ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Monday, February 28, 2022
Wednesday, February 23, 2022
လေယာဉ်ပျံဖြင့် ခရီးသွားခြင်း
GCEO: 2004, Section A
1 (d)
ကျမ လေယာဉ်ပျံကို ပထမဆုံး စ စီးဖူးတာ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပါ။ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်လည်း ကျမ လေယာဉ်စီးရမှာကိုတွေးပြီး စိတ်တွေ အလွန်လှုပ်ရှားနေခဲ့ပါတယ်။ ခရီးမထွက်ခင် တစ်ညကဆို အိပ်လို့တောင် မပျော်ခဲ့ပါဘူး။
၂ နာရီလောက်စောပြီး လေဆိပ်ကို ကျမတို့ အငှားကားနဲ့ လာခဲ့ကြပါတယ်။
စင်ကာပူက ချန်ဂီလေဆိပ်ကြီးဟာ အင်မတန်မှ ကြီးကျယ်ခမ်းနားပြီး အလွန်လှပါတယ်။
ကျမဟာ လေဆိပ်ကြီးထဲက အလှအပတွေကို ငေးမောရင်း အံ့ဩလို့မဆုံး ဖြစ်နေခဲ့ပါတယ်။
လေဆိပ်ထဲဝင်လာတော့ ကျမက မေမေ့လက်ကို ဆွဲထားပြီး ဖေဖေကတော့ ခရီးဆောင်အိတ်တွေကို လက်တွန်းလှည်းနဲ့ သယ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ခရီးဆောင်အိတ်တွေကို Check-in ကောင်တာမှာ ချိန်တွယ်အပ်နှံခဲ့ပြီး အချိန်ရသေး တာနဲ့ ကျမတို့မိသားစု အဆာပြေ မုံ့စားပြီး ကော်ဖီသောက်ကြပါတယ်။
သိပ်မကြာခင်မှာပဲ ကျမတို့ လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ပြီး လေဆိပ်ထဲကို ဝင်ခဲ့ပါတယ်။
လေယာဉ်ပေါ်မတက်မီ စောင့်တဲ့အခန်းထဲမှာ ကျမတို့ နာရီဝက်နီးပါးလောက် စောင့်ခဲ့ရပါသေးတယ်။
ကျမကတော့ လေယာဉ်စီးဘို့ကို အလွန်စိတ်အားထက်သန် နေခဲ့မိပါတယ်။
လေယာဉ်ပေါ်တက်ဘို့ စခေါ်သံ ကြားလိုက်ရတဲ့အခါ ကျမရင်ထဲ ဒိန်းကနဲ ဖြစ်သွားပါတယ်။
နောက်တော့ မေမေ့လက်ကိုတွဲပြီး ကျမ မဝံ့မရဲနဲ့ လေယာဉ်ပေါ် တက်ခဲ့ပါတယ်။
လေယာဉ်ရဲ့အဝမှာ လေယာဉ်မောင်/မယ်လေးတွေက မင်္ဂလာပါလို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုနှုတ်ခွန်းဆက်ကြပါတယ်။ လေယာဉ်မယ်တစ်ယောက်ကတော့ ကျမတို့ကို နောက်ဘက် ဆက်လျှောက်သွားဘို့ ညွှန်ပါတယ်။
လေယာဉ်ပေါ်မှာတော့ ခရီးသည်တွေဟာ လေယာဉ်နဲ့ အပြည့်ပါဘဲ။
ခရီးသည်တွေဟာ သူတို့နေရာမှာမထိုင်ခင် အိတ်တွေကို ခေါင်းပေါ်က အိတ်ထားတဲ့စင်ထဲ ထိုးသိပ်ထည့်ကြပါတယ်။
ကျမ နေရာမှာ နေရာတကျထိုင်မိလို့ ပြတင်းအပြင်ဘက်ကို ကြည့်လိုက်တော့ လေယာဉ်ကြီးရဲ့ ညာဘက်တောင်ပံကို တွေ့ရပါတယ်။ လေယာဉ်ကြီးက လှလိုက်တာ။
သိပ်မကြာခင်မှာဘဲ လေယာဉ်ကြီး ဘီးစလိမ့်ပါတော့တယ်။ လေယာဉ်မယ်လေးတွေက ထိုင်ခုံခါးပတ်တွေ ပတ်ထားမထား လိုက်စစ်လို့ပေါ့။
များမကြာမီမှာဘဲ လေယာဉ်ကြီးဟာ တုံ့ကနဲရပ်သွားပြီး အလွန်ကျယ်လောင်တဲ့ လေယာဉ်စက်သံကြီးကို ကြားရပါတော့ တယ်။ လေယာဉ်ကြီး စတင်ပျံသန်းဘို့ အရှိန်ယူနေပါပြီ။ ကျမရင်တွေ တဒုံးဒုံးနဲ့ ခုန်လာပါတယ်။
နောက်တော့ လေယာဉ်ကြီးဆွဲတဲ့အားကို သိသိသာသာခံစားလာရပါတယ်။ ကျမလည်း မျက်စိကိုစုံမှိတ်ပြီး လက်တစ်ဖက်က မေမေ့လက်ကို နောက်တစ်ဖက်က လက်တန်းကို တင်းကြပ်နေအောင် ကိုင်ထားမိပါတယ်။
ကျမ ကြောက်ကြောက်လန့်လန့်နဲ့ သမ္ဗုဒ္ဓေဂါထာကို ရွတ်ပေမဲ့ သမ္ဗုဒ္ဓေတစ်လုံးကလွဲပြီး ကျန်တာတွေ ဘာမှ မမှတ်မိတော့ ပါဘူး။
မိနစ်ပိုင်းအတွင်းမှာဘဲ လေယာဉ်ကြီးဟာ ငြိမ့်ခနဲဖြစ်သွားပြီး လေထဲကို အရှိန်နဲ့ ထိုးတက်လိုက်ပါတယ်။ များမကြာမီမှာပဲ ကျမတို့လိုက်ပါလာတဲ့ လေယာဉ်ကြီးဟာ လေထဲမှာ ဝဲပျံလို့ နေပါပြီ။ ကျမလည်း ဝမ်းသာအားရ မျက်လုံးကို ဖွင့်ကြည့်လိုက် တော့ လေထဲမှာ တိမ်ဖြူဖြူတွေကို အဆုပ်လိုက် အဆုပ်လိုက် ဝါဂွမ်းဆိုင်ကြီးတွေ ခင်းထားသလို တွေ့ရပါတော့တယ်။
လေယာဉ်ငြိမ်သွားတော့ လေယာဉ်မောင်/မယ်လေးတွေက အစားအသောက်နဲ့ စတင် တည်ခင်းဧည့်ခံပါတော့တယ်။
သူတို့က ကြက်ဆီထမင်းနဲ့ ငါးခေါက်ဆွဲရမယ်။ ဘာစားမလဲဆိုတော့ ကျမ ကြက်ဆီထမင်းကို ရွေးလိုက်ပါတယ်။ ကြက်ဆီ ထမင်းနဲ့အတူ ဖရဲသီးစိတ်ကလေးတွေ ထည့်ထားတဲ့ ကော်ဗူးလေးပါ ပေးပါတယ်။ မဆိုးပါဘူး။ ကြက်ဆီထမင်းက စားလို့ အတော်ကောင်းပါတယ်။
စားသောက်ပြီး မေမေနဲ့ ဖေဖေက ကော်ဖီသောက်နေတဲ့အချိန်မှာ ကျမကတော့ လိမ္မော်ရည်တစ်ခွက် မှာသောက်လိုက် ပါတယ်။
စားသောက်ပြီး ဘာမှလည်း လုပ်စရာမရှိတာနဲ့ ကျမ တစ်လမ်းလုံး အိပ်လိုက်လာခဲ့ပါတယ်။
လေယာဉ်ဆင်းခါနီးတော့ မေမေက ကျမကို နှိုးပါတယ်။ လေယာဉ်ကြီး လေထဲကနေ ဝဲပြီးဆင်းလာတော့ ကျမ အတော်လေး ကြောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိပါတယ်။ လေယာဉ်ဘီးနဲ့ မြေကြီး ဒုန်းကနဲရိုက်လိုက်တော့ ကျမ အတော်လေး လန့်သွားပါသေးတယ်။
များမကြာခင်မှာဘဲ လေယာဉ်ကြီးဟာ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကို ချောချောမောမော ဆိုက်ကပ်လိုက်ပါတော့တယ်။
အဲဒါကတော့ ကျမဘဝမှာ ပထမဦးဆုံးသော လေယာဉ်စီးဖူးခြင်း အမှတ်တရ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် လေယာဉ်စီးရတာ ကျမပျော်ပါတယ်။
နောက်တစ်ခေါက် လေယာဉ်စီးဖို့ကိုလည်း ရင်တခုန်ခုန်နဲ့ စောင့်နေဦးမှာပါ။
အေးငြိမ်း
၂၂-၀၂-၂၀၂၂
Friday, February 18, 2022
မင်္ဂလာ နှင့် အမင်္ဂလာတို့အကြောင်း
အမှန်ဆို လေယာဉ်ပျက်ကျ၍ လူသေရသည့် သတင်းမှာ (ပုံမှန်ကိစ္စများအတွက်) အမင်္ဂလာသတင်း ဖြစ်၏။
သို့သော် အခုတော့ ထိုသတင်းကို ကြားရသည့် ကျွန်ုပ်တို့ (ပုံမှန်) မြန်မာပြည်သူအပေါင်းမှာ သိန်း ၅ သောင်းထီ ပေါက်သည့်အလား အလွန် ဝမ်းသာ အူမြူးကြလေကုန်၏။
တကယ်ဆို မင်္ဂလာဆောင်ပြီးတာ တစ်နှစ်မျှသာ ရှိသေးသူက ချစ်ဇနီးလေးနှင့် အပြီးပိုင် ခွဲခွာသွားရတာ အမင်္ဂလာ သတင်း ဖြစ်သင့်၏။ ယခုတော့ ၎င်းတို့မှာ အဟိ၊ တခါတော့ဖြင့် မဲဖောက်ခံရတော့မယ်။ ဘလန်းနယူးလေး စသဖြင့် လှောင်ပြောင် ပျက်ရယ်ပြုခြင်းကိုသာ ခံကြရကုန်၏။
ဤသည်ကိုကြည့်ခြင်းဖြင့် မင်္ဂလာရှိခြင်း၊ အမင်္ဂလာရှိခြင်း ဆိုသည်မှာ အမြဲတစေမရှိ။ အခြေအနေကိုလိုက်၍ ပြောင်းလဲ တတ်သည်ဆိုသည်ကို ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီ။
မြသွဲ့သွဲ့ခိုင်ကလေး သေတုန်းက ကျွန်ုပ်တို့ပြည်သူတစ်ရပ်လုံး ပူဆွေးခဲ့ကြရ၏။ ကျွန်တော်လည်း မျက်ရည်ကျခဲ့ရ၏။
မြသွဲ့သွဲ့ခိုင် မည်သူဖြစ်သည်။ မည်သည့်အရပ်တွင်နေသည် ဆိုသည်ကို ကျွန်ုပ်တို့ မသိပါဘဲလျက် အဘယ်ကြောင့် ပူဆွေးသောက ရောက်ကြရဘိသနည်း။ မျက်ရည်ကျရဘိသနည်း။
မြသွဲ့သွဲ့ခိုင်ခေါင်းကို သေနတ်နှင့်ပစ်လိုက်ခြင်းသည် ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်၏။ ကျွန်ုပ်တို့ပြည်သူများခေါင်းကို သေနတ်နှင့် အပစ်ခံရခြင်းလည်း မည်၏။
သို့သော် ဤဖြစ်ရပ်အတွက် ၎င်းတို့မှာ ‘တွေ့လား၊ ငါဘယ်လောက်လက်တည့်တယ်ဆိုတာ’ စသဖြင့် ဂုဏ်ယူမော်ကြွား ပျော်ပါးနေလေ၏။ လှိုင်သာယာကိုလည်း မနေ့တနေ့ကမှ ရဲဖြစ်လာသူ မနူးမနပ်ကလေးများက သူတို့လက်တည့်စမ်းစရာ စက်ကွင်းတစ်ခုအဖြစ် သတ်မှတ်ကာ လူများကို သေနတ်ပစ်ကွင်းက စက်ကွင်းများအဖြစ် ထင်မှတ်လျက် လက်တည့် စမ်းကြကုန်၏။ နောက်ပြီး တစ်တော့တွင်တင်ကာ တဟားဟားနှင့် ပျော်ရွှင်ရယ်မောလျက် ရှိကြကုန်၏။ ရှိစေ။ နင်တို့ တူဖြစ်တုန်း နှံထားကြ။
ကျွန်ုပ်တို့ပြည်သူများ သေကြေပျက်စီးကြသည်ကို အသင်တို့သည် မင်္ဂလာ ယူကုန်ကြ၏။
ထန်တလန်မှသွေးစက်များသည် ယခုထက်တိုင် မခြောက်သေး။
အသင်တို့သည် ကိုယ့်တိုင်းသူပြည်သားများကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်နှိပ်ကွပ်ခဲ့ကြ၏။
သည်ကနေ့ဖမ်းသွားပြီး မနက်ဖြန် အလောင်းပြန်ပို့၏။
အပြစ်မဲ့ ကျေးရွာများအပေါ် လေကြောင်းမှ ဗုံးကြဲ၏။
ဤသည်တို့ကို ကျွန်ုပ်တို့သည် ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်။
အခု နင်တို့အလှည့်ရောက်ပြီ။
သည့်အတွက် အသင်တို့ သေကြေပျက်စီးသည်ကို တွေ့ရသောအခါ၌လည်း ကျွန်ုပ်တို့သည် ဝမ်းသာအူမြူးကြကုန်၏။
လူ ၂ လောက်သေလျှင် ၁၀ ယောက်လောက် မသေရကောင်းလားဟု မချင့်မရဲ ဖြစ်ကုန်ကြ၏။
လူ ၂၀ လောက်သေလျှင် ၄၀ လောက် သေစေချင်ကြ၏။
အဘယ့်ကြောင့်နည်း။
ဟိုအကောင် လေယာဉ်ဖြင့် ပျံလာခြင်းသည် မည်သည့်နည်းနှင့်မှ တိုင်းသူပြည်သားတို့၏ အကျိုးစီးပွားအတွက် ပျံသန်းလာခြင်း မဖြစ်နိုင်။
ဖြစ်ချင်းဖြစ်လျှင် တိုင်းသူပြည်သားများကို ဒုက္ခပေးဘို့ရာသာ ဖြစ်၏။
ကိုယ့်အတွက် ဒုက္ခသုက္ခများ သယ်လာသူ သေသည်ကို ကျွန်ုပ်တို့က ဝမ်းနည်းပူဆွေးပြရမည်လော။
ဝေးစွ ၆ ပါး။
အနှီ သူရဲမကောင်းလေး၏ မင်္ဂလာဆောင်ဓာတ်ပုံအောက်တွင် ရေးထားသည့် ကွန်မင့်များကို ဖတ်ကြည့်ကြပါ။
ဤကွန်မင့်များဖြင့် ကျွန်ုပ်တို့၏ စိတ်ခံစားချက်ကို ခန့်မှန်းနိုင်၏။
ဒါတောင် တချို့က ‘သူများသေတာကို ဝမ်းသာနေတယ်။ နင်တို့ဖြစ်ရင်ကော’ စသဖြင့် ရေးတာတွေ့ရသေး၏။ ထိုကွန်မင့်ကို ပြန်ရေးထားသူများလည်း မနည်းလှ။
အနှီကွန်မင့်ကို ရေးသူမှာ မအလ၏ဘောကို အနည်းဆုံး တစ်ညလျှင် ၃ ခါ လျက်နေသူ ဖြစ်ရမည်။
ကျွန်ုပ်တို့ ပူဆွေးသောကရောက်စဉ်က အသင်တို့ မင်္ဂလာ ယူခဲ့ကြ၏။
အခု အသင်တို့ ပူဆွေးသောကရောက်နေသည်ကို ကျွန်ုပ်တို့က ပြုံးပြုံးကြီး အရသာခံ ရှုစားပါမည်။
အသင်တို့၏ အမင်္ဂလာသည် ကျွန်ုပ်တို့အတွက်တော့ အင်မတန် သာတောင့်သာယာရှိလှသော မင်္ဂလာကြီး ဖြစ်ပါပေ၏။
အသင်တို့အတွက် အမင်္ဂလာများ (ကျွန်ုပ်တို့အတွက် မင်္ဂလာများ) ဆက်တိုက်လာတော့မည်။
မဲလိပ်များ ယခုကတည်းက ကြိုတင်လိပ်ထားကြရန် ကျွန်ုပ်က အကြံပေးလိုက်ပါ၏။
ခွေးဒဒေါင်းဇားများ အင်းထဲသွား
နားကားကြပါစေ
အေးငြိမ်း
၁၈ ဖေဖော်ဝါရီလ၊ ၂၀၂၂
Wednesday, February 16, 2022
ကျွန်ုပ် ဝမ်းနည်းမိရခြင်း အကြောင်း
ကျွန်ုပ်သည် အလွန်ဝမ်းနည်းမိလေ၏။
အကြောင်းကား လေယာဉ်ပျက်ကျသည့်သတင်းကို ဖေ့စ်ဘုတ်တွင် ဖတ်ရသည့်အတွက်ကြောင့်ဖြစ်၏။
(ဟိုးထားဆြာ - ခညားတို့ကလည်း ဆဲမယ်ဆိုတာချည်းပဲ။)
လေယာဉ်ပျက်ကျပြီး လေယာဉ်မောင်းသည့် ခွေးမသားလေးတစ်ကောင် မသာပေါ်ခြင်းအတွက် ပထမသော် ကျွန်ုပ် အလွန်စိတ်ပျက်မိသွား၏။ ထို့နောက်တော့ တွေးရင်းတွေးရင်း အလွန်ဝမ်းနည်းလာမိလေ၏။
စိတ်ပျက်ရခြင်းအကြောင်းမှာ လေယာဉ်ပေါ်တွင် တစ်ယောက်တည်း ပါသွား၍ ဖြစ်၏။ ကျွန်ုပ်အလိုအရမူ အနည်းဆုံး နှစ်ကောင်လောက်တော့ မသာပေါ်စေချင်မိလေ၏။
ဒါတောင် ထိုအကောင်က သူမသာပေါ်မှာ ကြိုသိနေနှင့်၏။
အဘယ်ကြောင့်ဆိုသော် သူ လေယာဉ်မတက်မီ သတင်းစာရှင်းလင်းပွဲ လုပ်သွားသေး၏။
သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို မှာခဲ့၏။
“အခုအခေါက် ကျုပ် လေယာဉ်တက်ပါမယ်။ လေယာဉ်က ပျက်ကျဘို့များပါတယ်။ ပျက်ကျရင် ကျုပ်က အများပြည်သူ အသက်အိုးအိမ် စည်းစိမ်တွေ မထိခိုက်ရအောင် အင်းထဲကို ထိုးဆင်းမှာဖြစ်ပါတယ်။ အင်းထဲကျမှ သေမှာပါ”
ကျွန်ုပ် ဝမ်းနည်းမိရခြင်းအကြောင်းကား လေယာဉ်ပေါ်တွင် လောကအတွက်လည်း အကျိုးမပြု၊ တိုင်းပြည်အတွက်လည်း အကျိုးမပြု။ မည်သည့်နည်းနှင့်တွက်တွက်၊ လောကတွင် မရှိထိုက်၊ မရှိအပ်သော ခွေးအိုကြီး တစ်ကောင် ပါမသွား၍ ဖြစ်၏။ အကယ်၍သာ ထိုလေယာဉ်ပေါ်တွင် အနှီခွေးအိုကြီးပါသွားပါမူ အသင်တို့သည် ကျွန်ုပ် ဘလိတ်ဒန့်ဆွဲကာ ကနေသည်ကို ယနေ့ည ရှုစားကြရမည်ဖြစ်၏။ ယခုတော့ ကျွန်ုပ်မှန်းချက်နှင့် နှမ်းထွက်လွဲသွား၍ အလွန်ဝမ်းနည်းရခြင်းဖြစ်၏။
ထိုခွေးအိုကြီးမှာ အတော် အသုံးမကျသော ခွေးအိုကြီးဖြစ်ကြောင်း ခုလောက်ဆို အသင်တို့ ရိပ်မိလောက်ပါပြီ။
လေယာဉ်ပျက်ကျခြင်းနှင့် ဆက်စပ်၍ အင်းကွက်ကြီးတစ်ခုကို ရေဖြန်းနေသည့် ဓာတ်ပုံပါ ပူးတွဲပါလာ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် အဆိုပါပုဂ္ဂိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် စီးသည့် ဒေါက်ဖိနပ် တစ်ဖက်လောက်တောင် တန်ဘိုးမရှိမှန်း ခန့်မှန်းနိုင်ပါ၏။
အင်းအိုင်ခလှဲ့လက်ဖွဲ့လောက်သာ နားလည်သည့် သောက်ရူးတစ်ယောက်က ကျွန်ုပ်တို့တိုင်းပြည်ကို အုပ်ချုပ်မည်ဆိုသည်မှာ မည်သည့်နည်းနှင့်မှ လက်ခံလို့မရသော ကိစ္စ ဖြစ်၏။ ယခင်ကလည်း ၎င်းကဲ့သို့ သောက်သုံးမကျသူများက အစိုးရအဖွဲ့ ရာထူးများကို ရယူပြီး တိုင်းပြည်ကို ထင်သလို ချယ်လှယ်ခဲ့ကြသဖြင့် တိုင်းပြည်ကြီး ငါးပါးမှောက်နေရလေပြီ။
ထို့ကြောင့် ကျွန်ုပ်တို့သည် အနှီ ခွားသဒေါင်းဇေးများကို အပြုတ်နှံကြရမည်။
မည်သည့်နည်းနှင့်မှ လက်လျှော့လို့မဖြစ်။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၁၆ ဖေဖော်ဝါရီ၊ ၂၀၂၂
Saturday, February 12, 2022
ကျွန်ုပ်နှင့် မုန့်ဆန်း အကြောင်း
(၁) အိုးစည်သံ
“ညဦးလရောင်အောက်တွင် ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည် အိုးစည်သံ နှင့် သမီးမောင်နှံပမာ ဘုရားသွားကျောင်းတက် အတူ ထွက်ပေါ်လာလေ၏။”
ဒသမတန်း ပင်ရင်းမြန်မာစာတွင် ဆရာကြီး မင်းသုဝဏ်၏ ချစ်စရာကောင်းသော ‘အိုးစည်သံ’ ရသစာတမ်းကလေးကို ထည့်သွင်းပြဋ္ဌာန်းထား၏။
ထို ရသစာတမ်းကလေးတွင် အထက်ပါ စာပိုဒ်သည် ပါ၏။
အသင်တို့သည် မုန့်ဆန်းအကြောင်း ကောင်းကောင်းသိမှသာလျှင် ‘ညဦးလရောင်အောက်တွင် ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည် အိုးစည်သံ နှင့် သမီးမောင်နှံပမာ ဘုရားသွား ကျောင်းတက်အတူ ထွက်ပေါ်လာလေ၏။’ ဟူသော စာပိုဒ်ကိုနားလည်နိုင်မည် ဖြစ်၏။
‘ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည်’ ဆိုသည်မှာ ဘာကို ဆိုလိုတာပါနည်း။ ကျွန်ုပ် မေးကြည့်၏။
ပထမဆင့် -
‘မုန့်ဆန်းကို သိသလား။’
အချို့လည်းသိ၏။ အချို့က ကြားတောင် မကြားစဖူး။
မုန့်ဆန်းကိုသိသည် ဆိုသူများအား ကျွန်ုပ် ဆက်မေး၏။
‘မုန့်ဆန်းကို စားဖူးသလား။ မုန့်ဆန်းဆိုတာ ဘယ်လိုဟာမျိုးလဲ။’
ထိုအခါ ‘မုန့်ဆန်းဆိုသည်မှာ ကောက်ညှင်းဆန်ကို ပြားထားပြီး စားလိုသည့်အခါ ရေနွေးဖျောလျက် သကြားထည့်ကာ စား၏’ ဟု ဖြေကြ၏။
‘အင်း၊ မှန်တော့မှန်တယ်။ မဟုတ်သေးဘူး’ ဆိုကာ ကျွန်ုပ် နောက်မေးခွန်းတစ်ခု ဆက်မေး၏။
‘ဒါဆို မုန့်ဆန်းကို ဘယ်လိုလုပ်ထားတာလဲ’
ထိုအခါ ‘မုန့်ဆန်းဆိုသည်မှာ ကောက်ညှင်းဆန်ကို ထုထောင်းကာ ပြားထားခြင်းဖြစ်သည်’ ဆို၏။
ငမ် -
ကောက်ညှင်းဆန်ကိုသာ ထောင်းလိုက်လျှင် မုန့်ဆန်းတော့ရမှာမဟုတ်။ ကောက်ညှင်းဆန်မှုန့်များကိုသာ ရပေလိမ့်မည်။
သည်တော့မှ ကျွန်ုပ်က သူတို့ကို မုန့်ဆန်းအကြောင်း ရှင်းပြရလေ၏။
အသင်တို့ကား တောသားမဖြစ်ဖူးသည်မှာ တဖူနာလေစွ။
တောသားမဟုတ်သူ အသင်တို့သည် မုန့်ဆန်းဆိုသည်ကို သိမည်မဟုတ်သလို မုန့်ဆန်းအစစ်ကိုလည်း စားဖူးကြလိမ့်မည်မဟုတ်ချေ။
(၂) ကျွန်ုပ်နှင့် adequate instruction အကြောင်း
ကျွန်ုပ် ၁၂ နှစ်သား အရွယ်က ဖြစ်၏။ (အဘယ်ကြောင့် ၁၂ နှစ်သားအရွယ်ဟု ပြောနိုင်သနည်းဟူမူ ကျွန်ုပ်မိခင်သည် ကျွန်ုပ် အသက် ၁၃ နှစ်သားတွင် ကွယ်လွန်ခဲ့၏။ ယခုအဖြစ်အပျက်မှာ ကျွန်ုပ်မိခင် မကွယ်လွန်မီက ဖြစ်သဖြင့် ၁၂ နှစ် သားဟု ခန့်မှန်းရခြင်း ဖြစ်သတည်း။)
ချမ်းအေးလှသော တစ်ညနေ၌ အစ်မကြီးက (ကျွန်ုပ်တို့က အမေကို အစ်မကြီး ဟု ခေါ်၏။ ဤကား စကားချပ်)
‘လူလေးရေ - မုန့်ဆန်း ထောင်းစားရအောင် လယ်ထဲမှာ စပါးသွားရိတ်ချေဟေ့’
‘ဘယ်နားက လယ်ကွက်ကို ရိတ်ရမှာတုန်း ခည’
‘ဒို့လယ် အဝင်ဝမှာ ဝင်းဝါနေတဲ့ လယ်ကွက်တွေရှိတယ်။ အဲဒီကနေ တစ်လှိုင်းစာလောက် ရိတ်လာခဲ့’
ကျွန်ုပ်လည်း တံစဉ်ကိုင်ကာ လယ်ကွက်ထဲသို့ ထွက်လာခဲ့၏။
အောင်မငီးဗျ။
လယ်ကွက်ထဲရောက်သော် ကွင်းပြင်တစ်ခုလုံးမှာ ဝင်းဝါလျက် ရှိသည်ကို တွေ့ရလေ၏။
ကျွန်ုပ်မိခင်က ဒို့လယ် အဝင်ဝက လယ်ကွက် ဟု လမ်းညွှန်လိုက်သဖြင့် ကျွန်ုပ်လည်း ကွင်းထဲ ဝင်ဝင်ချင်း တွေ့ရသည့် လယ်ကွက်ထဲမှ ကောက်တစ်လှိုင်းစာလောက် ရိတ်လျက် ပြန်လာခဲ့၏။
အိမ်သို့ရောက်သော် ကျွန်ုပ်မှာ ဝိုင်းလှောင်ကြခြင်းကို ခံရလေသတည်း။
‘ဟဲ့၊ နင့်ဟာက ကောက်ကြမ်းစပါးတွေကို၊ ဘယ်နှယ်လုပ် မုန့်ဆန်းထောင်းမတုံး’ ဟု ဆို၏။
၁၂ နှစ်သားအရွယ် ကလေးငယ်တစ်ဦးအနေနှင့် ကောက်ကြမ်းစပါးနှင့် ကောက်ညှင်းစပါး မည်ကဲ့သို့ ကွဲပြားသည်ကို သေသေချာချာ သင်ကြားပြသ မပေးပါဘဲလျက် အော်တိုမက်တစ် သိလိမ့်မည်ဟု ကျွန်ုပ်မယူဆပါချေ။ ထို့ပြင် မုန့်ဆန်း ဆိုသည်မှာ ကောက်ညှင်းစပါးကို ထောင်းရမှန်းလည်း ကျွန်ုပ် မသိသေးဟု ထင်ပါသည်။
ဤသည်မှာ လူတို့၏ မကောင်းသော အမူအကျင့်ဖြစ်၏။
အသင်တို့သည် တစ်ဦးဦးကို တစ်စုံတစ်ခုခိုင်းတော့မည် ဆိုပါစို့။
ညွှန်ကြားချက် အတိအကျနှင့် အပြည့်အစုံပေးရမည်။
အသင်တို့က ညွှန်ကြားချက် သေသေချာချာ မပေးပါဘဲနှင့် အခိုင်းခံရသူက သောက်တလွဲလုပ်လာပါမူ အသင်တို့သည် သူ့ကို အပြစ်မတင်သင့်။ ကိုယ့်ပါးကိုယ်သာ ပြန်ချသင့်လေ၏။
အကယ်ဆို -
‘လူလေးရေ - ဒို့ မုန့်ဆန်းထောင်းစားရအောင် စပါးတစ်လှိုင်းလောက် သွားရိတ်ချေဟေ့။ ဒို့လယ်ထဲကို ဝင်သွားရင် ပေါက်ပင်ကြီး တွေ့လိမ့်မယ်။ အဲဒီ ပေါက်ပင်ကြီးဟိုဘက် လယ်နှစ်ကွက်ကျော်မှာ အညိုရောင်သန်းပြီး ဝါဝင်းနေတဲ့ စပါးခင်း တွေ့လိမ့်မယ်။ နောက်ပြီး အဲဒီစပါးတွေက တခြားစပါးတွေနဲ့မတူဘဲ မွှေးနေတယ်။ အဲဒီလယ်ကွက်ထဲက ကောက်ညှင်းစပါး တစ်လှိုင်းစာလောက်ရိတ်ခဲ့။’ - ဟု သေသေချာချာ ညွှန်ကြားပြသပေးရမှာ ဖြစ်၏။
ထိုညက ကျွန်ုပ်တို့ မုန့်ဆန်းမစားလိုက်ရလေ။
(၃) မုန့်ဆန်း
မုန့်ဆန်းကို ကောက်ညှင်းစပါးမှ လုပ်၏။
ကောက်ညှင်းစပါးဆိုသည့်တိုင် ထိုစပါးသည် ကာလသား ကောက်ညှင်းစပါးမျှ ရှိသေး၏။ လူကြီးကောက်ညှင်းစပါး မဖြစ်သေး။ ဤသည်ကိုလည်း အသင်တို့ သိမည်မဟုတ်။ ကျွန်ုပ် ရှင်းပြပါအံ့။
စပါးစဖြစ်လာတော့ စပါးခွံထဲမှာ နို့ရည်စတည်၏။ ထို့နောက် ထိုစပါးနို့ရည်သည် တဖြည်းဖြည်းနှင့်ခဲလာ၏။ စပါးနှံများ ဝင်းဝါပြီး ရင့်မှည့်လာသည့်အခါကျမှ ဆန်ဘဝရောက်တာ ဖြစ်၏။
မုန့်ဆန်းဆိုသည်မှာ ဆန်ကို ထောင်းရတာမဟုတ်။ ဆန်ကိုထောင်းလျှင် အကုန်ကျေကုန်လိမ့်မည်။
မုန့်ဆန်းထောင်းမည့် ကောက်ညှင်းစပါးသည် နို့ရည်ခဲပြီး ဆန်အဖြစ်မရောက်မီ ဆန် ခပ်ပျော့ပျော့အနေအထားတွင် ရှိရ၏။ ဆန်လုံးလုံးဖြစ်သွားသည့် ကောက်ညှင်းစပါးကို ‘လူကြီးကောက်ညှင်းစပါး’ ဟု ခေါ်လိုက်ပြီး ဆန်မဖြစ်သေးမီ ခပ်ပျော့ပျော့ဆန်အခြေအနေသာ ရှိသေးသည့် ကောက်ညှင်းစပါးကိုမူ ‘ကာလသား ကောက်ညှင်းစပါး’ ဟု ကျွန်ုပ်က တင်စားလိုက်ခြင်းဖြစ်ပါ၏
စပါးကို မောင်းညိုချိန်တွင် ရိတ်သိမ်းရ၏။ ထို့ကြောင့် မုန့်ဆန်းထောင်းမည့်စပါးမှာ မောင်းမညိုခင် အနေအထား ဖြစ်ပါ လိမ့်မည်။ ကျွန်တော် အတိအကျမသိပါ။ စိုက်ပျိုးရေးသမားများတော့ သိချင် သိပါလိမ့်မည်။ ရွာမှလူများ သွားမေးလျှင်လည်း မရေမရာသာ ဖြေကြလိမ့်မည် ထင်ပါသည်။
(အမှန်တကယ်ဆိုလျှင် မည်သည့်စပါးသည် စစိုက်သည့်အချိန်မှ ဘယ်နှစ်ရက်သား ရလျှင် နို့ရည်စတည်သည်။ ဘယ်နှစ်ရက်သားတွင် နို့ရည် စခဲသည်။ ဘယ်နှစ်ရက်သားတွင် ဆန်ဖြစ်ပြီ။ ဘယ်နှစ်ရက်သားဆိုလျှင်တော့ ရိတ်လို့ရပြီ ဆိုသည်ကို အတိအကျ လေ့လာ သုတေသန ပြုသင့်သည် ထင်ပါ၏။ ကျွန်ုပ်တို့ဆီတွင်မတော့ ဤကဲ့သို့ လေ့လာ သုတေသန ပြုထားသည်များ ရှိမရှိ မပြောတတ်ပါ။ ဤကား စကားချပ်)
ဦးစွာ ကာလသား ကောက်ညှင်းစပါးများကို ရိတ်လာပြီးသကာလ ဖျာခင်းပြီး ဖျာပေါ်တွင် သစ်သားတုံးချကာ ထိုသစ်သားတုံးတွင် ကောက်လှိုင်းကို ရိုက်လျက် စပါးစေ့များကို ချွေချရ၏။ ထို့နောက် ထိုစပါးများကို လှော်လိုက်လျှင် အလွန်သင်းပျံ့သော ရနံ့ရှိသည့် စပါးလှော်များရ၏။
ထိုလှော်ထားသည့်စပါးများကို သစ်သားဆုံကြီးတွင် ထည့်လျက် ထိပ်နှစ်ဘက်တွင် ခြေသလုံးလောက်တုတ်ပြီး အလယ် လက်ကိုင်မည့်နေရာတွင် လက်ကောက်ဝတ်ခန့်ရှိသည့် သစ်သားကျည်ပွေ့ကြီးနှင့် ယောက်ျားကြီးများက အသားကုန် ထောင်းရတာ ဖြစ်၏။ မုန့်ဆန်းထောင်းရတာ သိပ်တော့ မသက်သာလှပါချေ။ ချမ်းအေးနေသည့် ရာသီတွင်ပင် ချွေးများ စို့လာသည်ထိ ထောင်းရတာ ဖြစ်၏။
မုန့်ဆန်းကို အဲသလို လုပ်ရတယ်ဆိုတာ အသင်တို့သိမှသာလျင် ဆရာကြီးမင်းသုဝဏ်၏ -
‘ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည်’ ဆိုသည့်စကားကို နားလည်နိုင်ပေလိမ့်မည်။
မုန့်ဆန်းထောင်းသည့်အခါ သစ်သားဆုံထဲကို သစ်သားကျည်ပွေ့ကြီးဖြင့် ထောင်းရသည့်အတွက် ထုံကနဲ ထုံကနဲ အသံမြည်ကာ မြေကြီးပင် တုန်ခါသွား၏။ မုန့်ဆန်းထောင်းသည့်အသံကို ခပ်ဝေးဝေးကပင် ကြားနိုင်၏။ ထို့ကြောင့်သာလျှင် ဆရာကြီးက ‘ရွာကလေးကို ထုပ်ချင်းခတ် မြည်ဟိန်းသွားသော မုန့်ဆန်းထောင်း လက်ဆုံသည်’ ဟု တင်စားရေးဖွဲ့ထားခြင်း ဖြစ်သတည်း။
အဲသလို အသားကုန် ထောင်းလိုက်သည့်အခါ စပါးခွံထဲ၌ရှိနေသည့် ကာလသားကောက်ညှင်းဆန်များသည် အခွံမှကျွတ်ကာ ပြားသွားလေ၏။ ထို့နောက်တော့ ထိုထောင်းပြီးသားစပါးခွံရောနေသည့် မုန့်ဆန်းကို ဆုံမှ ထုတ်ကာ စပါးခွံများကို ပြာတီးထုတ်ရ၏။
ထိုခါတွင်မူ အလွန် သင်းပျံ့မွှေးကြိုင်သော မုန့်ဆန်းကို ရပါပြီ။
ကာလကြာမြင့်စွာကတည်းက မုန့်ပုံးများထဲတွင် သိုလှောင်ထားခဲ့သည့် ကျောက်ခဲတမျှမာကြောနေသော ကောက်ညှင်း ဆန်ပြားများကို ရေနွေးဖျောကာ သကြားထည့်လျက် မုန့်ဆန်းဟုအမည်တပ်ကာ စားနေကြရသည့် အသင်တို့ကို ကျွန်ုပ် လွန်စွာမှ သနားလှပါဘိတော့၏။ ထိုဆန်ပြားများကို ရေနွေးဖျောကာ သကြားထည့်ထားသည့်အရာသည် မုန့်ဆန်းတော့ ဖြစ်မည်မဟုတ်။ သကြားဆန်ပြားသာ ဖြစ်ချိမ့်မည်။ ထိုအရာ၌ မုန့်ဆန်းအရသာ ဘယ်လိုမှ ရနိုင်စရာ အကြောင်းမရှိ။ သကြားနှင့် အုန်းသီးအရသာကိုသာ ခံစားနိုင်ကြပေလိမ့်မည်။
အခုမှ ဆုံကထုတ်ခါစ မုန့်ဆန်းမှာမူ ပျော့ပျော့ပျောင်းပျောင်း၊ ထွေးထွေးကလေး ရှိလျက် ဘာသကြားမှ ထည့်စရာမလို။ သည်အတိုင်းစားရတာ အလွန်အရသာရှိလှပါပေတောင်း။
ယခုတော့ ကျွန်ုပ်လည်း ရွာမှဝေးကာ မုန့်ဆန်းအစစ်ကို မစားရတာ ကြာပါပြီ။
ရွာမှလူများလည်း ကျွန်ုပ်တို့ ငယ်စဉ်ကကဲ့သို့ မုန့်ဆန်းထောင်း စားကြသေးသလား။ မစားကြတော့ဘူးလားဆိုတာ ကျွန်ုပ် မသိပါ။ ရွာက ကလေးများတောင် မုန့်ဆန်းကို မသိကြတော့ ဆိုလျှင်ဖြင့် ကျွန်ုပ် အလွန်ဝမ်းနည်းမိမည် ဖြစ်ပါသည်။
လယ်ကိုအခြေခံထားသော ကျွန်ုပ်တို့သည် မုန့်ဆန်းနှင့် မကင်းကွာစကောင်း။
မုန့်ဆန်းစစ်စစ်၏ အရသာကလေးကို တစ်ခါတလေတော့ဖြင့် ခံစားကြည့်ချင်ပါသေးသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၂ ဖေဖော်ဝါရီလ၊ ၂၀၂၂