Thursday, July 2, 2015

S Pass အကြောင်း သိကောင်းစရာ


အောက်ပါအချက်အလက်များကို MOM website နှင့် Employment of Foreign Manpower (Work Passes) Regulations မှ ရယူထားခြင်း ဖြစ်ပါသည်။

၁။ မည်ကဲ့သို့ S Pass ချထားပေးသနည်း

            S Pass ကို အလယ်အလတ် ကျွမ်းကျင်သူ အတတ်ပညာရှင်များ (Mid-skilled technician staff) ခန့်ထားရန် ချထားပေးသည်။ S Pass တစ်ဦး၏ အနည်းဆုံးလစာမှာ စင်ကာပူဒေါ်လာ ၂၂၀၀ ဖြစ်၏။ သို့တိုင် အသက်ကြီးပြီး လုပ်ငန်းအတွေ့အကြုံပိုများသူများအား လခ ပိုပေးသင့်ပါသည်။
S Pass သက်တမ်းကို ၂ နှစ်ထိ ချထားပေးနိုင်သည်။ S Pass holder တစ်ယောက်သည် လခ ၄၀၀၀ နှင့် အထက်ရမှသာ မိမိ၏ လင်/မယား၊ သား/သမီးများအတွက် dependant’s pass လျှောက်ထားနိုင်သည်။ (Dependant pass တွင် မိဘ၊ ယောက္ခမ၊ မောင်နှမသားချင်းစသည်တို့မပါပါ။ မိဘများအတွက် Long Term Pass လျှောက်နိုင်ပါသည်။ သို့သော် Long Term Pass ကို PR သို့မဟုတ် Citizen မှသာ လျှောက်နိုင်ပါသည်။ EP, S Pass များ လျှောက်၍မရပါ။ Dependant pass နှင့် Long Term Pass များအကြောင်း သီးသန့်ရေးပါမည်။)
            S Pass လျှောက်ရန် ကုမ္ပဏီတွင် ခွဲတမ်း (Quota) ရှိရပါမည်။ အောက်တွင် ခွဲတမ်းတွက်ပုံနှင့် လဲဗီးကြေးကို အသေးစိတ် ဖော်ပြထားပါသည်။ ခွဲတမ်းတွက်ရန် ကုမ္ပဏီ၏ လုပ်ငန်းအမျိုးအစားကို ဖော်ပြရန်လိုပါသည်။ လုပ်ငန်းတစ်ခုနှင့်တစ်ခု ခွဲတမ်းချပေးပုံ မတူပါ။
            S Pass ချထားပေးသော ခွဲတမ်းမှာ Service Sector (ဆံပင်ညှပ်၊ အလှပြင်၊ ဟော်တယ်၊ စားသောက်ဆိုင် စသည်) အတွက် ကုမ္ပဏီရှိ လုပ်သားအင်အားစုစုပေါင်း၏ ၁၅% ဖြစ်ပြီး ကျန် sectors (Construction, Marine, Oil and PetroChemical, Manufacturing) များအတွက် ၂၀% ဖြစ်ပါသည်။ MOM website တွင်လည်း အလွယ်တကူ တွက်ယူနိုင်ပါသည်။ အောက်တွင် ရည်ညွှန်း website ကို ဖော်ပြ ပေးထား၏။
            ယခင်ကမူ S Pass တစ်ဦးအတွက် လဲဗီးမှာ ၅၀ မျှဖြစ်၏။ ယခုတော့ ဈေးတက်သွားပါပြီ။ လဲဗီးပေးရသော နှုန်းထားမှာ အောက်ပါ အတိုင်းဖြစ်၏။

Service Sector

Tier
Quota %
Monthly levy rate
Daily levy rate
Basic/Tier 1
Up to 10% of the total workforce
$315
$10.36
Tier 2
Above 10% to 15% of the total workforce
$550
$18.09

Service Sector မဟုတ်သော အခြား sector များအတွက်

Tier
Quota %
Monthly levy rate
Daily levy rate
Basic/Tier 1
Up to 10% of the total workforce
$315
$10.36
Tier 2
Above 10% to 20% of the total workforce
$550
$18.09

မှတ်ချက်။             ။ မည်သည့် sector ၌ မဆို S Pass quota ကို work permit quota အတွင်း၌သာ တွက်ပါသည်။
  Daily levy rate ဆိုသည်မှာ တစ်လအပြည့်မလုပ်သူများအတွက် ဖြစ်၏။

၂။ မည်သူတို့ S Pass လျှောက်နိုင်သနည်း

ဘွဲ့ သို့မဟုတ် ဒီပလိုမာတစ်ခုခု ရရမည်။ အချိန်ပြည့် ၁ နှစ်သင်တန်းတက်ရောက်ထားသော သင်တန်းဆင်းလက်မှတ်များကိုလည်း ထည့်သွင်းစဉ်းစားမည်။
ထို ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် လက်မှတ်နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိရမည်။ (လုပ်သက်မည်မျှရှိရမည်ဟု ဖော်ပြမထားပါ။)
မည်သည့်နိုင်ငံသားမဆို လျှောက်နိုင်သည်။

မှတ်ချက်။             ။ MOM website တွင် ဟော်ကာစင်တာ၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်ကဲ့သို့ မိသားစုပိုင် အသေးစားလုပ်ငန်းများတွင် နိုင်ငံခြားသား အလုပ်သမားများအား မခန့်ရဟု ဖော်ပြထားပါသည်။ သို့သော် ကျွန်တော်တို့ လက်ရှိပရောဂျက်အနီး 7 Miles Food Centre တွင် မူ S Pass နှင့်ခန့်ထားသော မြန်မာဝန်ထမ်း နှစ်ဦးကို တွေ့ရ၏။ ယခုမရှိတော့ပါ။ ၂၀၁၅၊ မေလက ထွက်သွားပါပြီ။

မိမိသည် S Pass လျှောက်ထားရန် အရည်အချင်း ပြည့်မီ မပြည့်မီကို Self Assessment Tool ဖြင့် စစ်ဆေးနိုင်၏။ ကွန်မင့်တွင် Link ကို ဖော်ပြထားပါသည်။ အကယ်၍ Self Assessment Tool ဖြင့် စစ်ဆေးပြီး လျှောက်၍ရသည်ဟု အဖြေထွက်ပါက ၉၀% ကျရန် သေချာသည်ဟု ဖော်ပြထား၏။

S Pass သည် လခ ၄၀၀၀ နှင့်အထက်ရပါက Dependant’s Pass လျှောက်ထားနိုင်သည်။ Dependant’s Pass အကြောင်း သီးသန့်ရေးပါမည်။


၃။ S Pass တစ်ဦးအတွက် ဆေးအာမခံ

            အလုပ်ရှင်သည် S Pass တစ်ဦးအတွက် တစ်နှစ်လျှင် စင်းဒေါ်လာ တစ်သောင်းခွဲတန် ဆေးအာမခံ ၀ယ်ရပါမည်။ ထိုဆေးအာမခံ ၀ယ်ယူခြင်းအတွက် အလုပ်ရှင်သည် အလုပ်သမားထံမှ ငွေကြေးတစုံတရာ တောင်းခံခြင်း မပြုစေရ။ သူဌေးနှင့် အလုပ်သမား ချုပ်ဆိုထားသော ကန်ထရိုက်စာချုပ်သည်လည်းကောင်း၊ ကုမ္ပဏီ၏ စည်းမျဉ်းများသည်လည်းကောင်း၊ အလုပ်သမားများ  လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းများသည်လည်းကောင်း ဥပဒေအရ ပြဌာန်းထားချက်များကို လွှမ်းမိုးခြင်း (override) မရှိစေရ။

ပထမ။    ။ Employment of Foreign Manpower (Work Passes) Regulations အရ အလုပ်သမား၏ ထိခိုက်ခြင်း/မမာမကျန်း ခြင်း စသည်တို့အတွက် (အလုပ်ကြောင့်ဖြစ်သော ရောဂါဖြစ်စေ၊ အလုပ်နှင့်မပတ်သက်သော ရောဂါဖြစ်စေ) (အတွင်းလူနာဖြစ်စေ၊ ပြင်ပလူနာ ဖြစ်စေ) ဆေးကုသစရိတ်ကို ဆေးအာမခံထဲမှသာ ကျခံစေရမည်။ အကယ်၍ ကုန်ကျစရိတ်သည် ဆေးအာမခံထက် ကျော်လွန်နေပါက (သို့မဟုတ်) Work Injury Compensation အောက်တွင် မပါပါက ထိုစရိတ်အားလုံးကို အလုပ်ရှင်က ကျခံရမည်။

ဒုတိယ။   ။ အကယ်၍ အလုပ်သမားသည် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရသောကြောင့်လည်းကောင်း၊ လုပ်ငန်းခွင်ကြောင့်ရသော ရောဂါတစ်ခုခု ခံစားရလျှင်သောကြောင့်လည်းကောင်း လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးဥပဒေ [ WICA (Work Injury Compensation Act) ] အရ တောင်း ခံထားသည်ဆိုပါစို့။ အလုပ်ရှင်သည် WICA အရ ပေးစရာရှိသော ဆေးခွင့်ယူနေစဉ်ခံစားခွင့်နှင့် ဆေးကုသစရိတ်တို့အပါအ၀င် ခံစားခွင့်တို့ကို WICA ထဲ၌ ပြဌာန်းထားသည့် အမြင့်ဆုံးခံစားခွင့်ထိ ပေးရမည်။ ထိုကုန်ကျစရိတ်တို့ကို ပေးနိုင်ရန် အလုပ်ရှင်သည် လခ ၁၆၀၀ သို့မဟုတ် ထို့ထက်နည်းသော ကာယလုပ်သားများအတွက် လုပ်ငန်းခွင်ထိခိုက်မှုအာမခံကို မဖြစ်မနေ ၀ယ်ထားရန် လို၏။ အကယ်၍ ၀ယ်ယူရန် ပျက်ကွက်ခဲ့ပါက အမြင့်ဆုံးဒဏ်ငွေ စင်းဒေါ်လာ တစ်သောင်း နှင့်/သို့မဟုတ် ထောင်ဒဏ် ၁၂ လ ကျခံစေရမည်။
အခြား လုပ်သားတို့အတွက်မူ အလုပ်ရှင်သည် အာမခံဝယ်မည်လား၊ မိမိဘာသာပေးမည်လား ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ သို့သော် အိတ်ထဲမှ စိတ်ထုတ်ကုန်ကျ ရမှုကို လျှော့ချနိုင်စေရန် လုပ်ငန်းခွင်ထိခိုက်မှုအာမခံကို ၀ယ်ထားရန် အကြံပြုပါသည်။

နောက်ဆုံးအချက်။  ။ အလုပ်ခန့်ထားခြင်းဥပဒေ (Employment Act) အရ အကြုံးဝင်သော နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်ရှင်သည် အသိအမှတ်ပြု ဆရာဝန်ကပေးထားသည့် မမာမကျန်းခွင့် (သွားဆေးခွင့်အပါအ၀င်) ကို ခံစားခွင့်ပေးရမည်။ လစာခံစားခွင့်ရှိသော ဆေးခွင့် မည်မျှရသည်ဆိုသည်မှာ လုပ်သက်နှင့်ဆိုင်သည်။

            Employment of Foreign Manpower (Work Passes) Regulations အရ S Pass တစ်ဦး၏ ဆေးဘိုးဝါးခ ကုန်ကျသမျှငွေ အားလုံးကို (အာမခံထားသည့် စင်းဒေါ်လာ တစ်သောင်းခွဲထက် ကျော်လွန်နေသည့်တိုင်) အလုပ်ရှင်သည် အားလုံးကျခံရန် တာဝန်ရှိသည်။ သို့သော် အလုပ်နှင့်မပတ်သက်သော ရောဂါများအတွက်မူ အလုပ်ရှင်သည် ဆေးဘိုးကုန်ကျငွေ၏ တစ်စိတ်တစ်ပိုင်းကို အလုပ်သမားအား ကျခံ စေရန် တောင်းဆိုနိုင်သည်။ သို့သော် ထိုကုန်ကျစရိတ်မှာ ဆေးအာမခံ တစ်သောင်းခွဲထက် ပိုလွန်သောဆေးဘိုးအတွက်သာ ဖြစ်ရမည်။ သို့သော် အလုပ်သမားကျခံရမည့် ဆေးဘိုးသည် ၎င်းရရှိသောလခ၏ ၁၀%ထက် မပိုစေရ။ ထိုသို့ ကျခံစေသောကာလသည်လည်း ၆ လထက် မပိုစေရ။ အလုပ်သမားက ဤသို့ကျခံရန်သဘောတူသည့်အကြောင်း ကန်ထရိုက်စာချုပ်ထဲတွင် ထည့်သွင်းချုပ်ဆိုထားရမည်။ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်သည် မည်သည့်အကြောင်းနှင့်မှ တည်ဆဲဥပဒေများကို လွှမ်းမိုးခြင်း မရှိစေရ။
            S Pass တစ်ဦးသည် ကုမ္ပဏီဆရာဝန်ထံ ဆေးကုသခြင်းမခံယူဘဲ အခြားဆရာဝန်ထံ ပြသသည့်တိုင် အလုပ်ရှင်သည် ထိုဆေးဘိုး ၀ါးခကို ပေးရန်တာဝန်ရှိသည်။
            အကယ်၍ အလုပ်သမားသည် အလုပ်နှင့်မသက်ဆိုင်သော နာတာရှည်ရောဂါ ခံစားနေရပါက အလုပ်ရှင်သည် အလုပ်သမားအား သူ့အိမ်သို့ ပြန်လွှတ်နိုင်သည်။ ဤသို့ပြန်လွှတ်ခြင်းအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်မှ ကျခံစေရမည်။ သို့သော် လျော်ကြေးငွေ တောင်းခံခြင်းကဲ့သို့သော အမှုအခင်းကိစ္စများ မပြတ်သေးပါက ပြန်မလွှတ်စေရ။
            အလုပ်ရှင်သည် S Pass တစ်ဦးအတွက် တင်ထားသော ဆေးအာမခံအချက်အလက်များ (အာမခံကုမ္ပဏီနာမည်၊ ပေါ်လစီနံပါတ်၊ ပေါ်လစီဝယ်သည့်နေ့ နှင့် သက်တမ်းကုန်မည့်နေ့) စသည်တို့ကို MOM သို့ တင်ပြရမည်။ အကယ်၍ အလုပ်ရှင်သည် ဆေးအာမခံ အချက် အလက်များကို တင်ပြရန်ပျက်ကွက်ခဲ့ပါက S Pass ကို ထုတ်ပေးမည်မဟုတ်ပါ။
            လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးဥပဒေ [ WICA (Work Injury Compensation Act) ] သည် အိမ်အကူလုပ်သား (FDW - Foreign Domestic Workers) များနှင့် ယူနီဖောင်းဝတ် ၀န်ထမ်းများ (ဥပမာ - ရဲ၊ စစ်သား၊ မီးသတ်)၊ မိမိဘာသာခန့်ထားသူများ (Self-employed persons or independent contractors) အတွက် အကြုံးမ၀င်ပါ။
            အခြေခံလစာပြည့်နှင့် ခံစားခွင့်ရှိသော ဆေးခွင့်/ဆေးရုံတက်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်၏။

လုပ်သက်
ဆေးခွင့် (အလုပ်လုပ်သောရက်)
ဆေးရုံတက်ခွင့် (အလုပ်လုပ်သောရက်)
၃ လ
၁၅
၎ လ
၃၀
၅ လ
၁၁
၄၅
၆ လ နှင့်အထက်
၁၄
၆၀

            S Pass တစ်ဦးသည် WICA ဥပဒေအောက်တွင် ခံစားခွင့်ရပါက Employment Act အောက်မှ ဆေးခံစားခွင့်များကို ခံစားခွင့် မရှိပါ။ အကယ်၍ ၎င်းသည် အလုပ်နှင့်မပတ်သက်သည့် ရောဂါများအတွက် ဆေးကုသမှုခံယူရပါက ထိုကုန်ကျစရိတ်များကို Employment Act အောက်မှသာ ခံစားခွင့်ရှိပြီး WICA ဥပဒေအရ ခံစားခွင့်မရပါ။

၎။ Condition of Work Pass တွင် ဖော်ပြထားသည့် ဥပဒေအရ လိုက်နာရမည့် အချက်များ

Second Schedule

Part I

၁။ အလုပ်သမား၏ ဆေးကုသစရိတ်အားလုံးကို ကျခံရန် အလုပ်ရှင်တွင် တာဝန်ရှိသည်။
၂။ MOM ၏ လိုအပ်ချက်အရ ပြုလုပ်ရသော ဆေးစစ်ခြင်းအားလုံးအတွက် ကုန်ကျစရိတ်အားလုံးကို အလုပ်ရှင်ကသာ ကျခံစေရမည်။
၃။ အလုပ်ရှင်သည် အလုပ်ခန့်ထားခြင်းအတွက် အလုပ်သမားထံမှ အခကြေးငွေ တစုံတရာ တောင်းခံခြင်းမပြုရ။

Part II

၁။ အလုပ်ရှင်သည် မိမိ၏ နိုင်ငံခြားသားဝန်ထမ်းအတွက် တစ်နှစ်လျှင် (အနည်းဆုံး) တစ်သောင်းခွဲတန် ဆေးအာမခံ ၀ယ်ထားရမည်။
၂။ အလုပ်ရှင်သည် မိမိဝန်ထမ်းအား MOM ၏ လိုအပ်ချက်အရ ပြုလုပ်ရသော ဆေးစစ်ခြင်းကို ပြုလုပ်ပေးရမည်။
၃။ အကယ်၍ အလုပ်သမားပျောက်ဆုံးသွားပါက MOM သို့ (ပျောက်သည်ဟုသိပြီး) ၇ ရက်အတွင်း အကြောင်းကြားရမည်။
၎။ အကယ်၍ အလုပ်သမားသေဆုံးပါက MOM သို့ (သေဆုံးသည်ဟုသိပြီး) ၁၂ နာရီအတွင်း အကြောင်းကြားရမည်။

Fifth Schedule

Part I

၁။ အလုပ်ရှင်သည် S Pass ၀န်ထမ်းတစ်ဦးအား ပေးရမည့်လစာထက် မနည်းစေပဲ ပေးရမည်။ လခကို လခထုတ်သည့်ရက်မှ ၇ ရက်ထက် နောက်မကျစေပဲ ပေးရမည်။ 
၂ နှင့် ၃ မှာ အထက်တွင်ဖော်ပြခဲ့သော “S Pass တစ်ဦးအတွက် ဆေးအာမခံ” အကြောင်းများ ဖြစ်ပါသည်။
၎။ အလုပ်ရှင်သည် အလုပ်ခန့်ထားခြင်းအတွက် အလုပ်သမားထံမှ အခကြေးငွေ တစုံတရာ တောင်းခံခြင်းမပြုရ။
၅။ အလုပ်ရှင်သည် S Pass ၀န်ထမ်း၏ မူရင်း S Pass card ကို သိမ်းယူထားခြင်း မပြုရ။ မူရင်း S Pass card အား S Pass ၀န်ထမ်းကိုသာ ကိုင်ဆောင်ထားခွင့် ပြုရမည်။
၇။ အလုပ်ရှင်သည် ၀န်ထမ်းအား S Pass cancel လုပ်ပြီး ၇ ရက်အတွင်း မူရင်း S Pass card ကို MOM သို့ ပြန်လည်အပ်နှံရမည်။
၈။ အလုပ်ရှင်သည် ၀န်ထမ်းအား မိခင်နိုင်ငံသို့ ပြန်မပို့မီ လခစသည့် ပေးစရာရှိသည်များကို အကျေပေးချေရမည်။
၉။ (MOM က ခွင့်ပြုသည်မှအပ) ထိခိုက်ဒဏ်ရာ လျော်ကြေးငွေ စသော ကိစ္စများမပြီးပြန်မချင်း အလုပ်ရှင်သည် ၀န်ထမ်းအား မိခင်နိုင်ငံသို့ အတင်းအကျပ် ပြန်မလွှတ်ရ။

Part II

၅။ အလုပ်ရှင်သည် S Pass အတွက် လခကို GIRO (General Interbank Recurring Order) သို့မဟုတ် MOM မှအတည်ပြုထားသော နည်းလမ်းများဖြင့် ပေးရမည်။ (GIRO ဆိုသည်မှာ စီစဉ်ထားသည့်အတိုင်း မိမိဘဏ်ငွေစာရင်းထဲသို့ အလိုအလျောက် ငွေဖြည့်ပေးသောစနစ် ဖြစ်ပါသည်။)
၉။ နိုင်ငံခြားသားအလုပ်သမားအတွက် လဲဗီးကြေးကို အလုပ်ရှင်သည် GIRO သို့မဟုတ် MOM မှအတည်ပြုထားသော နည်းလမ်းများဖြင့် ပေးရမည်။

Part III

၁။ S Pass holder တစ်ဦးသည် S Pass ကဒ်ပေါ်တွင်ဖော်ပြထားသည့် အလုပ်ရှင်၊ ရာထူးနှင့် လုပ်ငန်းအတွက်သာ လုပ်ပိုင်ခွင့်ရှိသည်။
၎။ မိမိနေထိုင်သည့်လိပ်စာကို MOM သို့အကြောင်းကြားရမည်။ လိပ်စာပြောင်းတိုင်းလည်း အကြောင်းကြားရန်လိုသည်။

Part IV

၁။ S Pass holder တစ်ဦးသည် MOM ၏ ခွင့်ပြုချက်မရဘဲ -
က) စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခွင့်မရှိ။
ခ) စီးပွားရေးလုပ်ခွင့်မရှိ။
ဂ) မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုခု၏ အတွင်းရေးမှူး၊ မန်နေဂျာ၊ ဒါရိုက်တာ ဖြစ်ခွင့်မရှိ။
ဃ) မည်သည့်စီးပွားရေးလုပ်ငန်းတွင်မှ ပါတနာ (ရှယ်ယာဝင်) ဖြစ်ခွင့်မရှိ။
င) မှတ်ပုံတင်ထားသည့် limited liability partnership တစ်ခုခု၏ မန်နေဂျာ၊ ပါတနာ (ရှယ်ယာဝင်) ဖြစ်ခွင့်မရှိ။
စ) မှတ်ပုံတင်ထားသည့် limited liability partnership တစ်ခုခု၏ general partner, limited partner ဖြစ်ခွင့်မရှိ။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၉ ဇွန်လ၊ ၂၀၁၅။ ည ၁၁း၀၇ နာရီ

ရည်ညွှန်း


No comments: