Saturday, August 7, 2010

သစ်နင်းသစ်ကျိုး၊ ၀ါးနင်းဝါးကျိုး

(၁)

သည်ကုလားလုပ်နေပုံကိုကြည့်ကာ ကျွန်တော် အလွန် အသည်းယားလှသည်။ နောက်မှနေ၍ လုပ်ကိုင်ပစ်လိုက် ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရသည်။ သည်နေ့ နေ့ခင်းပိုင်းတွင် အရေးတကြီးပို့ရမည့် ပစ္စည်းဖြစ်ရာ သည်မနက်မပြီးလျှင် မဖြစ်။ သည့်အတွက်ကြောင့်ပင် လိုအပ်သမျှ အကုန် ကျွန်တော် စီစဉ်ပေးကာ သူ့ကိုလည်း ဘယ်လိုလုပ်၊ ဘယ်လိုကိုင် သေသေချာချာ ပြထားပေးပြီး ဖြစ်သည်။ ဒါနှင့်တောင် saddle ကို ဖြတ်ဘို့ကြည့်နေတာ စိန်ပွဲစားက စိန်တစ်လုံးတွင် အပြစ် အနာအဆာ ပါမပါ၊ မှန်ဘီလူးနှင့် အသေအချာကြည့်နေသကဲ့သို့ လည်းကောင်း၊ ဖြတ်စက် (Fibre-cutter) ကို ကိုင်ဖြတ်နေတာကလည်း သူ့မိန်းမ ပါးကလေးကို ပွတ်နေသကဲ့သို့ လည်းကောင်း ဖြစ်၏။ သို့နှင့် နဂိုကမှ စိတ်တိုတတ်သော ကျွန်တော့်မှာ ထွက်လာသော ဒေါသကို သည်းမခံနိုင်သည့်အဆုံး ဟေ့ကောင်၊ ဖယ်။ မင်း၊ အဲဟိုမှာ သွားသာထိုင်နေ - ဟု ဆိုကာ ကိုယ့်ဟာကိုယ် ဖြတ်လိုက်ပါသည်။ ဒေါနှင့်မောနှင့် အသားကုန်ဖြတ်သည်မို့ saddle အခု ၃၅၀ ကို နာရီဝက်ပင်မကြာ။ ပြီးသွား၏။ ထို့နောက်တော့ ပါကင်ဘာညာလုပ်ကာ ရုံးသို့ DO (Delivery Order) ပြင်ရန် လှမ်းဖုံးဆက်လိုက်ပါသည်။
သည်ကုလားကိုသာ ဖြတ်ခိုင်းလျှင် သည်မနက် မပြောနှင့်။ သည်နေ့တောင် ပြီးမည်မဟုတ်။
ဒါက ယခုမှ ဖြစ်တာ။ သည်အတိုင်းပင် ECC Project တွင်လည်း ဖြစ်ခဲ့ဘူးပြီ။ ထိုစဉ်က ၂၄ လက်မ ပိုက်လိုင်းကို ရေထည့်ကာ စမ်းရမည်။ သည်တော့ Flange မှ Bolt နှင့် Nut များကို ကြပ်ရမည်။ ကုလားများ bolt, nut ကြပ်နေသည်ကို ကျွန်တော်တို့ ဘေးမှ ရပ်ကြည့်နေသည်။ ကြပ်သည်ဆိုသည်မှာလည်း ကြပ်ပြီးပြီးရော ဆိုပြီး ဖြစ်ကတတ်ဆန်း ကြပ်၍ ရသည် မဟုတ်။ သူ့တင်းအားရောက်သည်ထိ ကြပ်ရသည်။ သည်ကောင်တွေ လုပ်နေပုံကိုကြည့်ပြီး ကျွန်တော့်မှ စိတ်ထဲမှ ရွစိရွစိ ဖြစ်လှပြီ။ ဤသည်ကို ရိပ်မိသော လတ်လတ် က “ဟေ့ကောင်၊ မင်းသန့်၊ လာစမ်း။ မင်းနဲ့ငါ ကြပ်မယ်” ဟု ဆိုကာ ကိုယ်တိုင် ချပါသည်။ လတ်လတ်နှင့် ကိုမင်းသန့်တို့မှာ ဆူပါဗိုက်စာများဖြစ်၏။ သည်ကုလားတွေကို ဘယ်လိုလုပ်၊ ဘယ်လိုကိုင်ဟု ရှင်းပြ ထားပြီး ဖြစ်၏။ သို့သော် ကုလားများ ပုံမကျ၍ ကိုယ့်ဟာကိုယ် ကျဲကြခြင်း ဖြစ်သည်။ တကယ်ဆို လတ်လတ်မှာ ပုပု၊ သေးသေးလေးဖြစ်၏။ သို့သော် ကုလားများထက် သန်သေးသည်။ သူတို့ကိုယ်တိုင်ကြပ်လိုက်မှ ချောချောမောမော ပြီးသွားတော့သည်။ သည်တော့မှ ကျွန်တော့်မှာ သက်ပြင်းမောကြီးကို ဟူး ကနဲ မှုတ်ထုတ်နိုင်ပါတော့သည်။
၂၀၀၃ ခုနှစ်လောက်ကလည်း Jorong Island မှ SUT (Sembcorp Utility and Terminal) တွင် pump အ၀င် ၇၄ လက်မပိုက်ကြီးများကို ဆင်ရသည်။ သည်အတိုင်းပင် flange မှ bolt, nut များ ကြပ်ရသည်။ ကျွန်တော့်ဆီမှ ကုလားမှာ လူကပိန်သဖြင့် အားက သိပ်ရှိလှသည်မဟုတ်။ 74” Flange များမှ bolt, nut ကြီးများမှာ အကြီးကြီးများဖြစ်ရာ တော်ရုံအားနှင့် မလွယ်။ သည်တော့ ပါးစပ်ထဲရှိသမျှ လျှာကြီးကို တန်းလန်းထုတ်ကာ ကုလား ကြပ်နေတာကြည့်ပြီး ကျွန်တော့်မှာ ရင်များပင် တစ်လှပ်လှပ်ဖြစ်လာပါသည်။
တော်ပါသေး၏။ ကျွန်တော်တို့ကုမ္ပဏီက အမြဲတမ်း အလုပ်သမားခန့်မထား။ Project ရှိမှ supply ခေါ်သည်။ သည်ကောင်တွေနှင့်သာ အမြဲလုပ်နေရလို့ကတော့ ကျွန်တော့်မှာ နှလုံးရောဂါ နှင့် သွေးတိုးရကာ မြန်မြန် မာလကကိန်း ရှိသည်။

