Thursday, July 16, 2015

စင်ကာပူမှ ဘ၀ခါးခါးများအတွက် အကြံပြုချက်

ဖုံးပြန်ဖြေရ၊ ဖုံးမက်ဆေ့ခ်ျတွေပြန်ဖြေရ၊ ဗိုက်ဗာ မက်ဆေ့တွေ အကြောင်းပြန်ရ၊ ဖေ့စ်ဘုတ် မက်ဆေ့ခ်ျတွေ၊ ကွန်မင့်တွေ ပြန်ဖြေရနဲ့ အလွန် အင်မတန့်ကို အလုပ်ရှုပ်နေပါတယ်ခင်ဗျား။ (ညက ၁၁ နာရီလောက်၊ လေဆိပ် လ.၀.က မှာ ပြဿနာတက်နေလို့ဆို တစ်ယောက်ဆက်သေး၊  စကားပြောလို့မှမပြီးသေးခင် လူဝင်လာလို့ ဖြတ်လိုက်တယ်။ ဘာဖြစ်သွားမှန်းမသိ၊ ထပ်လည်း ဆက်သွယ်လို့မရတော့။)


အားလုံးကို ခြုံပြီး အုပ်စုခွဲလိုက်ရင် သုံးမျိုးရပါတယ်။

၁။ စင်ကာပူကို အလုပ်လာလုပ်ချင်၊ အလည်လာချင်တဲ့သူတွေ၊ (အလုပ်လာလုပ်ချင်တဲ့သူက ပိုများ)

၂။ စင်ကာပူရောက်၊ အလုပ်ရပြီး အလုပ်မှာအဆင်မပြေတဲ့သူတွေ၊ သူဌေးကမကြိုက်လို့ အလုပ်ဖြုတ်လိုက်တဲ့သူတွေ

၃။ အေးဂျင့်တွေ ကလိမ်ကကျစ်ကျလို့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ တိုင်ပတ်နေတဲ့သူတွေ (အဲဒီသူတွေထဲမှာ FDW (maid) နဲ့ ရိုးရိုး လို့ နှစ်မျိုးထပ်ခွဲလို့ ရပါတယ်။


++++++++++++++++++++++++

၁။ စင်ကာပူကို အလုပ်လာလုပ်ချင်၊ အလည်လာချင်တဲ့သူတွေ အတွက် -


၁က။ အလည်လာချင်တဲ့သူတွေ -


စင်ကာပူမှာနေသူတစ်ယောက်ယောက်က စပွန်ဆာလုပ်ပေးရင် ပိုအဆင်ပြေပါတယ်။ စင်ကာပူကို လာတဲ့အခါ form 14A နဲ့ သူလက်မှတ်ထိုးထားတဲ့ form V39A ယူခဲ့ပါ။

စင်ကာပူက စပွန်စာလုပ်ပေးမဲ့သူမရှိခဲ့ရင် စင်ကာပူရောက်ရင် ဘယ်မှာနေမယ်ဆိုတာ ကြိုသိထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ နောက်ပြီး စင်ကာပူမှာနေမဲ့ကာလအတွင်း သုံးဘို့စွဲဘို့ လုံလောက်တဲ့ပိုက်ဆံ ယူခဲ့ဘို့ လိုပါလိမ့်မယ်။ တကယ်လို့ ICA က မေးခဲ့ရင် ပြလို့ရအောင်ပါ။  စင်ကာပူဒေါ်လာ သုံးသောင်းထက်ပိုရင် အကောက်ခွန်မှာ declare လုပ်ရပါမယ်။ အသုံးစရိတ်အတွက် ပိုက်ဆံ ဘယ်လောက်ယူခဲ့ရမယ်လို့ ပြောမထားပါ။ ပိုက်ဆံဘယ်လောက်ယူခဲ့ရမလဲဆိုတာ တွက်ပေးစမ်းပါဆိုရင်ဖြင့် ကျွန်တော်တွက်ပြပါမယ်။ (အိမ်လခ၊ စားစရိတ်၊ သွားတဲ့လာတဲ့ စရိတ်၊ အသုံးစရိတ်၊ ဘာညာသာရကာ)

စင်ကာပူလာတဲ့အခါ မြန်မာပြည်က စီးကရက်ဘူးတွေ သယ်မလာခဲ့ပါနဲ့။ သောက်ရတာနဲ့ မကာမိအောင် အခွန်ဆောင်ရပါလိမ့်မယ်။ နောက်ပြီး သူတို့ဆီရောက်မှ စီးကရက်ဘူးတွေကို အခွန်မဆောင်ချင်လို့ လွှင့်ပစ်မယ် ဆိုလည်း မရပါ။ အခွန်ဆောင်ကို ဆောင်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂ နှစ် လောက်က ကျွန်တော်နဲ့အတူတူ ပြန်လာတဲ့သူငယ်ချင်းတစ်ယောက် ခံလိုက်ရဖူးပါပြီ။

သြော် - နောက်တစ်ခု။ ဒီနှစ်မှ အသစ်တိုးလိုက်တဲ့ဥပဒေအရ ငုံဆေးနဲ့ ဆေးရွက်ကြီးတွေလည်း ခွင့်မပြုပါ။ ဖမ်းလို့ရပါတယ်။ ကောင်းတာကတော့ ဆေးလိပ်၊ ဆေးရွက်ကြီး ဘာမှ မသယ်လာပါနဲ့။ ဒီရောက်မှ ၀ယ်သောက်ပါ။

နောက်ပြီး ICA က တုံးထုပေးလိုက်တဲ့ white card ကို လုံးဝမပျောက်ပါစေနဲ့။ အဲဒါဟာ စင်ကာပူမှာနေခွင့် ပါမစ်ပါ။ စင်ကာပူက ပြန်ထွက်တဲ့ အခါ ICA ကို ပြန်အပ်ရပါမယ်။ ပတ်စ်ပို့စာအုပ်ထဲညှပ်ပြီး သေသေချာချာ သိမ်းထားပါ။ white card ပျောက်ရင် ဒုက္ခနဲ့လှလှနဲ့ တိုးရတတ် ပါတယ်။

စင်ကာပူရောက်ပြီး နောက်ထပ်သက်တမ်းတိုးလိုသူများ သက်တမ်းမကုန်ခင် တစ်ပတ်လောက်ကြိုပြီး သက်တမ်းတိုးပါ။ အွန်လိုင်းတိုးလို့ ရပါတယ်။ သက်တမ်းကို တစ်ကြိမ် တိုးလို့ရပါတယ်။ တိုးတာမှာ ရက် ၃၀ တိုးတာနဲ့ ၈၉ ရက်တိုးတာလို့ နှစ်မျိုးရှိပါတယ်။ စင်ကာပူနိုင်ငံသား ဒါမှမဟုတ် PR တွေရဲ့ မိသားစုဝင်တွေမှ ၈၉ ရက် တိုးလို့ရပါတယ်။ ကျန်တဲ့သူတွေကိုတော့ ရက် ၃၀ ပဲတိုးခွင့်ပြုပါတယ်။


၁ခ။ အလုပ်ရှာရအောင် လာတဲ့သူတွေ -


လူတွေရဲ့မသိနားမလည်မှုအပေါ် အမြတ်ထုတ်ဘို့ ချောင်းနေတဲ့သားစားဘီလူးတွေဟာ သွားရေတမြားမြားနဲ့ သွားဖြဲပြီး စင်ကာပူမှာ အဆင်သင့်စောင့်နေတယ်ဆိုတာ မမေ့ပါနဲ့။ သူတို့ရဲ့ ခံတွင်းထဲ လျှောကနဲ ကျမသွားအောင် သတိဝီရိယနဲ့နေပါ။

ကိုယ့်ဘာသာ အလုပ်ရှာရတာ အဆင်မပြေလို့ အေးဂျင့်နဲ့ရှာမယ်ဆိုရင် အဲဒီအေးဂျင့်ဟာ လိုင်စင်ရ အေးဂျင့်ဟုတ်တာ သေချာပါစေ။ (သူတို့ Name Card ကိုယူကြည့်ပါ။ Name Card ပေါ်မှာ လိုင်စင်နံပါတ်မပါရင် မယုံပါနဲ့။ ဒါမှမဟုတ် သူတို့ဟာ လိုင်စင်ရအေးဂျင့်ဖြစ်ကြောင်း အထောက်အထားပြခိုင်းပါ။)

ဘယ်လိုအကြောင်းနဲ့မှ ပိုက်ဆံကို လက်မလွန်ပါစေနဲ့။ အေးဂျင့်ဖီးကို ကိုယ့်လက်ထဲ Work Pass (S Pass, EP card etc..) ရောက်လာတော့မှ အကျေချေပါ။

((အရေးကြီးဆုံးက ဘယ်တော့မှ မညာပါနဲ့။ လက်မှတ်အတုတွေ မလုပ်ပါနဲ့။ တစ်ခါမှ မလုပ်ခဲ့ဖူးတာကို ဘယ်နှနှစ် လုပ်သက်ရှိပြီလို့ မညာပါနဲ့။ ညာပြီဆိုတာနဲ့ သေတွင်းထဲ ခြေတစ်လှမ်းဝင်နေမိပြီဆိုတာ အသေမှတ်ထားပါ။ ကိုယ်ညာာထားတာကို မိလို့ကတော့ စင်ကာပူကို နောက်ထပ် ဘယ်လိုအကြောင်းနဲ့မှ လာလို့မရတော့ပါဘူး။))

မလုပ်တတ်ဘဲနဲ့ လုပ်တတ်တယ်ပြောပြီး အင်ဂျင်နီယာရာထူး၊ ကိုအော်ဒီနေတာ ဘာညာ လုပ်တာ ကိုယ့်သေတွင်း ကိုယ်တူးတာပါဘဲ။ အလုပ်  စလျှောက်ပြီဆိုကတည်းက ကိုယ် ဘာလုပ်တတ်တယ်၊ ဘာမလုပ်တတ်ဘူး၊ သေသေချာချာ ပြောပြပါ။ ကိုယ်မလုပ်တတ်တဲ့အလုပ်ကြီး ရ-လာခဲ့ရင် လုံးဝလက်မခံပါနဲ့။ ခါးခါးသီးသီး ငြင်းပါ။ ဒီအလုပ်ကိုလက်လွှတ်ပြီး နောက်အလုပ်တစ်ခု ထပ်ရှာမလား။ နေ့တိုင်း ဒူးနဲ့မျက်ရည် သုတ်နေမလားဆိုတာ ကိုယ့်ဘာသာရွေးပါ။

အလုပ်ချိန်၊ လခ စတာတွေကို သေသေချာချာ မေးပါ။ ကိုယ်မလုပ်နိုင်တာကြီးကို ဇွတ်မှိတ်လက်မခံပါနဲ့။

နောက်ပြီး လက်မှတ်ကို အရမ်းရောကာရော မထိုးပါနဲ့။ ဘာစာတွေမှန်းမသိရင် အရင်ဆုံး သိအောင် ကြိုးစားပါ။ အင်္ဂလိပ်လိုမို့ မဖတ်တတ်ဖူး ဆိုရင် ကော်ပြီကူးပြီး ကျွန်တော့်ဆီလာပါ။ ကျွန်တော်ရှင်းပြပါမယ်။ ဒါမှ ကိုယ့်ကို ခြိမ်းခြောက်ပြီး အတင်းထိုးခိုင်းနေဦးမယ်ဆိုရင် ရဲကိုသာ ခေါ်လိုက်ပါ။ ရဲနံပါတ်က 999 ဖြစ်ပါတယ်။

အလုပ်နဲ့ပတ်သက်တဲ့ ကန်ထရိုက်စာချုပ်၊ လစာစလစ်၊ ဆေးမှတ်တမ်း စတာတွေကို ကော်ပီကူးပြီး ကျကျနန သိမ်းထားပါ။

++++++++++++++++++++++++

၂။ စင်ကာပူရောက်၊ အလုပ်ရပြီး အလုပ်မှာအဆင်မပြေတဲ့သူတွေ၊ သူဌေးကမကြိုက်လို့ အလုပ်ဖြုတ်လိုက်တဲ့သူတွေ -


သူဌေးဆိုတာ ကိုယ့်ကိုပိုက်ဆံပေးတဲ့သူဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် သူ့ကျေးဇူး ကိုယ့်အပေါ်ရှိပါတယ်။ သူပေးတဲ့လခနဲ့ပဲ ကိုယ်နဲ့ ကိုယ့်မိသားစု စားဝတ်နေရေးကို ဖန်တီးရမှာမို့ သူ့ကို အတတ်နိုင်ဆုံး မေတ္တာထားပါ။ သူ ကိုယ့်ကိုအလုပ်မခန့်ရင် ဒီလခ ရမှာမဟုတ်ပါဘူး။ သူက ပိုက်ဆံပေးသလို ကိုယ်ကလည်း အဲဒီပိုက်ဆံနဲ့ညီမျှတဲ့ အလုပ် ပြန်လုပ်ပေးဘို့လိုပါတယ်။ အလုပ်တော့ ဘာမှမလုပ်တတ်ဘူး။ လခတော့ လိုချင်တယ်ဆိုရင် တရားပါ့မလား။ ကိုယ်ဘယ်လောက်လုပ်တယ်၊ ရိုးသားတယ် ဆိုတာ CCTV တပ်ပြီး စောင့်ကြည့်နေစရာမလိုပါဘူး။ ကိုယ့် ကိုယ်စောင့်နတ် သိပါတယ်။

သူတို့က တကယ်အလုပ်လုပ်ဖို့ လူလိုတဲ့အတွက်ကြောင့်သာ ကိုယ့်ကိုခန့်တာပါ။ မလိုပဲ ခန့်ပါမလား။ အဲဒီအတွက် သူခေါ်တဲ့အလုပ်အတွက် ငါ အတတ်နိုင်ဆုံး တာဝန်အကျေဆုံးလုပ်ပေးရမယ်ဆိုတာ စိတ်ထဲမှာ သံမှိုနှက်သလို စွဲမှတ်ထားပါ။ ဘယ်သောအခါမှ ၀တ်ကျေတန်းကျေ မလုပ်ပါနဲ့။ လုပ်သမျှအလုပ်တိုင်းဟာ အကောင်းဆုံးဖြစ်နေပါစေ။ ကိုယ်တကယ်မတတ်ရင်တောင်မှ ကိုယ်ဘယ်လောက်ကြိုးစားလုပ်နေတယ် ဆိုတာ သူတို့သိရင် ကျေနပ်ပါလိမ့်မယ်။ မသိတာကို မသိဘူး ၀န်ခံပါ။ သိအောင် လေ့လာသင်ယူပါ။ ကိုယ်တကယ် စေတနာအမှန်နဲ့ လုပ်ပေးနေရင် အလိုလို အဆင်ပြေသွားပါလိမ့်မယ်။

ကာလတိုတစ်ခုအတွင်း ကိုယ်အလုပ်ထုတ်ခံရပြီဆိုရင် များသောအားဖြင့်တော့ ကိုယ် အလုပ်လုပ်တာ ပုံမကျလို့ ဖြစ်ပါလိမ့်မယ်။ ကိုယ်သာ ကောင်းကောင်းမွန်မွန် လုပ်တတ်ရင် အလုပ်ရှုပ်ခံပြီး နောက်တစ်ယောက် ထပ်ခန့်လိုမှာ မဟုတ်ပါဘူး။ တစ်ယောက်ကိုဖြုတ်ပြီး နောက်တစ်ယောက် ထပ်ရှာ၊ အလုပ်သစ်ထပ်ခန့် ဆိုတာ အင်မတန် အလုပ်ရှုပ်ပါတယ်။ အလကားနေရင်း ဘယ်သူမှ အလုပ်ရှုပ်ခံလိုမှာ မဟုတ်ပါဘူး။ ၀ပ်ပါမစ်အလုပ်သမားခန့်တဲ့အလုပ်ရှင်တွေဆို သူခန့်လိုက်တဲ့ ၀ပ်ပါမစ်အလုပ်သမားဟာ CSOC ကျလို့ ၀ပ်ပါမစ် မရဘဲ ပြန်လွှတ်ခံရရင် နောက်ထပ် အလုပ်သမားခေါ်ခွင့်ကို ၃ လ အပိတ်ခံရပါတယ်။

ဒါမှအဆင်မပြေသေးဘူးဆိုရင် -

ကိုယ်က သူတို့နဲ့ နေ့တိုင်းမျက်နှာချင်းဆိုင်နေရမှာဆိုတော့ မချစ်သော်လည်း အောင့်ကာနမ်းပြီး ကာလတစ်ခုထိ စောင့်ပါ။ ဒီကြားထဲ နောက်အလုပ်တစ်ခု ကြိတ်ရှာပါ။ နောက်အလုပ်ရတော့မှ တိတ်တိတ်ကလေး လစ်ထွက်သွားလိုက်ပါ။

++++++++++++++++++++++++

၃။ အေးဂျင့်တွေ ကလိမ်ကကျစ်ကျလို့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ တိုင်ပတ်နေတဲ့သူတွေ (အဲဒီသူတွေထဲမှာ FDW (maid) နဲ့ ရိုးရိုး လို့ နှစ်မျိုးထပ်ခွဲလို့ ရပါတယ်။)

သူတို့က ပိုက်ဆံရှိပြီး ဒီကိစ္စမျိုးမှာ ၈ စပ်က ဂျင်ခြေလည်နေတဲ့သူတွေဖြစ်လို့ သူတို့နဲ့ ပြိုင်မမိုက်ပါနဲ့။ MOM ကိုသာသွားပါ။ အလုပ်သမားတွေရဲ့ ပြဿနာတွေကိုရှင်းဘို့ MOM မှာ ဌာနတစ်ခု သီးသန့်ရှိပါတယ်။

MOM ကိုသွားတဲ့အခါ ကိုယ့်မှာ အထောက်အထား ပြည့်ပြည့်စုံစုံရှိဘို့ လိုပါလိမ့်မယ်။ ကိုယ်လက်မှတ်ထိုးလိုက်ရတဲ့စာရွက်စာတမ်းတွေ၊ ဆေးလက်မှတ်တွေ၊ ၀ပ်ပါမစ်၊ လစာပေးတဲ့စာရွက်၊ ဆေးခွင့်၊ စတာတွေကို ကော်ပီကူးပြီး သေသေချာချာ သိမ်းထားပါ။ ကော်ပီကူးဘို့ အခွင့်မသာခဲ့ရင် ဓာတ်ပုံရိုက်ယူထားပါ။

အဲဒီပြဿနာတွေရှင်းဘို့ ရှေ့နေဆီမသွားပါနဲ့။ သူပြောတိုင်း ခံနေရပါလိမ့်မယ်။ MOM ကိုသာသွားပါ။ အင်္ဂလိပ်လို ရေရေလည်လည် မပြောတတ်ရင် MOM officer ရှေ့ရောက်မှ ကျွန်တော့်ဆီ ဖုံးဆက်လိုက်ပါ။ ကျွန်တော် သေသေချာချာ ရှင်းပြပေးပါမယ်။

အယ်မယ်လေး -

မလွယ်ပါလားဗျို့။

သန်းခေါင်ကျော်ပြီ။

အိပ်တော့မယ်။

အေးငြိမ်း
၂၂ ဇွန်၊ ၂၀၁၅။ ၀၀း၀၆ နာရီ

No comments: