Saturday, October 4, 2014

ကျွန် နှင့် သခင်

(၁)

ယခုတလော ကျွန်တော့်မှာ လုပ်စရာတွေ တောင်လိုပုံနေပါသည်။

၁။  သင်တန်းကျောင်း လိုင်စင်ကျပြီဆိုတော့ သင်တန်းနှင့်ပတ်သက်သော စာရွက်စာတမ်းများ ပြင်ရသည်။ ဘာတွေ ပြင်စရာလိုသလဲဗျ။ သင်စရာရှိတာ ကောက်ကက်သင်လိုက်ပြီးတာပဲ မဟုတ်လား ဟု မပြောပါနှင့်။ မြန်မာပြည်မှာကတော့ ကိုယ့်မင်းကိုယ့်ချင်း။ ကိုယ့်ဘာသာကိုယ် သင်တန်းကျောင်းထောင်။ ကိုယ့်ဘာသာကိုယ် ခန့်ချင်တဲ့ဆရာခန့်။ ကိုယ်သင်ချင်တဲ့ ဘာသာရပ်ကို ကိုယ့်စိတ်ကြိုက် အချိန်ဇယားဆွဲသင်လို့ ရသည်။

စင်ကာပူမှာ မရပါခင်ဗျား။ ဘာတွေမရသလဲဆိုတာ ထပ်မရှည်တော့ပါ။ ယခင်ကရေးခဲ့သော စင်ကာပူတွင် သင်တန်းကျောင်း တစ်ခု ထူထောင်ခြင်း ဆောင်းပါးတွင် အပြည့်အစုံဖော်ပြထားပါသည်။ ပြန်ဖတ်ကြည့်ပါ။

၂။ သင်တန်းကြော်ငြာစာရွက်တွေ ပြင်ရသည်။ (မြန်မာ+အင်္ဂလိပ်)။ နောက်ပြီး အေးဂျင့်တွေနှင့် ဆက်သွယ်ရသည်။

၃။ အလုပ်သမားများအတွက် အခြေခံမသိမဖြစ်၊ မတက်မဖြစ်တက်ရမည့် CSOC, SSIC တို့ကဲ့သို့သော သင်တန်းများကို ဘာသာ (၈) မျိုးဖြင့် သင်ခွင့် ပေးသည်။ အင်္ဂလိပ်၊ တရုတ်၊ တမီလ်၊ ဟင်ဒီ၊ မလေး၊ ဘင်္ဂလီ၊ မြန်မာ၊ ထိုင်း စသည်တို့ဖြစ်၏။ ထိုဘာသာများကို သင်လိုလျှင် MOM က approve လုပ်ပေးထားသော အင်္ဂလိပ်လို သင်တန်းမှတ်စုများကို ထိုဘာသာအသီးသီသို့ ဆီလျော်အောင် ပြန်ဆိုရသည်။ သူတို့ချပေးတော့မှ သင်ရသည်။
မြန်မာဖြစ်သော ကျွန်ုပ်က ထိုဘာသာများကို မြန်မာအလုပ်သမားများအတွက် မြန်မာလိုသင်ချင်သည်။ ထို့ကြောင့် ကျပြီးသား CSOC နှင့် SSIC ကို MOM သို့တင်ရန် မြန်မာပြန်ချင်သည်။

၎။ ထိုစာများကို မြန်မာပြန်ဘို့လုပ်ယင်း ယခင်ကတွေ့ထားသည့် MOM မှ မြန်မာပြန် စာရွက်စာတမ်းများမှာ လွဲမှားနေကြောင်း သူတို့ကို ထောက်ပြလိုသည်။ ထို့ကြောင့် ထိုစာရွက်များကို မနည်းပြန်ရှာ။ အမှားများကို ထောက်ပြ။ နောက် သူတို့ဆီ အီးမေးပို့။

၅။ ခရစ္စတိုဖာပေါက်ကျိုင်းကို စာအုပ်ထုတ်ဘို့ အကုန်ပြန်ဖတ်ရမည်။ အမှားအယွင်း အကျအပေါက်များ ပြန်စစ်ဆေး။ ပုံနှိပ်မည့် စာအုပ်အရွယ် ပြန်ပြင် စသည်တို့လည်း လုပ်စရာရှိသေးသည်။ (သူငယ်ချင်းတစ်ယောက်က ထုတ်သာထုတ်ပါ။ သူလည်း တစ်ဝက်ပါဝင်ပါမယ် ဆိုတာနဲ့ ထုတ်ဘို့ ဆုံးဖြတ်လိုက်တာ။ မများပါဘူး။ အုပ် ၁၀၀၀ ထုတ်ရင် ၂၅ သိန်း အောက်မှာပဲ ရှိပါတယ်။)

၆။ ဂဟေစာအုပ် - သည်တစ်ခါလည်း နားထားရပြန်ပြီ။ အနို့ လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ ဆိုသကိုး။


(၂)

သင်တန်းကျောင်းထောင်သည့်အကြောင်း မိတ်ဆွေတစ်ယောက်နှင့် ပြောကြဆိုကြရင်း သူပြောတာ သဘောမကျ၍ ယခုစာကို မအားသည့်ကြားမှ ရေးလိုက်ရခြင်း ဖြစ်၏။ ပြောစရာရှိတာ မပြောလိုက်ရလျှင် ကျွန်တော်က ဟိုဒင်းထဲ ပဒတ်ဝင်နေသလို နေမထိ ထိုင်မသာ ဖြစ်နေတတ်သည်။

သူက စင်ကာပူတွင် ကျွန်တော်တို့လာလုပ်နေရတာကို ကျွန်ခံနေရတာ ဟု ဆိုလေသည်။ သည်စကားမျိုး ယခုမှ ကြားဖူးခြင်း မဟုတ်ပါ။ စင်ကာပူ စရောက်ကတည်းက မြန်မာတော်တော်များများထံမှ ကြားခဲ့ရပါသည်။ မိတ်ဆွေများလည်း ကြားခဲ့ကြရပါ လိမ့်မည်။ သို့သော် သာမန်အလုပ်သမားများပြောတာ ထားပါ။ သူလို ကမ္ဘာလှည့်နေသူ၊ လခတော်တော်များများရသည့် အရာရှိ၊ နောက်ပြီးတော့လည်း စာတွေကို စက်သေနတ်ပစ်သလို တစ်ပုဒ်ပြီးတစ်ပုဒ် ရေးထုတ်နေသူက ပြောလာသည့် အခါတွင်မတော့ ကျွန်တော့်မှာ အံ့သြလွန်းလို့ သေတော့မယ် ဖြစ်ရပြန်ပါ၏။

လူတို့သည် စား၊ ၀တ်၊ နေရေးအတွက် အလုပ်လုပ်ကြရသူချည်း ဖြစ်၏။ (အာ၊ ဖိုးလပြည့်နဲ့တော့ သွားမနှိုင်းနဲ့ပေါ့ဗျာ။ ခင်ဗျားကလဲ။) အခြေအနေအချိန်အခါ၊ သူတတ်သည့်ပညာ စသည်တို့ပေါ်မူတည်၍ ကာယအားဖြင့် လုပ်ရသူ ရှိသည်။ ဉာဏအားဖြင့် လုပ်ရသူရှိသည်။ သက်တောင့်သက်သာ လုပ်ရသူရှိသည်။ ပင်ပင်ပန်းပန်း လုပ်ရသူရှိသည်။ ဘယ်အတွက် လုပ်ကြရသနည်း။ ထမင်းစားဘို့အတွက် လုပ်ကြရသည်။ ထမင်းစားဘို့တစ်ခုတည်းအတွက် အလုပ်လုပ်ရသည်ဆိုလျှင် မှန်ပါမည်လား မိတ်ဆွေ။ မမှန်ပါ။ ကျွန်တော် ယခုဤစာကိုရေးနေခြင်းသည် ထမင်းစားဘို့အတွက်နှင့် လားလားမှ မပတ်သက်ပါ။ ဤစာကိုမရေးလည်း အချိန်တန်လျှင် ရမည့်လခကတော့ ရမည်သာ ဖြစ်လေ၏။ သို့ဆိုလျှင် ဘယ်အတွက် ရေးသနည်း။ စဉ်းစားကြည့်ပါ မိတ်ဆွေ။

လူဟူသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။ မှီခိုနေကြရသည် ဖြစ်၏။ တစ်ယောက်တည်းနေလို့ ရပါသလား။ (တောထဲသွား၊ ဧကစာရီကျင့်။ တရားပေါက်တော့ ပရိနိဗ္ဗာန်စံဝင် ဆိုတာကျတော့ တစ်မျိုးပေါ့။ ဒါကျ လောကီ ရေးမဟုတ်တော့ဘူး။ လောကုတ္တရာနယ် ရောက်သွားပြီ။)

(မှတ်ချက်။          ။ ဧကစာရီကျင့်သည်ဆိုသည်မှာ တရားဘာဝနာစီးဖြန်းရန် လူသူမနီးသော တောကြီးတောင်ကြီးအတွင်း သစ်သီးသစ်ဥများစားကာ တစ်ယောက်တည်း ကျင့်ကြံနေထိုင်ခြင်း ဖြစ်၏။)

သူဌေးမှာ ပိုက်ဆံအများအပြား ရှိသည်မှန်၏။ သို့သော် အလုပ်သမားများမပါဘဲ ထိုပိုက်ဆံများနှင့်ချည်း သည်အဆောက်အအုံ ကြီးများကို ဆောက်၍ ရပါမည်လား။ စက်နှင့်ဆောက်သည်ဆိုစေ ထိုစက်ကို မောင်းရန် လူမလိုပါသလော။ ယခု ကျွန်တော်တို့ CTHub 2 Project ကို လုပ်သားစုစုပေါင်း ၃၅၀ ကျော်လောက်ဖြင့် ဆောက်နေသည်။ ကျွန်ုပ်တို့ သူဌေးက တစ်နှစ်မှာ နှစ်ခါပဲ လာသည်။ တစ်ကြိမ်မှာ Chinese New Year ဖြစ်ပြီး နောက်တစ်ကြိမ်မှာ 7 months (တစ္ဆေကြီးပွဲ) ဖြစ်၏။ ထိုအချိန်များတွင် လာကာ သူတို့ရိုးရာနတ်များကို ပူဇော်၊ လုပ်သားအားလုံးကို ကျွေးမွေး၊ အမ်ပေါင်းပိုက်ဆံများပေး လုပ်၏။

သူဌေးကပိုက်ဆံစိုက်သည်။ ခင်ဗျားတို့၊ ကျွန်တော်တို့က လုပ်အားစိုက်သည်။ သည်လိုနှင့် သည်ပရောဂျက်ကြီး ပြီးရသည် မဟုတ်လော။ ကျွန်တော်တို့က လခလိုချင်၍ အလုပ်လုပ်သည်။ ကျွန်တော်တို့အလုပ်လုပ်သည့်အတွက် သူဌေးက လခပေးသည်။ ဘာများမှားပါသနည်း။

သို့ဆိုလျှင် သည်လခရဘို့အတွက် သည်အလုပ်လုပ်နေသည်ကို ကျွန်ခံနေရသည်ဟု အသင်ထင်ပါသလား။ မည်သူက သင့်ကို အတင်းအဓမ္မ ကျွန်ခံခိုင်းနေပါသနည်း။ ကျွန်ခံရအောင်ဘဲ တကူးတက ပိုက်ဆံ သိန်း ၃-၄၀ ပေးပြီး လာကြရသည် မဟုတ်လော။ သင်မကြိုက်လျှင် အချိန်မရွေး ထပြန်သွားလို့ရသည်။ မည်သူကမှ မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ် . . . (အာ - ပြောခါမှ။ ထူးအိမ်သင်နဲ့ ရောကုန်ပြန်ပါပြီ။) မင်းမရှိလို့ တကယ်မဖြစ်ဘူးသိလား မလုပ်ပါ။ ခင်ဗျားပြန်သွားလျှင် နောက်တစ်ယောက် ခန့်ပါလိမ့်မည်။ အလုပ်သမား မရမှာမပူရပါ။ အလုပ်လိုချင်တဲ့သူတွေ ဟောသည် ကမ္ဘာကြီးမှာ ရိုက်သတ်လို့ မကုန်ပါ။ ကိုယ်ကသာ အသည်းအသန် လိုက်ရှာနေရတာဖြစ်၏။ (အိန္ဒိယက ကုလားလေးဆို ညတိုင်း ကျွန်တော့်ဆီ ဖုံးတဂွမ်ဂွမ်ဆက်သည်။ လုပ်ပါကွ၊ ငါ့မှာ ပိုက်ဆံလိုနေလို့ပါ ဆိုကာ ငိုပြသည်။ အလုပ်တစ်ခုဆိုတာ လွယ်လွယ်နဲ့ရတာမဟုတ်။ သူ့ကို အတင်းချော့ထားရသည်။)

ယခု တူ၊ တူမ၊ ညီ၊ ညီမများကို အရေးကြီးတာ ပြောပါမည်။ သေသေချာချာဖတ်ပါ။ သေသေချာချာ စဉ်းစားပါ။ ဖတ်ပြီးတော့ ပြန်လည် ဝေမျှပါ။ နီးစပ်ရာ အပေါင်းအသင်းများကို ရှင်းပြပါ။


(၃)

အလုပ်လုပ်သူများကို အတန်းအစားနှစ်မျိုးခွဲ၍ ရပါသည်။
၁။ ထမင်းစားဘို့ရာ အလုပ်လုပ်သူ နှင့်
၂။ အလုပ်လုပ်ဘို့ရာ ထမင်းစားသူ ဟု ဖြစ်ပါသည်။

ပထမတစ်ယောက်

ထမင်းစားရရေးအတွက် အလုပ်နေသူများမှာ တစ်သက်လုံး လူမွေးလူတောင် ပြောင်မည်မဟုတ်ပါ။ ၎င်း မည်မျှလုပ်လုပ်၊ လုပ်သက်မည်မျှရှိရှိ ထိုအခြေအနေမှ ပိုတိုးတက်လာစရာ အကြောင်းမရှိ။ ထိုသူများကား အထက်က ကျွန်တော့်မိတ်ဆွေ ပြောသလို ကျွန်များစင်စစ် ဧကန် ဖြစ်တော့၏။ အဘယ်ကြောင့်နည်း။

ထိုသူများ၏ သဘောထားမှာ ပိုက်ဆံရရုံပဲလုပ်မည် ဟူ၍ ဖြစ်လေ၏။ ၎င်းတို့ခံယူထားသည့်အတိုင်းလည်း လိုက်နာ ကျင့်သုံး ကြလေသည်။ ငါတို့ တစ်နေ့ကို ၁၉ ကျပ်ပဲရတာ ၁၉ ကျပ်နဲ့ပဲတန်အောင် လုပ်နိုင်မှာပေါ့ကွာ ဆိုသောသူများ (မြန်မာ၊ မြန်မာ၊ ကုလား၊ ကုလား) အများအပြားရှိလေသည်။ ဤသည်မှာ ကျွန်တော်က သူများပြောတာ ကြားဖူးနားဝနှင့် ရမ်းတုတ်တာ မဟုတ်။ ကျွန်တော် သင်္ဘောကျင်းတွင်လုပ်ခဲ့စဉ်က နားနှင့်ဆတ်ဆတ် ကြားခဲ့ရခြင်း ဖြစ်၏။

ထိုသူများက အလုပ်ကို ပုဒ်မ ၄ နှင့် လုပ်သည်။ (ပုဒ်မ ၄ = ပေးမှလုပ်) ခိုင်းမှလုပ်သည်။ ခိုင်းတာတောင် ခိုင်းသလောက် ကလေးပဲ လုပ်သည်။ လုပ်တာတောင် ပီဘိ ၀တ်ကျေတန်းကျေကလေးပဲ လုပ်သည်။ ငါ့ကိုခိုင်းထားတာ တာဝန်ကျေအောင် အကောင်းဆုံးဖြစ်အောင် ကျကျနနလုပ်မယ် ဟု မရှိ။ ဖြစ်သလိုလုပ်မည်၊ လုပ်ပြီးလျှင် ထိုင်နေမည်။ လူကြီးလာလျှင် တောင်ဆွဲရမလို မြောက်ဆွဲရမလို ပြာပြမည်။ လူလစ်လျှင် လစ်သလိုနေမည်။ ထိုသူများမှာ အလုပ်သွားရမည့်အရေး ကျားနှင့်ပြေးတွေ့ရတော့မည်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အလုပ်ဆိုလျှင် အပေါက်ဆိုးလှသော ယောက္ခမကြီးထက် ကြောက်သေးသည်။

ထိုသူများမှာ သူများခိုင်းမှ လုပ်သည့်အတွက် အခိုင်းခံ ကျွန်များဖြစ်လေ၏။ သူများခိုင်းသလောက်သာ လုပ်တတ်သူသည် အဘယ်မှာလျှင် ကိုယ့်အစွမ်းအစနှင့် လုပ်နိုင်ပါမည်နည်း။ ကိုယ့်အစွမ်းအစကို ထုတ်၍ လုပ်တတ်ပါမည်နည်း။ ကျွန်စိတ်မွေးပြီး ကျွန်ကဲ့သို့လုပ်သော ထိုသူများမှာ မိမိကိုယ်ကိုယ် ကျွန်ဇာတ်သွင်းထားသည့်အတွက် ကျွန်တော်က ကျွန်များစင်စစ် ဧကန် ဖြစ်တော့၏ ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့်လည်း ထိုသူများမှာ လူ့လောကအတွက် ဘာမှအကျုးမရှိ။ ဆန်လည်းကုန်၊ မြေလည်းလေးသော ဆန်ကုန်မြေလေးများသာ ဖြစ်ချေသည်။

(၄)

ဒုတိယတစ်ယောက်

နောက်တစ်ယောက်မှာ အလုပ်လုပ်ရေးအတွက် ထမင်းစားသူဖြစ်၏။

၎င်းအသက်ရှင်နေထိုင်သည်မှာ ထမင်းစားရရေး၊ ပိုက်ဆံရရေးတစ်ခုတည်းအတွက် မဟုတ်။ ထိုသူ အလုပ်ကို သွားခြင်းသည် လခရရေးတည်းဟူသော ပီဘိ သေးနုပ်သိမ်ဖျဉ်းလှသည့် အကြောင်းကလေးတစ်ခု အတွက်မျှသာ မဟုတ်။ သူ့၌ အလုပ်နှင့် ပတ်သက်၍ သင်ယူစရာ၊ လေ့လာစရာ၊ သိစရာ၊ တတ်စရာတွေ များလှသည်။ ဟောဒါကို ဘာကြောင့်လုပ်ထားတာလဲ ဟု သူ့ကိုယ်သူ အမြဲမေးလေ့ရှိ၏။ သူသိချင်သည့်အတွက် လေ့လာသည်။ လေ့လာရင်း လေ့လာရင်းနှင့်မှ သူမသိသေးတာတွေ အများကြီး ရှိပါသေးလားဟု သိလာသည်။ သိသည့်အတွက်လည်း မနေမနား လေ့လာသည်။

သိစရာရှိတာတွေ သိလာပြီဆိုတော့ အလုပ်လုပ်ရာမှာ အမှားအယွင်းနည်းသည်။ သူများထက် ပိုလာဘ်မြင်သည်။ သူများ မလုပ်နိုင်တာ သူလုပ်နိုင်သည်။ သူများမသိတာ သူသိသည်။ 

သူဌေး၊ အရာရှိ၊ လူကြီးများမှာ အလွန် လူကဲခတ်ကောင်းသူများဖြစ်၏။ သင်ဘာလုပ်နေသည်ကို စီစီတီဗီတပ် ကြည့်နေစရာ မလိုပါ။ သင့်မျက်နှာရိပ် မျက်နှာကဲ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကြည့်ရုံနှင့် သင်ဘယ်လိုကောင်လဲဆိုတာ အကဲခတ်နိုင်သည်။ 

လူတော်တစ်ယောက်သည် အသေးအဖွဲကလေးလုပ်သည်ကအစ သပ်သပ်ယပ်ယပ် လုပ်တတ်သည်။ (ဟိုတလောက စာပေ ဟောပြောပွဲမှာ ဆရာအော်ပီကျယ် ပြောသွားတာလေး သွားသတိရမိသည်။ “မန်နေဂျာကောင်း တစ်ယောက်ဟာ ပန်းကန် ဆေးရင်တောင် စင်အောင်ဆေးတယ်” ဟု ဖြစ်၏။) မိတ်ဆွေ အသင်ပုဆိုးလှန်းသည့်အခါ သေသေချာချာခါပြီး စန့်နေအောင် လေးထောင့်စပ်စပ် လှန်းပါသလား။ သင်ပုဆိုးလှန်းတာကြည့်ရုံနှင့် သင်ဘယ်လိုလူမျိုးဆိုတာ သိနိုင်ပါသည်။

သူဌေး သို့မဟုတ် လူကြီး သဘောကျပြီဆိုမှတော့ သင့်လိုအရည်အချင်းရှိသူ တစ်ယောက်ကို ဘယ်တော့မှ အလုပ်ကြမ်း သမားဘ၀တွင် မထားပါ။ တစ်ဆင့်ပြီး တစ်ဆင့်တက်ရမည်မှာ သေချာလှ၏။ (အဲလေ၊ ကိုယ်ဘယ်လောက်လုပ်နေလုပ်နေ၊ ကိုယ်ဘယ်လောက် တတ်နေပါစေ၊ ကိုယ့်အရည်အချင်းကို အသိအမှတ်မပြုဘူး။ မသိဘူးဆိုရင်တော့ အဲဒီနေရာဟာ ကိုယ့်အတွက် ဘူမိနက်သန်မဟုတ်ဘူးဆိုတာတော့ သိထားဘို့လိုသပေါ့။)

ထိုသူသည် မိမိအလုပ်ကို လေးစားသည်။ သူ့အတွက် အလုပ်ချိန်နောက်ကျမှာ မပူပါနှင့်။ သူလုပ်ရမည့်အလုပ်များ အချိန်မီ မပြီးမှာ မစိုးရိမ်ပါနှင့်။ ၎င်းသည် လခစားဖြစ်နေပေမင့် သူ့ကိုယ်သူ လခစားဟုမခံယူ။ သူလုပ်နေရသည့်အလုပ်ကို သူ့ကိုယ်ပိုင် စီးပွားရေးကဲ့သို့ လုပ်သည်။ (လူများအထင်ကြီးအောင် အင်္ဂလိပ်လို ညှပ်ပြောလိုက်ဦးမယ်။ ၎င်းသည် pro-active သမား ဖြစ်၏။) သူ့ကို ဘာလုပ်ပါဟု ခိုင်းစရာမလို။ သူ့ဘာသာ သူ့ရာထူးနှင့်တန်အောင် သူ့တာဝန်ကျေအောင် ရှာလုပ်သွားလိမ့်မည်။ လူကြီးလုပ်သူက အနည်းငယ် နည်းပေးလမ်းပြလုပ်လိုက်ပါ။ သူ့ဘာသာ သင်ယူပြီး လုပ်သွားလိမ့်မည်။

၎င်း၏စိတ်ဓာတ်ကား အထက်တွင်ပြဆိုခဲ့သော တစ်ယောက်နှင့် ဆန့်ကျင်စွာ သခင်စိတ်ဓာတ်ဖြစ်လေသည်။ သူများ အခိုင်းကို မခံ။ ကိုယ့်ဘာသာ လုပ်သည်။ ခိုင်းမဲ့ခိုင်း၊ သူကသာ သူများကို ခိုင်းလေမည်။

သူ့၌ လုပ်စရာများရှိနေသဖြင့် အလုပ်သွားရေးအတွက် အမြဲစိတ်စောနေပေလိမ့်မည်။ သူ့တွင် သူ့ဘ၀အတွက် အလုပ်မှ သင်ယူစရာ အများအပြားရှိနေသည်။ ထိုသင်ယူလေ့လာမှုများကား သူ့တိုးတက်ရေးအတွက် ကွက်ကွက်ကလေးမျှသာ မဟုတ်မူ၍ လူ့ဘောင်အတွက်၊ မိမိနှင့် ဆက်စပ်ပတ်သက်နေသော လူမှုပတ်ဝန်းကျင်အတွက်၊ နောင်မျိုးဆက်သစ်များ လူငယ်များအတွက် (နိုင်ငံအတွက်ဆိုတဲ့ စကားလုံးတော့ မသုံးပါနဲ့ဗျာ။ ဟိုလူတွေနဲ့ ရောကုန်ပါ့မယ်။) ဖြစ်လေ၏။

ထိုသူအတွက် အသက်ရှင်နေထိုင်ရေး၊ ကျန်းမာရေးမှာ အလွန်အရေးကြီး၏။ ၎င်းအသက်ရှင်နေထိုင်ခြင်းအားဖြင့် လူ့လောကကြီးတစ်ခုလုံး အကျိုးရှိလေသည်။ ထိုသူမျိုးသည် သားဖြစ်လျှင် သားထူးသားမြတ်၊ သမီးဖြစ်လျှင် သမီးထူးသမီးမြတ်ဖြစ်၏။ ထိုသူ့အတွက် သူ့မိဘများ ဂုဏ်တက်သည်။ ၎င်း၏မွေးရပ် ဂုဏ်တက်သည်။ နောက်ပြီးတော့ ၎င်း၏နိုင်ငံ ဂုဏ်တက်သည်။

ထိုသူမျိုးကို ၎င်း၏ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ဆုံးရှုံးရမှာ အလွန်နှမြောတတ်သည်။ အလုပ်ရှင်ဖြစ်လျှင်လည်း ထိုသူမျိုးကို လက်လွှတ်ချင်ပါမည်လော။ သို့ဆိုလျှင် ထိုသူ့အတွက် နိုင်ငံခြားလာလုပ်နေရသည်ကို ကျွန်ခံနေရသည်ဟု ပြောနိုင်ပါ မည်လော။

မိတ်ဆွေ -

အသင်ဟာ သခင်လား၊ ကျွန်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြဌာန်းခြင်းဖြစ်ပါသည်။ အဲသဟာကြောင့် အခု -

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။

ငါ - ထမင်းစားဘို့အတွက် အလုပ်လုပ်တာလား။
အလုပ်လုပ်ဖို့အတွက် ထမင်းစားတာလား။

ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၃ အောက်တိုဘာ၊ ၂၀၁၄။ ည ၉း၀၃ နာရီ

No comments: