သူတို့စီထားတဲ့ ခြင်္သေ့မြို့တော် ပြန်ပို့လာတော့ ပြင်ရမယ့်ဟာတွေကို သေသေချာချာ ရေးပြီး ကျွန်တော် ပြန်ပို့ပေးလိုက်ပါတယ်။
စိတ်ပျက်မိတာက ပြောရင် ပြောတဲ့အတိုင်း အတိအကျ မလုပ်တာပါ။
မြန်မာစကားမှာ ‘လုံး’ ရဲ့တည်နေရာကို တသမတ်တည်း အသေ မှတ်ထားလို့ မရပါဘူး။
ကြက်ဥနဲ့ ဥပမာပြပါမယ်။
ကြက်ဥ အလုံး ၂၀ ဝယ်ခဲ့တာ ၁၂ လုံးပဲ ကျန်တော့တယ်။
အဲဒီမှာ ၂၀ ကျတော့ အလုံး ၂၀ လို့ပြောမှ စကားချောပါတယ်။ ဘယ်သူမှ ကြက်ဥ ၂၀ လုံးဝယ်ခဲ့တယ် လို့ မပြောပါဘူး။
ဒါပေမဲ့ ၁၂ လုံးကျတော့ ‘လုံး’ ကို နောက်မှာထားရပါတယ်။ ဘယ်သူမှ ကြက်ဥ လုံး ၁၂ လို့ မပြောပါ။ ကြက်ဥ ၁၂ လုံးပဲ ပြောကြတာ လူတိုင်းအသိပါ။
၂၀ မှာ အလုံး ၂၀ လို့ ပြောပေမဲ့ ၁၀ ကျတော့ အလုံး ၁၀ လို့ မပြောပါဘူး။ ကြက်ဥ ၁၀ လုံးလို့ ပြောပါတယ်။
ဒါဟာ သင်ပေးစရာကို မလိုတဲ့ အင်မတန် ရိုးရှင်းလှတဲ့ မြန်မာစကားအသုံးအနှုန်းလို့ ထင်ပါတယ်။ လူတိုင်း သိလိမ့်မယ်လို့လည်း ယူဆပါတယ်။
ဒါပေမယ့် ထူးဆန်းတာက သူတို့ မသိတာပါဘဲ။
ခုတင် ၁၀၀ ဆံ့ ဆေးရုံ။ ခုတင် ၁၂၅ လုံးဆန့် ဆေးရုံ။ ခုတင် အလုံး ၅၀ ဆန့် ဆေးရုံ စသဖြင့် ရေးရမှာ။
ကိုယ်က -
‘ခုတင် ၇၀၀ လုံးဆံ့ ဆေးရုံကြီး’ မှာ ‘လုံး’ ကိုဖျက်ပေးပါ။
(ခုတင် ၇၀၀ ဆံ့ ဆေးရုံကြီး’ ဆိုမှ စကားလှမှာကိုး)
‘ခုတင် ၃၈၀ လုံးဆံ့ ဆေးရုံကြီး’ မှာလည်း ‘လုံး’ ကိုဖျက်ခိုင်းပါတယ်။
အဲဒါကို ကိုယ်တော်တို့က ရှိရှိသမျှ ‘လုံး’ တွေကို အကုန်လိုက်ဖျက်ပစ်လိုက်တော့တာပဲ။
‘ခုတင် ၃၁ ဆံ့ဆေးရုံ’ ဆိုတော့ ဖတ်ရတာ မဆတ်တငံ့ကြီး ဖြစ်မနေဘူးလားဗျာ။
စိတ်ပျက်တာနဲ့ ဘာမှ ပြောမနေတော့ဘူး။ ဒီအတိုင်းပဲ ထားလိုက်တော့တယ်။
ဘယ်လိုတွေများတောင် တွေးကြ၊ ရေးကြသလဲတော့ မပြောတတ်တော့ပါဘူး ခညာစ်
(အားလုံး ဖတ်ပြီး၊ ပြင်ဘို့ ဒုတိယအကြိမ် ပေးပြီး) ဆိုတော့ နောက်လလောက် စာအုပ်ထွက်မယ် မှန်းပါတယ်။
စာအုပ်ဈေးမေးထားပါတယ်။ သိရရင် Pre-order form တင်ပေးပါမယ်ခင်ဗျား။
(Pre-order form က ပြင်ပြီးနေပြီ။ ဈေးစောင့်နေတာ)
အေးငြိမ်း
၁၃ အောက်တိုဘာ၊ ၂၀၂၅
No comments:
Post a Comment