(၂)

၁၉၈၉ ခုနှစ်က ရွာမှ ကိုဖိုးအောင်ကိုခေါ်ကာ ကျွန်တော် ရန်ကုန်သို့ပြန်လာခဲ့ပါသည်။ ထိုစဉ်က ကျောင်းပြီးပြီး အလုပ်မရနိုင်သေးသဖြင့် ယောင်ခြောက်ဆယ် လုပ်နေရသော ကာလဖြစ်၏။ ရန်ကုန်တွင် တည်းမည့် ဘုန်းကြီးကျောင်းမှ ဆရာတော့် အတွက် မမက ပျားရည်ပုလင်းနှစ်လုံး ထည့်ပေးလိုက်ပါသည်။ ပျားရည်ပုလင်းများမှာ အိတ်ထဲတွင်လည်း မဆန့်။ သေသေချာချာလည်း ကြိုးနှင့် ချည်မလာရကား။ သယ်ရတာ အဆင်မပြေ။ သည်တော့ ဟင်္သာတမြို့အရောက်၊ ကားမှ သင်္ဘောသို့ အကူးအပြောင်းတွင် အား/ကာ ဆိုင်တန်းမှ ဆိုင်တစ်ဆိုင်သို့ဝင်ကာ သင်အူကြိုးတောင်းလျှက် ပုလင်းများကို ကိုင်၍ ကောင်းစေရန် ချည်နှောင်ပါသည်။ ဆိုင်ရှင်မှာ တရုတ်အဖိုးကြီး ဖြစ်၏။ အချိန်မှာ အတော်စောသေးသည်။ ဆိုင်များပင် အားလုံး မဖွင့်သေး။
ကျွန်တော်တို့ ချည်နေတာကို အဖိုးကြီးက ဘေးမှ ရပ်ကြည့်နေပါ၏။ နောက်တော့ ကောင်လေးတွေ၊ ဖယ်စမ်း။ ငါချည်ပေးမယ်။ မင်းတို့ကောင်တွေ ဘာမှ လက်ကြောတင်းတဲ့ကောင်တွေ မဟုတ်ဘူး ဆိုကာ ကိုယ်တိုင်ချည်ပေးလိုက်ပါ၏။ ဟုတ်ပါ၏။ ကျွန်တော်တို့မှာ ပုလင်းနှစ်လုံးကို ဟိုဘက်ကပတ်ချည်လိုက်၊ သည်ဘက်က ပတ်ချည်လိုက်နှင့် ဒုက္ခများနေ သလောက် သူချည်ပေးလိုက်မှ အဆင်ပြေပြေ ပြီးသွားပါသည်။ ကျွန်တော်တို့ချည်ထားသည်မှာ လျော့တိလျော့ရဲနှင့်မို့ မ,ကြည့်လိုက်သောအခါ ပုလင်းနှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး ဆတ်ကာ တစ်တောင်တောင် မြည်နေပါသည်။ ဟော၊ သူလည်း ချည်ပေးလိုက်ရော၊ ကိုင်လို့လည်းကောင်း။ ပုလင်းများမှာလည်း တင်းတင်းရင်းရင်းနှင့်ဆိုတော့ ရမ်းမနေတော့ပါ။

ကျွန်တော့်မိဘများမှာ လယ်သမားများ ဖြစ်ပါသည်။ လယ်ဆိုသော်လည်း သိပ်တော့ ကျယ်လှသည်မဟုတ်။ ငါးဧက မျှသာ ဖြစ်၏။ ကူဘော်လောင်ဘက်ရစေရန် လယ်လုပ်ချိန်၌ နှစ်စဉ် လယ်စားရင်းငှားတစ်ယောက် ခေါ်ပါသည်။ လယ်တစ်ပြီးကို စပါး ၁၅ တင်းပေးရ၏။ လယ်တစ်ပြီး ဆိုသည်မှာ စပါးမျိုး စကြဲသည် မှ ရိတ်သိမ်းပြီးချိန်ထိကို ခေါ်ပါသည်။ မြန်မာလို ၀ါဆိုလလောက်မှ တန်ဆောင်မုန်းလလောက်ထိ ဖြစ်ပါ၏။ မိဘများငှားခဲ့သော လယ်စားရင်းငှားများထဲတွင် ကိုအေးလှိုင်နှင့် ကိုမောင်မောင်ကိုတော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေပါသည်။ ထိုစဉ်က ကျွန်တော့်မှာ ၅ တန်း၊ ၆ တန်း ကျောင်းသားအရွယ်။ ၁၁ နှစ်၊ ၁၂ နှစ်သား ခန့်။
ကိုမောင်မောင်မှာ ကျွန်တော်တို့ရွာ (၀ါးတောကွင်းရွာ၊ လေးမျက်နှာမြို့နယ်) မှမဟုတ်။ အခြားတစ်ရွာမှ ဖြစ်၏။ သူ့ ကြည့်ရသည်မှာ မရှိအေးအေး၊ ရှိအေးအေးပုံစံမျိုး။ ခုမှ တွေးမိသည်မှာ အဖေကြီးကြောင့်မို့သာ ကိုမောင်မောင် လယ်ပြီးသည်ထိ ကျွန်တော်တို့အိမ်တွင် အလုပ်လုပ်နိုင်ခြင်း ဖြစ်၏။ ကျွန်တော်နှင့်သာဆို မလွယ်။ ကျွန်တော်နှင့် အဖေကြီးမှာ သားအဖအရင်း ဆိုပေမင့် စိတ်နေစိတ်ထား၊ အမူအရာ၊ ရုပ်ရည်သွင်ပြင် စသည်တို့မှာ တခြားစီဖြစ်၏။ တောသားဆိုပေမင့် အဖေကြီးက အသားဖြူဖြူ။ ရုပ်ရည်သန့်သန့်။ စိတ်အေးလက်အေး။ အဖေကြီးတွင် စိတ်ဆိုးသည်။ ဒေါသထွက်သည် ဆိုသည်ကို တွေ့ရခဲသည်။ သူတစ်ပါးအပေါ်တွင်လည်း မနာလိုဝန်တို ဖြစ်မည်။ ဟိုလိုလုပ်လိုက်မည် သည်လိုလုပ်လိုက်မည် ဆိုသည်ကို ကျွန်တော့်တစ်သက် မတွေ့မကြုံခဲ့ရစဖူး။ ထိုကဲ့သို့ပင် စီးပွားကိုလည်း ဟိုလိုသည်လိုရအောင် ရှာမည်ဟု မကြံရွယ်စဖူး။ မိဘလက်ငုတ် လယ်ကလေးကို အေးအေး ဆေးဆေးလုပ်ကာ စိတ်အေးချမ်းသာ နေသူဖြစ်၏။ အဖေကြီးကို ဘယ်အချိန်ကြည့်ကြည့် စိတ်လက်ချမ်းသာ ရှိလှသည်။ ပူပင်ကြောင့်ကြဟူ၍ မြူမျှမကပ်။ အကျိုးဆက်မှာကား