Monday, April 6, 2026

အကြံဉာဏ်ဖြင့် ကြီးပွားရေး

ဖေ့စ်ဘုတ်ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။

 

ဟိုတစ်နေ့က ကောင်လေးတစ်ယောက် ပြဿနာတက်လို့ အကူအညီတောင်းလာ၏။ ဗမှားပြည်မှာ အလုပ်ရှာရတာ မလွယ်တာနဲ့ ထိုင်းကိုသွား။ ထိုင်းကျမှ အေးဂျင့်ဖီး စလုံး ၅၀၀၀ ကျော် ပေးလာရသတဲ့။ ကံကဆိုးချင်တော့ ချီးထုပ် သူဌေးနဲ့ ပက်ပင်းတိုး။

 

အဲဒါ ဘိုလိုလုပ်ရမလဲ လာမေးလို့။ ကိုရင်တို့ တိုင်မယ်ဆိုရင် နောက်အလုပ်တစ်ခုကို သေသေချာချာ ကမ်းလှမ်းထား။ အလုပ်သေချာပြီဆိုမှ တိုင် လို့ အကြံပေးလိုက်ရသော ဟူသတတ်။

 

အဲသလို ကိစ္စတွေ အများကြီးခညာ။

ဟိုတစ်နေ့က CNA ကလား၊ ကောင်မလေးတွေ အင်တာဗျူးထားသည့် ဗီဒီယို ကြည့်လိုက်ရပါ၏။

သူတို့တွေ့တာ အဖျားအနားလောက်ပဲ ရှိပါသေးသည်ဟု ကျွန်ုပ်က ဆိုလိုက်ချင်ပါ၏။ Food processing worker ဆိုပြီး အနှိပ်ခန်းမှာ လုပ်ခိုင်းသည့်ကိစ္စကို လွန်ခဲ့သည့် ၃ - ၄ နှစ်လောက်က ကျွန်ုပ် ရေးပြခဲ့ပါသေး၏။ သို့ပေသိ ကိုယ်ကလည်း စင်ကာပူမှာ အလုပ်လုပ် နေရလေသေးတော့ သိတိုင်းရေးလို့ကလည်း မဖြစ်။

 

အမှန်က ပိုက်ဆံရှာရတာ အဲသလောက် မခက်ပါ။

အသင်တို့သည် ဉာဏ်ကိုလွှာမသုံးတတ်ကြ။

သူဌေးကခိုင်းသမျှ ကြုံးရုံးလုပ်ပြီး တစ်နေ့ ၂၀ အစိတ်လောက် ရနေရုံနဲ့ ဘယ့်နှာလုပ် ချမ်းသာမတုံးဗျာတို့။

ပိုက်ဆံဆိုတာ ရှာတတ်ရင် ကိုယ်ကတောင် လိုက်ရှာနေစရာမလို။

သူ့အလိုလို အိပ်ထဲရောက်လာတာဖြစ်၏။ မလိုချင်ပါဘူး ဆိုလို့တောင် မရ။ အတင်းရော အဓမ္မပါ လာပေးကြတာ ဖြစ်၏။

အဲသလောက်တုံးတဲ့ အသင်လူကလေးအပေါင်းတို့ကို ကျွန်ုပ်က နားသယ်ဆံစသာ ဆွဲလိမ်ချင်မိပါ၏။

 

ဟော - ရွာထိပ်က ညောင်ပင်ကြီးဆီသွား။

အဲသမှာ ကျိုးပဲ့သွားလို့ ပစ်ထားတဲ့ ဘုရားဆင်းတုတော်တွေထဲက တစ်ဆူကိုယူ။

ည ၉ နာရီလောက် အကုန်အိပ်ကုန်ကြတဲ့အချိန် ဒုတ်မီးလေးတစ်လက်နဲ့ လယ်ထဲသွားပြီး အဲဒီ ဆင်းတုတော် အကျိုးလေးကို ပစ်ချ။ (အဲလေ မြွေပါးကင်းပါးတော့ ကြည့်သွားပေါ့ဗျာ။ တော်ကြာ မပွေး တက်နင်းမိနေမှ ဒွတ်စ်ခ။)

 

နောက်နေ့ကျတော့ အဲဒီလယ်ထဲကို လယ်ထွန်သွား။

မတော်တဆလိုလိုနဲ့ ဆင်းတုတော်လေးကို ဝင် ခလုတ်တိုက် (ဪ - မတော်လို့ တမင်သက်သက် ခလုတ်တိုက်တာပါ ဘုရား။ ကန်တော့ ကန်တော့ ကန်တော့နော်လို့)

 

နောက်ပြီး အထိတ်တလန့် အော် (အသားကုန်အော်ရမည်။ အီရန်ကပစ်လိုက်သည့် မီးရှူးမီးပန်းဗုံးကလေးများ ကောင်းကင်က ကျလာသကဲ့သို့ အော်ရမည်။)

 

ဟယ်တော့ - ကဖိုးခွေးရေ - ဟောဒီမှာ ဆင်းတုတော်လေးတော့။ ပေါ်စ်တော်မူ၊ ပေါ်စ်တော်မူ . . . ဟဲ့ မယ်အုံးတို့၊ ခင်လှတို့၊ ဘုရားဖူးလာကြလဟဲ့။ ပေါ်တော်မူဆိုတာ ဖူးရခဲတယ်။

 

အရှေ့ ၇ ရွာ၊ အနောက် ၇ ရွာ၊ တောင် ၇ ရွာ၊ မြောက် ၇ ရွာ အုတ်အော်သောင်းတင်းတွေကို ဖြစ် . . .

 

အဲဒီမှာတင် ရောင်ပေစူးနဲ့ ဘကြီးတစ်ယောက်က ရောက်လာပြီး ခပ်တည်တည်နဲ့ . . .

ဟဲ့ ဟဲ့ မိန်းမတွေ အနားမကပ်နဲ့၊ ပေါ်တော်မူဆိုတာ အရမ်းတန်ခိုးကြီးတာ၊ ဒီအနားကမြေက အရမ်းမြင့်မြတ်တယ်။ ဒီ လယ်ကွက်ထဲကရေသောက်ရင် ၉၈ ပါးရောဂါပျောက်တယ်။ (ဘုရားစူးရပါစေရဲ့။​ ကြိုဇာတ်တိုက်ထားတာ မဟုတ်ရပေါင် ဗျာ။ ဘကြီးက တကယ် ယုန်လို့ ပြောတာ။ ယုန်ဆို နားရွက်ကလေးနှစ်ခုတောင် ထောင်နေပါသေး။)

 

ဟဲ့ ဘကြီးပြောတာ ဟုတ်တယ်။ ငါ့မှာ လိပ်ခေါင်းဖြစ်နေတာ ၇ နှစ်နဲ့ ၈ လရှိပြီ။ မြန်မာဆေး၊ အင်္ဂလိပ်ဆေး၊ ကိုးရီးယားဆေး၊ ဂျပန်မှာပန်းကန်ဆေး အကုန်စုံနေပြီ။ ဒီပေါ်တော်မူရေမန်းလိမ်းလိုက်တာ။ ချက်ချင်း ယူပစ်သလို . . . .

 

ကိုကြီး သမီးကို တစ်ပုလင်းလောက် ရောင်းပါ။ တောင်းသလောက် ပေးပါ့မယ်။

အေး အေး နင်ကတော့ ဒို့ရွာကမို့လို့ ရေပုလင်းအသေးတစ်လုံးကို တစ်သောင်းနဲ့ ပေးလိုက်မယ်။

မောင်လေးရယ် ငါတို့က တစ်အိမ်လုံး ရောဂါသည်ချည်းဆိုတော့ တစ်ပုံးလောက်နဲ့မှ ဖြစ်မယ်။

ရပါတယ်ဗျာ၊ အချင်းချင်းတွေပဲ။ ရေတစ်ပုံးလုံးထဲမှ ၅ သိန်းပဲ ယူမယ် . . .

 

တူနယ် တဲ့နယ် . . .

 

ဟေ့လူတွေ၊ ဒါ ကျုပ်က သမာဇီဝကနဲ့ လုပ်စားတာနော်။ ဟိုမှာကြည့်ပါလား။ ဒါ ရွှံ့ရေတွေမို့ သောက်လို့မရပါလို့တောင် စာကပ်ထားသေးတယ်။ ကျုပ်က အတင်းရောင်းနေတာမဟုတ်ဘူး။ သူတို့က အတင်းလာဝယ်လို့ ရောင်းရတာ။

 

ပိုက်ဆံလေး နှစ်ပဲတစ်ပြားရဘို့များ ရှင်ဂပူဒေါ်လှ ၅၀၀၀ လောက် အကုန်ခံလာရတယ်လို့။ လူစ်မိုက်

သူများတွေဆို အဲ့ရေရောင်းရငွေနဲ့ ဘဏ်ကြွေးမဆပ်နိုင်လို့ဆိုလား၊ အိမ်ကို လေလံတင်လိုက်ရတဲ့ မေဒိကားက ကရိုင်းတို့အိမ်ကို လေလံဆွဲရအောင်သွားဘို့ လိင်ဗျံလက်မှတ်တောင် ဝယ်ပြီးသွားပြီ ဆိုပဲ။

 

ကျုပ်မသိပေါင်ဗျာ။

သူများပြောတာ။ 

 

သူများတွေလို ထလန့်က ဘယ်လိုလုပ်လိုက်ပြန်ပြီ။ နေတန်ရာဟုက ကော်ဖီသောက်ပြနေပြန်ပြီ စသဖြင့်တွေ မရေးတတ်တော့ ရေးတတ်သမျှလေးနဲ့ မိတ်ဆွေတို့ကို အကြံပေးရတာပါဗျာ . . ဟဲစ် ဟဲစ်

 

(ပုံကတော့ အဲ့ဘုရားနာမည် သိချင်လို့ပါ။ ဂေါပကသွားလျှောက်ချင်လို့။ ကျော်က အုန်းရည်ကြိုက်တတ်တယ်။)

 


 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၇ မတ်လ၊ ၂၀၂၆

No comments: