Thursday, December 30, 2021

နားလည်သည်းခံခွင့်လွှတ်ခြင်း အနုပညာ

ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် နားလည်သည်းခံခွင့်လွှတ်ခြင်း အင်မတန် အရေးကြီးလှ၏။ 

လူပေကပဲ။ မည်သူအမှားမလုပ်ဖူးသူ ရှိပါသနည်း။

 

ဟိုဆရာတော်ကြီးပြောတာ သွားသတိရမိပါသည်။

ဟေ့ - ဝိနည်းလွတ်ချင်လွယ်ပါ့ကွာ။ သင်္ကန်းခေါင်းမြီးခြုံပြီး အိပ်နေရုံရှိတာပဲ ဟူ၏။

ဘာမှမလုပ်သူ ဘာမှ မှားမည်မဟုတ်။

လုပ်ပြီဆိုလျှင်တော့ အနည်းနှင့်အများ မှားမည်။ 

များများလုပ်လျှင် များများမှားမည်။

 

ညူဂျီသည် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားရင်း အလုပ်လုပ်နေရတာ ဖြစ်၏။

ညူဂျီမှလူများသည်လည်း သင်တို့ကျုပ်တို့လို ပြည်သူထဲက ပြည်သူတွေသာဖြစ်ကြောင်း မမေ့ပါလင့်။

ညူဂျီလို့သာ လုပ်ရသည်။ သူတို့မှာ ဘာကမှမရှိ။ လက်ချည်းဗလာြဖစ်၏။

ခညားတို့ ကျုပ်တို့ ပြည်သူတွေ၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့်သာ ရပ်တည်နေရတာဖြစ်၏။

သဟာကို ခညားတို့ ကျုပ်တို့အသိ။

 

သူတို့မှာ အခက်အခဲနှင့် စိန်ခေါ်မှုပေါင်းများစွာ ရှိ၏။

ဘဏ္ဍာရေး၊ ရုံးအဆောက်အအုံနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး၊ သွားလာရေး၊ လူအရင်းအမြစ်၊ နည်းပညာ . . . . . 

နောက်ပြီး သွားချင်သလိုသွား၊ လာချင်သလိုလာ၊ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတာလည်း မဟုတ်။ 

သဟာကို ကျွန်ုပ်တို့ နားလည်ပေးရမည်။

 

နောက်တစ်ခုက ညူဂျီအားဖြင့်သာ ကမ္ဘာ့နိုင်ငံများနှင့် ကျွန်ုပ်တို့ ဆက်သွယ်နိုင်ခြင်း ဖြစ်၏။ 

မြန်မာနိုင်ငံဟု ကမ္ဘာက အသိအမှတ်ပြုချင်လျှင် အစိုးရတစ်ရပ်ကို အသိအမှတ်မပြုဘဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တည်းကို အသိအမှတ်ပြု၍ မရ။ သည်လောက်ဆိုလျှင် ညူဂျီ၏ အရေးပါပုံကို ခန့်မှန်းနိုင်ပါပြီ။

 

ကျွန်ုပ်တို့ တစ်နိုင်ငံလုံးက ဟို ခွားသဒေါင်းဇေးတွေကို ချက်ချင်းလက်ငင်း မသာဖော်ပစ်ချင်တာ မှန်၏။  

ညူဂျီ၏ လုပ်ပုံကိုင်နည်းများကို ကျွတ်တို့ စိတ်တိုင်းမကျနိုင်သည်များလည်း ရှိတာမှန်၏။

သို့သော် သူတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေကြသည်ကို ယုံမှားသံသယ ရှိစရာမလို။

အခက်အခဲပေါင်းများစွာထဲမှ သည်မျှကြိုးစားပေးနေကြသည်ကိုပင် ကျွန်ုပ်တို့ ကျေးဇူးတင်ရပေဦးမည်။

 

အမျိုးယုတ်တို့သည် ကျွန်ုပ်တို့ကို စိတ်ဝမ်းကွဲအောင် နည်းမျိုးစုံဖြင့် သွေးထိုးပေးလျက်ရှိ၏။

သွေးခွဲစကားများ နားမယောင်ကြပါနှင့်။

စိတ်ဝမ်းကွဲစေမည့် စကားများ မပြောကြပါစို့နဲ့ ကွယ်ရို့။

 

ကျွန်ုပ်တို့၏ရန်သူမှာ တစ်ဦးတည်းသာ ဖြစ်၏။

ထိုရန်သူကို ဦးတည် တိုက်ခိုက်ကြပါစို့။

 

အို . . . အမောင်တို့ အမိတို့

တော်လှန်ရေးလုပ်နေသူအချင်းချင်း သည်းခံခွင့်လွှတ်ပေးကြပါဘိ။

ခွေးဝမ်းသာအောင် လေလည်မပြကြပါနှင့်။

 

နွားကွဲလျှင် ကျားဆွဲလိမ့်မည်။

 

ကျွန်ုပ် လေးနက်စွာ မေတ္တာရပ်ခံပါ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ ဒီဇင်ဘာလ၊ ၂၀၂၁

ကျွန်ုပ်နှင့် ကိုသောင်းတန် (၁)

(၁)

 

သေမင်းသည် လူကောင်းများကိုသာရွေးခေါ်လျက် အဘယ်ကြောင့် Myay နိုး များကို မခေါ်ရဘိသနည်း။

အသင်သည် ကိုသောင်းတန်ကို မခေါ်ဘဲလျက် မြင်းပေါင်ကိုင် ကို ခေါ်သွားတော့ ဘာဖြစ်သွားမှာ မို့လို့နည်း။

ကိုသောင်းတန် ကွယ်လွန်သည့်အတွက် ကျွန်ုပ်သည် မျက်ရည်များစွာ ကျရဘိ၏။

အကယ်၍ ကိုသောင်းတန်အစား မြင်းပေါင်ကိုင်သာ သေမည်ဆိုပါက ကျွန်ုပ်သာမဟုတ်။ ဘလိတ်ဒန့်ဆွဲကာ လိုက်ဘ်လွှင့်မည့်သူ အတော်များပေလိမ့်မည်။

 

အို . . အရှင် သေမင်း

အသင့်အား ကျွန်ုပ် နားကျည်းမုန်းတီးလှပါဘိ။

ဤကမ္ဘာမြေအား အကျည်းတန်စေသူများကို အသက်ရှည်ခွင့်ပေးလျက် . . .

ဤကမ္ဘာမြေအား အကျိုးပြုနေသူများကို အဘယ်ကြောင့် ခေါ်ယူသွားရဘိသနည်း။

အသင်ကား မတရားလှပေစွ။

အသင်ကား မျက်နှာလိုက်လွန်းလှပေစွ။

 

(၂)

 

ကျွန်ုပ်စင်ကာပူမြေကို စခြေချမိတာ ၁၉၉၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့။ 

Tellus ကို ရောက်လာတာ ကျွန်တော်တို့က ပထမဆုံးအသုတ်။

ကိုသောင်းတန်တို့က ဒုတိယ အသုတ်။

ကျွန်ုပ်တို့ရောက်စက Yishun မှာ နေရ၏။ သိပ်မကြာမီပင် Block 521, Upper Jurong Road ကို ပြောင်းရ၏။ 

Blk 521 ရောက်တော့ ကျွန်ုပ်တို့နှင့် ကိုသောင်းတန်တို့အုပ်စု တစ်ခန်းထဲ၌ အတူတူ စု နေကြရ၏။ 

ဤမှစ၍ ကျွန်ုပ် ကိုသောင်းတန်နှင့် စတင် သိကျွမ်းခဲ့၏။ 

သို့သော် ကျွန်ုပ်မှတ်မိသလောက် Tellus မှာ ရှိစဉ်က ကျွန်ုပ်နှင့် ကိုသောင်းတန်တို့ သည်လောက် သိပ်ပြီး ခင်ခင်မင်မင် မရှိလှသေးပါ။

Tellus မှ ထွက်လာပြီး တစ်ယောက်တစ်ကွဲစီ ဖြစ်သွားသည့်အခါကျမှ​ဖြစ်၏။

ကိုသောင်းတန်နှင့် ကျွန်တော် ညီအစ်ကိုအရင်းတမျှ ချစ်ခင်သွားအောင် စေ့ဆော်သည့်အရာမှာ စနေဓမ္မမိတ်ဆွေများအဖွဲ့ ၏ လှုပ်ရှားမှုများဖြစ်၏။

 

သည်တွင် စနေဓမ္မမိတ်ဆွေများအဖွဲ့ စတင် သန္ဓေတည်လာပုံကို ပြောပြပါရစေ။

စနေဓမ္မမိတ်ဆွေများအဖြစ် စုစည်းရန် စတင်လာရခြင်းမှာ ကျွန်ုပ်တို့ကြောင့်မဟုတ်။ 

အောင် တို့ အဖွဲ့ကြောင့် ဖြစ်၏။

အောင် ဆိုသည်မှာ တရုတ်လို Ong ဖြစ်ပြီး သူတို့အဖွဲ့ထဲတွင် မင်း (Meng) နှင့် ရှယ်လီ (Sherley) တို့လည်းပါသည်ဟု မှတ်မိနေပါသေး၏။ သူတို့က မင်္ဂလာပါ၊ ကျွန်တော့်နာမည် အောင် စသဖြင့် မြန်မာလို တစ်လုံးစ၊ နှစ်လုံးစ တတ်၏။

 

အောင်တို့က ကျွန်တော်တို့ရှိရာ Blk 521 ရှိအခန်းသို့ လာပြီး သူတို့ Tao တရားပွဲများသို့ လိုက်ရန် လာခေါ်လေ့ရှိ၏။ 

ကျွန်တော်တို့လည်း လိုက်သွား၏။ ကိုသောင်းတန်လည်း ပါ၏။

တာအိုတရားပွဲများသို့ အခြား မြန်မာများလည်း လာကြ၏။ 

ထိုအထဲတွင် ကိုရေချမ်းတို့လည်း ပါ၏။

ကိုမြင့်သိန်းက တရားပွဲမှာ အင်္ဂလိပ်လိုပြောတာကို မြန်မာပြန်ပြ၏။

ဤမှစကာ ကျွန်တော်၊ ကိုသောင်းတန်၊ ကိုရေချမ်း၊ ကိုမြင့်သိန်းတို့ မိတ်ဆွေအရင်းအချာများ ဖြစ်သွားလေတော့ သတည်း။

 

Tellus တွင် (၂) နှစ်လုပ်ခဲ့ပြီး ကျွန်တော် Union Alloy သို့ ရောက်သွား၏။ နေရသည်မှာ Kallang Way ၌ ဖြစ်၏။

ကျွန်တော်တို့လုပ်ရသည်မှာ Jurong Island ၌ ဖြစ်၍ ပြန်သည့်အခါ Boon Lay သို့ ဖြတ်ပြန်ရ၏။

 

ထိုစဉ်က ယခု Jurong Point မှာ ပီဘိ သေးသေးကလေး ဖြစ်ပြီး ဘတ်စ်ကားဂိတ်မှာလည်း ကွင်းပြင်ထဲ၌ မြန်မာပြည်မှ ကားဂိတ်များလိုပင် ဖြစ်၏။ 

Jurong Point အပြင်ဘက် ကပ်လျက်တွင် ကော်ဖီဆိုင်ကလေး တစ်ဆိုင်သည် ရှိ၏။

စနေနေ့ ညနေများ၌ ကိုသောင်းတန်က ထိုကော်ဖီဆိုင်ကလေးတွင် ထိုင်၏။

ကျွန်တော်လည်း အလုပ်ကအပြန် ထိုကော်ဖီဆိုင်ကလေးတွင် ဝင်ထိုင်ကာ ကိုသောင်းတန်နှင့် ထွေရာလေးပါး စကားများ ပြောကြ၏။

 

အစပိုင်း၌ ကျွန်ုပ်တို့လည်း တာအိုတရားပွဲများသို့ ပုံမှန်လိုက်ကြသေး၏။

သို့သော် နောက်ပိုင်းတွင် သူတို့ပြောသည့် အကြောင်းအရာများ၌ ကျွန်ုပ်တို့ သိပြီးသား အကြောင်းအရာများ ထပ်နေသည် ဖြစ်သောကြောင့် သူတို့တရားပွဲသွားပြီး အချိန်ဖြုန်းမည့်အစား ကျွန်ုပ်တို့ ကိုယ့်ဘာသာ စာအုပ်ဖတ်လျက် ဆွေးနွေးကြခြင်းက ပိုပြီး အကျိုးထူးလိမ့်မည်ဟု တိုင်ပင်ကြ၏။

 

သို့နှင့် ကျွန်ုပ်၊ ကိုသောင်းတန်၊ ကိုရေချမ်း၊ ကိုမြင့်သိန်း တို့ စနေနေ့ညနေတိုင်း အနှီ ကော်ဖီဆိုင်ကလေးတွင် ပုံမှန် ဆုံဖြစ်ကြလေ၏။ ကျွန်ုပ်တို့စကားဝိုင်းသို့ တခါတရံ ကိုဉာဏ်ပိုစသော အခြားသူများလည်း ပါတတ်ပါသေး၏။ မည်သူများလာသည် ဆိုသည်ကိုတော့ ကောင်းကောင်းမမှတ်မိတော့ပြီ။

 

စတုံးကတော့ တရားဆွေးနွေးဘို့ စတာပါဘဲ။ သို့သော် တရားကတော်တော် တောရောက် တောင်ရောက်တွေသာ များပါ၏။ နောက်တော့ (ကိုသောင်းတန်ပင် ထင်ပါသည်) ကျွန်တော်တို့ တစ်ယောက်ကို အစိတ်လောက် စုပြီး မြန်မာပြည်မှာ လိုအပ်နေတဲ့နေရာတွေလှူရင် မကောင်းဘူးလားဗျ ဟု အကြံပြုရာ အားလုံးကပင် မဆိုင်းမတွ သဘောတူလျက် ချက်ချင်း အကောင်အထည် စဖော်ကြ၏။

 

နောက်တော့ အများနှင့်ဆက်သွယ်ရာတွင် လွယ်ကူစေရန် အဖွဲ့နာမည်ပေးရေး တိုင်ပင်ကြ၏။ စနေနေ့ ညနေတိုင်း မိတ်ဆွေများ တွေ့ဆုံပြီး တရားဓမ္မအကြောင်းများ ဆွေးနွေးကြရာမှ ဖြစ်ပေါ်လာသည့် အဖွဲ့ကလေးဖြစ်၍ ကျွန်ုပ်ကပင် “စနေဓမ္မမိတ်ဆွေများအဖွဲ့” ဟု နာမည်ပေးလိုက်၏။

 

ဆက်ပါဦးမည်။

 

အေးငြိမ်း

၂၉ ဒီဇင်ဘာလ၊ ၂၀၂၁

Thursday, December 23, 2021

ကွမ်း အန္တရာယ်

(၁)

 

ကျွန်တော်နှင့် အလွန်အင်မတန် ရင်းနှီးသော ညီအစ်ကိုလို ချစ်ခင်ရသူတစ်ယောက် ယခုအခါ ရောဂါတစ်ခု အသည်းအသန် ခံစားနေရ၏။ ကျွန်တော် စိတ်မကောင်းပါ။ 

သူ့ရောဂါကို ကျွန်တော် မည်ကဲ့သို့ အမည်တပ်ရမှန်း မသိပါ။

ကိုနွယ်ဝင်းက ရုပ်ပုံဖြင့် ရှင်းပြသောကြောင့်သာ အစာအိမ်အဝင်ဝ၌ ကင်ဆာဖြစ်တာဟု သိရလေ၏။

 

သူနှင့်ကျွန်တော် နှစ်အတော်ကြာကြာလက်တွဲပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြ၏။ စိတ်မထင်လျှင် မထင်သလို ပိတ်ပြောပစ်တတ်သည့် အလွန်အင်မတန် စိတ်တိုသော ကျွန်တော်လို လူ့ဂွစာနှင့် တည့်အောင်ပေါင်းနိုင်သည့် အတွက် လည်း အံ့ဩချီးကျူးရပါ၏။ ဟဲဟဲ ဟဲဟဲနှင့် ကျွန်တော့်အပေါ် သည်းခံခွင့်လွှတ်ကာ ပေါင်းနိုင်တာ နည်းသည့်အစွမ်း မဟုတ်ပါ။  

 

နောက်မှ ကျွန်တော်နှင့် သူ ဘာတွေလုပ်ခဲ့သည် ဆိုသည့်အကြောင်းများကို အသေးစိတ် ရေးပြပါဦးမည်။ ယခုတော့ သူ့၌ ဖြစ်နေသည့် ရောဂါအကြောင်း ပြောမည်ဖြစ်၍ သည်ကိစ္စ ခဏချန်ခဲ့ပါမည်။

 

(၂)

 

သူက ကွမ်း အလွန်ကြိုက်၏။ ကွမ်းကို အလွန်အင်မတန် စားတာလည်းဖြစ်၏။

စားသမှ တစ်ယာပြီးတစ်ယာ မပြတ်တမ်းစား၏။

နောက်ပြီးခဏလေးစားတာမဟုတ်။ နှစ်ရှည်လများ စား၏။

ခရီးသွားသည့်အခါများတွင် ခရီးထွက်တော့မည်ဆို ကွမ်းယာထုပ်ကို မဖြစ်မနေ ပြင်ရ၏။ 

ခရီးတစ်ထောက်နားသည့်အခါတိုင်း သူ ဦးစွာလုပ်သည်မှာ ကွမ်းယာဆိုင်သို့ ပြေးခြင်းဖြစ်၏။

မနက်လည်းစား၏။ နေ့ခင်းလည်းစား၏။ ညလည်း စား၏။ စကားပြောရင်းလည်း စား၏။ အလုပ်လုပ်ရင်းလည်းစား၏။ အီးပါရင်းလည်းစား၏။

 

မြန်မာစကားတွင် တန်ဆေး၊ လွန်ဘေးဟု ရှိ၏။

အလွန်အကျွံဆိုလျှင် မည်သည့်အရာမှ မကောင်း။

နောက်ပြီး အခုစားကြသည့် ကွမ်းယာတွေမှာက ရောဂါဖြစ်ချင်စရာ ပစ္စည်းတွေကို အကုန်စုပြုံထည့်ထားတာ ဖြစ်၏။

ကျွန်တော်က ကွမ်းမစားလေတော့ ခုခေတ် ကွမ်းယာထဲဘာတွေပါတယ်ဆိုတာ သေသေချာချာ မသိပါ။

 

ရှေးယခင်က လူကြီးများလည်း ကွမ်းစားကြပါ၏။

သို့သော် သူတို့စားသည့် ကွမ်းက ပီဘိ ကွမ်းယာရိုးရိုးကလေးမျှ ဖြစ်၏။

ကွမ်းယာတစ်ခုတွင် ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး။ သည်မျှသာ ပါ၏။ နည်းနည်း ပိုချဲ့လိုသေးလျှင် ရှားစေး၊ နွယ်ချို စသည်တို့ ထည့်မည်။ သည့်ထက်မပို။

ဤကွမ်းယာပစ္စည်းများမှာလည်း ဘာညာ သာရကာတွေ ဘာမှမပါ။ ဘာနှင့်မှ ပြုပြင်ထားတာမဟုတ်။

ကွမ်းသည် ကွမ်းပင်မှရသော သဘာဝအရွက်သာ ဖြစ်၏။ 

ကွမ်းသီးသည်လည်း ကွမ်းသီးပင်မှရသော သဘာဝအသီး ဖြစ်၏။

ထုံးသည် ထုံးကျောက်ကို ဖုတ်ထားသည့် သဘာဝ ထုံးဖြစ်သလို . .

ဆေးရွက်ကြီးမှာလည်း ကိုင်းထဲမှရသော ဆေးရွက်ကြီးကို နေပူပူတွင် အခြောက်ခံထားတာ ဖြစ်၏။ တစ်ခါတစ်ရံတွင် ဆေးရွက်ကြီးကို မန်ကျီးသီးကိုဖျော်ထားသည့်ရေနှင့် ဖျန်းကာ နှပ်ထားသည်ဟု ကြားဖူး၏။

 

နောက်ပြီး ကွမ်းစားသည် ဆိုခြင်းမှာလည်း ယခုခေတ် လူများလို ဝေသာလီပြည် ဘီလူးဝင်သကဲ့သို့ သရဲမရဲ၊ တစ်ယာပြီးတစ်ယာ မပြတ်စားနေတာ မဟုတ်။ ကွမ်းယာကို ပါးစပ်ထဲထည့်ထားပြီး ငုံထားခြင်းဖြစ်၏။ အမှန်ဆို သူတို့က ကွမ်းစားတာတောင်မဟုတ်။ ကွမ်းငုံတာသာ ဖြစ်၏။ 

ဆိုတော့ သူတို့မှာ ကွမ်းစားတာနှင့်ပတ်သက်ပြီး ရောဂါဖြစ်မည်ဆိုလျှင်တောင် ရောဂါဖြစ်ဘို့ အခွင့်အလမ်း အတော် နည်းပါလိမ့်မည်။

 

ကျွန်တော့် ဒေါ်ကြီး ဒေါ်လေးများအပါအဝင် ကျွန်တော်တို့ဆီမှ လူကြီးများလည်း ကွမ်းစားကြပါ၏။ သို့တိုင် သူတို့ ကွမ်းစားလို့ ကင်ဆာဖြစ်သည်ဆိုတာ တစ်ခါမှ မကြားစဖူးခဲ့။ 

 

ယခင်က ကျွန်တော်တို့အိမ်တွင်လည်း ကွမ်းအစ် ရှိခဲ့ဖူးပါ၏။ ကြေးကွမ်းအစ်ကြီးဖြစ်ပြီး အံ နှစ်ဆင့်ပါ၏။ 

အောက်ဆုံး ကွမ်းအစ်ကိုယ်ထည်ထဲ၌ ကွမ်းများထည့်၏။ အလယ်အံတွင် ဆေးရွက်ကြီးများ ထည့်၏။ အပေါ်ဆုံးအံတွင်မတော့ ထုံးဘူး၊ ကွမ်းသီးနှင့် ကွမ်းညှပ်တို့ပါ၏။ 

 

ကွမ်းယာကလည်း အင်မတန်ရှင်းပါသည်။ 

ကွမ်းရွက်ကို ထုံးသုတ်၊ ကွမ်းသီးစိတ်ကလေးများထည့်၊ ဆေးရွက်ကြီးကို ဖဲ့ထည့်လိုက်လျှင်ပင် ကွမ်းယာဖြစ်တော့၏။

ကျွန်တော်တို့ရွာတွင်မတော့ ရှားစေးနှင့် နွယ်ချိုတောင် မပါပါ။

ကျွန်တော့်အဘွားအေ (ကျွန်တော်တို့က အမေကြီးဟု ခေါ်၏။) က အသက်ကြီးပြီဆိုတော့ သွားတွေ မကောင်းတော့။ သည်အခါ ကွမ်းသီးစိတ်ကို မဝါးနိုင်။ သည့်အတွက် ကွမ်းသီးစိတ်များကို သံဆုံကလေးတွင် ထည့်ထောင်းကာ စား၏။

(ထိုစဉ်က အိမ်တွင် ကွမ်းအစ်နှင့်တကွ ကွမ်းယာပစ္စည်းများ အစုံအလင်ရှိသည့်တိုင် ကျွန်တော် တစ်ခါမှ ကွမ်း မစားခဲ့ စဖူးပါ။)

 

မြန်မာတို့ဓလေ့ ဧည့်သည်သောင်သည်များလာလျှင် ကွမ်းအစ်ဖြင့် ဧည့်ခံ၏။ ဆေးလိပ် (ဆေးပေါ့လိပ်) များဖြင့် ဧည့်ခံကြ ၏။ အလှူမင်္ဂလာဆောင်၊ အသုဘများတွင်လည်း အလှူပွဲ၊ မင်္ဂလာပွဲ၊ အသုဘရှု လာသူများကို ကွမ်း၊ ဆေးလိပ်များဖြင့် ဧည့်ခံကြပါ၏။ ဆိုရလျှင် ယခင်က လူများလည်း ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ လုပ်ခဲ့ကြပါ၏။ သို့တိုင် တစ်ခါဖူးမျှ  ပါးစပ်ကင်ဆာ၊ အဆုပ်ကင်ဆာဖြစ်သည်ဟု မကြားစဖူးခဲ့။

 

အဘယ်ကြောင့်ဆိုသော် သူတို့က ရိုးရိုးနေ၊ ရိုးရိုးစားကြသောကြောင့် ဖြစ်သတည်း။

(မြန်မာတွေသောက်သည့် ဆေးလိပ်အကြောင်း နောက်မှ ရေးပါဦးမည်။)

 

(၃)

 

ကျွန်တော့်အမျိုးသမီး၏ ညီမ၏ ယောက်ျား၏ အစ်ကိုဖြစ်သူမှာ ပါးစပ်ကင်ဆာဖြင့် ဆုံးပါးသွားခဲ့၏။ အသက် ၄၀ ခန့်မျှ သာ ရှိသေး၏။ သားတွေ၊ မယားတွေနှင့် ဖြစ်၏။ သားအငယ်ဆုံးကလေးမှာ အင်မတန် ချစ်စရာကောင်းသည် ဆို၏။ သေခါနီးတော့ ကျွန်တော့်ကို မကယ်နိုင်ကြတော့ဘူးလား၊ ကျွန်တော် မသေချင်သေးပါဘူးဗျ ဟု သွေးရူးသွေးတန်းနှင့် အော်နေခဲ့သည် ဆို၏။

 

ပါးစပ်ကင်ဆာမှ အင်မတန်ကြောက်စရာကောင်းသည့် ပါးစပ်ကင်ဆာဖြစ်၏။

အမျိုးသမီးပြောပြချက်အရ ပါးစောင်တစ်ခုလုံး တဖြည်းဖြည်းနှင့် ပဲ့ကျလာတာ နောက်ဆုံး အောက်မေးရိုးတစ်ခုလုံး ကုန်သည်ထိ ဖြစ်သည်ဆို၏။ ကင်ဆာဖြစ်ပြီး ကြာကြာမခံ။ လပိုင်းနှင့် ဆုံးပါးသွား၏။

ဤသည်မှာ ကွမ်းယာ၏ တန်ခိုးကြောင့်ဖြစ်သတည်း။

သို့တိုင် . . . မှတ်ကြပါသလား။ ဝေးစွ။

သူတို့မျက်စိရှေ့မှာတင် သူတို့ ညီ၊ အစ်ကို၊ တူ၊ သား ဖြစ်သူ သည်ကဲ့သို့ မချိမဆန့် အသေဆိုးဖြင့် သေသွားရသည့်တိုင် သူတို့အိမ်သားများသည် ကွမ်းယာကို မဖြတ်နိုင်ကြ။ ဆက်၍ စားနေကြဆဲပင် ဖြစ်သည်ဆို၏။

 

နောက်ပြီး ကိုနွယ်ဝင်းအစ်မဆိုလား၊ တစ်ယောက်လည်း သည်အတိုင်းပင်ဖြစ်၏။ ကိုနွယ်ဝင်းပြောပြတာ လျှာတစ်ခုလုံး ဖြတ်ပစ်လိုက်ရသည် ဆို၏။ 

 

အမှန်ဆို ကွမ်းယာစားပြီး ပါးစပ်ကင်ဆာဖြင့် သေဆုံးသူများကိုသာ စာရင်းလိုက်ကောက်ကြည့်လျှင် အံ့ဩစရာ ကောင်းလောက်သည့် စာရင်းတစ်ခု ရလာမှာ အသေအချာပင် ဖြစ်ပါတော့၏။

 

(မယ်ခွေကို ကလေးတွေ ဆေးလိပ်သောက်အောင် ဆွဲဆောင်မှုဖြင့် တရားစွဲ (ဟုတ်ပေါင်) ကျောင်းစာအုပ်ထဲမှ အတင်း ဆွဲထုတ်ပစ်ခဲ့သော ဟို ကုတင်တစ်ထောင်မှ ဆရာဝန်သည် မယ်ခွေကို ကျောင်းစာအုပ်ထဲမှ ဆွဲထုတ်ရန် အသည်းအသန် ကြိုးစားနေမည့်အစား ကွမ်းစားသဖြင့် ပါးစပ်ကင်ဆာဖြစ်ခဲ့ရသူများအကြောင်း ပလောဂျက်တစ်ခုသာ လုပ်ခဲ့လျှင် သည့်ထက်ပို အကျိုးများပေမည်။ ဝူဟန်ဖြင့် မိုင် ၂၀၀၀ ဝေးသောကြောင့်သာ မြန်မာပြည်ကို ကိုဗစ် အရောက် နောက်ကျရကြောင်း သက်သေပြရန် ညပေါင်းများစွာ အိပ်ရေးပျက်ခံကာ သုတေသနပြုရခြင်း စသည့် မယောင်သည့်နေရာကို ဆီလူးတတ်ကြသည့် အသင်တို့အကျင့်များကို ဖျောက်ကြပါကုန်လော။)

 

ယခုလည်း ကျွန်ုပ် အင်မတန်ခင်မင်ရပါသော ချစ်မိတ်ဆွေကြီးမှာ ကွမ်း၏ဒဏ်ကို အလူးအလဲ ခံနေရချေပြီ။ ကျွန်တော် အလွန်ဝမ်းနည်းလှ၏။ ကျွန်ုပ်မြန်မာပြည် ပြန်သည့်အခါတိုင်း သူနှင့်အတူ ဘီယာကလေးစုပ်လျက် ကာရာအိုကေ သွားဆိုကြမြဲ ဖြစ်၏။ (ကျွန်ုပ်တို့ ဘီယာမူးနေသည်ကို အခွင့်ကောင်းယူလျက် ကာရာအိုကေဘိုးကို တစ်နာရီစာပိုယူလိုက် သော ရွှေပေါက်ကံမှဆိုင်ကို ကျွန်ုပ် ပြဿနာရှာမည်လုပ်တော့ လာပါဗျာ။ မဖြစ်စလောက် ပိုက်ဆံလေးနဲ့ ဒုက္ခ မရှာချင်စမ်းပါနဲ့ဗျာဟု အတင်းဆွဲသည့် မိတ်ဆွေကြီးကား အလွန်ချစ်စရာ ကောင်းလှပေ၏။)

 

(၄)

 

နိဂုံးချုပ်ပါမည်။

မနုဿတ္တဘာဝေါ ဒုလ္လဘော - လူ့ဘဝသည် ရခဲ၏ ဟု ဆို၏။ ဘာတဲ့။ 

ဗြဟ္မာ့ပြည်က ကျလာတဲ့ အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းတို့ ထိပ်တိုက်တွေ့ဘို့ ခဲယဉ်းသလောက်ကို ခဲယဉ်းသည် ဆိုလား။ ဖတ်ဖူး၏။

 

အသင်တို့ ကွမ်းကြိုက်တတ်သည်ဆိုလျှင် စားပါ။

သို့သော် ရှေးလူကြီးများ စားသလို ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေး ကလေးများနှင့်သာ ရိုးရိုးသားသား စားကြပါ။

 

လူဟူသည် ဘယ်သူဖြစ်ဖြစ် သူ့နည်းသူ့ဟန်နှင့် တန်ဘိုးရှိကြသူချည်းဖြစ်၏။ 

(ဟို ခွားသဒေါင်းဇေး၊ မေဘေးတွေ မပါ။ ထိုဂမြင်းမသားများမှာမူ ခွေးလောက်မှ တန်ဘိုးရှိကြသူများမဟုတ်။)

သို့မို့ကြောင့် ရလာသည့် လူ့ဘဝကလေးကို ဘာမှမဟုတ်သည့် သေနည်းမျိုးဖြင့် မသေကြပါစေနှင့် ဟု ကျွန်ုပ်က ဤနေရာမှ အလေးအနက် တိုက်တွန်းလိုက်ရပါကြောင်း။

 

မြန်မာပြည်အတွင်း ကွမ်းစားခြင်း၊ ကင်းရှင်းကြပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၃ ဒီဇင်ဘာလ၊ ၂၀၂၁