ယခု အသက် ၇၆ နှစ်ရှိသည့်တိုင် ဘာရောဂါမှ ကြီးကြီးကျယ်ကျယ် မဖြစ်စဖူး။ ကျွန်တော်တို့မှာသာ ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်နေသည်။ မိသားစု ၁၁ ယောက်ရှိသော ကျွန်တော်တို့အိမ်တွင် အကျန်းမာဆုံးသူကို ပြပါဆိုလျှင် အဖေကြီးကို ပြရမည် ဖြစ်ပါသည်။ ကျွန်တော်တို့တိုက်ခန်းမှာ ၆ ထပ်တွင်ရှိရာ အဖေကြီးမှာ ထို ၆ ထပ်ကို မနက်ပြန်ညပြန် ဘာအခက်အခဲမှ မရှိဘဲ အတက်အဆင်းပြုကာ လှည်းတန်း၊ အင်းလျား စသည်များဘက်သို့ အမြဲလမ်းလျှောက်ထွက်လေ့ ရှိပါသည်။
အဖေကြီးနှင့် မတူလှစွာ ကျွန်တော့်မှာ အသားမည်းမည်း၊ အကျည်းတန်တန်၊ အလွန်ဒေါသကြီးသူ ဖြစ်၏။ အလုပ်တစ်ခုကိုလုပ်လျှင် လောဘတကြီး အတင်းတွန်း လုပ်တတ်သော သဘောရှိ၏။ ထမင်းမေ့၊ ဟင်းမေ့။ မပြီးလျှင် မနေဆိုကာ အိပ်ချိန်ပင်လျှင် မအိပ်ပဲ လုပ်တတ်၏။ သို့အတွက် သူများလုပ်နေသည်ကို ကြည့်ကာ သဘောတွေ့ခဲသည်။ သည်တော့ ကိုယ်ပဲပင်ပန်းသည်။ သို့သော် အစ်မကြီး (ကျွန်တော်တို့က ဖခင်ကို အဖေကြီး၊ မိခင်ကို အစ်မကြီး ဟု ခေါ်ပါသည်။) က စိတ်ဆတ်သည်။ ဒေါသကြီးသည် ဟု ဆိုပါသည်။ ကျွန်တော်တို့ လူမမယ်အရွယ်ကပင် အစ်မကြီးမှာ ဆုံးပါးသွားသည် ဖြစ်ရာ အစ်မကြီးအကြောင်းတော့ ကျွန်တော် သေသေချာချာ မသိလိုက်ရပါ။ ကျွန်တော် ဒေါသကြီးခြင်းမှာ အစ်မကြီးနှင့်တူတာ ဖြစ်နိုင်ပါသည်။ ပြောရင်း စကားတွေ ဘေးချော်သွားသည်။ ပြန်ကောက်ကြပါစို့။
အစ်မကြီး က ကိုမောင်မောင့် ကို မြက်တစ်ပင်ကို သေအောင်နင်းတယ် ဟု ဆိုပါသည်။ မောင်မောင်တို့ နွားကျောင်းတာ ပုဆိုးတောင် ရေမစို ဟု ပြောစမှတ်ပြုပါသည်။ သည်တုံးက ကျွန်တော့်မှာ ငယ်သေးသဖြင့် အစ်မကြီး ပြောခဲ့သော စကားများ၏ အဓိပ္ပါယ်ကို မသိ။ မြက်ပင်သေအောင်များ ကိုမောင်မောင် ဘယ်လိုနင်းပါလိမ့်ဟုပင် အတွေး ချော်ခဲ့ဖူးသေးသည်။ ယခုမှ ကိုမောင်မောင် လက်ကြောမတင်းတာကို ဆိုလိုကြောင်း သဘောပေါက်ပါသည်။

တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ကျွန်တော်တို့ဘက်တွင် လက်ကြောတင်းတင်း အလုပ်လုပ်သူ များကို သစ်နင်းသစ်ကျိုး၊ ၀ါးနင်းဝါးကျိုးသူများ ဟု အမှတ်သညာ ပြုကြပါသည်။

(၃)

လက်ကြောတင်းတင်း အလုပ်လုပ်သူ နှင့် လက်ကြောမတင်းသူ အလွန်ကွာပါသည်။ လက်ကြောတင်းသူ မည်သူ့ကို မဆို အလုပ်ရှင်ကြိုက်မည်။ လက်ကြောမတင်းသူများမှာမူကား လက်ကြောမတင်းသည့် စူပါဗိုက်စာများထံတွင်သာ လုပ်လို့ ရနိုင်ပေမည်။ မဟုတ်က အမြဲလိုလို အဆဲခံ၊ အဆိုခံနေရမည်မှာ ဗေဒင်မေးစရာ မလိုပါ။
ကျွန်တော် ရေဆင်းတွင် အလုပ်လုပ်နေစဉ်က ဆံပင်ညှပ်လျှင် ပေါက်ကုန်းရွာထိပ်မှ ဆံပင်ညှပ်ဆိုင်တွင် အမြဲ သွားညှပ်လေ့ ရှိပါသည်။ ဆံသဆရာမှာ စစ်သားလူထွက်ဖြစ်၏။ မိဘမျက်ရည်တစ်စက်၊ သားသမီး ဘာတစ်သက် ဆိုလား စသည့် ဆောင်ပုဒ် လေးငါးခုကို ၀ါးထရံတွင် တုတ်များနှင့်ထိုးကာ ကပ်ထားပါသည်။ ကျွန်တော်သွားသည့် အခါတိုင်း သူ့သားကို မြည်တွန်တောက်တီးနေတာ အမြဲလိုလို တွေ့ရတတ်ပါသည်။ သူ့သားလုပ်သမျှ ဘာမှ စိတ်တိုင်းမကျနိုင်။
သူ့ထံ ဆံပင်လာညှပ်သော ကောင်လေးများကိုလည်း -
မင်းတို့ကောင်တွေ လူငယ်တွေဖြစ်ပြီး တက်တက်ကြွကြွ ဖြတ်ဖြတ်လတ်လတ် ဘာမှ မရှိဘူး။ ကြည့်အုံး၊ ထိုင်နေပုံကိုက ခါးကြီးခွေလို့။ ဆံပင်တစ်ခါညှပ်တာ ဘယ်လောက်ကြာသလဲကွ။ တစ်ခါတည်း ခုတော့ ခေါင်းကြီးက ဟိုဘက်လည်သွားလိုက်၊ ဒီဘက်ယိုင်သွားလိုက်၊ ခဏကလေးများ ဆံပင်ညှပ်နေတုံး နည်းနည်းလောက် တောင့်ထားလို့မရဘူးလား။ မင်းတို့ကိုများ ကြိုက်တဲ့ ကောင်မလေးတွေ ငါ လိုက်ကြည့်ချင်တယ်။ ဘာကြည့်ကြိုက်သလဲ ဆိုတာ မေးလိုက်ချင်ရဲ့။ မင်းတို့ပုံနဲ့ ကြီးလာရင် ဘယ်အလုပ်ကို လက်ကြောတင်းတင်း လုပ်မလဲ ဟင်၊ ∫# @ ! $ % & * < . . . .
- - - စသဖြင့် အမြဲ ပွမ်နေတတ်ပါသည်။

ဤသည်မှာ ထိုဆံသဆရာကြီး အလွန်လည်း မဟုတ်ပါ။ မနှစ်က ကျွန်တော့်အိမ်တွင် ငှားနေသွားသော ကောင်လေးတစ်ဦး မှာလည်း ဤအတိုင်းဖြစ်ပါ၏။ သူ့ကြည့်ရသည်မှာ လောကကြီးကို စိတ်ပျက်ကာ စိတ်ဓါတ်ကျနေသည့်ပုံမျိုး။ ကျွန်တော်ကလည်း မျက်စိရှေ့အမြင်မတော်တာများတွေ့လာလျှင် ပြောချင်လိုက်သည်မှာ ပါးစပ်ယားနေ သည့်လူစားမျိုး ဖြစ်ပါသည်။ သို့နှင့် မနေနိုင်မထိုင်နိုင် ထိုကောင်ကလေးကို မင်းကွာ၊ ကြည့်ရတာ၊ မနေ့ကမှ ရည်းစားလင်နောက်လိုက်သွားတဲ့ ပုံစံမျိုး ပေါက်နေတယ်။ မျက်နှာကို ရွှင်ရွှင်ပြပြထားပြီး သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်၊ တက်တက်ကြွကြွ နေစမ်းပါ ကွ၊ လူငယ်ပဲ ဟု ပြောမိပါသေး၏။ သူကတော့ စိတ်မဆိုးပါ။ တကယ်ဆို သူ့ဟာသူနေတတ်သလိုနေတာ ကျွန်တော်နှင့် ဘာဆိုင်ပါသနည်း။

ကျွန်တော်နှင့် လက်တွဲလုပ်ရသည့် မြန်မာကလေးများအားလည်း အလုပ်အပေါ်တွင် စေတနာထား လုပ်ကြဘို့၊ မိမိလုပ်နေသည့် အလုပ်နှင့်ပတ်သက်သည့် ဗဟုသုတများကို လေ့လာဘို့၊ လက်ကြောတင်းတင်းလုပ်ဘို့ အမြဲပြောလေ့ ရှိပါသည်။ မိမိဘ၀ တိုးတက်ရာတိုးတက်ရာအကြောင်းများတွင် လက်ကြောတင်းတင်းနှင့် အလုပ်လုပ်ခြင်း သည်လည်း တစ်ချက်အပါအ၀င် ဖြစ်ပါသည်။
သို့အတွက် မိမိတက်လမ်းကို ရှာကြံနေသူ မြန်မာလူငယ်ကလေးများအား မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို လုပ်ရသည်ဖြစ်စေ၊ သစ်နင်းသစ်ကျိုး၊ ၀ါးနင်းဝါးကျိုးသူများ ဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

အေးငြိမ်း
သြဂုတ်လ ၇ ရက်၊ ၂၀၁၀ (စနေနေ့)
၁၅၂၀ နာရီ

No comments: