မနက်က ဆရာနျူမာန် ဖုံးဆက်လာ၏။ ကျွန်တော့်ပြက္ခဒိန်စာအုပ် ရောက်ပြီလား
လှမ်းမေးခြင်း ဖြစ်သည်။ တစ်လက်စတည်း ကျွန်တော့်စာအုပ် ထုတ်ဝေသူလက်ထဲတွင် ၁ နှစ်ခွဲခန့်ကြာနေသည့်အကြောင်း
စကားပြောဖြစ်ကြ၏။ ခင်ဗျားက ၁ နှစ်ခွဲ ဆိုတော့ တော်သေးတာပေါ့ဗျာဟု ဆိုလေ၏။ မြတ်စွာဘုရား။
ကျွန်တော်က ဘာလုပ်လုပ် အကုန်မှတ်တမ်းမှတ်ရာနှင့် လုပ်တတ်သည့်
သဘောရှိ၏။ ထို့ကြောင့် မြန်မာပြက္ခဒိန်စာအုပ် ထုတ်ဝေရေးကိစ္စကိုလည်း ရက်စွဲများအားလုံး
မှတ်ထားသည်။
သည့်အလျင် သည်စာအုပ်ကို ဆရာဦးခင်အောင်ဗိုလ် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
ထံ တည်းဖြတ်ပေးပါရန် ပို့သည်။ ဆရာကြီးဆီ email ပို့တာ ၂၀၁၂ နိုဝင်ဘာလ ၇ ရက်နေ့။ သို့သော်
ဆရာမဖတ်ဖြစ်။ ကျွန်တော် ၂၀၁၂ ဒီဇင်ဘာ ရန်ကုန်ပြန်လို့ သွားတွေ့တော့ သူက ဆရာဦးကျော်မြင့်ကို
ဖတ်ဖို့ လွှဲပေးပါသည်။ ဆရာသမားကလည်း မေ့နေလို့ ထင်ပါသည်။ ဖုံးဆက်မေးတော့မှ ဖတ်ဖြစ်၏။
သူ့ဆီကို ဇူလိုင်လတွင်ဖုံးဆက်တော့ ဟာ၊ ပြီးနေပြီဗျ။ တစ်လလောက်တောင် ရှိသွားပြီဟု ဆိုပါသည်။
ကျွန်တော် အလုပ်ရှုပ်နေသည်နှင့် ဖုံးဆက်ဖို့ မေ့နေတာ ဖြစ်၏။ သည်တော့ သည်မှာတင် ၇ လ လောက်
ကြာနေသည်။
ဆိုတော့ ရေးပြီးသည်မှ စာအုပ်ထွက်လာသည်ထိ ၂ နှစ်ကျော် ကြာသည်
ဆိုပါတော့။
ကျွန်တော်က သည်စာအုပ်ကို အလွန်တန်ဘိုးထားပါသည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင်
မြန်မာပြည်အတွက် ကျွန်တော်ပေးခဲ့သော အကောင်းဆုံး လက်ဆောင်ဖြစ်ပါသည်။
ဆရာနျူမာန်နှင့် စာအုပ်အကြောင်းပြောရင်းမှ မြန်မာပြည်နှင့်
ဆက်သွယ်ရတာ အလွန်ခက်ခဲသည့်အကြောင်းပါ ပြောဖြစ်ကြပါသည်။
ရွှေနိုင်ငံတော်မှ ပုဂ္ဂိုလ်များနှင့်ဆက်သွယ်ရတာ ကျွန်တော်
အလွန်စိတ်ကုန်လှပါသည်။ ဖုံးခေါ်တော့ လူကြီးမင်းဖုံးက ဆက်သွယ်မှုပြင်ပရောက်နေရတာနှင့်၊
မကိုင်ရတာနှင့်၊ ခေါ်လို့ မရတာနှင့်။ ခေါ်လို့ရပြန်တော့ ဈေးသက်သာသော ဖုံးကဒ်နှင့်ပြောရတာ
အဆင်မပြေပြန်။ သည်တော့ စိတ်တိုလှသော ကျွန်ုပ်က 001 နှင့် တိုက်ရိုက်ခေါ်၏။ သည်တော့ တစ်လ
တစ်လ ဆောင်ရသော ဖုံးဘိုးကို ကြည့်ပါ။
ကျွန်တော့်ဖုံးတစ်လစာမှာ ကျွန်တော်တို့ရွာက တစ်မိသားစု ထမင်းတစ်လ
စားလောက်သည်။
အီးမေးပို့တော့ အကြောင်းမပြန်။ သည်အကြောင်း ယခင်ကလည်း ကျွန်တော်
ရေးခဲ့ဖူးပါပြီ။ သောက်ကျိုးနည်း။ သူတို့ဆီ ဟောပြောပွဲလာလုပ်မဲ့အကြောင်း အီးမေးပို့တာ
