(၁)
ကိုယ်က ဘာအစွမ်းအစမှ မရှိလေတော့ ကံကိုပဲ ပုံချရတော့မည်။
မြန်မာပြည်ကြီးကား ကံဆိုးလှပေစွတကား။
အင်္ဂလိပ်တို့ထံက လွတ်လပ်ရေးရပြီးတော့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြစို့။ စားသောက်ကုန်၊ စက်မှုန်ကုန်ကြမ်း များ လှိုင်လှိုင်ထုတ်ကာ နိုင်ငံခြားသို့တင်ပို့လျက် ပိုက်ဆံရှာပြီး တိုင်းပြည်တိုးတက်အောင် လုပ်ကြစို့ . . .
.
.
.
ဟု . . .
အဘယ် တစ်ဦးတစ်ယောက်ကမှ မတွေးတော မကြံစည်ကြဘဲ . . .
သူ့အမေ ငါဂလိမ်း။ ငါ့အမေ သူဂလိမ်းဖြင့် လက်နက်များစွဲကိုင်ကာ အချင်းချင်း သတ်ကြဖြတ်ကြလျက် အချိန်ကုန်ကြလေသတည်း။
သူ့ငါသတ်၊ ငါ့သူသတ်နှင့် မဆုံးနိုင်သော စစ်ပွဲများ ဖြစ်လိုက်ကြရသည်မှာ တခြိမ်းခြိမ်း။ သည်ကနေ့အထိ။
လွတ်လပ်ရေးရပြီးနောက် များမကြာမီမှာပင် ချောက်ထဲကျဘို့ လက်နှစ်လုံးလောက်လိုတော့သည့် တိုင်းပြည်ကြီးကို ကယ်တင်မည့် မဟာကယ်တင်ရှင် မေဘေးကြီးတစ်ကောင် ပေါ်ထွက်လာကာ ဗမှားပြည်ကြီးကို ကယ်တင်လိုက်ရာ နှစ်ဒကိတ်အတွင်းမှာပင် ထိပ်သီးဘဝမှ ဘိတ်ချီးဘဝသို့ ကျရောက်လေသော ဟူသတတ်။
ထိုအေဘေးကြီးကို အားကျလျက် ၎င်း၏ နောင်လာနောက်သား စစ်ခွေးမျိုးဆက်များကလည်း ဗမာပြည်ကြီးကို ဆက်တိုက် ကယ်တင်လာခဲ့ရာ ဗမာပြည်ကြီးမှာ ဘိတ်ချီးဘဝမှသည် ရစရာမရှိတော့သော ဓားမနောက်ပိတ်ခွေးဘဝသို့ ကျဆင်းခဲ့ရလေတော့သတည်း။
(၂)
ကျွန်ုပ်သည် ဈေးများသို့ ရောက်မိလေတိုင်း ကုန်ပစ္စည်းများ၏ ဈေးများကို စနည်းနာလေ့ ရှိ၏။
ထိုကုန်စည်ဈေးနှုန်းများကို တွေ့သည့်အခါတိုင်းလည်း ရင်ထုမနာ ဖြစ်ရ၏။
ဟိုတစ်နေ့က ရှမ်ဆောင်းရောက်တော့ အဲ့ငယ် - ဟို ဝါဝါတွေက ဘာရွက်တွေပါလိမ့် ဟု သွားရောက် စပ်စုမိ။
အလို - ဝါးရွက်တွေကို ထုပ်ပြီး ရောင်းထားတာပါကလား။
ဈေးနှုန်းဖတ်ကြည့်လိုက်တော့ ၃၈၀ ဂရမ်ကို စင်းဒေါ်လာ 5.95 ဟူ၏။ မြန်မာငွေပြောင်းလိုက်လျှင် -
ဝါးရွက် ၂၄ ကျပ်သားကို ဗမာငွေ ၂ သောင်း ၂ ထောင်ကျော်။ အောင်မငီး
ဝါးရွက်များမှာ တရုတ်ပြည်မှ တင်သွင်းလာတာ ဖြစ်၏။
နောက်တစ်ခုက ဗီယက်နမ် ပရောဒတ် အာလူးအချို (ဟုတ်ပေါင်) ကန်စွန်းဥ ၁ ကီလို = SGD 3.50 è မြန်မာငွေနှင့် ၆၂ ကျပ်ခွဲသားကို ၁ သောင်း ၃ ထောင်
ဘူးသီး လုံးပတ် ထွာဆိုင်မရှိတရှိ၊ အရှည် တစ်ထွာနှင့် လက် ၄ လုံး $2.70 - မြန်မာငွေ တစ်သောင်းနီးပါး
မလေးရှားပြောင်းဖူး တစ်ဖူး SGD 0.50, မြန်မာငွေ ၂၂၀၀ ကျပ်
အိန္ဒိယ သရက်သီးတစ်လုံး SGD 6.90, မြန်မာငွေ နှစ်သောင်းခွဲ
ထိုင်းအုန်းသီး တစ်လုံး SGD 2.00, မြန်မာငွေ ၇၄၀၀
ကျွန်ုပ် လက်သီးဆုပ်သာသာခန့်ရှိ ဖိလစ်ပိုင် မကောင်းမကန်းသင်္ဘောသီးတစ်လုံး $4.00 - မြန်မာငွေ တစ်သောင်းခွဲခန့်
ဩစတေးလျားအမဲသား တစ်ကီလိုကို SGD 49, မြန်မာငွေနှင့် ၆၂ ကျပ်ခွဲသားကို ၁ သိန်း ၈ သောင်း
ဩစတေးလျား ဝါဂူးအမဲသား ၅၀၀ ဂရမ်ကို SGD 95.50, မြန်မာငွေနှင့်တွက်လျင် ၃၀ သားကို ၃ သိန်းခွဲ။ ၁၀ သားကို ၁ သိန်းကျော် (ဖျား ဖျား)
ဆန်လုံးညို တစ်ကီလို - $7.40 - မြန်မာငွေ ၂၇,၀၀၀
အိန္ဒိယဘာစမာတီဆန် - ၁ ကီလို $4.50 - ဆန်နို့ဆီဘူး ၄ လုံး = တစ်သောင်းခြောက်ထောင်
အိန္ဒိယဘာစမာတီဆန် - ၅ ကီလို $24.60 - ၂ ပြည် = ကိုးသောင်း
အိန္ဒိယဆန် ၁၀ ကီလို - $32.10 - ဆန် ၄ ပြည်ခွဲ = ၁ သိန်း ၂ သောင်း
ကျွန်ုပ်တို့ ချက်စားနေသည့် ဂျက်စမင်းဆန်သည်ပင်လျင် ၁၀ ကီလိုကို $17.95 (၄ ပြည်ခွဲကို ၆ သောင်း ၆ ထောင်)
(၃)
သူများတိုင်းပြည်တွေက အရည်အသွေးမြင့်ထုတ်ကုန်များကို ဈေးကောင်းကောင်းနှင့် တင်ပို့ရောင်းချနေချိန်၌ -
ကျွန်ုပ်တို့တိုင်းပြည်မှာမူ အလုပ်လုပ်နိုင်သူမှန်သမျှ နေ့စဉ် လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း။ ရှိသမျှ အကြောင်းများမှနေ၍ သူများတိုင်းပြည်၌ ကျွန်သွားခံရန် ဈေးကြီးပေးလျက် ထွက်နေကြရကုန်၏။
ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရမည့်အစား မြေနိုးများသည် တချိန်လုံး အာဏာသိမ်းဘို့ပဲ တွေးနေလျက် ရှိသမျှ သယံဇာတများကို အိတ်ထဲထည့်ဘို့လောက် ကြံစည်နေလေရာ -
သည်တိုင်းပြည်မှ ဖာတိုင်းပြည်မဖြစ်လျှင် အဘယ်တိုင်းပြည်ဖြစ်ပါတော့မည်နည်း။
သို့မို့ကြောင့် ကျွန်ုပ်တို့သည် ထို ခွားသဒေါင်းဇေးများကို ကျူပင်ခုတ် ကျူငုတ်ပါမကျန် မြေလှန်ပစ်ကြရမည်။
တွေးမိတိုင်း တနုတ်နုတ်နှင့် ဒေါသဖြစ်နေသူ -
အေးငြိမ်း
၇ ဩဂုတ်လ၊ ၂၀၂၄
No comments:
Post a Comment