(၁)
ပုဂ္ဂိုလ်ခင်မှ တရားမင်သည်
မြန်မာစကားပုံတွင်
ပုဂ္ဂိုလ်ခင်မှ တရားမင်သည် ဟူသောစကားသည် ရှိ၏။
အမှန်ဆို
သည်စကားပုံ ဘယ်ကဆင်းသက်လာသည်၊ တရားမင်သည် ဆိုခြင်းမှာ အဘယ်ဖြစ်သည်ကို ကျွန်တော် ရေရေရာရာ
မသိပါ။ သို့သော် လူပုဂ္ဂိုလ်အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးမှုရှိပါက
ပြောရဆိုရ၊ လုပ်ရကိုင်ရ အလွန် အဆင် ပြေသည် ဟု ဆိုလိုကြောင်းတော့ သိပါသည်။
အချင်းချင်း
ခင်မင်ရင်းနှီးတာ ကောင်းသော်လည်း ပုဂ္ဂိုလ်ခင်လို့ တရားမင်ခြင်းကိုမူ နေရာတကာ ကောင်းလှသည်ဟု
ကျွန်ုပ်က တော့ မမြင်မိပါ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် လူသာဖြစ်၍ ခင်မင်ရင်းနှီးမှုကို
အခွင့်ကောင်းယူကာ မတရားမှုတို့ ဖြစ်လာ တတ်သည်။
ဥပမာ
- (ဥပမာသည် ဥပမာသာဖြစ်၍ တစ်စုံတစ်ယောက်ကို ရည်ညွှန်းသည်ဟု မယူဆကြစေလို။) တင်ဒါခေါ်သည်
ဆိုကြပါစို့။
တင်ဒါတင်သွင်းလာသူ
များစွာတို့အနက် မိမိနှင့် အလွန်ခင်မင်ရင်းနှီးသူ တစ်ယောက်လည်း ပါလာသည်ဖြစ်စေ။ သူငယ်ချင်း၊
မင်း တို့ကြေငြာထားတဲ့ တင်ဒါကို ငါလည်းတစ်စောင် တင်ထားတယ်ကွာ။ အဲဒါ ကျုပ်ကျက်လိပေးပါအုံး။
ဟာ - ဖြစ်ရမှာပေါ့ သူငယ်ချင်း ရာ၊ တခြားသူတွေမှတ်လို့။
ဤသည်မှာ
ပုဂ္ဂိုလ်ခင်၍ တရားမင်လိုက်ရခြင်း၏ ဆိုးကျိုးပင်မဟုတ်ပါလော။ အကယ်၍သာ တင်ဒါခေါ်သည့်အထဲတွင်
မိမိ သူငယ်ချင်းပါလာသဖြင့် သူငယ်ချင်းကို ချပေးလိုက်မည်ဆိုပါက တင်ဒါခေါ်ခြင်း၏ အနှစ်သာရ
ပျောက်မသွားပါသလော။
၂ဝ၁၅
ရွေးကောက်ပွဲလုပ်မည်ဆိုတော့ ရွေးကောက်ပွဲကော်မတီအတွက် ဘယ်သူ့ကို တာဝန်ပေးရမှန်းမသိ။
ဟေ့ကောင်၊ မင်းက အတွေ့အကြုံရှိတယ်။ မင်းလုပ်လိုက် ဟု ပြောသည်ဆို၏။ ဤသည်မှာလည်း ပုဂ္ဂိုလ်ခင်လို့
တရားမင်ခြင်းပင် မဟုတ်ပါလော။
ဤသည်ကို
ကောင်းလှသည်ဟု ကျွန်ုပ်ကတော့ မယူဆပါ။
တရားသူကြီးတို့အဖို့ဆိုလျှင်
ပိုလို့တောင် ဆိုးသေးသည်။ မိမိနှင့်မျက်နှာနာနေသူ သို့မဟုတ် မိမိအပေါ် ကျေးဇူးပြုခဲ့ဖူးသူနှင့်
အခြား သူတစ်ဦးတို့ တရားတဘောင်ဖြစ်သည်ဆိုပါစို့။ ထိုအမှုတွင် အခြားသူက မှန်နေသည်လည်း
ဆိုပါစို့။ ထိုတရားသူကြီးအတွက် အတော့်ကို ခေါင်းကိုက်ရမည့်ကိစ္စ ဖြစ်လေသည်။ ထိုအချိန်တွင်
တရားသူကြီးသည် ဘယာဂတိ၊ မောဟာဂတိ ဟူသည့် အဂတိ တရား လေးပါးမှ ကင်းစင်စွာ အဆုံးအဖြတ်ပေးနိုင်ပါမှ
တရားသူကြီး ဖြစ်ပေမည်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်ကာ မိမိလူကို အနိုင် ပေးလိုက်ပါမူ ၎င်းအား
တရားသူကြီးဟု ခေါ်နိုင်တော့မည်မဟုတ်။ မတရားသူကြီးသာ ဖြစ်ပေမည်။
(၂)
Competent Person
ကျွန်ုပ်တို့လူ့ဘောင်အဖွဲ့အစည်းတွင်
ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းကိစ္စများကို နေရာအတော်များများတွင် တွေ့နိုင်၏။
တရားမမင်ရဘူးဟု
ကျွန်ုပ်မဆိုလို။ သို့သော် တော်တည့်မှန်ကန်ဘို့တော့ လိုပေလိမ့်မည်။
အလုပ်တစ်ခုကို
တာဝန်ပေးသည့်အခါ တာဝန်ပေးခံရသူသည် ထိုလုပ်ငန်းနယ်ပယ်၌ အမှန်တကယ် တတ်သိနားလည်သူဖြစ်ရန်
အလွန်အရေးကြီးလှ၏။ အင်္ဂလိပ်လိုတော့ competent person / professional ဟု ခေါ်ပါသည်။ Competent
person / Professional အကြောင်း ကျွန်ုပ် စာတစ်ပုဒ် ရေးဖူးသည်ထင်၏။ ပြန်ရှာကြည့်ပါမည်။
မရေးရသေးလျှင် ရေးပါဦးမည်။
ပရော်ဖက်ရှင်နယ်ဆိုသည်မှာ
စာတွေ့လက်တွေ့ ကျွမ်းကျင်သူကို ဆိုလိုသည်။ ဗုဒ္ဓဘာသာစာပေများတွင်မတော့ သုတာမယဉာဏ်၊
စိန္တာမယဉာဏ်၊
ဘာဝနာမယဉာဏ် ဟု သတ်မှတ်၏။
သုတာမယဉာဏ်ဆိုသည်မှာ
သူများပြောတာ၊ စာအုပ်ထဲမှာရေးထားတာ စသည်တို့မှရသော ဗဟုသုတကို ဆိုလို၏။
စိန္တာမယဉာဏ်ဆိုသည်ကား
မိမိ၏ စိတ်ကူးဖြင့် တွေးခေါ်မြော်မြင်၍ရသော အသိဉာဏ်ဖြစ်၏။
ဘာဝနာမယဉာဏ်ဆိုသည်မှာ
လက်တွေ့လုပ်ဆောင်ခြင်းမှရသော အသိဉာဏ်ကို ဆိုလို၏။
ရှေးလူကြီးတွေကတော့
စာသိ နှင့် ငါသိ ဟု ခပ်တိုတိုပင် အဓိပ္ပာယ်ဖွင့်ဆိုကြ၏။
ငါသိ
အရေးကြီးပုံအကြောင်းကိုလည်း ယခင်က ကျွန်ုပ် နေရာတော်တော်များတွင် ရေးခဲ့ဖူးပါပြီ။ အခြားမဟုတ်ပါ။
မြတ်စွာဘုရား၏ညီတော်အာနန္ဒာအကြောင်း
ဖြစ်၏။
ဘုရားမှလွဲ၍
မြတ်စွာဘုရား၏ တရားတော်များအားလုံးကို ညီတော်အာနန္ဒာလောက်သိသူ နှစ်ယောက်မရှိ။
ထို့ကြောင့်ပင်
တရားဘဏ္ဍာထိန်း - ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ထူးကို ရရှိတော်မူသည်။
မြတ်စွာဘုရား၏
တရားအားလုံးကို သိရုံမျှနှင့် အရဟတ္တမဂ်ဖိုလ်ကို မရသေး။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည့်တိုင်
သောတာပန်အဆင့်မျှသာ ရှိသေးသည်။
ထို့နောက်
ကိုယ်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တော့မှ အရဟတ္တမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရတာဖြစ်၏။
ဤဥပမာတစ်ခုတည်းနှင့်ပင်
စာတွေ့နှင့်မလုံလောက်။ လက်တွေ့အရေးကြီးကြောင်း သိသာနိုင်ပါပြီ။
ကျွန်ုပ်တို့ရွှေပြည်ကြီးတွင်
စာလေးအနည်းအကျဉ်းဖတ်ဖူးရုံနှင့် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ထင်နေသူများသည် ရှိ၏။
အကုန်လုံးကို သိမ်းကြုံးပြီးတော့ ဝါးလုံးချေးသုတ် ရမ်းတာမဟုတ်ပါ။ အချို့အချို့သော ပုဂ္ဂိုလ်များကိုသာ
ဆိုလိုပါသည်။ ကျွန်ုပ်သိသော ထိုသူများကတော့ နည်းနည်းလွန်ပါသည်။
အစိုးရအဖွဲ့မှလူများက
၎င်းတို့ကို ဆရာကြီးတင်လျက် ဘုရားတစ်ဆူ၊ ဂူတစ်လုံးကိုးကွယ်လိုက်သည့်အခါတွင်မတော့ ဝက်ကို
ချိုတပ်ပေးလိုက်သလို ဖြစ်သွားလေ၏။
ဤနေရာ၌
ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းကား အလွန်ဆိုးလေသည်။
ကျွန်ုပ်တို့သည်
ပညာရှင်ပီသလိုလျှင် ကိုယ့်ကိုယ်ကိုယ် တန်ဘိုးထားကြရပါမည်။
အာဏာရှိသူများက
မြှောက်ပင့်ပေးလိုက်ရုံမျှနှင့် မိုးမမြင်လေမမြင် ဖြစ်သွားစရာအကြောင်း မရှိပါ။
ခင်မင်ရာ
ခင်မင်ကြောင်းနှင့် မိမိကို တာဝန်ပေးလာခဲ့လျှင် မိမိမလုပ်နိုင်သော အလုပ်ဖြစ်က မလုပ်နိုင်ပါ/မလုပ်တတ်ပါဟု
ရိုးရိုး သားသား ငြင်းပယ်နိုင်ရပါမည်။
တတ်ယောင်ကားလုပ်ခြင်းသည်
အလုံးစုံ ပျက်စီးစေ၏။
ကြက်ဆူပင်မှ
ဒီဇယ်ထုတ်ခြင်း ဆိုသည်မှာ တတ်ယောင်ကားများ၏ လက်ချက်ပင် မဟုတ်ပါလော။
မသိသူက
မတတ်သူကိုခိုင်းခြင်း၏ ရလဒ်လည်း ဖြစ်ပေသည်။
(တချို့ကတော့
ဤသည်မှာ ယတြာချေခြင်းဖြစ်သည် ဆို၏။ ကြက်ဆူ ဆိုသည်မှာ စုကြည် ၏ ကက်ကင်းမဟုတ်လော။ သို့ကြောင့်
ကြက်ဆူပင်များ နိုင်ငံအနှံ့စိုက်ခြင်းဖြင့် စုကြည်ကို နံနှိမ်နိုင်မည် ဆို၏။ ဤသတင်းသာ
မှန်မည်ဆိုပါက ဤကဲ့သို့အတွေးအခေါ် အယူအဆရှိသူများ အုပ်ချုပ်သည့် တိုင်းပြည်တွင်နေထိုင်ရသော
ကျွန်ုပ်ကိုယ်ကျွန်ုပ် အလွန်သနားမိမည် ဖြစ်လေသည်။)
လုံးဝမတတ်သေးသူကို
သင်ပေးရတာလွယ်၏။
တတ်ယောင်ကားများကို
သင်ပေးလို့မရပါ။
အိပ်ချင်ယောင်ဆောင်သောသူကို
အနှိုးရခက်သလို ဖြစ်၏။
ဤနေရာတွင်
ဆရာကြီးမင်းသိင်္ခ၏ အယူအဆကို ကျွန်ုပ်အလွန်နှစ်သက်လှ၏။ မည်သည့်ဝတ္ထုထဲတွင်ပါသည်ကို မမှတ်မိတော့ပါ။
ကျောင်းသားဘဝက
ဖတ်ဖူးခဲ့တာ ဖြစ်ပါသည်။
သူက
တစ်ခုခုကို လေ့လာသင်ယူတော့မည်ဆိုလျှင် မိမိ၌ရှိသမျှ အကုန်လွှင့်ပစ်လိုက်ဘို့ ပြောပါသည်။
ငါ
ဘာမှမသိသေး ဟူသောစိတ်ဖြင့် သင်ယူရမည်။
ခွက်တစ်ခုခုထဲသို့
ရေထည့်မည်ဆိုပါက ခွက်ထဲ၌ နဂိုအခံရေ ရှိနေပါက အပြည့်အဝမထည့်နိုင်။
ထို့ကြောင့်
ရေအသစ်ကို အပြည့်အဝလိုချင်ပါက ခွက်ထဲမှရှိသမျှရေအားလုံးကို သွန်ထုတ်ပစ်ဘို့လိုသည်။
သို့မှ
ရေကောင်းရေသန့်ကို ခွက်နှင့်အပြည့် ရမည်။
သူ့သီအိုရီကား
အလွန်ရှင်းပါသည်။ ပညာရပ်တစ်ခုကို လေ့လာရာတွင် ငါဘာမှမသိသေးဟု ခံယူကာ အူမချေးခါးမကျန်
ရသမျှ အကုန်သင်ယူလေ့လာဘို့ ဖြစ်၏။ သို့မှလည်း တကယ့်ပညာတတ်တစ်ယောက် ဖြစ်လာနိုင်လေသည်။
ဆက်စပ်၍ပြောရလျှင်
ဆရာကြီးက ပညာ၏တန်ဘိုးကို ပုဏ္ဏားဘကွန်း ဝတ္ထုထဲတွင် ကျောက်တုံးလေးတစ်တုံးကို ဟောင်နေသည့်
ခွေး နှင့် ဥပမာထားပြောသွားပါသည်။ ရှာဖတ်ကြည့်ကြပါ။
ယခုတော့
မြန်မာပြည်တွင်လည်း ခေတ်များပြောင်းလာသကဲ့သို့ ပညာရှင်များလည်း ထိုက်သင့်အားလျော်စွာ
ပေါ်ထွက်လာပြီ ဖြစ်၏။ သို့သော် တိုင်းပြည်အခြေအနေနှင့် နှိုင်းစာလျှင် အလွန့်အလွန်ကို
နည်းပါးလှပါသေးသည်။ အထူးသဖြင့် နယ်ပယ် တစ်ခုတွင် professional ခေါ်ရလောက်အောင် တစ်ဖက်ကမ်းခတ်
တတ်မြောက်သူများကား လက်ချိုးလို့ရသည့် အခြေအနေ တွင်ပင် ရှိနေပါသေးသည်။ အချို့ပညာရပ်များဆိုလျှင်
လက်ချိုးရေရလောက်အောင်ကို မရှိပါဟု ဆိုရမလောက်ဖြစ်၏။
ဤအခြေအနေကပင်
မြန်မာပြည်ကို ပုဂ္ဂိုလ်ခင်၍ တရားမင်ရန် ဖန်တီးရန်အကြောင်းတစ်ခု ဖြစ်လာပါလေတော့၏။
(၃)
မယောင်သည့်နေရာကို ဆီလူးပြီး ကြောင်ကိုသာ အတင်းအကြပ် ရေချိုးပေးနေသည့် တိုင်းပြည်
ကျွန်ုပ်တို့ဆီတွင်
တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ အများပြည်သူတို့အတွက်လည်း အကျိုးမရှိ၊ ကိုယ့်အတွက်လည်း
အကျိုးမရှိ၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ ပိုက်ဆံများကို ဘီလျံနှင့်ချီကာ ဘုံးဘောလအော
ဖြုန်းပစ်ခဲ့ကြသည်ကို နေရာအတော်များများ တွင် တွေ့နိုင်လေသည်။ ကျွန်ုပ် ဥပမာ မပြတော့ပါ။
ဖေ့စ်ဘုတ်ပေါ်တွင် ဗလပွ ထလျှက်ရှိ၏။
တကယ်အရေးကြီးသည့်
အလုပ်များ လုပ်ဘို့ကျတော့ ပိုက်ဆံမရှိဟု ဆို၏။ မဆိုင်သူများကို အလကားမတ်တင်း လုပ်ခိုင်းချင်ကြ
လေ၏။ (ကျွန်ုပ် ISO 45001 စာအုပ်ကို ဘာသာပြန်ပေးသည့်အကြောင်းကို ပြောတာမဟုတ်ပါ။ အဲသဟာကတော့
ကိုယ်လုပ်ချင် လို့ လုပ်ပေးတာသာ ဖြစ်ပါသည်။ နောက်ထပ်လည်း ISO 14001, 9001 စာအုပ်များကိုလည်း
ဘာသာပြန်ပါဦးမည်။ ပိုက်ဆံ အတွက် မဟုတ်ပါ။ ဘယ်သူကမှ ခိုင်းလို့လည်း မဟုတ်ပါ။ ကျွန်ုပ်လုပ်ချင်လို့
လုပ်တာသာဖြစ်ပါသည်။) (အဲလေ၊ အဲဒါတွေ လုပ်ဖို့ အတွက်လည်း ပိုက်ဆံမရှိ ဆို၏။ အံ့သြဘ။)
ကျွန်ုပ်ဘာသာပြန်သကဲ့သို့
ကိုယ့်စေတနာနှင့်ကိုယ် လုပ်ပေးတာကလွဲလို့ ဘာတစ်ပြားမှမပေးဘဲ တိုင်းပြည်အတွက်ဆိုကာ အလကားမတ်တင်း
ခိုင်းသည့်ကိစ္စမျိုးကိုမူ ကျွန်ုပ်အနေနှင့် လားလားမှ သဘောမတူပါ။ လူအားလုံးသည် ကိုယ့်
စားဝတ်နေရေး အတွက် (အီကြာကွေး၏) ဖွတ်ကလိဒင်္ဂါးများရဘို့လည်း အလုပ်လုပ်နေရသေးသည်ဖြစ်ရာ
သည်ကိစ္စများကို ဘယ့်နှာလုပ် အချိန် ပေးလုပ်နိုင်ပါမည်နည်း။
နောက်ပြီး
ကိုယ့်အလုပ်နှင့်ကိုယ်မို့လို့ သူရို့ခိုင်းထားသည်များကို စိတ်ကူးရမှ သို့မဟုတ် အလုပ်အားသည့်အချိန်ကျမှ
ထ လုပ်ရ သည်ဖြစ်ရာ မည်ကဲ့သို့သာလျှင် ကွာလတီပရောဒတ် ရနိုင်ပါမည်နည်း။
အရေးကြီးသည့်အလုပ်တစ်ခုကို
လုပ်သည်ဆိုရာ၌ ဘာမှ မလုပ်ဘဲ သည်အလုပ်ကိုသာလျှင် ဇောက်ချ၊ စိတ်နှစ်ကာ လုပ်ရတာ ဖြစ်လေသည်။
ကျွန်ုပ် စာအုပ်များရေးသည့်အခါတွင်လည်း နေ့ခင်းတွင် အလုပ်လုပ်၍ ညဘက်ရောက်သည့်အခါ မည်သည့်ကိစ္စမှ
ခေါင်းထဲ အရောက်မခံဘဲ သည်အထဲ စိတ်ရောကိုယ်ပါနှစ်၍လုပ်တာ ဖြစ်ပါသည်။ တခါတလေ စာရေးရတာပျင်းလာလျှင်
ရုပ်ရှင် ကြည့်ပါသည်။
အစိုးဌာနကလူတွေကိုလည်း
အပြစ်တင်လို့ မဖြစ်ပြန်။
သူတို့မှာလည်း
သူတို့ပြဿနာနှင့် သူတို့ဖြစ်၏။
ဘတ်ဂျက်ဆိုသည့်အရာမှာ
ကောင်းကင်ဘုံက ချပေးမှ ရတာဆိုတော့ သူ့အဆင့်နှင့်တောင် (လူလုံးလှစေရန်) မည်ကဲ့သို့ အကြံအဖန်လုပ်နေရကြောင်း
ကျွန်ုပ်နှင့်ရင်းနှီးသည့် အရာရှိကြီးတစ်ယောက် ပြောတာ စိတ်မကောင်းစွာ ကြားခဲ့ရပါသည်။
သူ့၌ သူ့ဋ္ဌာနအတွက် idea ကောင်းကောင်းများ ရှိသည့်တိုင်၊ သူလုပ်ပေးချင်သည့်တိုင် ဘတ်ဂျက်အခြေအနေကြောင့်
သည်အတိုင်း လက်ပိုက်ကြည့်နေရကြောင်းများ ကြားသည့်အခါ ကျွန်ုပ် အတော်စိတ်မကောင်း ဖြစ်မိ၏။
လိုအပ်သည့်နေရာများ၌မသုံးဘဲ
မလိုအပ်သည့် ကြောင်ကိုရေချိုးခြင်းကိစ္စများအတွက် ပိုက်ဆံများဖြုန်းတီးခြင်းကိုမူ ရင်နာမိပါသည်။
သို့သော် သည်ကိစ္စမှာ ကျွန်ုပ်ဘာမှ တတ်နိုင်သည့်ကိစ္စမဟုတ်၍ ရင်နာရုံမျှသာ တတ်နိုင်ပါသည်။
ကျွန်ုပ်ကိုယ်တိုင်ပင်လျှင်
အစိုးရဝန်ထမ်းမလုပ်နိုင်တော့၍ ထွက်လာသည့်နောက် ဝန်ထမ်းလုပ်နေသည့်သူများကို အပြစ်မတင်မိ
အောင်လည်း ကြိုးစားရပါသည်။ ဤသည့်အတွေးအခေါ်မျိုးကို မွေးမြူပေးသည့် ဆရာဦးနေမျိုးမောင်ကိုလည်း
အလွန်ကျေးဇူး တင်ရပါ၏။
ဤသည့်အကြောင်းအချက်များကပင်
ပုဂ္ဂိုလ်ခင်၍ တရားမင်ရန် ဖန်တီးလာခြင်း အကြောင်းများ ဖြစ်လေသည်။
မိမိတို့ဌာနတွင်
ဘတ်ဂျက်မရှိလေတော့ ကိုယ်လုပ်ချင်သည့်ကိစ္စများကို ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ ဟိုလူ့လုပ်ပေးပါအုံး၊
ဒီလူ့ လုပ်ပေးပါအုံး အပူကပ်ရ၏။ သူတို့ကိုလုပ်ခိုင်းပြီဆိုမှတော့ မျက်နှာနာခြင်းတည်းဟူသော
တရားသည်လည်း အလိုလို ကပ်ပါလာလေတော့၏။ ထိုအခါ . . ထါအခို . . ထိုအခါ . . .
ထို့ကြောင့်
ပုဂ္ဂိုလ်ခင်၍ တရားမင်ခြင်းများကို လျှော့ချနိုင်ကြစေရန် တိုင်းပြည်၏ ဘတ်ဂျက်များကို
အကျိုးရှိမည့်နေရာများတွင် မှန်မှန်ကန်ကန် သုံးစွဲကြပါရန် အမတ်မင်းများကိုလည်း ကျွန်ုပ်က
မေတ္တာရပ်ခံပါ၏။
အစိုးရအရာရှိမင်းများအားလည်း
ကြောင်ရေချိုးသည့်အလုပ်များကို လျှော့ချကာ တကယ် အလုပ်ဖြစ်မည့်၊ တိုင်းပြည်အတွက် အကျိုးရှိမည့်အလုပ်များကို
လုပ်ကြပါရန်လည်း မေတ္တာရပ်ခံပါ၏။
ရေးစရာအကြောင်းတစ်ခုပေါ်လာ၍
ရေးလိုက်ရပြန်ပါ၏။
ကျွန်ုပ်
ဘာဆိုလိုသည်ကို သက်ဆိုင်သူများ သိပါလိမ့်မည်။
ကျွန်ုပ်ရေးတာ
သင်တို့ကို ပြစ်တင်ပြောဆိုလို၍ မဟုတ်။ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပြောခြင်းမျှသာ
ဖြစ်ကြောင်း အသင်တို့ နားလည်ပေးလျှင် ကျွန်ုပ်လက်ညောင်းခံရေးရကျိုးနပ်ပါပြီ။
လက်နက်ကိုင်အချင်းချင်း
လောင်ချာပစ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၇
သြဂုတ်၊ ၂၀၁၉
No comments:
Post a Comment