ဘာမှ အကြောင်းမပြန်။ တစ်ခါပို့ အကြောင်းမပြန်။ နှစ်ခါပို့ အကြောင်းမထူး။ အခြားသူတစ်ယောက်မေးကြည့်တော့
သူတို့ဆီမှာ အင်တာနက်ကောင်းပါတယ် ဆို၏။ ဆိုတော့ ကျွန်တော့် အီးမေးကို သူတို့ မရစရာ
အကြောင်းမရှိ။ မနေနိုင်လို့ ဖုံးဆက်မေးမှ လာခဲ့ပါ၊ ရပါတယ် ဟု ဆိုလေသည်။ ကိုယ့်ပိုက်ဆံနှင့်ကိုယ်
အချိန်ကုန်၊ ငွေကုန်ခံကာ အောက်ကျနောက်ကျခံလျှက် မနေနိုင်မထိုင်နိုင် သွားပြောမိသူ ကျွန်ုပ်အလွန်ပင်
ဖြစ်ပါသည်။
နေပြည်တော် စိုက်ပျိုးရေးဝန်ကြီးဌာနတွင် ဆီမီနာလုပ်ဖို့ သေချာပါသည်ဆိုပြီး
တိရစ္ဆာန်ဥယျာဉ်ကြည့်ခါ ပြန်လာရသည်မှာ လည်း မြန်မာပြည်၏ အလွန်နုံချာလှသော ဆက်သွယ်ရေးကြောင့်ပင်
ဖြစ်ပါသည်။
ကျွန်တော်ပို့လိုက်သော အီးမေးများကို တုံ့ဆိုင်းခြင်းမရှိ
ချက်ချင်းအကြောင်းပြန်သူဆို၍ မြန်မာပြည်တွင် ကိုနေမျိုးမောင် တစ်ဦးသာ ရှိပါသည်။ သို့သော်
ဆရာက ရန်ကုန်တွင် အမြဲမရှိ။ တစ်ခါတလေ ရေနံချောင်းရောက်နေသည်။ တစ်ခါတလေ ဘယ်ရောက်နေမှန်းမသိ။
သို့သော် သူ ရန်ကုန်ပြန်ရောက်သည်နှင့် ချက်ချင်း ဆက်သွယ်သည်။
ကျွန်တော့် ပြက္ခဒိန်ထုတ်သည့်ဆရာလည်း သည်နည်းအတိုင်းပင်၊ ကျွန်တော်
စာအုပ်အခြေအနေလှမ်းမေးသည်ကို အကြောင်းပြန်ချင်မှ ပြန်သည်။ သူစာအုပ်မှာချင်သည့်အခါကျမှ
ကျွန်တော့်ဆီ အီးမေးပို့သည်။
အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်း ကို ကျွန်တော် ကိုယ့်ပိုက်ဆံနှင့်ကိုယ်
ထုတ်တာဖြစ်၏။ စာအုပ်ဖြစ်မြောက်ရေး လုပ်ပေးသည့်သူမှာ အင်မတန် ဆက်သွယ်ရခက်သည်။ သူ့ဟန်းဖုံးမှာ
ဘယ်တော့မှ ခေါ်လို့မရ။ ရပြန်တော့ ၀ူးဝါးဝူးဝါး။ ဘာပြောနေမှန်းမသိ။ စမ်းချောင်းရှိ သူနေသည့်အိမ်
လိုက်သွားတော့ ကို x x x ပြန်မလာတာ ၃ ရက်ရှိပြီခင်ဗျ ဟု ပြောသည်။ ဒါဖြင့် ဘယ်လိုက်သွားရင်
တွေ့နိုင်မလဲဆိုတော့ အဲဒါတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး ဆို၏။ ထိုစာအုပ် ဖြစ်မြောက်ရေးအတွက်လည်း
အသည်းအသန် လုပ်ယူရသည်။
ဘ၀ခါးခါး စာအုပ်ကျတော့ တစ်ဘာသာဖြစ်၏။ ဆက်သွယ်ရတာတော့ သိပ်မခဲယဉ်းပါ။
သို့သော် စာအုပ်ထွက်လာလို့ လှန်ကြည့်လိုက်တော့ ပြောင်စာမျက်နှာနှင့် ချုပ်ရိုးပြုတ်များ
များစွာ ပါလာလေသည်။
တိုးတက်သောနိုင်ငံကြီးများတွင် စကားပြောနည်း၊ ဆက်ဆံနည်းများကို
စနစ်တကျ သင်ပေးသည်။ ဖုန်းခေါ်သည်ဆိုခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်တန်ရာ။
ယုတ်စွအဆုံး သူငယ်ချင်းချင်း ဖုံးခေါ်လျှင်တောင် သူ ကိုယ့်ကို
သတိရလို့ ဖုံးခေါ်တာဖြစ်သည်။ ကိုအေးငြိမ်း၊ ဘာတွေလုပ်နေလဲ၊ နေကောင်းရဲ့လား။ ဤသည်ကို
ကိုယ်က အသိအမှတ်ပြုရပါမည်။ ကိုယ့်ကို သတိမရဘဲနှင့် ဘာကိစ္စ ဖုံးခေါ်မှာတုံး၊ ပိုက်ဆံကုန်လို့။
လေကုန်လို့။ အချိန်ကုန်လို့။
ကျွန်တော်တို့ဒီမှာ ဖုံးပြန်မထူးတာ အကြောင်းရှိသည်။ စည်းဝေးပွဲခန်းထဲ
ရောက်နေလို့၊ silent mode လုပ်ထားတဲ့အတွက် သတိမထားမိလို့၊ ဒါမှမဟုတ် ဖုံးနဲ့လူနဲ့ တခြားစီဖြစ်နေလို့။
သို့သော် သူခေါ်ထားသည့်အတွက် missed call တွေ့လျှင် ပြန်ခေါ်ရမည်ပေါ့။
သူကမေးလာလျှင် မသိလျင်လည်း မသိပါ။ မလုပ်နိုင်သေးဘူးဆိုလျင်လည်း
မလုပ်နိုင်သေးပါ အကြောင်းပြန်သင့်ပါသည်။ အနည်းဆုံးတော့ email လက်ခံရရှိကြောင်း
acknowledge လုပ်ရပါမည်။ နောင် ဖြေနိုင်သည့်အခါမှ ပြန်ဖြေပါ။ ဘာမှပြဿနာ မရှိ။ ခုတော့
ဒီဘက်ကလူက သူ အီးမေးကို ဖတ်ပြီးပြီးလား မပြီးသေးဘူးလား၊ ဘာမှ မသိရ။ တစ်ခါပို့ - အကြောင်းမထူး။
နှစ်ခါပို့ - ဘာမှ အကြောင်းမပြန်။ အင်မတန် စိတ်ပျက်စရာ ကောင်းလှသည်။ သည်ခေတ်ကြီးထဲ
ပိုလွယ်သေး။ အီးမေးဆိုတာ စမတ်ဖုံးကနေ ချက်လို့ရသည်။ Yes, I will. Sorry, I don’t
know. Thank You, I will reply you later. အမျိုးမျိုး ပြန်လို့ ရသည်။ သည်လောက်ရလျင်ပဲ
တော်လှပြီ။
တစ်ဖက်သား မေးလာသည်၊ အီးမေးပို့လာသည်ကို အကြောင်းမပြန်ခြင်းသည်
ထိုသူ့ကို အရေးမထား၊ မလေးစားခြင်း ဖြစ်၏။ ကြာတော့ တစ်ဖက်သား စိတ်ပျက်သွားပြီး မိတ်ပျက်ဖို့ရန်
အကြောင်း ဖြစ်လာသည်။ စာတစ်ကြောင်းလောက်ပြန်လိုက်ခြင်းဖြင့် မည်မျှ အောက်ကျသွားပါသနည်း။
မိတ်ဆွေများခင်ဗျား -
ဖုံးခေါ်လျှင် ပြန်ထူးဘို့၊ missed call တွေ့လျင် ပြန်ခေါ်ဘို့၊
email လာလျှင် အကြောင်းပြန်ဘို့ လက်မနှေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
မှတ်ချက်။ ။
ကျွန်တော်မှာ မိုက်ကယ်ဂျက်ဆင်လောက်နီးနီး နာမည်ကြီးသူဖြစ်လေရကား (မိုက်ကယ်ဂျက်ကျွဲ)
အကြောင်းကိစ္စမျိုးစုံဖြင့် စုံစမ်းမေးမြန်းသူများမှာ
နေ့ညမစဲ တသဲသဲရှိချေသည်။ ထို့ကြောင့် အချို့ message များကို မျက်စိလျှမ်းပြီး အကြောင်းမပြန်မိပါက
အူမတိုပါလင့်။ ထပ်မံသတိပေး သို့မဟုတ် အီးမေးပို့ သို့မဟုတ် တယ်လီဖုံး message ပို့၊
ဖုံးဆက်၍ သတိပေးနိုင်ပါသည်။ သန်းခေါင်ကျော်မှ ဖုံးဆက်လာသူများမှာမူကား အဟောက်ခံရဘို့
ကျိန်းသေပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
13/12/14, 5:32 p.m
No comments:
Post a Comment