ဤဒွန္နယာကြီးတွင် ကျွန်ုပ်စိတ်မဝင်စားသည့် အရာများသည် ရှိ၏။
ထိုအရာများထဲတွင် ရွှေငွေ ကျောက်သံပတ္တမြားတို့သည် ထိပ်ဆုံးက ပါ၏။
ဘယ့်ကလောက် အဖိုးတန်လှသည့် စိန် ဖြစ်ပါစေ။ ပတ္တမြားငမောက်သည် ပြည်တန်သည် ဆိုစေ။
ကျွန်ုပ် စိတ်မဝင်စားပါ။
သူ့ဟာသူ ပြည်ပဲတန်တန်၊ ရွှေတောင်ပဲ တန်တန်။
ကျွန်ုပ်စိတ်ထဲတင်မတော့ တယ်ပြီး တန်လှတယ်၊ လိုချင်တပ်မက်စိတ် ရှိလှတယ် မဟုတ်ပါ။
ကျောက်မျက်ပြပွဲများတွင် အရည်လဲ့နေသော ကျောက်စိမ်းတုံးကလေးများ တွေ့ဖူးပါ၏။
သို့တိုင် လှလိုက်တာ ဟုလောက်သာ ခံစားမိပါသည်။ ဝယ်ပြီးသိမ်းထားချင်စိတ်၊ ဝတ်ဆင်လိုသောစိတ်မူ နှမ်းစေ့လောက် မှ မဖြစ်ပေါ်မိ။
စိတ်မှမဝင်စားတော့ ကျောက် အကြောင်းကိုလည်း နားမလည်ပါ။
ဘယ်လောက်အရည်ရှိသည်၊ ဘယ်နှစ်ကာရက်၊ ဘယ်နှစ်ရတီ စသည်၊ ဘယ်ကျောက်ကဖြင့် ဘယ်လောက်တန်သည် စသည်တို့ကို နည်းနည်းမှ မသိ။
ငယ်စဉ်က တင်စိန်ငယ် ရေးသည့် စာပေဗိမာန်ထုတ် စိန်အကြောင်း စာအုပ် ဖတ်ဖူးခဲ့၏။
ဘယ်လောက်ကြီးသည့်စိန်ကြီးကတော့ဖြင့် လူကိုခိုက်တတ်သည် ဆိုတာလည်း ပါ၏။ အာဖရိက က ဘာစိန်ကြီးဆိုလား။ စိန်ကတန်ဘိုးကြီးလွန်းသဖြင့် လူကို ခိုက်တတ်သည်ဆိုတာလည်း ကျွန်ုပ်ကတော့ မယုံပါ။ တန်ဘိုးကြီးသည့်စိန်ဖြစ်သဖြင့် လူတို့ လိုချင်လောဘတက်ကာ တစ်ဦးနှင့်တစ်ဦး သတ်ကြဖြတ်ကြတာသာ ဖြစ်ပြီး စိန်ကြောင့် ခိုက်တာမဟုတ်။ စိန်ဟူသည် ကျောက်ခဲတစ်ခုသာဖြစ်၏။ ကျောက်ခဲက လူကို အဘယ်ကဲ့သို့ ခိုက်ပါမည် နည်း။ သင်တို့ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ဤသည်မှာ ကျွန်ုပ်၏ အယူအဆဖြစ်၏။
နောက်တစ်ခု ကျွန်ုပ် စိတ်ဝင်စားလို့မရသည်မှာ ရွှေငွေ လက်ဝတ်လက်စားများ ဖြစ်၏။
ကျွန်ုပ်ငယ်စဉ်က ကြီးဒေါ်များက လက်စွပ်လုပ်ပေးရန် ကြံသေး၏။ လိုတော့ သုံးလို့ရတာပေါ့ ဟု အကြောင်းပြ၏။ ကျွန်ုပ်က လက်မခံ။
ယောက်ျားတန်မဲ့ ရွှေငွေလက်ဝတ်လက်စားများ ဝတ်ရမှာ ကျွန်ုပ် သေမလောက် ရှက်လှ၏။
ယောက်ျားတန်မဲ့နှင့် ရွှေတန်းလန်း၊ ငွေတန်းလန်း ဝတ်စားထားသူများကိုလည်း နှာခေါင်းရှုံ့မိ၏။
အတော်တန်ဘိုးကြီးမည့် လက်စွပ်ကြီးကို လူမြင်အောင်ပြလျှက် မင်းအောင်လှိုင် ကြွားတာမြင်တော့ ထိုအဆန်ချောင်၊ လူ့ဘူးတောင်းကို ကျွန်ုပ် အလွန်အထင်သေးမိ၏။
တန်ဘိုးရှိသူ၊ လူ့အဖိုးတန်များသည် လက်ဝတ်လက်စားများ ဝတ်ကာ ထုတ်ကြွားနေစရာကို မလို။
၎င်းတို့သည် အဘယ်ကဲ့သို့သောလူများဖြစ်သည်ကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိသည်။
နောက်ပြီး အဝတ်အစား
ကျွန်ုပ် စိတ်မဝင်စားသည့် နောက်အရာတစ်ခုမှာ အဝတ်အစား ဖြစ်၏။
ကျွန်ုပ်ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်တို့မှာ ကျွန်ုပ်ကိုယ်တိုင် ဝယ်သည်ဟူ၍ မရှိသလောက်ဖြစ်ပြီး များသောအားဖြင့် အခြားသူများ ဝယ်ပေးတာ ဖြစ်၏။ များသောအားဖြင့် ကျွန်ုပ်၏နှမအငယ်က ဝယ်ပေး၊ အင်္ကျီများကို ချုပ်ပေး၏။
ကျွန်ုပ်ကိုယ်တိုင်ဝယ်သည့် အဝတ်အစားများလည်း ရှိပါ၏။ သို့သော် အထည်ကလေးလှလို့ တမင် သွားဝယ်တာမျိုး မဟုတ်ဘဲ အကြောင်းအပေါင်းသင့်လို့ ဝယ်တာသာ ဖြစ်၏။ ဝယ်သည့်အကြိမ်အရေအတွက်မှာ လက်ချိုးရေလို့ ရသဖြင့် အားလုံးကို ကျွန်တော်မှတ်မိနေပါ၏။
ပထမ -
၂၀၀၅ ခုနှစ်က မြန်မာပြည်မှ ပြန်အလာ၊ ကျွန်ုပ်၏ သေတ္တာကို သင်္ဘောသားများ မှားယူသွား၍ ဝတ်စရာလုံးဝ မရှိသောကြောင့် ဝယ်ရ၏။ (ထိုအကြောင်းကို ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၉)။ (၇၂) “ဥစ္စာမှန် ပြန်ရ” အခန်း၌ အပြည့်အစုံ ဖော်ပြထား၏။ ဤကား စကားချပ်)
နောက်တကြိမ်မှာ ကိုထွန်းအောင်မြင့်တို့က ဘာတဲ့၊ Levi’s မှာ ဘောင်းဘီတွေ ဈေးချနေတယ် ဆိုပြီး လိုက်ပြသဖြင့် ဂျင်းပင်နှစ်ထည် ဝယ်ခြင်းဖြစ်၏။ ထိုနှစ်ထည်အနက် အနက်ရောင်တစ်ထည်မှာ ရေတက်ပြီး နှစ်လက်မလောက် ကျုံ့ဝင်သွားရာ ဝတ်သည့်အခါ ကျပ်ထုပ်လျက် ခါးကိုလည်း အပြည့်မစိနိုင်။ ကျွန်ုပ်မှာ ထိုဘောင်းဘီဝတ်သည့်အခါတိုင်း စိတ်မသက်မသာ ဖြစ်ရ။
နောက်အကြိမ်များမှာ -
- ၂၀၁၅ ရွေးကောက်ပွဲအတွက် လုပ်အားပေးလုပ်ကြမည်ဆိုတော့ တီရှပ်အဖြူဝတ်လာပါဆို၍ ကျွန်ုပ်မှာ မရှိသည်နှင့် ယူနီကလိုမှ ပြေးဝယ်လိုက်ရတာ တစ်ခါ
- နွေဦးတော်လှန်ရေးက ရောင်းသည့် Spring Revolution စာတမ်းပါသည့် အပြာနုရောင် တီရှပ် (၂) ထည်
- ပြီးတော့ ချစ်စု ပုံ ပါသည့် All Absurd တီရှပ် (၂) ထည်
တွေးစမ်း၊ တွေးစမ်း ဘာတွေရှိသေးတုံး။
ငမ် -
ဒါပဲ၊ အဲဒါပါပဲ။ ကျွန်ုပ်တစ်သက်လုံး ကျွန်ုပ်ကိုယ်တိုင် မှတ်မှတ်ရရဝယ်သည့် အဝတ်အစားများမှာ ဤမျှသာ ဖြစ်၏။
အဝတ်အစားကို စိတ်မဝင်စားလေတော့ ဘယ်တံဆိပ် ဘယ်လောက်တန်မှန်းလဲ မသိ။
ဟိုးတစ်နှစ်က အသိတစ်ယောက်အတွက် safety ဆိုင်ရာ စာရွက်စာတမ်းများ ပြင်ပေး၏။
ကျွန်ုပ်က ဘယ်ဈေးတောင်းရမှန်းမသိ။ ထို့ကြောင့် ပိုက်ဆံမယူလိုက်။
ထိုအခါ သူက တီရှပ်နှင့် ကွန်ပြူတာလွယ်သည့်အိတ် ဝယ်ကာ လက်ဆောင်ပေး၏။
ကျွန်ုပ်က အမှုမဲ့ အမှတ်မဲ့ပင်ယူကာ သည်အတိုင်း ဘီရိုထဲ ထိုးထည့်ထားလိုက်၏။
အတော်ကြီးကြာလို့ ဘီရိုရှင်းရင်း ထိုတီရှပ်ထွက်လာတော့ သားက ဖေကြီး၊ အဲဒီတီရှပ်က အရမ်းဈေးကြီးတယ် ဆိုမှ အင်္ကျီမှ ဈေးကိုကြည့်မိ။ မြတ်စွာဘုရား
ဘုရားစူးရပါစေ့။ ကျွန်ုပ်ကိုယ်ပေါ်တွင် ဤမျှဈေးကြီးသည့် အဝတ်အစားကို မွေးကတည်းက ယခုအချိန်ထိ တစ်ခါဖူးမျှ မဝတ်ခဲ့စဖူး။
ကျွန်ုပ်အနေနှင့်မူ သည်မျှဈေးကြီးသည့် တီရှပ်ကိုလည်း အခြားတီရှပ်များနှင့် သိပ်ထူးလှတယ် မထင်မိပါ။
အိတ်လည်း ထို့အတူပင် ဖြစ်၏။ အတော်လေး ဈေးကြီးပါသည်။
ကျွန်ုပ်လို လူ့ဂွဇာအနေနှင့် လူမြင်ကောင်းရုံ သင့်တင့်လျောက်ပတ် အဝတ်အစား ၃ - ၄ စုံမျှဆို လိုတာထက်တောင် ပိုနေပါပြီ။ ကျွန်ုပ်က အဝတ်အစား များများပိုင်ရမှာကို အလွန်မုန်းသူတစ်ဦး ဖြစ်၏။
