(၁)
ကျွန်တော်နှင့် အလွန်အင်မတန် ရင်းနှီးသော ညီအစ်ကိုလို ချစ်ခင်ရသူတစ်ယောက် ယခုအခါ ရောဂါတစ်ခု အသည်းအသန် ခံစားနေရ၏။ ကျွန်တော် စိတ်မကောင်းပါ။
သူ့ရောဂါကို ကျွန်တော် မည်ကဲ့သို့ အမည်တပ်ရမှန်း မသိပါ။
ကိုနွယ်ဝင်းက ရုပ်ပုံဖြင့် ရှင်းပြသောကြောင့်သာ အစာအိမ်အဝင်ဝ၌ ကင်ဆာဖြစ်တာဟု သိရလေ၏။
သူနှင့်ကျွန်တော် နှစ်အတော်ကြာကြာလက်တွဲပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြ၏။ စိတ်မထင်လျှင် မထင်သလို ပိတ်ပြောပစ်တတ်သည့် အလွန်အင်မတန် စိတ်တိုသော ကျွန်တော်လို လူ့ဂွစာနှင့် တည့်အောင်ပေါင်းနိုင်သည့် အတွက် လည်း အံ့ဩချီးကျူးရပါ၏။ ဟဲဟဲ ဟဲဟဲနှင့် ကျွန်တော့်အပေါ် သည်းခံခွင့်လွှတ်ကာ ပေါင်းနိုင်တာ နည်းသည့်အစွမ်း မဟုတ်ပါ။
နောက်မှ ကျွန်တော်နှင့် သူ ဘာတွေလုပ်ခဲ့သည် ဆိုသည့်အကြောင်းများကို အသေးစိတ် ရေးပြပါဦးမည်။ ယခုတော့ သူ့၌ ဖြစ်နေသည့် ရောဂါအကြောင်း ပြောမည်ဖြစ်၍ သည်ကိစ္စ ခဏချန်ခဲ့ပါမည်။
(၂)
သူက ကွမ်း အလွန်ကြိုက်၏။ ကွမ်းကို အလွန်အင်မတန် စားတာလည်းဖြစ်၏။
စားသမှ တစ်ယာပြီးတစ်ယာ မပြတ်တမ်းစား၏။
နောက်ပြီးခဏလေးစားတာမဟုတ်။ နှစ်ရှည်လများ စား၏။
ခရီးသွားသည့်အခါများတွင် ခရီးထွက်တော့မည်ဆို ကွမ်းယာထုပ်ကို မဖြစ်မနေ ပြင်ရ၏။
ခရီးတစ်ထောက်နားသည့်အခါတိုင်း သူ ဦးစွာလုပ်သည်မှာ ကွမ်းယာဆိုင်သို့ ပြေးခြင်းဖြစ်၏။
မနက်လည်းစား၏။ နေ့ခင်းလည်းစား၏။ ညလည်း စား၏။ စကားပြောရင်းလည်း စား၏။ အလုပ်လုပ်ရင်းလည်းစား၏။ အီးပါရင်းလည်းစား၏။
မြန်မာစကားတွင် တန်ဆေး၊ လွန်ဘေးဟု ရှိ၏။
အလွန်အကျွံဆိုလျှင် မည်သည့်အရာမှ မကောင်း။
နောက်ပြီး အခုစားကြသည့် ကွမ်းယာတွေမှာက ရောဂါဖြစ်ချင်စရာ ပစ္စည်းတွေကို အကုန်စုပြုံထည့်ထားတာ ဖြစ်၏။
ကျွန်တော်က ကွမ်းမစားလေတော့ ခုခေတ် ကွမ်းယာထဲဘာတွေပါတယ်ဆိုတာ သေသေချာချာ မသိပါ။
ရှေးယခင်က လူကြီးများလည်း ကွမ်းစားကြပါ၏။
သို့သော် သူတို့စားသည့် ကွမ်းက ပီဘိ ကွမ်းယာရိုးရိုးကလေးမျှ ဖြစ်၏။
ကွမ်းယာတစ်ခုတွင် ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး။ သည်မျှသာ ပါ၏။ နည်းနည်း ပိုချဲ့လိုသေးလျှင် ရှားစေး၊ နွယ်ချို စသည်တို့ ထည့်မည်။ သည့်ထက်မပို။
ဤကွမ်းယာပစ္စည်းများမှာလည်း ဘာညာ သာရကာတွေ ဘာမှမပါ။ ဘာနှင့်မှ ပြုပြင်ထားတာမဟုတ်။
ကွမ်းသည် ကွမ်းပင်မှရသော သဘာဝအရွက်သာ ဖြစ်၏။
ကွမ်းသီးသည်လည်း ကွမ်းသီးပင်မှရသော သဘာဝအသီး ဖြစ်၏။
ထုံးသည် ထုံးကျောက်ကို ဖုတ်ထားသည့် သဘာဝ ထုံးဖြစ်သလို . .
ဆေးရွက်ကြီးမှာလည်း ကိုင်းထဲမှရသော ဆေးရွက်ကြီးကို နေပူပူတွင် အခြောက်ခံထားတာ ဖြစ်၏။ တစ်ခါတစ်ရံတွင် ဆေးရွက်ကြီးကို မန်ကျီးသီးကိုဖျော်ထားသည့်ရေနှင့် ဖျန်းကာ နှပ်ထားသည်ဟု ကြားဖူး၏။
နောက်ပြီး ကွမ်းစားသည် ဆိုခြင်းမှာလည်း ယခုခေတ် လူများလို ဝေသာလီပြည် ဘီလူးဝင်သကဲ့သို့ သရဲမရဲ၊ တစ်ယာပြီးတစ်ယာ မပြတ်စားနေတာ မဟုတ်။ ကွမ်းယာကို ပါးစပ်ထဲထည့်ထားပြီး ငုံထားခြင်းဖြစ်၏။ အမှန်ဆို သူတို့က ကွမ်းစားတာတောင်မဟုတ်။ ကွမ်းငုံတာသာ ဖြစ်၏။
ဆိုတော့ သူတို့မှာ ကွမ်းစားတာနှင့်ပတ်သက်ပြီး ရောဂါဖြစ်မည်ဆိုလျှင်တောင် ရောဂါဖြစ်ဘို့ အခွင့်အလမ်း အတော် နည်းပါလိမ့်မည်။
ကျွန်တော့် ဒေါ်ကြီး ဒေါ်လေးများအပါအဝင် ကျွန်တော်တို့ဆီမှ လူကြီးများလည်း ကွမ်းစားကြပါ၏။ သို့တိုင် သူတို့ ကွမ်းစားလို့ ကင်ဆာဖြစ်သည်ဆိုတာ တစ်ခါမှ မကြားစဖူးခဲ့။
ယခင်က ကျွန်တော်တို့အိမ်တွင်လည်း ကွမ်းအစ် ရှိခဲ့ဖူးပါ၏။ ကြေးကွမ်းအစ်ကြီးဖြစ်ပြီး အံ နှစ်ဆင့်ပါ၏။
အောက်ဆုံး ကွမ်းအစ်ကိုယ်ထည်ထဲ၌ ကွမ်းများထည့်၏။ အလယ်အံတွင် ဆေးရွက်ကြီးများ ထည့်၏။ အပေါ်ဆုံးအံတွင်မတော့ ထုံးဘူး၊ ကွမ်းသီးနှင့် ကွမ်းညှပ်တို့ပါ၏။
ကွမ်းယာကလည်း အင်မတန်ရှင်းပါသည်။
ကွမ်းရွက်ကို ထုံးသုတ်၊ ကွမ်းသီးစိတ်ကလေးများထည့်၊ ဆေးရွက်ကြီးကို ဖဲ့ထည့်လိုက်လျှင်ပင် ကွမ်းယာဖြစ်တော့၏။
ကျွန်တော်တို့ရွာတွင်မတော့ ရှားစေးနှင့် နွယ်ချိုတောင် မပါပါ။
ကျွန်တော့်အဘွားအေ (ကျွန်တော်တို့က အမေကြီးဟု ခေါ်၏။) က အသက်ကြီးပြီဆိုတော့ သွားတွေ မကောင်းတော့။ သည်အခါ ကွမ်းသီးစိတ်ကို မဝါးနိုင်။ သည့်အတွက် ကွမ်းသီးစိတ်များကို သံဆုံကလေးတွင် ထည့်ထောင်းကာ စား၏။
(ထိုစဉ်က အိမ်တွင် ကွမ်းအစ်နှင့်တကွ ကွမ်းယာပစ္စည်းများ အစုံအလင်ရှိသည့်တိုင် ကျွန်တော် တစ်ခါမှ ကွမ်း မစားခဲ့ စဖူးပါ။)
မြန်မာတို့ဓလေ့ ဧည့်သည်သောင်သည်များလာလျှင် ကွမ်းအစ်ဖြင့် ဧည့်ခံ၏။ ဆေးလိပ် (ဆေးပေါ့လိပ်) များဖြင့် ဧည့်ခံကြ ၏။ အလှူမင်္ဂလာဆောင်၊ အသုဘများတွင်လည်း အလှူပွဲ၊ မင်္ဂလာပွဲ၊ အသုဘရှု လာသူများကို ကွမ်း၊ ဆေးလိပ်များဖြင့် ဧည့်ခံကြပါ၏။ ဆိုရလျှင် ယခင်က လူများလည်း ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ လုပ်ခဲ့ကြပါ၏။ သို့တိုင် တစ်ခါဖူးမျှ ပါးစပ်ကင်ဆာ၊ အဆုပ်ကင်ဆာဖြစ်သည်ဟု မကြားစဖူးခဲ့။
အဘယ်ကြောင့်ဆိုသော် သူတို့က ရိုးရိုးနေ၊ ရိုးရိုးစားကြသောကြောင့် ဖြစ်သတည်း။
(မြန်မာတွေသောက်သည့် ဆေးလိပ်အကြောင်း နောက်မှ ရေးပါဦးမည်။)
(၃)
ကျွန်တော့်အမျိုးသမီး၏ ညီမ၏ ယောက်ျား၏ အစ်ကိုဖြစ်သူမှာ ပါးစပ်ကင်ဆာဖြင့် ဆုံးပါးသွားခဲ့၏။ အသက် ၄၀ ခန့်မျှ သာ ရှိသေး၏။ သားတွေ၊ မယားတွေနှင့် ဖြစ်၏။ သားအငယ်ဆုံးကလေးမှာ အင်မတန် ချစ်စရာကောင်းသည် ဆို၏။ သေခါနီးတော့ ကျွန်တော့်ကို မကယ်နိုင်ကြတော့ဘူးလား၊ ကျွန်တော် မသေချင်သေးပါဘူးဗျ ဟု သွေးရူးသွေးတန်းနှင့် အော်နေခဲ့သည် ဆို၏။
ပါးစပ်ကင်ဆာမှ အင်မတန်ကြောက်စရာကောင်းသည့် ပါးစပ်ကင်ဆာဖြစ်၏။
အမျိုးသမီးပြောပြချက်အရ ပါးစောင်တစ်ခုလုံး တဖြည်းဖြည်းနှင့် ပဲ့ကျလာတာ နောက်ဆုံး အောက်မေးရိုးတစ်ခုလုံး ကုန်သည်ထိ ဖြစ်သည်ဆို၏။ ကင်ဆာဖြစ်ပြီး ကြာကြာမခံ။ လပိုင်းနှင့် ဆုံးပါးသွား၏။
ဤသည်မှာ ကွမ်းယာ၏ တန်ခိုးကြောင့်ဖြစ်သတည်း။
သို့တိုင် . . . မှတ်ကြပါသလား။ ဝေးစွ။
သူတို့မျက်စိရှေ့မှာတင် သူတို့ ညီ၊ အစ်ကို၊ တူ၊ သား ဖြစ်သူ သည်ကဲ့သို့ မချိမဆန့် အသေဆိုးဖြင့် သေသွားရသည့်တိုင် သူတို့အိမ်သားများသည် ကွမ်းယာကို မဖြတ်နိုင်ကြ။ ဆက်၍ စားနေကြဆဲပင် ဖြစ်သည်ဆို၏။
နောက်ပြီး ကိုနွယ်ဝင်းအစ်မဆိုလား၊ တစ်ယောက်လည်း သည်အတိုင်းပင်ဖြစ်၏။ ကိုနွယ်ဝင်းပြောပြတာ လျှာတစ်ခုလုံး ဖြတ်ပစ်လိုက်ရသည် ဆို၏။
အမှန်ဆို ကွမ်းယာစားပြီး ပါးစပ်ကင်ဆာဖြင့် သေဆုံးသူများကိုသာ စာရင်းလိုက်ကောက်ကြည့်လျှင် အံ့ဩစရာ ကောင်းလောက်သည့် စာရင်းတစ်ခု ရလာမှာ အသေအချာပင် ဖြစ်ပါတော့၏။
(မယ်ခွေကို ကလေးတွေ ဆေးလိပ်သောက်အောင် ဆွဲဆောင်မှုဖြင့် တရားစွဲ (ဟုတ်ပေါင်) ကျောင်းစာအုပ်ထဲမှ အတင်း ဆွဲထုတ်ပစ်ခဲ့သော ဟို ကုတင်တစ်ထောင်မှ ဆရာဝန်သည် မယ်ခွေကို ကျောင်းစာအုပ်ထဲမှ ဆွဲထုတ်ရန် အသည်းအသန် ကြိုးစားနေမည့်အစား ကွမ်းစားသဖြင့် ပါးစပ်ကင်ဆာဖြစ်ခဲ့ရသူများအကြောင်း ပလောဂျက်တစ်ခုသာ လုပ်ခဲ့လျှင် သည့်ထက်ပို အကျိုးများပေမည်။ ဝူဟန်ဖြင့် မိုင် ၂၀၀၀ ဝေးသောကြောင့်သာ မြန်မာပြည်ကို ကိုဗစ် အရောက် နောက်ကျရကြောင်း သက်သေပြရန် ညပေါင်းများစွာ အိပ်ရေးပျက်ခံကာ သုတေသနပြုရခြင်း စသည့် မယောင်သည့်နေရာကို ဆီလူးတတ်ကြသည့် အသင်တို့အကျင့်များကို ဖျောက်ကြပါကုန်လော။)
ယခုလည်း ကျွန်ုပ် အင်မတန်ခင်မင်ရပါသော ချစ်မိတ်ဆွေကြီးမှာ ကွမ်း၏ဒဏ်ကို အလူးအလဲ ခံနေရချေပြီ။ ကျွန်တော် အလွန်ဝမ်းနည်းလှ၏။ ကျွန်ုပ်မြန်မာပြည် ပြန်သည့်အခါတိုင်း သူနှင့်အတူ ဘီယာကလေးစုပ်လျက် ကာရာအိုကေ သွားဆိုကြမြဲ ဖြစ်၏။ (ကျွန်ုပ်တို့ ဘီယာမူးနေသည်ကို အခွင့်ကောင်းယူလျက် ကာရာအိုကေဘိုးကို တစ်နာရီစာပိုယူလိုက် သော ရွှေပေါက်ကံမှဆိုင်ကို ကျွန်ုပ် ပြဿနာရှာမည်လုပ်တော့ လာပါဗျာ။ မဖြစ်စလောက် ပိုက်ဆံလေးနဲ့ ဒုက္ခ မရှာချင်စမ်းပါနဲ့ဗျာဟု အတင်းဆွဲသည့် မိတ်ဆွေကြီးကား အလွန်ချစ်စရာ ကောင်းလှပေ၏။)
(၄)
နိဂုံးချုပ်ပါမည်။
မနုဿတ္တဘာဝေါ ဒုလ္လဘော - လူ့ဘဝသည် ရခဲ၏ ဟု ဆို၏။ ဘာတဲ့။
ဗြဟ္မာ့ပြည်က ကျလာတဲ့ အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းတို့ ထိပ်တိုက်တွေ့ဘို့ ခဲယဉ်းသလောက်ကို ခဲယဉ်းသည် ဆိုလား။ ဖတ်ဖူး၏။
အသင်တို့ ကွမ်းကြိုက်တတ်သည်ဆိုလျှင် စားပါ။
သို့သော် ရှေးလူကြီးများ စားသလို ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး ကလေးများနှင့်သာ ရိုးရိုးသားသား စားကြပါ။
လူဟူသည် ဘယ်သူဖြစ်ဖြစ် သူ့နည်းသူ့ဟန်နှင့် တန်ဘိုးရှိကြသူချည်းဖြစ်၏။
(ဟို ခွားသဒေါင်းဇေး၊ မေဘေးတွေ မပါ။ ထိုဂမြင်းမသားများမှာမူ ခွေးလောက်မှ တန်ဘိုးရှိကြသူများမဟုတ်။)
သို့မို့ကြောင့် ရလာသည့် လူ့ဘဝကလေးကို ဘာမှမဟုတ်သည့် သေနည်းမျိုးဖြင့် မသေကြပါစေနှင့် ဟု ကျွန်ုပ်က ဤနေရာမှ အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း။
မြန်မာပြည်အတွင်း ကွမ်းစားခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၃ ဒီဇင်ဘာလ၊ ၂၀၂၁
No comments:
Post a Comment