Thursday, March 28, 2024

ကျွန်ုပ်နှင့် မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကြီး အကြောင်း

‘မိန်းမဟူဘိ၊ ထိုဣတ္ထိတို့

မရှိမကောင်း၊ ရှိမကောင်းနှင့်

မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏’ ဟူသော လင်္ကာအပိုင်းအစလေးကို ကျွန်ုပ် ငယ်စဉ်ကပင် ကြားဖူးမှတ်ဖူး ခဲ့ပါ၏။ ဘယ်အရွယ်က ဘယ်နေရာတွင် ဘယ်ကဲ့သို့ မှတ်ဖူးခဲ့ရသည်ကိုမူ မမှတ်မိတော့။

 

အတန်ငယ်ကြီးလာသည့်အခါ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်ဘဝတွင် ကဗျာများကို လေ့လာမှတ်သား သည့်အခါ၌ ပုတ္တောဝါဒပါ ကဗျာပိုဒ်ကလေးများကို နှုတ်တက် အာဂုံဆောင်မိခဲ့ပြီး မဃဒေဝ လင်္ကာသစ်နှင့် ရင်းနှီး လာခဲ့ရ၏။ သို့တိုင် ကြားသာကြားဖူးပြီး မဃဒေဝ လင်္ကာသစ်ဟူသည် အဘယ်ဖြစ်သည်ကို မသိသေး။ သံဝရပျို့တို့ကဲ့သို့ ပျို့ခပ်သေးသေး တစ်ခုဟုသာ ထင်ခဲ့မိ၏။

 

ဆယ်တန်းအောင်ပြီး ကျွန်ုပ် ဒေသကောလိပ်တက်တော့ ဟင်္သာတဒေသကောလိပ်တွင် တက်ရ၏။ တောင်ရိုးနားက ရွာမှာမွေးသည့် ကျွန်ုပ်တို့မှာ မြို့ပြင်ကနား၌ မည်သည့် အဆွေအမျိုးမှ မရှိ။ သည်တော့ ဦးပဉ္စင်းဘဝနှင့် ဟင်္သာတတွင် အငယ်တန်းတက်နေသော ဆွေမျိုးနီးစပ် ဦးပဉ္ဇင်းတင်ဝင်း အကူအညီနှင့် သူတက်နေသည့် မိုးကောင်းကျောင်းတွင် နေခွင့်ရ၏။ ဆရာတော်က ဘုန်းကြီးတို့ကျောင်းမှာ ဘယ်ကျောင်းသားမှ မထားဘူး။ ဒါပေမယ့် ဒကာလေးကတော့ နေစရာမရှိတဲ့အတွက် ခြွင်းချက်အနေနဲ့ ထားပေးမယ် ဆို၍ မိုးကောင်းကျောင်း၌ နေခွင့်ရ၏။ ကျွန်ုပ်နေရသည့် ကျောင်းဆောင်မှာ သင်္ချိုင်းကုန်းနှင့်ကပ်လျက် မေဃဝတီတိုက် ဖြစ်၏။

 

မိုးကောင်းကျောင်းမှာ စာသင်တိုက်ကြီးဖြစ်ပြီး မူလတန်းမှစ၍ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများကို သင်ကြားပေး၏။ ဓမ္မာစရိယတန်းပါမပါ သိပ်မမှတ်မိတော့ပါ။

 

ဆိုတော့ စာဖတ်ဝါသနာပါသူ ကျွန်ုပ်အနေနှင့် စာသင်သား ဦးပဉ္ဇင်းများထံ၌ ဗုဒ္ဓဘာသာစာပေများ တဝကြီး ဖတ်ခွင့် ရလေ၏။ 

 

များမကြာမီပင် ကျွန်ုပ်အနေနှင့် အနည်းအကျဉ်းလောက်သာ မစို့မပို့ ဖတ်ဖူးလျက် တစ်အုပ်လုံးကို ဖတ်ချင်နေသည့် ‘မဃဒေဝ လင်္ကာသစ်’ စာအုပ်ကြီးနှင့် ပက်ပင်းပါ တိုးလေတော့၏။ စာအုပ်ပိုင်ရှင်က ဦးပညိန္ဒ ထင်ပါသည်။

 

ဘလ္လာတိယပျို့၊ သံဝရပျို့နှင့် မုဒုလက္ခပျို့တို့လောက်သာ မြင်ဖူးသည့် ကျွန်ုပ်မှာ ‘မဃဒေဝ လင်္ကာသစ်’ စာအုပ်ကြီးကို တွေ့လိုက်ရာ လန့်ဖြတ်၍ပင် သွားလေသော ဟူ၏။ စာအုပ်ကြီးမှာ သာသနာရေးဦးစီးဌာနက ထုတ်သည့် စာအုပ်ကြီး ဖြစ်လျက် ရန်ဖြစ်၍ စာအုပ်နှင့် လူကို ကောက်ရိုက်လျှင်ပင် သေနိုင်လောက်ပေ၏။

 

ကျွန်ုပ်မှာ နေပူပူ၌ ပင်ပင်ပန်းပန်းလမ်းလျှောက်အလာ ရေငတ်လွန်းမက ငတ်နေချိန်၌ ဘီယာစည်ထဲ ပြုတ်ကျသကဲ့သို့ ဖြစ်ပြီးသကာလ မဃဒေဝကို တစ်အုပ်လုံးကူးရန် စိတ်ကူးလေတော့သတည်း။ 

 

သို့သော်လည်း ပထမစာမျက်နှာအနည်းငယ်ကူးပြီး စိတ်ကူးတမျိုးပြောင်းသွား၏။ 

စာအုပ်ကြီးမှာ စာမျက်နှာ ၅၀၀ ကျော်လောက်ရှိရာ တစ်အုပ်လုံးကူးဘို့ မလွယ်။ သို့နှင့် ကျွန်ုပ် အလွန်နှစ်သက်လှသည့် ပုတ္တောဝါဒခန်းကိုသာ ကူးလေတော့၏။ 

 

တစ်ခုကံကောင်းသည်မှာ ကျွန်ုပ် စာသင်သားဦးပဉ္ဇင်းများနှင့် အတူနေရခြင်းဖြစ်၏။ 

ပြောတော့သာ လွယ်တာခင်ဗျာ။ အချို့စာပိုဒ်များကလွဲလို့ မဃဒေဝကို တော်ရုံနှင့် နားမလည်နိုင်။

သူ့ဟာက ပါဠိလိုတွေ၊ ပေါရာဏတွေ၊ ဗုဒ္ဓစာပေစကားတွေ ရောပြွမ်းထည့်ထားလေရာ ကျွန်ုပ်မှာ ဖတ်ပြီး နားမလည်တိုင်း ဦးပဉ္ဇင်းများကို မေးရလေသောဟူ၏။  

 

ကျွန်ုပ်သည် မဃဒေဝလင်္ကာသစ်ကြီးကို ဖတ်ပြီးသကာလ မန်လည်ဆရာတော်ဘုရားကြီးကို အကြိမ်ကြိမ် ဦးခိုက်မိလေ၏။

 

မဃဒေဝလင်္ကာသစ်နှင့် အခြားပျို့ကဗျာ၊ လင်္ကာတို့မတူသည့်အချက် များစွာ ရှိသည့်အနက် . . .

 

ပထမဆုံးအကြောင်းတစ်ခုမှာ မဃဒေဝလင်္ကာသစ်ကို သီကုံးခဲ့သည့် မန်လည်ဆရာတော်ဘုရားကြီးသည် ၎င်း၏ မဃဒေဝလင်္ကာကြီးကို ကျေနပ်အားရနိုင်သည်မရှိဘဲ နောက်ဆုံး ပျံလွန်တော်မူသည်ထိ အထပ်ထပ် သုတ်သင် မွမ်းမံ ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။

 

မည်သည့် ပျို့ကဗျာ၊ လင်္ကာဆရာမှ မိမိရေးပြီးသား ပျို့ကဗျာ၊ လင်္ကာကို ထပ်မံပြုပြင်တည်းဖြတ်သည်မရှိ။

မဲဇာတောင်ခြေ second version ဟူသည်မရှိ။

မုဒုလက္ခဏာပျို့ revised version ဟု မရှိ။

ဂါထာ ၆၀ ပြင်ဆင်ရေးသားချက်ဟု မရှိ။

 

သို့သော် မဃဒေဝလင်္ကာသစ်ကြီးကိုမူ မန်လည်ဆရာတော်ကြီးသည် ဆယ်ဝါအရတွင် စတင်ရေးသား၏။ သာသနာရေး ကိစ္စများကြောင့် အပြီးမသတ်နိုင်ဘဲ ၁၂၆၆ ခုနှစ်တွင်မှ ဆက်လက်ရေးသား အဆုံးသတ်ခဲ့၏။ (ထို့ကြောင့် မဃဒေဝ လင်္ကာကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၁၂၀ ပြည့်လေပြီ။)

 

ပထမစာမူနှင့် ဒုတိယစာမူတို့ကို ပုံနှိပ်ထုတ်ဝေခဲ့သည့်တိုင် ဆရာတော်ဘုရားကြီးသည် ၁၂၈၁ ခုနှစ်တွင် ပြန်လည် ပြင်ဆင် ရေးသားခဲ့ရာ တတိယစာမူတွင် ဒုတိယစာမူထက် နုတ်ပယ်ချက် (၈) ခု၊ ပြင်ဆင်ချက် ၅၅၅ ခု၊ ဖြည့်စွက်ချက် (၉၉၇) နှင့် အခန်း (၆) ခန်း၊ အခန်းငယ် (၅၀), စာပိုဒ်ပေါင်း (၆၂၅) ပိုဒ် ရှိလာခဲ့၏။

 

ဤသည်မှာ မဃဒေဝလင်္ကာကြီးနှင့် အခြား ပျို့ကဗျာများ ခြားနားချက် ဖြစ်၏။

 

ဒုတိယတစ်ချက်မှာ အခြား ပျို့ကဗျာများသည် မိမိတို့စပ်ဆိုသည့် အကြောင်းအရာတစ်ခုတည်းကိုသာ ဖွဲ့ဆိုလေ့ ရှိကြ၏။ မယ်ဘွဲ့ဆိုလျှင် မယ်အကြောင်း၊ မောင်ဘွဲ့ဆိုလျှင် မောင်အကြောင်း၊ ရာသီဘွဲ့ဆို ရာသီအကြောင်း၊ တစ်ခုစီသာ ပါလေ့ ရှိကြ၏။ 

 

သို့သော် မဃဒေဝလင်္ကာသစ်ကြီးကား စေ့တကာ စုံလှပါပေ၏။

မဃဒေဝ၏ မူရင်းဇာတ်တော်မှာ နေမိဇာတ်တော်မှ မဃဒေဝမင်းအကြောင်း ဖြစ်၏။ 

သို့သော် လင်္ကာကြီးကိုဖွဲ့ဆိုရာ၌ မဃဒေဝမင်းအကြောင်းမျှသာ မဟုတ်မူ၍ ဆရာတော်ကြီးက ဗဟုသုတရစရာ အကြောင်းအရာများကို ဟင်းလေးအိုးကြီးသဖွယ် စုဆောင်းထည့်သွင်းထား၍ စာဖတ်သူများအနေနှင့် ဖတ်၍မကုန် မှတ်၍မဆုံး ဖြစ်ရလေတော့သတည်း။

 

မဃဒေဝလင်္ကာသစ်ကြီးတွင် လောကီလူသားတို့ လိုက်နာရန် နီတိ၊ ဆုံးမစကားများကို ပုတ္တောဝါဒခန်းတွင် တဝကြီး ဖတ်ကြရမည်။

 

နက္ခတ်ကြောင်း၊ ဓာတ်အကြောင်း၊ စိုက်ပျိုးရေးအကြောင်း၊​ သတ်ပုံ၊ ရာဇဝင်၊ မူးမတ်တို့ကျင့်သုံးရမည့်တရား၊ စစ်တုရင်ကစားနည်း၊ ကျန်းမာရေးအတွက် လမ်းညွှန်ချက်၊ မိန်းမဆိုး၊ မိန်းမမြတ်တို့အကြောင်း၊ ယောက်ျားဆိုး၊ ယောက်ျားမြတ်တို့ အကြောင်း . . . 

 

“အနှစ်ပညာ၊ မရှိပါက၊ အင်္ဂါခြေလက်၊ ယောက်ျားလျက်လည်း၊ မိန်းမထက်သာ၊ ယုတ်မာဆိုးဝါး၊ မိုက်လုံးထွားသည်။       ။ နွားနှင့်ကျားနှင့် အတူတည်း” ဟူ၍လည်းကောင်း၊

 

စစ်ရေးစစ်ရာနှင့်ပတ်သက်၍ “ဗိုလ်ထုအင်အား၊ ငါကြီးမားဟု၊ မကိုးစားရာ၊ ရံတခါနှိုက်၊ ကြမ္မာမတော်၊ ခါမလျော်မူ၊ ချွတ်ချော်ရေးရာ၊ ပျက်တတ်စွာရှင့်” ဟူ၍လည်းကောင်း၊ 

 

ဗေဒအဟောနှင့် ပတ်သက်၍ စီးလဂ်ညံ့ညှိုး၊ တိုင်ကျိုးဆည်ပေါက်၊ တန်းအောက်ကျအိပ်၊ အနှိပ်အနာ၊ ကိုယ့်ဇာတာဝယ်၊ ကောဇာကောဝိန်၊ ဆတ္တိန်တြင်း၊ နဝင်း နက္ခတ်၊ မိတ္တုနတ်ဟု၊ ပါဒ်ပါဒ်ခြောက်ခု၊ မြွေပွေးတုသို့၊ အာယုခိုက်ထိ၊ ပူတိ ဘင်္ဂ၊ မရဏနှင့်၊ ကဏ္ဍသုံးခွင်၊ ထွက်ဝင်လာ၊ ဒသာမသန့်၊ အတန့်မကောင်း၊ သံတောင်းစီးနင်း၊ ပါပခြင်း၍၊ . . .” ဟူ၍လည်းကောင်း၊

 

ကျွန်ုပ်ဉာဏ် တစ်မိုက်လောက်နှင့် မဃဒေဝလင်္ကာသစ်ကြီးကို ချီးကျူးဘို့ရာ မစွမ်းသာပါ။ အားလုံးကို နားလည်ဘို့ မဆိုထားပါနှင့်။ သုံးပုံတစ်ပုံမျှ (အဲလေ များလွန်းပါသေးသည်။) ငါးပုံတစ်ပုံလောက်မျှ နားလည်မည်ဆိုလျှင်ပင် ငါကား အလွန့်အလွန်တော်လှလေစွတကား ဟု လက်ခမောင်း ခတ်ရတော့မည် ဖြစ်၏။ 

 

အမှန်စင်စစ် အဖွင့်ကျမ်း၊ အဖြေကျမ်းများ မရှိဘဲ မဃဒေဝကို အပြည့်အစုံနားလည်ဘို့ရာ မလွယ်လှပါ။ တကယ့်စာတတ် အကျော် ပုဂ္ဂိုလ်ကြီးများမှသာ တတ်နိုင်ပါလိမ့်မည်။

 

အကယ်၍သာ ကျွန်ုပ်သည် မြန်မာစာတွင် ပါရဂူဘွဲ့ယူ ကျမ်းပြုခွင့်ရသူတစ်ဦး ဖြစ်ခဲ့ပါမည်ဆိုလျှင် ကျွန်ုပ်ရွေးမည့် ခေါင်းစဉ်မှာ . . . 

 

“မဃဒေဝလင်္ကာသစ် လေ့လာချက်” စာတမ်းကို ရွေးချယ်မိမည် ဖြစ်ပါတော့သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ မတ်လ၊ ၂၀၂၄

Tuesday, March 26, 2024

လည်ပင်းကိုတစ်ရစ် တိုး၍ညှစ်ခြင်းအကြောင်း

မြန်မာပြည်မှာ သောက်ပြဿနာတွေ တက်သလို စလုံးမှာလည်း အလုပ်တွေကြပ်သထက် ကြပ်လာလျက် ရှိ၏။ 

ဟိုတစ်နေ့က အသိတစ်ယောက်နှင့် စကားပြောတော့ ဘယ်လောက်ဆိုးသလဲဆို သူတို့ကုမ္ပဏီက S Pass အားလုံးကို pass များ သက်တမ်းတိုးမပေးတော့ဘဲ အကုန်ပြန်လွှတ်သည်။ တချို့ Work Permit ပြောင်းချင်သူတွေကိုတော့ Work Permit နှင့် ဆက်လုပ်ခိုင်းသည်ဆို၏။

 

ကျွန်ုပ်အသိ ကောင်လေးတစ်ယောက်ဆိုလျှင်လည်း သူ့ S Pass ကို သက်တမ်းဆက်မတိုးပေးဘဲ work permit ပြောင်းလိုက ပြောင်းပေးမည်ဆို၏။

 

အခု တစ်ညိုးဖစ်ရပြန်ပြီ ခညာ။ 

 

နံနံခြားအလုပ်သမားများသည် လုပ်ငန်းခွင်မဝင်မီ သက်ဆိုင်ရာ Safety သင်တန်းများ တက်ကြရ၏။ ဆောက်လုပ်ရေး လုပ်သားများအတွက် ယခင်က CSOC ၊ ယခု Apply WSH in Construction Sites သင်တန်းကို တက်ကြရ၏။​ ထိုသင်တန်းပြီးဆုံးချိန်၌ စာမေးပွဲ ဖြေကြရ၏။ ထိုစာမေးပွဲအောင်မှ Safety Pass ကတ်ထုတ်ပေးကာ ထိုကတ်ဖြင့် အလုပ်လုပ်ကြရ၏။ ထိုသင်တန်းမတက်ဘဲ၊ ထိုကတ်မရှိဘဲ အလုပ်လုပ်လို့မရ။ ဤသည်မှာ ဥပဒေဖြစ်လျက် ထိုဥပဒေကို ချိုးဖောက်ပါက အလုပ်ရှင်ကိုလည်း အရေးယူမည်။ အလုပ်သမားကိုလည်း အရေးယူလို့ရ၏။

 

စာမေးပွဲတွင် (MCQ 40 Questions) မှားမှန်ရောထွေး အမှန်ရွေး မေးခွန်းပေါင်း အပုဒ် (၄၀) ပါ၏။ 

ယခင်က ထိုစာမေးပွဲကို OAS (Optical Answer Sheet) စက္ကူအဖြေလွှာပေါ်တွင် ခဲဖြင့်ခြစ်ကာ ဖြေရ၏။

မေးခွန်းမှာ စုစုပေါင်း အစုံ (၂၀) ရှိပြီး မေးခွန်းပေါင်း (၄၀) ကို ကုလားဖန်ထိုးကာ ထို အစုံ (၂၀) ပြင်ထား၏။ 

ဆိုလိုသည်မှာ နံပတ်ပင် မတူလင့်ကစား မေးခွန်းအားလုံးမှာ အတူတူပင်ဖြစ်၏။

ဆိုတော့ သင်တန်းဆရာအနေနှင့်လည်း ဟကောင်တွေ ဒါမျိုးတွေ မေးတတ်သဟ ဟု အရိပ်အမြွက် ပြောပြလို့ရ၏။

 

၂၀၂၄ ခုနှစ် ဇန္နဝါရီလမှစကာ မေးခွန်းများကို စက္ကူပေါ်တွင် မဖြေရတော့ဘဲ အီးသင်ပုန်းနှင့် ဖြေကြရတော့၏။ 

ဖြေပုံပြောင်းသည်သာမက မေးခွန်းပုံစံလည်း ပြောင်းလေ၏။

ယခင်က မေးခွန်း အစုံ (၂၀) ပင် ရှိလင့်ကစား မေးခွန်းအားလုံး အတူတူပင်ဖြစ်၏။

ယခု မေးခွန်း အစုံ (၂၀) မှာမူ တစ်ခုနှင့်တစ်ခုမတူ။

မေးခွန်းတစ်စုံတွင် PPE နှင့် ပတ်သက်သည်များ မေးပါက ထိုမေးခွန်းတစ်ခုလုံး PPE မေးခွန်း အတော်များများ ပါလေ၏။ သို့သော် ထိုမေးခွန်းမျိုး အခြားမေးခွန်းတစ်စုံတွင် မပါ။

မေးခွန်းတစ်စုံတွင် ကော်မတီနှင့် ပတ်သက်သည်များ မေးပါက ထိုမေးခွန်းတစ်ခုလုံး ကော်မတီမေးခွန်း အတော်များများ ပါလေ၏။ သို့သော် ထိုကော်မတီမေးခွန်းများ အခြားမေးခွန်းတစ်စုံ၌ မပါ။

 

နောက်ပြီးတော့ တချို့မေးခွန်းတွေမှာ သင်သည့်အထဲ၌ မပါ။

အဆိုးဆုံးကား သောက်တလွဲဘာသာပြန်များဖြစ်သတည်း။

တချို့မေးခွန်းတွေဆို ကျွန်ုပ်ကိုယ်တိုင်ပင် ဘာမေးထားမှန်း နားမလည်ပါ။ အဖြေတွေ ကြည့်ပြန်တော့လည်း ဘာဖြေလို့ ဖြေထားမှန်းတောင်မသိ။ တကယ့်ကို $$$$$$$$$စ်တလွဲ ခင်ဗျာ။

 

ဆိုတော့ သင်တန်းဆရာများမှာ မေးခွန်းအကြောင်း ဘာကို ဘယ်လိုပြောရမှန်းတောင် မသိတော့။

သို့တိုင် ဘယ်လိုဖြေဖြေ ၂၄ ပုဒ်မှန်လျှင် အောင်မည်။ သိပ်မဆိုးလှသေး။

 

ဟော - နောက်ထပ်တစ်ရစ်၊ 

ဗြစ်ဗြစ်မြည်အောင် ထပ်လို့ကျစ်

 

အရင်တုံးက အောင်မှတ် ၆၀% ဆိုတော့ MCQ အပုဒ် (၄၀) မှာ ၂၄ ပုဒ်မှန်ရင် အောင်ပြီ။ 

ဘယ်လိုမှန်မှန်၊ မှန်ရင်ရပြီ။

 

အခု အဲသလို မဟုတ်တော့ပါဒဲ့ခညာစ်။ 

 

မေးခွန်းတွင် သာမန်ဗဟုသုတ (Generic questions) နှင့် -

အသုံးချနယ်ပယ် (Applied questions) ဟု နှစ်ပိုင်းပါသည် ဆို၏။

အရင်တုံးက ဘယ်နှစ်ပိုင်းမှာ ဘယ်လောက်ပဲရရ စုစုပေါင်း ၂၄ ပုဒ်မှန်ရင်ရပြီ။

 

အခုကျဒေါ့စ် . . .

 

သာမန်ဗဟုသုတ (Generic questions) အပုဒ် (၂၀) တွင် (60%) ၁၂ ပုဒ် အနည်းဆုံးမှန်ရမည်။ 

အသုံးချနယ်ပယ် (Applied questions) အပုဒ် (၂၀) တွင် (60%) ၁၂ ပုဒ် အနည်းဆုံးမှန်ရမည်။

သို့မှ အောင်မည်။ အောင်မငီးစ်

 

အကယ်၍ ကံဆိုးသူမောင်ရှင်သည် . . .

 

(၁)

သာမန်ဗဟုသုတအပုဒ် (၂၀) တွင် ၁၄ ပုဒ်မှန်သည် (၇၀%)

အသုံးချနယ်ပယ် အပုဒ် (၂၀) တွင် ၁၀ ပုဒ်မှန်သည် (၅၀%) . . . ဆိုကြပါစို့။

စုစုပေါင်း အဖြေမှန် ၂၄ ပုဒ်ဖြစ်သည့်တိုင် ကျမည်။ ဒန်တန့်တန်

 

(၂)

သာမန်ဗဟုသုတအပုဒ် (၂၀) တွင် ၁၈ ပုဒ်မှန်သည် (၉၀%)

အသုံးချနယ်ပယ် အပုဒ် (၂၀) တွင် ၁၀ ပုဒ်မှန်သည် (၅၀%) . . . ဆိုကြပါစို့။

စုစုပေါင်း အဖြေမှန် ၃၈ ပုဒ်ဖြစ်သည့်တိုင် ကျမည်။ ဒန်တန့်တန်

 

အကယ်၍ မောင်ကျောင်းသားသည် . . . 

သာမန်ဗဟုသုတအပုဒ် (၂၀) တွင် ၁၃ ပုဒ်မှန်သည် (၆၅%)

အသုံးချနယ်ပယ် အပုဒ် (၂၀) တွင် ၁၂ ပုဒ်မှန်သည် (၆၀%) . . . ဆိုကြပါစို့။

စုစုပေါင်း အဖြေမှန် ၂၅ ပုဒ်ဖြစ်ပြီး ဒန်တန့်တန် (အဲလေ) Congratulations !!! အောင်မည်

 

Generic questions များဆိုသည်မှာ စင်ကာပူမှာ ရက်ကျော်နေရင် ဘာဖြစ်မလဲ စသည့် မေးခွန်းမျိုးများ ဖြစ်ပြီး

Applied questions များဆိုသည်မှာ ဘယ်အရာဟာ စက်မှုအန္တရာယ် ဖြစ်သလဲ စသည့် မေးခွန်းမျိုးများ ဖြစ်ပါ၏။

 

Generic questions ကို ‘အထွေထွေ ဗဟုသုတ’ 

Applied questions ကို ‘လက်တွေ့အသုံးချ ဗဟုသုတ’ ဟု ပြောနိုင်ပါလိမ့်မည်။

 

အသင် လူကလေး၊ လုံမကလေး (အဲလေ များသောအားဖြင့် လူကလေးတို့ များပါသည်) တို့သည် မျက်စိကိုဖွင့် နားကို စွင့်ကာ လေ့လာမှတ်သားကြပါကုန်လော့။ Safety သင်တန်းဆိုသည်မှာ မအောင်မချင်း ထပ်ချည်းတလဲလဲ ဖြေနေလို့ ရသည့်အမျိုး မဟုတ်။

 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ မတ်လ၊ ၂၀၂၄

ကျွန်ုပ်မုန်းသည့် ကပြားစကားပြောသူများအကြောင်း

SIP သင်တန်း၌ မေးခွန်းတွေဖြေရတာ၊ MWC အသင်းဝင်တာ စတာတွေကို QR code ကို scan လုပ်ပြီး ဖြည့်ရ၏။ 

 

ဟိုတစ်နေ့က ‘ကိုင်း၊ ကိုယ့်လူတို့ ဟောဒီ QR code ကို scan လုပ်ကြရအောင်’ ပြောတော့ လုပ်ကြ၏။ တစ်ယောက်က ထလာကာ ကျွန်ုပ်ကို အင်္ဂလိပ်လိုပြော၏။ ၎င်းပြောသည့် အင်္ဂလိပ်စကားမှာ you what, I what, whating, oh my goat ဟူသည့် အင်္ဂလိပ်စကားမျိုးဖြစ်၏။ သူဘာတွေပြောမှန်း ကျွန်ုပ် နားမလည်။

 

‘ဒီမယ်ကိုယ့်လူ၊ ကိုယ် တစ်ချိန်လုံးဗမာလိုပြောနေတာ မကြားဘူးလား။ ဘာကိစ္စ ဗမာလိုမပြောဘဲ အင်္ဂလိပ်လို ပြောချင်ရတာလဲ။ ဗမာလိုပြော’ ဟု ဟောက်လိုက်မှ ဗမာလိုပြောလေ၏။ 

 

Safety သင်တန်းတွင် လက်တွေ့ခန်း၌ ဒါဘာစက်လဲ သိကြရဲ့လားဟု မေးတော့ ဝရိန်ပုံး ဟု ပြောကြ၏။ ‘ဂဟေဆော်စက်’ ဟူသော မြန်မာစကားရှိပါလျက် ၎င်းတို့သည် ‘ဂဟေဆော်စက်’ ကို မသိ။ ဝရိန်ပုံးဟုသာ သိ၏။ ဘာကြောင့်နည်း။ ပြောချင်လျှင် Welding set ဟု အင်္ဂလိပ်လိုပြောပါ။ ဘာပြဿနာမှ မရှိ။ အခု ဝရိန်ပုံးဆိုတော့ အင်္ဂလိပ်မဟုတ်။ ဗမာမဟုတ်။ ဘာစကားပါနည်း။

 

ဟိုတစ်နေ့က ပင်နင်ဆူလာရောက်တော့ စာအုပ်သုံးအုပ် ဖတ်ဖို့ဝယ်လာ၏။ နုနုရည် (အင်းဝ) + ၂ ဖြစ်၏။ ခုခေတ် နာမည်ကြီး (နာမည်ကြီးထင်ပါသည်) စာရေးဆရာမတစ်ဦး၏ ဝတ္ထုစာအုပ်ကလေးကို ဖတ်ကြည့်လိုက်တော့ စိတ်ထဲ အနည်းငယ် ကသိကအောက် ဖြစ်သွားမိ၏။ သူ့စာအုပ်က လူတန်းစားမရွေး ဖတ်လို့ရသည့်စာအုပ်မဟုတ်။ ပညာတတ် (ပညာတတ် ဆိုတာတောင် သာမန် ဆယ်တန်းအောင်ရုံမျှ၊ တော်ရုံဘွဲ့တစ်ခုရရုံမျှ ပညာတတ်များမပါ) လူတန်းစား တစ်ခုသာ ဖတ်လို့ရမည်။ ဤကဲ့သို့သော အရေးအသားများနှင့်တောင်မှ နာမည်ကြီးလာတာ ကျွန်ုပ် အံ့ဩမဆုံးပါ။

 

စာရေးသူကတော့ မည်သည့်လူတန်းစားကို ရည်ရွယ်ရေးမှန်း ကျွန်ုပ်မသိပါ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လူတန်းစား မရွေး ဖတ်လို့ရသည့်စာအုပ်မဟုတ်သည့်အတွက် ကျွန်ုပ်ကတော့ မကြိုက်ပါ။ စာအုပ်က ဒိန်ခဲနှင့် ချိစ်နံ့များ သင်းပျံ့လွန်း လှ၏။ 

 

ကျွန်ုပ် ‘ရှင်မင်းဖွေး’ ဘာသာပြန်သည့် ‘ပင်လယ်ဘေးက ရွာကလေး’ ကို ဖတ်ကြည့်သည်။ သူသည် ငယ်ပင်ငယ်သေး သော်လည်း သူ့ဘာသာပြန် အရည်အသွေး မညံ့လှကြောင်း ထိုစာအုပ်က ဖော်ပြနေ၏။ သူ့စာအုပ်ထဲတွင် အင်္ဂလိပ် စကားလုံး တစ်လုံးမှမပါ။ သူရေးထားသည့် စာကြောင်းများမှာလည်း နားလည်ရလွယ်၏။ 

 

အထက်၌ ကျွန်ုပ်ပြောခဲ့သည့် ဒိန်ခဲနံ့ရသော စာအုပ်မှာ မြန်မာစာရေးဆရာမတစ်ဦး ရေးထားသော ကိုယ်တိုင်ရေး ဝတ္ထု ဖြစ်၏။ သို့တိုင် မြန်မာစကားလုံးများ အခိုင်အမာရှိနေပါလျက် ထိုစကားများကို မြန်မာစကားဖြင့် မရေးဘဲ အင်္ဂလိပ်လို ညှပ် ရေးထားလေတော့ . . . . ၎င်း၏စတိုင်သာ ဖြစ်ပါလိမ့်မည်။ အဲလေ သူနာမည်ကြီးတာကလည်း အဲသလိုရေးတာကို သဘောကျသည့် လူတန်းစားတစ်ရပ် ရှိနေလို့သာ ဖြစ်ပါလိမ့်မည်။

 

ကျွန်ုပ်သည် အချိန်အားရတိုင်း အသိပညာမျှဝေသည့် စကားဝိုင်းများသို့ တက်ရောက်နားထောင်လေ့ ရှိပါ၏။ ဤတွင်လည်း ပြောကြဆိုကြ ဆွေးနွေးကြသည့် သူများသည် မြန်မာလိုပြောလို့ရပါလျက် အင်္ဂလိပ်စကားလုံးများ ညှပ်၍ ပြောနေကြသည်ကို ကျွန်ုပ်မှာ အောင့်အည်းသည်းခံ နားထောင်နေရလေသော ဟူသတတ်။ ၎င်းတို့သည် အဘယ်ကြောင့် မြန်မာစကားကို မချစ်မြတ်နိုးနိုင်ဘဲ အင်္ဂလိပ်စကားလုံးများကိုသာ အထင်တကြီး ပြောဆိုကြရဘိသနည်း။ (အင်္ဂလိပ်လို ပြောချင်သပဆို ဆွေးနွေးပွဲ အစအဆုံး အင်္ဂလိပ်လိုချည်းပြောပါ။ ဘာပြဿနာမှ မရှိ။)

 

WSHM ဂျာနယ် စထုတ်စဉ်က အန္တရာယ်ကင်းရေးအကြောင်း စာများကို ၎င်း၏ ဖေ့စ်ဘုတ်တွင် မပြတ်ရေးတင်နေသည့် မိတ်ဆွေတစ်ဦးကို စင်တင်ပေးလိုသည့် သဘောနှင့် ကျွန်ုပ်က ၎င်းကို တွေ့ဆုံလျက် ဆွေးနွေး၏။ သူက သူ့စာများတွင် စာတစ်ကြောင်းလျှင် အင်္ဂလိပ်စာလုံး သုံးလုံးလောက် ထည့်ရေးထား၏။ နောက်ပြီး အသုံးအနှုန်းကလည်း မမှန်သေး။ ကျွန်ုပ်က သူ့ကို လူချင်းတွေ့လျက် ထိုစာများကို မြန်မာလိုပြင်ရေးပေးလျင် ဂျာနယ်ထဲ၌ ထည့်သုံးပေးမည်ဖြစ်ကြောင်း ပြောပါသေး၏။ မရပါ။ အကျင့်ဆိုတာ ဖျောက်ရခက်သားကလား။

 

ယခင်အခါ ကာလများဆီက စကားပြောသည့်အခါ အင်္ဂလိပ်လို ညှပ်ပြောသူများကို ကျွန်ုပ်က ‘လူ့အဆန်ချောင်’ စာရင်းထဲ၌ ထည့်ထားလျက် ထိုသူများနှင့် ခပ်ကင်းကင်းနေတတ်၏။ အခုတော့ ဘာစာမှ မတတ်သူများသည်လည်း ကြားဖူးနားဝ အင်္ဂလိပ်စကားလုံးများကို စကားပြောရာ၌ ညှပ်သုံးလာတတ်ကြပြီဖြစ်ရာ ကျွန်ုပ်၌ ပြောစရာစကားကို မရှိတော့ပါ။

 

၂၀၁၅ ခုနှစ်က ရွာပြန်လျက် သားတို့ကိုရှင်ပြုပေး၏။ ထိုအလှူသို့ ကျွန်ုပ်တို့နှင့် ရင်းနှီးသူ ရွာနီးချုပ်စပ်မှ ဆွေမျိုးအပေါင်း လည်း လာကြသည်ဖြစ်ရာ ထိုအထဲ၌ အတန်းကျောင်းဆို၍ တစ်တန်းမှ မတက်ခဲ့ဖူးသူ ကျွန်ုပ်နှင့် အလွန်နီးစပ်သော ဆွေမျိုးတစ်ဦးသည် ပါလာလေ၏။ သူပြောနေသည့် စကားဝိုင်း၌ ကျွန်ုပ်မှာ မကောင်းတတ်၍ မနိုင့်ရင်ကာ အောင့်အည်း သည်းခံနားထောင်နေရသော်လည်း သူ ဘာတွေပြောနေမှန်း ကျွန်ုပ် တစ်လုံးမှ နားမလည်ပါ။ ကျွန်ုပ်သာမဟုတ်။ အခြားသူများလည်း နားလည်မည် မထင်ပါ။ ၎င်းပြောသည့်အထဲ၌ ‘အက်စမစ်’ ‘အက်စမစ်’ ဟူသည့် စကား ထပ်ကာ ထပ်ကာ ပါ၏။ သူပြောသည့် ‘အက်စမစ်’ မှာ ‘estimate’ ကို ဆိုလိုမှန်း ကျွန်ုပ် သိ၏။ သို့သော် အခြားသူများ နားလည်ပါ မည်လော။ ၎င်းသည် အဘယ်ကြောင့် မြန်မာစကားကို မြန်မာနားလည်အောင် မပြောချင်ရဘိသနည်း။ ဤသည်ကို ဘဝင်ရူးဟု ခေါ်မည် ထင်၏။ ကွယ်လွန်ရှာလေပြီဖြစ်သည့် ကျွန်ုပ်အလွန်ချစ်သော ဦးကြီးဖိုးထောင်ကမူ ထိုကဲ့သို့သော လူများကိုတွေ့လျှင် နားထင်ကို လက်ညှိုးဖြင့် ထောက်ပြလျက် ဟီးဟီးဟု ပြုံးပြတတ်၏။ နားထင်ကို သွေးရောက်နေသူများဟု ဆိုလိုခြင်း ဖြစ်ပါ၏။ 

 

စင်ကာပူမှာနေပြီး Yes, no, very good သုံးလုံးလောက်သာ ပြောတတ်သူကလည်း စင်ကာပူဆိုတာ မှားတယ်။ စင်ကာပေါ ဆိုမှမှန်တယ်ဟု သူ့အပေါင်းအသင်းများကို ဆုံးမဩဝါဒပေးနေတာ ကြားရသည့်ခဏ ကျွန်ုပ်လည်း ဪ - အင်း ဟု ခေါင်းကို သုံးခါလောက် အသာငြိမ့်နေမိလေ၏။

 

အသင်တို့သည် အင်္ဂလိပ်လိုညှပ်ပြောရမှ လျှာတွေ့သည် ဆိုလျှင်လည်း ပြောကြပါ။ ဘာပြဿနာမှ မရှိ။

ကျွန်ုပ်ကမူ ကျွန်ုပ်မကြိုက်သည့်အကြောင်းကို ပြောခြင်းမျှ ဖြစ်၏။

 

သေချာသည်မှာကား ဟိုဆရာမ၏စာအုပ်ကို မည်မျှပင် နာမည်ကြီးနေပါစေ ကျွန်ုပ် လုံးဝ ဝယ်မဖတ်တော့ ဆိုသည့် အကြောင်း ဖြစ်ပါ၏။ မကြိုက်လည်း မတတ်နိုင်ပုစ်။

 

မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပါစေ။

ဟိုမြေနိုးလည်း ချီးပန်းပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၅ မတ်လ၊ ၂၀၂၄

Wednesday, March 20, 2024

ပြင်ခြင်း အနုပညာ (Art of Repairing)

(၁)

 

ဟိုတစ်နေ့က Safety သင်တန်း၌ သင်တန်းသားတစ်ယောက်ကို မေးကြည့်၏။

“မင်း ဗမှားပြည်မှာတုံးက ဘာတွေ လုပ်ခဲ့တာတုံးကွ”

“ကျော် မော်တော်ဆိုင်ကယ် ပြင်တယ်”

“ဟေ - တယ်ဟုတ်ပါလားကွ၊ မင်း မော်တော်ဆိုင်ကယ် ပြင်တတ်တယ်ပေါ့”

“အာ - သိပ်ပြင်တတ်တာပေါ့၊ ကျွန်တော်ဆိုင်ကယ်ပြင်တာ ၅ နှစ်မကတော့ဘူး”

“ကိုင်းကွာ၊ ဒါဆို ငါ့ကို ကာဘရိုက်တာတစ်လုံး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ရှင်းပြစမ်းပါအုံး”

“ငမ် - အဲ အင်း ဟိုဟာ . . . “

“ဘာတုံးကွ၊ အဲအင်း ဆိုတာ၊ မင်း ကာဘရိုက်တာကို သိသလား”

“ဟီး သိပုစ်”

“ငမ် - ဟကောင်၊ မင်း ကာဘရိုက်တာမသိဘဲနဲ့ ဘယ်လို ဆိုင်ကယ်ပြင်သတုံးကွ၊ ဒါဆိုကွာ၊ ကလပ်တစ်ခု အလုပ်လုပ်ပုံလေး ပြောပြစမ်းပါ”

“ငင့် - ဘာတုံး ကလပ် ဆိုတာ”

“တေဗျဇီ၊ ငါ့လူရယ်၊ ကာဘရိုက်တာလဲမသိ၊ ကလပ်လဲမသိဘဲ ဘယ်လိုလုပ် ဆိုင်ကယ်ပြင်သတုံးကွာ”

 

နောက်တစ်ယောက် -

“ကိုယ့်လူက ဗမာပြည်မှာတုံးက ဘာလုပ်ခဲ့တာလဲ”

“မီးဆင်တာ၊ ကျွန်တော် မီးဆင်တဲ့အတွေ့အကြုံ ဆယ်နှစ်လောက်ရှိတယ်”

“အဲ့လယ် - တယ်ဟုတ်ပါလား (မီးချောင်းကို လက်ညှိုးထိုးပြလျက်) ဟောဒီ အိမ်သုံးမီးဟာ ဗို့အားဘယ်လောက် ရှိသလဲ”

“ငါးဗို့”

“မြတ်ချွာဖျား၊ သေချာရဲ့လား ကိုယ့်လူရယ်။”

“ဟုတ်တယ်၊ အိမ်သုံးမီးက ငါးဗို့ရှိတယ်”

ကျွန်ုပ်ကိုများ ပြောင်နေသလားဟု သူ့မျက်လုံးများကို စိုက်ကြည့်လိုက်ရာ သူ တကယ်ပြောနေမှန်း သိရ။

 

(၂)

 

အသင်တို့ စက်အသစ်ကလေးတစ်လုံးရလာပြီဆိုလျှင် (တရုတ်စက်များမပါ) မောင်းလို့ မကောင်းပါသလော။ 

အမှန်ပင် ကောင်း၏။

သို့သော် နှစ်အတန်ကြာ သုံးပြီးသွားသည့်အခါ စက်က ကကျိုးကကြောင် ဖြစ်လာ၏။ တစ်ခါတလေ မောင်းနေရင်း စက်ရပ်သွား၏။ တစ်ခါတလေ နှိုးလို့မရ။

အဘယ်ကြောင့်နည်း။

ကြာလာသည့်အခါ လည်ပတ်၊ လှုပ်ရှားနေသည့် အစိတ်အပိုင်းများ ချို့ယွင်းလာ၏။ စားသွား၏။ ချောင်သွား၏။ 

ဆီလိုင်းများတွင် ချေးပိတ်၏။ မီးလိုင်းတွင် ကာဘွန်ချိုးများကပ်၍ မီးမကူးတော့။ 

ဤသည်ကို စက်ပျက်သည်ဟု ခေါ်၏။

 

စက် အဘယ်ကြောင့် ပျက်ရသနည်း။

မူလထုတ်လုပ်လိုက်သည့် ဒီဇိုင်းအတိုင်း၊ အတိုင်းအတာအတိုင်း မရှိတော့၍ ၊ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့၍ ဖြစ်၏။

ထိုအခါ စက်ကို ပြန်ကောင်းလာအောင် ပြင်ပေးရ၏။

 

သို့ဆိုလျှင် စက်ပြင်ခြင်း ဟူသည် အဘယ်နည်း။

ပျက်စီးချို့ယွင်းနေသည့် အစိတ်အပိုင်းကို ထုတ်လုပ်လိုက်စဉ်ကပုံစံအတိုင်း၊ အတိုင်းအတာအတိုင်း ရစေရန် ပြန်လည် ပြင်ဆင်ပေးခြင်းကို စက်ပြင်သည်ဟု ခေါ်၏။

 

ဆရာဝန်များ ဆေးကုပေးခြင်းသည်လည်း အတူတူပင် ဖြစ်၏။ 

ရောဂါဖြစ်သည် ဆိုခြင်းမှာ မအေမွေးတုံးက ပါလာသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ချို့ယွင်းကာ မဲလ်ဖန်ရှင်းနီး (ဟုတ်ပေါင်) ကောင်းကောင်း အလုပ်မလုပ်တော့ခြင်း ဖြစ်၏။ ဥပမာ - ဆေးလိပ်သောက်သည့်အခါ မီးခိုးထဲတွင် ပါလာသည့် ကာဘွန်များ လေအိတ်နံရံများတွင်ကပ်၍ လေအိတ်များက အောက်ဆီဂျင်ကိုလည်း စုပ်မယူနိုင်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ကိုလည်း ကောင်းကောင်း မထုတ်နိုင် ဖြစ်၏။ ဤကဲ့သို့ပျက်စီးသွားသည့် လေအိတ်ကလေးများ များလာသည့်အခါ အဆုပ်ကင်ဆာ ဖြစ်တော့၏။

 

ဆေးကုသည်ဆိုခြင်းမှာ ချို့ယွင်းသွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းကို မအေမွေးလာစဉ်ကအတိုင်း ပြန်ရလာစေရန် ပြုလုပ်ပေးခြင်းသာ ဖြစ်သတည်း။

 

ထို့ကြောင့် ဆေးကျောင်းသားများသည် လူ့ဗိုက်ထဲမှာ ဘာတွေ ဘယ်လိုတပ်ဆင်ထားသည်ကို သိနိုင်ရန် ရင်ကိုခွဲ၍ အသည်းကိုနုတ်ယူ (ဟုတ်ပေါင်၊ မွှားကုန်ပြီ) ရင်ကိုခွဲ၍ သေချာဂဏ ကြည့်ကြရခြင်း ဖြစ်သည် မဟုတ်တုံလော။

 

ထို့အတွက် စက်ပြင်မည့်သူသည် ထိုစက်၏ နဂိုမူလဒီဇိုင်း အဘယ်ကဲ့သို့ ရှိနေကြောင်း သိမထားသင့်ပါသလော။

အမှန်ပင် သိသင့်လေ၏။

 

စက်၏ မူလအခြေအနေ အဘယ်ကဲ့သို့ရှိသည်ကို မသိဘဲ သင်တို့သည် မည်ကဲ့သို့ စက်ကို ပြင်ပါမည်နည်း။ ပြောပြကြပါကုန်လော့။

 

တကယ်တတ်သိနားလည်သူကို Competent person ဟု ခေါ်၏။

Competent person ဆိုသူသည် စာတွေ့ရော လက်တွေ့ပါ နှစ်မျိုးစလုံး နားလည် တတ်ကျွမ်းထားရမည်။

 

အင်ဂျင်တစ်လုံးကို ပြင်မည့်သူသည် အင်ဂျင်တစ်လုံးတည်ဆောက်ပုံကို သေချာဂနစွာ သိရှိနားလည်ထားရမည်။ သို့မှသာ ပြစ်ချက်ကို သေသေချာချာ ရှာနိုင်မည်။ အင်ဂျင်ထဲ ဘာတွေပါမှန်းမသိဘဲ ဘယ်လိုပြင်မည်နည်း။ ဟိုရမ်းထိုး၊ ဒီရမ်းထိုး လို့ကတော့ ကောင်းလာဘို့ထက် ပိုဆိုးဘို့သာ များ၏။

 

အထက်ဖော်ပြပါ သကောင့်သားကလေးများသည် သိသင့်သိထိုက်သည့် အခြေခံ သဘောတရားကလေးများကိုသော်မှ မသိဘဲ ရမ်းတုတ်နေကြ၏။

ဤသည်မှာ အဘယ်ကြောင့်နည်း။

 

၎င်းတို့ကို ကျကျနန သင်ကြား လေ့ကျင့်ပေးလိုက်ခြင်းမဟုတ်ဘဲ သူများလုပ်တာကြည့်ပြီး မှတ်သားခြင်းကို အဟုတ်ကြီး ထင်နေကြသောကြောင့် ဖြစ်၏။ သည်လိုဖြစ်လျှင် သည်ကြိုးကိုဆက်ရမည်ဟု မှတ်ထားမည်။ သို့သော် ဘာကြောင့် ဆက်ရသည်ကို မသိ။

 

ကျေးလက်တောရွာများမှ ဒေါက်တာရမ်းကုများသည်လည်း အလားတူပင် ဖြစ်၏။

ဆရာဝန်က ဒီရောဂါကို ဒီဆေးပေးလိုက်တာ မှတ်ထားပြီး သူကလည်း ဤရောဂါမျိုးဖြစ်လျှင် ဤဆေးပေးရမည်ဟု တရားသေမှတ်ကာ ကုခြင်း ဖြစ်သတည်း။ သည့်ထက်မပို။

 

စက်ပြင်ဆရာများက စက်ကိုပြင်သည်။ ဆရာဝန်များက လူကိုပြင်သည်။ 

စက်ပြင်ဆရာများက စက်ကိုဖွင့်ပြီး အထဲက ကလီစာတွေကို ကြည့်၏။

ဆရာဝန်များက ဗိုက်ကိုဖွင့်ပြီး အထဲက ကလီစာတွေကို ကြည့်၏။

မတူပါသလော။ အတူတူပင် ဖြစ်၏။

 

