Saturday, August 20, 2022

ဆယ်စောင်တွဲ

ရည်ညွှန်း - သာသနာရေးဦးစီးဌာနထုတ် ဆရာတော် မာဂဓီ-သာစည် ၏ ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း (၁၉၉၂)

 

(၁) ဘုန်းတော်ကြီးကျောင်း ပညာရေး

 

ယံမင်္ဂလံ၊ ဒွါဒသဟိ၊ စိန္တယိံသု၊ သဒေဝကာ . . . . . . 



ကျွန်ုပ်တို့ ဘိုးဘွားဘီဘင် ရှေးမြန်မာကြီးများသည် ပညာကို ဘုန်းတော်ကြီးကျောင်းများ၌သာ သင်ကြားကြကုန်၏။ ဘုန်းတော်ကြီးကျောင်း ပညာရေးဖြစ်၍လည်း ဗုဒ္ဓဘာသာ အကြောင်းများကိုသာ သင်ကြား၏။ သင်ရိုးမှာလည်း အလွန် ရိုးစင်းလှ၏။ ကျွန်တော်သိသလောက် သင်ပုန်းကြီးနှင့် ဆယ်စောင်တွဲကို မြန်မာဘုန်းတော်ကြီးကျောင်း ပညာရေး၏ ပြဋ္ဌာန်းစာအုပ်များအဖြစ် သုံးကြ၏။ 

 

ထိုစဉ်က ဘုန်းတော်ကြီးကျောင်းများ၌ ယခုခေတ် လောကဓာတ်ပညာများကို မသင်ကြားကြ။ 

အချို့ဘုန်းကြီးကျောင်းများတွင်မတော့ သစ်တန်တွက်၊ စပါးတွက် စသည်များကို သင်ပေးသည်ဆို၏။ သစ်လုံး ထိပ်ဝ မည်မျှ၊ အရှည်မည်မျှရှိလျှင် ဘယ်နှစ်တန်ရှိသည် စသည်ကို သင်ပေးခြင်းဖြစ်၏။ (သို့သော် စနစ်တကျမဟုတ်မူ၍ ပုံသေနည်းကို အလွတ်ကျက်ကာ ဂဏန်းထည့်တွက်ခိုင်းခြင်းဖြစ်၏။ အဘယ်ကြောင့် ဤကိန်းသေဂဏန်းများ ဖြစ်လာ ရသည်ကို ကျောင်းသားများ မသိနိုင်လေ။ မိတ်ဆွေတို့သိလိုလျှင် ကျွန်ုပ် ပြောပြနိုင်ပါသည်။)

 

မှတ်ချက်။             ။ ရှေးလူကြီးများက သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း စသည်တို့ကို လောကဓာတ်ပညာများဟု ခေါ်ဆိုကြ၏။

 

ထိုခေတ်ဘုန်းတော်ကြီးများသည် ခေတ်ပညာများဖြစ်သော သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း စသည်တို့မှာ တိရစ္ဆာန်တို့၏ အတတ်ပညာများဖြစ်သည်ဆိုကာ သင်ကြားရန် ကန့်ကွက်ခဲ့ကြ၏။ 

 

“တစ်နှင့်တစ်ပေါင်းသော် နှစ်ဖြစ်၏။ ပင်လယ်ထဲတွင် ကျွန်းများရှိ၏ အစရှိသည့် စကားမျိုး၊ နေလ နက္ခတ်တာရာများကို ကမ္ဘာမြေကြီးက လှည့်ပတ်နေသည် အစရှိသည့် အယူအဆမျိုးများသည် အကျိုးမရှိသော အကြောင်းတရားမျိုးများသာ ဖြစ်သည်။ သင်္ချာ၊​ ပထဝီဝင်၊ အင်္ဂလိပ်စာ စသည့်ဘာသာများသည် တိရစ္ဆာနဝိဇ္ဇာ အတတ်ပညာမျိုးပင် ဖြစ်သည်။” ဟု စိန်ပန်းကျောင်းသစ် ဆရာတော်က တောင်ခွင် သာသနာပိုင်ဆရာတော်ဆီသို့ ၁၉၀၇ ခုနှစ်တွင် ရေးသားခဲ့သည် ဆို၏။

 

သင်ကြားနည်းမှာလည်း အလွန်ရိုးစင်းလှ၏။ 

စာအုပ်ထဲ၌ပါသည့် စာများကို ဘုန်းတော်ကြီးကချပေး၊ ကျောင်းသားကလိုက်ရွတ်၊ ထို့နောက် ထိုစာများကို ဤသည်မရွေး ကျက်မှတ်ကာ အလွတ်ပြန်ကြားရခြင်း ဖြစ်၏။

မှတ်သားထားသည့် စာများကို ပြန်အံထုတ်သည့်အတွက် စာအံသည်ဟုလည်း ခေါ်ကြ၏။

ထို့အတွက် အာဂုံဆောင်မှ အာဂလူ ဟု ဖြစ်လာလေတော့၏။

များများကျက်နိုင်သူ များများတော်၏။

 

လူကြီးချင်းတွေ့ကြလျှင် သားသမီးများ၏ ပညာရေးကို စပ်စုကြ၏။

ဟဲ့ နင့်သား ဘယ်စာရောက်သွားပြီလဲ။ 

အခု အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းတွေ ပြီးသွားလို့ နမက္ကာရတောင် ရောက်နေပြီလေ။

ဟယ် တော်လိုက်တဲ့သားလေး။

 

သင်ကြားပုံမှာလည်း အလွန်ရိုးစင်းလှ၏။

ဘုန်းကြီးကျောင်းမှာ စာသင်ခန်းဟု သီးသန့်မရှိ။ ထိုင်ခုံ၊ စားပွဲ၊ ကျောင်းသင်ပုန်း စသည့် ပရိဘောဂများ ဘာမှမရှိ။

ကျောင်းသားများမှာ ကြမ်းပြင်တွင် ဝပ်ပြီး စာကျက်ကြရတာဖြစ်၏။

စာရေးသားရန် တက်ဘလက် (ဟုတ်ပေါင်) ကျောက်သင်ပုန်းများကို သုံးကြ၏။

ကျောက်သင်ပုန်းဟူသည် ကျောက်သားကို ခပ်ပါးပါး လွှာထားတာ ဖြစ်၏။ အနက်ရောင် ရှိ၏။

ထိုကျောက်သင်ပုန်းပေါ်တွင် ကျောက်ဖြင့်လုပ်ထားသော စာရေးကိရိယာဖြင့်ရေး၏။ ၎င်းကို ကျောက်တံဟုခေါ်၏။




ရေးလိုက်၊ ဖျက်လိုက်ဖြင့် ကြာသော် ကျောက်သင်ပုန်းမျက်နှာပြင်မှာ ကျောက်မှုန်များကပ်ညိကာ ချော်လာ၏။ ဖြူလာ ၏။ စာများကို ကောင်းကောင်း ဖတ်လို့မရတော့။ ထိုအခါ ကျောက်သင်ပုန်းကို ဆေးပေးရ၏။ ကျွန်ုပ်တို့ငယ်စဉ်က ကျောက်သင်ပုန်းများကို ဆေးကြောရန် ကြိတ်မှန်ရွက်ကို သုံးကြ၏။

 

ကျောင်းသင်ရိုးထဲတွင် လောကနီတိ၊ မိဘဝတ်၊ ဆရာ့ဝတ်၊ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ၊ ရှင်မဟာ သီလဝံသ ဆုံးမစာ စသည်တို့ပါသဖြင့် လူ့လောက နေနည်းထိုင်နည်း၊ မြန်မာ့ဓလေ့ထုံးစံများအရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ကိုပါ ဘုန်းတော်ကြီးကျောင်းက တပါတည်း သင်ပေးလိုက်သည်ဟု ဆိုနိုင်၏။


 

(၂) မြန်မာသင်ပုန်းကြီး

 

ဘုန်းတော်ကြီးကျောင်း ပညာရေးတွင် မြန်မာသင်ပုန်းကြီးစာအုပ်ကို လက်ကိုင်ထားကာ မြန်မာစာ အရေးအဖတ်ကို သင်ကြားပေး၏။ (လွန်ခဲ့သည့် ၃ - ၄ နှစ်ခန့် ကျွန်ုပ် မန္တလေးရောက်စဉ် ဆရာကိုအောင်သန်းက ကျွန်ုပ်ကို သင်ပုန်းကြီး စာအုပ် ၄-၅-၆ အုပ် လက်ဆောင်ပေးလိုက်သေး၏။ ဤကား စကားချပ်)



သင်ပုန်းကြီးတွင်ပါသည့် စာလုံးပေါင်းများမှာ အတော် ကိုးရို့ကားယားနိုင်လှ၏။ 

 

ဤတွင် ကျွန်ုပ်ကြုံခဲ့ရဖူးတာလေး ပြန်ပြောင်း ဖောက်သည်ချပါအံ့။

၁၉၈၇ လောက်က ထင်ပါသည်။ 

တစ်ညနေ ကျွန်ုပ်နှင့် ဘုန်းကြီးလူထွက် ကိုမြတ်သူတို့ အင်းစိန်၊ ကမ်းနားမှ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရောက်သွား၏။

ကျောင်း၌ ဘုန်းကြီးတစ်ပါးက ကလေးငယ်များကို စာသင်ပေးနေ၏။

 

သူက သင်ပုန်းကြီးအတိုင်း သင်နေတာဖြစ်သဖြင့် ကျွန်ုပ်လည်း စိတ်ဝင်စားစွာ ကြည့်နေမိ၏။ ယရစ်ကို သင်နေတာ ဖြစ်၏။

‘ကကြီး ယရစ် ကြ၊ ပ ယရစ် ပြ’ ‘မ ယရစ် မြ’ သည်အထိ ပြဿနာမရှိ။

သင်နေရင်းနှင့်မှ ‘သ’ ဆီ ရောက်လာ၏။ သူလည်း ဆက်သင်၏။

“သ ယရစ် သယ (သြ)၊ သ ယရစ် ရေးချ သယာ (သြာ)၊ သ ယရစ် ရေးချ ဝစ္စနှစ်လုံးပေါက် သယား (သြား)” 

ဟိုက် - ရှာလပတ်ရည်။

 

ကျွန်ုပ်လည်း ဘုန်းကြီး ရေး/ဖတ်/စာချပေးနေသည်ကို ကြည့်ရင်း ထူးဆန်းပါပေ့ဟု ကြည့်နေမိ။

သ ကို ယရစ်လိုက်တော့ “ဩ” ဖြစ်သွား၏။ ၎င်းကို မိတ်ဆွေတို့ ဘယ်လိုဖတ်ပါသနည်း။

“ဩ” ကို “အက္ခရာ ဩ” ဟု ဖတ်၏။ မည်သူမှ ‘သယရစ် သယ’ ဟု မဖတ်ပါ။

နောက်ပြီး “ဩာ” “ဩား” ဆိုတာ မြန်မာစာမှာသော်လည်းကောင်း၊ စကားမှာသော်လည်းကောင်း၊ မည်သည့် အသုံးတွင်မှ မရှိပါ။

ထို့ကြောင့်လည်း ကျွန်တော်က မမြင်ဖူးသည့် စကားလုံးများကို မြင်နေ/ကြားနေရ၍ ပါးစပ်အဟောင်းသားနှင့် မင်တက်မိ ကာ ငေးမောကြည့်နေမိခြင်း ဖြစ်၏။

 

ထိုကဲ့သို့ပင် ရှေးယခင်က မြန်မာသင်ပုန်းကြီးစာအုပ်တွင် အသုံးလည်းမတည့်၊ အဆီအငေါ်လည်းမတည့်သော စာလုံးများ ထည့်သွင်းထားတာ တွေ့ရပါသည်။ ထိုစာလုံးများမှာ စာလုံးပေါင်းအရ ပေါင်း၍ စာလုံးဖြစ်လာသည့်တိုင် ပြောရာတွင် လည်းကောင်း၊ ရေးရာတွင်လည်းကောင်း မသုံးကြပါ။ နမူနာပြပါမည်။ (ပုံတွင်ရှု)

 

ဈက်၊ ဈင့်း၊ ဈစ်၊ ဈည့်း၊ ဈတ်၊ ဈန့်း ဈပ်၊ ဈမ့်း၊ ဈယ့်း၊ ဈောင့်း

တြင့်း၊ တြိန့်း၊ တြိမ့်း၊ တြုန့်း၊ တြုမ့်း၊ တြောင့်း၊ တြိုင့်း




မြန်မာသင်ပုန်းကြီးစာအုပ်တွင် ဤကဲ့သို့သော စာလုံး များစွာပါ၏။ ဤစာလုံးများကို သင်လိုက်ခြင်းဖြင့် ကလေးများမှာ ပို၍ ရှုပ်ထွေးသွားတာသာရှိပါသည်။ ဤစာလုံးများကို မည်သည့်အတွက် သင်ရသည်။ မည်သည့်နေရာတွင် သုံးသည် စသည်တို့ကိုလည်း သင်ပေးသည့် ဆရာကိုယ်နှိုက်က သိနားလည်ဟန်မတူပါ။ သိနိုင်စရာလည်း အကြောင်းမရှိပါ။ အသုံးလည်း မတည့်ပါ။

 

ယခုတော့ မြန်မာသင်ပုန်းကြီးစာအုပ်ကို မည်သူမှ မသုံးကြတော့ပါ။ ပို၍ ခေတ်မီ၊ လွယ်ကူ၊ အသုံးတည့်သော မြန်မာ ဖတ်စာသစ်များနှင့် အစားထိုး သုံးစွဲနေကြပြီဖြစ်၏။ (တောက ဘုန်းကြီးကျောင်းတွေမှာတော့ ဆက်သုံးနေဦးမည်လား မပြောတတ်။)

 

(၃) ဆယ်စောင်တွဲ


ပဋိသင်္ခါ ယောနိသော - အပျိုမြင် ငါ့ပြော

ပိဏ္ဏပါတံ - ထမိန်စ အသာလှန်

 

ကျွန်ုပ်တို့ငယ်စဉ်က ကိုရင်ဝတ်ဘို့ ဘုန်းကြီးကျောင်းမှာ တစ်ပတ်လောက် သွားပြီး သင်္ကန်းတောင်း စသည့် စာများ ကျက်ရ၏။ ကျက်သာကျက်သည်၊ တစ်လုံးမှ မရလေ။ နောက်တော့လည်း သင်္ကန်းတောင်းသည့်အခါ ရှေ့က ဘုန်းကြီး ချပေးတာကို လိုက်ဆိုရတာဖြစ်၏။ 

 

‘ပဋိသင်္ခါ ယောနိသော - အပျိုမြင် ငါ့ပြော’ ဆိုသည်မှာ ထိုစဉ်က ကျွန်ုပ်တို့ စာကျက်ရင်း နောက်ပြောင် အော်ဟစ်ခဲ့ကြ သည့် စာတိုပေစ တစ်ပိုင်းတစ်စ ဖြစ်၏။ 

 

ကျွန်ုပ်မှာ ဘုန်းတော်ကြီးကျောင်းတွင်ပင် မနေခဲ့ရသော်လည်း ဘုန်းကြီးကျောင်းစာများနှင့် အတော်ပင် ရင်းနှီးခဲ့ဖူး၏။ ကျွန်ုပ်တို့ငယ်စဉ်က ရွာမှလူကြီးများသည် ၎င်းတို့ အတန်းကျောင်း မနေခဲ့ရသည့် အငုံ့စိတ်ဓာတ်ဖြင့် အတန်းကျောင်း တက်နေသော ကျွန်ုပ်တို့ကို “အလကားကောင်တွေ၊ ပါဋ်ဆင့်ပါဋ်သားတွေလည်း ဖတ်တတ်တာမဟုတ်ဘူး” ဟု နှိမ်လေ့ ရှိ၏။ ကျွန်ုပ်ကား ဝါသနာလည်းပါ၊ ၎င်းတို့ပြောသည့် ပါဋ်ဆင့်ဆိုတာ ဂျိုနဲ့လား ဟု အမောက်ထောင်ပြလိုသည်နှင့် ဘုန်းကြီးကျောင်းတွင် သင်ကြားသည့် ဆယ်စောင်တွဲကို တစ်လုံးမကျန် ဖတ်လေ၏။ 

 

(မှတ်ချက်။       ။ ကျွန်ုပ်တို့ဘက်တွင် ပထမတန်း၊ ဒုတိယတန်းကို ၁ တန်း၊ ၂ တန်း စသဖြင့် ခေါ်သောကြောင့် အစိုးရ ကျောင်းများကို အတန်းကျောင်းဟု ခေါ်၏။ ကျွန်ုပ်တို့ ကျောင်းနေစအရွယ်က ကျွန်ုပ်တို့ရွာတွင် အစိုးရကျောင်း ဖွင့်ခါစ ပင် ရှိသေး၏။)



ထို့ကြောင့်ပင် ကျွန်ုပ်သည် ဆယ်စောင်တွဲစာအုပ်၌ မည်သည့်စာများပါသည်ကို ငယ်စဉ်ကပင် သိလေ၏။ ထိုစာများ အားလုံးကို နှုတ်တိုက်မရသည့်တိုင် ဒေါင်းဒေါင်းပြေးအောင် ဖတ်နိုင်လေ၏။ ထိုစဉ်ကမူ ပါဋ်ဆင့်တွေကို မဖတ်တတ်ဘူး ဟု နာမ်နှိမ်လိုသူများအား စိန်ခေါ်လိုသည့် သဘောဖြင့် လေ့ကျက်ခဲ့တာဖြစ်၏။ သို့တိုင် အဘယ်ကြောင့် ဆယ်စောင်တွဲ ဟု ခေါ်သည်ကို ထိုစဉ်က မသိသေးချေ။

 

ဆရာတော် မာဂဓီ-သာစည် ပြုစုတော်မူသော ဆယ်စောင်တွဲသင်တန်း - မြန်မာပြန်ကျမ်း၌ ဆယ်စောင်တွဲအကြောင်း အောက်ပါကဲ့သို့ ဖော်ပြထား၏။

 

‘ဆယ်စောင်တွဲစာအုပ်၌ ဘုရားဟော ပိဋကတ်စာပေများနှင့်တကွ နီတိအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုးတို့ကိုပါ ပြဆိုထားသောကြောင့် လောကအကြောင်းရော ဓမ္မအကြောင်းပါ ခြုံမိ၊ ငုံမိနေသည်၊ ထို့ကြောင့် ဆယ်စောင်တွဲကို အလိမ္မာလမ်းညွှန်အဖြစ် ခေါ်ဆိုထိုက်သည်။ ဆယ်စောင်တွဲပါ စာများကို နှုတ်ရအာဂုံဆောင်ထားနိုင်လျှင် (သို့) လေ့လာ ထားပါလျှင် စကားပြောနှင့် တရားဟောဆိုင်ရာ ကိစ္စများတွင် အထောက်အကူ မုချရနိုင်ပါသည်။

 

ဆယ်စောင်တွဲပါ စာမူများ


၂ စောင်တွဲ - မြန်မာသင်ပုန်းကြီး နှင့် မင်္ဂလသုတ်

၃ စောင်တွဲ - မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း

၄ စောင်တွဲ - ၃ စောင်တွဲ + ရတနာရွှေချိုင့်

၅ စောင်တွဲ - ၄ စောင်တွဲ + နမက္ကာရ

၆ စောင်တွဲ - ၅ စောင်တွဲ + လောကနီတိ

၇ စောင်တွဲ - ၆ စောင်တွဲ + ပရိတ်ကြီး

၈ စောင်တွဲ - ဤအမည်ဖြင့် ထုတ်ဝေသည်ကို မတွေ့ရ။

၉ စောင်တွဲ - ဤအမည်ဖြင့် ထုတ်ဝေသည်ကို မတွေ့ရ။

၁၀ စောင်တွဲ - မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊​ ပရိတ်ကြီး၊ ရှင်မဟာသီလဝံသ ဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ၊ စကားကြီး ဆယ်မျိုး

 

ဆယ်စောင်တွဲကို ပုံနှိပ်တိုက်အမျိုးမျိုးမှ မူအမျိုးမျိုးဖြင့် ထုတ်ဝေကြ၏။ ဆယ်စောင်တွဲ ဖွဲ့ရာတွင် ပထမ ခုနစ်မျိုးမှာ တူပြီး ကျန်သုံးခုမှာ မတူဘဲရှိတတ်၏။ ထုတ်ဝေသူ၏ ဆန္ဒအလျောက် မိမိနှစ်သက်ရာကို ထည့်သွင်းတတ်ကြ၏။ ထို့ပြင် နောက်ထပ် ကောင်းနိုးရာရာများ ထည့်သွင်းလျက် ၁၂ စောင်တွဲ၊ ၁၅ စောင်တွဲ စသည်များလည်း ထုတ်ဝေတတ်ကြ ပါသေး၏။

 

ဆယ်စောင်တွဲ နောက်တစ်မျိုး

1.      မင်္ဂလသုတ်

2.      အပြင်အောင်ခြင်း

3.      အတွင်းအောင်ခြင်း

4.      ရတနာရွှေချိုင့်

5.      နမက္ကာရ

6.      လောကနီတိ

7.      ပရိတ်ကြီး

8.      ရှင်မဟာရဋ္ဌသာရဆုံးမစာ

9.      ရှင်မဟာသီလဝံသဆုံးမစာ

10.   ဘိုးသူတော်ဦးနု စကားပုံ

 

ဆယ်စောင်တွဲ အနှစ်ချုပ်


၁။ မင်္ဂလသုတ် = မင်္ဂလာတရား ၃၈-ပါးကို ဟောကြားထားခြင်း

၂။ အပြင်အောင်ခြင်း = ဘုရားရှင်၏ ခန္ဓာကိုယ်မှ အပြင်အပရန်သူများကို အောင်မြင်ခြင်း

၃။ အတွင်းအောင်ခြင်း = ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်တတ်သော ကိလေသာရန်သူများကို အောင်မြင်ခြင်း

၄။ ရတနာရွှေချိုင့် = ရတနာသုံးပါးကို ရွှေချိုင့်သဖွယ် အကာအရံ ပြုထားခြင်း

၅။ နမက္ကာရ = မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော် လက္ခဏာတော်များကို ကြည်ညိုဖွယ်ရာ ပြထားသောဘုရားရှိခိုး 

၆။ လောကနီတိ = လောကလူသား အကျိုးများအောင် လမ်းညွှန်ထားသော စာပေ 

၇။ ပရိတ်ကြီး = ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်တတ်သော တရား

ဂ။ ရှင်မဟာသီလဝံသ ဆုံးမစာ = ယဉ်ကျေးလိမ္မာစေရန် ဆုံးမသောစာ 

၉။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ = ယဉ်ကျေးလိမ္မာစေရန် ဆုံးမသောစာ 

၁၀။ စကားကြီး ၁၀-မျိုး = စကားပြောရာ၌ လိမ္မာ ကျွမ်းကျင်စေရန် စကားပြောနည်း ၁ဝ-မျိုး။

 

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ အင်္ဂလိပ်တို့၏ 3M ကိုလိုနီနယ်ချဲ့စနစ် (Merchant, Military, Mission) အရ ခရစ်ယာန် သာသနာပြုကျောင်းများ အလျှိုအလျှို ပေါ်ထွက်လာလေ၏။ ထိုသည့်ကျောင်းများတွင် လောကဓာတ်ပညာများ စတင်သင်ကြားခဲ့၏။ 

 

မြန်မာပညာရှိကြီးများ၏ ကြိုးစားအားထုတ်မှုဖြင့် အမျိုးသားကျောင်းများ မြန်မာနိုင်ငံ အနှံ့အပြား ပေါ်ပေါက်လာပြီး သည့်နောက်ပိုင်း လောကဓာတ်ပညာ သင်ကြားရေးလည်း ပိုမိုကျယ်ပြန့်လာခဲ့၏။

 

ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးထွန်းကြွယ်က “ခရစ်နှစ် ၁၈၆၈ ခုနှစ်ထိ မြန်မာပြည်တွင် ဘုန်းတော်ကြီးသင် ကျောင်းများသာ ရှိပါသေးသည်” ဟု တင်ပြခဲ့၏။ နောက်ပိုင်းနှစ်များတွင် ဘုန်းတော်ကြီးသင်ကျောင်းများ လျော့နည်း သွားခြင်း နှင့် အစိုးရ စာသင်ကျောင်းများ တိုးပွားလာပုံမှာ အောက်ပါအတိုင်းဖြစ်၏။

 

၁၈၇၃ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ကျောင်း - ၈၀၁ ကျောင်း၊ အစိုးရစာသင်ကျောင်း - ၁၁၂ ကျောင်း

၁၉၃၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ကျောင်း - ၉၂၈ ကျောင်း၊ အစိုးရစာသင်ကျောင်း - ၄၉၆၇ ကျောင်း

 

ဤသည့်နောက်ပိုင်းတွင် ဘုန်းတော်ကြီးသင်ကျောင်းများနှင့်အတူ ဆယ်စောင်တွဲသည်လည်း ကျောင်းသင်ပညာရေး နေရာမှ တစတစ ကွယ်ပျောက်သွားလေတော့သတည်း။

 

(ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ချန်ခဲ့ပါမည်။ အကြောင်းမူ ထိုကျောင်းများမှာ အစိုးရကျောင်းမှ ပြဋ္ဌာန်းစာ များကို သင်သောကြောင့် ဖြစ်၏။)

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၀ ဩဂုတ်လ၊ ၂၀၂၂

No comments: