(၁)
စင်ကာပူကို ဝင်လာသည့် အလုပ်သမားများသည် MOM က စီစဉ်ပေးသည့် FWSIP (Foreign Workers Settling In Programme) (နိုင်ငံခြား လုပ်သားများ အခြေချနေထိုင်ရေး အစီအစဉ်) ကို မဖြစ်မနေတက်ရ၏။ ထိုသင်တန်းတက်ပြီးမှ ဝပ်ပါမစ် ထုတ်ပေး၏။ ထိုသင်တန်းက စင်ကာပူတွင် မည်ကဲ့သို့ နေရထိုင်ရမည်၊ အလုပ်ခန့်ထားခြင်းနှင့် ပတ်သက်၍ စင်ကာပူတွင် မည်ကဲ့သို့သော ဥပဒေများ ပြဌာန်းထား၏၊ ထိုဥပဒေများကို ချိုးဖောက်ပါက မည်ကဲ့သို့ အပြစ်ပေး၊ အရေးယူတာ ခံရမည်။ စင်ကာပူတွင် အလုပ်လုပ်နေသည့် အလုပ်သမားများ အနေနှင့် မည်သည့်ရပိုင်ခွင့်များရှိသည်၊ ထိုရပိုင်ခွင့်များကို ချိုးဖောက်ခံရလျှင် မည်သည့်နေရာ၌ အကူအညီတောင်းရမည် အစရှိသည်တို့ကို သင်ပေး၏။
အလုပ်သမားများဖြစ်၍ ပညာနည်းမည်။ သို့အတွက် သူတို့ သေသေချာချာ နားလည်စေရန် မိခင်ဘာသာစကားဖြင့် သင်ပေး၏။ မြန်မာအလုပ်သမားများကို မြန်မာလိုသင်ပေး၏။ ထိုသင်တန်းကို သင်ပေးသူမှာ အဓိကအားဖြင့် ကျွန်တော် ဖြစ်၏။ ကျွန်တော်မအားလျှင် အခြားတစ်ယောက်ယောက် သင်၏။
သို့အတွက် SIP သင်တန်းတွင် တရုတ်၊ အိန္ဒိယ၊ ဘန်းဂလား၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသဖြင့် သင်တန်းဆရာ လူမျိုးစုံ ရှိ၏။
သည်ကနေ့မနက် သင်တန်းနားချိန်တွင် ကျွန်တော်နှင့် ဘန်းဂလားသင်တန်းဆရာတစ်ယောက်နှင့် အလ္လာပသလ္လာပ စကားပြောကြ၏။
သူက မင်းအသက်ဘယ်လောက်ရှိပြီလဲ မေးတော့ ၆၁ ဟု ပြန်ဖြေရာ သူက ဝိုး - ငယ်ငယ်လေးရှိသေးတာပဲကွ ဟု ဆို၏။
မင်းရော ဟု ပြန်မေးတော့ ၆၈ ဟုဆို၏။
အမှန်ဆို သည်နေရာတွင် လာလုပ်နေသည့် သင်တန်းဆရာများအားလုံးလိုလိုမှာ ဆံဖြူသွားကျိုးချည်း ဖြစ်၏။ အတန်ငယ်သူ တစ်ဦးစ နှစ်ဦးစသာ ပါ၏။ အတန်ငယ်သည်ဆိုရာတွင်ပင် ၄၀ ကျော်များဖြစ်၏။
စင်ကာပူတွင် အသက် ၆၀ ကျော်၊ ၇၀ ကျော်တို့ အလုပ်လုပ်နေကြသေးသည်မှာ အဆန်းမဟုတ်ပါ။ တချို့ထလိန်နာများ ဆိုလျှင် ၇၅ နှစ်မျှပင် ရှိပါပြီ။ သူတို့သည် တက်ကြွလန်းဆန်းစွာ အလုပ်လုပ်နေကြဆဲပင် ဖြစ်၏။
ဤသည်မှာ သည်တစ်နေရာတည်း မဟုတ်မူ၍ နေရာများစွာ၌ပင် အဖိုးကြီး အဖွားကြီးများ အလုပ်လုပ်နေကြသည်ကို အသင်တို့ တွေ့ဖူးကြပါလိမ့်မည်။
(၂)
ကျွန်တော်ငယ်စဉ်က “ပင်စင်နာ” ဟူသည့် စကားလုံးကို ကြားဖူးခဲ့၊ ဖတ်ဖူးခဲ့၏။
ပင်စင်နာဆိုသည်မှာ ဝန်ထမ်းတို့သည် သက်ပြည့်ပင်စင်ယူပြီးနောက် ဘာအလုပ်မှမရှိတော့ပဲ ဟိုဟာလုပ်ရတော့မလို၊ သည်ဟာလုပ်ရတော့မလိုနှင့် ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ် ဖြစ်သွားခြင်းနှင့် အလုပ်မရှိတော့ သည့်အခါ အလကားနေရင်း ဖင်နာသလို၊ ရင်နာသလို၊ အီးပါချင်သလိုလို၊ သေးပေါက်ချင်သလိုလို ဖြစ်နေခြင်းကို ဆိုလို၏။
အဆိုးဆုံးကား သူတို့တွင် ဝင်ငွေမရှိတော့၊ အလုပ်မရှိတော့၍ သူတို့သည် လူ့လောကအတွက် လူပိုကြီးများ ဖြစ်နေပြီ၊ ဘာမှ အသုံးမကျတော့ဟု အထင်ရောက်ခြင်းပင် ဖြစ်တော့၏။ သည်ကဲ့သို့ အထင်ရောက်ခြင်းအတွက်လည်း သူတို့သည် လောကကြီးအတွက် ဘာမှအသုံးမတည့်သည့် လူပိုကြီးများ ဖြစ်သွားတော့၏။ ပတ်ဝန်းကျင်တွင်လည်း အရေးပေးမှု နည်းပါးခဲ့ပြီ။ သားသမီးများကပင်လျှင် သိပ်မလေးစားချင်တော့။ ဘုန်းမီးနေလ တောက်ပစဉ်အခါက ငှက်ကထကြီး၊ ဘာချုပ်ကြီးစသဖြင့် ခေါင်းလေးငုံ့ကာ ရိုရိုကျိုးကျိုး ရှိခဲ့သူများက ယခုအခါ ပုခုံးချင်း တိုက်သွားတာတောင် အနည်းအပါး ဆောရီးလေး လုပ်ဖော်မရသည့်အခါ သိမ်ငယ်စိတ်များ ဝင်လာခဲ့တော့၏။
သဟာဆိုလျှင် ပင်စင်ယူပြီးသွားသည်နှင့် ဘာမှမလုပ်ပဲ နေရတော့မည်လော။
အထက်ပါ ပင်စင်နာဟူသည့်စကားလုံးမှာ ပင်စင်ယူပြီးနောက် ဘာမှမလုပ်တော့သူများအတွက် ဖြစ်၏။
အမှန်ဆို ပင်စင်ယူပြီးသည့်နောက် လုပ်စရာအလုပ်တွေ တပုံကြီး ကျန်ပါသေး၏။
၎င်းတို့သည် မိမိတစ်သက်တာပတ်လုံး လေ့လာဆည်းပူးခဲ့သည့် အတတ်ပညာများ (ဟိုယောင်ယောင် ဒီယောင်ယောင် သမားများကို မဆိုလို။ တကယ်လေ့လာဆည်းပူးခဲ့သူများကိုသာ ဆိုလို၏။) ကို နောင်လာနောက်သားများအတွက် အဘယ်ကြောင့် မျှဝေမပေးနိုင်ရပါမည်နည်း။
အကယ်၍သာ ၎င်းတို့သည် ပင်စင်ယူပြီးသည့်နောက်တွင်ပင် (ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ) ဆက်လက် အလုပ်လုပ်နေဦးမည်ဆိုပါက လူ့လောကအတွင်း တစ်နေရာရလာမှာ မုချဖြစ်ပါသည်။ အလုပ်လုပ်နေခြင်းအားဖြင့်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရလာမည်။ အလုပ်လုပ်နေသည့်အခါ မည်သည်တို့ကိုလုပ်ရမည်၊ ဒါပြီး ဘာလုပ်ရမည် စသဖြင့် စိတ်လည်း အအားမနေရ၊ လူလည်း အခြားသူများနှင့် ပေါင်းသင်းဆက်ဆံ လုပ်နေရခြင်းဖြင့် နုပျိုနေမည်။ ကိုယ့်ကိုယ်ကိုယ် အိုလိုအိုမှန်းပင် သတိမရတော့။ ဤသည်ပင်လျှင် ကျန်းမာရေးအတွက် ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေ၏။
မြန်မာစကားပုံ၌ “မြန်မာအိုတော့ ကျောင်းကြိုကျောင်းကြား၊ ကရင်အိုတော့ ချောင်းကြိုချောင်းကြား” ဟုရှိ၏။ (မြန်မာတို့သည် ကိုယ်ကသာ ၆သုံးမကျသော်လည်း သူတစ်ပါးကိုမူ အထင်သေးတတ်ကြသည် ဆိုခြင်းကို ဤစကားပုံက ပြနေ၏။) ဤသည်ကပင်လျှင် မြန်မာတို့သည် အသက်ကြီးသွားသည့်အခါ အလုပ်မလုပ်ကြတော့ဘဲ ဘုရားယောင်ယောင်၊ ကျောင်းယောင်ယောင်နှင့် အချိန်ဖြုန်းနေကြောင်း သိသာလှ၏။
ဘာမှ အလုပ်မလုပ်ဘဲ နေသူသည် တုံးနေ၏။ အလုပ်လုပ်သူသည် ထက်နေ၏။
အလုပ်မလုပ်ဘဲ ထိုင်နေသူသည် သံချေးတက်နေသောဓား ဖြစ်၏။
အလုပ်လုပ်နေသူမှာမူ အမြဲခုတ်ထစ်နေသောဓား ဖြစ်၏။
သံချေးတက်နေသောဓားမှာ အမြဲငိုက်မြည်းနေပြီး တုံးနေသဖြင့် ဘာမှ အသုံးမကျ။
အမြဲခုတ်ထစ်နေသောဓားမှာမူ ပြောင်လက်နေပြီး ထက် နေသဖြင့် များစွာ အသုံးကျလှ၏။
ထို့ကြောင့် ကျွန်ုပ်မိတ်ဆွေများသည် သံချေးတက်ပြီး အသုံးမကျသောဓားအဖြစ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမပစ်ပါလင့်။
ထက်နေသောဓားအဖြစ် လောကကောင်းကျိုးကို တတ်နိုင်သမျှ အကျိုးပြုပါရန် တိုက်တွန်းလိုက်ရပါ၏။
(၃)
အလုပ်လုပ်သည်ဆိုရာတွင်လည်း ဝတ်ကျေဝတ်ကုန်၊ ထမင်းမငတ်ရုံ လုပ်ခြင်းနှင့် မိမိအလုပ်ကို စိတ်ပါဝင်စားစွာ တာဝန်ကျေအောင်လုပ်ခြင်း ဟု နှစ်မျိုးရှိလေ၏။
အလုပ်ကို ဝတ်ကျေဝတ်ကုန် လုပ်နေသူများသည် ဆုတ်ယုတ်နေသူများ ဖြစ်ကုန်၏။
ကိုယ့်အလုပ်ကို စိတ်ပါဝင်စားသူများသည် အလုပ်နှင့် ပတ်သက်သည်များကို လေ့လာ၏။
မျက်စိကိုဖွင့်၊ နားကိုစွင့် ထား၏။
သိလိုစိတ်ရှိ၏။ တတ်လိုစိတ်ရှိ၏။
ကိုယ့်အလုပ်ကို ကောင်းသည်ထက် ကောင်းအောင် လုပ်မည်ဟူသော စိတ်ထားရှိ၏။
ထို့ကြောင့်ပင်လျှင် ကိုယ့်အလုပ်နှင့်ပတ်သက်၍ မသိတာ မရှိရလေအောင် အလောသုံးဆယ် လေ့လာ၏။ မှတ်သား၏။ မေးမြန်း၏။ စူးစမ်း၏။
ထို့ကြောင့် ထိုသူများသည် အမြဲတိုးတက်နေသူများ ဖြစ်၏။ ခေတ်ကိုလည်း မျက်ခြည်မပြတ်။
အမြဲ ခေတ်မီနေသူများ ဖြစ်၏။
နမူနာအဖြစ် ကျွန်ုပ်တို့သင်နေသည့် အလုပ်သမားများ မတက်မနေ တက်ရသော လုပ်ငန်းခွင် အန္တရာယ်ကင်းရေး (ဆောက်လုပ်ရေး) သင်တန်း ဆိုပါစို့။
သင်တန်းပို့ချသူသည် ဆလိုက်ထဲပါတာတွေ ဖတ်တတ်ရုံနှင့်မပြီး။
၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေတာတွေပါ သိထားရမည်။
ဥပမာ - သင်ခန်းစာထဲ၌ ဥပဒေပေါင်းများစွာ ပါ၏။
1. WSH Act, 2. Employment Act, 3. Foreign Manpowers Employment Act, 4. Work Injury Compensation Act, နှင့် အခြား Regulations များစွာတို့ ဖြစ်၏။
သင်တန်းဆရာလုပ်သူသည် ထိုဥပဒေများကို အားလုံး အသေးစိတ် မသိနိုင်လျင်သော်မှ ဥပဒေထဲမှာ ဘာတွေပါသည်၊ ဘယ်ဥပဒေတွေကတော့ အရေးကြီးသည် အစရှိသည်တို့ကို အကြမ်းဖျဉ်း တီးမိခေါက်မိ ရှိထားရမည်။
ကျွန်တော့်အထင်ပြောရလျှင် ထိုသင်ခန်းစာကို သင်နေကြသူ ထက်ဝက်ကျော်မှာ ထိုဥပဒေများကို ဘယ်မှာရှာရမည်။ ထိုဥပဒေများထဲ၌ ဘာတွေပါသည်ဆိုသည်ကို သိဟန်မတူပါ။ ထိုဥပဒေများကို ဖွင့်ကြည့်မိသူပင် အတော်ရှားပါလိမ့်မည်။
နောက်ပြီး Safety သင်တန်းသာ သင်နေသည်။ Hazard နှင့် Risk အကြောင်း ပြောပြပါဆိုလျှင် ပြတ်ပြတ်သားသား ပြောနိုင်သူ ရှားပါလိမ့်မည်။ Risk Managemet နှင့် Risk Assessment ကိုပင် အိယောင်ဝါးဖြစ်နေသူ မနည်းလှပါ။
နောက်တစ်ခု -
ဆယ်တန်းမြန်မာစာ
ဆယ်တန်းမြန်မာစာကို သင်နေသူ ဆရာ/ဆရာမများသည် ထိုပြဌာန်းစာအုပ်ထဲပါ အကြောင်းအရာများကို ဂဃနဏ သိနားလည်နေရန် လေ့လာထားရမည်။
ဥပမာ - ယောမင်းကြီးစိတ်ဓာတ်အကြောင်း သင်တော့မည်ဆိုလျှင် ထိုဆောင်းပါးကိုရေးသူ မှော်ဘီဆရာသိန်းကြီး အကြောင်းကို ဖတ်ထားသင့်လှ၏။ ယောမင်းကြီးဆိုသူမှာ မည်သူဖြစ်သည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို လေ့လာထားသင့်၏။
ယောမင်းကြီးစိတ်ဓာတ်အကြောင်းပါသည့် ‘မြန်မာလွှတ်တော်ဝန်ကြီး၊ မှူးကြီး မတ်ကြီးများ၏ အတ္ထုပ္ပတ္တိ’ စာအုပ်ကို (ရနိုင်လျှင်) ရှာဖွေဖတ်ရှုထားသင့်၏။ ဆရာသိန်းကြီးရေးသော အရူးလွယ်အိတ်၊ ရှေးဖြစ်စာတမ်း၊ ယျလေးလုံးပုံပြင် စသည်တို့ကို မြည်းစမ်းသင့်လှ၏။
သို့မှလည်း စာသင်သည့်အခါ ယောအတွင်းဝန်ဆိုတာ ဘယ်လိုလူမျိုးဖြစ်သကွဲ့။ ဆရာသိန်းကြီးရေးထားတဲ့ ဘယ်စာအုပ် ဟာဖြင့် ဘယ်လိုရှိသကွဲ့ စသဖြင့် အာဝဇ္ဇာန်းကောင်းကောင်းနှင့် သင်နိုင်မှာ ဖြစ်၏။
ကျောင်းသားများလည်း ယောအတွင်းဝန်အကြောင်း သိလိုစိတ်တွေ များလာမည်။
အရူးလွယ်အိတ်ကို ရှာဖတ်ချင်လာမည်။
စာအုပ်ထဲပါတာတွေကို သိလိကာရွတ်သလိုသာ ရွတ်နေလို့ကတော့ ကျောင်းသားများလည်း စိတ်မဝင်စား၊ ဆရာဆိုသူ၏ အသိဉာဏ်မှာလည်း ကျောင်းသားတွေ သိသမျှထက် မပိုနိုင်တော့။
ယနေ့ခေတ်ကြီးသည် အပြိုင်အဆိုင်ခေတ် ဖြစ်၏။
ကြိုးစားသူတို့ တက်သွားမည်။ မကြိုးစားသူတို့ နောက်ကောက်ကျ ကျန်ခဲ့မည်။
နည်းပညာတို့သည် တစ်နေ့တခြား တိုးတက်လာလျက်ရှိ၏။
တစ်နေ့နှင့်တစ်နေ့တောင်မတူ။
သည်ကနေ့ကျွန်ုပ်တို့သိထားသည်များသည် နောက်နေ့တွင် ခေတ်နောက်ကျနေပြီ။
ထို့ကြောင့် ပြောင်းလဲနေသည့် နည်းပညာများကို အမီလိုက်ရန် ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ ကြိုးစားနေရန် လို၏။
နိဂုံး
အလုပ်လုပ်ရာတွင် အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ရန်လို၏။
ဟိုတစ်နေ့က မန္တလေးတွင်ဖြစ်သွားသော ဆောက်လုပ်ရေးလုပ်ငန်း ပြဿနာမှာ အလုပ်ကို အလုပ်နှင့်တူအောင် မလုပ်ခြင်း၏ အကျိုးဆက်ဖြစ်၏။
အသင်တို့သည် အလုပ်ကို အလုပ်နှင့်တူအောင် မလုပ်ကြသည့် မကောင်းသော အကျင့်ကြီးကို ပယ်ဖျောက်ကြကုန်လော။
ငါ့အလုပ်ကို ငါ တာဝန်ယူတယ်ကွ ဟု လက်မထောင်ကြကုန်လော။
အသင်တို့သည် ကိုယ့်အလုပ်အပေါ်ကိုယ် ဂုဏ်ယူနိုင်သူများ ဖြစ်ကြပါကုန်လော။
အသင်တို့သည် ကိုယ့်အလုပ်နှင့်ဆိုင်ရာတို့ကို အမြဲမပြတ် လေ့လာဆည်းပူးကာ တော်တည့်ထက်မြက်သော မြန်မာနိုင်ငံသားကောင်းများ ဖြစ်လာကြပါစေကုန်လော။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၃ ဇူလိုင်၊ ၂၀၂၂
No comments:
Post a Comment