ကျွန်ုပ်၏သဘောကိုသာ မထောက်မညှာတမ်း ပြောရမည်ဆိုပါလျှင် ထို ဗမာငွေနှင့် နှစ်သိန်းနီးပါးမျှတန်သည့် တန်ဘိုးကြီးတီရှပ်ထက် လယ်တီဆရာတော်ဘုရားကြီးရေးသည့် ဥတ္တမပုရိသဒီပနီကျမ်းကလေးကို ပို၍ မြတ်နိုးပါသည်။
အလှပြင်ပစ္စည်းနှင့် အမွှေးအကြိုင်
နောက်ပြီး အလှပြင်ပစ္စည်း၊ အမွှေးအကြိုင်များကို ကျွန်ုပ် နည်းနည်းကလေးမှ စိတ်မဝင်စား။
ကျွန်ုပ် ငယ်စဉ်ဘဝက ဆံပင်ကိုပင် ခေါင်းမဖြီးခဲ့စဖူး။
ကျွန်ုပ်၏အစ်ကိုကြီးဖြစ်သူ ကိုအေးသောင်းက လူပျိုဆိုတာ သပ်သပ်ယပ်ယပ် ပြင်ပြင်ဆင်ဆင်နေမှပေါ့ကွ ဆိုကာ ဘီး ဝယ်ပေးခဲ့ဖူး၏။ တစ်ခါမှ မသုံးဖြစ်။
အများသုံးကြသည့် ရေမွှေးနံ့ကို ကျွန်ုပ် အော်ဂလီဆန်လှ၏။
ကျွန်ုပ်ကျောင်းသားဘဝက ပုဆိုးအင်္ကျီ သုံးစုံသာရှိ၏။ လျှော်လိုက်ဖွပ်လိုက်ဝတ်လိုက်။ ဝတ်လိုက်လျှော်လိုက်ဖွပ်လိုက်။
သည်တုံးက မီးပူဆိုတာ ကျွန်တော်နှင့်လားလားမှ ပတ်သက်သည့် ပစ္စည်းမဟုတ်။ လျှော်ပြီးသား အဝတ်တွေကို ခေါက်ကာ ခေါင်းအုံးအောက်ထားလိုက်လျှင်ပင် ကိစ္စပြီးတော့၏။
ကျွန်ုပ်ဘဝတွင် တစ်ခါမှ မှန် မထားခဲ့စဖူး။
မှန်ကြည့်ဘို့ဆိုတာ ကျွန်ုပ်အလုပ်မဟုတ်။
ကျွန်ုပ်ကား အဲသလောက်ထိ အလှအပပစ္စည်းများနှင့် ရင်းနှီးခဲ့တာဖြစ်၏။
(ကျွန်ုပ်၏သားကား ကျွန်ုပ်နှင့် ပြောင်းပြန်ဖြစ်သတည်း။ သူရေချိုးပြီးတော့ မျက်နှာကို ဟိုဟာဒီဟာတွေလုပ်တာ အနည်းဆုံး နာရီဝက်ကြာ၏။ သူသုံးသည့်ပစ္စည်းများကို ကျွန်ုပ် တစ်ခုမှ နားမလည်။)
ကျွန်ုပ်သုံးသည့်ပစ္စည်းများကို ပြရမည်ဆိုလျှင် -
- Lux ဆပ်ပြာတစ်တုံး
- ရှစ်ဂိတ် (ဟုတ်ပေါင်) ကိုးဂိတ် သွားတိုက်ဆေး တစ်ဘူး
- သွားတိုက်တံတစ်ချောင်း
ဒါပဲဖြစ်ပါ၏။ ရေချိုးခန်းထဲ ရှိသမျှ ဘူးတို၊ ဘူးရှည်၊ ဘူးလတ်များ အားလုံးမှာ သား၏ ပစ္စည်းများ ဖြစ်သတည်း။
ချက်ပြုတ်ခြင်းနှင့် အစားအသောက်
နောက် ကျွန်ုပ်စိတ်မဝင်စားသည့်အရာမှာ အချက်အပြုတ်နှင့် အစားအသောက် ဖြစ်၏။
ကိုယ့်ဘာသာချက်စားရတုံးကလည်း ကျွန်ုပ်မှာ ကြုံသလိုတည့်သလို ကောက်ကက်ချက်လိုက်တာ ဖြစ်သလို အပြင်မှာ ဝယ်စားရပြီဆိုတော့လည်း အဆင်ပြေရာတစ်ခု ကောက်ကက် စားလိုက်တာသာဖြစ်၏။ ကျွန်ုပ်က အစားအသောက် သိပ် ဇီဇာကြောင်တတ်သူ မဟုတ်။ ဟိုအစားအသောက်ကတော့ ကောင်းလိုက်တာဟုလည်း သိပ်မရှိ။
အဲလေ Butter Naan နှင့် Cheese Dosai တို့ကိုမူ ကြိုက်၏။
ဤနေရာတွင်လည်း သားမှာ ကျွန်ုပ်နှင့် ပြောင်းပြန်ဖြစ်၏။
ချက်တာပြုတ်တာဟာ life skill တစ်ခုဖြစ်လို့ တတ်ထားသင့်တယ်ဆိုပြီး သူကတော့ အသက် ၁၂ နှစ်သားလောက် ကတည်းက သူ့ဘာသာသူ ချက်ပြုတ်ပြင်ဆင် စားတတ်နေပြီ။
မနေ့က (သူ့အမေရန်ကုန်ပြန်သွား) ဖေကြီးကို သား အရသာရှိရှိချက်ကျွေးမယ် ဆိုကာ Jurong Point သွားပြီး သွသူ ဟင်းချက်ဘို့တွေဝယ်၊ ဟင်းကို ဒန်အိုးကြီးတစ်လုံးချက်။
ဟကောင် မင်းဟာ ဘယ်ဘိုးဘယ်ဘွားတွေ စားလို့ကုန်ပါတော့မတုံးကွာ ဆိုတော့ . .
အာ . . ဖေကြီးရ၊ ဘယ့်နှာလုပ်နေ့တိုင်းချက်နေနိုင်ပါမတုံး။ ဒါဆို အနည်းဆုံး ၃ ရက်လောက် စားလို့ရတယ် ဟု ဆို၏။
ငါတော့ လတ်လတ်ဆတ်ဆတ် ချက်ထားတာပဲ ကြိုက်ပါသကွာ။ နွှေးစားရတဲ့ဟင်းတွေဆို မုန်းလွန်းလို့။
သူချက်တာ တော်တော်ကောင်းပါသည်။
ဒန်အိုးကြီးတစ်လုံးချက်ထားသည့် ဟင်းသီးကုလားဟင်းကို သားအဖနှစ်ယောက်စားလိုက်တာ အိုးတစ်ဝက်လောက် ကျသွားလေ၏။
သည်ကနေ့တော့ သူ့သူငယ်ချင်းတွေကိုပါကျွေးမည် ဆိုသဖြင့် ကျွန်ုပ်က ထမင်းနှစ်ချိုင့်၊ ဟင်း ဘူးကြီးနှင့်တစ်ဘူး ကျောင်းကိုထည့်ပေးလိုက်၏။ အပြန်တော့ သူ တော်တော်ပျော်လာ၏။ အနို့ သူ့သူငယ်ချင်းတွေက သူချက်ထားတဲ့ဟင်းကို အင်မတန် ချီးကျူးဆိုကိုး။
နောက်နေ့ကျ ဒီ့ထက်ပိုကောင်းတဲ့ဟင်း ချက်ကျွေးမယ် ဆို၏။
ကျွန်ုပ်ထက် ပိုစွံသည့် သားပါတကား။
များမကြာမီ -
ကျွန်ုပ်စိတ်ဝင်စားသည့်အရာများ ဆက်လာပါမည်။
မင်းဒေါင်းဇားလှိုင်နှင့် ၎င်း၏ဘောကို လျက်နေသူအားလုံး
အမြန်ဆုံး မာလကီးယားကြပါစေသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
No comments:
Post a Comment