(ဟေ့လူတွေ၊ သမိုင်းဆိုတာ အုတ်ကျင်းနားကဟာကို ပြောတာမဟုတ်ဘူး။ သမိုင်းဆိုတာ ဟစ်စထလီကို ပြောတာ။ ယခွမ်းဒဲ့မှ)
ကျွန်ုပ်ငယ်စဉ်က ကျောင်းမှာသင်ရသည့် သမိုင်းဘာသာရပ်ပါ စာများ၌သာ မတင်းတိမ် မရောင့်ရဲနိုင်ဘဲ အခြား သမိုင်းဆိုင်ရာ စာအုပ်များကိုပါ ဖတ်ရှုခဲ့၏။
ကျွန်ုပ်တို့မှာ အလွန်ခေါင်လှသော တောပိုင်း၌ နေခဲ့ကြရသည်ဖြစ်၍ ဖတ်စရာ စာအုပ်စာတမ်းများ ရှားပါးလှ၏။
ကျွန်ုပ်ဖတ်ခဲ့ရသည့် အလွန်လည်းနှစ်သက်လှသော စာအုပ်တစ်အုပ်မှာ ‘ခေတ်မီ မြန်မာရာဇဝင် အကျဉ်း’ စာအုပ် ဖြစ်၏။ ထိုစာအုပ်ကလေးကို အသက် ၁၃ - ၄ နှစ်သားလောက်မှာ ဖတ်ခဲ့ဖူးပါသည်။ စာအုပ်ကို ဘယ်ကဘယ်လို ရလာမှန်းမသိ။ ကျွန်ုပ်ဆီ ရောက်လာ၏။ ရှေ့ဖုံးနှင့် ရှေ့ဘက်စာမျက်နှာများ မရှိတော့။ နောက်ဆုံးစာမျက်နှာများနှင့် နောက်ဖက် အဖုံးလည်း မရှိတော့။ ထို့ကြောင့် ထိုစာအုပ်ကို မည်သူရေးမှန်းလည်း မသိခဲ့။
စာအုပ်မှာ ချုပ်ရိုးများ ပြုတ်နေပြီး စာရွက်များကို စူးနှင့်ဖောက်လျက် အဝတ်ကြိုးနှင့် သီချုပ်ထား၏။ စာရွက်သားများမှာ အတော်တောင် ဆွေးနေပါပြီ။ ထိုစာရွက်ကလေးများ စုတ်ပြဲမသွားစေရန် ကျွန်ုပ်မှာ အလွန်သတိကြီးစွာထားလျက် ကိုင်တွယ် ထိန်းသိမ်းထားခဲ့ရ၏။ (ကြီးလာမှ သိရသည်မှာ ထိုစာအုပ်သည် အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသည့် စာအုပ်ဖြစ်၍ ကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်းထားသော သမိုင်းစာအုပ် ဖြစ်၏။)
ရေးထားပုံမှာ ကလေးများကို ပုံပြင်ပြောသကဲ့သို့ ရေးထားတာဖြစ်သဖြင့် ဖတ်လို့ အလွန်ကောင်းလှ၏။ သို့ဖြစ်၍ သက္ကရာဇ်ဖြိုသည် ဆိုသည့်စကားကို ကလေးဘဝကပင် ကျွန်ုပ် စတင် ကြားဖူးခဲ့ရ၏။ နားပင်မလည်သော်လည်း စိတ်ဝင်စားသဖြင့် မှတ်မိနေ၏။ ထိုစာအုပ်ပါ သိုးကလေ ကဗျာ၊ အနန္တသူရိယအမတ်၏ မျက်ဖြေလင်္ကာလေးပိုဒ် တို့ကိုလည်း ငယ်စဉ်ကပင် ကျွန်ုပ် အလွတ်ကျက်မှတ်ခဲ့တာ ဖြစ်၏။ အသက် ၁၃ - ၄ နှစ်သားလောက်က ကျက်မှတ်ခဲ့ သော ထို ကဗျာကလေးများမှာ ကျွန်ုပ် နှလုံးသားထဲ၌ ယခုတိုင် သံမှိုနှက်သကဲ့သို့ စွဲစွဲမြဲမြဲ နေရာယူထားလျက် ရှိ၏။
သမိုင်းနှင့် ပတ်သက်၍ ကျွန်ုပ် အလွန်အင်မတန် နှစ်သက်ခဲ့သော စာအုပ်ထူကြီး နှစ်အုပ်မှာ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ နှစ်တွဲ နှင့် သခင်တင်မြ၏ ဘုံဘဝမှာဖြင့် စာအုပ်များ ဖြစ်၏။ ထိုစာအုပ်များကို ကျွန်ုပ် အသက် ၁၄ - ၅ နှစ်သားလောက်မှာ ဖတ်ခဲ့ရ၏။ အလွန်လည်း နှစ်သက် သဘောကျခဲ့၏။
နောက် ကျွန်ုပ် နှစ်သက်ခဲ့သော ကျောင်းသုံးသမိုင်းစာအုပ်များမှာ ဆရာဇော်ဂျီပြုစုခဲ့သော ပြည်ထောင်စုသမိုင်း ပုံပြင်များ ဖြစ်၏။ ဆရာကြီးကလည်း သမိုင်းကို ကျောင်းသားများ ဖတ်ချင့်စဖွယ်ဖြစ်အောင် ပုံပြောသလို ရေးထားတာဖြစ်၍ ဖတ်လို့ ကောင်းလှ၏။
(ကလေးစာ ဆိုတာ ကလေးဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးမှ ကလေးတွေ စိတ်ဝင်စားတော့မပေါ့ဗျာ။ အခုတော့ ကျောင်းစာအုပ် မြင်လိုက်တာနဲ့ ယူပြီး ထင်းဆိုက်ပစ်ချင်လောက်အောင် ပြင်ဆင်ထားလေတော့ . . . အဲလေ၊ ထားပါတော့၊ ဘေးရောက်ကုန်တော့မယ်။ အဲလေ၊ အခု နောက်ဆုံးထုတ်ထားတဲ့စာအုပ်ကလေးကတော့ ပုံလေးတွေနဲ့ အတော့်ကို ကောင်းပါတယ်။ ဤကား စကားချပ်)
ဝမ်းနည်းစရာကောင်းသည်မှာ ထိုရာဇဝင်စာအုပ်များသည် ဘုရင်များနှင့် အုပ်ချုပ်သူမင်းများ အကြောင်းချည်းဖြစ်၍ ပြည်သူလူထုတို့အကြောင်း မပါဝင်ခြင်း ဖြစ်၏။ တိုင်းသူပြည်သားတို့ ဘယ်လိုတွေ လုပ်ကိုင်စားသောက်ကြသည်။ ဘယ်ကဲ့သို့သော ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြသည်။ ဘယ်လို မင်္ဂလာဆောင်သည်။ ဘယ်လို အသုဘ ချသည်။ ဘာကိုးကွယ်မှုများ ရှိသည်။ ဘယ်လိုတွေတောင် အယူသည်းခဲ့သည်။ အမှုအခင်းများ ဖြစ်လာလျင် ဘယ်ကဲ့သို့ စီရင် ဆုံးဖြတ်ကြသည်။ ပညာကို ဘယ်ပုံသင်ယူခဲ့ကြသည် စသဖြင့်။ ရှေးပညာရှိကြီးများသည် တိုင်းသူပြည်သားတို့ အကြောင်း စာတစ်စောင်ပေတဖွဲ့ ရေးသားမှတ်တမ်းတင်ခြင်း မပြုခဲ့လေသလော။ အဲလေ စာအုပ်နာမည်ကိုက ရာဇဝင် ဖြစ်လေတော့ ရာဇ (မင်း) တို့အကြောင်းချည်း ရေးထားတာ သိပ်တော့ မဆန်းပါ။
ဘယ်မင်းက ဘယ်နှစ်ခုနှစ်မှာ နန်းတက်သည်။ သူ့ကိုဘယ်သူကသတ်ပြီး ဘယ်နှစ်ခုနှစ်မှာ နန်းတက်သည်။ ဘယ်တိုင်းပြည်ကို သွားတိုက်သည်။ ဘယ်တိုင်းပြည်က ကျူးကျော်လာသည်။ ဘယ်သူ့ကို မိဖုရား မြှောက်သည်။ သိကြားမင်းပေးသော လှံနှင့်ထိုးထည့်လိုက်တာ ချဉ်နေတဲ့ ရှောက်သီးတောင် ချိုသွားသည်။ ဂျွန်းစစ်သည် လေးသိန်းလောက်ကို ပုဂံသူရဲကောင်း လေးယောက်ထဲနှင့် ဆော်ပလော်တီးထည့်လိုက်တာ အကုန် ဂျွန်းသဒ္ဓာ လန်သွားသည် စသဖြင့်။ နည်းတဲ့ဂျင်း (ဟုတ်ပေါင်) နည်းတဲ့ အစွမ်းသတ္တိတော့ မဟုတ်ပေဘူး မောင်ကလေးတို့။
အရွယ်ရောက်လာတော့ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းစာအုပ်များကို လက်လှမ်းမီသရွေ့ ဖတ်ခဲ့ဖူး၏။ သမိုင်းစာအုပ်များ၌ ရေးထားသည်များကို အဟုတ်ကြီး ထင်ခဲ့ဖူး၏။
အခု အသက်ကလေးရလာတော့ (အသက်ကလေးရတယ်ဆိုတာ အသက်ဆိုတဲ့ ငယ်ငယ်ချောချော ကောင်မလေးနဲ့ ငြားပြီး ကလေးရတာကို ပြောတာ မဟုတ်ဘူးခင်ဗျာ။ အသက် ၆၀ ကျော်လာတာကို ပြောတာ။ ယခွမ်း) သမိုင်းစာအုပ် ဆိုတာတွေကို သိပ်ခံတွင်း မတွေ့တော့ပါ။ သမိုင်းဆရာများသည် သမိုင်းစာအုပ်များရေးသားရင်း ၎င်းတို့၏ ဂျင်းများကို မသိမသာ ထည့်သွား၏။
အင်္ဂလိပ်လူမျိုးတို့ရေးသော မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာလူမျိုးတို့ရေးသော မြန်မာနိုင်ငံသမိုင်းတို့ မတူနိုင်။
အင်္ဂလိပ်တို့ရေးသည့် မြန်မာ့သမိုင်း၌ လွတ်လပ်ရေးအတွက် ပုန်ကန်သူ၊ တော်လှန်တိုက်ခိုက်သူ အပေါင်းတို့မှာ သူပုန်များ ဖြစ်ကုန်လျက် မြန်မာများရေးသည့် မြန်မာ့သမိုင်းတွင်မူ ထိုသူပုန်များသည် သူရဲကောင်းများ ဖြစ်ကြ၏။
သို့ဆိုလျင် သမိုင်းအမှန်ကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။
စာရေးဆရာကြီးများ ရေးသားထားသည့် စာအုပ်များထဲ၌ သမိုင်းစာအုပ်များထံ၌ မပါသည့် အမှန်တရားများကို အသေးစိတ် တွေ့နိုင်ပါသည်။
ဥပမာ - ဦးနုရေးသည့် ငါးနှစ်ရာသီ ဗမာပြည်။ ကြေးမုံဦးသောင်း ရေးသည့် ဘီလူးတို့ရွာ၊ ဗိုလ်မှူးကြီးဟောင်းတင်မောင် ရေးသည့် တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် စသည့် စာအုပ်များ၊ သမိုင်းပင် မဟုတ်သော်လည်း သမိုင်းနောက်ခံ ဝတ္ထုကြီးများဖြစ်သည့် သိန်းဖေမြင့်၏ အရှေ့ကနေဝန်းထွက်သည့်ပမာ
ခေတ်တစ်ခေတ်တွင် တိုင်းသူပြည်သားတို့ မည်ကဲ့သို့ နေထိုင်ခဲ့ကြသည်၊ မည်ကဲ့သို့ တွေးခေါ်မြော်မြင်ခဲ့ကြသည်၊ မည်မျှ ဒုက္ခရောက်ခဲ့ကြသည် စသည်တို့ကို သမိုင်းစာအုပ်များ၌ မတွေ့နိုင်။ ထိုခေတ်လူနေမှု ဘဝပုံစံများကို ကြည့်ရန် အကောင်းဆုံးစာအုပ်များကား ထိုခေတ်က ရေးသားခဲ့သည့် ဝတ္ထုစာအုပ်များပင် ဖြစ်၏။
ဥပမာ ပြရလျင် - မောင်သာရ၏ မနုတ်လောက်တော့ တစ်ဆယ်ချေး၊ မိုးမိုး (အင်းလျား) ၏ မြန်မာပြည်တွင် နေကြသည်၊ မောင်သာရနှင့် မစန္ဒာတို့၏ မစပ်သောငြုပ်နှင့် ငြုပ်မှန်လျင် စပ်ရမည်၊ နုနုရည် (အင်းဝ) ၏ မြစိမ်းပြာ ကမာရွတ် တို့ကို ဖတ်ကြည့်လျင် ထိုခေတ်လူနေမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။ ထိုခေတ်က ကုန်ဈေးနှုန်းများကိုပါ သိနိုင်၏။ အုပ်ချုပ်သူ လူတန်းစားများသည် ပြည်သူလူထုကို မည်ကဲ့သို့ နှိပ်စက်ကလူ ပြုမူခဲ့ပုံအကြောင်း သိလိုပါက သာဓု လူဝါးဝတယ် စာအုပ်ကို ဖတ်ကြည့်ပါ။
“သတင်းစာများသည် သမိုင်းကို ပြောနေကြသည်။” ဟု ဆို၏။
ထိုစကားမှာ အခါခပ်သိမ်း မမှန်ပါ။
လွတ်လွတ်လပ်လပ် ရေးနိုင် ပြောနိုင်သည့်နိုင်ငံများတွင်မူ ထိုစကား မှန်ချင်မှန်ပါလိမ့်မည်။
သို့သော် အစစ ချုပ်ချယ်ထားသည့် အာဏာရှင်နိုင်ငံများတွင် သတင်းစာများသည် တိုင်းပြည်၏ လက်ရှိအခြေအနေမှန်ကို ဖော်ပြဘို့ ဖြစ်ချင်မှ ဖြစ်နိုင်ပါလိမ့်မည်။
ဗိုလ်ချုပ်ကြီးနေစ်ဝင်း အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံမှ သတင်းစာများသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ထင်ဟပ်မနေပါ။ စိတ်မထင် မထင်သလို ဖြုတ်ထုတ်သတ် လုပ်တတ်သည့် ဦးနေဝင်းခေတ်က သတင်းစာဆရာများသည် ထောင်နှုတ်ခမ်း နင်းနေရကြောင်း၊ သတင်းတစ်ပုဒ်ရေးဘို့ရာမှာ မဟာစွန့်စားခန်းကြီးဖြစ်ကြောင်း၊ ဆရာ့ဆရာကြီးများ ထံမှ ခွင့်ပြုချက်၊ အမိန့်တစုံတရာမရဘဲ မည်သည့်သတင်းကိုမှ မရေးဝံ့ကြောင်း ကြေးမုံဦးသောင်း၏ ဘီလူးတို့ရွာ စာအုပ် ၌ အသေးစိတ် ရေးသားဖော်ပြထားပါသည်။
ကျွန်ုပ်သည် ၁၉၉၆ ခုနှစ်လောက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပြုလုပ်ခဲ့သော စာပေဟောပြောပွဲမှ ‘ကျွန်မ တော်တော် ညံ့ခဲ့ပါတယ်’ ခေါင်းစဉ်ဖြင့် ဆရာမ ‘ဂျူး’ ဟောပြောခဲ့သည်ကို မှတ်မိနေပါသေး၏။ ဆရာမက ‘ကောင်းတာ တော်တာတွေ ကြည့်ချင်လျင်ဖြင့် မြန်မာ့အသံနှင့် မြဝတီက လွှင့်သည်များကို ကြည့်ကြပါ’ ဟု ပြောခဲ့၏။ မှန်ပါသည်။
မြန်မာ့သတင်းစာများ၌ မည်သည့် အနိဋ္ဌာရုံသတင်းကိုမှ မထည့်ရ။ ကျက်သရေရော ဘဲသရေပါ တုံးသည်။
အပြင်မှာ ပြည်သူတွေ မည်မျှဒုက္ခသုက္ခရောက်နေသည်ဖြစ်စေ သတင်းစာထဲ၌ တပြည်လုံး သာယာဝပြောလို့၊ ပွဲလမ်း သဘင်များ တခြိမ့်ခြိမ့်ခံလို့၊ သီးနှံတွေကလည်း အထွက်တိုးလို့၊ သောက်ကယအိုးနဲ။
ဘယ်တံတားဖွင့်ပွဲကို ဘယ်ဝန်ကြီးကသွားပြီး ဖဲကြိုးကို ကတ်ကြေးနှင့်ကိုက် ဖြတ်တာသည် သမိုင်းမဟုတ်ပါ။ အဘယ်မည်သော အင်ဂျင်နီယာချုပ်ကြီးက အဘယ်မည်သော ဈေးကြီးက ရေမြောင်းဖော်သည့်လုပ်ငန်းကို သွားရောက် စစ်ဆေးကြည့်ရှုပြီး မလိုအပ်သည်များကို မှာကြားတာ သမိုင်းမဟုတ်ပါ။
ဆရာမြ၏ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ စာအုပ်သည် တကယ့်သမိုင်း ဖြစ်ပါသည်။ နေဝင်းမြင့်၏ မြို့ပြ ပိုးမွှားများသည် တကယ့်သမိုင်း ဖြစ်ပါသည်။
သမိုင်းဆိုတာ ထိုခေတ်က ပြည်သူလူထုတို့ အကြောင်း ဖြစ်ပါသည်။
အုပ်ချုပ်သူလူတန်းစားတစ်ခုတည်းအကြောင်း ကွက်ရေးထားတာ၊ ပြည်သူလူထုကြီး၏ လူနေမှုဘဝကို မျက်ကွယ် ပြုထားတာ သမိုင်းမဟုတ်ပါ။ အထက်မှာ ပြောခဲ့သလို ရာဇတို့အကြောင်း ရေးထားသည့် ရာဇဝင်မျှသာ ဖြစ်ပါလိမ့်မည်။
မြန်မာပြည် ထိပ်သီးဘဝမှ ဘိတ်ချီးဘဝရောက်ခဲ့ရပုံအကြောင်း တကယ့်အဖြစ်အပျက်များကို သိလိုပါက ကြေးမုံဦးသောင်း၏ ဘီလူးတို့ရွာကို ရှာဖတ်ကြစေလိုကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၆ ဧပြီလ ၂၀၂၆
No comments:
Post a Comment