Saturday, May 14, 2022

စိတ်ပျက်စရာကောင်းလှသည့် ရွှေပြည်ကြီးမှ စိတ်ဓာတ်များ

ကျွန်တော်တို့တွင် လှည်းတန်း၌ တိုက်ခန်းတစ်ခန်းရှိ၏။ ကိုယ်လည်းမနေသည့်အတွက် ထိုတိုက်ခန်းကို တချိန်လုံး ငှားထားခဲ့၏။ ကျွန်တော်တို့မှာ နံနံခြားတွင် တစ်ချိန်လုံးနေနေရခြင်း ဖြစ်သည့်အတွက်၊ နောက်တစ်ချက်မှာလည်း မြန်မာနိုင်ငံကို စွပ်ကယ်စွပ်ကယ် မပြန်နိုင်သည့်အတွက် တိုက်ခန်းကို လှည့်မကြည့်နိုင်။ လူငှားများဖြင့် ပစ်ထားရတာ ဖြစ်၏။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျွန်တော့်အမျိုးသမီး(မိလှ) ရန်ကုန်ပြန်ကာ တိုက်ခန်းများ ပြင်ပါ၏။ အိမ်ငှားများမှာ ဘုရားစူးရပါစေ့ နေသွားတာ ဖြစ်၏။ တံခါး၊ မီးခလုတ်ခုံစသည့် တခြားဟာတွေ မပြောဘဲ နံရံတင် ပြောပါမည်။ 

 

နံရံတွင် ပိုစတာများ ကပ်သွားရာ ထိုပိုစတာများကို ခွာလိုက်သည်နှင့် သုတ်ထားသည့် ဆေးများမှာ အချပ်လိုက် ကွာကျလေကုန်၏။ 

 

ဆိုတော့ တစ်အိမ်လုံး အကုန်ပြင်ရ၏။ ပြင်ခ တစ်ခန်းကို သိန်း ၁၀၀ လောက် ကုန်၏။ 

 

တိုက်ခန်းပြင်ပြီးတော့ ကျွန်တော်တို့လည်း ဘာမှမသိရပါဘဲလျက် ပွဲစား (မိခွေး) က သူ့သဘောနှင့်သူ အိမ်ငှားရန် ကြော်ငြာတင်လေ၏။ လူပေါင်း သောင်းခြောက်ထောင် အိမ်လာကြည့်လေ၏။​ ဘယ်ကလူတွေမှန်းမသိ ဘာမသိနှင့် ဆိုတော့ မိလှက အကုန်ငြင်းလွှတ်လိုက်၏။ မိခွေးကား အလွန်စိတ်ဆိုးလေ၏။ အနို့ အိမ်ငှားတွေကို လက်ခံမှ သူ ပွဲခ ရမှာကိုး။

 

နောက်တော့ ကောင်မလေး လေးယောက် ရောက်လာ၏။ ဘယ်သူ့အဆက်အသွယ်နှင့်မဟုတ်ပါ၊ တဆင့်စကား တဆင့်နား ကြားပြီး ရောက်လာတာပါ ဆို၏။ သို့နှင့် မိလှကလည်း ရိုးရိုးသားသား မှတ်၍ လက်ခံလိုက်၏။ နောက်တော့မှ ဟိုပွဲစားမ မိခွေး၏ အဆက်တွေမှန်း သိရလေ၏။ မိလှလည်း သူ့ကို မလိမ့်တပတ်လုပ် တက်လာတာဖြစ်သဖြင့် စိတ်ဆိုးလျက် ငွေပြန်အမ်းကာ ထိုလေးယောက်ကို နှင်ချလိုက်လေ၏။ (ထိုအချိန်တွင် မိလှမှာ စင်ကာပူပြန်ရောက်နေပြီ​ ဖြစ်၍ ထိုအိမ်ကို ကြည့်ပေးပါရန် အသိအမျိုးသမီးတစ်ယောက် (မိဘုတို) ကို တစ်လစာပေးလျက် ငှားထား၏။) 

 

