အလုပ်သမားဟူသည် အလုပ်သမားသာဖြစ်ဘိ၏။
ကျွန်ုပ်သည် အလုပ်သမားများ သိသင့်သိထိုက်သည့်
အကြောင်းအရာများကို သင်ပေးရသူ ဖြစ်၏။
ထိုအထဲတွင် -
စင်ကာပူတွင် မည်ကဲ့သို့ နေရထိုင်ရမည်။
စင်ကာပူတွင် နေသူတို့ လိုက်နာရမည့်စည်းကမ်းများ
စင်ကာပူတွင် အလုပ်လုပ်သူတို့ လိုက်နာရမည့်
စည်းမျဉ်းဥပဒေများ
၎င်းတို့ရထိုက်သည့်လခ မည်မျှဖြစ်သည်
အချိန်ပိုဆင်းလျှင် မည်ကဲ့သို့တွက်ရမည်
ဆေးခွင့်၊ လုပ်သက်ခွင့်တို့ မည်မျှရသည်
လုပ်ငန်းခွင် မတော်တဆမှုဖြစ်လျှင် မည်ကဲ့သို့
လျော်ကြေးတောင်းရသည်
စသည့် သိသင့်သိထိုက်သည်များပါ၏။
ဒီကနေ့ ဒီမှာ ပြောမဲ့အကြောင်းအရာတွေဟာ အရေးကြီးတယ်။
စင်ကာပူမှာ အလုပ်လုပ်တဲ့သူတွေ သိသင့်သိထိုက်တာတွေကို ပြောပြမှာ ဖြစ်တယ်။
စင်ကာပူက တချို့ကုမ္ပဏီတွေဟာ အလုပ်သမားတွေရဲ့
ရပိုင်ခွင့်တွေကို ချိုးဖောက်တယ်။
လခတွေ အပြည့်မပေးတာ၊ အချိန်ပိုကြေးတွေ အပြည့်အဝမပေးတာ။
မတော်တဆမှုဖြစ်ရင် နစ်နာကြေးမပေးတာတွေ ရှိတယ်။ ကိုယ့်လခ ဘယ်လောက်ရတယ်။
အချိန်ပိုကြေးကို ဘယ်လိုတွက်ရတယ်။ မတော်တဆမှုဖြစ်ရင် နစ်နာကြေး ဘယ်လောက်ရတယ်
ဆိုတာတွေ ကိုယ်မသိထားရင် ကုမ္ပဏီက လုပ်တိုင်းခံရမယ်။
အဲဒါကြောင့် ကိုယ် ရသင့်ရထိုက်တာတွေကို သိထားသင့်တယ်။
သေသေချာချာ နားထောင်ပါ။ မသိရင်မေးပါ။
သင်တန်းမစမီကတည်းက သူတို့ကို သေသေချာချာ ပြောပြပါ၏။
သို့သော် အရာမထင်ပါ။
တချို့ကျတော့ စာသင်ခန်းထဲလာတာ စွပ်ကျယ်လက်ပြတ်နှင့်လာ၏။
တချို့ကျတော့ ခုံပေါ်တွင် ပက်လက်ကြီးလှန်ကာ အိပ်နေ၏။
တချို့ကျတော့ ဒူးထောင်ပေါင်ကားနှင့် နေ၏။
ငါတို့ကို သိသင့်တာတွေ ပြောပြနေတာ၊ သေသေချာချာ
နားထောင်မှဖြစ်မယ်လို့ မတွေး။
ဖုန်းပွတ်နေသည်။ အချင်းချင်း စကားပြောနေသည်။
စပီကာဖွင့်ထားချိန်များ၌ဆို သီချင်းတွေ အကျယ်ကြီးဖွင့်ထားတာ တောင် ကြားရသေးသည်။
ကျွန်ုပ်က သူတို့ကို ကျွန်ုပ်၏ ဖေ့စ်ဘုတ်ဖွင့်ပြကာ
ဒီနေ့ပြောတာတွေ ဟောဒီစာအုပ်ထဲမှာ အကုန်ပါတယ်။ ဒေါင်းလုပ် လုပ်လို့ရတယ်။ ဟောဒါက
ကိုယ် ဗီဒီယိုရိုက်ပြီး ရှင်းပြထားတာ။ ဟောဒီစလိုက်တွေကို ကိုယ့်ဖုန်းထဲမှာ
မှတ်ထားလို့ ရတယ်။ တကယ်လို့ ကိုရင်တို့ ကိုယ့်ဖေ့စ်ဘုတ်ကို ရှာလို့မတွေ့ရင်ပြော၊
ကိုယ် link ပေးမယ် ပြောလဲ စိတ်မဝင်စား။
မသိတာ၊ နားမလည်တာတွေမေး ဆိုတော့ လာမေး၏။
ကျွန်တော်တို့ ကာကွယ်ဆေး ဘယ်တော့ ထိုးရမလဲ ဟူ၏။
ကိုရင်တို့ ကာကွယ်ဆေး ဘယ်တော့ထိုးရမယ်ဆိုတာ ကိုယ်က
ဘယ့်နှာလုပ် သိနိုင်ပါ့မတုံး ကိုယ့်လူရဲ့ ဟု ပြောရ၏။
ဒွတ်ခ။
လူဦးရေစစ်ဘို့ တစ်ယောက်ကို ထခိုင်း၏။
ရှေ့ဆုံးတန်း အလယ်မှာ ရှပ်အင်္ကျီအနီရောင်နဲ့၊
ရှာထိုးဦးထုပ် ပြောင်းပြန်ဆောင်းထားတဲ့တစ်ယောက် တဆိတ်လောက် မတ်တပ်ရပ်ပေးပါ . . .
ဆိုတော့ ဟိုကြည့်သည်ကြည့် ကြည့်၏။
ကိုယ့်လူ ဘယ်မှကြည့်မနေနဲ့ ကိုရင့်ကို ပြောတာ။
ကိုယ်ဘာဝတ်ထားသလဲ ပြန်ငုံ့ကြည့်။
ဘယ်လိုမှ ပြောလို့မရ။
ဟို တီရှပ်အနက်ရောင်နဲ့ ရင်ဘတ်မှာ
ယူအက်စ်အေလို့ရေးထားတဲ့တစ်ယောက် . . . စသဖြင့်
ကိုယ့်ကိုပြောနေလို့ ပြောနေမှန်းလည်းမသိ။
ကျွန်ုပ် တစ်ခါတစ်ခါ အတော်စိတ်ပျက်မိ၏။
သို့သော် ကျွန်ုပ် အဖို့မူ လခအပြည့်ပေးထားသည့်အတွက် ကျွန်ုပ်ပြောသည့်
စံနှုန်းကို တစ်ရွေးသားမှ မလျှော့ပါ။ တစ်ယောက်မှနားမထောင်၊ အကုန်အိပ်နေလည်း
ပြောမှာသာ ဖြစ်၏။
ပြောဘို့က ကိုယ့်တာဝန်။ နားထောင်တာ မထောင်တာ သူတို့ကိစ္စ။
သူတို့ကို မကြည့်ချင်လျှင် သူတို့ screen ကို minimise
လုပ်ထားလိုက်ရုံဖြစ်၏။
နားထောင်တာ မထောင်တာ မင်းတို့အလုပ်၊ ကိုယ်ကတော့ ပြောမှာပဲ။
မင်းတို့ ဘာမှ မသိလေ။ ကုမ္ပဏီက ကြိုက်လေပေါ့ကွာ။
အကုန်ဖြတ်မှာ။ ငုတ်စိလေးကျန်တဲ့ထိ ဖြတ်မှာ။
ဒါမှ ‘ရပါတယ်၊ ဘုရားပေးသလောက်ပေါ့ဆိုလည်း အိပ်သာနေကြ’ ဟု
ပြောလိုက်၏။
ပြောလည်းနားလည်မည် မထင်။
MOM ကတော့ သူတို့ဒါတွေ သိထားလျှင်
မတရားအလုပ်ခံရပါက မတရားအလုပ်ခံရမှန်း သိမည် ဆိုကာ ဤသင်တန်း များကို
ပိုက်ဆံအကုန်အကျခံကာ လုပ်ပေးတာဖြစ်၏။
သို့သော် အလုပ်သမားဟူသည် အလုပ်သမားသာဖြစ်၏။
ဤ၌ ပြောလိုက်သည်များကို အခွန်း (၁၀၀) ပြော၍ (၁၀) ခွန်း ရမည်
မထင်။
လိုချင်သူတို့ရမည်။ ပေးနေလျက်သားနှင့်မှ မလိုချင်တာ
ဘာလုပ်လို့ရပါမည်နည်း။
အေးငြိမ်း
၁၇ မေလ၊ ၂၀၂၃
No comments:
Post a Comment