အချီး
------
ကျွန်တော့် ဘဝသက်တမ်းတလျှောက်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါက စာသင်ခြင်းအလုပ်နှင့် နှစ်ပါးသွားခဲ့ရတာ နှစ် အတော်ကြာခဲ့၏။ ကျောင်းပြီးတော့ (၄) နှစ်လောက် ယက်ကလယ်လိုက်နေပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ လက်ထောက်ကထိက အလုပ်ရ၏။ စုစုပေါင်း ၇ နှစ်ခွဲ ကြာခဲ့၏။ သို့တိုင် ၇ နှစ်ခွဲလုံး စာသင်ခဲ့ရတာမဟုတ်။ ကျွန်တော် ရေဆင်းရောက်သွားတော့ ကျောင်းတွေပိတ်ထားသည့် ကာလဖြစ်၍ စာမသင်ရသေး။ ကျောင်းတွေပြန်ဖွင့်တော့လည်း စာကို သေသေချာချာ သင်ရတာမဟုတ်။ (၆) လ တစ်တန်း လုပ်ထားသဖြင့် ကျွန်တော့်စိတ်ထဲ မဖြစ်ညစ်ကျယ် သင်ရသည် ဟု ထင်မိ၏။
ထို့နောက် စင်ကာပူရောက်လာ၏။ လူများကို ဆရာမလုပ်ရလျှင် မနေနိုင်သော ဝါသနာကြောင့် ကုမ္ပဏီသို့ ရောက်လာ သည့် မြန်မာလုပ်သား အသစ်ကျပ်ချွတ်ကလေးများကို အလုပ်နှင့် ပတ်သက်သည်များ သင်ပေးရပြန်၏။ ၂၀၀၉ ခုနှစ်တွင် ဦးနေမင်းဟိန်းနှင့် တိုင်ပင်ကာ ပင်နင်ဆူလာပလာဇာ၌ သင်တန်းများ ဖွင့်ပြန်၏။
၂၀၁၄ ခုနှစ်ရောက်သော် ကိုနွယ်ဝင်း၏ တိုက်တွန်းနှိုးဆော်မှုဖြင့် သင်တန်းကျောင်းတစ်ခု ဖွင့်ပြန်၏။ ဤတွင်လည်း အလုပ်သမား၊ ကြီးကြပ်ရေးမှူးများအတွက် သင်တန်းများ ပို့ချပြန်၏။ ထို့နောက် ၂၀၁၇ နိုဝင်ဘာလမှစကာ Safety Officer အလုပ်မှ အပြီးတိုင် အနားယူလိုက်ပြီးသကာလ သင်တန်းဆရာဖြင့် အသက်မွေးလာလိုက်တာ ယနေ့တိုင် ဖြစ်တော့၏။
ပြောရလျှင် ကျွန်တော့်ဘဝသက်တမ်း တလျှောက်လုံး စာသင်တာနှင့် ပြတ်လပ်သည် မရှိခဲ့။
ယခင်ကလည်း သင်ခဲ့၏။ ယခုလည်း သင်နေဆဲဖြစ်လို နောင်လည်း ဆက်သင်နေဦးမည်သာ ဖြစ်၏။
(၁)
အမှန်ဆို စာသင်ရတာ စိတ်ဝင်စားစရာ ကောင်းပါသည်။
သို့သော် ဘယ်လိုသင်သည်ဆိုတာ ရှိ၏။
သင်ပုံသင်နည်း မတတ်လျှင် ကျောင်းသားများ တတ်သင့်သလောက် တတ်မည်မဟုတ်။
သည်စာကို သင်တာပဲ။
ဒါပေသိ သင်သည့်ဆရာအပေါ်မူတည်ပြီး ကျောင်းသားများ ရတာ ကွာ၏။
စင်ကာပူ၌ ကောင်းသည့်အလေ့အထတစ်ခုမှာ ကျောင်းသားများ၊ မိဘများ၊ သင်တန်းဆရာများ၊ မိတ်ဆွေများ တူရာတူရာ စုပြီး အဖွဲ့လေးများဖွဲ့ကာ ထို အဖွဲ့အတွင်း၌ သက်ဆိုင်ရာ အကြောင်းကိစ္စများကို ပြောကြဆိုကြ၊ ဆွေးနွေးကြ၏။
သားတို့အတန်းက မိဘများစုဖွဲ့ထားသည့် Whatsapp SOTA Parents Group Chat ရှိ၏။ ကျောင်းကိစ္စများနှင့် ပတ်သက်၍ ဤနေရာတွင် ပြောကြဆိုကြ၏။
လွန်ခဲ့သော ရက်အနည်းငယ်က သားတို့အတန်းမှာသင်သည့် သင်္ချာဆရာတစ်ယောက်နှင့် ပတ်သက်၍ မိဘများအကြား အတော်လေး ပွက်လောရိုက်သွားခဲ့၏။
ထိုဆရာက လွယ်သည့်သင်ခန်းစာများကို အတော်လေး အချိန်ယူသင်သည် ဆို၏။ နောက်ပြီး သူသင်သည့်နည်းမှာ မလွယ်။ နားလည်ရန်ခက်၏။ ရှုပ်ထွေး၏။ ကျောင်းသားများက ပို၍လွယ်ကူသောနည်းဖြင့် တွက်ကြ၏။ ထိုအခါ ကျောင်းသားများမှာ သူသင်သည့်အချိန်တွင် စိတ်မဝင်စားကြတော့ဘဲ အချို့မှာ အိပ်ငိုက်၏။ အချို့မှာ တွတ်ထိုး၏။ သားတို့ကတော့ အချင်းချင်းစုဖွဲ့ကာ ကိုယ့်ဘာသာ လေ့လာကြသည် ဆို၏။
သည်ကိစ္စနှင့်ပတ်သက်၍ ကျွန်တော် သားနှင့် ဆွေးနွေး၏။
“သူက သင်္ချာမှာ တော်ပါတယ်။ ဒါပေမယ့် သူသင်တဲ့နည်းတွေကို ကျောင်းသားတွေ မကြိုက်တာ။ သူ့နည်းက နားလည်ရ ခက်တယ်။ ပိုရှုပ်တယ်။ အဲဒီတော့ ကျောင်းသားတွေက သူတို့ဘာသာပဲ လေ့လာတော့တယ်။
ပိုဆိုးတာက သူသင်တာ အရမ်းနှေးတော့ သင်ခန်းစာကို အချိန်မီ မပြီးဘူး။ အဲဒီမှာတင် စာမေးပွဲမှာပါတဲ့ သင်ခန်းစာကို အတင်းတက်သုတ်ရိုက် သင်တော့ ကျောင်းသားတွေ နားမလည်တော့ဘူး။ တစ်ဝက်လောက် သင်္ချာမှာ ကျကြတယ်။ အဲဒါ ကျောင်းသားတွေ ညံ့လို့မဟုတ်ဘူး။ ဆရာသင်တာ အသုံးမကျလို့” - ဟု သားက ပြောပါသည်။
စာသင်ခြင်းဟူသည် စာအုပ်ထဲပါသည်များကို ဖတ်ပြရုံမျှမဟုတ်။
ဆလိုက်ထဲပါတာကို ဖတ်ပြနေခြင်းအား သင်တန်းပို့ချနေသည်ဟု မခေါ်နိုင်။
၎င်းတို့သည် ‘မစ္စတာစာလာဖတ်’ များသာ ဖြစ်ချေ၏။
စာသင်မည့်သူသည် ဝမ်းစာပြည့်ရမည်။
မိမိသင်မည့် ဘာသာရပ်အကြောင်း အတော်ပြည့်စုံနှံ့စပ်အောင် သိနေရမည်။
ဤတွင် သတိရ၍ တစ်ခုပြောပါရစေဦး။
၁၉၉၅ ခုနှစ်များလောက်က ကျွန်တော် YTU တွင် M.Phil သင်တန်းအတွက် အချိန်ပိုင်းတက်၏။ ထိုအချိန်က ကျွန်တော် F ဆောင်တွင် အခန်းတစ်ခန်းရ၏။ ကျွန်တော်နှင့် အခန်းချင်းကပ်လျက်မှာ မာစတာတန်းတက်နေသော သင်္ချာ ကျောင်းသားတစ်ဦး နေ၏။
တစ်နေ့ စကားစမြည်ပြောကြရင်း ကျွန်တော် သူ့ကိုမေးစမ်းကြည့်၏။
‘ဒါနဲ့ နေပါအုံး ကိုဟိုဒင်းရဲ့၊ ခင်ဗျားက သင်္ချာမာစတာတန်းတက်နေတယ် ဆိုတော့ ခင်ဗျားသိသလောက် ‘ပိုင်’ အကြောင်း ကို ပြောပြစမ်းပါဗျာ’
မအံ့ဩစရာပင် ၎င်းသည် ‘ပိုင်’ အကြောင်းကို သာမန်ကျောင်းသားတစ်ဦး သိသည်ထက် ပိုမပြောနိုင်ချေ။
ကျွန်တော်က ပိုင် အကြောင်းကို ဒေသကောလိပ်ကျောင်းသားဘဝ ကတည်းက အသေအချာ လေ့လာထား၍ ကျကျနန သိ၏။ ထိုစဉ်ကထုတ်ဝေသည့် သင်္ချာဂျာနယ်တွင် ပိုင်အကြောင်း အပြည့်အစုံရေးထားသည့် ဆောင်းပါးတစ်ပုဒ်ပါလေရာ ထိုဆောင်းပါးကို ကျွန်တော် အလွတ်ရလုမတတ် အထပ်ထပ် ဖတ်ခဲ့ဖူး၏။
ကျွန်တော်က ပိုင် အကြောင်း အသေးစိတ်ပြောပြရာ သူက မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးပြဲလျက် တအံ့တဩ နားထောင် လေ၏။
အနှီပုဂ္ဂိုလ်မှာ ယခု သင်္ချာပါမောက္ခ ဖြစ်နေချေပြီ။
သည်တစ်ခါဆုံလျှင် ကျွန်တော်သူ့ကို ပိုင် အကြောင်း ထပ်လောင်းမေးချင်ပါသေး၏။
ဆရာများနှင့်ပတ်သက်၍ ကျွန်တော်ကြည့်ဖူးသော ဘရုစ်လီအတ္ထုပ္ပတ္တိထဲမှ ဖီလော်ဆော်ဖီပါမောက္ခကြီး နှင့် ‘Stranger Things’ စီးရီးထဲမှ ရူပဗေဒဆရာကြီးကို ပြေးသတိရမိ၏။ ရုပ်ရှင်ပင်ဖြစ်စေ၊ ၎င်းတို့ကို ကျွန်တော် အတော် သဘောကျမိ ၏။ ၎င်းတို့သည် တကယ့်ဆရာများ ဖြစ်၏။ ရူပဗေဒဆရာကြီးသည် သန်းခေါင်လောက်ကြီး ကျောင်းသားများ နှိုက်နှိုက်ချွတ်ချွတ် မေးသည်ကို စိတ်ရှည်လက်ရှည် အသေးစိတ်ရှင်းပြ၏။
(၂)
သူများကို ဆရာလုပ်မည့်သူသည် အဘယ်မှာလျှင် ကျောင်းစာအုပ်ပါ စာများလောက် အသိနှင့် လုံလောက်ပါမည်နည်း။ ထို့ထက်များစွာ သိစရာများ ရှိသေး၏။ ထို့ကြောင့် မိမိသင်မည့်ဘာသာရပ်ကို ကျောင်းသင်ပြဋ္ဌာန်းစာအုပ်မျှလောက် နှင့် ကျေနပ်မနေဘဲ ထိုစာများနှင့် ဆက်စပ် ပတ်သက်နေသည့် စာအုပ်များကို ရှာဖွေလေ့လာရ၏။ ဗဟုသုတများကို ရှာဖွေ စုဆောင်းရ၏။
ဥပမာပြရလျှင် မြန်မာစာသင်မည့် ဆရာ/ဆရာမများသည် ၎င်းသင်မည့် မြန်မာစာ ပြဋ္ဌာန်းစာအုပ်မှ အကြောင်းအရာများ ကို ဂဃနဏ သိနားလည်နေရမည်။
ဆယ်တန်းမြန်မာစာ၌ မှော်ဘီဆရာသိန်းကြီး ရေးသည့် ‘ယောမင်းကြီးစိတ်ဓာတ်’ သည် ပါ၏။ ထို ယောမင်းကြီး စိတ်ဓာတ်ကို သင်မည့် ဆရာ/ဆရာမသည် မှော်ဘီဆရာသိန်းကြီးအကြောင်း သိထားသင့်လှ၏။ သူ ဘာစာအုပ်တွေ ရေးခဲ့တယ်၊ ဘယ်လို စာမျိုးတွေရေးခဲ့တယ် ဆိုတာမျိုး လေ့လာထားသင့်လှ၏။ ဖြစ်နိုင်လျှင် ထိုစာအုပ်များထဲမှ လူသိများသည့် တစ်အုပ်စ နှစ်အုပ်စကို မြည်းစမ်းကြည့်သင့်၏။ ထို့နောက် ယောမင်းကြီးအကြောင်း သေသေချာချာ လေ့လာသင့်၏။ သူ၏ နာမည်ကြီးကျမ်းများဖြစ်သော ရာဇဓမ္မသင်္ဂဟကျမ်းနှင့် ဥတုဘောဇနသင်္ဂဟကျမ်းများကိုပင် ရှာဖွေ မြည်းစမ်း ကြည့်သင့်၏။ ယောမင်းကြီးစိတ်ဓာတ်ပါသည့် “မြန်မာ့လွှတ်တော်ဝန်ကြီး၊ မှူးကြီးများ၏ အတ္ထုပ္ပတ္တိ” စာအုပ်ကိုလည်း ဖတ်ကြည့်သင့်၏။
ထို့ပြင် စာသင်သည့်အခါမှာလည်း စာအုပ်ထဲပါသမျှကို ဖတ်ပြီး ပြောသွားတာမဟုတ်ဘဲ စချီကတည်းက ယောမင်းကြီး ဆိုတာ ဘယ်လိုလူမျိုးကွ ဆိုသည်ကို အာဝဇ္ဇန်းရွှင်ရွှင်နှင့် ပြောပြရမည်။ ထို့နောက် ယောမင်းကြီးစိတ်ဓာတ်ကို ရေးသည့် မှော်ဘီဆရာသိန်းကြီး အကြောင်းကိုလည်း နားထောင်ချင့်စဖွယ် သိုင်းဝိုင်း ပြောပြရမည်။ ကျောင်းသားများ စိတ်ဝင်စား လာပြီဆိုမှ ယောမင်းကြီးစိတ်ဓာတ်အကြောင်း ပြောပြရမည် ဖြစ်၏။
ယောမင်းကြီးစိတ်ဓာတ်အကြောင်း ပြောပြရာတွင်လည်း စာအုပ်ထဲပါတာကို အလွတ်ကျက် ပြောခြင်းထက် ထို အဖြစ်အပျက်ကို မနေ့တစ်နေ့ကမှ မိမိကိုယ်တိုင် မြင်တွေ့ခဲ့သည့်အလား ရွှင်လန်းတက်ကြွစွာ ပြောပြရမည်။
ထိုအခါ ကျောင်းသားများသည် မိမိကပင် တိုက်တွန်းစရာမလိုဘဲ ကျောင်းစာအုပ်ပါ ယောမင်းကြီးစိတ်ဓာတ်ဆောင်းပါး ကို အလုအယက် လှန်ဖတ်ကြလိမ့်မည်။ မှော်ဘီဆရာသိန်းကြီး၏ စာအုပ်များကို လိုက်လံရှာဖွေကြတော့မည် ဖြစ်၏။
ကျောင်းသားများ ဤအခြေအနေရောက်မှသာလျှင် သင် စာသင်တာ အောင်မြင်သည်ဟု ဆိုနိုင်ပါမည်။
နောက်ပြီး ကျောင်းသားများ၏ နှလုံးသားထဲမှာလည်း ယောမင်းကြီးကို စွဲသွားပါလိမ့်မည်။
ဤကဲ့သို့သာ ၎င်းတို့လေ့လာသင်ကြားပါက နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်တိုင်သည့်တိုင် ၎င်းတို့အနေနှင့် ထိုစာများကို မေ့စရာအကြောင်း မရှိတော့ပါ။
အင်္ဂလိပ်စကားပုံတွင် ‘Best learning is teaching’ ဟု ရှိ၏။ ထိုစကားသည် အလကားမဟုတ်။ စာတစ်ပုဒ် သင်ဘို့ရာ စာဆယ်ပုဒ်လောက် ဖတ်ရ၏။ ပြဋ္ဌာန်းစာအုပ်ပါ စာများကို ကျက်ပြီး သင်ရုံမျှနှင့် ၎င်းကို ဆရာဟု ခေါ်နိုင်ပါမည်လား။ ၎င်းကို ဆရာအစစ်ဖြစ်သည်ဟု ကျွန်ုပ်ကတော့ မယူဆပါ။
(၃)
ကျွန်တော် မူ/လယ်/ထက် စာသင်ကျောင်းများ၌ အတန်းများစွာတက်ဖူးခဲ့၏။ ဆရာပေါင်းများစွာနှင့်လည်း ကြုံဆုံခဲ့ရ ဖူး၏။ ဆရာတော်တော်များများကိုလည်း ၎င်းတို့၏ ဟန်ပန်အမူအရာ လေယူလေသိမ်း၊ စာသင်ကြားပုံများကို ယခု ထက်တိုင် မှတ်မိနေပါသေး၏။
ဤနေရာတွင် ဆရာအချို့၏ စာသင်ကြားပုံများကို အနည်းငယ်ဖော်ပြပါမည်။ စာရှည်မည်စိုး၍ အနည်းငယ် ထူးခြား သည့် ဆရာ/ဆရာမအနည်းငယ်ကိုသာ ဖော်ပြပါမည်။
ဒေသကောလိပ် ကျောင်းသားဘဝက မြန်မာစာ ဆရာများမှာ ဂီတဉ္ဇလီကို ဘာသာပြန်သည့် ဆရာဦးမြင့်စိုး (မြင့်စိုးလှိုင်) နှင့် ဆရာဦးအောင်သိန်း တို့ဖြစ်၏။ စာသင်ရာတွင်မူ ဆရာဦးမြင့်စိုးထက် ဆရာဦးအောင်သိန်းက ပိုကောင်းသည် ထင်ပါသည်။
တစ်ချိန်တွင် ဆရာဦးအောင်သိန်းက ဘကြီးအောင်ညာတယ် ကို ပြောပြရာ ကျွန်တော်တို့တစ်တန်းလုံးမှာ ဆရာ ပြောသည့်အထဲ စီးမျောလိုက်ပါလျက်ရှိရာ ဆရာပြောပြီးသွားသည့်တိုင် မည်သူမှ တုတ်တုတ်မလှုပ်။ ဆရာက မနည်းနှိုးယူရလေ၏။
တခြားသူများတော့ မပြောတတ်။ ကျွန်တော် မြန်မာစာကို ချစ်တတ်သည်မှာ ဆရာတို့၏ အစွမ်းကြောင့်လည်း ပါမည် ထင်ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏သမီး ဆရာမကြီး ဒေါ်မြင့်မြင့်ခင်က Engineering Maths ကိုသင်၏။ ဆရာမကြီး အတန်းထဲ ဝင်လာပြီဆိုကတည်းက သင်ပုန်းပေါ်ရေးလိုက်၊ ပြောလိုက်၊ ပြောလိုက် ရေးလိုက်နှင့် ရှင်းပြ သွား၏။ ဆရာမကြီးစာသင်နေတာကိုသာ အပြင်ကနားထောင်ပါက မြန်မာ့အသံက အသံလွှင့်နေသလား ထင်ရပါ လိမ့်မည်။
ထို့အတူ ကျွန်တော် သင်တန်းများစွာ တက်ခဲ့ဖူးပါ၏။ သင်တန်းဆရာများစွာနှင့်လည်း ကြုံဆုံခဲ့ရဖူးပါ၏။
အချို့သင်တန်းဆရာများမှာ အတော်လေးကို ချာတူးလန်လှ၏။ ၎င်းတို့သည် ဆလိုက်ပေါ်ပါသည်များကို ဖတ်ရုံသာ ဖတ်ပြသွား၏။ သူတို့စကားနှင့် သူတို့ရှင်းပြသည်မှာ အလွန်နည်းလှ၏။
ကျွန်တော် ACTA တက်စဉ် မော်ဂျူးတစ်ခုကို IAL ၌ တက်၏။ သင်သည့်ဆရာမမှာ အင်ဒီယန်းအမျိုးသမီးဖြစ်၏။ သူစာသင်တာ အတော်ကောင်း၏။ အမှန်ဆို သည်ဘာသာရပ်များမှာ သီအိုရီများချည်းဖြစ်၍ အလွန်ပျင်းစရာ ကောင်းသော ဘာသာရပ်များဖြစ်၏။ သို့တိုင် သူသင်သွားသည်မှာ တစ်စက်ကလေးမှ ပျင်းစရာမရှိ။ သူကရှေ့က ပြောသွားလိုက်။ သင်တန်းသားများနှင့် အမေးအဖြေပြုလိုက်။ ပျော်စရာပင် ကောင်းပါသေးသည်။
ကျွန်တော် စင်ကာပူပိုလီတွင် Level C တက်စဉ်က MOM မှ အရာရှိဟောင်းတစ်ဦး လာသင်၏။ ကောင်းလေစွ။ နောက်တစ်ဦးမှာ အမျိုးသမီးဖြစ်၍ Joyce ဖြစ်၏။ ခပ်ချောချော အပြောကောင်းကောင်း။
ထို့ပြင် ကျွန်တော် Safety Officer လုပ်စဉ်က ညဦးပိုင်းအချိန်များ အား၍ IAL ၌ ညသင်တန်းများ (ည ၇ နာရီမှ ၉ နာရီ။ အချို့သင်တန်းများမှာ ညနေ ၆ နာရီမှ ၁၀ နာရီ) သွားတက်လေ့ရှိ၏။ ပြောရလျှင် ထိုသင်တန်းများ၌သင်သည့် သင်တန်း ဆရာအားလုံးလိုလို ကောင်း၏။ သူတို့က trainer မဟုတ်၊ facilitator ဟု ခေါ်၏။ ၎င်းတို့ထံမှ သင်ပုံသင်နည်း အတော် များများ ရပါသည်။
(၄)
ကျွန်တော် သင်တန်းပေးသည့်အခါ မည်သည့်အခါမှ ဆလိုက်များကို မဖတ်ပါ။ ကျွန်တော်က ဆလိုက်များကို ရည်ညွှန်းရုံ အတွက် သက်သက်သာထားပြီး ကိုယ့်စကားနှင့်ကိုယ် ရှင်းပြတာသာ ဖြစ်၏။ နောက်ပြီးတော့ ဆလိုက်ထဲပါတာ အားလုံးကို ပြောတာမဟုတ်မူ၍ အရေးကြီးသည့် key point များကိုသာ ဦးစားပေး ပြော၏။ ကျွန်တော်က အလုံး ၂၀၀ လောက်ပြောပြီး တစ်လုံးမှ မရတာထက် အလုံး ၅၀ လောက်ပြောပြီး ၅ လုံးလောက် ရသွားတာကို ပိုသဘောကျ၏။
နောက်ပြီး ကျွန်တော်က အခြား လက်တွေ့အဖြစ်အပျက်များထည့်သွင်းလျက် နမူနာအဖြစ် ပြောပြသေး၏။
Lock Out Tag Out အကြောင်းပြောသည့်အခါ မြန်မာပြည်မှ ကွန်ကရိဖျော်စက်ထဲ အလုပ်သမားလေးနှစ်ဦး စက်ညပ် သေဆုံးရခြင်းအကြောင်း၊ ကွန်ဖိုင်းစပေ့စ် အကြောင်း၌ ထီးတန်းလမ်း၊ မြေအောက်ရေကန်ထဲ၌ အသက်ဆုံးရသော အလုပ်သမားလေး နှစ်ယောက်အကြောင်း စသည်များကိုပါ ပြောပြ၏။ နောက်ပြီး ကျွန်တော်တို့ ပရောဂျက်ထဲမှ မတော်တဆမှုများအကြောင်းလည်း ပါ၏။
သင်တန်းဆရာလုပ်သူသည် ဆလိုက်ထဲပါတာအားလုံးကို နားလည်နေရမည်။ ဆလိုက်ထဲပါသည့် စကားလုံးတိုင်းကို နားလည်နေရမည်။ သို့မှသာ သည်အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်မည် ဖြစ်၏။
သင်တန်းဆရာလုပ်သူသည် ဆလိုက်ထဲပါသည်များကို မိမိအတွေ့အကြုံနှင့်ယှဉ်ကာ ရှင်းပြရမည်။ ဆလိုက်ထဲပါတာ ဖတ်ပြနေရုံမျှနှင့်တော့ ထိုသင်တန်းသားများသည် သင်တန်းကိုပင် လာတက်နေစရာမလို။ ၎င်းတို့ထံ ပါဝါပွိုင့်ပို့ကာ ကိုယ့်ဘာသာ ဖတ်ခိုင်းလိုက်လျှင် မပြီးပါလော။
Supervisor သင်တန်းတွင်မတော့ သက်ဆိုင်ရာ ဥပဒေများကို မည်ကဲ့သို့ ရှာရမည်။ ဒေါင်းရမည်။ အခြား ဆက်စပ် ပတ်သက်ရာစာအုပ်များ (ဥပမာ - Work At Height အတွက် WSH Council မှ အခမဲ့ download လုပ်လို့ရသည့် စာအုပ်များ၊ ထို WSHC မှပင် အခမဲ့ ဒေါင်းလို့ရသော Code of Practice များ၊ အခြား အသုံးဝင်မည့် website များကိုပါ ပြသပေးပါသည်။
သူများကို ဆရာလုပ်မဲ့သူဟာ သူများထက် ပိုတတ်နေမှပေါ့ကွ ဟုလည်း စာများဖတ်မှတ်လေ့လာရန် ၎င်းတို့ကို တိုက်တွန်းပါသေး၏။ အလုပ်သမားများကိုသင်သည့် SIP သင်တန်း၌ပင် ကျွန်တော့် Facebook, Blog နှင့် youtube မှ ဗီဒီယိုများပြကာ ထပ်မံလေ့လာလိုသေးသူများအတွက် လမ်းစဖွင့်ပေးပါ၏။
ယခု သင်တန်းလာတက်သူများမှာ လက်တွေ့အသုံးချရန် ဖြစ်၏။ လာသာတက်သည်။ ဘာတွေမှန်း သိမသွားလိုက် ဆိုလျှင်တော့ သင်သည့်သူလည်း သင်ရကျိုးမနပ်။ လာတက်သူမှာလည်း အချိန်ကုန်၊ ငွေကုန်ရုံမျှ ဖြစ်ချိမ့်မည်။ ၎င်းတို့ နားမလည်တာကြီးကို မည်ကဲ့သို့ လက်တွေ့အသုံးချပါမည်နည်း။
နိဂုံး
စာသင်ခြင်းဟူသည် အတတ်ပညာ တစ်မျိုးဖြစ်၏။ အချို့ဘုန်းတော်ကြီးကျောင်းများတွင် အခြေအနေအရ ဆယ်တန်း အောင်သူများကို ဆရာခန့်ကာ ဆယ်တန်းစာများ သင်ပေးနေတာ တွေ့ရတော့ ကျွန်တော် အတော်စိတ်မသက်မသာ ဖြစ်ခဲ့မိရ၏။
အချို့မိတ်ဆွေ ကျောင်းဆရာ၊ ဆရာမများမှာ ၎င်းတို့သင်နေသည့် ကျောင်းစာမျှလောက်သာ သိပြီး ပြင်ပဗဟုသုတ ဘာမှ မရှိသည်ကို တွေ့ရလေရာ အတော် စိတ်ကုန်မိ၏။ သို့သော် ဤသည်တို့မှာ တစ်ဦးတစ်ယောက်ကို အပြစ်ပုံချနေ၍ ရစကောင်းသော အရာမဟုတ်။ မှန်ကန်ကောင်းမွန်သည့် ပညာရေးစနစ်ကြီးတစ်ခုကို ကျကျနန ဖော်ဆောင် အကောင် အထည်ဖော်မှသာ ဖြစ်နိုင်ပေမည်။
လက်ရှိအခြေအနေအရတော့ ဘာကို ဘယ်လိုပြောရမှန်းတောင် မသိတော့ပါ။
သည်အခြေအနေဆိုးကြီးကို ကျော်မိသွားပြီဆိုလျှင်တော့ တဖြည်းဖြည်း ကောင်းလာလိမ့်မည် မျှော်လင့်ပါသည်။
‘စာသင်ခြင်း အနုပညာ’ ဤတွင်ရွေ့ ပြီးပါပြီ။
မိတ်ဆွေအပေါင်း ကျန်းစေကြောင်း၊ ဆုတောင်းမေတ္တာ ဝေသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၁ ဩဂုတ်လ၊ ၂၀၂၂
No comments:
Post a Comment