ကောင်မလေးတွေ ဆင်းမည်ဆိုတော့ မိလှက မိဘုတိုကို ကောင်မလေးတွေ အိမ်မှာ ဘယ်လိုနေသွားသလဲ သိရအောင် (အပျက်အစီးတွေ ရှိသလား ဘာလား) သွားကြည့်ခိုင်း၏။ တစ်လစာ ပိုက်ဆံပေးလျက် အိမ်ခန်းကြည့်ရန် ခိုင်းထားသော မိဘုတိုမှာ အိမ်ခန်းတွင်းသို့ပင် ဝင်ဖော်မရ။ အခန်းအပြင်တွင် ဖေ့စ်ဘုတ်ပွတ်လျက် ထိုင်စောင့်နေကာ ကောင်မလေးတွေ တံခါးပိတ်၊ သော့ခတ်၊ သော့ပေးတော့မှ သော့ကို ကြော့ကြော့လေးယူကာ ပြန်လာလေ၏။ ဆင်းသွားသည့် ကောင်မလေး တွေက မီးဖိုခန်းဘီရိုမှန်များကို အကုန်ရိုက်ခွဲသွားမှန်း နောက်မှ သိရလေ၏။ ကျွန်မက အိမ်ရှင်မှ မဟုတ်တာ၊ အဲသလောက် ဘယ်ကြည့်ပေးနိုင်မလဲ ဟု မိဘုတိုက ပြောသည်ဆို၏။ စားပြီး နားမလည်သော မိဘုတိုပါပေတည်း။

 

နောက်ပွဲစား (မိညှက်) က လူလေးယောက်ကို ခေါ်တင်လာပြန်၏။ 

အရင်အိမ်ငှားတွေက ပညာပြသွားသဖြင့် ကျွန်ုပ်က အိမ်ငှားများ လိုက်နာရန်စည်းကမ်း (နံရံတွင် ပုံများ မကပ်ရ၊ သံမရိုက်ရ စသည်) များကို သီးသန့် ပြင်ထား၏။ ထိုစာရွက်ပေါ်တွင် အခန်း၌နေမည့်သူအားလုံး၏ နာမည်နှင့် မှတ်ပုံတင်နံပါတ်၊ လက်မှတ်ထိုးရန်နေရာ စသည်တို့ပါ လုပ်ထား၏။ ဆိုတော့ အိမ်ငှားများမှာ ဆိုင်တွင်ဝယ်ရသည့် တံဆိပ်ခေါင်းစာချုပ်အပြင် ကျွန်ုပ်၏ စည်းမျဉ်းစာရွက်ပေါ်တွင်ပါ လက်မှတ်ထိုးရမည်ဖြစ်၏။

 

မိညှက်က တံဆိပ်ခေါင်းပါ အိမ်ငှားစာချုပ်ကို လက်မှတ်ထိုးကာ ပို့လိုက်၏။ အိမ်ငှားသူနေရာတွင် ဦးခွေးနီ ဟု ရေးကာ လက်မှတ်ထိုးထား၏။ ဖုန်းနံပါတ်လည်းပါ၏။

 

ကျွန်ုပ်၏ စည်းမျဉ်းစာရွက်ပေါ်တွင် လက်မှတ်ထိုးရန် ခွေးနီကရော မိညှက်ကပါ အပြင်းအထန် ငြင်းဆန်လေ၏။ မိလှလည်း စစ်စစ်ပေါက်ပေါက်မေးလေရာ အိမ်မှာနေမည့်သူများ၌ ခွေးနီမပါ။ သည်အိမ်မှာလည်း မနေပါဘဲလျက် အဘယ်ကြောင့် ခွေးနီက လက်မှတ်ထိုးရတာပါနည်း။ သူ့အပြောအရ ခွေးနီမှာ ကျွန်ုပ်တို့တိုက်ခန်း၌ ငှားနေမည့် သူများ၏ အလုပ်ရှင်ဖြစ်သည်ဆို၏။ ဒါဆို ဒီအခန်းမှာနေမယ့်လူတွေကြောင့် ဖြစ်မယ့်ပျက်မယ့်ကိစ္စအားလုံး ခွေးနီက တာဝန်ယူ ဖြေရှင်းပေးမလား။  

 

သို့နှင့် အိမ်ငှားများ၏နာမည် နှင့် မှတ်ပုံတင်နံပါတ်များကို မရမက တောင်းရပြန်၏။ အနို့ ကိုယ့်အခန်းမှာ ဘယ်သူတွေ နေမည်ဆိုတာ ကျွန်ုပ်တို့ မသိသင့်ပါသလော။ မိညှက်မှာ အိမ်ငှားစရင်းကိုပေးရမှာ ကျားဖင်နှိုက်ရတော့မည်ကဲ့သို့ အလွန် ကြောက်လန့်လျက်ရှိရကား မိလှလည်း ခွေးနီထံ ဖုန်းဆက်လေ၏။

 

ထိုဖုန်းမှာ ခွေးနီ၏ဖုန်းမဟုတ်လေ။ သူ့မိန်းမဖုန်းဖြစ်၏။

နင့်ဖုန်းမဟုတ်ဘဲ ဘာဖြစ်လို့ နင့်မိန်းမဖုန်းနံပါတ်ကို ထည့်ထားရတာလဲ ဆိုတော့ ခွေးနီက ရူးသလိုလို ပေါသလိုလို၊ တောင်ပြော မြောက်ပြော ပြောလေ၏။

 

တစ်ယောက်နှင့်တစ်ယောက် အသည်းအသန် နာရီနှင့်ချီကြာအောင် မနိုင့်ရင်ကာ ပြောပြီးမှ အိမ်ငှားလေးယောက်၏ နာမည်နှင့် လက်မှတ်များ ရောက်လာလေ၏။ (ကျွန်ုပ်ရေးထားသည့် စည်းမျဉ်းစည်းကမ်းစာရွက်ကိုမူ လက်မှတ် မထိုးလေ။)

 

သူတို့လက်မှတ်ထိုးထားသည့် စက္ကူကို ကြည့်လိုက်ရုံနှင့် ကျွန်ုပ်မှာ သက်ပြင်းမောကြီးကို “ဟူးစ်” ကနဲ ချမိလေ၏။

စက္ကူမှာ ကျောင်းစာအုပ် အဟောင်းကို ဖြဲလျက် အိမ်ဆိုင်ကလေးတွင် လဖက်ခြောက်ထုပ်ကာ ထိုလဖက်ခြောက် ဝယ်လာသည့် လုံမကလေးက သူ့ရည်းစားဆီ ရေးထားသည့် စာရွက်ဖြစ်ပြီး ထိုရည်းစား၏ အဖေက တစ်ဖက်လွတ် နေသေးသဖြင့် စာရင်းမှတ်ရန် ရန်ကုန်လာသည့်အခါ ယူလာသည့် စာရွက်ဖြစ်ချေ၏။ 

 

စက္ကူကိုကြည့်လျက် သက်ပြင်းမောကြီးချအပြီး လက်ရေးနှင့် လက်မှတ်များကို မြင်လိုက်ရသည့်အခါ ကျွန်ုပ်မှာ ဆရာတင်မိုး၏ ကဗျာကလေးကို ကောက်ရွတ်မိလျက်သား ဖြစ်သွားလေတော့၏။

 

အလွမ်းပြေ အမေရေးတဲ့

ကောက်ကွေးကွေး အက္ခရာ

ခဲတံကို တံတွေးဆွတ်လို့

ဖျက်ပွတ်ရာ အစုံစုံနဲ့

စာသတ်ပုံမမှန်ကန်လည်း

 

ကျွန်ုပ်တို့ တိုက်ခန်းတွင်နေမည့် ထိုငနဲသား လေးယောက် ဘယ်ပုံရှိမည်ကို ကျွန်ုပ် သွားကြည့်နေစရာ မလိုပါချေ။ 

သူတို့ပုံပန်းကို ပုံတူဆွဲပေးပါဆိုလျှင် (ထိုသူတို့ကို လုံးဝမကြည့်ဘဲနှင့်) ကျွန်ုပ် ဆွဲပေးနိုင်ပါ၏။

 

ကိုင်း - မဟဝှာ၊ ခုမှတော့ ဖြစ်သမျှအကြောင်း နှာခေါင်းချည်းလို့ပဲ သဘောထားလိုက်ပေရော့ ဟု မလှကို နားချရပါ၏။

 

အသင်တို့ ဗမှားပြည်မှ လူများသည် အဘယ်ကြောင့် မှန်မှန်ကန်ကန် မလုပ်ဘဲ အကြံအဖန် လုပ်ချင်ကြရပါသနည်း။

 

 

ဤပုံအတိုင်းသာဆို အသင်တို့ မိုးကြီးချုပ်ဦးမည်မှာ သေချာလှပါသည်။

 

 

စိတ်ပျက်ခြင်းများစွာဖြင့် - 

 

အေးငြိမ်း

၁၄ မေလ၊ ၂၀၂၂

No comments: