တစ်ခါတရံ ကျွန်ုပ်တို့သည် အလဟဿဖြစ်စေမည့် အရာများစွာကို သိသိကြီးနှင့် လုပ်မိလျက်သား ဖြစ်နေတတ်၏။
အလဟဿဖြစ်သွားသည့် အရာများ များစွာရှိသည့်အနက် ကျွန်ုပ် အနည်းငယ် ဥပမာ ထုတ်ပြပါမည်။
ကျွန်ုပ် ယခု GCE (O) စာမေးပွဲဝင်မည့် ကျောင်းသားကလေးများကို မြန်မာစာ သင်ပေးနေပါ၏။
ထိုသကောင့်သားကလေးများသည် သာမန်အားဖြင့် မြန်မာစကားမပြောကြ။ မြန်မာစာလည်း မတတ်ကြ။
မြန်မာအသုံးအနှုန်း၊ ဝေါဟာရများနှင့်လည်း မရင်းနှီး မကျွမ်းဝင်ကြ။ ထိုအခါ မြန်မာစာသင်သည့်အခါ အတော် ပြဿနာ တက်၏။ ကလေးများအနေနှင့် ကြိုးစားမှတ်သားသည့်တိုင် သိပ် ခရီးမရောက်လှပါ။
ဟိုတစ်နေ့ကတော့ ကောင်လေးကို ကျွန်ုပ်မေးကြည့်၏။
“ကိုယ့်လူ ဒီစာမေးပွဲပြီးသွားရင် မြန်မာစာကို ဆက် လေ့လာဦးမှာလား”
“ဟင့်အင်း”
“မြန်မာစာလေးဘာလေးဖတ်ဖို့ရော စိတ်မဝင်စားဘူးလား”
“ဟင့်အင်း”
“ဒါဖြင့် အခုမြန်မာစာသင်နေတာ ဒီစာမေးပွဲအတွက် တစ်ခုတည်း၊ ဒါ့အပြင် တခြား ဘာရည်ရွယ်ချက်မှ မရှိဘူး။ အဲသလိုလား”
“ဟုတ်ပါတယ်”
“ဒါနဲ့များတောင် ဘာဖြစ်လို့ ဒီမြန်မာစာကို ကိုယ့်လူယူရသေးသလဲကွယ်၊ တခြား တရုတ်တို့၊ မလေးတို့ မယူချင်ဘူးလား”
“တရုတ်တို့၊ မလေးတို့က ကျွန်တော်တစ်ခါမှ မပြောဖူးဘူး။ မြန်မာစကားကိုတော့ အိမ်မှာပြောတယ်လေ”
“ဒါပေမယ့် ကိုယ့်လူပြောတဲ့ မြန်မာစကားဆိုတာလည်း အဖြစ်လောက် တခါတလေကျမှ ပြောတာမဟုတ်လား။ ကောင်းကောင်းမပြောတတ်ဘူး မဟုတ်လား”
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဘာမှ မပြောတတ်တာထက်စာရင် တော်သေးတာပေါ့”
မြန်မာဆိုတော့ မိဘတွေက ကိုယ့်သားသမီးတွေကို မြန်မာ့ယဉ်ကျေးမှုနှင့် ရင်းနှီးစေချင်၏။ မြန်မာ အသုံးအနှုန်းလေးများ ကိုလည်း သိစေချင်၏။ နောက်ဆုံး ဘုန်းကြီးနှင့်စကားပြောတာကစ မည်ကဲ့သို့ ပြောရမည်ကို သိစေချင်၏။ (သို့သော်လည်း မလွယ်လှပါ။)
ဆိုတော့ သင်ချင်သည်ဖြစ်စေ၊ မသင်ချင်သည်ဖြစ်စေ ကလေးများကို မြန်မာစာ သင်ပေးဘို့ မြန်မာမိဘများက ကြိုးစားကြလေ၏။
စင်ကာပူက ကျောင်းများတွင် အင်္ဂလိပ်စာအပြင် အပိုဘာသာတစ်ခုယူရ၏။ ၎င်းကို Mother Tongue ဟု ခေါ်၏။ စင်ကာပူတွင် အဓိကပြောသည့် ဘာသာကြီး သုံးမျိုးမှာ မန်ဒရင်း (တရုတ်)၊ မလေး နှင့် တမီ (အိန္ဒိယ) ဖြစ်၏။ ထို့ကြောင့် mother tongue အနေနှင့် ကျောင်းများတွင် ထိုဘာသာ သုံးမျိုးအနက် တစ်ခုခုကို ယူကြရ၏။ အနောက်ဘက်မှ စပိန်၊ ဂျာမန်၊ ပြင်သစ် စသည်တို့ကိုလည်း ယူနိုင်၏။ မြန်မာကလေးငယ်များအနက် မြန်မာစာ ယူနိုင်၏။
သို့သော် ကျောင်း၌ မန်ဒရင်း၊ မလေး နှင့် တမီကိုသာ သင်ပေး၏။ အခြားဘာသာယူပါက မိမိဘာသာ လေ့လာရ၏။ ဤသို့လေ့လာနေကြောင်းကို MOE (ပညာရေးဝန်ကြီးဌာန) သို့ အထောက်အထားတစ်ခုခုပြရ၏။ (ကျွန်ုပ် သားကို မြန်မာသံရုံးကလုပ်ပေးသည့် မြန်မာကျောင်းစာမေးပွဲများ ဝင်ဖြေခိုင်းသည်မှာ ထိုအတွက် ဖြစ်၏။ သူတို့ဆီမှာ ကျောင်းအပ်ထားသည့်ပုံစံ၊ ထွက်လာသည့် ခုံနံပါတ်စာရင်း စသည်တို့ကို MOE သို့ ပို့ပေး၏။)
ပြဿနာက GCE(O) level မြန်မာစာမှာ ပြဌာန်းစာအုပ်မရှိ။ သူတို့မေးခွန်းပုံစံကိုလိုက်၍ လေ့ကျင့်သင်ကြား ပေးကြရတာ ဖြစ်၏။ အမှန်က GCE(O) မြန်မာစာမှာ မြန်မာလို ရေးတတ်ဖတ်တတ်လျှင် ကောင်းကောင်းအောင်ပါသည်။
သို့သော် မြန်မာပြည်မှာမနေ၊ မြန်မာအသိုင်းအဝိုင်းမှာမကြီး မြန်မာလိုမပြောသည့် မြန်မာကလေးငယ်များကို မြန်မာစာ သင်ရတာ အတော့်ကို ဂွကျပါသည်။ စာပိုဒ်ထဲ၌ အရပ်ထဲက ကလေးများပင်နားလည်သည့် စကားလုံးတစ်လုံးပါလာပါက ထိုသကောင့်သားလေးများ နားလည်အောင် ရှင်းပြရတာ မလွယ်လှပါ။
နောက်တစ်ခုက မြန်မာစာ ဖြစ်၏။
ကျွန်ုပ်သားသည် မြန်မာစာကို အတော်ဖတ်တတ်နေပြီဖြစ်၏။ သို့သော် အရေးအသားမှာတော့ အတော့်ကို ချာတူးလန်လှ သေး၏။
အင်္ဂလိပ်စာတွင် abcd သာ ပါ၏။ ဘာသဝေထိုး၊ ဟထိုး၊ ချောင်းငင်၊ လုံးကြီးတင်၊ လုံးကြီးတင်ဆန်ခတ် ဘာညာသာရကာတွေ ဘာမှမပါ။ abcd သိလျှင် ဒီအတိုင်းရေးလိုက်ရုံဖြစ်၏။
အဲစ်
မြန်မာစာမှာကျတော့ -
အောက်ပြုတ်ကျတယ် - သွားကြမယ်။
ဒါပေသိ - သည့်နောက်တွင်
ထမင်းကျန်ဟင်းကျန် - ကြံရေသောက်ချင်တယ် - ပေကျံနေတာပဲ
ကျ - ကြ - ကျာ့ - ကြာ့
ကျာ - ကြာ
ကျား - ကြား
ပစ် - ပျစ် - ပြစ်
မြီ - မြည်
အေ - ဧ
လဲ - လည်း
နာ - နှာ
အော - ဩ
အော် - ဪ
အူ - ဦ
အူး - ဦး
အံ - အန်
တဲ့ - တယ့်
လှဲ့ - လှည့်
သေနတ်နဲ့ ပစ်တယ်။ (ပြစ်)
၎င်း - လည်းကောင်း - အောင်မငီး
ဆိုတော့ ကလေးများမှာ မျက်စိတင်မက တစ်ကိုယ်လုံးပါ လည်လေတော့သတည်း။
သည်လောက်ရှုပ်လှသည့် ဘာသာကို ကလေးတွေကလည်း မသင်ချင်။
အဲသဟာကလည်း သူတို့ကို အပြစ်မဟုတ်။ သည်လောကထဲ ဆွဲသွင်းလာသည့် ကိုယ့်ကိစ္စသာ ဖြစ်၏။
ပြန်ကောက်ရလျှင် သူတို့ မြန်မာစာသင်သည်မှာ GCE(O) စာမေးပွဲ အောင်ရုံအတွက်သာ ဖြစ်၏။ သည့်ထက်မပို။ ကျွန်ုပ် အဖို့မူ လပေါင်းများစွာ သည်မျှကြိုးစားပမ်းစား သင်လာခဲ့သည့် ဘာသာရပ်တစ်ခုကို စာမေးပွဲပြီးသည့်အခါ လွှင့်ပစ်လိုက် ရမှာ အတော်နှမြောလှပေ၏။ သို့သော် ဘာတတ်နိုင်ပါမည်နည်း။ အခြေအနေက ဒီလိုဖြစ်လာဘို့ ဖန်တီးလာသကိုး။
ကျွန်ုပ်ကတော့ သားကို အခွင့်အရေးရတိုင်း မြန်မာစာ သင်ပေးသွားမှာ ဖြစ်၏။ (သားကလည်း စိတ်ဝင်စားပါသည်။) ကျွန်ုပ်တို့ မြန်မာ့စာပေတွင် စာကောင်းပေကောင်းများ များစွာရှိ၏။ လေ့လာလို့ပင် မကုန်နိုင်လောက်အောင် ဖြစ်၏။
ကျွန်ုပ်သည် သားကို ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို ဖတ်ပြီး ခံစားကြည့်စေချင်လှ၏။
လက်ဝဲသုန္ဒရ၏ ‘ဝေရွှန်းစန္ဒာ၊ ခုချိန်ခါကို’ ကို ဖတ်ပြီး နားလည်စေချင်လှ၏။
ရှင်မဟာရဋ္ဌသာရ၏ ‘ဆင်းလှဆင်းထွတ်၊ ဆင်းလွတ်လှမော၊ တုလျောတူဖက်၊ တူစက်ပြိုင်အံ့’ ကို လွမ်းလွမ်းဆွတ်ဆွတ် ရွတ်ကြည့်စေချင်လှ၏။
ဆရာဇော်ဂျီ၏ ‘သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏’ ကို ဖတ်ပြီး မြန်မာပြည်ကြီး အကျိုးသယ်ပိုးလိုသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာစေချင်စမ်းလှ၏။
အလုပ်သမားများကို သင်ပေးရသော သင်တန်း၌ ကျွန်ုပ်က ဆယ်တန်းအောင် ဆိုသူများကို ဆရာဇော်ဂျီ၏ ကဗျာလေး တစ်ပုဒ်လောက် ရွတ်ခိုင်းကြည့်၏။ မောင်မင်းကြီးသားတို့က ဇော်ဂျီကို ကွန်ပြူတာဖောင့်လား မေးသည့်အခါ ကျွန်ုပ်မှာ ပန်လန်လက်ရ၏။ ၎င်းတို့ လူမှန်းသိတတ်စကတည်းက ကျောင်းသွားခဲ့ရသော၊ ကျောင်း၌ ဖြုန်းတီးခဲ့ရသော အချိန်များ၊ ငွေများ၊ လုပ်အားများကို ကျွန်ုပ် နှမြောလှ၏။ ဟိုတစ်နေ့က ရုံးမှ (ဘွဲ့ရထင်ပါသည်) ကောင်လေးတစ်ယောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ခုနှစ်ကို မသိပါ ဆိုသည်ကိုမူ ကျွန်ုပ်ထူးပြီး အံ့ဩမနေတော့ပါ။ ဪ - ဟုသာ ငေးကြည့်နေမိပါ၏။
တကယ်တွက်ကြည့်လျှင် ဤကဲ့သို့ အလဟဿ ဖြစ်သွားသည်များမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် တွက်လိုက်လျှင် ပြောပြလို့ မကုန်နိုင်လောက်အောင်ပင် များလှလေ၏။ ကလေးတစ်ယောက်ကို ဘွဲ့ရသည်ထိ ၁၄-၅ နှစ် သင်ပြီး ဘာမှ မသိမတတ်ဆိုတာလောက် အလဟဿဖြစ်တာ မရှိပါ။ အဲသဟာ တစ်ယောက်နှစ်ယောက်တည်း မဟုတ်။ တစ်ကျောင်းနှစ်ကျောင်းတည်းမဟုတ်။ တစ်မြို့တစ်ရွာတည်း မဟုတ်။ တစ်နိုင်ငံလုံးဖြစ်၏။ လွန်ခဲ့သည့် အနှစ် ၃-၄၀ လောက်ကတည်းက နှစ်တိုင်းဖြစ်နေတာဖြစ်၏။ လက်ရှိလည်း ဖြစ်နေဆဲဖြစ်၏။ နောင်လည်း ဘယ်လောက် ဆက်ဖြစ် နေဦးမည်မသိ။
အလဟဿများထဲတွင် ဆေးကျောင်းတက်ပြီး ဆရာဝန်မလုပ်သူများ၊ အင်ဂျင်နီယာ မလုပ်သည့် အင်ဂျင်နီယာဘွဲ့ရများ လည်းပါ၏။ သေသေချာချာ စစ်စစ်ပေါက်ပေါက် စာရင်းကောက်ကြည့်ပါက ထိုအရေအတွက်မှာလည်း နည်းမည် မဟုတ် ပါ။
ယခုနောက်ဆုံး မြန်မာနိုင်ငံအတွက် အလဟဿ ဆုံးရှုံးသွားရသည်များမှာမူ -
ခွေးအောင်လှိုင် စောက်ရူးထမှုကြောင့် ဖြစ်သတည်း။
ကျွန်ုပ်သည် ထိုနှမလွှားကို မြန်မြန် မသာပေါ်စေချင်လှ၏။
သည်ကာလကြီးကို မကျော်လွှားနိုင်မချင်း ထိုအလဟဿများ ဆက်ဖြစ်နေဦးမည် ဖြစ်၏။
ထို့ကြောင့် -
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈ ဩဂုတ်လ၊ ၂၀၂၄
No comments:
Post a Comment