တသင်းမှတ်ကြ
လူထိုမျှတို့
သိပ္ပကိုမူ
နည်းသည်ဟူ၍
မအောက်မေ့နှင့်
တွေ့ရာမှတ်သား
မိုးပေါက်များသော်
အင်းယားချောင်းကန်
ပြည့်သောဟန်တည့်။
(၁) အချီး
‘မရှိတာထက် မသိတာခက်’ ဟူသည့် မြန်မာစကားပုံသည် ရှိ၏။
နမူနာအနည်းငယ် ပြပါအံ့။
စင်ကာပူနိုင်ငံတွင် ရေနံမထွက်၊ ရေနံတွင်းများသည် မရှိ။
မြန်မာနိုင်ငံတွင် ရေနံထွက်၏။ ရေနံတွင်းများသည် ရှိ၏။
သို့သော် ရေနံထွက်ပြီး ရေနံတွင်းများရှိသော မြန်မာနိုင်ငံသည် ရေနံမထွက်၊ ရေနံတွင်းများ မရှိသော စင်ကာပူနိုင်ငံမှ တစ်နှစ်လျှင် ဒေါ်လာ သန်းပေါင်းများစွာ ရေနံများကို ဝယ်ယူတင်သွင်းနေရလေ၏။
အဘယ်မျှ ဝယ်ယူတင်သွင်းနေရသည်ကို screen shot ရိုက်ပြထား၏။ (USD 2781.5 million in 2019)
မကွေးတိုင်းကို မြန်မာပြည်၏ ဆီအိုးကြီးဟု ဆိုကြ၏။
ထိုဆီအိုးကြီး ရှိနေပါလျက်နှင့် မြန်မာတို့သည် ကျန်းမာရေးနှင့်မညီညွတ်သော စားအုံးဆီများကို အင်ဒိုနီးရှား၊ ထိုင်း နှင့် မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ နှစ်စဉ် မှာယူတင်သွင်းနေရလေ၏။
အဘယ်မျှ ဝယ်ယူတင်သွင်းနေရသည်ကို screen shot ရိုက်ပြထား၏။
အလွန်ခက်လေ၏။
ခက်သမှ တစ်နိုင်ငံလုံး၏ အခက် ဖြစ်၏။
ဤသည်မှာ မသိခြင်း၏ ကြီးစွာသော ဆိုးကျိုးရလဒ် ဖြစ်သတည်း။
အသင်တို့သည် ပညာတတ်အောင် ကြိုးစားကြကုန်လော့။
ပညာမတတ်လျှင် သူများ ထည့်တိုင်း ခံနေရလိမ့်မည်။
သူများက မထည့်လျှင်ပင် ထည့်ပါ၊ ထည့်ပါဟု တစာစာ အော်မြည် တောင်းခံနေရပေလိမ့်မည်။
(၂) အခြေခံပညာ သင်ယူခြင်း
လူတို့သည် မွေးလာကတည်းက သင်ယူလေ့လာကြရကုန်၏။
ဝမ်းလျားထိုးရာမှ လမ်းလျှောက်တတ်ဘို့ကို လေ့လာသင်ယူရ၏။
စကားပြောဘို့ လေ့လာသင်ယူရ၏။
ကျောင်းနေအရွယ်ရောက်တော့ ကျောင်းတက်ကာ လေ့လာသင်ယူရ၏။
သဟာဆို ကလေးများသည် အဘယ်ကြောင့် ကျောင်းသို့ သွားကြရဘိသနည်း။
အကယ်၍ ကျောင်းမသွားလျှင် ဘာဖြစ်မည်နည်း။
ကျောင်းသွားတော့ရော ဘာဖြစ်သွားပါမည်နည်း။
အသင်တို့ ကိုယ့်ဘာသာကိုယ် မေးကြည့်ကြပါကုန်၏လော။
ဒါနဲ့ နေပါအုံးကိုယ့်လူရယ်။ ခင်ဗျားသားကို ဘာဖြစ်လို့ ကျောင်းထားရတာတဲ့တုံး။
ငှယ် - ကလေးဆိုတာ ကျောင်းတက်ရမှာပေါ့လကွ။ ကျောင်းမတက်တော့ ဘာသွားလုပ်ရမှာတုံး။ မင့်နှယ်။
ဟုတ်၊ ကျောင်းတက်ပြီးတော့ ဘာတွေ ရလိုက်တုံး။
တယ်ခက်ပါလား ဒီကောင်၊ ကျောင်းပြီးရင် ဘွဲ့ရမှာပေါ့ကွ။ ဒူပါ့။
ဟုတ်၊ အဲဒီဘွဲ့က ဘာလုပ်ဖို့တုံး။ အဲဒီဘွဲ့နဲ့ ဘာလုပ်လို့ရတုံး။
အာ - ဘွဲ့မရဘဲ မင့်ကြီးဒေါ်က အလုပ်ခန့်မှာတဲ့လား။
အဲဒါဆို ကျောင်းတက်တာ အလုပ်တစ်ခု ရဘို့လို့ ပြောလို့ရမလား။
အင်း - ပြောမယ်ဆို ပြောနိုင်ပါရဲ့။
ဒါဖြင့် တောကလူတွေ ဘွဲ့မရဘဲ တောင်သူလုပ်နေတာကျတော့ အလုပ်မလုပ်ဖူးလို့ ပြောနိုင်မလား။
ဒီကောင်တော့ ဂွစကားတွေ ပြောကုန်ပြီ။ တောမှာ နေပူစပ်ခါး အလုပ်မလုပ်စေချင်လို့၊ အဲယားကွန်းခန်းထဲမှာ သက်တောင့်သက်သာနဲ့ လခစားအလုပ်လုပ်ဖို့ပေါ့ကွ။ လခွမ်း။
ဒါဆို ပြန်ချုပ်လိုက်ရင် ခင်ဗျားဟာက လခစားအလုပ်တစ်နေရာရဘို့ တစ်သက်လုံး ကျောင်းတက်ရတယ် ဆိုပါတော့။ မတန်လိုက်တာဗျာ။ ဒါနဲ့ နေပါအုံး။ ဆယ်တန်းမအောင်ဘဲ ပညာရေးတိုးလို့တန်းလန်းနဲ့ ကျောင်းထွက်သွားရတဲ့ သူတွေကျ ဘာပြောမလဲ။
အဲ . . အင်း . . . ဟို . . . တော်ကွာ ဟေ့ကောင်၊ မင်းနဲ့ စကားပြောရတာ အပေါက်အလမ်းကို မတည့်ဘူး။ ရှီးဒဲ့မှ။
ဤသည်မှာ ယနေ့ဖြစ်ပျက်နေသည့် အခြေအနေ ဖြစ်၏။
ယနေ့ခေတ် ကျောင်းသားတို့ ကျောင်းလာတက်သည်မှာ ပညာအတွက်မဟုတ်။ အလုပ်တစ်ခုအတွက် ဖြစ်၏။
ယခုကျောင်းများ၌ စာသင်ကြားပုံကို တွက်စစ်ကြည့်လိုက်ပါက ၎င်းတို့သင်ကြားနေသည်မှာ ပညာတတ်ဘို့ထက် စာမေးပွဲအောင်ဘို့၊ စာမေးပွဲမှာ အမှတ်များများရဘို့၊ ဂုဏ်ထူး (၆) ဘာသာထွက်ဘို့ ဖြစ်လေ၏။
၎င်းတို့သည် ထိုစာများက ဘာကိုဆိုလိုသည်ကို သိနားလည်ရန် မလို။ ၏သည်မရွေး အလွတ်ကျက်မှတ်နိုင်ဘို့သာ အရေးကြီးလေ၏။
မေးခွန်း၌ ထိုစာများကို ‘ဣတိပိသော ဘဂဝါ’ ကဲ့သို့ တစ်လုံးမှမလွဲစေဘဲ ပြန်ရေးနိုင်လျှင် အမှတ်များများ ရလေ၏။
ကျောင်းသားကလေးများတင်လား။ မဟုတ်ပါ။
မိဘများ၏ ရည်မှန်းချက်သည်လည်း သည့်ထက်မပို။
မြန်မာပြည်မှ မိဘများ၏ ကျောင်းထားရခြင်းအတွက် ရည်မှန်းချက်မှာ နှစ်ခုတည်းသာရှိ၏။ ၎င်းတို့မှာ -
၁။ ဆရာဝန်ဖြစ်ဘို့ နှင့်
၂။ အင်ဂျင်နီယာဖြစ်ဘို့ ဖြစ်၏။
သည့်ထက်မပို။
အခြေအနေကလည်း သည်အတိုင်းဖြစ်ရန် ဖန်တီးထား၏။
သို့ဆိုလျှင် ဆယ်တန်းအမှတ်မကောင်း၍ ဆရာဝန်ကျောင်း၊ အင်ဂျင်နီယာကျောင်း မတက်လိုက်ရသူ လူငယ်လေးများမှာ ဘဝဆုံးသွားလေပြီလား။ ဘာမှ လုပ် မရတော့ပြီလား။
ထိုသူငယ်ကလေးများမှာ အသုံးမကျသူများ ဖြစ်သွားပြီလား။
စ ကျောင်းတက်ပြီဆိုကတည်းက ရည်ရွယ်ချက် အမှားကြီးနှင့် တက်လာသည် ဖြစ်လေရာ စာမေးပွဲကြီး ပြီးသွား၍ မိမိ လိုချင်သည့်လိုင်း မရမှန်း သိလိုက်ရသည့်အခါ ဆယ်နှစ်တို့ပတ်လုံး သင်လာခဲ့သည်များကို အကုန်လွှင့်ပစ်လိုက်လေတော့ ၏။
ထိုနံရောအခါတွင်မူ ဆယ်နှစ် ကျောင်းတက်လာသူ၊ ၈ နှစ်၊ ၅ နှစ် ကျောင်းတက်လာသူ၊ ၄ တန်းထိ တက်ဖူးသူ၊ တစ်တန်းမှ မတက်ခဲ့ဖူးသူ အားလုံးသည် တတန်းတစားတည်း ပြန်ဖြစ်သွားလေတော့သတည်း။
သို့ဆိုလျှင် ၎င်းတို့သည် ဘယ်အတွက် ကျောင်းလာတက်တာပါနည်း။
၎င်းတို့ ကျောင်းလာတက်လိုက်ရသည့်အတွက် ကုန်လွန်သွားသော အချိန်များ၊ အရွယ်များ၊ ငွေကြေးများ၊ အင်အားများ သည် အလဟဿ ဆုံးရှုံး မသွားပါလေသလော။
နှမြောစရာ ကောင်းလှပေစွ။
ဝမ်းနည်းစရာ ကောင်းလှပေစွ။
သို့သော် ဤအရာမှာ ကျွန်ုပ်တို့ မြန်မာပြည်ကြီး၌ တကယ်ဖြစ်ပျက်နေသော အရာဖြစ်လေရာ မြန်မာပြည်ကြီး၏ အနာဂတ်အတွက် ရင်လေးဘွယ်ရာအတိ ဖြစ်တော့၏။
သို့ဆိုလျှင် ထိုအခြေအနေကြီးကို မည်သို့ကုစားမည်နည်း။
အထက်တွင်ပင် အဖြေကို ရှာတွေ့နိုင်ပါသည်။
ပထမ - အသင်တို့ ကျောင်းတက်ရသည့်၊ ကျောင်းထားရသည့် သောက်တလွဲ ရည်မှန်းချက်ကြီးကို စွန့်လွှတ်/ပြောင်းလဲ ပစ်ရန် လို၏။
ကျောင်း၌ ပညာလာသင်သည် ဆိုခြင်းမှာ ပီဘိ ဘွဲ့ကလေးတစ်ခု ရရုံမျှမဟုတ်။ မဖြစ်ညစ်ကျယ် အလုပ်ကလေးတစ်ခု ရဘို့အတွက်မျှလောက် မဟုတ်။ ဆရာဝန်/ အင်ဂျင်နီယာ ဖြစ်ဘို့မျှလောက် မဟုတ်။ သည့်ထက်အများကြီးပို၍ အဓိပ္ပာယ် ရှိ၏။
ကျောင်းမှသင်ပေးလိုက်သည့် တကယ်သိသင့်၊ တကယ်တတ်သင့်သည်များကို တတ်သိနားလည်ဘို့ ရည်မှန်းချက် ထား ရမည်။ တကယ်တတ်သိနားလည်လိုစိတ်နှင့် ပညာကို ဆည်းပူးရမည်။
တဂိုးလား၊ မဟတ္တမဂန္ဓီလားမသိ ပြောတာ မှတ်ဖူးပါသည်။ သူစာဖတ်သည့်အခါ ရေမြှုပ်များကဲ့သို့ စာဖတ်သည် ဟူ၏။ ကျွန်ုပ်ကလည်း အသင်တို့ကို ရေမြှုပ်များကဲ့သို့ ပညာသင်စေ့ချင်ပါသည်။ ဆရာဆရာမ သင်ပေးလိုက်သည့် ပညာများကို အငမ်းမရ စုပ်ယူ စားသုံးစေချင်လှပါသည်။
မြန်မာ့ယဉ်ကျေးမှုတွင်လည်း စာသင်သားတို့သည် မည်ကဲ့သို့ ပညာကို လေ့လာသင်ကြားကြရမည်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀ ကျော်ကပင် ဆရာတော် ရှင်မဟာရဋ္ဌသာရက ‘သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ’ လင်္ကာဖြင့် ဆိုဆုံးမ ခဲ့၏။ ထို ‘သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ’ လင်္ကာကို ကျောင်းတက်ဖူးသူတိုင်း သိ၏။ ကျက်၏။ မှတ်၏။ သို့သော် မည်သူကများ အရေးစိုက် လိုက်နာပါသနည်း။
ထိုလင်္ကာသည်လည်း အခြားစာများကဲ့သို့ပင် ဘာကို ဆိုလိုမှန်းမသိဘဲ ကြက်တူရွေးစာအံသည့် စနစ်အောက်၌ မေ့ပျောက်ထားခြင်းကို ခံနေရလေ၏။ အမှန်ဆို ထိုကဲ့သို့သော ဆုံးမစာများ မြန်မာယဉ်ကျေးမှု၌ အများအပြားရှိ၏။ သို့သော် အသင်တို့ နေ့စဉ်မြင်တွေ့နေရသည့် အနှီဆုံးမစာများကို အသင်တို့ လိုက်နာပါသလော။ ဝေးစွ။ အများကပင် ထို ဆုံးမစာများမှာ သာသနာ နေလိုလလိုထွန်းလင်းတောက်ပနေသော ငါတို့တိုင်းပြည်အတွက်မဟုတ်။ အခြား မယဉ်ကျေးသောနိုင်ငံများအတွက်သာ ဖြစ်သည် ဟု သဘောထားနေကြလေ၏။
ကျွန်ုပ်တို့တိုင်းပြည်ကို ပြန်လည်ထူထောင်ရာဝယ် ဤကဲ့သို့ သင်ယူလေ့လာသည့် ပညာရေးစနစ်က စကြရမည်။
သို့သော် သိပ်တော့မလွယ်လှပါ။
ဤသည်မှာ အတွေးအခေါ် အယူအဆ ပြောင်းလဲရေးဖြစ်၏။
မြန်မာတစ်နိုင်ငံလုံးက လူကြီးလူငယ်၊ မိဘဆရာ၊ စဆရကကြီးများ၏ အရိုးစွဲနေပြီဖြစ်သော၊ ဟောင်းနွမ်းဆွေးမြေ့လှပြီ ဖြစ်သော အတွေးအခေါ်၊ အယူအဆဟောင်းကြီးများကို မြေမြှုပ် သင်္ဂြိုဟ်ဘို့ဆိုတာ တော်ရုံနှင့် လွယ်မည်မဟုတ်ပါ။
အဲလေ - ကျန်ခဲ့တော့မလို့။
ကလေးများ ပညာတတ်ရေးကို ဦးစားမပေးဘဲ -
ဆရာ/ဆရာမများကို မဟုတ်က မဟတ်က အလုပ်များဖြင့် အလုပ်ရှုပ်နေစေသော ပညာရေးဌာနက အသက် (၆၀) များ ကိုလည်း အကုန်ဖြုတ်ပစ်ရပေလိမ့်မည်။ (မှတ်ချက်။ ။ အသက် (၆၀) = လူကြီး)
အကုန်ဖြုတ်ပစ်လျက် တော်တည့်ထက်မြက်သော လူငယ်များဖြင့် အစားထိုးရမည် ဖြစ်၏။
(၃) သက်မွေးဝမ်းကျောင်းပညာ
သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသည် နိုင်ငံတည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော ကျောင်းများ ဖြစ်၏။ ထိုကျောင်းများက လက်မှုအတတ်ပညာများကို သင်ကြားပေးလိုက်နိုင်၏။ အချိန်တိုအတွင်း သက်မွေး ဝမ်းကျောင်း ပညာရပ်များကို တတ်မြောက်သွားနိုင်၏။
ထိုသင်တန်းများအတွက် အဆင့်မြင့်ပညာရပ်ကြီးများ မလိုအပ်။ သင်တန်းသား၏ သင်ယူလေ့လာလိုစိတ်နှင့် ကြိုးစား အားထုတ်မှုသာ အရေးပါသည်။ သို့သော် လက်တွေ့သင်ကြားရာတွင်မူ အမှန်တကယ် တတ်ကျွမ်းနားလည်သည့် ဆရာကြီးများက သေသေချာချာ အနီးကပ် သင်ကြားပေးရန် လို၏။
သင်သည်ဆိုရာတွင်လည်း တွေ့သည့်လူက ကြုံသလိုကောက်ကက် သင်ပေးလိုက်တာမဟုတ်။ ထိုသင်တန်းအတွက် စနစ်တကျ ရေးဆွဲထားသည့် သင်ရိုးညွှန်းတမ်းများလည်း ရှိရန်လို၏။ စင်ကာပူတွင်တော့ ထိုသင်တန်းများအတွက် သင်ရိုးကို Competency Standard နှင့် ပြဋ္ဌာန်းပေးထား၏။ ထိုစံနှုန်းက မည်သည့်အလုပ်ကို လုပ်မည့်သူသည် မည်သည် တို့ကို တတ်ကျွမ်းနားလည်ရမည်ဟု အသေးစိတ် ပြဋ္ဌာန်းပေး၏။ National Competency Standard တွင် နှစ်ပိုင်းပါ၏။
တစ်ပိုင်းမှာ သိသင့်သိထိုက်သည်များကို သိရမည့် UK (Underpinning Knowledge) နှင့် နောက်တစ်ပိုင်းမှာ တတ်သင့် တတ်ထိုက်သည်များကို တတ်ရမည့် PC (Performance Criteria) တို့ ဖြစ်၏။
မိတ်ဆွေတို့ လေ့လာနိုင်စေရန် စင်ကာပူမှ Competency Standard တစ်ခုကို ဖော်ပြလိုက်ပါ၏။
မြန်မာနိုင်ငံတွင်လည်း National Skills Standards Authority (NSSA) - မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့ ဟု ရှိ၏။ ထိုအဖွဲ့တွင် ကော်မတီ (၄) ခုရှိရာ အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ရေး ကော်မတီ (၁၅) ခု၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး နှင့် အသိအမှတ်ပြုရေး ကော်မတီတို့ ပါ၏။
အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ရေး ကော်မတီများက လုပ်သားများ၏ ကျွမ်းကျင်မှုအတွက် စံနှုန်းများ ရေးဆွဲ သတ်မှတ်ပေး၏။ ၂၀၀၇ ခုနှစ်တွင် စံနှုန်း ၁၇၃ ခုကို အတည်ပြုပေးခဲ့၏။ ၂၀၁၃ ခုနှစ်က အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (Employment and Skill Development Law) ကို ပြဋ္ဌာန်းခဲ့၏။
အရေးကြီးသည်မှာ သင်တန်းသားများကို လက်တွေ့လေ့ကျင့်စေပြီး လက်တွေ့ တတ်မြောက် ကျွမ်းကျင် သွားစေရေး ဖြစ်၏။ ဆိုလိုသည်မှာ ဂဟေသင်တန်း ဆိုပါစို့။ သင်တန်းသားများသည် ဂဟေစက်များကို ကိုယ်တိုင်ကိုင်တွယ် ချိန်ညှိ လျှက် ဂဟေချောင်း အလုံအလောက်နှင့် သတ်မှတ်နာရီပြည့်သည်ထိ ဂဟေဆော်သည့် လေ့ကျင့်ခန်းများကို လက်တွေ့ လေ့ကျင့်စေရမည်။ ပါးစပ်နှင့်ချည်း ဂဟေဆော်နေလို့ တတ်မှာမဟုတ်။
ကြုံတုန်း ကျွန်တော်နှင့်ကိုသောင်းတန် ကားမောင်းသင်သည့်အကြောင်း နည်းနည်းလောက် ကြွားပါရစေဦး။
၂၀၀၂ - ၂၀၀၃ လောက်က ထင်ပါ၏။ စင်ကာပူမှ မြန်မာပြည်သို့ ခဏပြန်ရောက်ခိုက် ကျွန်တော်နှင့် ကိုသောင်းတန်တို့ (၉ မိုင်ခွဲလားမသိ) တွင်ရှိသည့် နယူးအေးရှ ကားမောင်းသင်တန်း၌ ကားမောင်းသွား သင်ကြ၏။ သီအိုရီသင်သည့် ဆရာကလည်း ကားမောင်းတာနှင့် ပတ်သက်တာ ဘာတစ်ခုမှ မသင်။ သူ့စတိုရီတွေချည်း ရွှီးနေသည်နှင့် အချိန်ကုန်၏။
နောက် ဆယ်မိုင်ကုန်းတွင် လက်တွေ့သင်ရပြန်တော့လည်း သင်ပေးသည့် ကောင်လေးက ကားကို ကုန်းတက်သို့ မောင်းသွားပြီး ကျွန်တော်တို့ကို မောင်းသူ့နေရာ ထိုင်ခိုင်းလျက် ကားကို ကုန်းဆင်းမှ လျှောချခိုင်းလေ၏။ ကျွန်တော်တို့မှာ ကားမောင်းရသည်မရှိ။ သူကချည်း ဘရိတ်ကိုနင်းလိုက်၊ လက်ကိုင်ဘီးကို ထိန်းလိုက်နှင့်။ တစ်ယောက်နှစ်ခေါက်လောက်လည်း ကုန်းဆင်းပြီးရော ထိုနေ့သင်ခန်းစာကို ရပ်နားလိုက်လေ၏။ အနို့၊ ဆက်သင်နေရင် သင်တန်းအတွက် ထုတ်ပေးထားသည့် ဆီလေး ကုန်ပေမပေါ့။ သူ့ဘို့လည်း ချန်ထားရသေးသကိုး။
ဆယ်ရက် အမြန်သင်တန်းဆိုကာ တစ်နေ့လျှင် (၃) နာရီခန့် ဟိုလိုလို သည်လိုလိုသင်ပြီး သင်တန်းဆင်းလက်မှတ် ထုတ်ပေးလေ၏။ ကျွန်တော်တို့မှာ သင်တန်းသာဆင်းလာရော ကားကို ဘယ်ခွေ ဘယ်လိုလှည့်ရမှန်းပင် မသိလိုက်။
ဤ “နယူးအေးရှ” မှ ဤကဲ့သို့သော သင်တန်း ဘယ်နှစ်ခု ပေးပြီးပြီမသိ။
ကျွန်တော်တို့ကဲ့သို့ပင် ဂဟေသင်တန်း သွားတက်လာသူ မိတ်ဆွေတစ်ဦးကလည်း -
‘အစ်ကိုရယ်၊ ကျွန်တော်ဖြင့် ဂဟေသင်တန်းသာပြီးသွားရော၊ ဂဟေချောင်း ၅ ချောင်းပြည့်အောင်တောင် မဆော်ခဲ့ရ ပါဘူး’ - ဟု ညည်းပါသည်။
အခြား သင်တန်းကျောင်းများတော့ မပြောတတ်ပါ။ ကျွန်တော်တို့ ကြုံခဲ့ရသည့် ထိုသင်တန်းကျောင်းများနှင့် အဘယ်ကဲ့သို့ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပါမည်နည်း။ လူများပိုက်ဆံကိုယူပြီး ယူထားသည့်ပိုက်ဆံနှင့်တန်အောင် ပြန်မပေးသည့် အနှီသင်တန်းကျောင်းများကား စေတနာ ဆင်းရဲလှပေစွ တကား။
(၄) အလုပ်အတွက် သင်ယူခြင်း
မည်သည့်ကျောင်း/ကောလိပ်/တက္ကသိုလ်ကမှ ကျောင်းလည်းပြီး လက်တွေ့လည်း လုပ်တတ်အောင် သင်ပေးနိုင်တာ မရှိပါ။ ကျောင်း/ကောလိပ်/တက္ကသိုလ်များက သင်ပေးလိုက်သော ပညာရပ်များမှာ အသင်တို့ လုပ်ငန်းခွင်၌ ဆက်လက် ဆည်းပူးလေ့လာနိုင်စေရန် အခြေခံကောင်းများသာ ဖြစ်၏။
သို့အတွက် ကျောင်းပြီးသည့်အခါ အလုပ်လုပ်ရန် ဆက်လက် လေ့လာသင်ယူရပြန်ပါ၏။ ၎င်းတို့ကို အလုပ်သင် အဖြစ်နှင့် သော် လည်းကောင်း။ OJT (On the Job Training) သော်လည်းကောင်း သင်ပေးကြ၏။
ဤတွင်လည်း ကျွန်ုပ် တွေ့ကြုံခဲ့ရတာလေးတစ်ခု ပြောပြပါရစေဦး။
ကျွန်ုပ် ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ခဲ့စဉ်ကဖြစ်၏။
စက်မှုတက္ကသိုလ် ကျောင်းသားများမှာ လက်တွေ့ကွင်းဆင်းလေ့လာရန်အတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် လက်တွေ့သင်တန်း တစ်လ သွားကြရ၏။ လက်တွေ့သင်တန်းကို အမှန်တကယ်၊ စောက်ကျိုးနဲဆင်းခဲ့ပါကြောင်း လက်မှတ်ထိုးရန် စာအုပ်ကလေးများလည်း ယူသွားကြရ၏။
တတိယနှစ်ပြီးတော့ ဟင်္သာတစက်ခေါင်းပြင်စက်ရုံတွင် ဆင်း၏။ (၁၉၈၃ ခုနှစ်)
ဖိုမင်ကြီးများက စက်ရုံထဲ ဟိုဟိုသည်သည် လိုက်ပြ၏။ ထို့နောက် မီးရထားကို ခေါင်းခန်းမှ စီးခိုင်း၏။ တစ်လသာပြီးသွားသည်။ ထိုစက်ခေါင်းပြင်စက်ရုံမှ ဘာပြင်ညာမှ မရ။
စတုတ္ထနှစ်ပြီးတော့ အင်းလျားရှိ အမှတ် (၁) အကြီးစားစက်ရုံတွင် ဆင်း၏။ (၁၉၈၄ ခုနှစ်)
သည်မှာလည်း မထူးပါ။ စက်ရုံထဲ ဟိုလျှောက်ကြည့် သည်လျှောက်ကြည့်။ ထိုစက်ရုံမှလည်း မည်သည့်ပြင်ညာမှ မရခဲ့။
ပဉ္စမနှစ်ပြီးတော့ မန္တလေး၊ RTC Base 4 တွင် ဆင်း၏။ (၁၉၈၅ ခုနှစ်)
ထုံးစံအတိုင်းပင် ဝပ်ရှော့ထဲမှာ သူများတွေ ပျင်းရိပျင်းတွဲ လုပ်ကိုင် နေကြသည်များကို ပျင်းရိပျင်းတွဲ လိုက်ကြည့်ရင်းသာ အချိန်ကုန်ခဲ့ရသည်။ ပြင်ညာဆိုတာဝေးလို့ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လို့ လုပ်နေမှန်းတောင် မသိခဲ့။
(ထိုအချိန်က ကျွန်ုပ်နှင့် ကိုဖိုးထောင်တို့ မန္တလေးမြို့ထဲလျှောက်သွားရင်း ‘မတန်ရင် ပန်းကန်ခွဲသွား’ ဟူသည့် ဆိုင် တစ်ဆိုင်ကို တွေ့မိကြလေ၏။ ကိုဖိုးထောင်က ‘ဟေ့ရောင်၊ လာကွာ၊ ဝင်စားကြည့်ရအောင်’ ဟု ဆွယ်သည်နှင့် ဝင်စား ကြ၏။ တကယ့်ကို ပန်းကန်ခွဲချင်လောက်စရာ ကောင်းပါပေသည်။ သို့သော် ကျွန်ုပ်တို့ ပန်းကန်မခွဲခဲ့ပါ။ ကိုဖိုးထောင်နှင့် ကျွန်ုပ် တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ဟက်ဟက်ပက်ပက်ရယ်ရင်း ဆိုင်ထဲမှ ထွက်ခဲ့ကြပါသည်။ ခေါင်းစဉ်နှင့်ပင် မဆိုင်သော်လည်း သတိရ၍ ရေးလိုက်ခြင်း ဖြစ်ကြောင်း။)
သို့ဆိုလျှင် အနှီလက်တွေ့သင်တန်းကို ဘာလက်တွေ့ဟု ခေါ်ပါမည်နည်း။ အခြားကျောင်းသူ/ကျောင်းသားများလည်း ကျွန်ုပ်ကဲ့သို့ပင် ဖြစ်မည်ထင်ပါသည်။
ကျောင်းကလည်း အဖြစ်ပို့ပေးသည်။ စက်ရုံများကလည်း အဖြစ် သင်ပေးသည်။ ကျောင်းသားများကလည်း အဖြစ်သာ သင်ယူကြလေ၏။ သည် လက်တွေ့သင်တန်းများကား အာပလာလက်တွေ့သင်တန်းများ ဖြစ်သတည်း။ သည် လက်တွေ့ သင်တန်းများကနေ ကျွန်ုပ်တော့ဖြင့် ဘာတစ်ခုမှ မရလိုက်ပါ။ (အဲလေ မိန်းမ ရမလိုလိုတော့ ဖြစ်ခဲ့ပါသည်။)
ဤသည်ကိုမှ ‘ခါးတောင်းကျိုက်တလွဲ၊ ဖင်တလွဲ’ ဟု မခေါ်လျှင် အဘယ်ကို ခေါ်ပါမည်နည်း။
အမှန်ဆိုလျှင် ကျွန်ုပ်တို့မှာ ကျောင်းဆင်းဆင်းချင်း အရာရှိ တန်းဖြစ်ကြမည့်သူများ ဖြစ်၍ အနည်းဆုံးတော့ စက်ရုံ၌ လုပ်ကိုင်နေပုံများ၊ စက်ရုံ/အလုပ်ရုံအုပ်ချုပ်ပုံ၊ စီမံခန့်ခွဲပုံများ၊ လုပ်သားပြဿနာများအား ကိုင်တွယ်ဖြေရှင်းပုံများ၊ ထို့ပြင် စက်ရုံ၊ အလုပ်ရုံဆိုင်ရာ သိသင့်သိထိုက်သည့် ဥပဒေ/နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ စသည်တို့ကို ရှင်းမပြသင့်၊ သင်မပေး သင့်ပါသလော။
စက်မှုတက္ကသိုလ် ကျောင်းသားများ လက်တွေ့ဆင်းသည့်အခါ မည်သည်တို့ သင်ကြားပြသရမည်ဟု ညွှန်ကြားချက်လည်း ရှိပုံမပေါ်ပါ။ ညွှန်ကြားချက်မရှိသလို သင်ပေးရမည့် လက်နက်ကိရိယာ (လိုအပ်သော ဥပဒေ/နည်းဥပဒေ၊ စီမံခန့်ခွဲမှုနည်း စနစ်၊ လက်စွဲစာအုပ် စသည်) တို့လည်း ပံ့ပိုးပေးထားမည် မထင်ပါ။ စက်ရုံ/အလုပ်ရုံများကလည်း ဤသည်တို့ကို သင်ပေးရကောင်းမှန်း မသိလောက်ပါ။ သိသည်ဆိုလျှင်ပင် တစ်ပြားမရ၊ နှစ်ပြားမရ မည်သူက အပင်ပန်းခံ သင်ပေးပါ မည်နည်း။ ကျွန်ုပ်တို့လာဆင်းသည်ကိုပင် သိပ် လိုလိုချင်ချင် ရှိပုံမရပါ။
သို့ဆိုလျှင် အဲသဟာ ဘာလုပ်တာပါနည်း။ တိုင်းပြည်အတွက်လည်း အကျိုးမရှိ။ တက္ကသိုလ်အတွက်လည်း အကျိုးမရှိ။ ကျောင်းသားများအတွက်လည်း အကျိုးမရှိ။ စက်ရုံများအတွက်လည်း အကျိုးမရှိ။ အနှီ မည်သူ့အတွက်မှ အကျိုးမရှိသည့် အလုပ်ကို ယခုလည်း လုပ်နေကြလိမ့်ဦးမည်ပင် ထင်ပါသည်။ ဝမ်းနည်းဖွယ် ကောင်းလေစွတကား။
(၅) စဉ်ဆက်မပြတ် သင်ယူခြင်း
ပညာသင်ကြားခြင်းဟူသည် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်များ၌ သင်ရုံမျှမဟုတ်။ ထို ကျောင်းများမှ သင်ကြားပေးလိုက်သည်များမှာ တကယ့်ပညာကို လေ့လာဆည်းပူးရန် အခြေခံကောင်းများ ချပေးလိုက်ရုံ မျှ ဖြစ်၏။
တကယ့်ပညာရပ်များမှာ ထို ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ သင်္ချာများထက် များစွာ ကျယ်ဝန်း၏။ ကျောင်းဟူသည် ထို ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ သင်္ချာများကို သင်ကြားပေးရုံမျှ မဟုတ်မူ၍ လူ့ဘဝတွင် နေနည်းထိုင်နည်း၊ ပြောနည်းဆိုနည်း၊ ပေါင်းသင်း ဆက်ဆံနည်း၊ အစုအဝေးနှင့် နေနည်း၊ အသင်းအဖွဲ့အလိုက် အလုပ်လုပ်နည်း၊ သူများဂျင်းထည့်တာ မခံရနည်း၊ သူများပြောတိုင်း မယုံနည်း၊ ဘာလုပ်လျှင် ဘာဖြစ်မည်၊ ထို့ကြောင့် ထိုအရာကို လုပ်သင့်မလုပ်သင့် မှန်ကန်စွာ စဉ်းစား တွေးခေါ်နည်းတို့ကို မျိုးစေ့ချပေးလိုက်သည့်နေရာ။
တစ်နည်းပြောရလျှင် ကျောင်းဟူသည် နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသည့် နေရာ တစ်နေရာ ဖြစ်ပေ၏။
ပညာသည် ပင်လယ်သမုဒ္ဒရာကြီးနှင့်တူ၍ ကျွန်ုပ်တို့မှာ ထို သမုဒ္ဒရာကမ်းစပ်မှ ဖားငယ်ကလေးနှင့် တူလေ၏။ ကျွန်ုပ်တို့ သိသော အသိမှာ ထို ဖားငယ်ကလေး ဝပ်နေသည့် အိုင်ကလေးအတွင်းမှ ရေလောက်သာ ရှိပြီး ကျွန်ုပ်တို့ မသိသေးသည့် အရာများမှာ ထို သမုဒ္ဒရာကြီးမျှ ရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အထက်ပါကျောင်းများမှ သင်ကြားပေးလိုက်သည်များ ကို အခြေခံလျက် လူ့ဘဝ အသက်ရှင်ရပ်တည်ရေးအတွက် အခြား သင်ယူသင့်၊ သင်ယူထိုက်၊ လေ့လာသင့် လေ့လာထိုက်သည်များကို ဆက်လက် လေ့လာဆည်းပူးနေရဦးမည်သာ ဖြစ်၏။
နည်းပညာတို့သည် နေ့စဉ်နှင့်အမျှ တိုးတက်လျှက်ရှိ၏။ လူတို့၏ လူနေမှုဘဝနှင့် လုပ်ပုံကိုင်နည်းတို့သည်လည်း စဉ်ဆက် မပြတ် ပြောင်းလဲလျက်ရှိ၏။ အစိုးရတို့သည်လည်း ပြောင်းလဲလာသည့် ခေတ်နှင့်လျော်ညီစွာ ၎င်းတို့၏ ဥပဒေများကို ပြင်ဆင်ရလျက်ရှိ၏။
ထိုအခါ ထို ပြောင်းလဲလျက်ရှိသော၊ နည်းပညာ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို ကျွန်ုပ်တို့သည် စဉ်ဆက်မပြတ် လေ့လာ သင်ယူကြရမည်။ ပညာကို ဆက်လက်မဆည်းပူး၊ ကျောင်းမှ သင်ပေးလိုက်ရုံမျှနှင့် ကျေနပ်နှစ်သိမ့်လျက် ရပ်တန့်သွားသူသည် သေသွားသူဖြစ်၏။
အခြားသူများက အပြိုင်အဆိုင် ကြိုးစားနေချိန်၌ ဘာမှ ဆက်လက် မလေ့လာ၊ မဆည်းပူးပဲ ရပ်တန့်နေသူသည် အလိုလို နေရင်း နောက်သို့ ရောက်သထက် ရောက်နေပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ရက်မပြတ် လေ့လာဆည်းပူးနေ ရန် လို၏။
လေ့လာဆည်းပူးသည် ဆိုရာ၌ စားဝတ်နေရေးအတွက် ဘာအလုပ်မှ မလုပ်ဘဲ စာကိုချည်း သင်နေရမည်ကို မဆိုလို။ ကျွဲကူးရေပါဆိုသလို မိမိလုပ်ငန်းအကြောင်း၊ လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသည့် ပညာရပ်များ၊ အခြား နည်းပညာ များကို တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ အချိန်ပေး လေ့လာဘို့ကို ဆိုလို၏။ မိမိပတ်ဝန်းကျင်၌ ဘာတွေဖြစ်နေသည်ကို မျက်စိဖွင့် နားစွင့်ထားရမည်။
မိမိသိသမျှလေးကို ဟုတ်လှပြီ မထင်လေနှင့်။ တခါတရံ ထိုသိသမျှလေးသည်ပင် အသိမှားကြီး ဖြစ်နေတတ်ပေ လေသေး၏။ ထို့ကြောင့် မိမိသိထားသည်များ မှန်မမှန်ကို ချင့်ချိန်သုံးသပ်နိုင်ရန် လေ့လာသင့်သည်များ ဆက်လက် လေ့လာရန် လို၏။
အကယ်၍သာ ကျွန်ုပ်တို့သည် တတ်သင့်သည့် ပညာရပ်များကို နေ့စဉ်မပြတ် ဆည်းပူးနေမည်ဆိုပါက -
§ ငါ အာဏာသိမ်းလိုက်လျှင် ဘာတွေဖြစ်ကုန်မည်၊ တစ်တိုင်းပြည်လုံး ဒုက္ခရောက်လိမ့်မည်၊ ထို့ကြောင့် ငါ အာဏာမသိမ်းသင့် ဟု သင့်တင့်လျောက်ပတ်စွာ တွေးခေါ်တတ်လာမည်။
§ တပ်ချုပ်ကြီးဟု အခေါ်ခံကာ လူရှေ့သူရှေ့တွင် လူကြီးလူကောင်းဟန်ဆောင်လျက်နေသူ ကြောင်သူတော် ကြွက်သူခိုးကြီးတစ်ဦးအနေနှင့် ကိုယ်အာဏာသိမ်းချင်တာနဲ့ပဲ ရွေးကောက်ပွဲ မတရားပါဟု အကြောင်းပြတာ လူတွေ ယုံမလား၊ မယုံဘူးလား ချင့်ချိန်တတ်လာမည်။
§ ဒီလူလုပ်နေတာ ဟုတ်မဟုတ်၊ မှန်မမှန် ကိုယ့် ဦးဏှောက်နှင့် ချင့်ချိန်စဉ်းစားကာ သူများရှူတိုက်တိုင်း ကိုက်သင့်၊ မကိုက်သင့် ချိန်ဆတတ်လာမည်။
§ မှားနေမှန်း၊ မဟုတ်မှန်း သိနေပါလျက် အရက်ဆီပြန်နေသော မျက်နှာဝိုင်းဝိုင်းကြီးနှင့် မျက်နှာပြောင်တိုက်ကာ တီဗီမှနေ၍ ဇွတ်မလိမ်သင့်ဟု တွေးတတ်လာမည်။
§ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ ကိုယ်ရာထူးတိုးရေးအတွက် သူများကို ချနင်းဘို့ သင့်တော်/ မသင့်တော် ဆုံးဖြတ်တတ်လာမည်။
§ ကိုယ့်မှာလည်း အရည်အချင်းမရှိပါဘဲလျက် အခွင့်သင့်တုံး ပါမောက္ခချုပ်ရာထူးကို တက်ယူတာ ရှက်စရာ ဖြစ်ကြောင်း တွေးတတ်လာမည်။
§ ကိုယ်ပြန်မဖြေတတ်တာနှင့် မင်းက ဘုန်းကြီးဝတ်ဖူးလို့လားဟု ခပ်တည်တည် ချဲလင်းလုပ်တာ သင့်မသင့် မှန်မမှန် ဆုံးဖြတ်တတ်လာမည်။
§ ဘယ်သူမှ မကြိုက်လို့ သည်နေရာမရပါဘဲလျက် နိုင်ငံရေးပြဿနာကို ခုတုံးလုပ်ကာ ရွှေကျင်သာသနာပိုင် ဟု လုပ်တာ သိက္ခာရှိသော လုပ်ရပ်မဟုတ်ကြောင်း တွေးတတ်လာမည်။
§ ပါးစပ်က ဘုရားဘုရားဆိုကာ လက်က ကားယားကားယား လုပ်တာတွေ ရှောင်ရှားတတ်လာမည်။
§ လော်ကြီးကို အသားကုန်စွပ်ဖွင့်ကာ (၇) ရက်သားသမီးများကို ဒုက္ခမပေးတတ်လာမည်။
§ လူတစ်သိန်းလောက် သတ်တာမှာ ငါးပါးသီလလုံသူ တစ်ယောက်သာပါ၍ ကျန် ၉၉၉၉၉ ယောက်သတ်တာ အပြစ်မရှိ၊ ထို ငါးပါးသီလသမားတစ်ယောက်အတွက်သာ အပြစ်ရှိသည်ဟု ဘုရားဟောယောင်ယောင် ဘာယောင်ယောင် ဂျင်းမထည့်တတ်လာမည်။
§ မရှိလို့မလှူ၊ မလှူလို့မရှိ ဟူသည့်စကားကို အတင်းကုန်းအော်ကာ အတင်းအလှူခံတာမသင့်ဟု တွေးတတ် လာမည်။
§ ဘယ်အချိန်လာမည်မှန်း မသိသည့်လူကြီးကို မျက်နှာလိုအားရလုပ်ကာ လူအများကို နေပူကြီးထဲတွင် တန်းစီ ရပ်ခိုင်းသည့် သောက်လုပ်မဟုတ်သည်များကို မလုပ်တတ်လာမည်။
§ သင့်မှန်းမသိ၊ မသင့်မှန်းမသိ၊ အာစရိယဂုဏ္ဏော၊ အနန္တော ဆရာဆရာမများကို အပေါက်စောင့် မလုပ်ခိုင်းတတ် လာမည်။
§ ဘာမှလည်း နားမလည်ပါဘဲလျက်နှင့် တိုက်ပိုင်ကြီးများဝတ်ကာ ဟိုလူ့ဟောက်လိုက် သည်လူ့ဟောက်လိုက် နှင့် မလိုအပ်တာများကို မညွှန်ကြားတတ်လာမည်။
§ ဟိုအေဘေးများကြောင့် ပြည်တွင်း၌ ပိုက်ဆံရှာရတာ မကောင်း၍ နံနံခြား ထွက်ချင်သူများထံမှ ပိုက်ဆံကို နင့်နေအောင်ယူလိုက်လျှင် သူတို့များ ဒုက္ခများလေမလားဟု ကိုယ်ချင်းစာတတ်လာမည်။
ခြုံ၍ပြောရလျှင် အကယ်၍သာ သင်တို့သည် လေ့လာသင့်၊ လေ့လာထိုက်သည်များကို လေ့လာသင်ယူမည်၊ လူကောင်း သူကောင်းကလေးများ ဖြစ်အောင် ကြိုးစားကြမည်ဆိုလျှင် ကျွန်ုပ်တို့ မြန်မာပြည်ကြီးသည် သာတောင့်သာယာရှိလျက် နေချင့်စဖွယ် ကောင်းသော လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း။
လူအချင်းချင်း ဂျင်းထည့်ခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၁ ဩဂုတ်လ၊ ၂၀၂၂