ဝှူး
. . . .။
ဂဟေစာအုပ်ကို
ဇောက်ချရေးမယ်လို့ ကြံကာမှ ဟိုဟာသည်ဟာတွေ ပေါ် ပေါ်လာသဗျာ။ တခြား ဟုတ်ပါဘူး။ မှတ်ချက်လေးတွေနဲ့ ပတ်သက်လို့ စဉ်းစားမိတာပါ။
ဆရာကိုသိန်းသန်းက
ကျွန်တော့် “လေးမျက်နှာသို့ပေးစာ” ကို မျှဝေလိုက်တော့ လူကြီးတစ်ယောက်က
လူအထင်ကြီးအောင် လျှောက်ရေးနေတာပါ . . . တဲ့။ မှတ်ချက်ပေးတယ်။
နောက်ပြီး စိုက်ပျိုးရေးက ကိုတက်ပုက ကျွန်တော့် ဆောင်းပါးတစ်ပုဒ်ကိုပြန်လည်
ဝေမျှလိုက်တော့ (စိုက်ပျိုးရေးကျောင်းဆင်းပဲနဲ့ တူပါတယ်) တစ်ယောက်က လှောင်ပါတယ်။ နောက်ပြီး
နိုင်ငံခြားမှာနေပြီး ချစ်ပြနေလိုက်တာ။ တကယ်တိုင်းပြည်ချစ်ရင် ပြန်လာလုပ်လှဲ့ပါလား
တဲ့၊ ပြောလိုက်သေးတယ်။
ကျွန်တော်သူတို့ကို ပြန်လည်ချေပနေစရာအကြောင်းမရှိပါ။ စာများများဖတ်ပါ၊
ဆက်စပ်တွေးခေါ်တတ်အောင် လေ့ကျင့်ပါလို့တော့ ပြောလိုက်ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ပြောစရာလေးတွေ ရှိလာပြန်သဗျ။ သူတို့ချည်းထဲမဟုတ်ပါဘူး။
အားလုံးအတွက်ပါ။
မှာ ဖတ်နိုင်ပါတယ်။
ပြောချင်တဲ့အဓိက အကြောင်းက ကျွန်တော်တို့ ခံယူရမဲ့ သဘောထား
အကြောင်းပါ။
အခု ကျွန်တော်တို့ အသက် ၅၀ ကျော်လာပါပြီ။ အချိန်မရွေး သေမင်းက
လာခေါ်သွားနိုင်ပါတယ်။ ကျွန်တော်တို့မှာ သိထား၊ တတ်ထား၊ လေ့လာထားတာတွေ၊ လူ့ဘ၀အတွေ့အကြုံတွေ၊
မှားခဲ့တာတွေ၊ နောင်တတွေ တော်တော်များများ စုမိဆောင်းမိ ရှိနေပါပြီ။
အကယ်၍ ကျွန်တော်တို့သာ အဲဒါတွေကို နောင်လာနောက်သားတွေအတွက်
ပြန်လည် ဝေမျှမပေးခဲ့ဘူးဆိုရင် ကျွန်တော်တို့သေတာနဲ့ အဲဒီအဖိုးတန်ပညာ၊ ရတနာတွေဟာ တစ်ခါတည်း
မြေမြှုပ်သဂြိုဟ်ပြီးသား ဖြစ်သွားမှာပါ။ အင်မတန် နှမြောစရာ မကောင်းပေဘူးလားဗျာ။
၂၀၁၁
ခုနှစ်လောက်က ထင်ပါရဲ့။ မိတ်ဆွေတွေဖိတ်လို့ ပဌာန်း (၂၄) ပစ္စည်းရွတ်ရအောင်သွားတော့ အဲဒီအိမ်မှာ
သူငယ်ချင်းက မိတ်ဖွဲ့ပေးလို့ မြန်မာအရာရှိတစ်ယောက်နဲ့တွေ့ပါတယ်။ လျှပ်စစ်ဌာနဘက်ကပါ။
စကားစပ်ရင်းနဲ့ ကျွန်တော်က စာအုပ်တွေကို လူငယ်တွေကို ပြန်ဝေမျှဘို့ တိုက်တွန်းတော့
ဘာပြန်ပြောတယ် မှတ်သလဲ။
ဘယ်ဖြစ်မလဲဗျ။
ဒါက ကျွန်တော့်ထမင်းအိုးပဲ ဥစ္စာ . . . တဲ့။
ကျွန်တော့်မှာတော့
ထုံးစံအတိုင်း အံ့သြလွန်းလို့ သေတော့မယ် ပေါ့ဗျာ။ အဲဒါ ဘုရားတရားလုပ်နေတဲ့သူပါ တဲ့။
ကျွန်တော်က
အင်မတန် စကားပြော အပေါက်ဆိုးတဲ့လူပါ။ စိတ်တိုချက်ကလည်း နှစ်လက်မတောင် မပြည့်ဘူး။ အဲဒီလူသာ
ကျွန်တော့်သူငယ်ချင်းဆိုရင်တော့လား. . ဟင်း ဟင်း။
ကျွန်တော်နဲ့ရင်းနှီးတဲ့
ကိုကျော်ဝဏ္ဏတို့ဆို မကြာခဏ အပြောခံရသပေါ့။ ခင်ဗျားတို့လုပ်နေတာ ဘာတရားလဲ။ အဲဒါ ဓမ္မတော့
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ အဓမ္မပဲ ဖြစ်ရမယ် စသဖြင့် ရင့်ရင့်သီးသီး အပြောခံရတယ်။
သူတို့က ကျွန်တော့် အကြောင်း သိနေလို့သာပေါ့ဗျာ။ မဟုတ်ရင် ဆွဲထိုးခံရမှာပေါ့။
မိတ်ဆွေများခင်ဗျား။
ပညာဆိုတာ ဆီမီးတိုင်နဲ့တူတယ်။ ဆီမီးတိုင်ဆိုတာ နောက်ဆီမီးတိုင်တစ်ခုကို ထပ်ဆင့်မီးညှိ
ပေးလိုက်ခြင်းအားဖြင့် သူ့မူရင်း အလင်းရောင် လျော့ကျမသွားတဲ့ပြင် အဲဒီနောက်ထပ် ဆီမီးတိုင်တွေကြောင့်
ပိုတောင် လင်းလာပါသေးတယ် ဆိုတာ မိတ်ဆွေတို့ သိပြီးသားပါ။
ပြီးခဲ့တဲ့
“ဆရာစားချန်ခြင်းအကြောင်း” ဆိုတဲ့ ဆောင်းပါးမှာလဲ ကျွန်တော်ရေးခဲ့ပြီးပါပြီ။
မဖတ်ရသေးသူများအတွက် Link: http://www.shwenyein.blogspot.sg/2013/11/blog-post_7878.html
ကျွန်တော့်ဆီမှာ
safety နဲ့ ပတ်သက်တဲ့စာအုပ် ၂၀၀ ကျော်လောက်ရှိပါလိမ့်မယ်။ အဲဒီစာအုပ်တွေအကုန် ကျွန်တော့်ဆီက
လာယူလှဲ့ပါ။ တစ်နှစ်လောက် အချိန်ယူပြီး အကုန်အစင်ဖတ်ပါ။ အဲဒီစာအုပ်တွေ အကုန်ဖတ်မိရုံနဲ့
safety ဘာသာရပ်မှာ ခင်ဗျားတို့ ကျွန်တော့်လောက် တတ်၊ သိ လာမယ်ဆိုရင်
ကျွန်တော့်အိမ်မှာ နေ့တိုင်း ထမင်းတင်ကျွေးထားပါမယ်။ အရင်တုံးကလည်း ပြောခဲ့ပါပြီ။ အဲဒီစာအုပ်တွေ
ဝေမျှလိုက်ရုံနဲ့ ထမင်းအိုး ကွဲသွားရမယ်ဆိုတာကိုဖြင့် ကျွန်တော်တော့ ဘယ်လိုမှ မစဉ်းစားတတ်ပါဘူးဗျာ။
ဒါဆို ဘာကြောင့် နှမြောတွန့်တို နေရသလဲ။
ကျွန်တော် အခုရေးနေတာတွေဟာ ပိုက်ဆံလိုချင်လို့လည်း မဟုတ်ဘူး။
လူအထင်ကြီးခံချင်လို့လည်း မဟုတ်ပါ။ (ထုတ်ပြောရတာ ရှက်ဘို့တောင်ကောင်းလိုက်တာဗျာ။) နေပါဦး။
ခင်ဗျားတို့ ကျွန်တော့်ကိုအထင်ကြီးတော့ ကျွန်တော် လခပိုရလားသလား။ ကျွန်တော် စီးပွားတွေပိုတက်လာသလား။
ကျွန်တော်က ၂၀၁၅ သမ္မတရွေးပွဲမှာ ၀င်ပြိုင်မှာလည်း မဟုတ်တဲ့အတွက် လူတွေကျွန်တော့်ကို
ပိုကြိုက်လာအောင် လုပ်စရာလည်း အကြောင်းမရှိပါဘူးဗျာ။ ပိုက်ဆံ လိုချင်တယ်ထင်ရင် စင်ကာပူက
safety officer တစ်ယောက် လခဘယ်လောက်ရလဲဆိုတာ စုံစမ်းကြည့်ပါ။ အဲသလောက် နုံဖျင်း၊ သေးသိမ်တဲ့ကိစ္စတွေ
ကျွန်တော်မပြောပြစေနဲ့။
ကျွန်တော်ရေးနေတာက မြန်မာပြည်သူပြည်သားတွေ အကျင့်စာရိတ္တတွေ
ဒီထက်ပိုကောင်းလာပါစေ၊ အသိအမြင်တွေ ဒီထက်ပိုကြွယ်ဝလာပါစေ၊ အသိပညာတွေ ဒီထက်ပို တိုးတက်လာပါစေဆိုတဲ့
စေတနာနဲ့ပါ။ အဲဒီအတွက် ကျွန်တော့်ကို ဘယ်လိုဆဲဆဲ၊ ဘယ်လိုထင်ထင် ကျွန်တော်ဂရုစိုက်စရာမလိုပါ။
ဘယ်နေ့သေမယ်ဆိုတာ မသိတဲ့ အတွက် မသေခင် ပေးနိုင်သမျှ ပေးသွားမယ်ဆိုပြီး အသည်းအသန် လုပ်နေတာ။
အဲဒါမှ ကြွားပြောတယ်ထင်လဲ မတတ်နိုင်ဘူး။ ထင်ချင်သလို ထင်ပါ။ ခင်ဗျားတို့ဆဲလဲ အသားပဲ့သွားတာမှ
မဟုတ်တာနော။
အဲဒီတော့ အစပိုင်းက ကျွန်တော်ပြောခဲ့သလို မိတ်ဆွေများကိုလည်း
မသေခင် မိတ်ဆွေတို့ သိထား၊ တတ်ထား၊ လေ့လာထားတာတွေကို ကိုယ်တတ်နိုင်သလောက် ပြန်လည် ဝေမျှပေးပါလို့
မေတ္တာရပ်ခံချင်ပါတယ်။ အထူးသဖြင့် ပညာတတ်မိတ်ဆွေတွေကိုပါ။ (ကြားဖြတ်ပြောရရင် သူငယ်ချင်းကိုတင်လတ်တို့
ကျောင်းဖွင့်ထားတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျောင်းဆိုတာ ပညာတွေကို ဝေမျှပေးတဲ့
တစ်ခုတည်းသော နေရာပါပဲ။)
စာအုပ်ဆိုင်တန်းတွေ လျှောက်ကြည့်လိုက်စမ်းပါ။ မြန်မာလိုရေးထားတဲ့
တူတူတန်တန် အင်ဂျင်နီယာစာအုပ်တွေ ရှိပါသလား။ အင်ဂျင်နီယာဘာသာရပ်တွေထဲက ဆရာကြီးဦးညီလှငယ်ရေးထားတဲ့
မြို့ပြအင်ဂျင်နီယာ စာအုပ်တချို့ပဲ ရှိပါတယ်။ စက်မှုနဲ့ပတ်သက်လို့၊ ရေနံဓာတုနဲ့ပတ်သက်လို့၊
ကုန်ထုတ်ဓာတုနဲ့ပတ်သက်လို့၊ သတ္တုတွင်းနဲ့ပတ်သက်လို့၊ သတ္တုဗေဒနဲ့ ပတ်သက်လို့၊ ချည်မျှင်အထည်နဲ့
ပတ်သက်လို့၊ ပိသုကာနဲ့ပတ်သက်လို့ ဘာစာအုပ်တွေများရှိပါသလဲ။
ကျွန်တော်က စာအုပ်ဝါသနာပါတော့ ရနိုင်သမျှ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး
စာအုပ်စာရင်းတွေ ပြုစုထားပါတယ်။ မိတ်ဆွေတို့ အလိုရှိရင် လှမ်းတောင်းလိုက်ပါ။
ဦးအုန်းမြင့် (ဒီဇယ်) ထုတ်တဲ့စာအုပ်တွေ၊ ဆရာဦးဖေသိန်းတို့ရေးတဲ့
အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ရေး၊ ဦးသန်းမြင့်ရဲ့ ရေဒီယိုပြင်နည်း စတဲ့ စာအုပ်တွေကို
အင်ဂျင်နီယာတွေ လေ့လာရမဲ့စာအုပ်တွေလို့ မိတ်ဆွေတို့ ထင်ပါသလား။ (သက်မွေးဝမ်းကျောင်းလူငယ်တွေအတွက်
အဲဒီစာအုပ်တွေဟာ အင်မတန် အားကိုးရလို့ အဲဒီဆရာကြီးတွေဟာလည်း မြန်မာပြည်ရဲ့ ကုန်ထုတ်တိုးရေးအတွက်
အင်မတန်ကျေးဇူးကြီးတဲ့သူတွေ ဖြစ်ပါတယ်။)
နောက်ပြီး အသိပညာ၊ အတတ်ပညာနဲ့ပတ်သက်လို့ မြန်မာပြည်မှာ လူငယ်တွေအတွက်
ဟောပြောပွဲတွေ၊ ပြပွဲပြိုင်ပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဘယ့်ကလောက်များ ရှိပါသလဲ။
လုပ်ပေးဘို့ရော ဘယ်သူတွေ အိပ်မက် မက်ဖူးပါသလဲ။ မယောင်ရာဆီလူးတဲ့ သိန်း ၁၀၀၀ လိုကိစ္စတွေရဲ့
သုံးပုံတစ်ပုံလောက် လုပ်ပေးရင်ကိုပဲ အင်မတန် အကျိုးရှိလှပါပြီ။
အဲသလောက်ပြောလိုက်ရင် မြန်မာပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက်
အင်မတန်မှ လစ်ဟာနေတဲ့ ကွက်လပ်ကြီးကို မိတ်ဆွေတို့ မြင်လောက်ပါပြီ။ မလုပ်တဲ့သူတွေကို
အပြစ်တင်မနေပါနဲ့။ အာညောင်းပါတယ်။ မိတ်ဆွေတို့ ကိုယ်တတ်နိုင်သလောက် လုပ်ကြစမ်းပါ။ စာရေးပါ။
ဟောပြောပွဲတွေ လုပ်ပေးပါ။ အတွေ့အကြုံ ရှင်းလင်းပွဲတွေ လုပ်ပေးပါ။ သင်တန်းတွေ ဖွင့်ပေးပါလို့
လေးလေးနက်နက် တိုက်တွန်းပြစေ။ ပိုက်ဆံစကားမပြောပါနဲ့။ တကယ်လုပ်ချင်ရင် ပိုက်ဆံမလိုပါဘူး။
နောက်တစ်ခု။
နိုင်ငံခြားကနေများ
တိုင်းပြည်ကို ချစ်ပြနေလိုက်ရတာ ဆိုတဲ့သူတွေကို နည်းနည်းလောက် ရှင်းပြပြစေ။
ကျွန်တော်
စိုက်ပျိုးရေးတက္ကသိုလ်ကထွက်ပြီး စင်ကာပူကိုလာတော့ ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ (အမျိုးသမီး)
မိတ်ဆွေတစ်ယောက်က အင်မတန် ရှုတ်ချပါတယ်။ ထုံးစံအတိုင်း အများသူငါပြောသလိုပေါ့။ ပညာတတ်တွေ
ထွက်သွားတာ တိုင်းပြည် ဘယ်လောက်နစ်နာသလဲ ပေါ့။
ကျွန်တော်
စိုက်ပျိုးရေးတက္ကသိုလ်မှာ ဆက်နေရင် အခုလို Piping Engineering တွေ၊ Safety နဲ့ပတ်သက်တဲ့
အသိပညာတွေ ရနိုင်ပါ့မလား။ ကိုယ့်မှာပဲရှိတဲ့ Agri Engineering အသိသညာလေးတွေကို အတင်း
ခြစ်ချုပ်ပြီး သင်ပေးနေရအုံးမှာပါဘဲ။ နောက်ပြီး international standard တွေအကြောင်း
လေ့လာဘို့ အခွင့်ရပါ့မလား။ နိုင်ငံခြား ပညာတော်သင် သွားရတယ်ဆိုရင်တောင် လက်တွေ့လုပ်နေရတာလောက်တော့
ဘယ်နည်းနဲ့မှ နားလည်နိုင်စရာ အကြောင်းမရှိပါ။ စာတွေ့ပဲ သိပါလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံခြားထွက်လာလို့
တိုင်းပြည်နစ်နာသွားပါပြီတဲ့။ ပြည်တွင်းက အင်ဂျင်နီယာတွေရော။ အကုန် သိမ်းကြုံးပြောတာမဟုတ်ပါ။
ကျွန်တော့်ပတ်ဝန်းကျင်က လေးယောက်လောက်ကို နမူနာပြပါမယ်။
ကျွန်တော့်ရန်ကုန်ကအိမ်
(တိုက် ၂၄အေ၊ နာနတ်တောလမ်း၊ ကမာရွတ်) မှာ ကျွန်တော်နဲ့အတန်းတူ သူငယ်ချင်း အင်ဂျင်နီယာ
၃ ယောက်ရှိပါတယ်။ အဲဒီ အင်ဂျင်နီယာသုံးယောက်လုပ်တာ တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာ
သွားကြည့်ပါ။ ခဏကလေး အပေါ်ယံလေး မကြည့်ပါနဲ့။ အနီးကပ်ပြီး တစ်လလောက် လေ့လာကြည့်ပါ။ ထုတ်ပြောရတာ
မကောင်းပါဘူး။
နောက်
ကျွန်တော်တို့တိုက်နဲ့ မလှမ်းမကမ်းမှာ တစ်ယောက်ရှိပါသေးတယ်။ လျှပ်စစ်အင်ဂျင်နီယာနဲ့
ကျောင်းပြီးတာပါ။ သိချင်ရင် ကျွန်တော့်အစ်မကြီး (ဖုံးနံပါတ် - ၇၀၉၅၁၀) ကို သွားမေးပါ။
သူ စုံရေဆန်ရေ အကုန်ပြောပြပါလိမ့်မယ်။
ကျွန်တော်
စင်ကာပူကသူငယ်ချင်းတွေစုပြီး စနေဓမ္မမိတ်ဆွေများအဖွဲ့ဆိုပြီး လတိုင်း လှူနေတာ အခုဆို
၁၂ နှစ် ကျော်ပါပြီ။ အဲဒီ ၁၂ နှစ်အတွင်း အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း
၈၀ လောက်ကို ပြင်ပေးပြီးသွားပြီ။ ဘုန်းတော်ကြီးသင်၊ သီလရှင်သင်ကျောင်းပေါင်း ၇၀ လောက်ကို
လှူပြီးသွားပြီ။ ပရဟိတ ဂေဟာ ၂၀ လောက်ကို အထောက်အပံ့တွေ ပေးပြီးပြီ။ တခြား ရေတွင်းရေကန်၊
လမ်းတံတား၊ ဆေးရုံဆေးခန်း၊ ပညာသင် ထောက်ပံ့ကြေးတွေ အတော်များများ လုပ်ပေးပြီးပြီ။ မြန်မာငွေ
သိန်း ၁၀၀၀ ကျော်ဘိုး လှူပြီးပြီ။
မြန်မာပြည်မှာနေရင်
အဲသလောက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ပါ။
ကျွန်တော့်လခထဲကနေ
ကိုယ်နဲ့ဘာသွေးသားမှမတော်စပ်တဲ့ မိဘမတတ်နိုင်တဲ့ ဆေးကျောင်းသူတစ်ယောက်ကို ပထမနှစ်ကနေ
နောက်ဆုံးနှစ်၊ ဟောက်ဆာဂျင်ဆင်းပြီး ဘွဲ့ယူစရိတ်တွေပါမကျန် ကျွန်တော် ထောက်ပံ့ပေးခဲ့ဖူးပြီ။
ဒေါ်မေအေးဦးအဆက်အသွယ်နဲ့ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေကို ကျောင်းထားပေးခဲ့ဖူးပြီ။
စိုက်ပျိုးရေးတက္ကသိုလ်မှာ
ခုထိ ကျောင်းဆရာပဲဆက်လုပ်နေဦးမယ်ဆိုရင် အဲသလိုတွေ လုပ်ပေးနိုင်မလား ပြောပါ။
ဒါ
ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်က ဆရာတွေကို နှိမ့်ချလို့ ပုန်ကန်လို့ ပြောတာမဟုတ်ပါဘူး။
ကျွန်တော် စင်ကာပူလာလုပ်လို့ ဒီလို ဒီလို အကျိုးကျေးဇူးတွေ ရတယ်ဆိုတာ (အခုထိ နားဖာမပေါက်သေးတဲ့သူတွေကို)
ပြောပြတာ။
မြန်မာပြည်ကိုနှစ်ပတ်လောက်ပြန်တဲ့အတောအတွင်း
ကျွန်တော် အိမ်မှာ အေးအေးဆေးဆေး ဇိမ်နဲ့နှပ်နေတာ လေးရက်တောင် မပြည့်ပါဘူး။ လယ်သမားတွေအတွက်၊
ကျောင်းသားတွေအတွက် ဟောပြောပွဲတွေ ကျွန်တော် လိုက်လုပ်ပေးတယ်။ သူတို့ကို ကျွန်တော့်ဘို့
ဘာလက်ဆောင်မှ မပေးပါနဲ့။ ရေတောင် တိုက်စရာမလိုပါဘူး။ ကျွန်တော်က ပြောချင်လွန်းလို့
လာပြောတာလို့ မှာထားပါတယ်။ ပိုက်ဆံလိုချင်လို့ လျှောက်လုပ်နေတာမဟုတ်ဘူး ဆိုတာ သိအောင်
ပြောပြတာ။
ဒီနှစ်
တနင်္သာရီတိုင်း၊ ရေဖြူကို သွားပြောမယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်။
ကျောင်းသားတွေအတွက်
ပညာရဲ့တန်ဘိုး။
လယ်သမားတွေအတွက်
လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရေး။
အလုပ်သမားတွေအတွက်
ဆောက်လုပ်ရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရေး ပြောမယ်။ ဖြစ်အောင် စီစဉ်ပေးပါ လို့ ကိုစံပွင့်ကို
မှာထားပါတယ်။
အဆုံးသတ်ပါမယ်။
သြော်၊
ခဏလေး။ မေ့တော့မလို့။ ဟိုမမလေးက ပြောသေးတယ်ခင်ဗျ။ လူငယ်တွေကိုပဲ ပုံချနေတယ်တဲ့။
ပုံချတာ
မဟုတ်ပါဘူးဗျာ။ လူငယ်တွေကို ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့ လူငယ်တွေကိုပဲ ပြောရသလဲ။
လူကြီးတွေဆိုတာ
အရိုးရင့်သွားပြီခင်ဗျ။ ဘယ်လိုပြောပြော နားမ၀င်တော့ဘူး။ ထုံသွားအီသွားပြီ။ နောက်တစ်ခုက
သူတို့လူ့လောကမှာနေဘို့ အချိန်သိပ်မရှိတော့ဘူး။ ဒီတော့ ပြောလို့ရမဲ့၊ နားဝင်မဲ့၊ အနာဂတ်ကို
ဖန်တီးနိုင်မဲ့၊ ဖန်တီးဘို့ အချိန်လဲရှိသေးတဲ့ လူငယ်တွေကိုပဲ အာရုံထားပြောရတာပါ ခင်ဗျ။
ဒီတော့
ဒီကနေ့ကစပြီး -
၁။
မိတ်ဆွေတို့ဆီမှာရှိတဲ့ စာအုပ်တွေ ဘီရိုထဲက ထုတ်ပါ။ လူငယ်တွေကို မျှဝေလိုက်ပါ။ ဖတ်လို့
စာအုပ်စုတ်သွားတာဟာ မဖတ်ဘဲနဲ့ဆွေးသွားတာထက် အများကြီးပိုတန်ဘိုးရှိပါတယ်။
၂။
အခါအားလျော်စွာ စာတွေရေးပါ။ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေရေးထုတ်ပါ။ ကျွန်တော်တို့တိုင်းပြည်မှာ
ဘာသာရပ်ဆိုင်ရာစာအုပ်တွေ အများကြီးလိုနေပါတယ်။ နောင်လာနောက်သားတွေအတွက် ကိုယ့်ပညာတွေ
ဝေမျှပေးလိုက်စမ်းပါ။ (ကျွန်တော်က piping နဲ့ safety အကြောင်းလောက်ပဲ နားလည်တာပါ။ ကျွန်တော်
နားမလည်တာတွေ အများကြီးပါ။ တစ်ယောက်တစ်လက် ၀ိုင်းကြ၀န်းကြမှ ဘာသာစုံ စာအုပ်တွေ ပေါ်ထွက်လာမှာပါ။)
၃။
ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေ လုပ်ပေးပါ။ လူငယ်တွေကို မေးခွန်းတွေ
မေးခွင့်ပေးပါ။ သူတို့ မေးလာခဲ့ရင် သေသေချာချာ ပြန်ဖြေပေးပါ။ ကိုယ်မသိဘဲ ရမ်းမဖြေပါနဲ့။
သူတို့မေးခွန်းကို စာနဲ့ရေးမှတ်ထားပါ။ နောက်ပြီး သိအောင်လုပ်ပါ။ အဖြေကို သေသေချာချာသိပြီဆိုမှ
ဖြေပါ။ အဖြေမှားကြီးကို ဘယ်တော့မှ မပေးပါနဲ့။ ကျွန်တော်တို့ဟာ ဘုရားမဟုတ်တဲ့အတွက် အကုန်သိဘို့
တတ်ဘို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မတုံး။
အဲဒါပါဘဲခင်ဗျား။
စာအရှည်ကြီးဖတ်လိုက်ရလို့
အတော်အီသွားလောက်ပြီ။
အားနာပါတယ်
မိတ်ဆွေများ။
ဟူး
. . . အာညောင်းလိုက်တာ။ ဒီတစ်ခါ တကယ်တော်ပြီဗျို့။
အေးငြိမ်း
၁၆
စက်တင်ဘာ၊ ၂၀၁၄။ ည ၁၀း၁၄ နာရီ