ကိုနေမျိုးမောင် ပို့လာသဖြင့် ပို့စ်တစ်ခု ဖတ်ရပါ၏။
အကြောင်းကား မန္တလေး၌ ကိုယ့်လုပ်ငန်းကိုယ် တာဝန်မယူဘဲ ဖြစ်ကတတ်ဆန်း ဆောက်ထားသည့် ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပိုင်ရှင် အကြီးအကျယ် စိတ်ညစ်ရခြင်းအကြောင်း ဖြစ်၏။
Post link
https://www.facebook.com/yongpyisoe/posts/pfbid06o8UNdAYsE7KQZ7P3mKtJ3vJEbbYzMbpqGzuJqK9izUpWntufBuau25JNF7CdoBml
ဤသည်မှာ မြန်မာပြည်ရှိ များပြားလှစွာသော တာဝန်ယူမှု၊ တာဝန်ခံမှု မဲ့ခြင်းများထဲမှ တစ်ခုသာ ဖြစ်၏။
ကိုယ့်အလုပ်ကိုကိုယ် တာဝန်ယူခြင်း
မြန်မာပြည်တွင် အလုပ်ကို ပြီးပြီးရော ဖြစ်ကတတ်ဆန်းလုပ်ခြင်း နှင့် တာဝန်ယူမှု မရှိခြင်းတို့မှာ ထုံးစံလိုဖြစ်နေ၏။
အလုပ်ကို လုပ်ခါမတ္တမျှ လုပ်၏။ ပြီးပြီးရော လုပ်၏။ ငါ့အလုပ်ကိုငါ အကောင်းဆုံးဖြစ်အောင် စေတနာထည့်ပြီး လုပ်ပေးမယ်လို့မရှိ။
ဤသည်ကို နေရာတကာတွင် တွေ့ရ၏။
အားလုံးတော့ ဟုတ်ချင်မှ ဟုတ်ပါမည်။ ကျွန်တော်က မြန်မာနိုင်ငံတွင် မနေတော့ မသိပါ။ မြန်မာပြည်တွင် နေခဲ့စဉ် ကာလများကလည်း တက္ကသိုလ် ပရဝုဏ်တွင်သာ အချိန်ကုန်ခဲ့၍ ပြင်ပမှ လုပ်ငန်းများအကြောင်း မသိခဲ့ပါ။
သို့သော် အလုပ်ကို ဖြစ်ကတတ်ဆန်း လုပ်ထားသည်ကို ထောက်ပြထားသည့် ပို့စ်များ ဖေ့စ်ဘုတ်တွင် မမြင်ချင်မှအဆုံး ဖြစ်၏။ အဘယ်ကြောင့်နည်း။
မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ထိုအလုပ်ကို တကယ်တတ်ကျွမ်းမှသာလျှင် လုပ်သင့်၏။ အလုပ်ကို တကယ် တတ်ကျွမ်းသည်ဆိုစေ မိမိလုပ်ငန်းကို ကောင်းမွန်မှန်ကန်စွာ ပြီးဆုံးရေး တာဝန်ယူ လုပ်သင့်၏။ မိမိလုပ်လိုက်တာ မကောင်းလို့ အပြောခံရမှာကို ရှက်သင့်၏။ မိမိလုပ်ငန်းကို သူများ လက်ညှိုးထိုးခံရမှာ ကြောက်သင့်၏။
မြန်မာပြည်တွင် တွေ့နေရသည့် အဆိုးဆုံးအခြေအနေတစ်ခုမှာကား ရှက်ရကောင်းမှန်း မသိခြင်း ဖြစ်၏။ သိလျှင် လုပ်ပါမည်လား။ နောက်ပြီး အရှည်သဖြင့် မတွေး။ တစ်နပ်စားဉာဏ်ဖြင့် လုပ်ကြ၏။ တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုသည်မှာ ၎င်းတို့ကို ပြောတာဖြစ်မည်။
ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း
မြန်မာစကားပုံတွင် “မျက်နှာသိ၊ ငါးပိမဝယ်နဲ့” ဟု ရှိ၏။
ဤစကားပုံက ‘အကြောင်းသိက ပိုဆော်လိမ့်မည်’ ဟု သတိပေးထားခြင်းဖြစ်၏။
ကိုယ်မသိသူဆီက ဝယ်လျှင် စစ်စစ်ပေါက်ပေါက် မေးမြန်းစုံစမ်းပြီးမှ ဝယ်မည်။ ဈေးညှိနှိုင်းမည်။
မိမိနှင့် ရင်းနှီးသူဆီက ဝယ်လျှင်တော့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အကြောင်းပြုကာ သူ့ပစ္စည်းကို ဘာမှ မစူးစမ်းဘဲ သည်အတိုင်း ဝယ်မည်။ ဝယ်ပြီးတော့မှ မှားမှန်းသိမည်။
အသင်တို့သည် မည်သူ့ကိုမှ မယုံပါနှင့်။ အထူးသဖြင့် မိမိ မောင်နှမအရင်းအချာများ၊ အလွန်ရင်းနှီးပါသည် ဆိုသည့် မိတ်ဆွေများ၊ တိုက်ပုံကြီးများ အကျအနဝတ်ထားသည့် လူကြီးလူကောင်းဆိုသူများ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို မယုံပါနှင့်။
ကျွန်ုပ်သည် ၂၀၁၀ ခုနှစ်က ကျွန်ုပ်၏ အလွန်အင်မတန် ရင်းနှီးသော၊ မြန်မာပြည်မှ အလွန်နာမည်ကြီးသော အဖွဲ့ကြီး (မြန်မာပြည်သားမှန်လျှင် ထိုအဖွဲ့ကြီးကို အားလုံးသိသည်) တစ်ခုမှ ထိပ်ပိုင်းအရာရှိကြီးတစ်ဦးဖြစ်သူ မိတ်ဆွေကို ပိုက်ဆံချေးမိ၏။ ချေးသမှ (အခုခေတ်စကားနှင့် ပြောရလျှင်) သိန်း ၁၅၀၀ လောက် ချေးမိ၏။ ဤမျှများပြားလှသော ပိုက်ဆံကို ဘာစာချုပ်စာတန်းမှ မရှိပါဘဲလျက် ချေးမိ၏။ ပိုက်ဆံတော့ ပြန်ပေးပါ၏။ သို့သော် ထိုအချိန်က သိန်း ၂၀ လောက် ဆုံးဖူး၏။ (သိန်း ၄၀ အနက် သိန်း ၂၀ ပြန်ရပါသည်။ ကျန်သည့် သိန်း ၂၀ ကိုတော့ နိဗ္ဗာနဿ ပစ္စယော ဟောတု လုပ်လိုက်ရ၏။)
စစ်စစ်ပေါက်ပေါက် လိုက်တွက်ကြည့်လျှင် ဤကမ္ဘာမြေပေါ်၌ ကျွန်ုပ်လောက် မိုက်မဲသူ ရှိမည်မထင်ပါ။
ကျွန်ုပ်သည် ဤကဲ့သို့သော မိုက်မဲမှုမျိုးကို တစ်ကြိမ်မက လုပ်ခဲ့၏။
၂၀၀၇၊ ၂၀၀၈ ကာလများက စင်ကာပူ NTU တွင် ကျောင်းတက်ခဲ့သူ တစ်ဦးက မျက်နှာလေး ဇီးရွက်လောက်နှင့် အသနား ခံလာသဖြင့် သူ့ပညာရေး အသုံးစရိတ်များအတွက် အကူအညီ ပေးခဲ့၏။ စုစုပေါင်း စင်ကာပူဒေါ်လာ တစ်သောင်းနှင့် သုံးရာ ဖြစ်၏။ နောက် သူစင်ကာပူမှာ အလုပ်ရတော့ ထိုပိုက်ဆံများကို ပြန်များ ဆပ်လေမလားဟု စောင့်ကြည့်မိ၏။ သို့သော် ၎င်းသည် ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင် ပက်ပင်းတိုးနေတာတောင်မှ ထိုပိုက်ဆံ တစ်သောင်းကျော်ကို မသိချင်ယောင်ဆောင်ကာ မျက်နှာ ပြောင်တိုက်ဖော် ရလေ၏။ နောင် ဆယ်နှစ်ကျော်ကြာ၍ ကျွန်ုပ်က ပြန်တောင်းသည့်အခါကျမှ ၁၀၀ မျိုး၊ ၂၀၀ မျိုးကို ၂ လတစ်ခါ ၃ လတစ်ခါ ပြန်ဆပ်လေ၏။ ယခု သူပြန်ဆပ်ခဲ့သော ပိုက်ဆံများမှာ ကျွန်ုပ်သား မုန့်ဘိုးကိုပင် မကာမိပါသေးချေ။
လွန်ခဲ့သည့် ၆ နှစ်ခန့်က ကျွန်ုပ်အမျိုးသမီး၏ ညီမ၏ သားဖြစ်သူ စင်ကာပူကို ကျောင်းလာတက်၏။ ကျောင်းတက်သည် ဆိုခြင်းမှာ ဘာ $$$ဆံတစ်ပြားကမှ မရှိဘဲနှင့် ကျောင်းလာထားခြင်းဖြစ်၏။ ထိုသကောင့်သားအတွက် ကျွန်ုပ် စိုက်ထား ရသော စင်ကာပူတွင် ကျောင်းတက်သည့် ကုန်ကျစရိတ်မှာ စင်ကာပူဒေါ်လာ သုံးသောင်းခွဲ ဖြစ်၏။ ကျွန်ုပ်အတင်းတွန်း လွန်း၍ အလုပ်ရပြီးသကာလ (သူ့ဖာသာသူ သူ့အသိစိတ်ဓာတ်နှင့် အလုပ်ရှာတာမဟုတ်၊ ကျွန်ုပ် ကျိန်ဆဲလွန်း၍ မနိုင့်ရင်ကာ အလုပ်ရှာတာဖြစ်၏) ကျွန်ုပ်က ပိုက်ဆံတောင်းသည့်အခါ ၃၀၀ နှစ်ကြိမ် ပေး၏။ ထို့နောက် ကျွန်ုပ် ဖုန်းခေါ်တာကိုလည်း ပြန်မဖြေ။ Message ပို့တာလည်း အကြောင်းမပြန်လေ။ သူ့အမေဆီ လှမ်း message ပို့တော့ ကျွန်ုပ်ပို့သည့် message ကို ဖုတ်လေသည့်ငါးပိ၊ ရှိသည်မျှတောင် မထင်လေ။
ယခု ကျွန်ုပ်အသက် (၆၁) နှစ်ရှိပါပြီ။
အသင်တို့ကို ကျွန်ုပ် (၁၀) နှစ် အချိန်ပေးမည်။ ထို (၁၀) နှစ်အတွင်း ပြန်ဆပ်ပါ။ ကျွန်ုပ်၌ စာရင်းဇယား အကုန်လုံး အတိအကျရှိ၏။
ကျွန်ုပ် အသက် (၇၀) တင်းတင်းပြည့်လို့မှ ကျွန်ုပ်ဆီက ယူထားသည့် ပိုက်ဆံများကို ပြန်မဆပ်သေးဆိုလျှင်တော့ အသင်တို့၏ နာမည်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံများနှင့်တကွ လူမှုကွန်ယက်များတွင် ဖွမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
အထက်ဖော်ပြပါ ပို့စ်တွင်ပါသည့် လူကြီးမင်းသည်လည်း သူအပ်လိုက်သည့် အင်ဂျင်၂၀၀ ဆိုသူများကို ယုံကြည်ကာ စာချုပ်ထဲ၌ ဘာမှ ရေရေရာရာ ထည့်မချုပ်လိုက်မိသည့်အတွက် မထွေးနိုင်မအံနိုင် အကျိုးဆက်ကြီးကို ယခု လက်တွေ့ ခံစားနေရပေပြီ။
ထို့ကြောင့် ကျွန်ုပ်က အသင် မိတ်ဆွေတို့ကို ထပ်လောင်း သတိပေးလိုက်ပါ၏။
အသင်တို့သည် မည်သူ့ကိုမှ မယုံပါနှင့်။ အထူးသဖြင့် မိမိ မောင်နှမအရင်းအချာများ၊ အလွန်ရင်းနှီးပါသည် ဆိုသည့် မိတ်ဆွေများ၊ တိုက်ပုံကြီးများ အကျအနဝတ်ထားသည့် လူကြီးလူကောင်းဆိုသူများ၊ ဘာဘွဲ့လက်မှတ်ကြီးများ ကိုင်ထားသည့် ဘာပြင်ညာတတ်စ် ဆိုသူများ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို လုံးဝx၁၀၀ မယုံပါလေနှင့်။ အကယ်၍ အသင်သည် ထိုသူတို့ကို ယုံစားမိသည်ဖြစ်အံ့။ နောင်တ ဆိုသည့်အရာကြီးကို အလုံးလိုက်ရော၊ အပြားလိုက်ပါ တင်းပြည့် ကျပ်ပြည့် ရသွားပါလိမ့်မည်။
စနစ် စနစ် စနစ်
စင်ကာပူ WSH Act တွင် အလုပ်ရှင်က အလုပ်သမားများကို ပံ့ပိုးပေးရမည့် အရာများထဲ၌ အောက်ပါတို့သည်လည်း ပါ၏။
အလုပ်ရှင်သည် အလုပ်သမားများကို အောက်ပါတို့ ပံ့ပိုးပေးရမည်။
§ Information (လုပ်ငန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်)
§ Complete instruction (တိကျမှန်ကန်ပြည့်စုံသော ညွှန်ကြားချက်)
§ Training and (သင်တန်း)
§ Supervision (ကြီးကြပ်မှု)
Information (သတင်းအချက်အလက်)
ထိုအလုပ်သမားများသည် ၎င်းတို့အလုပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိထားပါသလား။
(ဥပမာ - မည်သည့်နေရာတွင် မည်သည့် ကွန်ကရိ grade ကို သုံးရမည်)
Instruction (ညွှန်ကြားချက်)
ထိုအလုပ်သမားများကို ၎င်းတို့အလုပ်နှင့် ပတ်သက်၍ တိကျမှန်ကန်သော ညွှန်ကြားချက်များ ပေးပါသလား။ ကျွန်ုပ်ကတော့ မထင်ပါ။
Training (သင်တန်း)
ထိုအလုပ်သမားများသည် ကိုယ့်အလုပ်ကိုကိုယ် တတ်သိနားလည်သည့် ကျွမ်းကျင်လုပ်သားများ ဖြစ်ပါသလား။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး ချို့ယွင်းချက်မှာ မည်သည့်လုပ်သားကိုမှ ၎င်းတို့အလုပ်နှင့် ပတ်သက်၍ သေသေချာချာ လေ့ကျင့်သင်ကြားပေးခြင်း မရှိတာ ဖြစ်ပါသည်။ ဤသည်မှာ သည်တစ်နေရာတည်းတွင် မဟုတ်။ နေရာတကာပင် ဖြစ်၏။ အလွန်စိတ်ပျက်စရာ ကောင်းလှ၏။
Supervision (ကြီးကြပ်မှု)
အလုပ်တစ်ခု မှန်ကန်ကောင်းမွန်စေရန် တတ်ကျွမ်းနားလည်သော ကြီးကြပ်ရေးမှူးက မိမိကိုင်ရသော လုပ်ငန်းကို အနီးကပ် ကြီးကြပ်နေဘို့လိုပါသည်။
အလုပ်သမားများ လုပ်ကိုင်နေသည်ကို သည်အတိုင်း လွှတ်မထားဘဲ မျက်စိဒေါက်ထောက် ကြည့်နေရမည်။
§ ၎င်းတို့သည် မှန်ကန်ကောင်းမွန်သည့် ဆောက်လုပ်ရေးပစ္စည်းများကို သုံးနေတာ ဟုတ်ပါသလား။
§ ၎င်းတို့သည် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း လုပ်ကိုင်နေပါသလား။
§ ၎င်းတို့သုံးနေသည့် လက်သုံးကိရိယာများသည် မှန်ကန်ပါသလား။
§ ၎င်းတို့သည် ကိုယ့်အလုပ်ကိုကိုယ် မည်ကဲ့သို့ အန္တရာယ်ကင်းအောင် လုပ်ရမည်ကို သိနားလည်ပါသလား။
§ ၎င်းတို့သည် သင့်တော်ကောင်းမွန်သည့် တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းများ ဝတ်ဆင်ထားပါသလား။
အကယ်၍သာ အထက်ပါစနစ်အတိုင်း လိုက်နာကျင့်သုံး လုပ်ကိုင်ကြသည် ဖြစ်အံ့။
အထက်ဖော်ပြပါ ပို့စ်တွင်ပါသည့် ပြဿနာများ အထိုက်အလျောက် ပြေလည်သွားမည် ထင်ပါသည်။ သို့သော် ဤစနစ်ကို အစိုးရက ဥပဒေပြဋ္ဌာန်း မသတ်မှတ်သမျှ မည်သူမှ လိုက်နာလုပ်ကိုင်လိမ့်မည် မဟုတ်သည်မှာ သေချာလှပါသည်။
ဤအကြောင်း ကျွန်ုပ် ဟောပြောပွဲများလုပ်ကာ ပြောခဲ့ဖူးပေါင်း များလှပါပြီ။
ဝမ်းနည်းစရာကောင်းသည်ကား ယနေ့တိုင် ဘာမှ ဖြစ်မလာသေးတာ ဖြစ်ပါသည်။
စာချုပ်စာတမ်းနှင့် မလုပ်တတ်သည့် မြန်မာတို့၏ သဘာဝ
ကျွန်ုပ်တို့တိုင်းပြည်တွင် အလုပ်ကို စာချုပ်စာတမ်းနှင့် မလုပ်ဘဲ နားလည်မှုနှင့် ကြည့်ကျက်လုပ်ကြတာ ထုံးစံလို ဖြစ်နေ၏။
အလွန်မှားပါသည်။
အထက်ပါပို့စ်ကဲ့သို့ ငွေကြေးပမာဏများသည့် လုပ်ငန်းတစ်ခုခုမျိုး လုပ်တော့မည်ဆိုပါက သေသေချာချာ ကျကျနန စာချုပ်စာတမ်းနှင့်လုပ်ရန် အရေးကြီးလှ၏။
နောက်ပြီး အလုပ်အပ်သူ/ကန်ထရိုက်တာ နှစ်ဦးနှစ်ဖက်လုံး ထိုစာချုပ်ပါအတိုင်း လေးစားလိုက်နာလျက် လုပ်ကိုင်ကြရန် လည်း လို၏။
ကန်ထရိုက်စာချုပ်နှင့် ပတ်သက်၍ ရည်ညွှန်းရမည်မှာ FIDIC စာအုပ်များ ဖြစ်၏။ FIDIC စာအုပ်များ စီးရီးအလိုက် ရှိ၏။ ကျွန်တော် ၂၀၂၀ ဇူလိုင်လလောက်က FIDIC ကန်ထရိုက်စာချုပ်တစ်ခုကို ဘာသာပြန်ပေးဖူး၏။ (သို့သော် ထိုစာအုပ်မှာ ကျွန်ုပ်က အခကြေးငွေယူပြီး ဘာသာပြန်ပေးတာဖြစ်သဖြင့် ထိုစာအုပ်ကို ကျွန်ုပ် မပိုင်ပါ။ သို့မို့ကြောင့် မိတ်ဆွေတို့ကို မျှဝေမပေးနိုင်ခြင်းအား ဝမ်းနည်းမိပါ၏။ အင်္ဂလိပ်စာအုပ်များကိုမူ အောက်ဖော်ပြပါ link များမှ download လုပ်ယူ ဖတ်ရှုနိုင်ပါ၏။)
FIDIC ဆိုသည်မှာ Fédération Internationale des Ingénieurs Conseils (International Federation of Consulting Engineers) အဖွဲ့ကြီးဖြစ်ပြီး ၁၉၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့၏။ ထိုအဖွဲ့ကြီးက ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကန်ထရိုက်စာချုပ် ရေးပုံရေးနည်းများကို လမ်းညွှန်စာအုပ်များ ထုတ်ပေး၏။ အလုပ်အပ်သူနှင့် ကန်ထရိုက်တာများသည် ထိုလမ်းညွှန်စာအုပ်ပါ အချက်အလက်များ/နည်းလမ်းများအတိုင်း ကန်ထရိုက်စာချုပ် ချုပ်ဆိုကာ လုပ်ကိုင်သင့်လှ၏။
ဆောက်လုပ်ရေးနှင့် ပတ်သက်ဆက်နွယ်နေသူ မိတ်ဆွေတို့သည် အောက်ပါ စာချုပ်စာတမ်းများကို လေ့လာသင့်လှ၏။
FIDIC က ၁၉၉၉ ခုနှစ်တွင် ကန်ထရိုက်စာချုပ် စံနှုန်းအသစ် (၄) ခုကို ထုတ်ဝေခဲ့ရာ အောက်ပါတို့ဖြစ်၏။
1. FIDIC Red Book (Conditions of Contract for Construction)
http://site.iugaza.edu.ps/kshaath/files/2010/12/FIDIC-1999-RED-BOOK.pdf
2. FIDIC Yellow Book (Conditions of Contract for Plant & Design Build) https://www.academia.edu/40961812/FIDICYellow2017_FIDIC_Yellow_Book_Conditions_of_Contract_for_Plant_pdf
3. FIDIC Silver Book (Conditions of Contract for EPC/Turnkey Projects)
https://pdfcoffee.com/qdownload/fidic-silver-book-epc-contract-originalpdf-pdf-free.html
4. FIDIC Green Book – Short Form of Contract
https://qdoc.tips/fidic-green-book-pdf-free.html
ထို့ပြင် လုပ်ငန်းလိုအပ်ချက်အရ အခြား ကန်ထရိုက်စံနှုန်းများလည်း ထုတ်ဝေခဲ့ရာ အောက်ပါတို့ဖြစ်၏။ (ထို့ထက်လည်း ပိုနိုင်ပါသေးသည်။)
FIDIC Gold Book (Conditions of Contract for Design, Build and Operate Projects)
FIDIC White Book (Client/Consultant - Model Services Agreement)
FIDIC Orange Book (Conditions of Contract for Design-Build and Turnkey)
FIDIC Emerald Book (Conditions of Contract for Underground Works)
အကယ်၍ စာအုပ်ရှာရန်, download လုပ်ရန် အခက်အခဲရှိသူများ ကျွန်ုပ်ထံ လှမ်းတောင်းလိုက်ပါ။ ပို့ပေးပါမည်။
မြန်မာတို့၏ အားနာတတ်သော အလေ့
အားနာခြင်းဟူသည် ကိုယ်လုပ်ချင်တာကို မလုပ်ဘဲ နေလိုက်ရခြင်း နှင့် မလုပ်ချင်သည်ကို အောင့်အည်းကာ လုပ်လိုက်ရခြင်း ဖြစ်၏။
အားနာခြင်းဖြင့် ဖြေရှင်းရခက်သော နောက်ဆက်တွဲ ဆိုးကျိုးတို့ ဖြစ်ပေါ်လာလေတော့၏။
အားနာသည့်အတွက် လုပ်ငန်းနှင့် ပတ်သက်၍ ဘာတစ်ခုမှ တိတိကျကျ ပြတ်ပြတ်သားသား မပြော။ စာနှင့်လည်း မရေး။
တကယ်လုပ်သည့်အခါကျမှ ဟိုဟာကလို၊ သည်ဟာက မမှန်နှင့် ဒုက္ခ ရောက်တော့၏။
ကျွန်ုပ်ငယ်စဉ်က ဆိုက္ကား စီးဖူး၏။
ဆိုက္ကားခကို မေးသည့်အခါ ရပါတယ်၊ ကြည့်ပေးပေါ့ ဟု ဆို၏။
ဟိုရောက်တော့မှ မတန်တဆတောင်းတာ ခံရ၏။
ဤသည်မှာ အလုပ်ကို အလုပ်နှင့်တူအောင် မလုပ်၍ ခံရတာဖြစ်၏။
အသင်တို့သည် မည်သည့်အခါမှ ဤကဲ့သို့ မလုပ်ပါလေနှင့်။
နဂိုကတည်းက ၁၀၀ လား၊ ၂၀၀ လား၊ ပြတ်ပြတ်သားသား မေးပါ။
ကြိုက်လျှင် စီးပါ။ မကြိုက်လျှင် မစီးပါနှင့်။
ယခုတော့ စီးပြီးနေပြီ။ သည်တော့မှ သူပြောသည့်ဈေးကို မထွေးနိုင် မအံနိုင် ဖြစ်ရတော့၏။
သင်တို့သည် မည်သည့်အခါမှ၊ မည်သူ့ကိုမှ အားမနာပါလေနှင့်။
ပြောစရာ၊ မေးစရာရှိတာကို ပြတ်ပြတ်သားသား ပြောပါ၊ မေးပါ။
ခုရှုပ်မှ နောင်ရှင်းမည်။
သူငယ်ချင်း အရင်းခေါက်ခေါက် ဖြစ်နေ၍သော်လည်းကောင်း၊ ကိုယ့်ဘကြီး၊ ကြီးဒေါ်၊ ဆရာသမား၊ အထက်လူကြီး စသည် မည်သူပင်ဖြစ်ပါစေ၊ လုပ်ငန်းနှင့် ပတ်သက်လာလျှင် တိတိကျကျ ပြတ်ပြတ်သားသားပြောပါ။ မရှင်းသည်တို့ကို ရှင်းသည်ထိ သေသေချာချာ မေးပါ။
ကိုယ့် ဘကြီး၊ ကြီးဒေါ်၊ အထက်လူကြီး၊ ဆရာသမား ဖြစ်သည်ဆိုပြီး အသင်သည် အလုပ်နှင့် ပတ်သက်၍ ဘာတစ်ခုမှ ရေရေရာရာ မပြောဆိုလျှင် သင်၏ အနှီ ဘကြီး၊ ကြီးဒေါ်၊ အထက်လူကြီး၊ ဆရာသမားဆိုသူများသည် ၎င်းတို့၏ ဘကြီး အဖြစ်၊ ကြီးဒေါ်အဖြစ်၊ အထက်လူကြီးအဖြစ်၊ ဆရာသမားအဖြစ်တို့ကို အခွင့်အရေးယူ၊ အသုံးချသွားတာ ခံရပါလိမ့်မည်။
နောက်ပြီး မြန်မာတို့၏ မကောင်းသော အလေ့တစ်ခုရှိသေး၏။
ဈေးဆစ်သောအလေ့။
အဆစ်တောင်းသော အလေ့။ (ဥပမာ - မုန့်ဟင်းခါး ဟင်းရည်)
ဘာကြောင့် ဈေးဆစ်သနည်း။
ယေဘူယျသဘောပြောရလျှင် နဂိုကတည်းက ဈေးပိုတင်ထားသောကြောင့် ဈေးဆစ်ခြင်းဖြစ်၏။
သဟာဆိုလျှင် အဘယ်ကြောင့် တစ်ခွန်းတည်း မပြောပါသနည်း။
ကျွန်တော်တို့ငယ်စဉ်က ဒေါ်အေးနု တစ်ခွန်းဆိုင် ဆိုလား တွေ့ခဲ့ဖူး၏။
အမှန်ကိုပြောရလျှင် ထိုစဉ်က ထို တစ်ခွန်းဆိုင်ဆိုသည့် အဓိပ္ပာယ်ကို ကျွန်တော် နားမလည်ခဲ့။
အဘယ်ကြောင့်ဆိုသော် တစ်နိုင်ငံလုံး အရောင်းအဝယ်လုပ်ကြရာဝယ် ဈေးဆစ်ကာ ရောင်းဝယ်ကြသောကြောင့်တည်း။
ဤသည့်အလေ့အထကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ မြန်မာများသည် မည်သည့်အရာကိုမှ တိတိကျကျမလုပ်ဘဲ လိုတိုး ပိုလျှော့ (ကျွန်ုပ်တို့ အင်ဂျင်နီယာကျောင်းသားဘဝက ၎င်းကို “LTPS” ဟု သုံးနှုန်းခဲ့၏) လုပ်တာ ဝါသနာပါမှန်း သိသာလှ၏။
ဤသည်မှာ ကောင်းသည့် အလေ့မဟုတ်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် တိတိကျကျ မလုပ်ချင်ကြရသနည်း။
Competent Person (လုပ်ငန်းကျွမ်းကျင်သူ)
မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်သူများသည် မိမိအလုပ်ကိုမိမိ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်သည့် လုပ်သားများ ဖြစ်ရန် လို၏။
မြန်မာတို့၌ အရိုးထဲစွဲနေသည့် အယူအဆတစ်ခုသည် ရှိ၏။
၎င်းမှာ သူများလုပ်ထားတာကို အပေါ်ယံလေးကြည့်ရုံမျှဖြင့် ငင့် - ဒါလောက်တော့ ငါလည်း လုပ်တတ်တာပဲ ဟူသည့် အယူအဆ ဖြစ်၏။ သို့မို့ကြောင့်ပင် စင်ကာပူကို တစ်ခေါက်လောက် အလည်လာကာမျှဖြင့် ဟားဟား မင်းတို့စင်ကာပူကို ငါတို့ ၅ နှစ်နဲ့ အမီလိုက်မယ် ဟု ဟို ဘူမှန်းမသိ၊ ၉ မှန်းမသိသော စစ်ဗိုလ်ချုပ်ကြီးများက အရူးချေးပန်း လျှောက်ပြော ကြခြင်း ဖြစ်၏။
ဥပမာ - ကားမောင်းသင်သည် ဆိုပါစို့။
ကားမောင်းတတ်သည့်သူက ကားမောင်းသင်ချင်သည့်သူကို ဘေးနားထားကာ ဟောသည့်ဘီးကို သည်လိုလှည့်ရသကွ၊ ဟောဒါကို နင်းလိုက်ရင် ကားရပ်သွားသကွ၊ မင်း မြန်မြန်မောင်းချင်ရင်တော့ ဟောဒါလေးကို နင်းလိုက်ကွ ဟု သင်ပေး၏။
ထိုအခါ အနှီ မောင်ဟိုဒင်း/မယ်ဟိုဒင်းကလေးများ ကားမောင်းတတ်သွားသည် ဆိုပါစို့။
၎င်းတို့သည် -
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သေသေချာချာ သိပါသလား။
အင်ဂျင်တစ်လုံး အလုပ်လုပ်ပုံကို အကြမ်းဖျဉ်းအားဖြင့် သိပါသလား။
ကားတစ်စီး၏ တည်ဆောက်ပုံကို အကြမ်းဖျဉ်းအားဖြင့် သိပါသလား။
အာ - ဒါတွေ ငါတို့သိစရာမလိုပါဘူး။ ကားရွေ့အောင်လုပ်တတ်ရင် ပြီးတာပဲမဟုတ်လား ဆိုလျှင်တော့လည်း မပြောတတ်ပါ။
ဤသည်မှာ သည်တစ်နေရာတည်းမဟုတ်၊ နေရာတကာဖြစ်၏။
ကျွန်ုပ်က စင်ကာပူရောက်လာသည့် အလုပ်သမားများကို သင်တန်းပေးရ၏။
ဟိုတစ်နေ့က သင်တန်း၌ တစ်ယောက်၏ IPA ကို ယူကြည့်တော့ အလုပ်က electrician ဟု ရေးထား၏။
ကိုယ့်လူ electrician ဆိုတော့ မီးသွယ်တဲ့လုပ်ငန်း လုပ်ဖူးသလား ဟု မေးတော့ အာ - ကျွန်တော် မီးဆင်လာတာ ၁၀ နှစ်လောက်ရှိပြီ ဆို၏။
သဟာဖြင့် ကိုယ့်လူရယ် - ဟောဒီ အိမ်သုံးမီးဟာ ဗို့အားဘယ်လောက်ရှိသလဲ ဆိုတော့ -
(၅) ဗို့ - ဟု ဖြေ၏။
တကယ်ဖြေတာလား၊ သိလျက်နှင့် ရွဲ့ဖြေတာလား ကျွန်ုပ် မသိပါ။
(၁) မီတာ ဘယ်လောက်မြင့်သလဲ ဆိုတာလည်း မပြောတတ်။
အသင့်၌ လုပ်ငန်းအတွေ့အကြုံ (၁၀) နှစ်လောက် ရှိချင်ရှိပါလိမ့်မည်။
သို့သော် သင်လုပ်ခဲ့သော လုပ်ပုံကိုင်နည်းများသည် မှန်ကန်သော လုပ်ပုံကိုင်နည်းများ ဟုတ်ပါသလား။
သင်ဘယ်နှစ်နှစ်လုပ်ခဲ့သည် ဆိုခြင်းထက် သင် ဘယ်လိုလုပ်ခဲ့သည်ဆိုခြင်းက ပိုအရေးကြီးပါသည်။
(တစ်သက်လုံး အမှားကြီးနှင့် ကြီးပြင်းလာခဲ့သူများ ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်အောင် တွေ့မြင်နေကြရ၏။
သည်ကနေ့တိုင်အောင်လည်း ဆက်မှားနေကြသေး၏။ မိမိတို့၏ အမှားကိုပင် အမှန်ဟုလည်း ထင်နေကြပေလေသေး၏။
သိသူပြောတာကိုလည်း လက်မခံ၊ ငါသာအမှန်ဟုလည်း တရားသေ စွဲမှတ်နေကြသေး၏။)
သည်ကဲ့သို့မဖြစ်စေရန် အလုပ်လုပ်သည့်သူများကို မှန်ကန်သော အလုပ်လုပ်ပုံ နည်းလမ်းများ သေသေချာချာ လေ့ကျင့် သင်ကြားပေးရန် လို၏။
Competent Person ၌ အရည်အချင်း (၃) ရပ် ရှိ၏။ အတိုကောက်အားဖြင့် ASK ဟု မှတ်နိုင်၏။
၁။ Attitude - မိမိအလုပ်ကို မိမိ စေတနာထားကာ လုပ်ကိုင်ပေးခြင်း
၂။ Skill - လက်တွေ့တတ်ကျွမ်းနားလည်ခြင်း
၃။ Knowledge - စာတွေ့သိနားလည်ခြင်း
စာတွေ့သိနားလည်ရန်မှာ စနစ်တကျပြုစုထားသည့် သင်ရိုးများဖြင့် တတ်ကျွမ်းနားလည်သော သင်တန်းဆရာများက အချိန်ယူပြီး သေသေချာချာ လေ့ကျင့်သင်ကြားပေးရန် လို၏။
လက်တွေ့တတ်ကျွမ်းမှုကို စာဖြင့် သင်ပေးလို့မရ။ တကယ် လက်တွေ့လုပ်ကြည့်မှသာ ရနိုင်၏။ ထို့ကြောင့် လုပ်ငန်း အတွေ့အကြုံ အရေးကြီး၏။
စာတွေ့လည်း သိနားလည်၏။ လက်တွေ့လည်း လုပ်တတ်ပါ၏။ သို့သော် စေတနာမပါလျှင်လည်း အလကားပဲ ဖြစ်၏။
ကိုယ့်အလုပ်ကိုကိုယ် တန်ဘိုးထားရမည်။ ဘာပဲလုပ်လုပ် ကောင်းကောင်းမွန်မွန်၊ မှန်မှန်ကန်ကန် လုပ်ပေးဘို့ လို၏။ ကိုယ့်အလုပ်ကိုကိုယ် တာဝန်ယူတတ်ရမည်။ ဒါ ငါလုပ်ထားတာကွ ဟု လက်မထောင်နိုင်ရမည်။
ကိုယ်ချင်းစာတရား
နောက် အရေးကြီးသည်မှာ ကိုယ်ချင်းစာတရား ထားတတ်ရမည်။
ကျွန်ုပ်တို့ ကိုမြန်မာများကား သွားလိုက်ရသည့် တရားပွဲ၊ နာလိုက်ရသည့်တရား။ ထိုင်လိုက်ရသည့် (၇) ရက်စခန်း။ (၁၀) ရက်စခန်း။ တစ်လစခန်း။
မိုးလင်းလာသည်နှင့် ကိုယ်နားမလည်သည့် ဘာသာစကားများကို စတင်ဖွင့်တော့၏။
သို့သော် ထိုအရာများမှာ တကယ့်စေတနာပါလို့ လုပ်နေတာ မဟုတ်။
လူအများလုပ်သဖြင့် ကိုယ်လည်းလုပ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုမျှ ဖြစ်၏။
များသောအားဖြင့်တော့ ထိုသူများသည် ကိုယ်ဘာလုပ်နေတယ်ဆိုတာတောင် ကိုယ့်ဘာသာကိုယ် နားမလည်ကြသူများ ဖြစ်၏။
အကယ်၍သာ အသင်တို့ သွားခဲ့သည့် တရားပွဲများမှ ရလာသည့် အသိတရားများကို လက်တွေ့ လိုက်နာကျင့်သုံးကြပါမူ သည်ကဲ့သို့သော ကိစ္စရပ်များ ဖြစ်လာပါမည်လား ဆိုတာ မေးခွန်းထုတ်ဘို့ ကောင်းလှ၏။ သဟာဆို သင်တို့ တရားပွဲ သွားတာ ဘာလုပ်တာပါနည်း။ ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ပါ။ ငါ ဘာလို့ တရားပွဲ သွားသလဲ။
ငါ ဘာကြောင့် တရားနာသလဲ။
တရားနာတာ ကောင်းတာပေါ့။
ဘာကောင်းတာလဲ။
အဲ ဟို ဟဝှာလေ။ ဟို ဟို အဲ အဲ . . . .
လောကပါလတရား (၂) ပါး
ဤလောကကြီး မပျက်စီးစေရန် စောင့်ရှောက်သော တရား (၂) ပါးရှိ၏။
၎င်းတို့မှာ ဟီရိ နှင့် ဩတပ္ပ တရားတို့ဖြစ်၏။
ဟီရိ ဆိုသည်မှာ မကောင်းမှုလုပ်ရမှာ ရှက်ခြင်း နှင့်
ဩတပ္ပ ဆိုသည်မှာ မကောင်းမှုလုပ်ရမှာ ကြောက်ခြင်း - တို့ဖြစ်၏။
လူတို့သည် မကောင်းမှုကို လုပ်ရမှာ မရှက်ဆိုမှတော့ လုပ်ကောင်းမှန်းမသိ၊ မလုပ်ကောင်းမှန်းမသိ။ အကုန် လုပ်ကြတော့မည်။
လူတို့သည် မကောင်းမှုကို လုပ်ရမှာ မကြောက်ဆိုမှတော့ လုပ်ကောင်းမှန်းမသိ၊ မလုပ်ကောင်းမှန်းမသိ။ အကုန် လုပ်ကြတော့မည်။
သည်လောကမှ မပျက်စီးလျှင် ဘယ်လောက ပျက်စီးပါအုံးမည်နည်း။
ယခု ခွေးအောင်လှိုင်၊ သီတဂူ၊ ဆေကိန္ဒ နှင့် ၎င်းတို့နောက်လိုက်တို့ကို ကြည့်ပါ။
၎င်းတို့၌ ဟီရိ၊ ဩတပ္ပတရား လုံးဝ ပျောက်ဆုံးနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြ၏။
ဇော်မင်းထွန်းသည် ပြောင်လိမ်၏။ မည်မျှ သောက်ရှက်မဲ့လိုက်ပါသနည်း။
မြဝတီ၊ မြန်မာ့အသံတို့သည် မဟုတ်သတင်းများလွှင့်၏။ ၎င်းတို့သည် ရှက်ရကောင်းမှန်း မသိကြ။ $$ခွက်ပြောင်လှချေ၏ တကား။
သို့ဖြစ်လေရာ မန္တလေးမှ ကိုဟိုဒင်းအိမ်ကိုဆောက်သွားသော အင်ဂျင်၂၀၀ လင်မယား $$ရှက်မဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့။ မြန်မာပြည်တွင် ထိုကဲ့သို့သော သောက်ရှက်မဲ့သူများမှာ မြန်မာပြည်လူဦးရေ၏ ၇၅% အထက်မှာ ရှိ၏။ သည့်ထက်လည်း ပိုချင်ပိုနိုင်၏။
ဟို့ ထိပ်ဆုံးပိုင်းကလူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
အလယ်အလတ်တန်းစား လူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
အောက်ဆုံးတကာ့ဘိတ်ချီး လူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
ပညာတတ်ဟု လူတွေထင်နေကြသူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
ပညာမတတ်ဆိုသူ လူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
ရွှေငွေလက်ဝတ်လက်စားတွေ ညွတ်နေအောင် ဝတ်ထားသူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
ခြူးတစ်ပြားမှ ကုန်းကောက်စရာ မရှိသူများမှာလည်း အရှက်မရှိ/အကြောက်မရှိ။
တိုက်ပိုင်ကြီးတွေ၊ ချိတ်ပုဆိုးကြီးတွေ ဝတ်ထားသူများမှာလည်း အရှက်မရှိ/အကြောက်မရှိ။
ဘာယူနီဖောင်းကြီးတွေ ဝတ်ထားသူတွေမှာလည်း အရှက်မရှိ/အကြောက်မရှိ။
လူတကာ ကုန်းဦးချနေသည့် ပလ္လင်ပေါ် အခန့်သားတက်ထိုင်နေသူများမှာလည်း အရှက်မရှိ/အကြောက်မရှိ။
ဤနိုင်ငံမှ မပျက်စီးလျှင် အဘယ်နိုင်ငံ ပျက်စီးပါတော့အံ့နည်း။
အသင်တို့သည် ကိုယ့် “မြန်မာ” ဆိုသည့် ဂုဏ်သရေကို ပြန်ဆည်လိုသည် ဆိုပါလျှင် ပထမဦးစွာ စတင် တည်ဆောက်ရမည်မှာ “ဟီရိ” နှင့် “ဩတပ္ပ” တရား ဖြစ်၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၈ ဇူလိုင်လ၊ ၂၀၂၂