(၁)
“သိုးကလေ” အစချီ ပုပ္ပားနတ်တောင် လင်္ကာကို ကျွန်ုပ် ၆ တန်း ကျောင်းသားဘဝလောက်ကတည်းက ဖတ်ဖူးခဲ့၏။
ထိုစဉ်က ကျွန်ုပ်တို့အိမ်တွင် အလွန်စုတ်ပြတ်လျက်ရှိပြီဖြစ်သော၊ အစပိုင်းလည်းမရှိ၊ အဆုံးပိုင်းလည်းမရှိသော၊ အေးချမ်းမေဖြစ် (ဟုတ်ပေါင်) တစစီ (ဟုတ်ပေါင်) ချုပ်ရိုးများပြုတ်လျက်ရှိပြီဖြစ်၍ စာရွက်များကို အဝတ်ကြိုးနှင့် တွဲချည်ထားသည့် စာအုပ်ကလေးတစ်အုပ်သည်ရှိ၏။ ခေတ်မီမြန်မာရာဇဝင်အကျဉ်းဟု ခေါ်၏။ ထိုစာအုပ်ကလေးကို ကျွန်ုပ်သည် အတော်ကြိုက်လေ၏။ သမိုင်းကို ပုံပြင်ကဲ့သို့ရေးထားသည်က တကြောင်း၊ ကျွန်ုပ်ကိုယ်နှိုက်က သမိုင်းကို ဝါသနာပါသည်က တကြောင်းကြောင့် ထိုစာအုပ်လေးကို အထပ်ထပ်ဖတ်လေရာ စာအုပ်ပါ အကြောင်းအရာများ အားလုံးကို အလွတ်ရလုနီးပါးပင် ဖြစ်လျက်ရှိ၏။ ကြီးလာသည့်အခါကျမှ ထိုစာအုပ်ကို အမျိုးသားပညာဝန် ဦးဖိုးကျား ပြုစုခဲ့မှန်း သိရလေ၏။
ထိုစာအုပ်ကျေးဇူးကြောင့်ပင် ကျွန်ုပ်သည် “သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ . . . “ အစချီ မျက်ဖြေ လင်္ကာကို သော်လည်းကောင်း၊ “သိုးကလေ” အစချီ ပုပ္ပားနတ်တောင် လင်္ကာကိုသော်လည်းကောင်း ငယ်စဉ်ကပင် အကျွမ်းဝင်နေ ခဲ့လေ၏။
သို့သော် ၆ တန်းပညာမျှသာ ရှိသေးသည်က တကြောင်း၊ သင်ကြားပေးမည့်သူကလည်း မရှိသည် တကြောင်းကြောင့် မျက်ဖြေလင်္ကာကို အတော်အတန် နားလည်သည့်တိုင် ပုပ္ပားနတ်တောင်လင်္ကာကိုမူ ဘာဆိုလိုမှန်း မသိခဲ့။ သို့တိုင် စာအုပ်ထဲ၌ မောင်တင့်တယ်နတ်ရုပ်နှင့် ယှဉ်တွဲဖော်ပြထားသည်ဖြစ်၍ ထိုလင်္ကာနှင့် မောင်တင့်တယ်တို့ ဆက်စပ် ပတ်သက်နေမည်မှန်း ခန့်မှန်း သိရှိခဲ့ပါ၏။
(၂)
မြန်မာစာပေတွင် အနန္တသူရိယအမတ်ကြီး၏ မျက်ဖြေလင်္ကာ လေးပိုဒ်သည် အလွန်ထင်ရှား၏။
အနန္တသူရိယအမတ်မှာ မင်းယဉ်နရသိင်္ခ၏ အထိန်းတော်အမတ်ဖြစ်၏။
မင်းယဉ်နရသိင်္ခသည် ညီတော် နရပတိစည်သူ၏မယား ဝေဠုဝတီကို သိမ်းပိုက်ရာ နရပတိစည်သူက မင်းယဉ်နရသိင်္ခကို သတ်လေ၏။ ဤသို့သတ်ရာတွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်ကိုပါ သတ်လေရာ အနန္တသူရိယ အမတ်မှာ မဆီနှင့်မဆိုင် အသတ်ခံရခြင်း ဖြစ်၏။
အသတ်ခံရတော့မည့် ဆဲဆဲတွင် သူသတ်ကုန်း၌ ထို မျက်ဖြေလင်္ကာ လေးပိုဒ်ကိုရေးကာ ဘုရင်သို့ဆက်သည် ဆို၏။
နရပတိစည်သူသည် (၄၈) ဆက်မြောက် ပုဂံမင်းဖြစ်ပြီး ခရစ်နှစ် (AD1174 – 1211) အတွင်း စိုးစံခဲ့၏။ ထိုအချိန်က ရေးသားခဲ့သော စာများမှာ ယခုခေတ်စာများနှင့် လုံးဝမတူကြောင်း ကျောက်စာ၊ မင်စာ အထောက်အထားများ ရှိ၏။
သို့အတွက် အနန္တသူရိယအမတ်ကြီး ရေးသားခဲ့သည်ဆိုသော မျက်ဖြေလင်္ကာ လေးပိုဒ်မှာ ပုဂံခေတ်က စာ၊ ကဗျာ မဟုတ်နိုင်ဟု မြန်မာစာ ပညာရှင်ကြီးများက သုံးသပ်ကြောင်း မိတ်ဆွေတို့ သိပါ၏။
ဤသည်က တစ်ချက်။
ဧကာဒသမတန်း မြန်မာစာ၊ အပိုင်း (၂) ကဗျာကဏ္ဍ၌ ပြဋ္ဌာန်းထားသော ပထမဆုံးကဗျာမှာ “ရွှေနှင့်ယိုးမှား ပန်းစကား” ဖြစ်၏။ ထိုကဗျာကိုလည်း ပုဂံခေတ်က ကဗျာဟုပင် ဆိုကြ၏။
၁၉၆၉ ခုနှစ် နိုဝင်ဘာလတွင် လယ်တီမဏ္ဍိုင် ပုံနှိပ်တိုက်က ထုတ်ဝေခဲ့သည့် ပုဂံဝန်ထောက်မင်း ဦးတင်၏ ကဗျာဗန္ဓသာရကျမ်း နှင့် နောက်ဆက်တွဲ သုံးပိုင်း၊ စာမျက်နှာ ၁၂ နှင့် ၁၉၃၆ ခုနှစ်က အမျိုးသားပညာဝန် ဦးဖိုးကျား ပြုစုခဲ့သည့် ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း၊ စာမျက်နှာ ၁၉ တို့တွင် ယခုခေတ်၌ “ရွှေနှင့်ယိုးမှား ပန်းစကား” ဟု လူသိများသည့် ကဗျာကို “ပုပ္ပားနတ်တောင်လင်္ကာ” ဟု ဖော်ပြထား၏။ ကျွန်ုပ်၏ ပကတိသဘောကို ပြောဆိုရပါမူ “ရွှေနှင့်ယိုးမှား ပန်းစကား” ထက် “ပုပ္ပားနတ်တောင်လင်္ကာ” ဆိုတာကိုသာ ပို၍ သဘောကျမိပါ၏။
ပုဂံဝန်ထောက်မင်း ဦးတင်က စာမျက်နှာ ၁၂ တွင် လင်္ကာဟူသော ကဗျာသည် မည်သည့်အချိန်က စတင်ပေါ်ပေါက် ဖြစ်ထွန်းခဲ့သည်ဟု ဆိုရန် မစွမ်းသာ၊ ပုဂံမြို့ကောင်းစားစဉ် သေဉ်လည်ကြောင်ကြီးမင်းလက်ထက်လောက်က ဟူ၍ ယူရ ဆိုရသော လေးလုံးစပ်လင်္ကာ - ဟု ဆိုကာ ပုဂံခေတ်က လင်္ကာ သုံးပုဒ်ကို ပြဆိုထား၏။
ထို လင်္ကာသုံးပုဒ်မှာ ၁။ ပုပ္ပားနတ်တောင်လင်္ကာ ၂။ မျက်ဖြေလင်္ကာ နှင့် ၃။ ကျစွာမင်းကြီး၏ မြကန် တို့ ဖြစ်၏။
ကဗျာဗန္ဓသာရကျမ်း၊ နောက်ဆက်တွဲ တတိယပိုင်း၊ စာ - ၅၇၉၊ ၅၈၀၊၅၈၁ တွင် “ပုဂံကောင်းစားစဉ်အခါ သေဉ်လည်ကြောင်ကြီးမင်းလက်ထက်က ဟူ၍ ဆရာကျော်ဆရာမြတ်တို့ မှတ်ကြသော အချင်းငယ်ခေါ်သော ပုပ္ပါးနတ်တောင် လင်္ကာ” - ဟု ဖော်ပြထားလေရာ ပုဂံဝန်ထောက်မင်းက ပုပ္ပားနတ်တောင်လင်္ကာ ပေါ်ထွန်းခဲ့သည့် ကာလကို သေဉ်လည်ကြောင်မင်းလက်ထက်ဟု ယူဆ၏။
သေဉ်လည်ကြောင်မင်း စိုးစံသည့်နှစ်မှာ ပုဂံခေတ်ဦး ခရစ်နှစ် (AD344 – 387) က ဖြစ်၏။
ဆရာ စောလူ ၏ ပုဂံခေတ်မြန်မာစာ ပထမတွဲ စာမျက်နှာ ၄၄ တွင် သေဉ်လည်ကြောင်မင်း နှင့် မင်းမဟာဂီရိ နတ်မောင်နှမတို့ အကြောင်း ဖော်ပြပါရှိ၏။ ထိုစာအုပ် စာမျက်နှာ ၄၄ နှင့် ၄၅ အကြားတွင် ရာဇကုမာရ်ကျောက်စာ (မြန်မာ) ပုံကို ဖော်ပြထား၏။ ထိုစာများကား ပုဂံခေတ်မြန်မာစာရေးပုံ သက်သေ ဖြစ်၏။
ဆရာစောလူက ပုပ္ပါးနတ်တောင်လင်္ကာအကြောင်းကို ၎င်း၏ ပုဂံခေတ်မြန်မာစာ တတိယတွဲ စာ - ၅၅၂။ မှတ်ချက် ၁၃ ၌ အောက်ပါအတိုင်း ဖော်ပြထား၏။
“၁၃။ မှတ်ချက်။ ။ ထို “သိုးကလေ” အစချီကဗျာကို အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါ ပုဂံဝန်ထောက်မင်း ဦးတင် အစမူသော ပညာရှင်များယူဆသကဲ့သို့ မောင်တင့်တယ် မောင်နှမတို့၏ ဇာတ်လမ်းမဟုတ်နိုင်ကြောင်း ပညာတန်ဆောင် အတွဲ ၃၅၊ အမှတ် ၈။ ၁၉၈၆ ဩဂုတ်လထုတ် စာ ၂၄ မှ ၂၆ တွင် စာရေးသူဆွေးနွေးရေးသား ဖူးသည်။ ထိုသို့ မောင်တင့်တယ်တို့၏ ဇာတ်လမ်းမဟုတ်သည့်အတွက်လည်း ပညာရှင်များ ယူဆသကဲ့သို့ ပုဂံခေတ်ဦးလက်ရာ ကဗျာ အဖြစ် သတ်မှတ်ရန် ထပ်ဆင့် ခက်ခဲနေပြန်သည်။”
စောလူ ၏ ပုဂံခေတ်မြန်မာစာ ပထမတွဲ စာ - ၅၁ တွင် မြန်မာနိုင်ငံသို့ ပျူအက္ခရာများရောက်လာသည်ကို ခရစ်နှစ် ၅ ရာစု ဟု ဖော်ပြထား၏။ ထို့ပြင် စာ - ၆၈ ၌ “စာပေသမိုင်းတင်နိုင်သော ပုဂံခေတ်ဦးကာလသည် အနော်ရထာမင်း လက်ထက်မှ စသည်” ဟု ပါ၏။ စာများမှာလည်း အုတ်ပြားစာ၊ အုတ်ခွက်စာများဖြစ်ပြီး မြန်မာစာဟု တိတိကျကျ မရှိသေးဘဲ မွန်ဘာသာကို သုံး၏။ စာများမှာလည်း စာပေအမျိုးအစားမဟုတ်၊ ဘာသာရေးနှင့်ပတ်သက်သည့် ဆုတောင်းစာ၊ ကျိန်စာများသာ ဖြစ်ပေသည်။
“အနော်ရထာမင်းကြီး အသုံးပြုခဲ့သော ဘာသာစကားမှာ တစ်မျိုးတည်းမဟုတ်။ သက္ကတ၊ ပါဠိ၊ ပါဠိသက္ကတနှစ်မျိုးရော ပြီး ရေး၏။ အသုံးပြုသည့် ဘာသာစကားမှာ ရှေးနာဂရီအက္ခရာဖြစ်ပြီး မွန်မြန်မာအက္ခရာများကိုလည်း စတင်တွေ့လာရ ၏။”
ဆရာကြီး ဦးဖေမောင်တင်ကလည်း ၎င်း၏ မြန်မာစာပေသမိုင်း စာမျက်နှာ ၆၁ ၌ “ပုပ္ပားနတ်တောင်ဖွဲ့မှာကား အနန္တသူရိယ လင်္ကာနှင့် စပ်ဆိုပုံခြင်းမတူ။ အစချီပုံ၊ အဆုံးချပုံတို့နှင့်တကွ ဖွဲ့နွဲ့ပုံအကြောင်းအရာတို့မှာ ရတုသဘောသို့ များစွာ သက်ဝင်နေခြင်းကြောင့် ပုပ္ပားနတ်တောင်ဖွဲ့သည် ရတုဖြစ်သည့်ခေတ်တွင် ပေါ်ပေါက်သည့်ရတု ဖြစ်တန်ရာ၏ ဟုသာ ယူဆရန်ရှိ၏။” ဟု ဖော်ပြထား၏။
သို့ဖြစ်လေရာ ပုဂံဝန်ထောက်မင်း ယူဆသကဲ့သို့ ခရစ် ၃၅၀ ခန့်ကရှိခဲ့သော သေဉ်လည်ကြောင်မင်းလက်ထက်တွင် ပုပ္ပားနတ်တောင်လင်္ကာကို ဖွဲ့ဆိုခဲ့သည် ဆိုခြင်းမှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ဆိုသည်ကို မြင်တွေ့နိုင်ပါသည်။
ထို့ပြင် ကျွန်ုပ်တို့သိထားသည့် ‘မြကန်’ မှာလည်း အမည်ရင်းမှာ ‘မြကန်’ မဟုတ်။ နောင် ‘အမရကန် (သေခြင်းကင်းသော ကန်)’ ဆိုရာမှ မြကန်ဖြစ်လာခြင်းဖြစ်သည်။ ကျန်စစ်သားမင်းကြီး ပေးသည့်နာမည်မှာ ခေတ်စကားဖြင့် ‘မဟာနိဗ္ဗာန် လက်ဆွဲချီရေ’ ဟု အဓိပ္ပာယ်ရ၏။ ထိုးထားသည့်စာမှာလည်း မြန်မာစာမဟုတ်။ မွန်စာဖြစ်၏။ (စာ - ၁၂၇)
ပုဂံခေတ် အစပိုင်းကို မဆိုထားပါနှင့်။ သက္ကရာဇ် ၁၂၆၆ တွင် ရေးထိုးခဲ့သော သိင်္ဃသူ့သမီးကျောက်စာကိုပင် သင်မပေးပါ က သေသေချာချာ နားလည်နိုင်ရန် မဖြစ်နိုင်ဆိုသည်ကို ဆယ်တန်းတက်ဖူးသူတိုင်း သိ၏။
(၃)
တတိယတစ်ချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ဖြစ်၏။
ပထမအပိုဒ်မှာမူ ရိုးစင်းလှ၏။ နားမလည်စရာမရှိ။ မြင့်မားလှသော ပုပ္ပားတောင်ပေါ်၌ ရွှေနှင့်တူသည့် စကားဝါပန်းများ ပေါက်ရောက်နေကြောင်း ဖြစ်၏။
ဒုတိယပိုဒ်၌ စကားလုံးအဆန်းလေးများ ပါလာ၏။
“မယ့်သည်ပင်သည်၊ ခရီးသား။”
(ကဗျာဗန္ဓသာရကျမ်းနှင့် ဦးဖိုးကျား၏ စာအုပ်တွင် “မဲ့သည်ပင်သည်” ဟု စာလုံးပေါင်းထား၏။ “မယ့်” နှင့် “မဲ့” မှာ အဓိပ္ပာယ် မတူပါ။)
ဆရာဂုဏ်ထူးဦးသိန်းနိုင်က ၎င်းကို “မယ်၏ချစ်သူသည် ခရီးသွားလာနေရသူ ဖြစ်ပါသည်။” ဟု အဓိပ္ပာယ် ဖွင့်ဆို၏။
ပုဂံဝန်ထောက်မင်းဦးတင်က ထိုအပိုဒ်ကို “ငယ်ရည်းစားအကြောင်း ဖွဲ့ဆိုထားသည်” ဟုဆို၏။
သို့သော် ထိုအပိုဒ်မှာ မိန်းမပျိုကလေးအကြောင်းမျှသာ ဖြစ်၍ ငယ်ရည်းစားအကြောင်းမှာ တတိယအပိုဒ်ကျမှ ပါလာခြင်း ဖြစ်၏။ ဒုတိယအပိုဒ်တွင် ငယ်ရည်းစားအကြောင်းမှာ “ခရီးသွားနေသူ” ဟူသည့် တစ်ချက်သာ ပါ၏။
တတိယပိုဒ်တွင် စဉ်းစားစရာကလေးများ ပါလာပြီ။
မြိတ်လွတ်စုလည်း
“မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်”
“နှလုံးမခြား၊ စောင့်တရား။”
“မြိတ်လွတ်စုလည်း” ကို ဆရာဂုဏ်ထူးဦးသိန်းနိုင်က “မိတ်လွတ်စလဲ” ဟု ဖတ်ရကြောင်း၊ အသက် (၁၃) နှစ် အရွယ်တွင် ထုံးသည့် ဆံထုံးဖြစ်ကြောင်း ရှင်းပြ၏။
“မွေးဖတူရင်း”
မွေးဖ၏ တူအရင်းဖြစ်သည်ဟု အဓိပ္ပာယ်ယူရလျှင် မိန်းကလေးနှင့် သူ့ချစ်သူမှာ မောင်နှမဝမ်းကွဲများ ဖြစ်ပြီး ငယ်စဉ်ကတည်းက ကျွမ်းဝင်နေကြသူများ ဖြစ်၏။ ဆရာဦးသိန်းနိုင်ကတော့ living together နေသည်ဟု ဘာသာပြန်၏။
ဤတတိယပိုဒ်ကို ပုဂံဝန်ထောက်မင်းက “ငယ်ရည်းစားက သစ္စာမပျက်သည်ကိုဖွဲ့ဆိုပုံ၊ မောင်ဖြစ်သူ မောင်တင့်တယ် အသက်ကယ်ရန် ရွှေမျက်နှာကစ၍ သစ္စာဖျက်မိသည်ကို ဖွဲ့ဆိုပုံ” ဟု ဖော်ပြထားရာ မည်သည့်နေရာကို ကြည့်၍ သစ္စာဖျက်သည်ဟု ဆိုလိုကြောင်း ကျွန်ုပ်ကတော့ ဉာဏ်မမီပါ။
နောက်ဆုံးပိုဒ်တွင်လည်း အယူအဆ အတန် ကွဲလွဲ၏။
ဆရာဦးသိန်းနိုင်က မတ်ကြီးလျာကို အမတ်ဖြစ်မည့်သူ ဟု အဓိပ္ပာယ်ဖွင့်၏။
ပုဂံဝန်ထောက်မင်းကမူ မတ်ကြီးလျာ ဟူသည် အတိုင်းအရှည်ကို အသိတတ်ဆုံး ဘုရင်မင်းမြတ် ဖြစ်ပြီး ဤနေရာတွင် လျာ ကို အလောင်းအလျာဟု မယူရ။ အကောင်းဟု ယူရမည် ဆို၏။
ပုဂံဝန်ထောက်မင်းက နောက်ဆုံးပိုဒ်ကို “တကောင်းမင်းကို ကြိုက်မိသည့်အတွက် အမှားတွေ့ရသည်ကို ဖွဲ့ဆိုထားသည်” ဆို၏။ ဘယ်နေရာကိုကြည့်ပြီး ဘယ်လို တကောင်းမင်းကို ကြိုက်လိုက်မှန်း မသိ။ ကျွန်ုပ်ကတော့ သဘောမတူပါ။
“ကျိုင်းစင်မြဝါ” ကို ဆရာဦးသိန်းနိုင်က “ဖွံ့ဖွံ့ထွားထွား စင်ကြယ်စိုပြေသူ” ဟု ဆို၏။
ကဗျာဗန္ဓသာရကျမ်းတွင်မူ “ချစ်ခင်ကြင်နာသူ” ဟု ဖွင့်ဆိုထား၏။
ထိုအချက်များအပေါ် အခြေခံကာ စကားပြေပြန်ရလျှင် အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါ၏။
စာချစ်သူများ သိရှိနိုင်ရန် နှင့် ဝေဘန်နိုင်ကြရန် ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ နိုဝင်ဘာလ၊ ၂၀၂၂
ည ၉ နာရီ ၅၃ မိနစ်