Thursday, May 12, 2022

GCE (O) မြန်မာစာ_၅

နိုင်ငံခြားမှာ ကျောင်းတက်တဲ့ ကလေးတွေအတွက် composition ရေးရတာ သိပ်မခဲယဉ်းလှပေမယ့် မြန်မာကျောင်း တက်ခဲ့တဲ့ ကလေးတွေဟာ composition ရေးဘို့ သိပ်မလွယ်လှတာ တွေ့ရပါတယ်။ မြန်မာအစိုးရကျောင်းတွေဟာ ကလေးတွေကို သူတို့ဘာသာ စာစီကုံးတတ်အောင် လေ့ကျင့်ပေးဘို့ လိုနေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။

ဆိုတော့ မြန်မာကျောင်းတက်ခဲ့တဲ့ ကလေးတွေကို ကျွန်တော်က composition ရေးတတ်အောင် ပထမဆုံး ကိုယ်အသိဆုံးဖြစ်တဲ့ ကိုယ့်အကြောင်းကိုယ် စရေးခိုင်းပါတယ်။

 

ပထမ - ကိုယ့်အကြောင်း

နောက် - ကိုယ့် အဖေ၊ အမေအကြောင်း

နောက်တော့ - ကိုယ့်ရပ်ရွာ အကြောင်း

နောက်ပြီးတော့မှ -

ကိုယ်ကြိုက်တဲ့ရုပ်ရှင်၊ စာအုပ် စသည်တို့ပေါ့။

 

ဒါက သူတို့ကို ကျွန်တော် နမူနာ ရေးပြထားတာပါ။

ကူးကျက်ဘို့မဟုတ်ဘဲ ဒါကို ကြည့်ပြီး ကိုယ့်ဘာသာ အရေးလေ့ကျင့်ဘို့ ဖြစ်ပါတယ်။


 

ကျွန်တော့်အဖေအကြောင်း


 

ကျွန်တော့်အဖေနာမည်ကတော့ ဦးအောင်ဗလ ဖြစ်ပါတယ်ခင်ဗျား။ အသက်ကတော့ (၅၄) နှစ်ရှိပါပြီ။ အရပ်က (၅) ပေ (၁၀) လက်မ ဆိုတော့ တခြားသူတွေနဲ့ စာရင် အရပ်ရှည်တယ်လို့ ပြောလို့ရပါတယ်။ အဖေရဲ့အသားအရောင်ကတော့ တခြား အာရှသားတွေလိုပဲ ကြေးနီရောင် ဖြစ်ပါတယ်။ ဆံပင်တိုတိုညှပ်ထားပြီး ဆံပင်ကတော့ ခုထိ နက်နေတုံးပါပဲ။

 

ကျွန်တော့်အဖေက ဘွဲ့ရပညာတတ်တစ်ဦး ဖြစ်ပြီး သနားကြင်နာတတ်၊ နားလည်ပေးတတ်တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဖေ့အလုပ်က သင်္ဘောအင်ဂျင်နီယာချုပ် ဖြစ်ပါတယ်။ ကျွန်တော် သိရသလောက်ကတော့ အဖေဟာ သင်္ဘောပေါ်မှာ စက်တွေ ပြင်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေကိုလည်း ထိန်းသိမ်းရတယ်လို့ ဆိုပါတယ်။ အဖေတို့ ကုမ္ပဏီကတော့ Mars ဖြစ်ပြီး အင်မတန်ကြီးမားတဲ့ ကုမ္ပဏီကြီးပါ။ 

 

အဖေဟာ သင်္ဘော အင်ဂျင်နီယာချုပ်ဖြစ်လို့ စက်ပိုင်းဆိုင်ရာမှန်သမျှ အားလုံး တာဝန်ယူထားရပါတယ်။ အဖေသင်္ဘောလိုက်တာ ကြာပါပြီ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ပါဘဲ။ အဖေတစ်ခါ သင်္ဘောလိုက်သွားရင် တစ်နှစ်လောက် ကြာတတ်ပါတယ်။ တစ်နှစ်ကို တစ်လလောက် အိမ်ပြန်နားပါတယ်။

 

အဖေပြန်လာပြီဆို မေမေရော ကျွန်တော်တို့မောင်နှမတွေအားလုံးပါ အလွန် ပျော်ကြပါတယ်။ အနို့ အဖေနဲ့ ခွဲနေရတာ တစ်နှစ်ကြီးများတောင် ရှိမှကိုး။

 

အဖေပြန်လာပြီဆို ကျွန်တော်တို့အတွက် အဝတ်အစားတွေ၊ စားစရာသောက်စရာတွေ၊ လက်ဆောင်တွေ အများကြီး ပါလာတတ်ပါတယ်။ ကျွန်တော်တို့မှာ အဖေပါလာတဲ့ လက်ဆောင်တွေကြည့်ပြီး ဝမ်းသာအူမြူးလို့ မဆုံးပါဘူး။ အဖေ့ ကြည့်ရတာ ပိုမည်းပြီး ပိုဝလာသလိုပဲ။ ညညဆို အဖေဟာ သူ သင်္ဘောပေါ်မှာ ကြုံတွေ့ရတာတွေကို ပြန်ပြောပြတတ် ပါတယ်။ ကျွန်တော်တို့အဖို့တော့ အဖေပြောတာမှန်သမျှ အားလုံး အသစ်အဆန်းတွေချည်းပါဘဲ။

 

အဖေဟာ ကျွန်တော်တို့ မောင်နှမတွေကို အရမ်းချစ်ပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ လိုချင်တာမှန်သမျှ အဖေဖြည့်ဆည်း မပေးတာ မရှိသလောက်ပါဘဲ။ နောက်ပြီးတော့ အဖေနဲ့အတူ အင်္ဂလိပ်ဝတ္ထုစာအုပ်တွေ ပါလာတတ်ပါ တယ်။ ကျွန်တော်ကလည်း စာဖတ်တာ ဝါသနာပါတော့ ဝတ္ထုစာအုပ်တွေ ယူလာပေးတဲ့ အဖေ့ကို အလွန် ကျေးဇူးတင်ပါ တယ်။

 

အဖေဟာ မိသားစုအပေါ် တာဝန်ကျေရုံမျှ မဟုတ်သေးပါဘူး။ ရပ်ရေးရွာရေးမှာလည်း တာဝန်ကျေပါတယ်။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အဖေဟာ ရပ်ရေးရွာရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့တာပါပဲ။ ရပ်ကွက်ထဲက လူငယ်တွေနဲ့  စာကြည့်တိုက်မှာ အကြာကြီး စကားပြောနေတတ်တယ်။ နောက်ပြီး စည်းဝေးပွဲတွေလည်း လုပ်တယ်ထင်ပါတယ်။ စာကြည့်တိုက်အတွက် စာအုပ်တွေအများကြီး ဝယ်လာတာလည်း တွေ့ရတတ်ပါတယ်။ မနှစ်က စာရေးဆရာ/ ဆရာမတွေ ဖိတ်ပြီး စာပေဟောပြောပွဲလည်း လုပ်လိုက်သေးတယ်။ စာရေးဆရာမတွေထဲမှာ ဆရာမ “ဂျူး” ပါလာတာ ကို ကျွန်တော် မှတ်မိနေပါသေးတယ်။

 

သင်္ဘောပြန်တက်ရတော့မဲ့ ရက်တွေမှာလည်း အဖေ မှိုင်နေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။ အဖေဟာ အမြဲ တက်ကြွ လန်းဆန်းနေတတ်ပါတယ်။ သားတွေသမီးတွေကိုလည်း လိမ်လိမ်မာမာနေကြဘို့အကြောင်း၊ သိပ်မကြာခင် အဖေ ပြန်လာမယ် ဆိုတဲ့အကြောင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မှာတတ်ပါတယ်။

 

ချုပ်ရရင် အဖေဟာ ကျွန်တော်တို့မိသားစုအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်သလို တိုင်းပြည်အတွက်လည်း နိုင်ငံသားကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ 

 

အဲဒါကတော့ ကျွန်တော်သိသလောက် ကျွန်တော့် အဖေအကြောင်းပါပဲခင်ဗျာ။

 

+++++++++++++++++

 

ကျေးဇူးတင်ပါတယ်။

 

အေးငြိမ်း

၃ မေလ၊ ၂၀၂၂

No comments: