Sunday, May 29, 2022

ခေတ်ပြောင်း တော်လှန်ရေး

ယခု တော်လှန်ရေးကြီးသည်ကား အမှန်တကယ့်ကို ခေတ်ပြောင်းတော်လှန်ရေးစစ်စစ် ဖြစ်လေ၏။

 

သည်တော်လှန်ရေးကြီးကား - 

 

ကျွန်ုပ်တို့ပြည်သူများအား ‘ချေးကို ခွေးနိုင်သကဲ့သို့’ လက်နက်အားကိုးနှင့် နိုင်ချင်တိုင်းနိုင်ခဲ့သော မကောင်းဆိုးရွားများကို အပြီးအတိုင် မြန်မာ့မြေပေါ်မှ ရှင်းလင်းပစ်မည့် တော်လှန်ရေးကြီး ဖြစ်၏။

 

နိုင်ငံ့အာဏာကို သူ့အမေ့လင်က ပေးထားသော အမွေကဲ့သို့ လက်ဝယ်၌ဆုပ်ကိုင်ထားကာ တစ်နိုင်ငံလုံးရှိသမျှ နိုင်ငံပိုင် ပစ္စည်းများကို ခိုးချင်တိုင်းခိုး၊ ဝှက်ချင်တိုင်းဝှက်၊ ဘုံးချင်တိုင်းဘုံး၊ သုံးချင်တိုင်းသုံးနေသည့် သူခိုးများကို ကမ္ဘာတည်သရွေ့ မည်သည့်အခါမှ နောက်ထပ် ခေါင်းထောင်မလာနိုင်အောင် နာမ်နှိမ်ပစ်မည့် တော်လှန်ရေးကြီး ဖြစ်၏။

 

အရည်အချင်းရှိသူများ ရာထူးတက်ခွင့်မရှိဘဲ အကပ်အရပ် အဖားအလျား ကောင်းလှသူများ ကောင်းစားသည့်ခေတ်ကို ပြောင်းပြန်လှန်ပစ်မည့် တော်လှန်ရေးကြီး ဖြစ်၏။

 

အစိုးရဌာနများ၌ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အုပ်ချုပ်ခွင့်မရဘဲ ဘာသောက်သုံး တစက်ကမှ မကျသည့် မိုးကျဒန်ကိုယ်များ ကြီးစိုးသည့်ခေတ်ကို ပြောင်းပြန်လှန်ပစ်မည့် တော်လှန်ရေးကြီး ဖြစ်၏။

 

၎င်းတို့စိတ်ကြိုက် အုပ်စိုးနိုင်ရန် လူတွေကို ငတုံးများဖြစ်အောင် အကွက်ချထားသည့် မအောင်မရှိ ငါ့တပိ ပညာရေး စနစ်ကြီးကို ပြောင်းပြန်လှန်ပစ်မည့် တော်လှန်ရေးကြီး ဖြစ်၏။ 

 

လူကြီးဆိုသူလာပြီဆို (ဟုတ်ဟုတ် မဟုတ်ဟုတ်) လက်ကလေးနှစ်ဘက် ရှေ့ပစ်ကာ အဘ၊ အဘ ခေါ်လျက် တသက်လုံး ကိုယ့်ကို ထမင်းကျွေးထားသည့် ကျေးဇူးရှင်ကြီးအလား သောက်ကျိုးနဲ ရို့ကျိုးပြနေရသော စနစ်ကြီးကို ပြောင်းပြန် လှန်ပစ်မည့် တော်လှန်ရေးကြီး ဖြစ်၏။ (ဘယ် ၆ ဂမျင်းမတားကများ သူခိုးတွေကို ‘အဘ’ လို့ ခေါ်တဲ့စနစ် စထွင်လိုက်မှန်း မသိ။)

 

သည်တော်လှန်ရေးကြီးကား မြန်မာ့သမိုင်းတွင် တခါဖူးမျှ မရှိခဲ့ဖူးသည့် ‘စနစ်ကိုတော်လှန်သည့်’ တော်လှန်ရေးကြီး ဖြစ်တော့၏။ သည်တော်လှန်ရေးကြီးတွင် ကျွန်ုပ်တို့ ပြည်သူပေါင်းများစွာ အသက်၊ သွေး၊ ချွေးတို့ စတေးခဲ့ကြရ၏။ အထူးသဖြင့် လူငယ်ကလေးများ မှာ ၎င်းတို့၏ အနာဂတ်ကို ၎င်းတို့ တိုက်ယူနေကြသည်ကို တွေ့ရသည့်အခါ ကျွန်ုပ်တို့ အလွန် နှစ်ထောင်းအားရဖြစ်မိ၏။ ဤတော်လှန်ရေးကြီးကား မြန်မာ့သမိုင်းတွင် အထင်ကရ ကျန်ရစ်ခဲ့မည့် တော်လှန်ရေးကြီး ဖြစ်၏။

 

ဤတော်လှန်ရေးကြီးတွင် မြန်မာစစ်တပ်သည် ၎င်းတို့ကိုယ်ကို ၎င်းတို့ မည်သူများဖြစ်ကြောင်း သရုပ်မှန်ကို လှစ်ဟ ပြခဲ့၏။ ဤတော်လှန်ရေးကြီးက မြန်မာစစ်တပ်ကို -

-        အလွန် မနာလိုဝန်တိုစိတ် ကြီးမားလှသူများ၊ 

-        အလွန် အောက်တန်းကျ ယုတ်ညံ့လှသူများ၊ 

-        အလွန် သဘောထား သေးသိမ်လှသူများ၊ 

-        အလွန် လူမဆန်သည့် လူယုတ်မာများ၊ 

-        အလွန် ရက်စက်လှသူသည့် လူသတ်ကောင်များ၊

-        အလွန် ကောက်ကျစ်စဉ်းလဲလှသူများက အုပ်ချုပ်နေကြောင်း မီးမောင်းထိုးပြခဲ့၏။

 

ဤတော်လှန်ရေးကြီးတွင် မြန်မာစစ်တပ်၏ ဂုဏ်သိက္ခာမှာ တစ်ပြားသားမှ မရှိတော့ဘဲ အနုတ်လက္ခဏာအောက် ယူဇနာ (၅၀၀၀၀) လောက် ကျဆင်းသွားခဲ့ချေပြီ။

 

ထို့မျှသာမက -

သည်တော်လှန်ရေးကြီးက ကျွန်တော်တို့ကို မည်သူကတော့ ရန်သူ၊ မည်သူကတော့ မိတ်ဆွေဟု ကွဲကွဲပြားပြား ခွဲခြား ပြခဲ့၏။ လူတော်တော်များများတို့မှာ မျက်နှာဖုံးများ ကွာကျကုန်လျက် အတွင်းသဏ္ဍာန် အမှန်အကန်တို့ ဘွားကနဲ ပေါ်လာခဲ့၏။ ထိုအထဲတွင် ထင်မှတ်မထားသူတို့ပါ ပါလာသည့်အခါ ကျွန်ုပ် အတော် အံ့ဩမှင်တက်မိ၏။ 

 

တော်လှန်ရေးကြီးကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ အထိနာခဲ့သည်မှန်၏။

သို့သော် တော်လှန်ရေးကြီးက ပေးမည့် ရလဒ်၊ အသီးအပွင့်သည်ကား အလွန်ချိုမြိန်လှပေမည်။

 

ဤတော်လှန်ရေးအောင်ပွဲနှင့်အတူ ကျွန်ုပ်တို့သည် -

-        ကမ္ဘာ့အလယ်၌ မျက်နှာငယ်နေရသော မြန်မာ့ဂုဏ်ကို ပြန်လည် မြှင့်တင်ကြရမည်။ 

-        နိမ့်ကျနေသော မြန်မာ့ပညာရေးကို မြှင့်တင်ကြရမည်။

-        မြန်မာပြည်သူတို့၏ ကိုယ်ကျင့်တရား၊ စိတ်ဓာတ်၊ အတွေးအခေါ်နှင့်တကွ လူနေမှုအဆင့်အတန်းကို မြှင့်တင်ကြရမည်။

-        ပျောက်ဆုံးနေတာ ကြာပြီဖြစ်သော ကျွန်ုပ်တို့၏ တန်ဘိုးများကို ကျွန်ုပ်တို့ကိုယ်တိုင် ပြန်လည် တည်ဆောက်ယူကြမည်။ 

 

အရေးကြီးသည်ကား တော်လှန်ရေးကြီး အမြန် အောင်မြင်ဘို့ပင် ဖြစ်၏။

 

ကျွန်ုပ်တို့ အင်အားရှိသမျှ တွန်းလိုက်ကြဦးစို့။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၂၉ မေလ၊ ၂၀၂၂

Saturday, May 14, 2022

စိတ်ပျက်စရာကောင်းလှသည့် ရွှေပြည်ကြီးမှ စိတ်ဓာတ်များ

ကျွန်တော်တို့တွင် လှည်းတန်း၌ တိုက်ခန်းတစ်ခန်းရှိ၏။ ကိုယ်လည်းမနေသည့်အတွက် ထိုတိုက်ခန်းကို တချိန်လုံး ငှားထားခဲ့၏။ ကျွန်တော်တို့မှာ နံနံခြားတွင် တစ်ချိန်လုံးနေနေရခြင်း ဖြစ်သည့်အတွက်၊ နောက်တစ်ချက်မှာလည်း မြန်မာနိုင်ငံကို စွပ်ကယ်စွပ်ကယ် မပြန်နိုင်သည့်အတွက် တိုက်ခန်းကို လှည့်မကြည့်နိုင်။ လူငှားများဖြင့် ပစ်ထားရတာ ဖြစ်၏။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျွန်တော့်အမျိုးသမီး(မိလှ) ရန်ကုန်ပြန်ကာ တိုက်ခန်းများ ပြင်ပါ၏။ အိမ်ငှားများမှာ ဘုရားစူးရပါစေ့ နေသွားတာ ဖြစ်၏။ တံခါး၊ မီးခလုတ်ခုံစသည့် တခြားဟာတွေ မပြောဘဲ နံရံတင် ပြောပါမည်။ 

 

နံရံတွင် ပိုစတာများ ကပ်သွားရာ ထိုပိုစတာများကို ခွာလိုက်သည်နှင့် သုတ်ထားသည့် ဆေးများမှာ အချပ်လိုက် ကွာကျလေကုန်၏။ 

 

ဆိုတော့ တစ်အိမ်လုံး အကုန်ပြင်ရ၏။ ပြင်ခ တစ်ခန်းကို သိန်း ၁၀၀ လောက် ကုန်၏။ 

 

တိုက်ခန်းပြင်ပြီးတော့ ကျွန်တော်တို့လည်း ဘာမှမသိရပါဘဲလျက် ပွဲစား (မိခွေး) က သူ့သဘောနှင့်သူ အိမ်ငှားရန် ကြော်ငြာတင်လေ၏။ လူပေါင်း သောင်းခြောက်ထောင် အိမ်လာကြည့်လေ၏။​ ဘယ်ကလူတွေမှန်းမသိ ဘာမသိနှင့် ဆိုတော့ မိလှက အကုန်ငြင်းလွှတ်လိုက်၏။ မိခွေးကား အလွန်စိတ်ဆိုးလေ၏။ အနို့ အိမ်ငှားတွေကို လက်ခံမှ သူ ပွဲခ ရမှာကိုး။

 

နောက်တော့ ကောင်မလေး လေးယောက် ရောက်လာ၏။ ဘယ်သူ့အဆက်အသွယ်နှင့်မဟုတ်ပါ၊ တဆင့်စကား တဆင့်နား ကြားပြီး ရောက်လာတာပါ ဆို၏။ သို့နှင့် မိလှကလည်း ရိုးရိုးသားသား မှတ်၍ လက်ခံလိုက်၏။ နောက်တော့မှ ဟိုပွဲစားမ မိခွေး၏ အဆက်တွေမှန်း သိရလေ၏။ မိလှလည်း သူ့ကို မလိမ့်တပတ်လုပ် တက်လာတာဖြစ်သဖြင့် စိတ်ဆိုးလျက် ငွေပြန်အမ်းကာ ထိုလေးယောက်ကို နှင်ချလိုက်လေ၏။ (ထိုအချိန်တွင် မိလှမှာ စင်ကာပူပြန်ရောက်နေပြီ​ ဖြစ်၍ ထိုအိမ်ကို ကြည့်ပေးပါရန် အသိအမျိုးသမီးတစ်ယောက် (မိဘုတို) ကို တစ်လစာပေးလျက် ငှားထား၏။) 

 

ကောင်မလေးတွေ ဆင်းမည်ဆိုတော့ မိလှက မိဘုတိုကို ကောင်မလေးတွေ အိမ်မှာ ဘယ်လိုနေသွားသလဲ သိရအောင် (အပျက်အစီးတွေ ရှိသလား ဘာလား) သွားကြည့်ခိုင်း၏။ တစ်လစာ ပိုက်ဆံပေးလျက် အိမ်ခန်းကြည့်ရန် ခိုင်းထားသော မိဘုတိုမှာ အိမ်ခန်းတွင်းသို့ပင် ဝင်ဖော်မရ။ အခန်းအပြင်တွင် ဖေ့စ်ဘုတ်ပွတ်လျက် ထိုင်စောင့်နေကာ ကောင်မလေးတွေ တံခါးပိတ်၊ သော့ခတ်၊ သော့ပေးတော့မှ သော့ကို ကြော့ကြော့လေးယူကာ ပြန်လာလေ၏။ ဆင်းသွားသည့် ကောင်မလေး တွေက မီးဖိုခန်းဘီရိုမှန်များကို အကုန်ရိုက်ခွဲသွားမှန်း နောက်မှ သိရလေ၏။ ကျွန်မက အိမ်ရှင်မှ မဟုတ်တာ၊ အဲသလောက် ဘယ်ကြည့်ပေးနိုင်မလဲ ဟု မိဘုတိုက ပြောသည်ဆို၏။ စားပြီး နားမလည်သော မိဘုတိုပါပေတည်း။

 

နောက်ပွဲစား (မိညှက်) က လူလေးယောက်ကို ခေါ်တင်လာပြန်၏။ 

အရင်အိမ်ငှားတွေက ပညာပြသွားသဖြင့် ကျွန်ုပ်က အိမ်ငှားများ လိုက်နာရန်စည်းကမ်း (နံရံတွင် ပုံများ မကပ်ရ၊ သံမရိုက်ရ စသည်) များကို သီးသန့် ပြင်ထား၏။ ထိုစာရွက်ပေါ်တွင် အခန်း၌နေမည့်သူအားလုံး၏ နာမည်နှင့် မှတ်ပုံတင်နံပါတ်၊ လက်မှတ်ထိုးရန်နေရာ စသည်တို့ပါ လုပ်ထား၏။ ဆိုတော့ အိမ်ငှားများမှာ ဆိုင်တွင်ဝယ်ရသည့် တံဆိပ်ခေါင်းစာချုပ်အပြင် ကျွန်ုပ်၏ စည်းမျဉ်းစာရွက်ပေါ်တွင်ပါ လက်မှတ်ထိုးရမည်ဖြစ်၏။

 

မိညှက်က တံဆိပ်ခေါင်းပါ အိမ်ငှားစာချုပ်ကို လက်မှတ်ထိုးကာ ပို့လိုက်၏။ အိမ်ငှားသူနေရာတွင် ဦးခွေးနီ ဟု ရေးကာ လက်မှတ်ထိုးထား၏။ ဖုန်းနံပါတ်လည်းပါ၏။

 

ကျွန်ုပ်၏ စည်းမျဉ်းစာရွက်ပေါ်တွင် လက်မှတ်ထိုးရန် ခွေးနီကရော မိညှက်ကပါ အပြင်းအထန် ငြင်းဆန်လေ၏။ မိလှလည်း စစ်စစ်ပေါက်ပေါက်မေးလေရာ အိမ်မှာနေမည့်သူများ၌ ခွေးနီမပါ။ သည်အိမ်မှာလည်း မနေပါဘဲလျက် အဘယ်ကြောင့် ခွေးနီက လက်မှတ်ထိုးရတာပါနည်း။ သူ့အပြောအရ ခွေးနီမှာ ကျွန်ုပ်တို့တိုက်ခန်း၌ ငှားနေမည့် သူများ၏ အလုပ်ရှင်ဖြစ်သည်ဆို၏။ ဒါဆို ဒီအခန်းမှာနေမယ့်လူတွေကြောင့် ဖြစ်မယ့်ပျက်မယ့်ကိစ္စအားလုံး ခွေးနီက တာဝန်ယူ ဖြေရှင်းပေးမလား။  

 

သို့နှင့် အိမ်ငှားများ၏နာမည် နှင့် မှတ်ပုံတင်နံပါတ်များကို မရမက တောင်းရပြန်၏။ အနို့ ကိုယ့်အခန်းမှာ ဘယ်သူတွေ နေမည်ဆိုတာ ကျွန်ုပ်တို့ မသိသင့်ပါသလော။ မိညှက်မှာ အိမ်ငှားစရင်းကိုပေးရမှာ ကျားဖင်နှိုက်ရတော့မည်ကဲ့သို့ အလွန် ကြောက်လန့်လျက်ရှိရကား မိလှလည်း ခွေးနီထံ ဖုန်းဆက်လေ၏။

 

ထိုဖုန်းမှာ ခွေးနီ၏ဖုန်းမဟုတ်လေ။ သူ့မိန်းမဖုန်းဖြစ်၏။

နင့်ဖုန်းမဟုတ်ဘဲ ဘာဖြစ်လို့ နင့်မိန်းမဖုန်းနံပါတ်ကို ထည့်ထားရတာလဲ ဆိုတော့ ခွေးနီက ရူးသလိုလို ပေါသလိုလို၊ တောင်ပြော မြောက်ပြော ပြောလေ၏။

 

တစ်ယောက်နှင့်တစ်ယောက် အသည်းအသန် နာရီနှင့်ချီကြာအောင် မနိုင့်ရင်ကာ ပြောပြီးမှ အိမ်ငှားလေးယောက်၏ နာမည်နှင့် လက်မှတ်များ ရောက်လာလေ၏။ (ကျွန်ုပ်ရေးထားသည့် စည်းမျဉ်းစည်းကမ်းစာရွက်ကိုမူ လက်မှတ် မထိုးလေ။)

 

သူတို့လက်မှတ်ထိုးထားသည့် စက္ကူကို ကြည့်လိုက်ရုံနှင့် ကျွန်ုပ်မှာ သက်ပြင်းမောကြီးကို “ဟူးစ်” ကနဲ ချမိလေ၏။

စက္ကူမှာ ကျောင်းစာအုပ် အဟောင်းကို ဖြဲလျက် အိမ်ဆိုင်ကလေးတွင် လဖက်ခြောက်ထုပ်ကာ ထိုလဖက်ခြောက် ဝယ်လာသည့် လုံမကလေးက သူ့ရည်းစားဆီ ရေးထားသည့် စာရွက်ဖြစ်ပြီး ထိုရည်းစား၏ အဖေက တစ်ဖက်လွတ် နေသေးသဖြင့် စာရင်းမှတ်ရန် ရန်ကုန်လာသည့်အခါ ယူလာသည့် စာရွက်ဖြစ်ချေ၏။ 

 

စက္ကူကိုကြည့်လျက် သက်ပြင်းမောကြီးချအပြီး လက်ရေးနှင့် လက်မှတ်များကို မြင်လိုက်ရသည့်အခါ ကျွန်ုပ်မှာ ဆရာတင်မိုး၏ ကဗျာကလေးကို ကောက်ရွတ်မိလျက်သား ဖြစ်သွားလေတော့၏။

 

အလွမ်းပြေ အမေရေးတဲ့

ကောက်ကွေးကွေး အက္ခရာ

ခဲတံကို တံတွေးဆွတ်လို့

ဖျက်ပွတ်ရာ အစုံစုံနဲ့

စာသတ်ပုံမမှန်ကန်လည်း

 

ကျွန်ုပ်တို့ တိုက်ခန်းတွင်နေမည့် ထိုငနဲသား လေးယောက် ဘယ်ပုံရှိမည်ကို ကျွန်ုပ် သွားကြည့်နေစရာ မလိုပါချေ။ 

သူတို့ပုံပန်းကို ပုံတူဆွဲပေးပါဆိုလျှင် (ထိုသူတို့ကို လုံးဝမကြည့်ဘဲနှင့်) ကျွန်ုပ် ဆွဲပေးနိုင်ပါ၏။

 

ကိုင်း - မဟဝှာ၊ ခုမှတော့ ဖြစ်သမျှအကြောင်း နှာခေါင်းချည်းလို့ပဲ သဘောထားလိုက်ပေရော့ ဟု မလှကို နားချရပါ၏။

 

အသင်တို့ ဗမှားပြည်မှ လူများသည် အဘယ်ကြောင့် မှန်မှန်ကန်ကန် မလုပ်ဘဲ အကြံအဖန် လုပ်ချင်ကြရပါသနည်း။

 

 

ဤပုံအတိုင်းသာဆို အသင်တို့ မိုးကြီးချုပ်ဦးမည်မှာ သေချာလှပါသည်။

 

 

စိတ်ပျက်ခြင်းများစွာဖြင့် - 

 

အေးငြိမ်း

၁၄ မေလ၊ ၂၀၂၂

Thursday, May 12, 2022

GCE (O) မြန်မာစာ_၅

နိုင်ငံခြားမှာ ကျောင်းတက်တဲ့ ကလေးတွေအတွက် composition ရေးရတာ သိပ်မခဲယဉ်းလှပေမယ့် မြန်မာကျောင်း တက်ခဲ့တဲ့ ကလေးတွေဟာ composition ရေးဘို့ သိပ်မလွယ်လှတာ တွေ့ရပါတယ်။ မြန်မာအစိုးရကျောင်းတွေဟာ ကလေးတွေကို သူတို့ဘာသာ စာစီကုံးတတ်အောင် လေ့ကျင့်ပေးဘို့ လိုနေပြီဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။

ဆိုတော့ မြန်မာကျောင်းတက်ခဲ့တဲ့ ကလေးတွေကို ကျွန်တော်က composition ရေးတတ်အောင် ပထမဆုံး ကိုယ်အသိဆုံးဖြစ်တဲ့ ကိုယ့်အကြောင်းကိုယ် စရေးခိုင်းပါတယ်။

 

ပထမ - ကိုယ့်အကြောင်း

နောက် - ကိုယ့် အဖေ၊ အမေအကြောင်း

နောက်တော့ - ကိုယ့်ရပ်ရွာ အကြောင်း

နောက်ပြီးတော့မှ -

ကိုယ်ကြိုက်တဲ့ရုပ်ရှင်၊ စာအုပ် စသည်တို့ပေါ့။

 

ဒါက သူတို့ကို ကျွန်တော် နမူနာ ရေးပြထားတာပါ။

ကူးကျက်ဘို့မဟုတ်ဘဲ ဒါကို ကြည့်ပြီး ကိုယ့်ဘာသာ အရေးလေ့ကျင့်ဘို့ ဖြစ်ပါတယ်။


 

ကျွန်တော့်အဖေအကြောင်း


 

ကျွန်တော့်အဖေနာမည်ကတော့ ဦးအောင်ဗလ ဖြစ်ပါတယ်ခင်ဗျား။ အသက်ကတော့ (၅၄) နှစ်ရှိပါပြီ။ အရပ်က (၅) ပေ (၁၀) လက်မ ဆိုတော့ တခြားသူတွေနဲ့ စာရင် အရပ်ရှည်တယ်လို့ ပြောလို့ရပါတယ်။ အဖေရဲ့အသားအရောင်ကတော့ တခြား အာရှသားတွေလိုပဲ ကြေးနီရောင် ဖြစ်ပါတယ်။ ဆံပင်တိုတိုညှပ်ထားပြီး ဆံပင်ကတော့ ခုထိ နက်နေတုံးပါပဲ။

 

ကျွန်တော့်အဖေက ဘွဲ့ရပညာတတ်တစ်ဦး ဖြစ်ပြီး သနားကြင်နာတတ်၊ နားလည်ပေးတတ်တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဖေ့အလုပ်က သင်္ဘောအင်ဂျင်နီယာချုပ် ဖြစ်ပါတယ်။ ကျွန်တော် သိရသလောက်ကတော့ အဖေဟာ သင်္ဘောပေါ်မှာ စက်တွေ ပြင်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေကိုလည်း ထိန်းသိမ်းရတယ်လို့ ဆိုပါတယ်။ အဖေတို့ ကုမ္ပဏီကတော့ Mars ဖြစ်ပြီး အင်မတန်ကြီးမားတဲ့ ကုမ္ပဏီကြီးပါ။ 

 

အဖေဟာ သင်္ဘော အင်ဂျင်နီယာချုပ်ဖြစ်လို့ စက်ပိုင်းဆိုင်ရာမှန်သမျှ အားလုံး တာဝန်ယူထားရပါတယ်။ အဖေသင်္ဘောလိုက်တာ ကြာပါပြီ။ ကျွန်တော် ငယ်ငယ်လေးကတည်းက ပါဘဲ။ အဖေတစ်ခါ သင်္ဘောလိုက်သွားရင် တစ်နှစ်လောက် ကြာတတ်ပါတယ်။ တစ်နှစ်ကို တစ်လလောက် အိမ်ပြန်နားပါတယ်။

 

အဖေပြန်လာပြီဆို မေမေရော ကျွန်တော်တို့မောင်နှမတွေအားလုံးပါ အလွန် ပျော်ကြပါတယ်။ အနို့ အဖေနဲ့ ခွဲနေရတာ တစ်နှစ်ကြီးများတောင် ရှိမှကိုး။

 

အဖေပြန်လာပြီဆို ကျွန်တော်တို့အတွက် အဝတ်အစားတွေ၊ စားစရာသောက်စရာတွေ၊ လက်ဆောင်တွေ အများကြီး ပါလာတတ်ပါတယ်။ ကျွန်တော်တို့မှာ အဖေပါလာတဲ့ လက်ဆောင်တွေကြည့်ပြီး ဝမ်းသာအူမြူးလို့ မဆုံးပါဘူး။ အဖေ့ ကြည့်ရတာ ပိုမည်းပြီး ပိုဝလာသလိုပဲ။ ညညဆို အဖေဟာ သူ သင်္ဘောပေါ်မှာ ကြုံတွေ့ရတာတွေကို ပြန်ပြောပြတတ် ပါတယ်။ ကျွန်တော်တို့အဖို့တော့ အဖေပြောတာမှန်သမျှ အားလုံး အသစ်အဆန်းတွေချည်းပါဘဲ။

 

အဖေဟာ ကျွန်တော်တို့ မောင်နှမတွေကို အရမ်းချစ်ပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော်တို့ လိုချင်တာမှန်သမျှ အဖေဖြည့်ဆည်း မပေးတာ မရှိသလောက်ပါဘဲ။ နောက်ပြီးတော့ အဖေနဲ့အတူ အင်္ဂလိပ်ဝတ္ထုစာအုပ်တွေ ပါလာတတ်ပါ တယ်။ ကျွန်တော်ကလည်း စာဖတ်တာ ဝါသနာပါတော့ ဝတ္ထုစာအုပ်တွေ ယူလာပေးတဲ့ အဖေ့ကို အလွန် ကျေးဇူးတင်ပါ တယ်။

 

အဖေဟာ မိသားစုအပေါ် တာဝန်ကျေရုံမျှ မဟုတ်သေးပါဘူး။ ရပ်ရေးရွာရေးမှာလည်း တာဝန်ကျေပါတယ်။ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အဖေဟာ ရပ်ရေးရွာရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့တာပါပဲ။ ရပ်ကွက်ထဲက လူငယ်တွေနဲ့  စာကြည့်တိုက်မှာ အကြာကြီး စကားပြောနေတတ်တယ်။ နောက်ပြီး စည်းဝေးပွဲတွေလည်း လုပ်တယ်ထင်ပါတယ်။ စာကြည့်တိုက်အတွက် စာအုပ်တွေအများကြီး ဝယ်လာတာလည်း တွေ့ရတတ်ပါတယ်။ မနှစ်က စာရေးဆရာ/ ဆရာမတွေ ဖိတ်ပြီး စာပေဟောပြောပွဲလည်း လုပ်လိုက်သေးတယ်။ စာရေးဆရာမတွေထဲမှာ ဆရာမ “ဂျူး” ပါလာတာ ကို ကျွန်တော် မှတ်မိနေပါသေးတယ်။

 

သင်္ဘောပြန်တက်ရတော့မဲ့ ရက်တွေမှာလည်း အဖေ မှိုင်နေတာ တစ်ခါမှ မတွေ့ဖူးပါဘူး။ အဖေဟာ အမြဲ တက်ကြွ လန်းဆန်းနေတတ်ပါတယ်။ သားတွေသမီးတွေကိုလည်း လိမ်လိမ်မာမာနေကြဘို့အကြောင်း၊ သိပ်မကြာခင် အဖေ ပြန်လာမယ် ဆိုတဲ့အကြောင်း ပြုံးပြုံးရွှင်ရွှင်နဲ့ မှာတတ်ပါတယ်။

 

ချုပ်ရရင် အဖေဟာ ကျွန်တော်တို့မိသားစုအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်သလို တိုင်းပြည်အတွက်လည်း နိုင်ငံသားကောင်းတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ 

 

အဲဒါကတော့ ကျွန်တော်သိသလောက် ကျွန်တော့် အဖေအကြောင်းပါပဲခင်ဗျာ။

 

+++++++++++++++++

 

ကျေးဇူးတင်ပါတယ်။

 

အေးငြိမ်း

၃ မေလ၊ ၂၀၂၂