(၁)
မနေ့ညက စိုက်ပျိုးရေးတက္ကသိုလ်က လုပ်ဖော်ကိုင်ဘက် ဆရာဟောင်း
ဦးခင်ဝင်း စင်ကာပူအလည်လာလို့ တွေ့ကြ၊ စကားစနေပြောကြပါတယ်။ ကျောင်းဆရာလူထွက်တွေဆိုတော့
ပညာရေးအကြောင်း အဓိကပြောဖြစ်ပါတယ်။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေ၊
လူငယ်တွေရဲ့ အနာဂတ်နဲ့ မြန်မာပြည်ရဲ့ အလားအလာ စတာတွေ အတော်များပါတယ်။
အဲသလို ပြောကြဆိုတာတွေကနေ ဒီစာကိုရေးဘို့စိတ်ကူးရ၊ တိုက်တိုက်ဆိုင်ဆိုင်
ဟိုတစ်နေ့က တင်ခဲ့တဲ့ ပညာသင်ကြားရခြင်း ရဲ့ အဓိကရည်ရွယ်ချက် နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေတာကြောင့်
အဲဒီဆောင်းပါးရဲ့ အဆက်အဖြစ် “ကျောင်းပြင်ပ ပညာရေး” ကို ရေးလိုက်တာပါ။ (ဂဟေဆော်ခြင်းကို
ခနချထားလိုက်။)
(၂)
စင်ကာပူက Life Long Learning (Continuous Education) အကြောင်း
ကျွန်တော်ပြောပြီးပြီ ထင်ပါတယ်။ မပြောရသေးရင် နောက်ထပ် အဲဒီအကြောင်း နောက်ထပ် ဆောင်းပါးတစ်ပုဒ်
ထပ်ရေးပါမယ်။ အင်မတန်ကောင်းတဲ့စနစ်ပါ။
ကျွန်တော်တို့မြန်မာပြည်က ပညာရေးစနစ်က ရှင်သန်မနေပါဘူး။ သေနေပါတယ်။
တစ်နည်းအားဖြင့် ဆယ်တန်း၊ နောက်ဆုံးနှစ် ဆိုတဲ့ dead end တစ်ခုမှာ အဆုံးသတ်သွားတယ်။
ဘယ်လိုအဆုံးသတ်သွားသလဲဆိုတော့ (စာမေးပွဲ ကျတဲ့သူတွေအနေနဲ့) ဆယ်တန်းစာမေးပွဲလဲ ကျလိုက်ရော
အဲဒီမှာ သူတို့ရဲ့ပညာရေးဟာ အဆုံးသတ်သွားပါတယ်။ ဘာဆိုဘာမှ ထပ်မရှိတော့ပါဘူး။
ဆယ်တန်းအောင်ပြီး ဘွဲ့ရတဲ့သူများလည်း ဘွဲ့လည်းရပြီးရော ပညာရေးလည်း
တစ်ခါတည်း ပြီးသွားပါတယ်။ မဟာဘွဲ့၊ ဒေါက်တာဘွဲ့တွေလည်း အလားတူပါဘဲ။
ဒါဖြင့် ပညာရေးဆိုတာ အဲဒီ ဆယ်တန်း၊ ဘွဲ့ရ၊ ဘွဲ့လွန် တွေထိဘဲလား။
ဒီထက် မပိုတော့ဘူးလားလို့ မေးစရာရှိပါတယ်။
မဟုတ်ပါဘူးခင်ဗျား။ ပညာရေးကို ဆယ်တန်း၊ ဘွဲ့ရ၊ ဘွဲ့လွန်လောက်နဲ့
ကန့်သတ်ထားတာ၊ အဲသည်လောက်နဲ့ ပြီးပြီလို့ ယူဆထားတာ အင်မတန်မှားပါတယ်။ အလွန့်အလွန် မှားပါတယ်။
အကြီးအကျယ် မှားပါတယ်။
ကျွန်တော်တို့အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်လုပ်ကြရတယ်။ ဒါဖြင့်
အဲဒီအလုပ်အတွက် လေ့လာသင်ယူဘို့ မလိုဘူးလား။ ခေတ်တွေ၊ စနစ်တွေ၊ ပညာရပ်တွေ၊ အတတ်ပညာတွေဆိုတာ
မရပ်မနား ပြောင်းလဲနေတာပါ။ အဲဒီ တစ်ရံမလပ် တိုးတက်နေတဲ့ နည်းပညာ၊ အတတ်ပညာတွေကို ကျွန်တော်တို့
မျက်ခြေမပြတ် လေ့လာသင်ယူနေရမှာ ဖြစ်ပါတယ်။ မလေ့လာမသင်ယူခဲ့လို့ ကျွန်တော်တို့ဟာ သူများနောက်
အများကြီးနောက်ကျနေခဲ့ပြီဆိုတာ မျက်မြင်ကိုယ်တွေ့ မဟုတ်ပါလား။
မိတ်ဆွေများခင်ဗျား -
လူတွေပညာတတ်တွေ ဖြစ်သွားရင် ကိစ္စတော်တော်များများ ပြီးပါတယ်
ခင်ဗျား။ ဘယ်လိုပြီးတာလဲ တဲ့။
ကျွန်တော်ပြောတဲ့ပညာတတ်တယ်ဆိုတာ လက်မှတ်တွေပိုင်ဆိုင်ထားတာကို
ပြောတာမဟုတ်ပါ။ လက်မှတ်တစ်ခုရရုံနဲ့ အဲဒီလက်မှတ်နဲ့ထိုက်တန်တဲ့ အရည်အသွေး သူ့မှာရှိတယ်လို့
အာမ မခံနိုင်ပါ။
တကယ့်ပညာဆိုတာက ဟုတ်၏၊ မဟုတ်၏၊ ကောင်း၏၊ မကောင်း၏၊ မှန်၏၊
မမှန်၏၊ သင့်၏၊ မသင့်၏ ကို ဝေဘန် ပိုင်းခြားနိုင်တဲ့ အသိဉာဏ် ဖြစ်ပါတယ်။
Ø နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရအရာရှိတွေ ပညာတတ်ရင် ကောင်းမွန်မှန်ကန်တဲ့
အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစနစ်တွေကို ချမှတ်ကျင့်သုံးနိုင်မယ်။
ဘတ်ဂျက်ကို မှန်မှန်ကန်ကန် ခွဲဝေသုံးစွဲနိုင်မယ်။ တစ်ယောက်ကို သိန်းတစ်ထောင်ပေးပြီး
လျှောက်လုပ်ခိုင်းတာတွေ ပျောက်ကုန်မယ်။ ဘာ ကုန်ထုတ်လုပ်ရေး တိုးတက်ဘို့မှ စိတ်မ၀င်စားဘဲ
မြေကြီးထဲရှိသမျှ၊ မြေပေါ်ရှိသမျှ သယံဇာတ အကုန်ရောင်းတုတ်ပြီး ပိုက်ဆံ ရှာတာတွေ လျော့ကုန်မယ်။
ပုဆိုးလှန်ပြတာတို့ ထမင်းတစ်နပ်လျှော့စားတာတို့ ပျောက်ကုန်မယ်။ လှိုင်သာယာ၊ တောင်ဒဂုံ၊
မြောက်ဒဂုံတွေကိုတော့ အဆင့်မြင့် အိမ်ယာတွေအဖြစ် တိုးမြင့်ဘို့ စိတ်မ၀င်စား၊ နောက်ထပ်
မြို့သစ်တည်ဘို့ (ငါတို့ပိုက်ဆံရပြီးရော၊ နင်တို့တိုင်းပြည် ဘာဖြစ်ဖြစ်လို့ လက်သိပ်ထိုး)
စီမံကိန်းချပေးတာတွေ ပျောက်ကုန်မယ်။
Ø ကျောင်းဆရာဆရာမတွေ ပညာတတ်ရင် ကျောင်းသားတွေကို မှန်မှန်ကန်ကန်
သင်ကြားပို့ချပေးနိုင်မယ်။ ငါတို့ စာသင်နေတာ ထမင်းစားရဘို့တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံ့သားကောင်း၊
သမီးကောင်း၊ ခေါင်းဆောင် ကောင်းတွေမွေးထုတ်ပေးဘို့ ဆိုတဲ့ အသိသညာတွေ ရလာမယ်။
Ø လယ်သမားတွေ ပညာတတ်ရင် ကောင်းမွန်မှန်ကန်တဲ့ လယ်ယာစနစ်တစ်ခု
ဖန်တီးနိုင်မယ်။ အရည်အသွေးပြည့်မီတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်ပေးနိုင်မယ်။ မလေးရှားက
ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားအုန်းဆီတွေ ၀ယ်ယူ တင်သွင်းနေရမဲ့အစား မြန်မာပြည်က အရည်အသွေးမြင့်
ပဲဆီတွေကို ဈေးကောင်းကောင်းနဲ့ နိုင်ငံခြားကို တင်ပို့နိုင်မယ်။
Ø ကျောင်းသားတွေ ပညာတတ်လာရင် ရပ်ရွာကို၊ မြို့ပြကို၊ နိုင်ငံကို
အုပ်ချုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ်။ (အဲဒါ အင်မတန်အရေးကြီးတယ်။)
Ø လူငယ်တွေ ပညာတတ်ရင် အမှိုက်တွေကင်းမယ်၊ ဆေးလိပ်၊ အရက်၊ ကွမ်းယာတွေ
လျော့ကျမယ်။ ကော်ရှုတာတွေ ပျောက်ကုန်မယ်။ လဖက်ရည်ဆိုင်ထဲ အသားလွတ် ဓားနဲ့ဝင်ထိုးတဲ့ကိစ္စတွေ
ပျောက်ကုန်မယ်။ ခေါင်းလောင်း ဆိုတာနဲ့ ကမ်းလုံးညွတ်မျှ သွားကြည့်တာတွေ ပျောက်ကုန်မယ်။
ဘာဟေ့ဆိုတာနဲ့ ၀ိုင်းပြီးဆွမ်းကြီးလောင်းတာတွေ ပျောက်ကုန်မယ်။ လောက်စပီကာကြီးနဲ့ ၂၄
နာရီ၊ ၇ ရက် မရပ်မနား၊ ၇ ရက်သားသမီး နားမခံသာအောင် ဖွင့်နေတာတွေ ပျောက်ကုန်မယ်။ နေပြည်တော်အမြန်လမ်းမကြီးမှာ
လူတွေသေတာတွေ လျော့ကျသွားမယ်။ ငါးပိထဲ ဓာတ်မြေသြဇာပါလာတာတွေ၊ မျှစ်ကိုဆေးဆိုးရောင်းတာတွေ
ပျောက်သွားမယ်။
အများကြီးခင်ဗျာ။ အဲဒါတွေအားလုံးရဲ့ အဓိကလက်သည်၊ တရားခံဟာ
ပညာမဲ့မှုပါဘဲ။ ပညာမရှိတော့ ဆင်ခြင်စဉ်းစားဉာဏ်၊ ဝေဘန်ပိုင်းခြားဉာဏ်ဘာမှမရှိတော့ဘူး။
ဆင်ခြင်ဉာဏ်မရှိတဲ့နောက်တော့ ရမ်းလုပ်၊ ရမ်းစား၊ ရမ်းမှား၊ ရမ်းသေ။
(၃)
ပညာသင်ကြားရခြင်း ရဲ့ အဓိကရည်ရွယ်ချက် မှာ ကျွန်တော် ကျောင်းသင်ပညာရေးစနစ်တစ်ခုတည်းကိုပဲ
ပြောခဲ့ပါတယ်။
အခု ကျောင်းပြင်ပ ပညာရေးအကြောင်း ဆက်ပြောပါမယ်။
ပညာဆိုတာ ပင်လယ်ကြီးလိုပါဘဲ။ လေ့လာလို့ ကုန်တယ်မရှိပါဘူး။
အဲဒီတော့ ကျောင်းပြီးသွားလည်း အဆက်မပြတ် ဆက်လက် လေ့လာနေဘို့ လိုပါတယ်။ အလုပ်နဲ့ပတ်သက်လို့၊
နိုင်ငံရေးနဲ့ပတ်သက်လို့၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့။ ဒါတွေအားလုံးဟာ
ကျွန်တော်တို့လူနေမှုဘ၀မှာ တစ်ခုမဟုတ်တစ်ခုနဲ့ ဆက်စပ် ပတ်သက် နေတာချည်းပါဘဲ။ အဓိက ကတော့
အလုပ်အတွက်နဲ့ လူ့ဘ၀မှာ နေနည်းထိုင်နည်း ပါ။
မင်းကွာ ဆယ်တန်းသာအောင်လာတယ်၊ ဘာအသုံးကျသလဲ။ (နေပါဦးကွယ်၊ မေးတဲ့သူကိုယ်နှိုက်ကရော ငါကရော ဘယ်လောက်များ
အသုံးကျတဲ့ကောင်လဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖူးပါသလား။ များသောအားဖြင့်တော့ အသုံးမကျတဲ့သူတွေသာ
သူများတွေကို အသုံးမကျဘူးလို့ ပြောတတ်ကြတာဘဲ။) မင်းတို့ ဘွဲ့ရတဲ့။ ဖွမ်၊ ဘာဘွဲ့ရလဲ။
အလကား ဘာမှသိတာတွေ မဟုတ်ဘူး - လို့ လူငယ်တွေကို နှိမ်ချ မဆက်ဆံပါနဲ့။
ခင်ဗျား၊ အတော် အသုံးမကျတဲ့လူဘဲ လို့ တစ်ယောက်ယောက်က ခင်ဗျားကို
ပြောလာရင် ခံနိုင်မလား။ အဲသလိုဘဲ။ သူ့ဟာသူသိသိ၊ မသိသိ၊ အသုံးမကျဘူးလို့ ပြောရင်တော့
ဘယ်ခံနိုင်မလဲဗျာ။
ဒါဖြင့် အဲဒီ အသုံးမကျတဲ့လူငယ်တွေကို အသုံးကျတဲ့သူတွေဖြစ်လာအောင်
လုပ်ပေးမယ်လို့ ခင်ဗျားတို့ စဉ်းစားမိပါသလား။ ဘယ်သူတွေကများ လူငယ်တွေကို မြေတောင်မြှောက်ပေးမဲ့
အစီအစဉ်တွေ လုပ်ပေးဖူးပါသလဲ။ အိပ်မက်တောင် မမက်ဖူးဘူး။ ဟုတ်ပါတယ်နော်။
လဖက်ရည်ဆိုင်တွေမှာ၊ လမ်းဘေးမှာ စသဖြင့် လေလွင့်နေတဲ့လူငယ်တွေအတွက်
ခင်ဗျားတို့မှာ ဘာစီမံကိန်းတွေ ရှိပါသလဲ။ အဲဒီဆုံးရှုံးနေတဲ့ လူ့အရင်းအမြစ်ကို ပြန်အဖတ်ဆယ်ဘို့
ခင်ဗျားတို့ တွေးမိပါသလား။
အစိုးရကိုချည်း အပြစ်ပုံချမနေပါနဲ့။ လက်ညှိုးထိုးအပြစ်ပြောနေရုံနဲ့
အဲဒီပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါ။ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းလုပ်ကြဘို့
တိုက်တွန်းချင်ပါတယ်။ ဒါဆို ဘာတွေလုပ်ရမလဲ တဲ့။
အဲဒီလူငယ်တွေကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးဘို့ရာ
သူတို့ကို အသိပညာပေးတဲ့အစီအစဉ်တွေ လုပ်ပေးရပါမယ်။ ပထမဆုံးလုပ်ရမှာက အဲဒီ အသိပညာပေးတဲ့အစီအစဉ်တွေကို
ဦးဆောင်မဲ့သူတွေကိုယ်နှိုက်က အရည်အသွေးပြည့်တဲ့သူတွေ ဖြစ်အောင် အရင်လုပ်ရမှာပါဘဲ။ အဲဒါ
ခင်ဗျားတို့ကိုပြောတာ။
ကိုယ်ဘာလုပ်ပေးနိုင်သလဲ။ အများကြီးရှိတဲ့အထဲက နမူနာ နည်းနည်းပြပါမယ်။
၁။ ခင်ဗျားတို့ အနီးပတ်ဝန်းကျင်က လူငယ်တွေကို စည်းရုံးပြီး
စာဖတ်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ စာပေဆွေးနွေးဝိုင်းတွေ လုပ်ပေးနိုင်တယ်။ စကားပြောပြိုင်ပွဲတွေ
လုပ်ပေးနိုင်တယ်။ ဉာဏ်စမ်းပြိုင်ပွဲတွေ လုပ်ပေးနိုင်ပါတယ်။
အဲဒီလိုလုပ်ပေးဘို့အတွက် ခင်ဗျားတို့ကိုယ်နှိုက်က စာပေနဲ့ပတ်သက်ပြီး
နှံ့နှံ့စပ်စပ်သိထားအောင် ကြိုးစားရမယ်။ စကားပြော ကောင်းသူဖြစ်အောင် လေ့ကျင့်ရမယ်။
(ဦးဆောင်လုပ်ပေးမဲ့သူကိုယ်နှိုက်က အူတူတူဖြစ်နေရင် ဘယ်လူငယ်က အထင်ကြီးမတုံးဗျာ။) မြန်မာ၊
အင်္ဂလိပ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ ကောင်းနိုးရာရာစာအုပ်တွေ စုရမယ်။ ပိုက်ဆံမရှိဘူး
မပြောပါနဲ့။ ပိုက်ဆံတွေ ပေါလိုက်သမှ။ (ဘာတစ်ပြားဘိုးမှ အကျိုးမရှိဘဲ ရေထဲကိုတောင် သိန်းထောင်ဂဏန်း
တော်တော် များများ လွှင့်ပစ်လိုက်ပြီးပြီ။ မနေ့တစ်နေ့တုံးက။ မယုံရင် ဦးစံလင်းသွားမေးကြည့်။)
၂။ နောက်ပြီး သင်တန်းတွေ ဖွင့်ပေးနိုင်ဘို့ ကြိုးစားပါ။
မြန်မာပြည်မှာ သင်တန်းတွေ မှိုလိုပေါက်နေတယ်။ တစ်နေ့တစ်နေ့
ထောင်ပေါင်းများစွာသော လူငယ်တွေ သင်တန်းတွေနဲ့ အချိန်ကုန်နေပါတယ်။ အဲဒီ သင်တန်းတက်နေတဲ့လူငယ်တွေကို
မင်းတို့သင်တန်းတက်နေတာ လက်မှတ်ရဘို့ ဆိုတာ တစ်ခုတည်းအတွက် မဖြစ်ပါစေနဲ့။ သင်တန်းက
သင်ပေးလိုက်တဲ့ဟာတွေကို တကယ်တတ်အောင်လေ့လာပါ။ တကယ်တတ် လာတဲ့ အသိပညာတွေကို လက်တွေ့မှာ
တကယ်အသုံးချနိုင်အောင်လုပ်ပါတို့ တိုက်တွန်းပါ။ အားပေးပါ။ သင်တန်းကျောင်း တွေ အနေနဲ့လည်း
ပိုက်ဆံရဘို့၊ လက်မှတ်တစ်ခု ထုတ်ပေးဘို့လောက်သာ မဟုတ်ဘဲ လာတက်တဲ့သင်တန်းသားတွေကို တကယ်တတ်စေလိုတဲ့
စေတနာနဲ့ သင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
ကျွန်တော်တို့ဆီမှာ သင်တန်းတွေ ထောင်နဲ့ချီရှိပါတယ်။ ဒါပေမဲ့
အဲဒီသင်တန်းတွေအားလုံးဟာ အတတ်ပညာဆိုင်ရာ သင်တန်းတွေချည်းပါဘဲ။ စာရင်းကို၊ အော်တိုကက်၊
ကွန်ပြူတာ၊ အင်္ဂလိပ်၊ သူနာပြုအကူ စသည်။
လူတော်လူကောင်းအဖြစ် ပျိုးထောင်ပေးတဲ့ သင်တန်းတွေ မြန်မာပြည်မှာ
အတော်နည်းပါတယ်။ အဲလေ management သင်တန်း နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်။ နောက်ပြီး
Myanmar Egress က အဲဒီလို သင်တန်းတွေ ပေးပါတယ်။ ဘာတဲ့ Capacity building ဆိုလား။ ဘယ်လိုသင်ပေးပြီး
ဘယ်လောက်ခရီးပေါက်တယ်။ သင်တန်းသားတွေ ဘယ်လောက် တတ်မြောက်ကျွမ်းကျင်သွားတယ် ဆိုတဲ့ သင်တန်း
evaluation on efficient and effectiveness တွေ ရှိသလားဆိုတာ ကျွန်တော် မသိပါ။
အဲဒီသင်တန်းမျိုးတွေ ရပ်ကွက်တွေ၊ ရွာတွေမှာ ဖွင့်ပေးနိုင်အောင်
ကြိုးစားပါ။ အဲဒီလိုဖွင့်နိုင်အောင် ခင်ဗျားတို့ကိုယ်နှိုက်က အဲဒီသင်တန်းတွေ သွားတက်ဘို့၊
ကောင်းကောင်းကျွမ်းကျင်နိုင်နင်းတဲ့သူတွေဖြစ်အောင် လုပ်ဖို့လိုပါမယ်။
အဲဒီတော့ ဒါကိုလုပ်ဖို့ စိတ်ဝင်စားတဲ့ စိတ်တူကိုယ်တူသမားတွေစုပြီး
Myanmar Egress ကိုသွားပါ။ ခင်ဗျားတို့လုပ်မဲ့ အစီအစဉ်တွေကို ပြောပြပါ။ သင်တန်းတက်ဖို့
စာရင်းပေးပါ။ သူတို့သင်ပေးတာကို ကျကျနနလေ့လာ သင်ယူပါ။ အဲဒါနဲ့ ဆက်စပ် ပတ်သက်နေတဲ့ စာတွေ
ဖတ်ပါ၊ မှတ်ပါ။ နောက်ပြီး ကိုယ့်အချင်းချင်း Practical Performance (group
presentation) တွေ လုပ်ပြီး ကိုယ်လေ့လာခဲ့တာတွေကို တင်ပြပါ။ အပြန်အလှန် ဆွေးနွေးပါ။
၃။ ကိုယ်ကျင့်စာရိတ္တနဲ့ပတ်သက်ပြီး စကားပြောဝိုင်း၊ ဆွေးနွေးဝိုင်းတွေ
လုပ်ပေးပါ။
(ခဏလေး၊ အဲဒါတွေလုပ်ဖို့ ကျွန်တော်တို့မှာ စာကြည့်တိုက်တို့
စာဖတ်ခန်းတို့မရှိဘူးဗျ။ ဘာဗျ၊ ညာဗျ နဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး ဆင်ခြေမကန်ပါနဲ့။
အဲဒါ အပျက်စိတ်ဓာတ်တွေပါ။ စာဖတ်ခန်းမရှိဘူးဆိုတော့ ခင်ဗျားတို့ အိမ်မှာ၊ ဒါမှမဟုတ်
ဘုန်းကြီးကျောင်းတစ်ခုမှာ၊ ဒါမှမဟုတ် ဇရပ်တစ်ခုမှာ၊ ဓမ္မာရုံတစ်ခုမှာ ကုန်ကုန်ပြောမယ်ဗျာ။
အရိပ်ကောင်းတဲ့ သစ်ပင်ရိပ် အောက်မှာတောင် လုပ်လို့ရတယ်။ လုပ်ချင်ရင် နေရာမရှားပါဘူးဗျ။
တစ်ခါက ကျွန်တော် စလင်းမြို့နယ်အသင်း စည်းဝေးပွဲတစ်ခုကို
ကိုသောင်းတန်ခေါ်တာနဲ့ ရောက်သွားတော့ သူတို့ကို အကြံပေးတယ်။ ကျွန်တော် ကွင်းကောက်နဲ့
လေးမျက်နှာမြို့တွေမှာ စာစီစာကုံးပြိုင်ပွဲတွေ လုပ်ပေးတဲ့အကြောင်း၊ သူတို့မြို့နယ်မှာလဲ
အဲဒီလိုပြိုင်ပွဲတွေ လုပ်ပေးရင် ကလေးတွေရဲ့ မြန်မာစာအရေးအသား တိုးတက်လာမှာဖြစ်ကြောင်း
ပြောပြတော့ သူတို့ထဲက လူကြီးတစ်ယောက်က ဘာပြန်ပြောတယ်မှတ်တုံး။
အာ၊ အဲဒီပြိုင်ပွဲလုပ်ဖို့အတွက် ပိုက်ဆံမရှိဘူးဗျ။
နေပါအုံးဗျာ။ ဘယ်အတွက် ပိုက်ဆံကလိုရမှာတုံး။
စာရွက်စာတမ်းတို့၊ ခဲတံဘောပင်တို့။
ကျွန်တော်လုပ်တုံးကတော့ ကျောင်းကအဖြေလွှာတွေနဲ့ လုပ်တာပဲ။
ဘောပင်ခဲတံကတော့ ကျောင်းသားတွေ ယူလာခိုင်းပေါ့။
နောက်ပြီး ခုံစီဘို့တို့ ဘာတို့လည်း လုပ်ရဦးမှာဗျ။
အယ်မယ်လေးဗျာ၊ ကျောင်းဆိုတာ စာသင်ဘို့ ခုံတွေအဆင်သင့်စီထားတာ
ခင်ဗျားက ဘယ့်နှာကြောင့် ထပ်စီချင်ရသတုံး။
ဒါပေမဲ့ မြို့နယ်ပညာရေးမှုးတို့၊ မ၀တတို့ကို စာတင်ရဦးမှာဗျ။
အဲဒီစာတင်ဘို့ ဘယ်လောက်ခဲယဉ်းသတုံး။ ဒါ နိုင်ငံရေးတရားဟောပွဲ
မဟုတ်ဘူးဆိုတာ ခင်ဗျားသိရဲ့လား။ တော်ပါဗျာ။ လုပ်မနေပါနဲ့တော့။ ကျွန်တော်ပေးတဲ့အကြံကို
ပြန်ပြီး ရုပ်သိမ်းပါတယ်။
မလုပ်ချင်လို့ မဖြစ်နိုင်တာတွေလျှောက်ပြောနေတာနဲ့ ကျွန်တော်
ဘာမှ ထပ်မပြောတော့ပါ။ သူတို့ကျွေးတဲ့မုံ့ စားပြီး ပြန်ခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံမှာ အဲဒီအကျင့်စာရိတ္တဆိုင်ရာ
သွန်သင်ဆုံးမမှုတွေ ရှိပြီးသားပါ။ ချောင်ထဲထိုးထားလို့ အမေ့ခံတွေ ဖြစ်နေတာပါ။ အဲဒါတွေကို
ဆွဲထုတ်ပါ။ ဘာတွေလဲသိအောင် လေ့လာပါ။ နောက်ပြီး လူငယ်တွေကို ပြန်လည် ဝေမျှပါ။
ကျွန်တော် မှတ်မိသလောက် နမူနာ နည်းနည်းပြပါမယ်။
ရှင်မဟာရဋ္ဌသာရ ဆုံးမစာ
(၁
)အစ်ကိုကြီးအားညီငယ်များလည်း စကားနှုတ်ဆက် ဘက်၍မဆို ရိုသေလှစေ ကိုကြီးအစ်မ သည်နှစ်ဝကို
မိဘကဲ့သို့ မှတ်ပါလေ ။
(၂
)သေသူရှင်ဘက် ဆောင်ရွက်မကင်း အချင်းချင်းတွင် အခင်းကြီးငယ် ရှိခါဝယ်လည်းမဖယ်မသွေ ညီညာကုန်း၍ရုန်း
ကြလေ ။
(၃
)တယောက်စကား တယောက်နားမှာ မခါးရအောင် သတိဆောင်၍မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ
။
(၎
)မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ မထွက်ရအောင် မာန်မာနကို ချုပ်ကြလေ ။
( ၅
)သေနှင့်အရက် စီးပွါးဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့်အဆိပ်ရေ
။
( ၆
)ကိုယ်နှင့်လည်းစာ သတ္တ၀ါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ ။
(၇
)သူ၏ဥစ္စာ သူ့ဘဏ္ဍာကို ၊ မေတ္တာမရှေး၊ သူမပေးက ဆေးတစ်အိုးမျှမယူကြနှင့် ၊ ရှောင်ကြပါလေ
၊ ကာမေမိစ္ဆာ ။
(၈
)သူ့ကိုမမှား၊ မလှည့်စားနှင့် ၊ စကားစမြည် ၊ မြွတ်သည်စစ ၊ ပြောသမျှကိုမှန်လှစေ ။
(၉
)ဘုရားတရား၊ မြတ်ဖျားသံဃာ ၊ အရိယာကို မကွာနေ့ည ၊ ဟတ္ထအဉ္ဇလီမြှောက်ပင့်ချီသည် ၊ ကိုယ်စီနေ့ည၊
ကိုးကွယ်ကြ ။
(၁၀)
သူတော်ကောင်းနှင့်၊ ပေါင်းဖေါ်ရှင်တွဲ ၊လူမိုက်မဲကို ၊ ရှောင်လွှဲပါလေ ဤသူအမြတ် ၊ ဤသူလတ်က
၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု အဟုတ်အမှန်၊ မသွေလှန်သည် ၊ ဧကန်ဆတ်ဆတ် ၊လူသုံးရပ်ကိုသိတတ်စေ
။
(၁၁)
ငြိမ်သက်ဣနြေ္ဒ ၊ တည်ကြည်ထွေဖြင့်၊ သန္ဓေကောင်းမွန် ၊လွန်တော်မှန်လျှက် စိတ်မာန်မနှောင့်၊
နှုတ်လက်စောင့်သည်၊ သူကောင်းသွေးရည်ပီလှစေ ။
(၁၂)
ရပ်သူရွာသား ၊သူကောင်းများ၏၊ နားမှာမဆံ့ ၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညစ်
၊ ကိုယ်လက်နွမ်းအောင် ၊ အသွမ်းမကျင့်ကြလေနှင့် ။
(၁၃)
အတည်အကျွေး၊ အပေးအကမ်း၊ သေခန်းရှင်ခန်း၊ လူတို့တမ်းကို အော်အမ်းနိုင်ထွေ၊ လောက၀တ်လည်း၊
သိတတ်စေ ။
(၁၄)
သူ၏စီးပွါး၊ ငါ့စီးပွါးကို ၊ ထောက်ထားမိစေ၊ ကြီးလောဘကို ၊ မျှတစေ ။
(၁၅)
မမွှေမနှောက် ၊ မကောက်မကျစ် ၊မလိမ်လစ်ဘဲ မစဉ်းလဲနှင့် စိတ်ထဲဖြောင့်စေ ၊ သူ့အကျင့်လည်းသိတတ်စေ
။
(၁၆)
ဟုတ်သောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ ဖြူသောနှလုံး သူတော်ထုံးကို ၊ စွဲသုံးသောထွေ
၊ မှန်လှစေ ။
(၁၇)
ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်၊ လျင်လျှားဆွေးနွေး၊ ဆိုရေးလိမ္မာ ပညာရှိအား၊ ကိုယ်တိုင်သွား၍၊
စကားလိုက်လျှော ၊စစပြော၍ ၊နှီးနှောလေ ။
(၁၈)
မှတ်ဖွယ်မှတ်ရာ ၊ထိုထိုစာကို ၊ရှာ၍မပြက် ၊ အိမ်တွင်ဖတ် ။
(၁၉)
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက ၊သားမယားပင် ၊ သိမြင်ကင်းကွာ မလိမ္မာလည်း၊ စာပေစကား ၊နေ့တိုင်းကြားက
၊ ထူးခြားလိမ္မာ ၊ ရှိသည်သာတည့် ။
(၂၀)
ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို ၊ မယ်ဘွားမိခင် ၊ ဆုံးမသင်သို့ အကြင်ဆရာ ၊ ထိုသူငါကို
၊လိမ္မာကြောင်း ၊ ကောင်းပါစေလို ၊ဆိုပါသမျှ ၊ သြ၀ါဒကို နားမျှမထောင် ၊ မကြားယောင်သို့
၊မောင်တို့ပြုက ၊ယခုပစ္စုပ္ပန် ၊ နောင်သံသရာ ဆက်များစွာ၌ ၊ ချမ်းသာမည့်ရေး ၊ အလွန်ဝေးသည်
၊သေဘေးမလွဲ ၊၀ဋ်ဆင်းရဲမှရွှေခဲဘယ်နှယ် ၊ အသွယ်သွယ်ကို ၊လွဲဖယ်ကြံစည် ၊ လွှတ်ပါမည်၊ နားလည်စေကြောင်းသို့ကျင့်ကောင်းစွ
၊ သောင်းပြောင်းနှံ့စပ် ၊ သည်တိုင်းမှတ်ဟု၊ ထေရ်မြတ်ဆရာ ရဋ္ဌသာလျှင် ၊ ပညာရကြောင်း ၊ဥာဏ်နှင့်လောင်း၍၊ရုံးပေါင်းဆင်ခြင်
၊ ဆုံးမသင်သည် ၊ဤတွင်တခန်း၊ ပြီး၏သောဝ်။
။
အဲဒီနောက်
သားရွှေတောင် ဆုံးမစာ၊ သားရွှေဥ ဆုံးမစာ၊ ဆယ်စောင်တွဲထဲက လောကနီတိ။ အများကြီး ရှိပါတယ်ဗျာ။
အဲဒီအထဲက
တစ်ခုကို တစ်ယောက်ယောက်ကို အဲဒါနားလည်အောင် ဖတ်ခဲ့၊ နောက်ပြီး သူငယ်ချင်းတွေကို ပြန်ရှင်းပြနိုင်အောင်
ပြင်ဆင်ခဲ့။ (အဆင့်မြင့်ချင်ရင် ကွန်ပြူတာသုံးပြီး power point presentation တွေတောင်
သုံးနိုင်ပါတယ်။ တောတွေမှာ ပြောဘို့အတွက်တော့ မလိုပါ။)
နောက်ပြီး နွေရာသီတွေမှာ မီးသတ်ကို ဖိတ်ပြီး မီးသတ်သင်တန်းပေးလို့ရတယ်။
ဆရာဝန်၊ သူနာပြုတွေ ဖိတ်ပြီး ရှေးဦးသူနာပြု သင်တန်းတွေ ပေးလို့ရတယ်။
တကယ်လုပ်မယ်ဆို လုပ်စရာတွေ အများကြီးပါဗျာ။
ကိုင်း၊ ပြောတာတွေရပ်ပြီး အလုပ်နဲ့ သက်သေပြကြစို့။
အခုအချိန်ကစပြီး ကျွန်တော်ပြောတဲ့အထဲက ဘာတွေလုပ်မယ်ဆိုတာ
စာရွက်ပေါ်ချရေး၊ စပြီး အကောင်အထည်ဖော်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ မြန်မာပြည်
အနာဂတ်အတွက်ပါ။
ကျေးဇူးတင်ပါတယ်။
အေးငြိမ်း
၁၄၊ ၉၊ ၂၀၁၄ နေ့လည် ၁း၃၀ နာရီ
ရှင်မဟာရဋ္ဌသာရ ဆုံးမစာ ကို စိမ့်စမ်းပညာရေး ဘလော့မှ ကူးယူပါသည်။
တချို့က ကျွန်တော်ရေးတဲ့အပေါ်
မေးခွန်းထုတ်ပါတယ်။ ကားမှောက်တာနဲ့ ပညာတတ်တာနဲ့ ဘာဆိုင်ပါသလဲ တဲ့။ ဓာတ်ကြိုးပြတ်ကျလို့
ဓာတ်လိုက်သေတာရော လူငယ်တွေ ပညာမတတ်တာနဲ့ ဆိုင်သလားတဲ့။ လူငယ်တွေကို အကုန်လွှဲချတယ် တဲ့။
အဲဒီ ကွန်မန့်ပေးသူတွေကို
ကျွန်တော်စိတ်မဆိုးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဘာကိုရည်ရွယ်တယ်ဆိုတာ သူတို့မသိသေးလို့
ဖြစ်ပါတယ်။ အဲဒီအတွက် သူတို့နားလည်အောင်ရှင်းပြဘို့ရာ ကျွန်တော့်မှာတာဝန်ရှိပါတယ်။
ကျွန်တော့်ဝါဒက လက်ညှိုးထိုး
အပြစ်ပုံချတဲ့ ၀ါဒမဟုတ်ပါ။ မှားနေရင် ဘာမှားနေသလဲ။ ဘာကြောင့်မှားသလဲ။ မှန်အောင် ဘယ်လို
လုပ်ရမလဲလို့ အဖြေရှာတဲ့ ၀ါဒဖြစ်ပါတယ်။ အပြစ်ပုံချခြင်း၊ လက်ညှိုးထိုးခြင်းဖြင့် အဖြေမှန်ကို
မရနိုင်ပါဘူးလို့ ကျွန်တော် ထည့်ရေးထားပါတယ်။ ကျွန်တော်ရေးထားတာကို သေသေချာချာ နားလည်အောင်
ဖတ်ကြည့်ပါ။
အဲဒီကားမှောက်တာ၊
ဓာတ်လိုက်တာ၊ မီးလောင်တာ အားလုံးဟာ ပညာမဲ့မှုကြောင့် ဖြစ်တာများပါတယ်။ သွေးရိုးသားရိုး
သိချင်လို့ မေးချင်သပဆို ဖုံးခေါ်လိုက်ပါ။ ကျွန်တော့်ဖုံးနံပါတ်က 9730 3027 ဖြစ်ပါတယ်။
ဘာကြောင့် လူငယ်တွေကိုပဲ ဦးတည်ပြောပါသလဲ ဆိုတာပါ ရှင်းပြပါမယ်။ လုံးဝသဘောပေါက် နားလည်သွားတဲ့အထိ
အချိန်ယူ ရှင်းပြပါမယ်။ စင်ကာပူမှာနေတယ်ဆိုရင် ဖုံးဆက်ပြီး ချိန်းလိုက်ပါ။ ဒါမှ သိချင်တဲ့သူ
၁၀ ယောက်အထက်ရှိတယ်ဆိုရင် ကျွန်တော့်အိမ်ကို ဖိတ်ပြီး ထမင်းကျွေးပြီး ကျကျနန ရှင်းပြပါမယ်
ခင်ဗျား။
ကျွန်တော်ရေးထားတဲ့အပေါ်
မရှင်းလို့ တခြား မေးစရာတွေရှိသေးတယ်ဆိုရင်လည်း ဒီနေရာမှာ comment ထားခဲ့ပါ။ အားလုံးကိုစုပြီး
သပ်သပ် ဆောင်းပါးတစ်ပုဒ်ရေးပြီး ရှင်းပြပါမယ်။
ချဲလင်းလုပ်ချင်လို့
အပျက်သဘောနဲ့ မေးချင်လို့ဆိုရင်တော့ အဲဒီအတွက် ကျွန်တော် အချိန်ကုန်မခံနိုင်ပါလို့
ပြောပြစေ။
လောလောဆယ် ကျွန်တော်
ဂဟေဆက်နည်း အတတ်ပညာစာအုပ်ကြီးကို အားထည့်ရေးနေပါတယ်။
ဖတ်ရှု၊ မျှဝေသူအားလုံးကို
ကျေးဇူးတင်ပါတယ် ခင်ဗျား။
No comments:
Post a Comment