Monday, December 15, 2014

ကျွန်ုပ်ကံမကောင်းသောနေ့

ယခုချိန်ထိ ကျွန်ုပ်ကံကောင်းသောနေ့ ဟု စာတစ်ပုဒ်မှ ရေးမထုတ်စဖူးသေး။ အလွန်ကံမွဲသော ကျွန်ုပ်ပါတည်း။

စာအုပ်မိတ်ဆက်ပွဲတွင် ရွှေပွဲလာပရိသတ်များကို ပေးရန် လိပ်စာကဒ် လုပ်သည်။ ကိုယ့်ဘာသာကိုယ်ရိုက်၊ ပရင့်ထုတ်ပြီး အပ်တာဖြစ်၏။ သွားအပ်တော့ မြန်မာစာစီတဲ့ မိန်းကလေးမရှိလို့ နက်ဖြန်မှ ဖုံးခေါ်ခိုင်းလိုက်ပါမယ် ဟု ပြောသဖြင့် စာရွက်ပေးကာ ပြန်ခဲ့သည်။ သူတို့ပြောသည့် နက်ဖြန်တွင်လည်း ဖုံးမခေါ်သည်နှင့် ဥစ္စာရင်လိုဥစ္စာရင်ခဲ ကိုယ်ကစခေါ်ရ၏။ မြန်မာလိုရိုက်ထားတဲ့ လိပ်စာကဒ်အခြေအနေ ဟု မေးသောအခါ တိုက်ဆိုင်စွာပင် ထိုမြန်မာမိန်းကလေးနှင့် တွေ့ပါ၏။ သူပြင်ပြီး ခဏနေပို့ပေးလိုက်ပါမယ် ဟု ဆိုလေသည်။ ဖုံးသာမဆက်လျှင် လုပ်မည့်ပုံမရှိ။

အတော်ကြာတော့ အီးမေးရောက်လာ၊ ဘာမှပြင်စရာမရှိသဖြင့် ဆက်လုပ်ပါဟု ဆိုလိုက်သည်။ အလုပ်မှ ပြန်ခါနီးတွင် ကဒ်များ ရပါပြီဟု အီးမေးရသည်။ သို့သော် အရေးတကြီး ဘဏ်သွားစရာရှိနေသဖြင့် ယနေ့ (စနေနေ့) နေ့ဝက် အလုပ်ဆင်းမှ သွားရွေးသည်။

ရွေးတော့ ၃၅ ကျပ် ကျပါတယ် ဆို၏။ “အလဲ့ကွယ်၊ ဘယ့်နှာကြောင့် သည့်ကလောက်ဈေးကြီးရသတုံး၊ Name Card ရိုက်တာ အလွန်ဆုံးပေးရ ၁၇ ကျပ်ပေါ့” ဟု ဆိုသော် “ဟုတ်ပါတယ်။ စာရိုက်ခက ၁၅ ကျပ်ကျပါတယ်” ဟုဆိုလေ၏။ “အောင်မယ်ကွယ်၊ Name card ပေါ်က စာသုံးလေးလုံးရိုက်တာများ ၁၅ ကျပ် ယူရတယ်လို့။ တကယ်ဆို ငါ့ပြောရင် အီးမေးပို့လိုက် ကလစ်တစ်ချက်နှိပ် ရှိတာပဲ။ ငါပေးခဲ့တဲ့စာရွက်က အဆင်သင့်ရိုက်ပြီးသားဆိုတာ မသိဘူးလား” ဆိုတော့ “သူတို့ မပြောဘူးလား” ဟု မေးလေသည်။ “နင်ရို့ဆိုင်တော့ နောက်ထပ် ဘယ်တော့မှ မလာတော့ဘူး” စိတ်တိုတိုနှင့်ပြောပြီး လှည့်ထွက်ခဲ့သည်။ ကျွန်တော် နောင်ဘယ်သောအခါမှ ထိုဆိုင်သို့ ခြေဦးလှည့်တော့မည် မဟုတ်ပါ။ ဟောသည်မှာ ကျွန်တော့် Name card




အဲသလောက်ကို ၁၅ ကျပ်ယူရင် သောက်ကျိုးနဲ၊ စာတစ်မျက်နှာလောက်ဆို ၅၀ လောက်တောင်းမယ် ထင်ပါ၏။ ဆိုင်နာမည်က Copy n Bind ပါတဲ့။ ပင်နင်စူလာ ၂ ထပ်မှာ ရှိပါသည်။ အရင်တုံးကလည်း သည်ဆိုင်မှာ ကျွန်တော်စာအုပ်များ ကော်ပီကူးနေကျ၊ စာအုပ်ချုပ်နေကျဖြစ်ပါသည်။ သို့သော် Name card နှစ်ဘက်ရိုက်တာ ၁၅ ကျပ် ဆိုတော့ လွန်လွန်းပါသည်။


Name card တစ်ဘူး (ကဒ် ၁၀၀) လျှင် ပုံမှန်ဈေး ၁၇ ကျပ်သာ ဖြစ်ပါသည်။ မည်သည့်ဆိုင်ကမှ စာရိုက်ခမတောင်း။ ကျွန်တော် ယခင်အခါများကလည်း သုံးလေးခါ လုပ်ဖူးပါသည်။ များသောအားဖြင့် ဟောပြောပွဲများတွင် ပေးရန် ဖြစ်၏။ မိတ်ဆွေများ သတိထားနိုင်ရန် ဖြစ်ပါသည်။

ထို့နောက် Bras Basah Complex သို့သွားကာ သားအတွက် ကာတွန်းစာအုပ်များဝယ်သည်။ စာအုပ်ချစ်သူများအတွက် ထိုနေရာတွင် စာအုပ်တစ်ပတ်နွမ်းများ ဈေးချိုချိုနှင့် ရပါသည်။ ယောင်လို့မှ မသွားပါလေနှင့်။ အိတ်ထဲရှိသမျှပိုက်ဆံ အကုန်ထွက်သွားမည်။ လိုချင်စရာ စာအုပ်များ ထောင်နှင့်ချီရှိသည်။ ဈေးကလည်း အလွန်သင့်လှလေရာ ထိုနေရာရောက်လျှင် ကျွန်တော့်မှာ အိတ်ထဲပါသမျှ အနုတ် အကုန်ကုန်သွားတတ်သည်။ သူတို့ဆိုင်က NETS (ဘဏ်ကဒ်) နှင့် ၀ယ်လို့မရ။


စာအုပ်မှ ရွေးလို့မပြီးသေးခင် ဆီးချိုကျလာသည်။ ကျွန်တော်အမုန်းဆုံးမှာ ဤ ဆီးချိုကျခြင်းဖြစ်၏။ ဆီးချိုကျပြီဆိုလျှင် တခြားဘာမှ စဉ်းစားမနေနှင့်။ ဆိုင်တစ်ခုခုအမြန်သွားကာ အချိုရည်/မုံ့ တစ်ခုခု အမြန်စားရသည်။ သို့မို့ကြောင့် လက်ထဲ ပွေ့ထားသောစာအုပ်များကို အမြန်ပိုက်ဆံရှင်းကာ စားသောက်ဆိုင်သွားရသည်။ အအေးဆိုင်၌ သင်္ဘောသီးဖျော်ရည် မှာသောက်၏။ ၂ ကျပ်ခွဲတောင် ပေးရသည်။ သောက်ရတာတောင် သိပ်မျိုမကျချင်။

ဗိုက်ထဲ ဖျော်ရည်ဝင်သွားမှ နေသာထိုင်သာ ရှိသွားသည်။ ထို့ကြောင့် ထမင်းစားရန်ဆိုင်ရွေး။ များသောအားဖြင့် ကျွန်တော်က မလေးစာကို ရွေးတတ်၏။ ချိုတာလည်းမဟုတ်၊ ချဉ်တာလည်းမဟုတ်၊ ဘာအရသာမှမရှိသော တရုတ်စာများကိုမူ တခြား ဘာစားစရာမှ မရှိသည့်အခါမှ စားသည်။


ကြည့်ပါဦးခင်ဗျာ။ ပဲသီးကြော်နှင့် ငါးကြော်တစ်တုံးကို လေးကျပ်ခွဲတောင် ယူသည်။ ကျွန်တော်တို့ဆိုဒ်နား Kallang Ave မှ JTC canteen တွင် ထိုထမင်းတစ်ပွဲမျိုးကို ၃ ကျပ်ပဲပေးရသည်။ နေ့တိုင်း ကျွန်တော် စားနေကျ။

ကျွန်တော်က မလိုအပ်ပဲ အချိန် သို့မဟုတ် ပိုက်ဆံဖြုန်းလိုက်ရသောနေ့ကို ကံမကောင်းသောနေ့ဟု သတ်မှတ်သည်။ ထို့ကြောင့် ပိုက်ဆံ ၁၆ကျပ်ခွဲ အပိုထွက်သွားသော သည်နေ့ကား ကျွန်တော့်အဖို့ ကံမကောင်းသော နေ့တစ်နေ့ ဖြစ်ချေသည် တမုံ့။

အေးငြိမ်း
၁၃ - ၁၂ - ၂၀၁၄။ နေ့လည် ၃း၃၈ နာရီ

No comments: