထော်တို့၏ ခုံနောက်တွင် ထိုင်နေသည်ကို လည်းကောင်း သနားခံမျက်နှာနှင့် ကက်သလိန်ဂွက်ထော်တို့ လာမည့်လမ်းက စောင့်မြှော်နေသည်ကိုလည်းကောင်း မကြာခဏ တွေ့မြင်ရတော့၏။ တခါတခါလည်း တယောက်ထည်း သွားနေသော ကက်သလိန်ဂွက်ထော် နောက်သို့လိုက်ကာ ညှိုးငယ်သော မျက်နှာ အားမရှိမသော အမူအရာ၊ မချိလှသော အသံဖြင့် အသနားခံနေတတ်၏။ ထိုအခြင်းအရာကို မြင်ရသောအခါ မျိုးညွှန့်အား ချစ်ခင်ကြည်ညိုကြသော မိတ်ဆွေတို့မှာ မိမိတို့ ဘာမှ မတတ်နိုင်တော့သဖြင့် “အော်.. အမိဗမာပြည်ကြီးရဲ့ သားကောင်းမျိုးချစ်ကလေး တယောက်တော့ ဆုံးရတော့မည်ပါကလား” ဟူ၍ သနားသော စေတသိက် နှမြောသော စိတ်ဖြင့် စုတ်သတ်မိကြတော့၏။
နောက် ၁၀ ရက်၊ ၁၅ ရက်ခန့် ကြာသောအခါ မောင်မျိုးညွှန့်နှင့် ကက်သလိန် ဂွက်ထော်တို့ အဆက်ဖြစ်နေကြပြီဟု ကြားရ၏။ အားလပ်၍ လူပြတ်သော ထိုအခန်း၊ ဤအခန်းများတွင်လည်း သူတို့နှစ်ဦး ပျော်မြူးနေကြသည်ကိုလည်း မကြာခဏ တွေ့လိုက်ရ၏။ ထိုအဖြစ်ကို မြင်ရလေ လုပ်ဘော်လုပ်ဘက် ဆူဘော်ဆူဘက်များ ဖြစ်ကြသော ရဲဘက်တော်တို့မှာ စိတ်မကောင်း ပို၍ ဖြစ်ရလေသဖြင့် “ဟေ့ မျိုးညွှန့် မင်းရဲ့ မွန်မြတ်တဲ့ဘ၀ကို ဘာမဟုတ်တဲ့ ပချုပ်သည်မလို ကောင်မအတွက် အဆုံးခံတော့မလားကွဲ့၊ အညွှန့်တုံး ခံတော့မလား” ဟု ဂရုဏာ ဒေါသောနှင့် ကြိမ်းမောင်းမိကြသော်လည်း မျိုးညွှန့်မှာ “နောက်တော့ သိကြမပေါ့ကွာ” ဟု ပြောဆိုကာ ရယ်မောလျက်သာ နေတတ်သဖြင့် ရဲဘက်တော်တစုမှာ စိတ်ပျက်ကြတော့၏။
တရွေ့ရွေ့နှင့် နေ့ကုန်ခဲ့ရာ ယခုအခါ ကျောင်းကြီးလည်း ပိတ်လေပြီ။ ကျောင်းသူ ကျောင်းသားများလည်း မိဘတို့ရပ်ထံ ပြန်ကြကုန်လေပြီ။ ကျောင်းပိတ်ရက်အတွင်း ဘာမျှ အကြောင်းမထူးသော်လည်း ကျောင်းကြီး ပြန်ဖွင့်သောအခါ မျိုးညွှန့်မည်ကဲ့သို့ စီမံလိုက်သည်မသိ ကက်သလိန်ဂွက်ထော် မပေါ်လာတော့ချေ။ မျိုးညွှန့်ကား ပြန်လာ၏။ ကျောင်းသူကျောင်းသားတို့ ကောင်းရာကောင်းကြောင်းကို ရဲဘက်တော် ကျောင်းသားတွေနှင့် တွဲဘက်၍ လုပ်မြဲလုပ်နေ၏။ ကက်သလိန်ဂွက်ထော်၏ အကြောင်းကိုကား ဘာမျှ ပြောသံမကြားရတော့ချေ။
အို … ကက်သလိန်တည်းဟူသော ဂွက်ထော် သင်ကား ထခဲ့ကြွခဲ့ပေသည် မှန်၏။ တက္ကသိုလ်၌ သင်ရှိစဉ်ကမူ သင်၏ အပေါစား ဖြူပြာမူရာတို့ကို ငါ ရွံမိ စက်ဆုပ်မိခဲ့၏။ သို့သော် သင်္ဂဟဗြဟ္မစိုရ်တည်းဟူသော ကျောင်းနေဘက်တို့၏ မေတ္တာတရားကို မလွန်ဆန်နိုင်သော ငါသည် သင်၏ မကောင်းသတင်းကို မကြားလိုပေ။ ထို့ကြောင့် ငါနှင့်တကွသော ကျောင်းတော်သူ ကျောင်းတော်သားတို့သည် သင့်အား သာလာယံဇရပ်တွင် တုံဝါဒကို အရမ်းကျင့်လျက် နတ်သ္မီးဆု ပန်မနေစေရန် လေးနက်စွာ ဆုတောင်းမေတ္တာ ပို့သကြပါကုန်၏။ ဖွလွဲပါစေ ဖယ်ပါစေ နောင်တရပါစေ။ မင်္ဂလာ ရှိပါစေ။
အဆွေ
အိုးဝေ မဂ္ဂဇင်း
အတွဲ ၇၊ အမှတ် ၁၊ ၁၉၃၇ ခုနှစ်
Saturday, July 9, 2011
စင်ကာပူက ကလေးများနှင့် မြန်မာစာ၊ မြန်မာစကား
(Myanmar in Singapore တွင် တင်ထားသော " မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ " နှင့်ကိုဖတ်မိပြီး အောက်ပါအတွေးများ ရလာပါသဖြင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှခြင်း ဖြစ်ပါသည်။ ကျွန်တော်ပြောတာ ဟုတ်မဟုတ် စဉ်းစားကြရန် ဖြစ်ပါ၏။)
တစ်နေ့သ၌ ECC Project တွင် အလုပ်လုပ်ရင်းမှ ရင်းနှီးကျွမ်းဝင်လာသူ UTOC မှ ဦးစောဝေ၏ ဇနီးဖြစ်သူက ကျွန်တော့်ထံ ဖုံးဆက်လာ၏။ အကြောင်းမှာ သူ့သားများကို မြန်မာစာ သင်ပေးရန် ဖြစ်သည်။ ဟိုက်ရော၊ ကျွန်တော်က မြန်မာစာဆရာမှ မဟုတ်တာ။ ဘယ်နှယ်လုပ် သင်တတ်ပါမတုံး။ နောက်ပြီး သူတို့ကိုသင်ပေးဘို့ရာ ကျွန်တော့်မှာ ဘာစာအုပ်စာတမ်းမှ ရှိတာ မဟုတ်။ ဘယ်လိုသင်ရမှန်းလည်း မသိ။
ဒါ ခဏထားပါအုံး။ စာသင်တယ်ဆိုလို့။ နည်းနည်းလျှာရှည်ပြစေဦး။ စာသင်ခြင်းသည်လည်း အတတ်ပညာတစ်မျိုး ဖြစ်ပါ သည်။ ခုခေတ် သင်နေကြသလို ဆယ်တန်းအောင်တာနဲ့ (အဲလေ တချို့လည်း ဆယ်တန်းတောင်မှ အောင်တာ မဟုတ်ပါဘူး။ အခြေအနေအရ ဆရာဝင်လုပ်ကြရတာ။) စာသင်လို့ရပြီ ဆိုတာ၊ ဆရာလုပ်လို့ဖြစ်ပြီဆိုတာ အင်မတန် လွဲပါသည်။ ဒါပေသိ၊ မြန်မာပြည်မှာ တက္ကသိုလ်တွေကို မိုးတွင်းမှာပေါက်သော မှိုတွေလို တစ်မြို့နယ်တစ်ခုနှုံးဖြင့် ဖွင့်လာပြီဆိုတော့ သည် တက္ကသိုလ်တွေမှာ သင်ပေးဘို့ ဆရာတွေ ဘယ်ကရမည်နည်း။
(ဟဲ့ကောင်လေး၊ နင်ကျောင်းပြီးရင် ဘာလုပ်မလဲ။
မသိသေးပါဘူးဆရာရယ်။
ဒါဖြင့် မင်းဘာမှစဉ်းစားမနေနဲ့ ငါတို့တက္ကသိုလ်မှာ ဆရာတွေလိုနေတယ်။ မင်း ဆရာဝင်လုပ်စမ်း။
အဲဟိုကောင်မလေးရော၊ ပြောစမ်း။ ကျောင်းပြီး ဘယ်သွားမယ် စိတ်ကူးထားလဲ။
စင်ကာပူတော့ သွားချင်သား။ ဒါပေမဲ့ ပိုက်ဆံမှ မရှိတာဆရာ။
ဒါဖြင့်ကောင်းပြီ။ နင်ဘာမှ စိတ်ကူးမလွဲနဲ့။ ငါတို့ အသစ်ဖွင့်ထားတဲ့ စက်မှုတက္ကသိုလ်မှာ ဆရာမတွေမရှိလို့။ နင်ဆရာမ မလုပ်ချင်ဘူးလား။
မြင်းမိုရ်တောင်ဦး မကကျူးတဲ့ ကျေးဇူးရှင်ဆရာဆိုတာ ဒါကို ခေါ်မှန်း သမီးခုမှ သဘောပေါက်တော့တယ်။ စာလဲသင်ပေး၊ အလုပ်လဲခန့်ပေး ဆိုတော့။ ကျေးဂျူးဂဘာ ပါဘဲဆရာ။)
သည်လိုနှင့် ဆရာ၊ ဆရာမများဖြစ်လာကြတာများသည်။ ဘာခက်တာလိုက်လို့။ အရည်အချင်းဆိုတာ - - - (အယ်မယ်လေး၊ ဟေ့ကောင်။ မင်းကခုမှ ကြီးကြီးကျယ်ကျယ်တွေလာပြောမနေပါနဲ့။ ငါတို့ဖြစ်လို့ လုပ်လာခဲ့တာ ကြာပေါ့။ ခုဆို ဘယ်နှနှစ် ရှိပြီလဲ။)
ပညာရေးအပေါ် ဆရာများ ထားရှိရမည့် သဘောထား။ ပညာရေး စိတ်ပညာ။ သင်ကြားမှု နည်းစနစ်များ။ သင်ထောက်ကူ ပစ္စည်းများ။ အဲသည့်ဟာတွေပြောပြရလောက်အောင် ကျွန်တော် မတတ်ပါ။ ပညာရေးအကြောင်းဖတ်ချင်လျှင် မောက္ခ အွန်လိုင်းပညာရေး မဂ္ဂဇင်းတွင် ဖတ်ကြည့်နိုင်ကြပါသည်။ ခု ကျွန်တော်ပြောမှာ ပညာရေးအကြောင်းမဟုတ်ပါ။
ထားပါတော့။
ကိုစောဝေ၏ အမျိုးသမီးက သူ့သား သည်နှစ် GCE’O’ ဖြေမည်။ မြန်မာစာ တစ်ဘာသာပါမည်။ အဲဒါ သင်ပေးပါ ဟု ဆို၏။ သူ့သားနှင့် သူ့သားသူငယ်ချင်း။ ပေါင်း နှစ်ယောက်ဖြစ်၏။
အားနာတာ မြန်မာလူမျိုးများတွင်သာ ရှိမည်ထင်ပါသည်။ အင်မတန် စိတ်ပျက်စရာကောင်းလှသော အမူအကျင့် သို့မဟုတ် အလေ့အထ ဖြစ်ပါ၏။ ကိုယ်မကြိုက် မကြိုက်ဘူး။ မလုပ်နိုင်ရင် မလုပ်နိုင်ဘူး ပွင့်ပွင့်လင်းလင်းပြောလိုက်ပေါ့။ ခုတော့ ကျွန်တော့်မှာ မြန်မာလူမျိုးဖြစ်သည့်အတွက် အားနာပါးနာနှင့် အင်း - လိုက် လိုက်ရသည်။ ပထမတွင် ကျွန်တော် မြန်မာစာ ဆရာမဟုတ်၊ ဘာစာအုပ်မှလည်း မရှိသည့်အတွက် မသင်တတ်လို့ မသင်ပါရစေနှင့်ဟု နှစ်ခါ သုံးခါလောက် ငြင်းပါသေးသည်။ သို့သော် သူက လူနာအမဲခြောက်တောင်းသလို တကျီကျီလုပ်နေသည့်အတွက် ပြီးပြီးရော ကဲ - ဒီလိုဆိုလဲ လွှတ်သာ လွှတ်လိုက်ပါဗျာ ဟု ပြောလိုက်ရသည်။
သူ ကျွန်တော့်ကို မြန်မာစာသင်ခိုင်းရခြင်းမှာ အကြောင်းရှိသည်။ ကျွန်တော်က မနေနိုင်မထိုင်နိုင်၊ သည်ကဲ့သို့သော တိုစိတိုစိ စာများရေးသည်။ နောက်ပြီး ဖတ်တာမဖတ်တာ နင်တို့အလုပ်၊ ပို့တာ ငါ့တာဝန်ဟု သဘောပိုက်ပြီး ဖတ်ချင်သည်ဖြစ်စေ မဖတ်ချင်သည်ဖြစ်စေ သူငယ်ချင်းများထံ အတင်းပို့သည်။ သည်ကဲ့သို့ပို့သော ကျွန်တော့ ကပေါက်တိကပေါက်ချာ စာများ ကိုဖတ်ပြီး သဘောကျသဖြင့် မြန်မာစာအရာတွင် ပါရဂူမြောက်တတ်နေပြီဟု အထင်ကြီးကာ (ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့) စာသင်ခိုင်းခြင်း ဖြစ်သတည်း။
နောက်ပြီး သူ့သား၏ မြန်မာစာဗဟုသုတအပေါ်လည်း ကြွားလိုက်သေးသည်။ သူ့သားကို ဘုန်းကြီးပျံ ဆိုတာ ဘာခေါ်လဲ မေးတော့ flying monk ဟု ဖြေသည်ဆို၏။ သေဟဲ့ နန္ဒိယ။ သူဖြေတာလဲ ဟုတ်တုတ်တုတ်။ ခင်ဗျားတို့ မြန်မာစကားကိုက ရှုပ်တာကို လို့၊ နော။
အတိုချုပ်လိုက်သော် တနင်္ဂနွေနေ့တိုင်း ကျွန်ုပ် မြန်မာစာပြဆရာ ဖြစ်ရတော့သတည်း။ သူ့တို့က မြန်မာပြည်တွင် ခြောက်တန်း၊ ခုနစ်တန်းလောက်ထိ ကျောင်းနေခဲ့ဖူးသဖြင့် တော်သေးသည်ဆိုရမည်။ သင်ရသည်မှာ သူတို့က GCE’O’ မေးခွန်းဟောင်းများ ယူလာသည်။ ကျွန်တော်က မေးခွန်းများကို နားလည်အောင်ရှင်းပြ။ အဖြေပါ သူတို့ဆီပါလာလျှင်လည်း ဘာ့ကြောင့် ဤကဲ့သို့ဖြေထားသည်ကို ရှင်းပြ။ မဖြေရသေးလျှင် ဖြေပြ။ ဘာ့ကြောင့် ဤကဲ့သို့ ဖြေရသလဲ ပြောပြ။ သည်မျှသာ ဖြစ်ပါ၏။ သိပ်မခက်လှပါ။
Comprehension ကတော့ မဆိုးလှပါ။ သူတို့က မြန်မာစာ ဖတ်တတ်သဖြင့်၊ အိမ်တွင်လည်း မြန်မာလိုပင် ပြောသည်ဖြစ်ရာ နားလည်လွယ်ပါသည်။ မေးထားသော မေးခွန်းကို ဖြေတတ်သည်ဟု ဆိုရမည်။
ပြဿနာမှာ ဘာသာပြန် (translation) နှင့် စာစီစာကုံး (composition) ဖြစ်၏။ ဘာသာပြန်မှာလည်း မြန်မာမှ အင်္ဂလိပ်သို့ ပြန်ရာတွင် သိပ်ပြဿနာမရှိလှ။ အချို့စကားလုံးများကို အဓိပ္ပါယ်ပြောပြလိုက်လျှင် သူတို့ဟာသူတို့ ဘာသာပြန်တတ်သည်။ ဆိုးသည်မှာ အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ခြင်း ဖြစ်၏။ သူတို့ဘာသာပြန်ထားတာ ကျွန်တော် ဘယ်လိုနားလည်လိုက်ရမှန်း ပင်မသိပါ။
စာစီစာကုံးမှာလည်း ချာတူးလန်ပါ၏။ သူတို့ရေးထားသည်များကို အောက်တွင် မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။ GCE’O’ ကို မြန်မာမှု ပြုရလျှင် ဆယ်တန်း ဟု အဓိပ္ပါယ်ရ၏။ ဆယ်တန်းသမားတစ်ယောက် ရေးထားသော စာစီစာကုံးကို ဖတ်တော်မူကြပါကုန်။ (ကာယကံရှင်ထံ ခွင့်မတောင်းဘဲ ထည့်ရန်မသင့် ဆိုသည်ကို ကျွန်တော်သိပါသည်။ သို့သော် ယခု ထိုကာယကံရှင်မှာ ဘယ်ဌာနေလိုက်ရှာရမှန်း မသိသဖြင့် အရဲစွန့်ကာ ထည့်လိုက်ခြင်းဖြစ်ပါသည်။ ကာယကံရှင် ဖတ်မိပါက ခွင့်လွှတ်ပါရန် တောင်းပန်ပါသည်။)
ECC တွင် လုပ်စဉ်က ကျွန်တော်တို့ ကုမ္ပဏီသို့ Safety Officer တစ်ယောက် ရောက်လာပါသည်။ Terence ဟု ခေါ်၏။ အဖေတရုတ်၊ အမေတရုတ် ဖြစ်သော ရေမထိုးသည့် တင်းပြည့်ကျပ်ပြည့် (စင်ကာပူ)တရုတ်ဖြစ်သည်။ တရုတ်လိုပင်ပြောပါ၏။ သို့သော် တရုတ်စာမတတ်။ မင်း-တရုတ်စာ ဘာလို့ မလေ့လာတာလဲ ဟု ကျွန်တော်မေးတော့ သူပြန်ပြောပုံလေးမှာ သင်းလှပါ၏။
စာဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရေး ပစ္စည်းတစ်ခုပဲ။ အခု ငါ အင်္ဂလိပ်လိုရေးတတ်၊ ဖတ်တတ်တယ်။ ဒါဆို ငါ့အနေနဲ့ တရုတ်စာတတ်ဖို့ လိုသလား ဟု ပြန်ဖြေပါ၏။ ဟိုက် - ရှားဘား။
နောက်တစ်ဦးမှာ ကျွန်တော်တို့ရုံးမှ အသက် ၆၀ ပြည့်ရန် လပိုင်းမျှသာလိုတော့သော တရုတ်မကြီး ဖြစ်ပါသည်။ Anna ဟု ခေါ်၏။ သူလည်း တရုတ်စာမတတ်။ ပြောတာတော့ တရုတ်လိုပြောသည်။ ကျွန်တော်က သူနှင့်အရမ်းခင်သဖြင့် နောက်လိုသောကြောင့် My Paper သတင်းစာမှ တရုတ်လိုအပိုင်းကိုထုတ်ပြီး သူ့ကို မကြာခဏ ပေးပါသည်။ ဤသည့်အခါများတွင် သူက အတင်းအော်၏။ အာရိုး၊ နင့်ကို တရုတ်စာမဖတ်တတ်ပါဘူးလို့ ငါ ဘယ်နှခါပြောရမလဲ။ အင်္ဂလိပ်လိုဟာပဲ ပေး။ ဒီ တုတ်ချောင်း၊ ရှုပ်ရှုပ်ပွပွတွေ ငါနားမလည်ဘူး ဟူ၏။ တရုတ်လိုတော့ ပြောပြီး တရုတ်လို မဖတ်တတ်ဖူးဆိုတော့ အင်မတန် ဆန်းတာပဲ။ ကျောင်းမှာ တရုတ်လို မသင်ခဲ့ဖူးလား ဟု ကျွန်တော်က ပြန်မေးလျှင် ငါ တရုတ်စာခက်လို့ မလေးစာပဲ ယူခဲ့တယ် ဟု ပြန်ဖြေပါသည်။
a မှ z ထိ ၂၆ လုံးသော အက္ခရာများရှိလျှင် အင်္ဂလိပ်စာ ဖြစ်ပြီ။ မြန်မာစာမှာတော့ အက္ခရာ ၃၃ လုံးနှင့်မရ။ သဝေထိုး၊ ယပင့်၊ ယရစ်၊ အသတ်၊ ၀ဆွဲ၊ လုံးကြီးတင်၊ လုံးကြီးတင်ဆံခတ်၊ အောက်ကမြစ်၊ သဝေထိုး ၀ဆွဲ ဟထိုး၊ ရေးချရှေ့ထိုး။ လုံးကြီးတင် နှင့် သေးသေးတင်တွဲထားသည့် တာဝတိံသာ လိုဟာမျိုး။ လ တောင်မှ လကလေး၊ လကြီး။ အော တောင်မှ အော နှင့် သြ။
ခဏလေး။ သြ ဆိုလို့ သတိရတာတစ်ခု ကြားဖြတ်ပြောပါရစေဦး။ ကျွန်တော် ၁၀၉၊ ၁၁၀ ဘ၀နှင့် ရန်ကုန်မြို့တော်တွင် ပလက်ဖောင်းမင်းသား လုပ်ခဲ့စဉ်ကာလက အသိဘုန်းကြီးတစ်ပါးနှင့် အင်းစိန်ကမ်းနားလမ်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်သွား၏။ ထိုကျောင်းမှ ဘုန်းကြီးမှာ ထူးဆန်းပါပေ၏။ အသက် ၅၀ ကျော်လောက်ရှိပြီ။ မြန်မာသီချင်းများမှာ ပျင်းဘို့ကောင်းတယ် ဟု ဆိုကာ ရေဒီယိုမှလာသော ကုလားသီချင်းများကို ဖွင့်နားထောင်လေ့ရှိ၏။ ဦးဇင်း နားလည်လို့လား ဟု ကျွန်တော်ကမေးသောအခါ နားလည်တာ မလည်တာထက် နားထောင်လို့ကောင်းတယ်ကွ ဟု ပြန်ဖြေပါသည်။
ညဦးပိုင်းတွင် သူက အနီးပတ်ဝန်းကျင်မှ ကျောင်းမနေနိုင်သော ကလေးများကို စာသင်ပေးသည်။ သူစာသင်တာ ကျွန်တော် တစေ့တစောင်း လေ့လာမိ၏။ ဘုန်းကြီးကျောင်းတို့ ထုံးစံအတိုင်း သင်ပုန်းကြီးမှ စသင်သည်။ ကကြီးရေ က၊ ကကြီးရေးချ ကာ - စသဖြင့် ဖြစ်၏။ သို့နားထောင်နေရင်း ကျွန်တော့်စိတ်ထဲ ထူးပါတယ် ဟု ထင်သဖြင့် နားစွင့်နေမိပါသည်။ သူချပေးသည်မှာ -
သ - ယရစ် သယ၊ သ - ရယစ် ရေးချ သယာ၊ သဝေထိုး သ - ယရစ် ရေးချ ရှေ့ထိုး သယော် ဟု ဖြစ်၏။
ဟိုက်ရှာလပတ်ရည်။
သ - ကိုယရစ်လိုက်လျှင် သြ - အော ဟု ဖတ်ရမည် မဟုတ်ပါလော။ သဝေထိုး သ - ယရစ် ရေးချ ရှေ့ထိုး သြော် - အော် ဟု ဖတ်မည်လား သယော် ဟု ဖတ်မည်လား။ သယော် ဟု ဘာ့ကြောင့်မဖတ်သနည်း။ ဒါကြောင့်ပြောတာပေါ့၊ ခင်ဗျားတို့ မြန်မာ စာ ရှုပ်ပါတယ် ဆို။
သည်တော့ စင်ကာပူရောက် မြန်မာမိတ်ဆွေများခင်ဗျား -
အဖေ့မြန်မာစာကြီးကလည်း ရှုပ်ရှက်ခပ်နေတာပဲ၊ မသင်ချင်ပေါင်ဗျာ။ အင်္ဂလိပ်စာတတ်လဲ ပြီးတာပဲမဟုတ်လား ဟု (အထက်ပါ Terence နှင့် Anna တို့ကဲ့သို့) အသင်တို့ သား က ပြောလာခဲ့လျှင် သင် မည်ကဲ့သို့ ပြန်ဖြေပါမည်နည်း။ စင်ကာပူတွင် ငယ်ငယ်ကလေးထဲက ကြီးပြင်းလာသော ကလေးမှာ သူတို့ရင်းနှီးကျွမ်းဝင်ရမည့် ပတ်ဝန်းကျင်ကသာ သူတို့အပေါ် ကြီးစိုးလွှမ်းမိုးမည်ကို စိုးစဉ်းမျှ သံသယရှိစရာမလို။ လူမပြောနှင့် ကျေးညီနောင်တောင်မှ သည်သို့ဖြစ်သေးသည် မဟုတ်တုံလော။
ကျေးညီနောင်ပုံပြင်ကို လူတိုင်းကြားဖူးပြီးသားမို့ မပြောတော့ပါ။
စဉ်းစားဖို့ အလုပ်ပေးလိုက်ခြင်းဖြစ်ပါသည်။ လက်ပေါ်နဖူးတင်၍ ဖြစ်စေ၊ နဖူးပေါ်လက်တင်၍ ဖြစ်စေ။ တစ်ခေါင်းလုံး ဖြူလာသည်ထိ စဉ်းစားကြပါကုန်။
အေးငြိမ်း
၇-၇-၂၀၁၁
Blk 134A, Kang Ching Road
#03-91
Singapore 619062
Thursday, July 7, 2011
တာယာအန္တရာယ်ကင်းဝေးရေး
ကျွန်ုပ်၏ စတုတ္ထမြောက်စာအုပ်ဖြစ်သော -
“တာယာအန္တရာယ်ကင်းဝေးရေး”
မကြာမီ ထွက်ပါမည်။
ကားမရှိသေးသူများ ကားအမြန်ဆုံးဝယ်ပြီး ကျွန်တော့်စာအုပ်ကိုအားပေးပါ။
ပိုက်ပြင်ပိုက်ဆက်လက်စွဲစာအုပ်ကို ရှေ့လတွင် ဖြန့်ပါမည်။
Monday, July 4, 2011
ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၈)
တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၂
(၂၅) အစုံသုပ် လုပ်ရခြင်း
Union Alloy တွင် နေရ၊ လုပ်ရသည်မှာ မဆိုးလှပါဟု ဆိုနိုင်ပါသည်။ သို့သော် ဆိုးသည်မှာ အလီ ဆိုသော ကုလားကြီး ဖြစ်၏။ သူက ကျွန်တော်တို့ကို သာမန်အလုပ်သမားမျှသာ သဘောထားသည်။ သည်အခါ ကျွန်တော်နှင့် တစ်ခါတစ်ခါ ငြိပါသည်။ ကျွန်တော်က အလွန်စိတ်တိုတတ်သည်။ ဒေါသထွက်လွယ်သည်။ သို့သော် အခြေအနေနှင့် အချိန်အခါအရ အတတ်နိုင်ဆုံး သည်းခံပါသည်။ ကိုယ့်အပေါ်နင်းလွန်းလာတော့လည်း တစ်ခါတစ်ရံ ပြန်ပက်၏။ ထိုအခါ သူက အထက်သို့ ပြန်တိုင်သည်။ ကျွန်တော်ကလည်း ကိုယ်သာမှန်နေလို့ကတော့ ဘယ်သူ့ကိုမှ ဂရုစိုက်နေသည်မဟုတ်ပါ။
အလီမှာ သည်ကုမ္ပဏီတွင်ပင် ဖင်ဆွေးဆွေး၊ ခေါင်းဆွေးဆွေး လုပ်နေသည်ဖြစ်ရာ သည်ကုမ္ပဏီ တွင် သူဌေး လင်မယားကလွဲလျှင် သူ လုပ်သက်အရင့်ဆုံးဖြစ်၏။ ပြောရလျှင် သူ့လုပ်သက်မှာ ကုမ္ပဏီသက်တမ်းနှင့် အတူတူပင်ဖြစ်သည်။ နောက်ပြီး သူက ကုမ္ပဏီအလုပ်သာမက သူဌေး၏ ကိုယ်ရေးကိုယ်တာများ (ဥပမာ - ကလေးများကျောင်းပို့ပေးရခြင်း) ကိုပါ လုပ်ကိုင်ပေးနေရသည်ဖြစ်ရာ သူဌေးက သူ့ကိုမျက်နှာသာပေးသည်။ သည်တော့ သူက အင်မတန်ထောင်လွှား၊ မောက်မာ လှ၏။ (သို့သော် ဤသည်မှာ ထိုစဉ်ကသာဖြစ်၍ ယခု ကျွန်တော့်အကြောင်း ကောင်းကောင်းသိသွားပြီဖြစ်သဖြင့် အဆင်ပြေ နေပြီ ဖြစ်ပါသည်။)
ကျွန်တော်တို့နှင့် တစ်ခါတစ်ခါ တွဲလုပ်ရသူမှာ ဆာနီ ဆိုသော မလေးကုလားဖြစ်သည်။ အင်မတန် ပျင်းသော ကုလားဖြစ်၏။ အားအားရှိ အိပ်ဖို့လောက် ချောင်းနေသူဖြစ်သည်။ လုပ်တာကိုင်တာတော့ တော်ပါသည်။ သည်ကုမ္ပဏီတွင် လုပ်လာတာ ကြာပြီဆိုတော့ လုပ်ငန်းကိုင်ငန်း ကျွမ်းကျင်နေပြီ။ သူကတော့ ကျွန်တော်တို့ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မထင်ပါ။ သူလည်း မျိုးစုံလုပ်ရသည်။ များသောအားဖြင့် ပစ္စည်းပို့ရသည်။ တစ်ခါတလေ ပိုက်လိုင်းများပျက်လျှင် သွားပြင် ရသည်။
သူက မနက်ပိုင်း ပို့စရာရှိသောပစ္စည်းများ သွားပို့သည်။ ပစ္စည်းပို့ပြီး ပြန်လာပြီဆိုလျှင်တော့ ရုံးပြန်မသွားတော့ဘဲ ၀ပ်ရှော့တွင်ပင် အိပ်နေတတ်သည်။ နေ့လည် ၁ နာရီခန့်မှ စအိပ်လိုက်တာ ညနေ ၄ နာရီကျော်မှ ဖုတ်ဖက်ခါထပြီး ရုံးသို့သွားသည်။ သူအိပ်နေစဉ် ရုံးမှ သူ့ဟန်းဖုံးသို့လှမ်းခေါ်လျှင်မူ Tuas မှာ ပစ္စည်းပေးဘို့ စောင့်နေရတယ် ဟု ပြန်ဖြေလေ့ ရှိ၏။ သူဘယ်ရောက်နေသည်ကို မည်ကဲ့သို့ ထောက်လှမ်းပါမည်နည်း။ ကျွန်တော့်မှာ ကိုယ်နှင့်မဆိုင်သောကိစ္စ ၀င်မရှုပ်ချင် သောကြောင့် သူ့အကြောင်းဘာမှ မပြောပါ။ သို့သော် ရုံးကလည်း သူ သည်ကဲ့သို့ တစ်နေ့ခင်းလုံး အိပ်နေမှန်း တစ်နည်းနည်း ဖြင့် သိပါသည်။ အဘယ်သို့သိသနည်း ဟူမူ သူက ငါပစ္စည်းပို့ဘို့ စောင့်နေရတယ် ဟူသော ကုမ္မဏီသို့ ဖုံးလှမ်းဆက်လျှင် ထိုကုမ္မဏီက မင်းတို့ကောင် မနက်ကတည်းက လာပို့ပြီးသွားပြီ။ ဘာမှ စောင့်စရာအကြောင်းမရှိဘူး ဟု အကြောင်းပြန်၏။ ထို အခါ ဆာနီမှာ သူခိုး လူမိတော့သည်။
နောက်တစ်ယောက်မှာတော့ နီကို ဟု ခေါ်သည့် မလေးရှားတရုတ်မကလေး ဖြစ်သည်။ ပီဘိ သေးသေးလေး ဖြစ်သည်။ သူက ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ မှာပေးသည်။ DO (Delivery Order), PO (Purchase Order), Invoice စသည်တို့ ပြင်ပေးရသည်။ သူက ကျွန်တော်တို့လုပ်သော ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို ကိုင်သည်ဆိုတော့ ကျွန်တော်တို့ နှင့် တိုက်ရိုက်ဆက်ဆံရသည်။ သူကလည်း လူငယ်မိန်းကလေး ဆိုတော့ ကျွန်တော်တို့နှင့် အဆင်ပြေပါသည်။ ဆက်ဆံရေး ကောင်း၏။
တစ်နေ့တွင်တော့ အလီက ကျွန်တော်တို့ကို ပစ္စည်းတွေချစရာရှိတယ် ဟု ဆိုကာ ခေါ်သွားပါသည်။ သူပြောသည့် ပစ္စည်းတွေ ဆိုသည်မှာ ဓါတ်ကြိုးများပြေးရာတွင် သုံးသည့် cable tray များ ဖြစ်ပါသည်။ ဗျက် တစ်မီတာ၊ အရှည် ၅ မီတာ ခန့် ရှိသည်။ တစ်ခုချင်းဆိုလျှင် မလေးပါ။ ပေါ့ပေါ့ ကလေးဖြစ်၏။ သို့သော် သူတို့ကို ၁၀ ခုစီတွဲထားရာ အတော်လေး၏။ ဆိုးသည်မှာ ပေ၄၀ ကွန်တိန်နာထဲတွင် မလှုပ်သာ မလွန့်သာ နောက်ပြန်ဆွဲထုတ်ရခြင်း ဖြစ်သည်။ အလွန်ပင်ပန်းလှ၏။
ကျွန်တော်တို့နှင့်အတူ ဆာနီလည်း ပါလာသည်။ သို့သော် အနည်းငယ်မှ ကူမလုပ်ပါ။ ဖောက်ကလစ်ပေါ်ထိုင်လျှက် ကျွန်တော်တို့ဆွဲထုတ်လာသော အထုပ်များ ဖောက်ကလစ် တစ်စီးစာရပြီဆိုမှ ဖောက်ကလစ်ဖြင့် နေရာရွှေ့ပေးခြင်း ဖြစ်ပါသည်။ သို့သော် ဖောက်ကလစ် တစ်စီးစာရဘို့ ကျွန်တော်တို့မှာ သေချင်စော်နံအောင် ဆွဲထုတ်ရသည်။ သူကတော့ ဖောက်ကလစ်ပေါ်တွင် ငိုက်မျဉ်းနေလေ၏။ သူက ကျွန်တော့်အလုပ်သမားမဟုတ်သည့်အတွက် ကျွန်တော့်မှာ ဘာမှ မပြောသာ။ ပြောပိုင်ခွင့်လည်း မရှိ။ သည်ကတည်းက ဆာနီကို ကျွန်တော် မြင်ပြင်းကပ်နေသည်မှာ သည်နေ့ထိတိုင်ဖြစ်၏။
နောက် offshore ရေနံတူးစင်များတွင်သုံးသည့် high pressure (ဖိအားမြင့်) ပိုက်ကြီးများကိုလည်း သည်နည်း အတိုင်းပင် ကွန်တိန်နာအတွင်းမှ ထမ်းထုတ်ရသေးသည်။ ပိုက်ကြီးများမှာ အထူကြီးဖြစ်သလို လေးလည်း အလွန်လေးလှ သည်။ ကျွန်တော်တို့ကို general worker များကဲ့သို့ခိုင်းနေသည်ကို အလွန် စိတ်ပျက်မိပါသည်။ သည်တော့ နေကလည်း မြင့်လာ။ ပင်ကလည်း ပင်ပန်း။ ဗိုက်ကလည်း ဆာလာတော့ ကျွန်တော့်ဒေါသများ ငယ်ထိပ်တက်ဆောင့်ပါတော့၏။
ဖိုက်ဘာဂလပ်စ်ပိုက်များမှာ ကွဲလွယ်၊ ရှလွယ်သဖြင့် ဂရုတစိုက်ကိုင်တွယ်ရသည်။ လွှတ်ချတာ။ စောင်းပေါ်တင်တာ မလုပ်ရ။ ကျွန်တော် စိတ်တိုတိုနှင့် ပိုက်များကို အတင်းဆွဲ၊ အတင်းပစ်ချ။ ကန် ကျောက် လုပ်ပစ်လိုက်ပါသည်။ ဘေးနားတွင် အလီ ရှိနေ၏။ အလီက ရုံးသို့ပြန်ပြောသည် ထင်ပါသည်။ နောက်ပိုင်းတော့ ဤကဲ့သို့ ပစ္စည်းသယ်ခိုင်း၊ ချခိုင်းတာ သိပ်မရှိ တော့ပါ။ ကျွန်တော်ပစ်ချလိုက်လို့ ပိုက်ကွဲသွားလျှင် သူတို့လူငှားလို့ကုန်သည့်စရိတ်ထက် ပိုဈေးကြီးသည် ဆိုတာ သူတို့ ကောင်းကောင်းသဘောပေါက်သွားပါသည်။ စိတ်တိုလာလျှင် ဤကဲ့သို့ ထုရိုက်ကန်ကျောက် လုပ်ချင်သည်မှာ ကျွန်တော်၏ မကောင်းသော စရိုက်တစ်ခုဖြစ်ပါသည်။ ဤသည်မှာ ယခုတွင်မဟုတ် နောင်တွင်လည်း ဤအမှုမျိုးကြုံရသေးသည်။ အလျဉ်းသင့်သလို ထည့်သွင်းဖော်ပြသွားပါမည်။
ထို့ပြင် ရထားကြမ်းပြင်များတွင်ခင်းသည့် ဖယောင်းပုဆိုးများကိုလည်း သွားပို့ရသည်။ သည်ဖယောင်းပုဆိုးများ မှာလည်း ကြည့်တော့သာ ဘာမဟုတ်သည်။ အလိပ်လိုက်ဆိုလျှင် နင့်နေအောင် လေးပါသည်။ ကျွန်တော့်စိတ်ထင် ကီလို ၅၀ ပင် မကပါ။ သည်အလိပ်ကြီးများကိုလည်း လော်ရီကားပေါ်ထမ်းတင်၊ လော်ရီပေါ်မှထမ်းချ လုပ်ရပါသေး၏။ ဖောက်ကလစ် ဘာလို့မသုံးတာလဲဟု မမေးပါနှင့်။ သည်လောက်ပြည့်ကျပ်နေအောင် ထားသော စတိုခန်းတွင် ဖောက်ကလစ်မပြောနှင့်၊ လူတောင် မနည်းသွားရပါသည်။ သည်တော့ လူနှင့်ထမ်းထုတ်စရာကလွဲလို့ အခြားနည်းလမ်းမရှိပါ။
ထိုမျှမကသေး။ အချို့သော မိတ်ဆွေများတွေ့ဖူးပါမည်။ ကြမ်းပြင်တွင်ခင်းသော ပျော့စိစိ၊ ရာဘာသားကဲ့သို့သော အခင်းပြားများ ဖြစ်၏။ ထိုအခင်းပြားမှာလည်း အလွန်လေးလှသည်။ တစ်ချပ်ချင်းပင်လျှင် အလွန်လေးပါသည်။ ထိုအပြားများ ကိုလည်း ကျွန်တော်တို့ လျှာအလျားလိုက်ထွက်သည်ထိ တင်ချ၊ သယ်ပို့ လုပ်ရပါသေးသည်။ တစ်ခါတရံမို့တော်တော့သည်။ နို့မဟုတ်လျှင် Union Alloy တွင် ခြောက်လတောင် ခံမည်မဟုတ်ပါ။ ကျွန်တော်ထွက်ပြေးမိမှာ သေချာလှပါသည်။
ဤသည်တို့မှာ ကိုယ်နှင့်ဘာမှမဆိုင်သော အလုပ်များကို လုပ်ပေးရခြင်းဖြစ်သည်။ သည်မျှမက အခြားအသေးအဖွဲ ကိစ္စများ အများအပြားရှိသေးသည်။ သို့သော် စာဖွဲ့လောက်အောင်လည်းမဟုတ်၊ မှတ်လည်း ကောင်းကောင်း မမှတ်မိတော့ သည့်အတွက် ထားခဲ့ပါတော့မည်။
(၂၆) Jurong Island တွင် အထိုင်ချ လုပ်ရခြင်း
အထက်တွင်ဆိုခဲ့သလို ကျွန်တော်တို့အလုပ်က ပိုက်လုပ်ငန်း ဖြစ်ပါသည်။ ပိုက်များကို ရောင်းမည်။ ဆင်ပေးမည်။ ပိုက်လိုင်းပျက်လျှင် ပြင်မည်။ သံပိုက်လိုင်းကို ဖိုက်ဘာပိုက်နှင့် လဲပေးမည် စသဖြင့် ပိုက်နှင့်ပတ်သက်သမျှ အကုန်ပါမည်။ ခုတော့ ကျွန်တော်တို့ကို ဟုတ်တာရော၊ မဟုတ်တာရော အကုန်ခိုင်းသည်။ ဤသည်ကို ကျွန်တော်တို့မန်နေဂျာ Derrick ကလည်း မကြိုက်ပါ။ သို့သော် သူ့ထက်ကြီးသူက ခိုင်းတာဆိုတော့ သူလည်း ဘာမှမပြောသာ။ ခု ငါတို့မှာ အလုပ်မရှိသေးလို့ သည်းခံလိုက်ပါကွာ၊ ငါ အလုပ်ရအောင် ရှာပေးပါ့မယ် ဟု လေပြေထိုး၏။
အလုပ်မရှိခင်စပ်ကြား ကျွန်တော်တို့ကို ဖိုက်ဘာဂလပ်စ်ပိုက် ပစ္စည်းများအကြောင်း လိုက်ပြ၊ ရှင်းပြသည်။ Union Alloy မှ ပင်တိုင်အလုပ်ပေးပြီး ခိုင်းသူမှာ Tuas Ave 3 ရှိ Audex ဖြစ်သည်။ သည်တော့ သူတို့မှာ ဖိုက်ဘာပိုက်ပစ္စည်း အစုံရှိ သည်။ Melvin က ကျွန်တော်တို့ကို Audex သို့ခေါ်သွားပြီး သည်ပစ္စည်းများနှင့် မိတ်ဆက်ပေးသည်။ ဒါက Convo mat ၊ ဟောဒါက chop mat ၊ ဒါကိုတော့ woven roving ခေါ်တယ်။ ဒါလေးကတော့ boat tape။ ဒီ ကယ်မီကယ်တွေက acetone, ဟောဒါက epoxy resin, ဒီခရမ်းရောင်တွေကတော့ vinylester resin၊ သူက ပရိုမုတ်လုပ်ပြီးသားမို့ ခရမ်းရောင်ပေါက်နေတာ။ အဲဒီ promoter ဆိုတာ ဟောဒါပဲ။ ဒါကတော့ polyester resin, သူတို့နဲ့ရောတာကတော့ ဒီဟာပဲ။ hardener လို့ခေါ်တယ်။ သူ့ကို catalyst လို့လဲ ခေါ်သေးတယ် စသဖြင့် လက်တန်းပြောပြသွား၏။
ပစ္စည်းများမှာ အားလုံး ခပ်ဆင်ဆင်ချည်းဖြစ်ရာ ဘယ်လိုမှတ်လိုက်ရမှန်းပင် မသိပါ။ ဤပစ္စည်းများကို မည်သည့် နေရာများတွင် သုံးသည်ဆိုတာအသာထား။ ပစ္စည်းနှင့်နာမည်ကိုပင် တွဲမမှတ်မိ။ ကုန်ကုန်ပြောရလျှင် နာမည်များပင် စုံအောင် မမှတ်မိလိုက်ပါ။ သို့သော် ဒါဘာပြဿနာမှမဟုတ်။ လုပ်ရင်းကိုင်ရင်းနှင့်မှ တဖြည်းဖြည်း ဘာကိုဘယ်လိုခေါ်သည်။ ဘာကြောင့် ဤနေရာတွင်သုံးရသည်။ မည်ကဲ့သို့ လုပ်ရကိုင်ရသည် စသည်များကို သေသေချာချာ သိလာရသည်။ လက်တွေ့မှရသော အသိသည်ကား တော်တော်နှင့်မမေ့တော့ဘဲ မှတ်မိနေသည်။
သိပ်မကြာမီပင် Jurong Island ၌ အလုပ်ရပါသည်။ ပထမဦးဆုံး စလုပ်ရသည့် အလုပ်မှာ SUT (Sembcorp Utility and Terminal) တွင် ၄ လက်မပိုက်လိုင်း ပြေးရခြင်း ဖြစ်၏။ လိုင်းမှာ သိပ်မရှည်။ ပိုက်လိုင်းဆင်ဘို့ ပိုက်စင် (Pipe Rack) ပေါ် ကျွန်တော်တက်ကာ တိုင်းရ၏။ ဒါ ပိုက်လိုင်းကို ကိုယ်ထိလက်ရောက် ပထမဦးဆုံး စတင်လုပ်ဖူးခြင်း ဖြစ်ပါသည်။ ပိုက်က လည်းမကြီး။ လိုင်းကလည်း သိပ်မရှည်ဆိုတော့ အလုပ်သမားမခေါ်။ ကျွန်တော်တို့နှစ်ယောက်ထဲ ကိုယ့်ဟာကိုယ် ကြဲရသည်။
ပိုက်လိုင်းဆင်ဘို့လိုသည့် ပစ္စည်းများဝယ်တာ၊ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ ဆိုဒ်ထဲသို့သယ်တာ၊ တိုင်း၊ ထွာ၊ ဖြတ်၊ တောက်၊ ဆက်၊ ဆင်။ အားလုံးကိုယ့်ဟာကိုယ် လုပ်ရသည်။ ပိုက်လိုင်းထဲ ရေထည့်စမ်းပြီး နောက်ဆုံး လိုင်းကိုပိုင်ရှင် ဖြစ်သူ SUT ထံအပ်သည်ထိ အကုန်လုပ်ရခြင်း ဖြစ်သည်။
ဆိုးသည်မှာ ဖိုက်ဘာပိုက်၏အမှုန်များက အလွန်ယားခြင်း ဖြစ်၏။ ယခင် Keppel တွင် လုပ်စဉ်ကလည်း ဖိုက်ဘာ ပိုက်လိုင်းများ ကိုင်ခဲ့ရသည်။ သို့သော် သူများလုပ်တာကို ကိုယ်က paper work လုပ်ပေးရခြင်းသာ ဖြစ်၏။ သည်ကတည်းက မိတ်ဆွေများပြောသဖြင့် ဖိုက်ဘာပိုက် ယားမှန်းသိခဲ့သည်။ သို့သော် ကိုယ်တိုင်မကြုံရသေးတော့ သြော် - ဟုတ်လား ဆိုကာ ပြီးသွား၏။ ယခု ကိုယ်တိုင်ယားတော့မှ မစားသာမှန်းသိရတော့သည်။ သူယားတာက ဘာယားတာနှင့်မှ မတူ။ ထွက်လာသော အမှုန်များမှာ လေတိုက်သဖြင့် တစ်ကိုယ်လုံးသို့ထိသည်ဖြစ်လေရာ ထိတိုင်းယားတော့၏။ ဆံပင်နှင့်အင်္ကျီအကြားလွတ်နေ သော ကုတ်ပိုးမှာကား အထူးသဖြင့် ယားလေသည်။ အိပ်သည့်အချိန်တွင် ပိုဆိုးသေးသည်။ ဟိုအနားက စစ်ကနဲ။ သည်အနား က စစ်ကနဲ။
သည်တော့ အလုပ်လုပ်ဘို့ အ၀တ်ကို သေသေချာချာပြင်ရသည်။ ဂျင်းအင်္ကျီ၊ ဂျင်း ဘောင်းဘီများ ၀ယ်ရသည်။ ကုပ်ပိုးကိုစည်းရန် သို့မဟုတ် ဖုံးထားရန် သဘက် (မျက်နှာသုတ်ပုဝါ) ယူသွားရသည်။ နှာခေါင်းစွပ် (dust mask) များစွပ်ရ သည်။ လက်အိတ်ဆိုတာတောင် ချည်လက်အိတ်နှင့် မရ။ ဂျင်းလက်အိတ် သို့မဟုတ် ရာဘာလက်အိတ်မှ။ သို့သော် ရာဘာ လက်အိတ်က ပူသည်။ ကယ်မီကယ်ဆေးရည်များကိုင်သည့်အခါသာ ကောင်းသည်။ သည်တော့ ဂျင်းလက်အိတ်များ သုံးရ သည်။ ချည်လက်အိတ်ဝတ်လျှင် ဖိုက်ဘာမှန်စ ကလေးများက လက်အိတ်ကို ဖောက်စူးသည့်အတွက် မကောင်းပါ။
နောက်တစ်ခုက Jurong Island တွင် စားသောက်ဆိုင်မရှိခြင်း ဖြစ်၏။ သောက်စရာရေပင် မရှိ။ Jurong Island သို့သွားတော့မည်ဆိုလျှင် ထမင်းဗူး၊ ရေပုလင်းများ တစ်နေ့စာ အပြည့်အစုံထည့်ယူသွားရသည်။ ကျွန်းအလယ်လောက်တွင် Oasis ဆိုသော အဆောက်အဦတစ်ခုရှိသည်။ ဤအထဲတွင် စားသောက်ဆိုင်၊ တိုလီမုတ်စများရောင်းသောဆိုင်များ ရှိသည်။ သို့သော် Oasis သို့ မည်ကဲ့သို့သွားမည်နည်း။ ဘတ်စ်ကားတော့ရှိပါ၏။ သို့သော် ကားအလာကျဲလှသည်။
Jurong Island သို့ရောက်သော ဘတ်စ်ကားများမှာ နံနက်ခင်းနှင့် ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်များတွင် ၁၅ မိနစ်၊ မိနစ် ၂၀ လျှင် တစ်စီးကျစီရှိတတ်သော်လည်း နေ့လည်နေ့ခင်း လူသွားနည်းသော အချိန်များတွင်မူ တစ်နာရီမှ တစ်စီးသာရှိသည်။ သို့အတွက် ကိုယ်ပိုင်ကားမရှိလျှင် သွားရေးလာရေး အတော့်ကို မလွယ်။ ဘတ်စ်ကားများမှာ Jurong East Interchange မှ စထွက်သည်။ ဘတ်စ်နံပါတ် 715, 716 နှင့် 717 တို့ဖြစ်၏။ ဘတ်စ်စီးသွားလျှင် Jurong Island အ၀င် check point တွင်ဆင်း။ pass လဲ။ နောက်ပြီး ကားပေါ်ပြန်တက်။
Jurong Island Check point အထိပြေးသော ဘတ်စ်လည်းရှိသည်။ နံပါတ် 98 ဖြစ်၏။ 98 က ကျွန်တော်တို့အိမ်နား မှ ဖြတ်သွားသဖြင့် Jurong Island သွားစရာရှိလျှင် ကျွန်တော်ကတော့ 98 ကိုပဲ စီးတာများသည်။ ဂိတ်ရောက်မှ pass လဲကာ နောက် ဘတ်စ်ကားပြောင်းစီး၏။
ယခင်ကမူ Jurong Island အ၀င်တွင် ဘာ pass မှ မလိုဘဲ သည်အတိုင်း တံခါးမရှိ၊ ဒါးမရှိ ၀င်နိုင်၊ ထွက်နိုင်သည်။ ဘာစစ်ဆေးရေးဂိတ်မှလည်း မရှိသေး။ သို့သော် ကိုအိုစမာတို့က အမေရိကန်ကို 9/11 လက်စွမ်းပြပြီးသည့်နောက် ကမ္ဘာ တစ်လွှားမှ နိုင်ငံများသည်လည်း သွေးလန့်ကာ လုံခြုံရေးကို အထူးတင်းကြပ်လာခဲ့သည်။ လေယာဉ်ပေါ်သို့ ရေပင်လျှင် သယ်ခွင့်မရှိတော့။ ခုနစ်ရက်သားသမီးများကို စိတ်မချမ်းသာအောင်လုပ်ကာ လူသားအားလုံးကို ဒုက္ခပေးသူများ ဖြစ်ပေ၏။
ဤကဲ့သို့ သွေးလန့်သူများတွင် စင်ကာပူသည်ကာ ထိပ်ဆုံးမှ ပါခဲ့သည်။ အောင်မယ်လေးလေး၊ Jurong Island ကြီးသာ တစ်ခုခုဖြစ်လို့ကတော့။ ကျွန်းကြီးတစ်ခုလုံး ပေါက်ကွဲစရာ လောင်စာများနှင့် ပြည့်နှက်နေသော Jurong Island ၏ လုံခြုံရေးကို မစဉ်းစားလို့မရ။ သည်တော့ နေ့ချင်းညချင်း ဖုတ်ပူမီးတိုက် လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များ ဆောက်သည်။ အ၀င်ဂိတ်တွင် အင်မတန် စေ့စပ်သေချာလှသော စစ်ဆေးရေးလက်နက် ကိရိယာများ အပြည့်အစုံတပ်သည်။ Jurong Island သို့ ၀င်သူ၊ ထွက်သူများအားလုံးကို စစ်ဆေးသည်။ သူတို့လက်မှတ်မပါသူ မည်သူမှ ၀င်လို့မရ။ Jurong Island တွင် အလုပ်လုပ်လိုသူများကို မိမိသွားလုပ်မည့် Jurong Island ရှိ ဌာနေကုမ္ပဏီက အာမခံလက်မှတ် (sponsor) ထုတ်ပေးရသည်။ Jurong Island တွင်အခွင့်မရဘဲ မည်သူမျှ ဓါတ်ပုံရိုက်ခွင့်၊ ဗွီဒီယိုရိုက်ခွင့် မရှိ။ ကင်မရာပါသူများ လုံခြုံရေးဂိတ်တွင် declare လုပ်ရသည်။ အခွင့်မရှိဘဲ ဓါတ်ပုံရိုက်သည်ကို မိလျှင် ရဲလက်သို့အပ်မည်။ ကျွန်းဝင်ခွင့် pass သိမ်းမည်။ နောက်နောင် မည်သည့်အခါမှ ကျွန်းသို့ဝင်ခွင့်ပေးတော့မည် မဟုတ်။
သည်တော့ ဂွကျသွားသူများမှာ ကျွန်ုပ်တို့ဖြစ်၏။ အရေးပေါ်ကိစ္စတစ်ခုခုရှိလို့သွားချင်လျှင် ချက်ခြင်းသွားဘို့မလွယ်။ သွားလိုသူများ၏ ကိုယ်ရေးအချက်အလက်များကို ဟိုကုမ္ပဏီသို့လှမ်းပို့။ ထိုကုမ္ပဏီက Jurong Island စစ်ဆေးရေးဂိတ်တွင် ၀င်ခွင့်လက်မှတ်လျှောက်လွှာတင်။ လျှောက်လွှာကျပြီဆိုတော့ ကျွန်ုပ်တို့ဆီ လှမ်းပို့။ သည်တော့မှ ထိုလက်မှတ်ကိုင်ကာသွား။ သို့သော် ဤလက်မှတ်မှာ ၀င်ခွင့်လက်မှတ်မျှသာ ရှိသေး၏။ အလုပ်လုပ်ဖို့ဆိုလျှင် ထိုကုမ္ပဏီမှပေးသော safety သင်တန်း သွားတက်။ ပြီးမှ သူတို့ထုတ်ပေးသောလက်မှတ်ကို ကိုင်ကာ အလုပ်လုပ်ရသည်။ သည် safety သင်တန်းက နေ့တိုင်းရှိတာ မဟုတ်။ တစ်ပတ်မှ တစ်ခါ။ တခါတလေ နှစ်ခါသာ ရှိတာမျိုး ဖြစ်သည်။ အမြဲလုပ်နေသူများကတော့ ဘာပြဿနာမှ မရှိ။ သူတို့ကို Jurong Island ၀င်ခွင့် permanent လက်မှတ် ထုတ်ပေးထားသည်။
Jurong Island ရှိရေနံချက်စက်ရုံများ၊ ဓါတုစက်ရုံများတွင် ကျွန်တော်တို့ ဖိုက်ဘာပိုက်များကို တပ်ဆင် အသုံးပြု သည် ဖြစ်ရာ ကျွန်တော်တို့၏ ပင်မလုပ်စရာနေရာမှာ Jurong Island ဖြစ်လာတော့သည်။ သံပိုက်များ အစားမခံနိုင်သော ဆေးရည်များအတွက် ဖိုက်ဘာပိုက်ကို သုံးသည်။ စက်ရုံများကို အအေးခံသော sea water cooling လိုင်းများတွင် ဖိုက်ဘာ ပိုက်ကို သုံးသည်။ မီးသတ်ပိုက်လိုင်းများကိုလည်း ဖိုက်ဘာပိုက် သုံးသည်။ ယခင်က သံပိုက်နှင့်ပြေးထားသော ပိုက်လိုင်းများ ကို ယခုအခါ ဖိုက်ဘာပိုက်များဖြင့် အစားပြန်လဲသည်။
ဆိုတော့ Union Alloy တွင် လုပ်ခဲ့သည့် လေးနှစ်တာကာလပတ်လုံး ကျွန်တော့်မှာ Jurong Island တွင်ပင် အချိန် ကုန်ရတာများသည်။ အလုပ်ပါးသော တခါတလေမှ ရုံးဘက်ပြန်ရောက်သည်။
ဤတွင် Jurong Island အကြောင်း မိတ်ဆွေများသိအောင် ဗဟုသုတအနေနှင့် အနည်းငယ် ပြောပြချင်ပါသည်။
(၂၇) Jurong Island
စင်ကာပူနိုင်ငံတွင် စင်ကာပူကျွန်းမကြီးအပြင် ကျွန်းကြီး၊ ကျွန်းလေးပေါင်း ၆၄ ကျွန်းရှိပါသေး၏။ သို့သော် ယခုမူ ၆၄ ကျွန်း အပြည့်မရှိတော့ပါ။ အချို့သောကျွန်းများကို ပေါင်းကာ ကျွန်းကြီးတစ်ကျွန်းဖြစ်အောင် လုပ်လိုက်သည်။ ထိုစုပေါင်းကျွန်း များထဲတွင် Jurong Island သည် အကြီးဆုံးဖြစ်၏။
စင်ကာပူနိုင်ငံထုတ်ကုန်များတွင် ဓါတုဗေဒထုတ်ကုန်များသည် ဒုတိယအကြီးဆုံးဖြစ်၏။ တိုင်းပြည်စုစုပေါင်း ထုတ်ကုန်များ၏ ၁၈%(၁၉၉၆) ရှိသည်။ စင်ကာပူအစိုးရသည် ထုတ်ကုန်ကဏ္ဍကို တိုင်းပြည်စုစုပေါင်း GDP ၏ ၂၅ % ထိ ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၃ ခုနှစ်တွင် M2000 Project (Manufacturing 2000) ကို ချမှတ်လုပ်ဆောင်ခဲ့သည်။ ဤအထဲတွင် ဓါတုပစ္စည်းများထုတ်လုပ်မှုသည် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ သည်တွင် သည်ဓါတုပစ္စည်းများကို မည်သည့်နေရာတွင် ထုတ်မည်နည်းကို တိုင်းတာအဖြေထုတ်ကြသောအခါ Jurong Island ကို သွားတွေ့သည်။
မည်မျှဦးဏှောက်ကြီးလိုက်တဲ့ လူတွေပါလဲ။ ရေနံကို ဈေးအသက်သာဆုံးဖြင့်ရောင်းချနိုင်ရန် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချမည်။ သည်တော့ ပစ္စည်းများ တစ်နေရာမှတစ်နေရာသို့ ပို့ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်၊ အချိန် စသည်တို့ကို လျှော့ချရန် တစ်နေရာထဲတွင် ချက်တာရော၊ သိုလှောင်တာရော၊ ရောင်းတာရော လုပ်နိုင်ရန် စဉ်းစားကြသည်။ သည်ကဲ့သို့ စီးပွားဖြစ်လုပ်နိုင်ရန်ဆိုလျှင် နေရာအကျယ်ကြီးလိုသည်။ ထို့ပြင် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်မနေစေရန်ကိုပါ ထည့်သွင်းစဉ်းစားကြသည်။ ဤသည်ကပင် Jurong Island တည်ဆောက်ရန် လမ်းစဖြစ်လာခဲ့သည်။ Jurong Island နေရာသည်ကား ကျွန်းမကြီးနှင့် သီးခြားဖြစ်နေပေရာ အကြောင်း တစုံတရာရှိခဲ့လျှင်သော်မှ ပြည်သူများနေထိုင်ရာသို့ အလွယ်တကူ မထိခိုက်နိုင်။
စင်ကာပူသည် ကမ္ဘာ့ တတိယအကြီးဆုံး ရေနံချက်သောနိုင်ငံဖြစ်၏။ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁.၃ သန်း ထုတ်လုပ်သည်။ စင်ကာပူမှရောင်းချသော ရေနံကို ၀ယ်ယူသူများတွင် မြန်မာနိုင်ငံသည်လည်း တစ်နိုင်ငံအပါအ၀င်ဖြစ်၏။ Jurong Island ရှိ ExxonMobil မှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၆ သိန်း ၅ ထောင်၊ SRC (Singapore Refining Corporation) မှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂၈၅၀၀၀ ၊ Pulau Bukom Refinery (Shell) မှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၄၅၈၀၀၀ အသီးသီးထုတ်၏။ ဤသည်ကိုကြည့်လျှင် Jurong Island တစ်ခုထည်းမှ တစ်နေ့လျှင် ရေနံစည်ပေါင်း တစ်သန်း ကျော်ထုတ်နေကြောင်း တွေ့နိုင်ပါသည်။
Jurong Island ကို Pulau Ayer Chawan, Pulau Ayer Merbau, Pulau Merlimau, Pulau Pesek, Pulau Pesek Kecil, Pulau Sakra နှင့် Pulau Seraya တည်းဟူသော ကျွန်းငယ် ခုနစ်ကျွန်းကို သဲဖို့ကာ ကျွန်းကြီးတစ်ကျွန်းဖြစ်အောင် လုပ်ထားခြင်းဖြစ်ပါသည်။ Jurong Island တည်ဆောက်ရေးလုပ်ငန်းများကို မူလသတ်မှတ်ထားသည်ထက် အနှစ် ၂၀ စောကာ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြီးတည်ဆောက်ခဲ့သည်။ (ကျွန်တော်တို့ လုပ်စဉ် ၂၀၀၀ - ၂၀၀၄ ခုနှစ်များက ကျွန်းမှာတည်ဆောက်ဆဲကာလပင် ရှိပါသေးသည်။) ကျွန်းမြေပြင်ဧရိယာမှာ ၃၂ စတုရန်းကီလိုမီတာရှိပြီး ကျွန်းမကြီးပြီးလျှင် စင်ကာပူတွင် အကြီးဆုံးကျွန်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် Jurong Island တည်ဆောက်ရေးအတွက် JTC (Jurong Town Corporation) ကို တာဝန်ပေးခဲ့ သည်။ သဲဖို့ခြင်း၊ မြေပြင်ခြင်းလုပ်ငန်းများကို ၁၉၉၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ Jurong Island ကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ၀န်ကြီးချုပ် ဂိုချောက်တောင်က တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။ ရေပြင်ကို မြေပြင်ဖြစ်အောင်လုပ်ပေးခဲ့သည့် အဓိက ကန်ထရိုက်တာမှာ PentaOcean ပင်ဖြစ်ပေတော့သည်။
၂၀၀၅ ခုနှစ်က ရေနံဓါတုလုပ်ငန်းမှ ထုတ်ကုန် စင်ကာပူဒေါ်လာ ၆၆.၅ ဘီလျံဘိုး ထုတ်ခဲ့သည်။ ဤပမာဏမှာ စင်ကာပူတစ်နိုင်ငံလုံး ထုတ်ကုန်၏ ၃၂ ရာခိုင်နှုံးဖြစ်၏။ ၂၀၀၂ ခုနှစ်တွင်မူ သဘာဝဓါတ်ငွေ့ဖြည့်ဆိုင် (CNG – Compresed Natural Gas Station) ကိုပါ Jurong Island တွင် ဖွင့်လှစ်ပေးခဲ့သည်။
ယခင်က စင်ကာပူမှ Jurong Island သို့သွားလိုလျှင် မော်တော်ဘုတ်များဖြင့် သွားရသည်။ ၁၉၉၉ ခုနှစ် မတ်လတွင် ၂.၃ ကီလိုမီတာရှည်သည့် Jurong Island Highway လမ်းမကြီးဖွင့်လှစ်ပြီးသည့်နောက်ပိုင်း ကားများဖြင့် လွယ်ကူစွာ သွားလာနိုင်ခဲ့သည်။
ယခုလက်ရှိတွင် Jurong Island ၌ တိရိစ္ဆာန်အစားအစာ၊ ကာကွယ်ဆေး၊ အလှကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ Institute of Chemical and Engineering Science (an A*STAR research institute) ကိုပါ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ထိုမျှသာမက ရေနံကုဗမီတာပေါင်း ၁.၄၇ သန်းသိုလှောင်နိုင်မည့် ပရောဂျက်တစ်ခုကို တည်ဆောက်နေရာ ၂၀၁၃ ခုနှစ်တွင်ပြီးရန် ရည်မှန်းထားသည်။ လက်ရှိလမ်းမကြီးအပြင် စင်ကာပူနှင့်ဆက်သွယ်နိုင်မည့် နောက်ထပ်လမ်းမကြီး တစ်ခုကိုလည်း ထပ်မံတည်ဆောက်ဦးမည်ဖြစ်ပေ၏။
(၂၈) Jurong Island တွင် လုပ်ရပုံ
၎ လက်မပိုက်လိုင်းဆင်ပြီး နောက်တစ်ခု လုပ်ရသည်မှာ ၇၄ လက်မပိုက်ကြီးများကို ပြင်ရခြင်း ဖြစ်သည်။ SUT ၌ပင်ဖြစ်၏။ ပိုက်ကြီးများမှာ အလွန်ကြီးရကား အတွင်းသို့ လူတစ်ယောက် ကောင်းကောင်းလမ်းလျှောက်သွားလို့ရသည်။ ဘုရားစူးရပါစေ့။ သည်မျှကြီးသော ပိုက်ကြီးများကို ခုမှမြင်ဖူးခြင်း ဖြစ်ပါသည်။ လုပ်တာတော့ ကျွန်တော်တို့လုပ်တာမဟုတ်ပါ။ ကန်ထရိုက်တာများ လုပ်တာဖြစ်ပါသည်။ သို့သော် နောက်ဆုံး ပိုက်ကြီးကိုပြန်ဆင်သောအခါ ပိုက်ကြီးမှ ဖလန်းကို ကျွန်တော်တို့ကိုယ်တိုင် ပြန်ဆင်ရသည်။ ဖလန်းကိုကြပ်သည့် မူလီခေါင်းပင် ကျွန်တော်တို့လက်သီးဆုပ်လောက်ရှိပါသည်။
မူလီကြပ်ရန် ကျွန်တော့်ကို ကုလားအလုပ်သမားများ ပေးထား၏။ မူလီကြပ်ရမည့် ဂွကြီးများနှင့် ထုရန်တူကြီးများ ကိုပင် မနည်းသယ်ရသည်။ မူလီကြပ်နေသည့် ကုလားကိုကြည့်ပြီး ကျွန်တော် စိတ်တိုလာ၏။ လျှာကြီးကို အသားကုန် ထုတ်လျှက် တူကိုထုနေလိုက်သည်မှာ မူလီခေါင်းနာသွားမှာ စိုးသဖြင့် အသာချော့ထုနေရသည်နှင့်သာ တူတော့သည်။ ကျွန်တော်လည်း စိတ်မရှည်တော့သည်နှင့် ဟေ့ကောင်၊ ငါ့ကိုပေးစမ်း၊ ငါထုပြမယ်ဟု ဆိုကာ ထုပြလိုက်၏။ မည်သို့ပင် လုပ်ပြ သည်ဖြစ်စေ။ သူတို့ကတော့ သူတို့စံနှုံးကို မပြောင်းပါ။ သည်အတိုင်း ဆက်လုပ်နေသည်သာ ဖြစ်သည်။ အငှားခေါ်ထားတာ ဆိုတော့လည်း ပြောလို့ဆိုလို့မကောင်း။
နောက်ပြီး ကျွန်တော်တို့အကြီးအကျယ် ခေါင်းကိုက်ခဲ့ရသော အလုပ်တစ်ခုရှိပါသေးသည်။ ဖိုက်ဘာဂလပ်စ်ပိုက်ကို ဆက်သည့် ကော်များမှာ ရေထိလို့မရ။ ရေထိလျှင် ကော်ကမခဲ။ တစ်နေ့တွင် ခုနပြောခဲ့သည့် ပိုက်ကြီး ရေစိမ့်ပါသည်။ ပိုက်ကြီးမှာ Jurong Island ရှိ စက်ရုံများသို့ အအေးခံရေပို့ပေးသော Cooling Water Supply လိုင်းဖြစ်၏။ SUT က ပင်လယ်ရေကို ပန့်ကြီးများဖြင့်စုပ်ယူပြီး ထိုစက်ရုံများသို့ ပင်လယ်ရေ ရောင်းစားခြင်းဖြစ်ပါသည်။ စက်ရုံများမှာ ၂၄ နာရီလည် နေသည်ဖြစ်ရာ သည်ရေများကို ရပ်လိုက်လို့မရ။ ရပ်လိုက်လျှင် စက်ရုံများရပ်သွားမည်ဖြစ်သဖြင့် တစ်နေ့လျှင် မည်မျှဆုံးရှုံး မည်ဆိုသည်ကို သူတို့က တွက်ပြီးသားဖြစ်သည်။
ရေစိမ့်သည့်နေရာလည်း ကြည့်လိုက်ဦး။ ပိုက်အထိုင်တည့်တည့်မှ စိမ့်ထွက်နေခြင်းဖြစ်သည်။ ပိုက်ကြီးကို သံပြားဖြင့် လုပ်ထားသည့် ပိုက်အထိုင်ဖြင့်ဖမ်းထားသည်။ ပိုက်အထိုင်သံပြားနှင့် ပိုက်ကြားတွင် ပိုက်မနာစေရန် ရာဘာပြားခံထားသည်။ ထိုရာဘာပြားကြားမှ ရေများစိမ့်ထွက်လာနေခြင်း ဖြစ်သည်။ ကိုင်း မည်ကဲ့သို့ပြင်မည်နည်း အရပ်လူကြီးတို့။
ရေစိမ့်သည်ကို ပိတ်ရန်မှာ ရေယိုနေသောအပေါက်ကို ပိတ်နိုင်မှ ဖြစ်မည်။ အထဲတွင် ရေများပြေးနေသော လူတစ်ရပ် ခန့် ထိုပိုက်ကြီးကို ဖမ်းထားသည့် ဗျက်တစ်ပေရှိ ပိုက်အထိုင်သံပြားကြားမှ ရေပေါက်ကို ဖာဘို့ဆိုသည်မှာ သိကြားမင်း ဦးမာဃ၏ တောင်ရှည်ပုဆိုးကို တက်ဆွဲဘို့ကမှ လွယ်လိမ့်ဦးမည်။ ကျွန်တော်တို့ကလည်း ဖိုက်ဘာပိုက်နှင့် ပတ်သက်လို့ ဘာအတွေ့အကြုံမှ ရှိသေးတာမဟုတ်။ ခုမှ လက်သင်လုပ်ခါစ။
သည်တော့ ကျွန်တော်တို့မန်နေဂျာ Derrick ကိုယ်တိုင်လိုက်လာကာ သူ့ဟာသူ ကျောက်စက်တိုက်။ ကျွန်တော့်ကို ကော်ဖျော်ခိုင်းကာ ရေစိမ့်သည့်နေရာပတ်ဝန်းကျင်ကို ကော်များအတင်းသုတ်။ နောက်ပြီး heating gun ဖြင့် အတင်းအပူပေး သည်။ heating gun ကခေါင်းအခြောက်ခံသည့် heater နှင့်ဆင်သည်။ သူက ပိုပြီးပူသည်။ ၀ပ်အနည်းအများကိုလိုက်ပြီး ၀ပ် ၅၀၀၊ ၇၅၀၊ ၁၀၀၀ စသဖြင့် အစားစား ရှိသည်။
ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်၏။ ကော်များမှာ ပူသောနေရာက ခဲသွားပြီး ရေထိသောနေရာက မခဲဘဲ ရေလမ်း ကြောင်းဖြစ်နေသည်။ ပြန်ပြီး ကျောက်စက်တိုက်လိုက်၊ ကော်သုတ်လိုက်၊ အပူပေးလိုက် လုပ်လိုက်ကြသည်မှာ တစ်ညလုံး လိုလိုဖြစ်ပါသည်။ သို့သော် မအောင်မြင်ပါ။ ဤကိစ္စ ကျွန်တော်တို့ အတော်ဦးဏှောက်စားခဲ့ကြသည်။
ကျွန်တော်တို့ကား SUT နှင့် အကျိုးပေးလှ၏။ လုပ်ရသမျှ အလုပ်တော်တော်များများမှာ SUT နှင့်တစ်နည်းမဟုတ်၊ တစ်နည်း ပတ်သက်နေသည်။ ထမင်းစားတော့ ပိုက်စင် (pipe rack) များအောက်တွင်စားရသည်။ နားတော့လည်း သည် ပိုက်စင်များအောက်တွင်ပင် ဖြစ်၏။ ဘာမှတခြား စားစရာ၊သောက်စရာမရှိ။ SUT ပင်မရုံး အဆောက်အဦတွင်တော့ ခေါက်ဆွဲ ခြောက်၊ အအေးဗူး၊ သကြားလုံးထုပ် စသည်များရောင်းသော စက်တစ်လုံးရှိသည်။ ပိုက်ဆံထည့်ကာ ၀ယ်နိုင်သည်။ သို့သော် ကျွန်တော်တစ်ခါမှ ၀ယ်မစားဖူးပါ။
လုပ်ရတာတော့ နားအေးပါးအေးရှိပါသည်။ ကိုယ့်သဘောနှင့်ကိုယ် ကိုယ့်ဟာကိုယ် စီမံခန့်ခွဲပြီး စိုက်ကြိုက်လုပ်ရ သည့်အတွက် စိတ်ချမ်းသာသည်။ သို့သော်လဲလေ အလုပ်မှန်သမျှ မည်သည့်အလုပ်သည် စင်းလုံးချောရှိပါသနည်း။ ပြဿနာကတော့ အနည်းနှင့်အများရှိစမြဲပေါ့။ သို့သော် သည်ပြဿနာများကို ဖြေရှင်းနိုင်မှ အစွမ်းအစဆိုတာ ရှိလာမည်။
တစ်ခါတော့ အအေးခံရေလိုင်းမှ ရေထုတ်သော ၂၄ လက်မပိုက်ကြီးများကို လဲရသည်။ လက်ရှိသံပိုက်ကို ဖိုက်ဘာပိုက်နှင့် အစားထိုးခြင်းဖြစ်၏။ စက်ရုံမှထုတ်လွှတ်လိုက်သော ရေပူများကို heat exchanger ကြီးများထဲတွင် ရေအေးဖြင့် အအေးခံသည်။ စက်ရုံမှလာသော ရေပူများက ရေချိုဖြစ်၏။ ထိုရေကို heat exchanger အတွင်းရှိ ပိုက်များတွင် လှည့်ပတ်စီးစေပြီး ပင်လယ်ရေအေးဖြင့် အအေးခံခြင်းဖြစ်သည်။ ထိုအခါ ရေချိုများက အေးသွားပြီး ပင်လယ်ရေများက ရေချိုမှ အပူကိုစုပ်ယူကာ ပူလာသည်။ ထိုပင်လယ်ရေပူများကို ပင်လယ်အတွင်းပြန်စွန့်ထုတ်ပစ်သည်။ ကျွန်တော်တို့က ထို ပင်လယ်ရေပူထုတ်ပိုက်များကို လဲရခြင်းဖြစ်သည်။
ပိုက်များမှာ အင်ဒိုနီးရှားတွင်လုပ်သော ဖိုက်ဘာပိုက်များဖြစ်သည်။ ရုံးကမည်မျှချာတူးလန်သနည်းဆိုလျှင် ကျွန်တော့် မှာ သည်ပိုက်များကို လဲရမည်ဆိုတာပဲ သိသည်။ ပိုက်များ မည်သည့်နေ့ရက်တွင် ရောက်လာမည်၊ မည်ကဲ့သို့ဆင်မည် စသည်များကို ဘာမှ မသိရ။ ပိုက်များတကယ်ရောက်လာပြီဆိုတော့ ပြဿနာတက်တော့သည်။ ပိုက်ကြီးများမှာ ဆင်ပြီးသား၊ ကွန်တိန်နာနှင့်လာခြင်းဖြစ်ရာ ပိုက်ကကြီးလည်းကြီး၊ ရှည်လည်းရှည်။ သည်ပိုက်များကို ကွန်တိန်နာအတွင်းမှ မည်သို့ထုတ် မည်နည်း။ ကျွန်တော့်မှာက ဘာလက်နက်ကိရိယာမှ ရှိတာမဟုတ်။ အလုပ်သမားပင်လျှင် ၃ ယောက်သာရှိသည်။
နောက်ပြီး ကွန်တိန်နာကြီးကို သည်အတိုင်းထားခဲ့လို့ရတာမဟုတ်။ သူတို့က နောက်တစ်ခေါက်ပြန်မလာချင်။ တစ်ခါ ထည်း ပြန်သယ်သွားချင်သည်။ နောက်ပြီးရောက်လာတာက အလုပ်သိမ်းခါနီး ညနေ ၄ နာရီလောက်။
တော်ပါသေး၏။ ကျွန်တော်က ဟိုဟိုသည်သည်လျှောက်သွားရင်း မျက်စိကစားထားမိသဖြင့် SUT အပေါက်ဝနား တွင်ရပ်ထားသော လော်ရီကရိန်းကြီးကို သွားသတိရသည်။ သည်တော့ သည်လော်ရီကရိန်းကြီး မပြန်ပါစေနှင့်ဦးဟု ဆုတောင်းကာ ဒရောသောပါး သုတ်ခြေတင်ရ၏။ ရုံးကိုလည်းလှမ်းဖုံးဆက်ကာ ကွန်တိန်နာရောက်နေပြီ ဆိုသည့်အကြောင်း၊ ပိုက်ကြီးချဘို့ လော်ရီကရိန်းငှားမှ ဖြစ်မည် ဆိုသည့်အကြောင်း အကြောင်းကြားလိုက်သည်။ Derrick က ကျွန်တော့်ကို ဘာမှ ကြိုအကြောင်းမကြားထားသည့်အတွက် စိတ်ဆိုး၏။
ကံကောင်းသည်ဟု ဆိုရမည်။ ကရိန်းဒရိုင်ဘာမှာ အလုပ်ပြီးသဖြင့် ပြန်ဘို့ပြင်နေပြီ။ ကျွန်တော်လည်း သူ့ကို တောင်း တောင်းပန်ပန်နှင့် ပိုက်ဆံ ၅၀ ပေးပြီး အတင်းခေါ်ခဲ့ကာ ပိုက်spool ကြီးကို ချရသည်။ နာရီဝက်အတွင်း ချောချောမောမောနှင့် ပြီးသွားသဖြင့် အတော်လေးပျော်သွားပါသည်။ ကျွန်တော်က ပျောက်မှာစိုးသည့်အတွက် ပိုက်ဆံများများ အိတ်ထဲတွင် ထည့်ထားလေ့မရှိ။ အများဆုံး ၂၀၊ ၃၀ မျှသာ ဆောင်ထားလေ့ရှိပါသည်။ ထိုနေ့ကျမှ ပိုက်ဆံ ၅၀ အိတ်ထဲရှိနေခြင်း အတွက်လည်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိရသည်။ နို့မို့မလွယ်။
နောက်နေ့ ကရိန်းငှားပြီး ထိုပိုက်ကြီးများကို ဆင်တော့ SUT မှ Safety လာကာ ဘယ်မလဲ Lifting Supervisor ဟု မေး၏။ ဘယ်မလဲ JSA, ပြ ဟုဆို၏။ ဘယ်မလဲ rigger, signaller ဟု ဟောက်၏။ အဲဗျ။ ဘယ့်နှယ်လုပ်သိမတုံး။ ဒါတွေ ကျွန်တော်က ခုမှလုပ်ဖူးတာ။ ပစ္စည်းကို ကရိန်းနှင့်မ, လျှင် lifting supervisor, signaller, rigger တွေလိုသည်။ သူတို့ certificate တွေ safety ဌာနကို တင်ရသည်။ နောက်ပြီး ပစ္စည်းမ,ခွင့် lifting permit တင်ရသည် ဆို၏။ သည်စကား လုံးတွေကို ကျွန်ုပ်က အခု သူပြောမှ ကြားဖူးခြင်းဖြစ်သည်။ အနို့ အရင်က ဒါတွေ ယောင်လို့တောင် လက်နှင့်တို့ခဲ့ဖူးတာ မဟုတ်။ Union Alloy ရောက်မှ လုပ်ဖူးခြင်းဖြစ်သည်။ သည်ဗဟုသုတ ဘာမှ မရှိ။ သည်တော့ Safety ကောင်၏ ဆဲတာကို ကောင်းကောင်းခံလိုက်ရသည်။ အဆဲခံလိုက်ရတော့မှ နောက်နောင် ပစ္စည်းမတော့မည်ဆိုလျှင် သည်အရာများကို ကြိုတင်ပြင်ဆင်ထားရမည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ရပါတော့၏။
သည်တော့ ကျွန်တော့်အမေခေါင်းကြိမ်းခံပြီး ရလာသော သင်ခန်းစာကို မိတ်ဆွေတို့အား ပြန်လည် ဝေငှပါအံ့။
(၂၉) ပစ္စည်းများကို မ, ခြင်း အတွက်ဆောင်ရွက်ရပုံ (Preparation for Lifting)
စင်ကာပူသည်ကား safety ကို အလေးထားဆောင်ရွက်သော နိုင်ငံဖြစ်၏။ သူတို့ဆောင်ပုဒ်မှာ “There is no job so important that we cannot take time to work safely.” ဖြစ်သည်။ သို့အတွက် ဘာလုပ်လုပ်ကို safety ကို ဦးစားပေး လုပ်ရသည်။ အလုပ်မလုပ်မီ သူတို့ပေးသော safety သင်တန်းများကို အလျင်တက်ရသည်။ ထိုသင်တန်းက ထုတ်ပေးသော လက်မှတ်ရမှ အလုပ်စလုပ်လို့ရသည်။ ဘာပဲလုပ်လုပ် အလုပ်လုပ်ခွင့်ပါမစ် (PTW – Permit To Work) တင်ရသည်။ ပါမစ်မရ မချင်း အလုပ်စလို့မရ။ ပါမစ်မရှိဘဲ အလုပ်လုပ်လျှင် ကွိုင်တက်သွားမည်။
သည်တော့ ပစ္စည်းပစ္စယများကို ကရိန်းနှင့်မလိုလျှင် အောက်ပါစာရွက်စာတမ်းများ နှင့် လူများ ရှိရမည်။
၁။ ကရိန်းအတွက် valid LM Cert - သည်လက်မှတ်ကို MOM က ကရိန်းအားစစ်ဆေးပြီး ထုတ်ပေးသည်။
၂။ ကရိန်းမောင်းသူ နှင့် သူ၏လက်မှတ် - Crane operator (with certificate)
၃။ ပစ္စည်းမ, မည့် ကြိုးများ၊ ကိရိယာများ (lifting belts and equipments) ၏ စစ်ဆေးပြီးကြောင်းလက်မှတ်
၎။ ပစ္စည်းမ, ရာတွင် ကြီးကြပ်မည့်သူ နှင့် သူ၏လက်မှတ် - Lifting Supervisor (and his certificate)
၅။ ပစ္စည်းများကို ကြိုးချည်မည့်သူ နှင့် သူ၏လက်မှတ် - Rigger (and his certificate)
၆။ ပစ္စည်းမ, ရာတွင် အချက်ပြမည့်သူ နှင့် သူ၏လက်မှတ် - Signaller (and his certificate)
၇။ ပစ္စည်းမ, ရန် ခွင့်ပြုမိန့် (PTW) - သည်ခွင့်ပြုမိန့်ကို Lifting Supervisor ကပြင်ပြီး safety ဌာနသို့တင်ရသည်။ Safety ဌာနက ခွင့်ပြု - ဟု ချပေးလိုက်သည်။
ကြိုးချည်တာပဲ အဆန်းမှတ်လို့ကွာ ဟု ကျွန်တော်တို့တိုင်းပြည်မှာလို့ တွေ့ကရာလူ ကောက်ကက်ချည်လို့မရ။ ကြိုးချည်နည်းသင်တန်းတက်ထားသော လက်မှတ်ရကြိုးချည်သူမှ ချည်ခွင့်ရသည်။ သူ့လက်မှတ်ကိုပါ တင်ပြရသည်။ ထို့အတူ ပစ္စည်းမ, ရာတွင် အချက်ပြမည့်သူသည်လည်း တွေ့ကရာလူ ကောက်ကက်ပြလို့မရ။ လက်မှတ်ရ အချက်ပြသူ ဖြစ်ရမည်။ ထိုသူများတွင် ရောင်ပြန်အင်္ကျီဝတ်ထားဘို့လည်း လိုသည်။ ခမောက်အရောင်က အနီရောင်ဖြစ်သည်။
Lifting Permit တွင် မ,မည့် ၀န်အလေးချိန်၊ ကရိန်းက ချီမနိုင်သော ၀န်အား၊ ၀န်ကိုချည်မည့်ကြိုးများက ချီမနိုင် သော ၀န်အား၊ ကရိန်းအမျိုးအစား၊ စစ်ဆေးသည့်နေ့ရက်၊ ၀န်ချီမည့် အမြင့်၊ ၀န်ကို မ,မည့် အချင်းဝက် စသည်တို့ကို ဖော်ပြရ သည်။ ထို့ပြင် lifting supervisor လုပ်သူသည် လေတိုက်နှုံးကိုလည်း သတိထားရသည်။ လေတိုက်နှုံးမည်မျှရှိလျှင် မ,နိုင်သော ၀န်အားကို မည်မျှလျှော့ရမည် စသည်တို့ကို သိထားရန်လိုသည်။ ကရိန်းရပ်မည့် မြေပြင်အနေအထားကို စစ်ဆေးရန် လိုသည်။
ပစ္စည်းမ, မည့်ဧရိယာကို စည်းခတ်ထားပြီး မသက်ဆိုင်သူ မည်သူအားမျှ ၀င်ခွင့်မပြုရ။ Danger, Lifting in Progress ဟူသော ဆိုင်းဘုတ် ထောင်ထားရမည်။ ပစ္စည်းကိုမ, ထားစဉ် အောက်သို့ မည်သူ့ကိုမှ အ၀င်မခံရ။ ၀န်ကိုထိန်းရန် အနည်းဆုံး အထိန်းကြိုး (Tag line) တစ်ချောင်းချည်ထားရမည်။ ပစ္စည်းမ, နေစဉ်အတောအတွင်း lifting supervisor သည် အနားတွင် တစ်ချိန်လုံးရှိနေရန်၊ ကြီးကြပ်နေရန်လိုသည်။
ပစ္စည်းကိရိယာများ၏ စစ်ဆေးပြီးကြောင်း လက်မှတ်များသည်လည်း သက်တမ်းရှိလက်မှတ်များဖြစ်ရန် လိုသေးသည်။ သည်လက်မှတ်က တစ်နှစ်သက်တမ်းပဲရှိသည်။ နှစ်စဉ် အစစ်ဆေးခံကာ လက်မှတ်သက်တမ်းကို ပြန်တိုးရန် လိုသည်။ ထိုမျှသာမက ပစ္စည်းမ, မည့် ကြိုးများ၊ ကိရိယာများသည် ဒါဏ်ရာအနာတရ ရှိမရှိစစ်ဆေးပြီးမှ သုံးရန် ဖြစ်သည်။
အခြား safety အကြောင်းများကို သက်ဆိုင်ရာနေရာများတွင် အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၃-၇-၂၀၁၁
Blk 134A, Kang Ching Road
#03-91
Singapore 619062
Subscribe to:
Posts (Atom)