(၃)

 

ပြန်ကောက်ရလျှင် ပြင်ဆင်ခြင်းဟူသည် စက်ရုံကထွက်လာသည့် အော်လဂျင်နယ်အတိုင်း ရအောင် ပြန်လုပ်ရခြင်း ဖြစ်၏။ အော်လဂျင်နယ်အတိုင်း မရလျှင်သော်မှ ၎င်းနှင့် အနီးစပ်ဆုံးတူအောင် လုပ်ရ၏။ သို့မှ စက်ပြန်ကောင်း၏။

အစားထိုးလျှင်သော်မှ​ မူရင်းပစ္စည်းနှင့် အစားထိုးနိုင်လျှင် ကောင်း၏။

မာစီးဒီးကားမှ ပစ္စည်းကိုလဲလျှင် မာစီးဒီးကား ပစ္စည်းနှင့်သာ လဲရ၏။

မာစီးဒီးချင်းတူလျင်သော်မှ မော်ဒယ်ချင်း တူပါအုံးမှ။

 

မာစီးဒီးကားကို ဟွန်ဒါဖစ်ပစ္စည်းနှင့်သာ လဲလှယ်တပ်ဆင်လိုက်ပါက - 

မင်းသားခေါင်းပေါင်းထားပြီး တောင်ပို့နှစ်လုံးကို ဖော်ထားသည့် (ဘာခေါ်မလဲ) ကိုဝတ်ထားသော ဟိုမော်ဒယ်လို ဖြစ်သွားချေမည်သာတည်း။

 

ကျေးဇူးတင်ပါသည်။

 

 

အေးငြိမ်း

၂၀ မတ်လ၊ ၂၀၂၄ 

Thursday, March 14, 2024

ဖုန်းတစ်ခုလုံး အသုံးချနည်း

(၁) တယ်လီဖုန်း ဖြစ်ပေါ်လာပုံ

 

နေ့စဉ်နှင့်အမျှ လူတို့သည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံကြရ၏။ ထိုသို့ ပြောဆိုဆက်ဆံကြရာဝယ် အနီးအနား၌ ရှိလျှင် စကားပြောလို့ရ၏။ သို့သော် အဝေးကလူကို မည်ကဲ့သို့ ပြောပါမည်နည်း။ 

 

လွန်ခဲ့သည့် နှစ်ပေါင်း (၁၅၀) လောက်က တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးမှာ အကန့်အသတ်ရှိ၏။ အဝေးတစ်နေရာမှ လူများကို သတင်းစကားပါးရန် ပထမ စာပို့စနစ်ကို သုံးကြ၏။ စာပို့ရာတွင် လူများ ခြေလျင်ခရီးသွား၍ ပို့သည်လည်း ရှိ၏။ မြင်းသည်တော်များ စေလွှတ် ဆက်သွယ်သည်လည်းရှိ၏။ ခို၊ ကျေး စသည်တို့ကို ဆက်သားစေလွှတ် ပေးပို့စေ သည်လည်း ရှိ၏။

 

ဘင်ဂျမင် ဖရင်ကလင်၊ သောမတ်စ်အယ်ဒီဆင်၊ မိုက်ကယ်ဖာရာဒေး စသည့် ပညာရှင်ကြီးများ၏ ကျေးဇူးကြောင့် ဤကမ္ဘာတွင် လျှပ်စစ်ဆိုတာကြီးကို ဖော်ထုတ်အသုံးချနိုင်ပြီးသည့်နောက် လူတို့၏ နေ့စဉ်လူနေမှုဘဝမှာ များစွာ ပြောင်းလဲခဲ့၏။

 

လျှပ်စစ်သည် တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်သည် ဆိုခြင်းကို သိပြီးသကာလ ဤသည်ကို အသုံးချ၍ အဝေးတစ်နေရာသို့ လျှပ်စစ်သုံး၍ ဆက်သွယ်ရန် ကြံဆလာခဲ့ကြ၏။

 

ပထမတွင် ကြေးနန်းစနစ် (telegraph) ကိုတီထွင်၏။ တယ်လီဂရပ် ဆက်သွယ်မှုစနစ်မှာ တစ်နေရာက အချက်ပြမှုကို နောက်တစ်နေရာက လက်ခံရယူသည့်စနစ်ဖြစ်၏။ ၎င်းက စာလုံးများကို code အဖြစ်ပြောင်းကာပေးပို့ပြီး လက်ခံ ရရှိသည့်နေရာက ထိုကုဒ်များကို အဓိပ္ပာယ်ပြန်ဖော်ရတာ ဖြစ်၏။ (ထိုကုဒ်ကလေးများမှာ အစက်နှင့် မျဉ်းတိုများ ဖြစ်၏။) ၁၈၄၄ ခုနှစ်တွင် အမေရိကန်တီထွင်သူ ဆင်မြူယယ်မော့စ်က တယ်လီဂရပ်ကို စတင်တီထွင်ခဲ့တာ ဖြစ်၏။

 

အသံဟူသည် တုန်ခါမှုဖြစ်၏။ တုန်ခါမှုလှိုင်းအလျား ကြိမ်နှုန်းစသည်တို့အပေါ် မူတည်၍ အသံအမျိုးမျိုး ပြောင်းသွား၏။ 

အလက်ဇန္ဒား ဂရေဟမ်ဘဲလ်က ထိုသီအိုရီကို အသုံးချကာ ဝါယာကြိုးဖြင့် ကုဒ်များကို ပေးပို့နိုင်လျှင် အသံကိုလည်း ကြိမ်နှုန်းဖြင့် ပေးပို့နိုင်မည်ဟု ဝါယာကြိုးမှတစ်ဆင့် အသံကိုပေးပို့ရန် ကြံဆတော့၏။ ၁၈၇၅ ခုနှစ်တွင် ဘဲလ်နှင့် သူ့လုပ်ဖော်ကိုင်ဖက် သောမတ်စ် ဝပ်ဆင်တို့သည် လျှပ်စစ်ကို အသံသို့ ပြောင်းနိုင်ကြောင်း တွေ့ရလေ၏။ သို့ဖြင့် မတ်လ ၇ ရက်၊ ၁၈၇၆ ခုနှစ်တွင် ဘဲလ်သည် ၎င်း၏ တယ်လီဖုန်းမူပိုင်ခွင့်ကို လက်ခံရရှိခဲ့၏။ ရက်အနည်းငယ်အကြာတွင် ဘဲလ်က သူ့မိတ်ဆွေ ဝပ်ဆင်ထံသို့ “Mr. Watson, come here. I want you.” ဟု ဖုန်းလှမ်းဆက်လေရာ ဤသည်ပင်လျှင် ကမ္ဘာ့ပထမဆုံး တယ်လီဖုန်းဆက်သွယ်မှု ဖြစ်လေတော့သတည်း။

 

(သို့တိုင် ဂရေဟမ်ဘဲလ်သည် ၎င်း၏တယ်လီဖုန်းကို မှတ်ပုံတင်အပြီး အနှစ် (၂၀) အတွင်း အခြားသော သိပ္ပံပညာရှင်များ က ၎င်းတို့သည် တယ်လီဖုန်းကို ဘဲလ်ထက်ပိုပြီး စောစွာ တီထွင်ခဲ့ကြပြီး ဖြစ်သည်ဟု ဘဲလ်၏ မူပိုင်ခွင့်ကို ပြန်လည် ရုပ်သိမ်းရန် တရားစွဲဆိုမှု အကြိမ်ပေါင်း (၅၅၀) ကျော် ပြုလုပ်ခဲ့ကြသေး၏။ သို့သော် ဤတရားစွဲဆိုမှုတစ်ခုမှ မအောင်မြင်ခဲ့ပါ။)

 

(အမှန်ဆို ဖုန်းကို စတင်တွေ့ရှိသူသည် ဘဲလ်ဟုတ်ချင်မှ ဟုတ်ပါမည်။ အခြားသူများလည်း ဝါယာကြိုးကို အသုံးပြုလျက် အသံပို့သည့်စနစ်ကို တွေ့ရှိပြီး ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် ၎င်းတို့က ဝါယာကြိုးကိုသုံးလျက် စကားပြောသည့် စနစ်ကို လုံးဝ အောင်မြင်ထမြောက်သည်ထိ အကြိမ်ကြိမ် စမ်းသပ်နေစဉ် ဘဲလ်က လက်ဦးမှုရယူကာ မူပိုင်ခွင့်တင်လိုက် သည့်အတွက် တယ်လီဖုန်းကို တီထွင်သူမှာ ဘဲလ်ဖြစ်သည် ဟု ယနေ့ကမ္ဘာတွင် မှတ်ယူနေကြရခြင်း ဖြစ်သတည်း။)

 

(ဖုန်းတီထွင်မှုနှင့်ပတ်သက်၍ အခြား စိတ်ဝင်စားစရာ အချက်ကလေးများ ရှိသေးသော်လည်း ရေးလိုရင်း ရည်ရွယ်ချက်မှ ဘေးချော်သွားမည် စိုးပါသဖြင့် ဤမျှနှင့် နှစ်သိမ့်တော်မူကြပါစေလိုကြောင်း။) 

 

(၂) ကြိုးဖုန်း

 

ဘဲလ်တို့ စတင်တီထွင်ခဲ့စဉ်က ဝါယာကြိုးမှ စီးဝင်လာသည့် လျှပ်စစ်သံလိုက်လှိုင်းများကို အသံအဖြစ် ပြောင်းယူသည့် စနစ်ဖြစ်သည့်အတွက် အသံကို အပို့အယူလုပ်ရန် ဝါယာကြိုးသည် မရှိမဖြစ်လို၏။ ထို့ကြောင့် အမေရိကားက ပြောသည့် စကားကို မြန်မာပြည်က ကြားရရန် အမေရိကားမှသည် မြန်မာပြည်ထိ ဝါယာကြိုးသွယ်တန်းထားရ၏။ 

 

ထို့ကြောင့် လူကြီးမင်းတို့အိမ်ရှေ့ ဓာတ်တိုင်တွင် စာဘူးတောင်းသိုက်ထက် ပိုရှုပ်သော ကိုဖိုးရှုပ် (ဟုတ်ပေါင် မွှားလို့) ဖုန်းကြိုးများကို တွေ့ကြရခြင်း ဖြစ်သတည်း။ ထိုစာဘူးတောင်းသိုက်များကို လာပြင်တတ်သော ကိုဖုန်းကင် (ဟုတ်ပေါင်) ဖုန်းပြင်သူများကို ကျွန်ုပ် အလွန်ချီးကျူးမိလေ၏။

 

ထိုကြိုးတန်းလန်းဖုန်းတောင်မှ ကျွန်ုပ်တို့မှာ တပ်ချင်တိုင်း တပ်၊ ဆင်ခြင်းတိုင်း ဆင်လို့ရတာမဟုတ်။ ကျွန်ုပ်တို့ငယ်စဉ်က တယ်လီဖုန်းရှိသည့်အိမ်ဆိုတာ အလွန်အင်မတန့်ကို ချမ်းသာသော အိမ် ဖြစ်၏။ ကျွန်ုပ်တို့လို ရခိုင်ရိုးမတောင်ခြေနားမှာ မွေးလာသည့် တောသားကလေးများဆိုလျှင် ဖုန်းဆက်တာကို ရုပ်ရှင်ထဲမှာသာ မြင်ဖူးရတာ ဖြစ်၏။ 

 

ဘုရားစူးရပါစေ့။ ကျောင်းပြီးလို့ ဘွဲ့ဝတ်စုံကြီး ငှားဝတ်ကာ ပြန်အပ်ပြီးသည့် အချိန်အထိ ကျွန်ုပ်အနေနှင့် ဖုန်းကို လက်နှင့်ကိုင်ပြီး စတိုင်ကျကျ ပြောခဲ့ဖူးသည်ဟု တစ်ခါဖူးမှ မမှတ်မိခဲ့ဖူးပါ။ မျက်စိလည် လမ်းမှားပြီး ရေဆင်းကို ရောက်သွားတော့မှ ဖုန်းဆိုတာကြီးကို စတင်ပြောဖူးခြင်း ဖြစ်ပါ၏။ ဖုန်းအော်ပရေတာ ကန်မကလေးက သည်ဘက်က ဖုန်းကြိုးကို ဇတ်ကနဲ ဆွဲဖြုတ်ပြီး ဟိုဘက်အပေါက်ထဲ ထိုးထည့်။ ဟိုဘက်က ဖုန်းကြိုးကို ဇတ်ကနဲ ဆောင့်ဆွဲကာ သည်ဘက်အပေါက်ထဲ ဇွပ်ကနဲ စွပ်ထည့် နေသည်များကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေခဲ့ဖူးသော အချိန်များ အမှန်တကယ့်ကို ရှိခဲ့ဖူးပါ၏။ 

 

ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်အပျက်ပါ ဘုရားစူးစေ့ . . . .

(စိုင်းထီးဆိုင် - တရုတ်တန်းဈေးက အဖြစ်အပျက်လေး။ လူကြမ်းမင်းသား စီးရီး)

 

(၃) စမတ်ဖုန်းက လုပ်နိုင်သည်များ

 

ကိုးရီးယားကားတွေမှာ တံမြက်စည်းလှည်းသည့်လူက လက်ကိုင်ဖုန်းနှင့် စကားပြောနေတာ ကြည့်ရတော့ အလကား၊ သောက်ဖင်ခေါင်းကျယ်တဲ့ကောင်တွေ။ ဟုတ်လည်း မဟုတ်ဘဲနဲ့ ဟု ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုကြတာ သင်တို့ မှတ်မိ ပါလိမ့်ဦးမည်။ အနို့ သူတို့ထင်မယ်ဆိုလည်း ထင်စရာပေပ ခင်ဗျာ။ သူများတိုင်းပြည်တွေမှာ စင်းကဒ်ကို အလကား နီးပါးနဲ့ ရနေပါလျက် သူများထက်ထူး၊ နဖူးယီးပေါက်နေတဲ့ ဗမာပြည်မှာက စင်းကဒ်ကို သိန်း ၃-၄၀ ပေး ဝယ်နေရသကိုး။

 

လက်ကိုင်ဖုန်းပေါ်စက တစ်တောင်လောက်ရှိသော ဖုန်းကြီးတွေကို လည်ပင်းမှာ နွားများ ခလောက်ဆွဲသလို ဆွဲထားလျက် လူထူပြီပလားဆိုလျှင် “ဟဲ့ ဟိုကောင်လေး၊ အိမ်သာတက်နေတာ ခုထိ မပြီးသေးဘူးလား။” “ဟဲ့ - ထမင်းအိုးခလုတ်တက်သွားရင် မီးပိတ်လိုက်အုံး” စသဖြင့် ၆ရေးမပါတာတွေကို အော်ကျယ်ဟစ်ကျယ်နှင့် ပြောနေတာ မြင်ပြင်းကပ်စွာ အသင်တို့ ကြားဖူးကြပါလိမ့်မည်။

(ဤကဲ့သို့သော အဆန်ချောင် လူတန်းစားကို ဗမှားပြည်ကလွဲလို့ တခြားတိုင်းပြည်တွေမှာ မတွေ့နိုင်။) 

 

ဖုန်းကိုစတင်တီထွင်စဉ်က အဓိကရည်ရွယ်ချက်မှာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ် ပြောဆိုနိုင်ရေး ဖြစ်၏။ အစောဆုံး ထွက်ခဲ့သည့် ဖုန်းများမှာလည်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုခြင်းကိုသာ ပြုနိုင်၏။ တခြား ဘာကိစ္စ အတွက်မှ အသုံးမပြုနိုင်။

 

၁၉၇၀၊ ၈၀၊ ၉၀ ခုနှစ်များက ဖုန်းတစ်လုံးကို မျိုးစုံအသုံးချနိုင်လိမ့်မည်ဟု မည်သူ မျှော်လင့်ပါမည်နည်း။ ထိုအချိန်ကသာ “ဟေ့ယောင်၊ ဖုန်းကိုသုံးပြီး ပိုက်ဆံလွှဲလို့ရသကွ” ဟု ဆိုလျှင် “သောက်ရူး၊ ဘာတွေလာပြောနေတာလဲ” ဟု အပြောခံရ ဘို့ သေချာပါသည်။ ယခုခေတ်တွင်မတော့ လက်ကိုင်ဖုန်းကိုသုံးပြီး ပိုက်ဆံလွှဲတာ ဘာမှ အဆန်းတကြယ် မဟုတ်တော့ပါ။ ဆန်းပေစွတကား။

 

ကျွန်ုပ်အဖို့မူ စမတ်ဖုန်း ထွင်ခဲ့သူများကို အလွန်ကျေးဇူးတင်မိလေ၏။

 

အရင်တုံးက လေဒီအိုနားထောင်ချင်လျှင် လေဒီအိုဝယ်ရသည်။ လေဒီအိုမရှိဘဲ နားထောင်ချင်လို့မရ။

သတင်းစာမရှိဘဲ ဘာသတင်းမှ ဖတ်လို့မရ။ သတင်းပလင်းလေး သိချင်လျှင် သတင်းစာရှာဖတ်ရ၏။

စာအုပ်ဖတ်ချင်သလား။ စာအုပ်ဆိုင် သွား ငှားဖတ်။ စာအုပ်ငှားတဲ့ကောင်မလေးကို ငမ်း။ (ဟုတ်ပေါင်)

အရင်တုံးက မှောင်ကြီးမည်းမည်းထဲ သွားချင်လျှင် လက်နှိပ်ဓာတ်မီး ဆောင်သွားရသည်။ အခုခေတ်မှာ သည်လောက်လေးပြီး သည်လောက်ကြီးသည့် ဓာတ်မီးကြီး ဘယ်သူ ဆောင်သွားပါမည်နည်း။ (အဲလေ၊ သောက်မြင်ကပ်တဲ့သူကို ချောင်းရိုက်ဘို့တော့ အသုံးတည့်သပေါ့။ စဒါဘာ စဒါဘာ)

 

ကျွန်ုပ်တို့ ငယ်ငယ်က ဓာတ်ရှင်ကြည့်ချင်လျှင် အောင်ဘော်သို့သွားကာ လယ်ကွင်းထဲ ထောင်ထားသည့် ပိတ်စပေါ်၊ ဂျောက်ဂျောက်ဂျောက်ဂျောက် . . . ချပ်ချပ်ချပ်ချပ် နှင့် ဖလင်ခွေကြီး ထည့်လှည့်သည့် ကာဘွန်မီးနှင့် ထိုးပြသော မှုန်တိမှုန်ဝါး ရုပ်ရှင်ကို တုန်ချိတုန်ချိ (ဒချိဒချိမဟုတ်) နှင့် ကြည့်ခဲ့ရ၏။ အခု အဲသလောက် ဒွတ်ခများစရာ မလိုတော့။

အရင်တုံးက ဟိုဟိုသည်သည် ပိုက်ဆံပို့ချင်လျှင် စာတိုက်ကိုသွားကာ မန်နီအော်ဒါဆိုတာကြီးနှင့် ပို့ရ၏။ အခု ဘယ်မနီကိုမှ အော်ဒါလုပ်စရာ မလိုတော့ပါ။ 

 

ကျွန်ုပ်တို့ငယ်စဉ်က “ထွေးညိုလေးရယ် . . . သေးဆိုတာ မတ်တပ်ပေါက်ရတယ် (ဟုတ်ပေါင်) . . .” ဆိုသည့် တွံတေးသိန်းတန်၏ သီချင်းကို နားထောင်ဘို့ ဓာတ်ပြားစက်ဖွင့်သည့် စက်ဆရာကို လက်ဖက်ပန်းကန်နှင့် မျက်နှာလုပ်ရ၏။ အခုတော့ ဘယ်သကောင့်သားကိုမှ လဖက်ကျွေးစရာ မလိုတော့ပြီ။ 

 

အခုတော့ အပေါ်မှာပြောခဲ့သာတွေကို လက်တစ်ဝါးစာလောက်ရှိသည့် အနှီ စမတ်ဖုန်းဆိုတာလေးက အကုန် လုပ်ပေး နိုင်လေပြီ။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

 

အဲသလောက် အဆင်ပြေနေပါရက်ကနဲ့ဟာတောင် ပိုက်ဆံကို စက်မှာသွားထုတ်ပြီး ငွေသားနဲ့ ပေးနေရတုံး ဆိုတော့ စဉ်းစားသာ ကြည့်ပါရော့ ခညာ။ (မယုံရင် စလုံးကိုလာခဲ့ပါ။ အသင်တို့နားရွက်ကိုဆွဲပြီး ကျွန်ုပ် လိုက်ပြပါမည်။)

 

သာမန်ကိစ္စများဖြစ်သည့် ဖုန်းပြောခြင်း၊ မတ်စိပို့ခြင်း၊ ဗီဒီယိုကောခေါ်ကာ မိန်းမနှင့် ဖုန်းပြောခြင်း၊ ဂဏန်းပေါင်းစက် စသည်တို့အပြင် စမတ်ဖုန်းမှာ လုပ်လို့ရနိုင်တာတွေ များပြားလှ၏။

 

ပထမဆုံးတစ်ခုမှာ သင်တို့ဘဝဖြစ်သော ဖေ့စ်ဘုတ် ဖြစ်၏။ အသင်တို့ကား ထမင်းသာ မစားချင် မစားဘဲ နေရမည်။ ဖေ့စ်ဘုတ်ကိုတော့ မကြည့်ဘဲ မနေနိုင်ကြသူများ ဖြစ်၏။ ဖေ့စ်ဘုတ် မပေါ်မီက ကျွန်ုပ်တို့မှာ အချိန်ပိုများ များပြားလှ၏။ ထိုအချိန်ပိုများတွင် စာဖတ်လို့ရ၏။ အပေါင်းအသင်းမိတ်ဆွေများနှင့် ဘီယာသောက် (ဟုတ်ပေါင်) လဖက်ရည်ဆိုင် ထိုင်ကာ လေပန်းလို့ရ၏။ တီဗီမှလာသော ဒို့တာဝန်အရေးသုံးပါးကို ကြည့်ကာ တအေးတဆေးထိုင် ကလော်တုတ်နိုင်၏။

 

အဲ . . . ဖေ့စ်ဘုတ်ပေါ်လာသည့် အချိန်ကစလို့ သယ်ရင်းတွေနှင့် တအေးတဆေးထိုင်ပြီးတော့လည်း လေမကန်နိုင်တော့။ တီဗီမှလာသည့် ခေတ်မီဖွံ့ဖြိုးပြီး အေးချမ်းသာယာလှပနေသည့် နိုင်ငံတော်သစ်ကြီးကိုလည်း မကြည့်နိုင်တော့။ အဲ အဲ စာမဖတ်ဖြစ်ဟုတော့ ပြောလို့မရ။ ဖေ့စ်ဘုတ်မှ ဖေတော့မောင်တော့များကို ဖတ်နေရသည်နှင့် မျက်စိပင် မအားနိုင်။

 

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ ဗမာနိုင်ငံမှ သတင်းပလင်း၊ အတင်းအဖျင်းများရော။ ကမ္ဘာတစ်ဝှမ်းမှ သတင်းများကိုပါ နေ့မဆိုင်းညမဆိုင်း သိနိုင်လေ၏။ 

 

ယခင်အခါကာလများကဆိုလျှင် အသင်တို့သည် သတင်းကလေးဘာလေး ဖတ်ရဘို့အရေး မြင်းမအလံနှင့် ကြေးမုံတည်း ဟူသော နိုင်ဂံဘိုင် သတင်းစာကြီးတွေကို မှာယူဖတ်ရှုရ၏။ နောက်ပြီးတော့ ထီးတော်မိုးများ၊ နောက်လိုက်နောက်ပါများ နှင့် အလုပ်မရှိ အလုပ်ရှာလျက် ဟိုအနားသွား မလိုအပ်သည်များကို မှာစားလိုက်၊ ဒီနားသွား မလိုအပ်သည်များကို စစ်ဆေးလိုက် လုပ်နေသည့် မြန်မာ့အကျိုးကို ဦးဆွေးဆံမြည့် သည်ပိုးနေသော နိုင်ဂံဒေါ်အကြီးအကဲကြီးများကို မမြင်ချင် မနေရ၊ အော့နှလုံးနာဖွယ် မြင်တွေ့ကြရကုန်၏။

 

ယခုမူ အသင်တို့သည် အနှီ ဘာအနှစ်သာရမှ မရှိသော သတင်းစာများကို ပိုက်ဆံအကုန်ခံပြီး လပေးမှာနေစရာ မလိုတော့။ သပိတ်မှောက်ထားလိုက ထားနိုင်ပေပြီ။ အသင်တို့အနေနှင့် အိပ်ယာကနိုးလတ်သော် မထသေးဘဲ ဖွဘုတ်ကို ဖွင့်လိုက်သည်နှင့် ပူပူနွေးနွေး သတင်းပေါင်းစုံကို ဖတ်နိုင်လေသည်။ ဘယ်နားမှာတော့ ငှက်ဘယ်နှစ်ကောင် ကင်လိုက် ပြီ။ ဘယ်နားမှာတော့ စကစတို့ အလှူကြီးပေးသွားသည် စသည့် မင်္ဂလာသတင်းများကို မြိန်ရည်ရှက်ရည် ဖတ်နိုင်လေပြီ။ ဖတ်ရုံမျှမက အသည်းလေးတောင် ပေးလိုက်နိုင်သေး၏။

 

နောက်ပြီးတော့ နံနံခြားသွား အလုပ်လုပ်နေသည့် ကိုကိုနှင့် ဗီဒီယိုကော ခေါ်ကာ သူ့မျက်နှာကလေးကြည့်လျက် စကား ပြောနိုင်၏။ ဟောဒီမှာ ကြမ်း၊ ဒါ ကိုကိုတို့ အလုပ်လုပ်တဲ့နေရာဟုပင် မိမိရောက်နေသည့်နေရာကို ပြနိုင်ပေသေး၏။

 

အသင်တို့သည် အရေးကြီးသည့် စာရွက်စာတမ်းများ အလိုရှိသည်ဖြစ်အံ့။ ထိုဖုန်းကလေးသုံးလျက် စာရွက်စာတမ်းများ၊ ဓာတ်ပုံများကို ပေးပို့နိုင်၏။ ဟဲ့ မဟဝှာရေ၊ ငါ့မှတ်ပုံတင်မေ့ကျန်ခဲ့လို့ အဲဒါလေး ဓာတ်ပုံရိုက်ပို့လိုက်စမ်းပါဆိုလျှင် စက္ကန့်ပိုင်းအတွင်း ရောက်လာမည်။ မိမိတို့၏ အရေးကြီးသည့် စာရွက်စာတမ်းများကို Google drive ထဲ ထည့်ထားက ကြိုက်သည့်နေရာမှနေ၍ ပရင့်ထုတ်နိုင်၏။

 

အသင်တို့သည် ရိုက်လိုက်သည့် ဓာတ်ပုံမှန်သမျှကို Google Photo တွင် save လုပ်ရန် setting လုပ်ထားပါက မိမိရိုက်သမျှ ဓာတ်ပုံအားလုံးကို Google Photo တွင် အချိန်မရွေး ပြန်ကြည့်နိုင်လေသည်။ ကိုယ့်မိသားစုဆီ ပြန်ပို့လိုက လည်း Whatsapp, Viber, WeTransfer မျိုးစုံသုံး၍ ရှယ်နိုင်၏။ အောင်မယ်။ ဝါသနာပါလျှင် ဗီဒီယိုတောင် editing လုပ်လို့ရသေး၏။

 

email စစ်တာ၊ email ပို့တာရော။ ဘာ ကွန်ပြူတာမှ မလို။ ဖုန်းနှင့်ပင် ပို့နိုင်လေ၏။ 

 

ယခင်က ကျွန်ုပ်တို့ safety inspection သွားပါက ကင်မရာယူရ၏။ ဓာတ်မီးယူရ၏။ မှတ်စုစာအုပ် ယူရ၏။ ယခုမူ ထိုအရာများ ဘာမှ ယူစရာမလိုတော့ပြီ။ ဖုန်းတလုံးရှိလျှင်ပင် ပြီးလေတော့၏။ All in one ပဲ ဆိုကြပါစို့။


 

(၄) စလုံးက Apps များ


 

စလုံးအစိုးရကတော့ တက်ခနော်လော်ဂျီကို ကောင်းကောင်း အသုံးချ၏။ (၅ နှစ်နဲ့ကျော်တက်မယ်ဆိုတဲ့ ဟို ဧရာဝတီတိုင်းက အကောင်။ စလုံးကို ခဏလောက်လာခဲ့စမ်းပါ။ နာ ဖင်ပိတ်ကန်ချင်လို့။)

 

သည်ကနေ့က သတင်းထဲမှာဘဲ မလေးရှားနဲ့ စင်ကာပူကို အဝင်အထွက်လုပ်တာ ဘာပတ်စ်ပို့မှ ပြနေစရာမလိုတော့ဘဲ QR code ကို scan လုပ်ရုံနှင့်ရပြီ ဆိုသည့်သတင်းကို ဖတ်ရ၏။

 

အသင်တို့သည် ဟိုဟိုသည်သည် သွားစရာရှိလျှင် မှတ်ပုံတင်ကတ် ကိုင်သွားစရာမလိုတော့ပြီ။ SingPass Apps ဖြင့် ကိစ္စပြီး၏။ Digital IC ဟု ခေါ်၏။ SingPass သည် စင်ကာပူအစိုးရက လုပ်ပေးထားသည့် apps ဖြစ်ပြီး အစိုးရ၏ လုပ်ငန်းဆောင်တာ ကိစ္စဝိစ္စအရပ်ရပ်ကို လုပ်ရကိုင်ရ အဆင်ပြေအောင် လုပ်ပေးထားတာ ဖြစ်၏။ (SingPass အကြောင်း မကြာသေးမီက ကျွန်ုပ် ပို့စ်တစ်ပုဒ် ရေးတင်ပေးထားခဲ့ပါသေး၏။ SingPass အကြောင်း အသေးစိတ် သိလိုသူ များ ထိုပို့စ်ကို ရှာဖတ်ကြပါကုန်။ ဤကား စကားချပ်)

 

အသင်တို့သည် CPF ကိစ္စများလုပ်လိုလျှင်၊ အိမ်ငှားတာ၊ ရောင်း/ဝယ်တာ ဘာညာလုပ်လိုလျှင်၊ အခွန်ကိစ္စ၊ ဆေးရုံ ဆေးခန်းမှာ ရက်ချိန်းယူတာ၊ ကိုယ့်ဆေးစစ်ချက်မှတ်တမ်းတွေ ပြန်ကြည့်တာ၊ လ.ဝ.က ကိစ္စ (ကိုယ့် ကလေး PR တင်ထားတာ ကျပြီလား စစ်ကြည့်တာ)၊ သင်တန်းတက်တာ၊ အိုကွယ် အစိုးရကိစ္စ အတော်များများ SingPass နှင့် လုပ်လို့ရ၏။

 

နောက်ပြီး တချို့ဟာတွေကိုလည်း SingPass နှင့် ချိတ်ထားပါက SingPass ဖြင့် log in ဝင်လို့ရ၏။ (ဥပမာ - OCBC ဘဏ် account ကို log in ဝင်တာ) 

 

နောက်ပြီး ကိုယ့် Bank Account ဖွင့်ထားသည့် ဘဏ်၏ Apps ကို ဖုန်းထဲ၌ install လုပ်ထားပြီး ကိုယ့် account ထဲ ဘယ်လောက် ပိုက်ဆံကျန်သေးလဲ ကြည့်တာ၊ ဟိုလူဒီလူတွေဆီ ပိုက်ဆံပို့တာ ကားရထားစီးရင်းလုပ်လို့ရ၏။ ထမင်းစားနေရင်း လုပ်လို့ရ၏။ အိမ်သာတက်နေရင်းတောင် လုပ်လို့ရ၏။ အဲလေ - ကိုယ့် password မိန်းမ သိသွားလို့ ပြဿနာတက်ရင် ကျုပ်နဲ့ မဆိုင်ဘူးနော့။ ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့သာ ခံကြပေရော့။ အဟိစ်

 

နောက်ပြီး ကိုယ်ကိုင်ထားသည့်ဖုန်း (ဥပမာ - Singtel) ၏ Apps ကို install လုပ်ထားပါက ဖုန်းဘယ်လောက်သုံးပြီးပြီလဲ၊ Data ဘယ်လောက်ကျန်သေးလဲ။ Phone bill ဘယ်လောက်ကျသလဲ အကုန်ကြည့်လို့ရ၏။ ဖုန်းဘေ ပေးချင်သလား အနှီ apps ၌ ပေးလို့ရ၏။

 

FairPrice မှာ ဈေးဝယ်လို့ ပိုက်ဆံပေးချင်သလား။ ခညားတို့ ပိုက်ဆံအိတ်ကြီး ထုတ်နေစရာမလိုပါ။ FairPrice Apps လေး ဖွင့်။​ Pay/Earn လေးကိုနှိပ်။ ပေါ်လာသည့် QR code လေးကို scan လုပ်လိုက်လျှင် ကိစ္စပြီး၏။ Wow . . . စ်

 

ငှယ် . . . ကားကဒ်ကျန်ခဲ့ပြီ။ ဒွတ်ခပဲ . . . ဟု ပူပန်သောက ရောက်မနေပါနှင့်။ ဖုန်းက သင့် Bank account ကို log in ဝင်ပြီး scan လုပ်ရမည့်နေရာတွင် ပြလိုက်ပါ။ တီ ကနဲမြည်ကာ ပိုက်ဆံဖြတ်သွားပါလိမ့်မည်။ ကောင်းလေစွ။

 

သင်တို့ Zoom နှင့် မိတင်တက်ရမည် ဆိုပါစို့။ Zoom apps လေးဖွင့်ကာ လမ်းလျှောက်ရင်း၊ ထမင်းစားရင်း တက်လို့ရ၏။ (အိမ်သာတက်ရင်း မိတင်တက်တာကိုတော့ ကျွန်ုပ် အားမပေးပါ။ မတော်တဆ ဗီဒီယိုကို ယောင်နှိပ်မိပါက သူတို့ကို မဟုတ်ကမဟတ်ကတွေပြပါသည် ဆိုပြီး တရားစွဲခံရလိမ့်မည်။)

 

အသင်သည် အားကစားလှုပ်ရှားမှုအဖြစ် ကိုယ်ပြေးတာ၊ လမ်းလျှောက်တာကို မှတ်တမ်းတင်ထားချင်ပါသလား။ ဘာမှ မခဲယဉ်းပါ။ MapMyRun Apps လေးဖွင့်ထားလိုက်ပါ။ အသင်ဘယ်နှစ်မီတာ ပြေးခဲ့သည်။ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ပြေးခဲ့သည်။ ဘယ်လောက်ကြာသည်။ အမြန်နှုန်းမည်မျှရှိသည်။ ဘယ်လမ်းတွေက သွားခဲ့သည်။ ကယ်လိုရီ ဘယ်လောက်ဘန်းသွားသည်။​ အကုန်မှတ်တမ်းတင်ပေးထားပါလိမ့်မည်။  

 

ယခု စင်ကာပူရောက် နိုင်ငံခြားသား အလုပ်သမားများကို ထုတ်ပေးထားသည့် ဝပ်ပါမစ်ကဒ်တွင် မိမိအလုပ်အကိုင်၊ ဝပ်ပါမစ် သက်တမ်းကုန်မည့်ရက် အစရှိသည်တို့ကို ဖော်ပြမထား။ ၎င်းတို့ကို သိလိုပါက SGWorkPass Apps ဖြင့် ဝပ်ပါမစ်နောက်ရှိ QR Code ကို scan လုပ်ကြည့်ရ၏။ ထိုအထဲတွင် လခဘယ်လောက်ရသည် စသဖြင့် မိမိအကြောင်း အကုန်သိရမည်။ ကိုဗစ်ကာလတုံးက အလုပ်သမားများကို သည်အတိုင်း အလုပ်သွားခွင့်မပေး။ ၎င်းတို့သည် မိမိတို့ အလုပ်သွားခွင့် ရှိမရှိကို ဝပ်ပါမစ်နောက်ရှိ QR Code ကို scan လုပ်ကြည့်ရ၏။ မီးလေးစိမ်းနေမှ အလုပ်သွားလို့ရ၏။ မီးနီနေက အလုပ်သွားလို့မရ။

 

နိုင်ငံခြားသား အလုပ်သမားတို့ Install လုပ်ထားရမည့် နောက် apps တစ်ခုမှာ FWMOMCare ဖြစ်၏။ အစိုးရ၏ ဘာညာ သာရကာ ကိစ္စများအတွက် QR code ကို scan လုပ်ရမည်ဆိုလျှင် ထို FWMOMCare ၏ QR Scanner ဖြင့် scan လုပ်ရ ၏။ ထို FWMOMCare ၌ မိမိတို့၏ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများကို register လုပ်ထားရ၏။ နေမကောင်းပါက ထို FWMOMCare မှ telemedicine ဖြင့် ဆရာဝန်ပြလို့ရ၏။ မိမိရပိုင်ခွင့်များ ချိုးဖောက်ခံရမှုအတွက် FWMOMCare ရှိ Talk to MOM ဖြင့် MOM ကို တိုင်ကြားနိုင်၏။ အမှန်ဆို FWMOMCare ဖြင့် လုပ်လို့ရတာ အတော်များ၏။ သိပ်ရှည်သွားမည် စိုးသဖြင့် ဤနေရာတွင် အပြည်အစုံ မဖော်ပြတော့ပါ။ 

 

Ever Safe ၌ သင်တန်းသွားတက်မည်ဆိုလျှင် အသင်တို့အနေနှင့် စမတ်ဖုန်း ရှိနေမှကို ဖြစ်မည်။ သင်တန်း register လုပ်တာ၊ attendance လက်မှတ်ထိုးတာ၊ classroom exercise လုပ်တာ၊ သင်တန်းအပြီး evaluation လုပ်တာ၊ အကုန်လုံး ဖုန်းနှင့် လုပ်ရ၏။

 

ကျွန်ုပ်တို့ ထလိန်နာများလည်း ဖုန်းမရှိလျှင် ကောင်းကောင်း ဒွတ်ခများလိမ့်မည်။ 

သင်တန်းစဘို့ စပြီး log in ဝင်သည်နှင့် ဖုန်းထဲဝင်လာသည့် sms ကို ဖြည့်လျက် log in လုပ်ရ၏။ ဆိုတော့ ဖုန်းမရှိလျှင် ဘယ့်နှာလုပ် log in လုပ်ပါမဒုံးစ်။ နောက်ပြီး attendance လက်မှတ်ထိုးတာ၊ ထလိန်နာ feedback, Assessment Record ကအစ ကိုယ့်လခကိုယ် ကြည့်တာ၊ ကိုယ်တက်ထားတဲ့သင်တန်းတွေကြည့်တာ အကုန် ဖုန်းနှင့်လုပ်ရ၏။ 

 

အာ - ဆူလိုက်တာကွာ။ နားတွေပင်းကုန်တော့မှာပဲ။ ဆူညံသံ ဘယ်လောက်ရှိသလဲဟေ့ ဟု အသင်တို့သည် ကိုယ်ကြားနေရသည့် ဆူညံသံ အဘယ်မျှရှိသည်ကို သိပါသလား။ အဟားစ်။ ဘာမှ မခဲယဉ်းပါ။

Sound meter or Noise Meter apps လေး install လုပ်ပြီး ဖွင့်ထားလိုက်ပါ။ သင်တို့ ဘူကနဲ လေလည်လိုက်လျှင်ပင် dB(A) မည်မျှရှိသည်ကို တိုင်းလို့ရ၏။

 

သူ့ပစ္စည်းပစ္စယတွေတင်ဘို့ ကျွန်ုပ် သားအတွက် နံရံကပ်စင်ရိုက်တော့ ရေချိန်ကို ဖုန်းက Bubble level apps ဖြင့် ချိန်တာ ဖြစ်၏။ အောင်မယ်။ ကိုရင်တို့ ရေချိန်က two dimension ပဲ တိုင်းလို့ရတာ။ Bubble apps ကတော့ 3D ပါ တိုင်းလို့ရတာဖြစ်၏။ မိုက်သကွာ။​ ကတောက်စ်

 

သင်တို့စာရွက်စာတမ်းတွေ scan ဆွဲချင်ပါသလား။ ဘာ scanner မှ မလိုပါ။ CamScanner apps လေး install လုပ်ထားလိုက်လျှင် ကိစ္စပြီး၏။

 

မိတ်ဆွေတို့ တစ်ခါမှ​ မရောက်ဘူးသည့်အရပ်ကို တစ်သန်းခွဲတန် ဖာရာရီလေးမောင်းကာ သွားရတော့မည် ဆိုပါစို့။ အဲဗျ၊ ဘယ်လမ်းက ဘယ်လိုသွားရမတုံး ဟု ဘာမှ ပူမနေပါနှင့်။ အသင်တို့ဖုန်းလေးကို ရှေ့ချထားလိုက်ပါ။ ရှေ့ မီတာ ၃၀၀ ရောက်ရင် ဘယ်ကွေ့ပါ။ တည့်တည့်ဆက်သွားပါ။ နောက် မီတာ ၁၂၀၀ ရောက်ရင် ညာဘက်ကွေ့ပါ နှင့် လမ်းညွှန်ပေးပါ လိမ့်မည်။ အသင်က သူပြောသည့်အတိုင်း လိုက်လုပ်သွားရုံ ဖြစ်၏။

 

ကျွန်ုပ်တို့ လုပ်ငန်းခွင်ထဲ၌ safety ကိစ္စများအတွက် Whatsapp group ဖွဲ့ထား၏။ အန္တရာမကင်းသည့် အခြေအနေ တစ်ခုခု တွေ့လျှင် ကျွန်ုပ်က ဓာတ်ပုံရိုက်ကာ သက်ဆိုသူထံ attention လုပ်လျှက် ဘာဖြစ်နေတယ်၊ ဘာကို ဘယ်လို ဘယ်နေ့ အပြီးလုပ်ပါ ဆိုပြီး group ထဲ တင်လိုက်၏။ အနှီ ငနဲမှာ ဤသည်ကို မျက်လုံးမှိတ်ပြီး မသိချင်ယောင် ဆောင်နေလို့မရ။ Group ထဲ၌ ပရောဂျက်မန်နေဂျာပါ ရှိ၏။ သူ ဤ message ကို ဖတ်သွားသလား၊​ မဖတ်ဖူးလား စစ်လို့ရ၏။ သတ်မှတ်ချိန် ရောက်လို့မှ မပြီးသေးလျှင် သူ့ကို ထပ်မံ သတိပေးလို့ရ၏။ သည်တစ်ခါ သတိပေးလျှင်တော့ သူ့ကိုသာမက မန်နေဂျာကိုပါ @Mr. Jakie Chan ဟု attention လေး လုပ်ပေးလိုက်၏။ အဟိ

 

2006 လောက်က ကျွန်ုပ်အိမ်တွင် အိမ်ငှားတင်၏။ တရုတ်လင်မယားဖြစ်၏။ ယင်းဂလစ်ရှ်လို တစ်လုံးမှ မတတ်။ ကျွန်ုပ်ကလည်း မန်ဒရင်းလို တစ်လုံးမှ မတတ်။ ဟိုတရုတ်မကြီးကတော့ ကျွန်ုပ်တို့အဖြစ်ကို ကြည့်ကာ chicken and duck ဟု ပြုံးစိစိနှင့် ဆို၏။

 

အခုတော့ အသင်တို့ ကန်ထရိုက်စာမှာ ယင်းဂလစ်ရှ်လိုရေးထားလဲ ကိစ္စမရှိ။ ဘာတွေရေးထားတယ်ဆိုတာ သိချင်လျှင် Google translate ဖြင့် ဖတ်လိုက်ရုံဖြစ်၏။

 

သားက ကိုယ့်ထက်ပိုစားသေးသည်။

Google docs ၌ သူရေးချင်တာတွေကို ပါးစပ်ကပြောပြီး ရေးခိုင်းလေ၏။ သို့သော် ဝါးတောကွင်းကလာသော ကျွန်ုပ်နှင့်တော့ အဆင်မပြေပါ။ ကိုယ်ပြောတာက တခြား၊ သူရေးတာက တခြား ဖြစ်၏။ အလွန်ညံ့ဖျင်းလှသော Google က ကျွန်ုပ်၏ ငါးပိလေသံကို မဖမ်းနိုင်။

 

ကျွန်ုပ်က ကြယ်ကြည့်ရတာ ဝါသနာပါ၏။ ငယ်ငယ်က ညအခါ ကောင်းကင်ကို မော့ကြည့်လျက် ဟိုဟာကတော့ ဘာကြယ်ဖြစ်သည်။ ဒါကတော့ ဘာရာသီ၊ ဒါကတော့ ဘာနက္ခတ် စတာတွေ ငေးမောကြည့်ရှုတတ်၏။ စင်ကာပူ ရောက်တော့ ယခွမ်း။ ကြယ်များမှာ စင်ကာပူနှင့် ရန်ဖြစ်ထား၍ ငါတို့တော့ မင်းတို့ဆီ ဘယ်တော့မှ မလာဘူးကွ ဟု ဆိုဘိသည့်အလား စင်ကာပူကောင်းကင်တွင် အလွန်တောက်ပသော ကြယ်ကြီးတလုံးတလေမှ တပါး ကြယ်များကို စုံစုံလင်လင် တွေ့ရခဲပါသည်။ 

 

အရင်တုံးက ကိုယ်ကလည်း ထင်ရှားသည့် ရာသီရုပ်နှင့် နက္ခတ်တချို့လောက်သာ သိပြီး ကြယ်တိုင်းကို သိတာမဟုတ်။ မေးရမည့်သူကလည်း မရှိ။ ဆိုတော့ ကြယ်စုလေးမြင်လျှင် ဒါ ဘာကြယ်စုပါလိမ့်ဟု မချင့်မရဲ ဖြစ်ရ၏။

 

အခုတော့ အသင်တို့ ကိုယ့်ခေါင်းပေါ်က ကြယ်ကို ဒါဘာကြယ်၊ ဘာနက္ခတ်၊ ဘာရာသီ အစရှိသည်တို့ကို အလွယ်တကူ သိနိုင်ပါပြီ။ StarTracker apps လေး install လုပ်ထားလိုက်ပါ။ အကုန်သူပြောပြလိမ့်မည်။

 

ကျွန်ုပ်ကား စာအုပ်ရူးဖြစ်၍ laptop ထဲ၊ external hard drive ထဲ၊ google drive ထဲ၊ နေရာတကာမှာ စာအုပ်များနှင့် ပြည့်နှက်လျက် ရှိ၏။ ဟော၊ အခုတော့ ဖုန်းထဲမှာ စာအုပ်များ ထည့်ထားလျက် အားတိုင်းယားတိုင်း ဖတ်နိုင်၏။ ကားရထား စောင့်ရင်းဖတ်၊ ဘတ်စ်ကားစီးရင်း၊ ရထားစီးရင်းဖတ်၊ အိမ်သာတက်ရင်းဖတ်။ ဟဝှာလုပ်ရင်း ဖတ် (ကော်ဖီသောက်ရင်း)။ ဖုန်းဆိုတော့ စာအုပ်လောက်လည်း မလေး၊ သယ်ရတာလည်း ဝန်ကျဉ်း။ စာအုပ်အများကြီးကို ကြိုက်ရာရွေးဖတ်။ အလွန် အဆင်ပြေလှ၏။ 

 

အဲလေ စာအုပ်မှတင် မဟုတ်ပါ။ ဖွဘုတ်မှာလည်း ဝတ္ထုတို/ရှည်လေးတွေ ဖတ်လို့ရပါသေးသည်။

 

စာဖတ်ရတာပျင်းလာလျှင် Netflix ဖွင့်ကာ ရုပ်ရှင်ကြည့်လို့ရသေး၏။ မဟုတ်လျှင်လည်း Jewel ၏ နှင်းဝေတဲ့ဆောင်းကို နားထောင်နိုင်၏။

 

ပြောရလျှင် လက်ကိုင်ဖုန်းကိုသုံးပြီး အများကြီး လုပ်နိုင်ပါ၏။ အခု ကျွန်ုပ်ပြောခဲ့တာ အနည်းအကျဉ်းမျှလောက်သာ ရှိပါလိမ့်ဦးမည်။ 

 

ခုတော့ . . . 

တော်ပြီဗျာ။ အိပ်တော့မယ်။

မနက်လည်း အလုပ်သွားရအုံးမှာဆိုတော့။

 

မေစုလည်း အသက်ရှည်ပါစေ။

ဟို အေဘေးလည်း အမြန် ဂန့်ပါစေ။

 

အေးငြိမ်း

၁၄ မတ်လ၊ ၂၀၂၄