အခု ကျွန်တော်တို့
ပရောဂျက်မှာ တရုတ်အင်ဂျင်နီယာနှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ပြည်ကြီးတရုတ်တွေ။
တစ်နေ့ သူနဲ့စကားစပ်မိလို့
welding technology အကြောင်းပြောရင်း သူက သူ့စာအုပ်ကြီး ထုတ်ပြတယ်။ civil
engineering စာအုပ်ပါ။
ကျွန်တော် အတော်ဖြုံသွားပါတယ်။
အတော်လေးလည်း ၀မ်းနည်းမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ RIT မှာ တုံးက သင်ခဲ့ရတဲ့
အင်ဂျင်နီယာဘာသာရပ် စာအုပ်ကြီးမျိုးကို တစ်အုပ်လုံး တရုတ်လိုရေးထားတာကိုး။ လက်သုံးလုံးလောက်
ထူတယ်။ နောက်တစ်အုပ်က နည်းနည်းပါးတယ်။ လက်တစ်လုံးခွဲလောက်တော့ ထူတယ်။
မြန်မာပြည်မှာ ခုချိန်ထိ
မြန်မာလိုရေးထားတဲ့ အင်ဂျင်နီယာစာအုပ် တစ်အုပ်မှ လောက်လောက်လားလား မရှိသေးပါ။ ဆရာကြီး
ဦးညီလှငယ်ရေးတဲ့ စာအုပ်တချို့ပဲရှိပါတယ်။
ဟာ - အင်္ဂလိပ်လိုသင်လဲရနေတာပဲကွာ၊
လိုလို့လား လို့ မေးငေါ့ကြပါ။
ကျွန်တော်ကတော့ အင်ဂျင်နီယာဖြစ်ဖြစ်
တခြားဘာသာရပ်တွေပဲဖြစ်ဖြစ် မြန်မာဘာသာနဲ့ အားလုံးရှိစေချင်ပါတယ်။
ဘာသာရပ်ဆိုင်ရာ စာပေတွေနဲ့ပတ်သက်လို့
မြန်မာစာမှာ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရဲ့ကျေးဇူးကြောင့် မြန်မာစာစာအုပ် တော်တော်များများရှိနေပါပြီ။
သမိုင်းမှာလည်း ဒေါက်တာသန်းထွန်းတို့လိုစာအုပ်တွေ အတော်များများရှိပါတယ်။ ဒါပေမဲ့ တခြားဘာသာရပ်တွေမှာတော့
လက်ချိုးရေလို့ရတဲ့ အခြေအနေမှာဘဲ ရှိပါသေးတယ်။ တချို့ဘာသာရပ်တွေဆို လုံးဝမရှိတဲ့ အခြေအနေမှာ
ရှိပါတယ်။ ဥပမာ - စက်မှုအင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာ၊ မိုင်းအင်ဂျင်နီယာ၊
ပိသုကာ စသည်
အဲဒီလို တူတူတန်တန်စာအုပ်တွေ
ပေါ်ထွက်လာရေးဟာ ကျွန်တော်တို့အရွယ် - ၅၀ တန်းတွေရဲ့ တာဝန်ဖြစ်ပါတယ်။ (သိပ်အိုသွားရင်
ကျန်းမာရေးကရှိသေးတယ်။ စာရေးဘို့ လွယ်ပါတော့မလား) ကျွန်တော်ကတော့ အတတ်နိုင်ဆုံး စာအုပ်တွေ
တစ်အုပ်ပြီးတစ်အုပ် ရေးထုတ်သွားမှာပါ။ တခြားသူတွေကိုလည်း ကိုယ်တတ်တဲ့၊ ကျွမ်းကျင်တဲ့
ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ ရေးထုတ်သွားကြပါလို့ အလေးအနက် တိုက်တွန်းပါတယ် ခင်ဗျား။
ရေးတတ်တဲ့၊ ရေးနိုင်စွမ်းရှိတဲ့
ကျွန်တော့်မိတ်ဆွေများကိုလည်း ရေးကြပါလို့တိုက်တွန်းချင်ပါတယ်။ အဲဒီလို လုပ်ချင်တဲ့သူတွေ
စုပြီး project တစ်ခု လုပ်ရင်တောင် ရပါတယ်။ ဘယ်သူက ဘာစာအုပ်ရေး၊ ဘယ်သူက ဘာစာအုပ်ရေး။
သူလိုတဲ့စာအုပ်တွေ ၀ိုင်းဝန်း စုဆောင်းပေး။ ဘယ်နှစ်မှာ ဘာစာအုပ်တွေ ထုတ်မယ် စသဖြင့်ပေါ့။
(ဟဲလို၊ မစိမ့်၊ မသိချင်ယောင် ဆောင်မနေနဲ့နော)
ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေက
ကိုယ်ထူကိုယ်ထစနစ်နဲ့ အသားကျနေပါပြီ။ လမ်းဆိုလည်း ကိုယ်ထူကိုယ်ထခင်း။ ဆေးရုံဆိုလည်း
စရိတ်မျှပေးကျန်းမာရေး။ စာသင်ကျောင်းတွေဆိုလည်း ကိုယ်ထူကိုယ်ထဆောက်။ ကိုယ့်ဘာသာကိုယ်
ဆရာဆရာမငှားသင်။
ဆိုတော့ အခု အနာဂတ်မြန်မာနိုင်ငံကြီးအတွက်လည်း
ကျွန်တော်တို့ ကိုယ်ထူကိုယ်ထ လုပ်ကြပါစို့ရဲ့ဗျာ။ မလုပ်တဲ့သူတွေကို အပြစ်တင်နေရုံနဲ့
ဘာမှ ဖြစ်မလာပါဘူး။
ကျွန်တော်ကတော့ အနည်းဆုံး
ဂဟေဆော်တဲ့စာအုပ် ၃-၄ အုပ်၊ ပိုက်စာအုပ် ၁-၂ အုပ်ရေးမယ်။ safety စာအုပ်တွေလည်း အနည်းဆုံး
၎ - ၅ အုပ်လောက် ရေးပါမယ်။
စိတ်ဝင်စားရင် ကျွန်တော့်ကိုဆက်သွယ်လိုက်ပါခင်ဗျာ။
Team work ပေါ့။
(ခုလောလောဆယ်တော့
CSOC နဲ့ SSIC ကို မြန်မာလို ဘာသာပြန်နေရတာနဲ့ မအားသေးလို့ ဂဟေစာအုပ်ကို ရပ်ထားရတယ်။)
အေးငြိမ်း
၉ အောက်တိုဘာ၊ ၂၀၁၄
No comments:
Post a Comment