Monday, September 22, 2014

ပဉ္စမကြိမ် စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲအတွက် စည်းဝေးပွဲ

(၁) The Straits Times

ဒီနေ့တော့ ဒိုင်စားသဗျို့။ ခုထိ စာတစ်လုံးမှ မရေးရသေးဘူး။

ကြားရက်တွေမှာ အလုပ်ဆင်းနေရတာနဲ့ အချိန်မရလို့ ကျွန်တော် သတင်းစာ မဖတ်ဖြစ်ဘူး။ သတင်းအကျဉ်းတွေကို ဖုံးပေါ်မှာဘဲ ဖတ်တယ်။ တနင်္ဂနွေကျမှ တစ်ပတ်စာ အကုန်စုဖတ်တယ်။ ဒီတော့ တနင်္ဂနွေဆို တစ်မနက်လုံး သတင်းစာ ဖတ်တာနဲ့ အချိန်ကုန်တာပဲဗျို့။ အရှိန်လွန်သွားရင် နေ့ခင်းပါဆက်ဖတ်ရတယ်။ ဒါပေမဲ့ ဒီလောက်များတဲ့ သတင်းစာပုံကြီး ဘယ့်နှာလုပ် လုံးစေ့ပါဋ်စေ့ ဖတ်နိုင်ပါမတုံး။ ကိုယ်စိတ်ဝင်စားတဲ့သတင်းလောက်ပဲ သေသေချာချာ ဖတ်သပေါ့။ (ဥပမာ - ISIS ကို ၀ိုင်းသမကြမယ်ဆိုတဲ့ သတင်း၊ အမေကသားကိုသတ် စတဲ့သတင်းမျိုးတွေပေါ့။)

The Straits Times သတင်းစာကို ဖတ်ဗျ။ ဖတ်စရာတွေ အများကြီးပါတယ်။ အထူးသဖြင့် Part D က special report တွေဆို တော်တော်ကောင်းတယ်။ ကျွန်တော်တော့ ကိုယ်ကြိုက်တဲ့အပိုင်းဆို ဖြတ်ပြီးသိမ်းထားတယ်။ Part A က Opinion, Think, Part B က Home စတာတွေမှာ ဖတ်စရာတွေ အများကြီးပါတယ်။ Part C က Recruit session နောက်ဆုံးစာမျက်နှာ မှာ ဒါရိုက်တာကြီးတွေ၊ ပရော်ဖက်ဆာတွေ စသဖြင့်ရေးတဲ့ ဆောင်းပါးတွေပါတယ်။ ကျွန်တော် ဘာသာပြန်ချင်တာ လက်ယား နေတာပေါ့ဗျာ။ ဒါပေမဲ့ မအားရတာနဲ့ မရေးဖြစ်ဘူး။ ဖြဲပြီး စုထားရတယ်။ နည်းနည်းအချိန်လေးရရင် နည်းနည်းချင်း ရေးလို့ ရအောင်။ အဲဒီအခန်းမှာ များသောအားဖြင့် ပညာရေးနဲ့ပတ်သက်တာ။ အလုပ်နဲ့ပတ်သက်တာ။ စီမံခန့်ခွဲမှုနဲ့ပတ်သက်တာ စတဲ့ဆောင်းပါးကောင်းတွေ ပါတယ်။ စနေနေ့ထုတ်တဲ့ သတင်းစာက recruit session မှာဆို အလုပ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ အများကြီးပါတတ်တယ်။ လက်တွေ့နယ်ပယ်မှာ တကယ်လိုက်နာကျင့်သုံးရမဲ့ဟာတွေကို လက်တွေ့ဆန်ဆန် ရေးထားတာ။

ကျွန်တော်စိတ်မ၀င်စားလို့ တစ်ခါမှ လှန်မကြည့်ဖြစ်တဲ့ စာမျက်နှာတွေလည်း ရှိတယ်။ Sport နဲ့ money ပဲ။ စီးပွားရေး အကြောင်း ကျွန်တော် နကန်းတစ်လုံးမှ နားမလည်ပါ။ ထို့အတူ အားကစားကိုလည်း စိတ်မ၀င်စားပါ။ ဒါပေမဲ့ F1 ကိုတော့ နည်းနည်း စိတ်ဝင်စားမိသား။ Life က ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နေတဲ့အတွက် တော်ရုံသဖြင့်ပဲ လှန်ကြည့်လိုက်တယ်။ သိပ်မဖတ်ဖြစ်ပါဘူး။
မိတ်ဆွေတို့ကိုလည်း သတင်းစာနေ့တိုင်းဖတ်ဖို့ တိုက်တွန်းပါ၏။ ဖေတော့မောင်တော့တွေနဲ့ အချိန်မကုန်ပါစေနဲ့လို့ လူငယ် လူရွယ်လေးတွေကိုလည်း တိုက်တွန်းပါတယ်။ သတင်းများနဲ့ကင်းလွတ်နေသူဟာ လောကကြီးနဲ့ ကင်းကွာနေသူပါဘဲ။ စမတ်ဖုံးတွေခေတ်စားတဲ့ ခုခေတ်အဘို့တော့ လွယ်ပါတယ်။ နေရာတကာ ဖတ်လို့ရ . .


အဲဗျ။ မေ့တော့မလို့။ သိချင်လည်း သိပြီးဖြစ်မှာပါ။ မြန်မာပြည်က မိတ်ဆွေများ ပြောပါတယ်။ တချို့ စင်ကာပူက The Straits Times သတင်းစာကို ဖတ်ချင်တယ်လို့ သိရပါတယ်။ ဖတ်ချင် ဖတ်လို့ရပါသဗျား။ ဘာခက်တာလိုက်လို့။ အွန်လိုင်းကနေ ပိုက်ဆံပေးလိုက်ရင် တစ်ကမ္ဘာလုံး အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို ဖတ်လို့ရပါသဗျာ။ 


အဲလေ စက္ကူနဲ့ ကိုင်ဖတ်ရမှ အားရသဗျာ ဆိုရင်တော့ ပို့ခပိုပေးရလိမ့်မပေါ့ဗျာ။ ဒါပေမဲ့ တစ်ခါတလေကျတော့ ပို့ခက ပစ္စည်းတန်ဘိုးထက် ပိုများတတ်သဗျ။ နောက်ပြီး အနည်းဆုံး တစ်ရက်လောက်နောက်ကျပြီးမှ ရောက်လာလိမ့်မယ်။


ဟောဒီမှာ ဈေးနှုန်းတွေ ကြည့်ပါ။ စာရွက်သတင်းစာက ၂၄ ကျပ် ၆၅ ပြား။ အင်တာနက်ကနေဖတ်ရင် ၂၆ ကျပ် ၆၅ ပြား။ အွန်လိုင်း၊ စာရွက်၊ အိုင်ဖုံး၊ ငါးပက် (ဟုတ်ပေါင်) အိုင်ပက် အကုန်ယူရင် ၂၈ ကျပ် ၆၅ ပြား။ တစ်လမှ ပိုက်ဆံ ၃ - ၄ ကျပ် လောက်ကွာတာတော့ ဘယ်ကြည့်တော့မလဲဗျာ။ ကျွန်တော်တော့ All in one ပဲယူလိုက်တော့တာပေါ့။ (မနှစ်က ၃၁ ကျပ်ဗျ။ အခု နည်းနည်းဈေးကျသွားတာ။ အခု ကျွန်တော် တစ်လကို ၃၁ ကျပ်နဲ့ ချေနေရတယ်။)

ဒါပေမဲ့ ခွကျတာက အွန်လိုင်းက pdf နဲ့ဖတ်လို့ရတဲ့သတင်းစာကို save လုပ်ထားလို့မရဘူးဗျ။ ကျွန်တော်လည်း မကျေနပ်တာ နဲ့ မင်းတို့သတင်းစာက ဘာလို့ save လုပ်လို့မရသတုံး ဆိုတော့ ဒါ သူတို့ ပေါ်လစီပါ။ လိုချင်သပဆို တစ်ပုဒ်ချင်း ပရင့်ထုတ်ပါ တဲ့။ လုပ်ပုံ။ စိတ်တိုသဗျာ။ ကျုပ်အိမ်ဆိုတာ သတင်းစာတွေနဲ့ ပြည့်နေတာပဲ။ တကယ်လို့ pdf version ကို save လုပ်လို့ရရင် အဲဒီ စာရွက်ပုံကြီးစုထားစရာ ဘယ်လိုတော့မတုံးဗျာ။

(၂)

မနက်ပိုင်း ၁၂ နာရီကျော်ထိ သတင်းစာဖတ်တာနဲ့ အချိန်ကုန်။ နေ့ခင်း ထမင်းစားပြီးတော့ Work At Height သင်တန်း လက်တွေ့ ပြစရာရှိတာနဲ့ သွားပြ။ သင်တန်းပြီးတာနဲ့ မြွေဆိပ်ဖြေဆေးစည်းဝေးပွဲ ဆက်သွား။

စည်းဝေးပွဲကို ဖူနန်စင်တာ၊ ၅ ထပ်က စားသောက်ဆိုင်တန်းမှာ လုပ်တယ်။ အဲဒီနေရာက ကျွန်တော်တို့ စည်းဝေးပွဲ လုပ်နေကျ နေရာ။ ဟိုးအရင်နှစ်တွေတုံးကတော့ ဘယ်သူမှမရှိဘူး။ ကျွန်တော်တို့ချည်း တိတ်တိတ်ဆိတ်ဆိတ်။ အဲဒီနေရာလေးက ကျယ်လည်းကျယ်။ ဆိုဖာတွေနဲ့ဆိုတော့ ထိုင်လို့လည်းကောင်း။ လူသူလည်း သိပ်မရှိတော့ ပြောလို့ ဆိုလို့ကောင်းတယ်။
ဒါပေမဲ့ အဲဒါ ရှေးတုံးကဗျ။ ဒီနေ့တော့လား။ အယ်မယ်လေးဗျာ။

ကျွန်တော်ရောက်သွားတော့ အဲဒီနေရာမှာ လူတွေပြည့်ကျပ် ဆူညံလို့ပါလား။ တခြားသူတွေ ဟုတ်ပါရိုးလားဗျာ။ နံရံကပ် ထိုင်ခုံရှည်တွေနဲ့ စားပွဲရှည် ၅ လုံး။ အလယ်မှာ စားပွဲရှည် ၂ လုံး။ နောက်ပြီး စားပွဲဝိုင်း ၂ စုံ မှာ ကျွန်ုပ်တို့ ရွှေမြန်မာတွေ အပြည့် နေရာယူထား၊ အော်ကျယ်ဟစ်ကျယ်နဲ့ စကားပြောနေကြပါလားဗျို့။ ကြည့်ရတာ ကျွန်တော်တို့လိုပဲ စည်းဝေးပွဲ လုပ်နေကြ ထင်ပါရဲ့။
မအော်လို့ကလည်း မဖြစ်ဘူး။ ဟိုစားပွဲကဆူ။ သည်စားပွဲကဆူ ဆိုတော့ သူလည်းအော် ငါလည်းအော်။ စင်ကာပူရီယမ်နဲ့ တူတာဆိုလို့ စားပွဲဝိုင်း ခပ်သေးသေးတစ်ခုမှာ ကောင်လေးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်း စားနေလေရဲ့။

သူတို့ကိုကြည့်ရင်း ကျွန်တော် တွေးမိသေးတယ်။ အင်း၊ အဲဒါကြောင့်လည်း ငါတို့ကို သူတို့နိုင်ငံသားတွေ မကြိုက်တာနဲ့ တူပါရဲ့။ နေရာကောင်းတွေကို ကျွန်တော်တို့အကုန်သိမ်းပိုက်ထားတော့ သူတို့ ထိုင်လို့မရတော့ဘူးပေါ့။ ရထားဆိုလည်း ကြည့်လိုက်ပါဦး။ အလုပ်သမားတွေကို မြို့စွန်မှာထားတော့ ဘူတာအစက သူတို့တက်လာပြီး ခုံအားလုံးထိုင်ထားလိုက်တော့ နောက်ဘူတာတွေမှာတက်လာတဲ့ စလုံးတွေ မထိုင်ရတော့ဘူး။ အဲဒါတွေ သူတို့ကွန်ပလိန်းတက်တာ။

အိမ်ပြန်ရောက်တော့ ည ၉ နာရီ။ ရေမိုးချိုး၊ စားသောက်ပြီးတော့ ၉ နာရီခွဲကျော်။

အဲဒီတော့မှ အခု စည်းဝေးပွဲမှတ်တမ်းကို စရေးရတယ်။ စည်းဝေးပွဲမှတ်တမ်း ရေးမှာရေးတာမဟုတ်ဘူး။ လေက ရှည်နေလိုက်ရသေး။

(၃)

ပဉ္စမကြိမ် စုပေါင်းမြွေဆိပ်ဖြေဆေးလှူဒါန်းပွဲအတွက် စည်းဝေးပွဲ

စည်းဝေးပွဲမှတ်တမ်း

၁။         နေ့ရက်၊ အချိန်။                ။ ၂၁၊ ၉၊ ၂၀၁၄။ ညနေ ၆ နာရီ

နေရာ။                            ။ Food Court, 5th Storey, Funan IT Mall

တက်ရောက်လာသူများ (ဖုံးနံပါတ်နှင့် email များမထည့်တော့ပါ)


စဉ်
အမည်
အဖွဲ့
၁
ဦးအေးငြိမ်း
စနေဓမ္မမိတ်ဆွေများအဖွဲ့
၂
ဦးသောင်းတန်
။
၃
ဒေါ်ထားထားလှိုင်
။
၎
ကိုလှိုင်ဌေးဦး
အောင်လံသုခိတာ
၅
ကိုဇေယျာဦး
။
၆
ကိုဝင်းမင်းထွန်း
။
၇
ကိုဇေယျကြည်ဝင်း
မြေလတ်မိသားစု
၈
ကိုဟိန်းလတ်ဝင်း
။
၉
ကိုသန့်ဇင်
PSA Myanmar Family
၁၀
ကိုမင်းအောင်
။
၁၁
ကိုမင်းမင်းဦး
Save the Aged
၁၂
ကိုကျော်ကျော်ထွေး
ထားဝယ်မိသားစု
၁၃
ကိုမင်းကျော်ဇင်
။
၁၄
ကိုကျော်စွာဖြိုး
။
၁၅
မမိုးစွေဦး
။
၁၆
မမိုးစင်ဦး
။
၁၇
ကိုနေ၀င်းထွဋ်
။
၁၈
ကိုမြတ်စိုး
။
၁၉
မမူယာနွဲ့
Lotus Foundation
၂၀
မမြင့်မြတ်ဆွေ
ပညာပါရမီ

၂။ ဆွေးနွေးသည့်အကြောင်းအရာများ

ပထမဦးစွာ ကိုသောင်းတန်က မြွေဆိပ်ဖြေဆေးလှူဒါန်းရခြင်းအကြောင်းနှင့် သူမြန်မာပြည်ပြန်စဉ်က ကြုံတွေ့ခဲ့ရသော အခြေအနေများကို ရှင်းပြပါသည်။

- စင်ကာပူရောက် မြန်မာပရဟိတ အဖွဲ့များ စုပေါင်း၍ မြန်မာပြည်မှ မြွေကိုက်အများဆုံးဒေသများသို့  မြွေဆိပ်ဖြေဆေးများ လှူဒါန်းခဲ့ရာ ယခုအကြိမ်ဆိုလျှင် ၅ ကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း
- စင်ကာပူအဖွဲ့များအနေနှင့် ပိုက်ဆံကိုကောက်ခံစုဆောင်းပေးရုံမျှဖြစ်ပြီး အလှူခံလာသော ဒေသများနှင့်ဆက်သွယ်ခြင်း၊ မြွေဆိပ်ဖြေဆေးများဝယ်ယူခြင်း၊ ပေးအပ်ပွဲကျင်းပခြင်း၊ လှူဒါန်းလိုက်သောနေရာများမှ သတင်းအချက်အလက်များ ပြန်လည် စုဆောင်းခြင်း၊ စင်ကာပူမှ အဖွဲ့များသို့ မြွေဆိပ်ဖြေဆေးသုံးစွဲမှုအခြေအနေ သတင်းများ မပြတ်ပေးပို့ခြင်း စသည်တို့ကို မြန်မာပြည်မှ မိတ်ဆွေများက လုပ်ကြရကြောင်း၊ ထိုသူများအား ကိုစိုးသိန်းနှင့် ကိုကျော်ဇောက အဓိက ဦးဆောင် လှုပ်ရှားခြင်း ဖြစ်ပြီး ကိုကျော်ဇောနှင့် ကိုကျော်ဝဏ္ဏတို့မှာ စင်ကာပူတွင်အလုပ်လုပ်စဉ်က ကျွန်ုပ်တို့နှင့်လက်တွဲကာ ပရဟိတလုပ်ခဲ့ကြသူများ ဖြစ်ကြောင်း
- ယခုတစ်ခေါက် မြန်မာပြည်ပြန်စဉ် ၎င်းတို့က သူတို့ထံတွင် မြွေဆိပ်ဖြေဆေး အလှူခံထားသော စာတော်တော်များများ ရထားပြီ ဖြစ်ကြောင်း၊ ယခုအချိန်မှာလည်း လယ်သိမ်းချိန်ဖြစ်သဖြင့် မြွေအကိုက်များသော အချိန်ဖြစ်သဖြင့် မြွေဆိပ်ဖြေဆေး လှူဒါန်းရန် အချိန်ကျနေပြီဖြစ်သဖြင့် နိုဝင်ဘာလထဲ၌ လှူဒါန်းလိုသည်ဟု သတိပေးကြောင်း၊ သို့သော် ကျွန်တော်က နိုဝင်ဘာလတွင် လှူဒါန်းရန်မှာ သိပ်မလွယ်လှကြောင်း၊ အလှူငွေစုဆောင်းရန် စင်ကာပူမှ အဖွဲ့များကို အချိန်ပေးရန် လိုသဖြင့် ဒီဇင်ဘာလထဲတွင် လှူရန်ပြောခဲ့ကြောင်း၊
- မြွေဆိပ်ဖြေဆေးကို ယူနီဗာဆယ် ကုမ္ပဏီမှ ၀ယ်နိုင်ကြောင်း၊ ဆေးတစ်လုံးလျှင် ၁၇ ဒေါ်လာခန့်ကျသင့်ကြောင်း၊
- ထို့ကြောင့် အလှူငွေများကို ဒီဇင်ဘာလတွင် ကောက်ခံရန်ဖြစ်နိုင်မဖြစ်နိုင် တိုင်ပင်ကြစေလိုကြောင်းပြော၏။

ဦးအေးငြိမ်း -

- ယခုတက်ရောက်လာသည့်အဖွဲ့များမှာလည်း စုံသလောက်ရှိပြီဖြစ်သည့်ပြင် တက်ရောက်လာသည့် အဖွဲ့ခေါင်းဆောင်များ အနေနှင့် အလှူငွေအပ်နိုင်မည့်ရက်ကို တစ်ပါတည်းဆုံးဖြတ်နိုင်က ဆုံးဖြတ်ပေးစေလိုကြောင်း၊ ဒီဇင်ဘာလတွင် လှူနိုင်ရန် အလှူငွေများကို နိုဝင်ဘာလလယ်နောက်ဆုံးထား ကောက်ခံရန်လိုကြောင်း၊ သို့မှသာ ရန်ကုန်အဖွဲ့များအနေနှင့် ဆေးဝယ်ယူရေးအဆင်ပြေမှာ ဖြစ်ကြောင်း၊
- ထို့ပြင် မြွေဆိပ်ဖြေဆေးအလှူငွေသာမက မြွေဆိပ်ဖြေဆေးပေးအပ်လှူဒါန်းပွဲကျင်းပရေးအတွက်လည်း မများလှသော အလှူငွေကို (တစ်ဖွဲ့လျှင် စင်းဒေါ်လာ ၅၀ ခန့်) လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အကြောင်းမှာ မြန်မာပြည်အဖွဲ့အနေနှင့် နယ်များသို့ဖုံးဆက်ခ၊ ခရီးသွားလာစရိတ်စသည့် အထွေထွေစရိတ်စကများကို ကိုယ်ပိုင်ငွေထဲမှ ကျခံသုံးစွဲနေရသည်ဖြစ်ရာ မြွေဆိပ်ဖြေဆေးပေးအပ်ပွဲအတွက် ထပ်မကုန်စေလိုသောကြောင့် ဖြစ်ကြောင်း။

ကိုသောင်းတန် -

- မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲသို့ ယခုလှူဒါန်းသည့်အဖွဲ့များမှ ကိုယ်စားလှယ် မိသားစုများ တက်ရောက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း။ ဆေးများကို အလှူခံသည့်နေရာများသို့ ကိုယ်ထိလက်ရောက် လှူဒါန်းစေလို၍ ဖြစ်ပါကြောင်း
- ပေးအပ်လှူဒါန်းပွဲကို ယခင်နှစ်များကကဲ့သို့ပင် မရမ်းကုန်း၊ နာဂလိုဏ်ဂူကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် နယ်မှလာပြီး နေ့ချင်းပြန်လိုသူများ အဆင်ပြေစေရန် နေ့လည်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကျင်းပမည့်ရက်ကို ထပ်မံ ကြေငြမည်ဖြစ်ကြောင်း။
- လှူဒါန်းသောအဖွဲ့များအနေနှင့် မိမိတို့ဒေတွင် မြွေကိုက်များသဖြင့် မြွေဆိပ်ဖြေဆေးအလှူခံလိုပါက အလှူခံနိုင်ပါကြောင်း။


ဆုံးဖြတ်ချက် -

- ၂၃၊ ၁၁၊ ၂၀၁၄ နေ့တွင် ထပ်မံတွေ့ဆုံကြပြီး အလှူငွေများကိုပါ တစ်ပါတည်း လွှဲအပ်မည်ဖြစ်ပါသည်။







မှတ်တမ်းတင်သူ

ဦးအေးငြိမ်း
၂၁၊ ၉၊ ၂၀၁၄

No comments: