Sunday, June 15, 2014

စင်ကာပူတွင် သင်တန်းကျောင်းတစ်ခု ထူထောင်ခြင်း

(၁) အချီး

ကျွန်တော် စင်ကာပူအကြောင်း ဆောင်းပါးများ အတော်များများ ရေးခဲ့ပြီးပါပြီ။ သူများတွေ ဘယ်လိုလုပ်နေတယ်။ ငါတို့လည်း လက်ရှိအခြေအနေကို ဘယ်လိုလုပ်ရင် ပိုကောင်းမယ်ဟု နမူနာယူကြစေရန်သာဖြစ်ပြီး ပုံတူကူးချရန် မဟုတ်ကြောင်းလည်း ပြောခဲ့ပြီးပါပြီ။
ဖွံ့ဖြိုးတိုးတက်သော လူတန်းစေ့နိုင်ငံတစ်နိုင်ငံထူထောင်ရာတွင် တော်တည့်ထက်မြက်သော လူအရင်းအမြစ်၊ ကောင်းမွန်မှန်ကန်သော စီမံခန့်ခွဲမှု နှင့် နိုင်ငံ့ခေါင်းဆောင်များ၏ နိုင်ငံအပေါ် တကယ်စေတနာထား လုပ်ဆောင်မှုတို့ အရေးကြီးကြောင်း မည်သည့် သဘာဝသယံဇာတမှမရှိဘဲ တိုင်းပြည်ကို ဆယ်စုနှစ်အနည်းငယ်အတွင်း ပထမနိုင်ငံ (First World) ဖြစ်အောင် လုပ်ပြခဲ့သော စင်ကာပူနိုင်ငံကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
ထိုအချက်များထဲမှ လူအရင်းအမြစ် ပြုစုပျိုးထောင်ရေးမှာ အလွန်အရေးပါသော အချက်တစ်ခုဖြစ်၏။ နိုင်ငံသားများကို ထူးချွန်သော လူတော်လူကောင်းများအဖြစ် ဖန်တီးယူရေးမှာ လွယ်ကူလှသော အလုပ်မဟုတ်ပါ။ ငွေကြေး နှင့် အချိန် များစွာလိုပါသည်။
အမှန်တကယ်တတ်ကျွမ်းနားလည်သူများအား မွေးထုတ်ရေးတွင် ပညာရေးသည် အဓိကအကျဆုံးဖြစ်၏။ ပညာရေး ဟုဆိုရာတွင် ပုံမှန်ကျောင်းသင်ပညာရေးနှင့် ကျောင်းပြင်ပပညာရေးဟု နှစ်မျိုးရှိရာ နှစ်မျိုးလုံး အရေးကြီးပါသည်။ ကျောင်းသင် ပညာရေးတွင် အကန့်အသတ်များစွာရှိ၏။ ထိုအထဲမှ အဓိကအတားအဆီးမှာ ဆင်းရဲမွဲတေမှု ဖြစ်ပါသည်။ မိဘကချို့တဲ့သဖြင့် သားသမီးကို ကျောင်းမထားနိုင်သောဖြစ်ရပ်များ မြန်မာတွင်မက ကမ္ဘာတစ်ဝှမ်းတွင်ပါ အမြောက်အမြားရှိသည်။
ထိုအခါ ငယ်စဉ်က အကြောင်းအမျိုးမျိုးဖြင့် ကျောင်းမနေလိုက်ရသော သူများအတွက် ကျောင်းပြင်ပပညာရေးဖြင့် ၎င်းတို့၏ အရည်အသွေးကို မြေတောင်မြှောက်ပေးရန် အရေးကြီးလာပါသည်။ ပုံမှန်ပညာရေးကို ပြီးဆုံးအောင် သင်ကြားခဲ့ရ သူများအနေနှင့်ပင် လက်တွေ့ပညာရပ်များကို သင်ကြားပေးသည့် ကျောင်းပြင်ပပညာရေး လိုအပ်နေပါသေးသည်။
ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံး အထောက်အကူမှာ သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ထူထောင်ပေးခြင်း ဖြစ်၏။
သက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများတွင် အစိုးရကဖွင့်လှစ်သော သင်တန်းကျောင်းနှင့် အစိုးရမဟုတ်သော ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများကဖွင့်သော သင်တန်းကျောင်းဟု နှစ်မျိုးထပ်မံရှိပါသည်။
အစိုးရကဖွင့်လှစ်သော သင်တန်းကျောင်းများတွင်မူ စနစ်တကျရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများ၊ လေ့ကျင့် သင်ကြားပေးထားသော သင်တန်းဆရာများ၊ သင်တန်းအထောက်အကူပြုပစ္စည်းများ စသည်တို့ ရှိလိမ့်မည် ဆိုသည်ကို ယုံမှားသံသယ ရှိရန်မလိုပါ။
သို့ဆိုလျှင် ပြင်ပသင်တန်းကျောင်းများအတွက် စနစ်တကျ ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများ၊ လေ့ကျင့် သင်ကြားပေးထားသော သင်တန်းဆရာများ၊ သင်တန်းအထောက်အကူပြု ပစ္စည်းများ ရှိပါသလား။
မြန်မာနိုင်ငံတွင် ကျောင်းပြင်ပပညာရေး (သို့မဟုတ်) သက်ကြီးပညာရေး (adult education) တစ်နည်းအားဖြင့် စဉ်ဆက်မပြတ် ပညာရေး (continuing education) ကို ကျကျနန ရေးဆွဲအကောင်အထည်ဖော်မှု အလွန်အားနည်းနေပါ သေးသည်။ အစိုးရကဖွင့်လှစ်သော သင်တန်းကျောင်းများ ရှိသည့်တိုင် အကန့်အသတ်များလှသလို မည်သည့်နေရာတွင် မည်သည့်သင်တန်းရှိသည်၊ မည်ကဲ့သို့တက်ရသည်၊ မည်သူများတက်ခွင့်ရှိသည် စသော သတင်းအချက်အလက်များ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာသေးပါ။ ပြည်သူအများစုမှာ ထိုသင်တန်းများရှိမှန်းပင် မသိကြပါ။
ယခုအခါ ပုဂ္ဂလိကသင်တန်းကျောင်းများ ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများတွင် အများအပြားရှိနေပြီ ဖြစ်ပါသည်။ သို့ဆိုလျှင် ထိုသင်တန်းကျောင်းများ၏ အရည်အသွေးကို အစိုးရက စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းသိမ်းပေးမှုများ ရှိပါသလား။ ထိုသင်တန်းကျောင်းများသည် မည်သို့မည်ပုံ သင်ကြားပေးနေကြပါသနည်း။ သင်ပုံသင်နည်းများမှာ ထိရောက်သော သင်ကြားပို့ချနည်းများ ဖြစ်ပါသလား။ သင်ကြားပေးနေသော သင်ရိုးများမှာ ခေါင်းစဉ်တပ်ထားသော သင်တန်းနာမည်နှင့် လိုက်လျောညီထွေ ဖြစ်ပါသလား။ သိသင့်သိထိုက်၊ တတ်သင့်တတ်ထိုက်သည်တို့ ပါဝင်ပါသလား။
သင်ကြားနေသော သင်တန်းဆရာများမှာ အရည်အသွေးပြည့် သင်တန်းဆရာများ ဟုတ်ပါသလား။ ဟုတ်မဟုတ် မည်သည့်စံဖြင့် တိုင်းပါသနည်း။ ထိုသင်တန်းများမှ ဆင်းလာသူများသည် ထိုသင်တန်းမှ ပို့ချလိုက်သော ပညာရပ်များကို သေချာစွာတတ်မြောက်ပါရဲ့လား။ ထိုသူတို့ တကယ်တတ်မတတ် မည်ကဲ့သို့ သိနိုင်ပါသနည်း။ ထိုသင်တန်းမှ ရလာသော လက်မှတ်သည် ထိုသူအား အလုပ်အကိုင်တစ်ခုရစေရေးအတွက် အာမခံပေးနိုင်ပါသလား။
ယခု စင်ကာပူတွင် သင်တန်းကျောင်းတစ်ခု ထူထောင်ခြင်းအကြောင်း ပြောပြပါမည်။ အကောင်းကြီးပင် မဟုတ်လှသော်လည်း သူတို့လုပ်တာ အတော်လေး စည်းစနစ်ကျပါသည်။ အဘယ်ကြောင့် အကောင်းကြီးမဟုတ်ဟု ဆိုရသနည်းဟူမူ စနစ်ပင်မည်မျှကောင်းအောင် လုပ်ထားသော်လည်း အာရှသားတို့၏ ထုံးစံအတိုင်း ညာတာပါတေးဖြင့် ဥပဒေကို လက်တစ်လုံးခြား လုပ်စားနေသူ အများအပြားရှိနေသေးသောကြောင့် ဖြစ်ပါသည်။ စနစ်ကတော့ မဆိုးလှပါ။
မည်မျှပင် စနစ်တကျလုပ်စေကာမူ စနစ်ကိုလှည့်ဖြားကာ ဥပဒေကို မျက်လှည့်ပြလျက် ညာဝါဖြီးဖြန်း လုပ်စားကြမည့်သူတွေရှိနေပါက မည်မျှပင် စနစ်ကောင်းစေကာမူ အောင်မြင်နိုင်စရာ အကြောင်းမရှိပါဟု ပြောလိုပါသည်။
            ယခု ဤအကြောင်းပြောပါမည်။ အသေးစိတ်ပြောပြမည်ဖြစ်သည့်အတွက် အတန်ငယ်ရှည်ပါမည်။ သည်းခံဖတ်ပါခင်ဗျား။

(၂) အရည်အသွေးအတွက် အစိုးရမှ ထိန်းချုပ်ထားခြင်း

            ကျွန်တော်က Safety လိုင်းမှဖြစ်သဖြင့် ကျွန်တော်ပိုကျွမ်းကျင်သော Safety သင်တန်းများအကြောင်း ပြောပါမည်။ စင်ကာပူတွင် Safety သင်တန်းများကို ပိုက်ဆံရှိတိုင်း ဖွင့်ချင်သလို ဖွင့်လို့မရအောင် အစိုးရက လိုင်စင်ဖြင့် ထိန်းထားပါသည်။ ဤလိုင်စင်ကို ချပေးသူမှာ MOM (Ministry of Manpower) ဖြစ်၏။ MOM မှ အသိအမှတ်ပြုထားသော သင်တန်းကျောင်းကို ATP (Accredit Training Provider) ဟု ခေါ်ပါသည်။ လိုင်စင်ရသင်တန်းကျောင်းများကို MOM website (http://www.mom.gov.sg) တွင် ကြည့်လို့ရပါသည်။ လိုင်စင်မရှိသူများ သင်တန်းဖွင့်လို့ မရပါ။
            လုပ်ငန်းအမျိုးအစားအလိုက် မတက်မနေတက်ရသော သင်တန်းများအား အစိုးရမှ သတ်မှတ်ထားပါသည်။ ဆိုလိုသည်မှာ ထိုသင်တန်းဆင်းလက်မှတ်ရှိမှ ထိုအလုပ်ကို လုပ်ခွင့်ပြုသည်။ ထိုသင်တန်းများကိုလည်း MOM website တွင်ပင် ဖော်ပြထားပါသည်။ ၂၀၁၄ မတ်လထိ သင်တန်းစုစုပေါင်း ၅၈ ခု ရှိပါသည်။ မည်သည့်သင်တန်းကို မည်သည့် သင်တန်းကျောင်းတွင် တက်နိုင်ကြောင်းလည်း သင်တန်းကျောင်း link ပေးထား၏။ ထိုသင်တန်းကျောင်း link ကို ဖွင့်လိုက်သည်နှင့် ထိုသင်တန်းကျောင်းက မည်သည့် သင်တန်းများပေးသည်။ မည်သည့်ရက်၌ မည်သည့်သင်တန်းများ တက်နိုင်သည်။ မည်မျှကြာမည်။ သင်တန်းကြေး မည်မျှရှိသည်။ သင်တန်းတည်နေရာ စသည်တို့ကို အပြည့်အစုံ ဖော်ပြထား၏။ ထို့ပြင် ကျောင်းတော်တော်များများမှာ အင်တာနက်မှပင် သင်တန်းလျှောက်လွှာတင်၍ ရပါသည်။
            သင်တန်းကျောင်းဖွင့်ခွင့် လိုင်စင်ကို MOM website တွင် online လျှောက်ရသည်။ ထို website တွင် သင်တန်းကျောင်း လိုင်စင်လျှောက်ရန် လိုအပ်ချက်များကို အပြည့်အစုံ ဖော်ပြထား၏။ ပစ္စည်း (သင်တန်းခန်းမ၊ သင်ကြားမှု အထောက်အကူပစ္စည်းများ စသည်) နှင့် လူ (သင်တန်းဆရာ) ဟူ၍ လိုအပ်ချက်နှစ်မျိုးရှိသည့်အနက် ပစ္စည်းက ငွေရှိလျှင် ပိုက်ဆံပေးဝယ်လို့ ရသေးသည်။ သို့သော် လူကိုမူ ပိုက်ဆံပေးဝယ်ရန် မလွယ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် သူတို့သတ်မှတ်ထားသော စံနှုန်းနှင့်ကိုက်ညီသူများ ဖြစ်ရမည် ဖြစ်သောကြောင့်တည်း။ ထိုသတ်မှတ်ထားသော စံနှုန်းများတွင် သင်တန်းနှင့် လုပ်ငန်းအတွေ့အကြုံဟု နှစ်မျိုးရှိ၏။ သင်တန်းကို ပိုက်ဆံပေးတက်လို့ရသည်။ သို့သော် လုပ်သက်ကိုမူ ပိုက်ဆံပေးဝယ်၍ မရပါ။ ထို့ကြောင့် လူလိုအပ်ချက် အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်ပါသည်။
            အဘယ်ကြောင့် ဤကဲ့သို့ ထိန်းချုပ်ထားပါသနည်း။ ရှင်းပါသည်။ အရည်အသွေးလိုချင်လို့ ထိန်းထားတာ ဖြစ်ပါသည်။ မှိုလိုပေါက်နေသော သင်တန်းကျောင်းများမှ ဖြစ်ကတတ်ဆန်းသင်ပေးလိုက်ပြီး လက်မှတ်များကို စက်နှင့် ရိုက်ထုတ်ထားသော သင်တန်းဆင်းများဆိုလျှင်တော့ မည်မျှပင်သင်တန်းဆင်းများ များပါစေ၊ တိုင်းပြည်အတွက်၊ ကုန်ထုတ်လုပ်ငန်းအတွက်၊ တစ်နည်းအားဖြင့် အစိုးရလိုချင်သော ရည်မှန်းချက်အတွက် ပြည့်မီအောင် ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တော်တည့်ထက်မြက်သော သင်တန်းဆရာများ ရရှိစေရန် ထိုအရည်အသွေးနှစ်ရပ်ဖြင့် ထိန်းထားခြင်း ဖြစ်၏။
            ဤသည်မှာ တိုင်းပြည်ထူထောင်ရေးအတွက် အလွန်အရေးကြီးသော လူအရင်းအမြစ်ပျိုးထောင်ရာတွင် အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်၏။ လက်မှတ်များကိုင်ထားပြီး တောင်ကိုင်ရမလို၊ မြောက်ကိုင်ရမလို ဖြစ်နေသူများနှင့် အရည်အသွေးပြည့်သည့်တိုင်းပြည်ကို မည်ကဲ့သို့ထူထောင်ပါမည်နည်း။

(၃) သင်တန်းကျောင်းတစ်ခုဖွင့်ရန် လိုအပ်ချက်

လိပ်စာတစ်ခုထဲ၌ (အဆောက်အဦတစ်ခုတည်း၌) သင်တန်းတူနှစ်ခု (သင်တန်းကျောင်းတစ်ခုတည်းမှဖြစ်စေ၊ အခြားသင်တန်းကျောင်းတစ်ခုခုမှဖြစ်စေ) ဖွင့်ခွင့်မပြု။ သင်တန်းများတွင်သင်မည့် သင်ရိုးများကို MOM သို့ တင်ပြ အတည်ပြုချက် ရယူရသည်။ တစ်ခါတင်လျှင် ဘာသာတစ်မျိုး (ဥပမာ - အင်္ဂလိပ်) ကိုသာ စဉ်းစားပေးသည်။ အခြား ဘာသာဖြင့် (ဥပမာ - မြန်မာဘာသာ) သင်လိုပါက သီးသန့်တင်ရသည်။ ထိုဘာသာပြန်များမှာ အတည်ပြုထားသော အင်္ဂလိပ်ဘာသာသင်ရိုးနှင့် အနီးစပ်ဆုံး ကိုက်ညီရမည်။
            သင်တန်းကျောင်းတွင် အချိန်ပြည့်ကျောင်းအုပ် (သို့မဟုတ်) မန်နေဂျာ တစ်ဦး၊ အချိန်ပြည့် သင်တန်းဆရာ တစ်ဦး အချိန်ပိုင်းသင်တန်းဆရာတစ်ဦး ခန့်ထားရပါမည်။
            အောက်ပါသင်တန်း လေးမျိုးသင်လိုပါက အစိုးရသို့ paid-up capital ဒေါ်လာ ငါးသောင်း တင်ရသည်။

i. Construction Safety Orientation Course for Workers; 
ii. Safety Orientation Course for Workers (Metalworking);
iii. Oil/Petrochemical Industries Safety Orientation Course for Workers; and
iv. Shipyard Safety Instruction Courses for Workers (General Trade, Hot-work Trade or Painter Trade)

ထို သင်တန်းလေးမျိုးမှအပ အခြားသင်တန်းများဆိုပါကမူ paid-up capital ဒေါ်လာ ငါးထောင်သာ တင်ရပါသည်။
            သင်တန်းကျောင်းတစ်ခုထူထောင်ရန် လိုအပ်ချက်များကို MOM website တွင်ဖော်ပြထားရာ စုစုပေါင်း ၃၂ ချက်ရှိ၏။ ၃၂ ချက်ဟု ဆိုရာတွင်ပင် တစ်ချက်ချင်းကို အသေးစိတ်ဖြန့်လိုက်ပါက အချက် ၅၀ လောက် ရှိပါသည်။ ဤလိုအပ်ချက်များကို တစ်ခုချင်း အသေးစိတ် ရှင်းပြပါမည်။


            သင်တန်းကျောင်းဖွင့်မည့်ကုမ္ပဏီကို ACRA (Accounting and Corporate Regulatory Authority) တွင် မှတ်ပုံတင်ရသည်။ စင်ကာပူတွင်ရှိသော မည်သည့်ကုမ္ပဏီမဆို ACRA တွင် မှတ်ပုံတင်ရ၏။ MOM တွင် လိုင်စင် လျှောက်သည့်အခါ ACRA မှ business profile ကို တွဲတင်ရသည်။ ထို့ပြင် သင်တန်းကျောင်းဖွင့်မည့်နေရာအား သတ်မှတ်ထားသော စံနှုန်းများဖြင့် တည်ဆောက်ပြီး URA (Urban Redevelopment Authority) မှ approval letter ယူရသည်။ ထိုစာကိုပါ ပူးတွဲတင်ပြရသည်။
            (ကျွန်တော်တို့ငှားထားသောအခန်းက ၆ မီတာ မြင့်သည်။ ထို့ကြောင့် ထပ်ခိုးထည့်ပြီး အပေါ်အောက် သင်တန်းခန်း လေးခန်းလုပ်ရန် ကြံသေးသည်။ သို့သော် PE က မင်းတို့ ထပ်ခိုးထည့်ရင် URA က လက်ခံမှာမဟုတ်ဘူး ဆိုသဖြင့် မထည့်တော့။ သူက Total Floor Area များသွားမှာ တစ်နည်းအားဖြင့် ဆောက်လုပ်ထားသော ဒီဇိုင်းဝန်အားထက်ပိုများသွား မည်ဖြစ်သောကြောင့် URA ကလက်မခံခြင်းဖြစ်သည် ဆို၏။)
            သင်တန်း၌ လက်တွေ့သင်ကြားမည့် သင်ထောက်ကူ ငြမ်းစင် စသည်တို့ကို PE (Professional Engineer) ၏ တွက်ချက်၊ လက်မှတ်ထိုးထားသည့် ဒီဇိုင်းအတိုင်း ဆောက်ရသည်။ ဤသည်မှာလည်း အထွေအထူးခေါင်းစားစရာ မလိုအောင် CDA ထဲတွင်ပင် စံဒီဇိုင်းကို ဖော်ပြထားပါသည်။ PE ဆိုသူက ဤဒီဇိုင်းကို အနည်းငယ် အာပလာလုပ်ကာ PE တုံးလေးထုလျက် ပိုက်ဆံ ၃၀၀၀ တောင်းခြင်းဖြစ်၏။
            ဆိုးသည်မှာ MOM သို့ လိုင်စင်တင်သည့်အခါ သင်တန်းကျောင်းတစ်ခုပုံစံ အပြီးအစီးပြင်ဆင်ပြီးမှ တင်ရခြင်း ဖြစ်၏။ လိုင်စင်ကျတော့မှ စပြင်ရတာမဟုတ်။ သည်တော့ လိုင်စင်တင်ဘို့ သင်တန်းခန်းကို အားလုံးပြင်ဆင်ရသည်။ အဲယားကွန်း၊ မီးပေးမှု၊ စားပွဲ၊ ထိုင်ခုံ၊ ၀ှိုက်ဘုတ် စသည်။ ဤစာရင်းမှာလည်း ကိုယ့်ဟာကိုယ် ဟိုဟာလေးထည့်ရင်ကောင်းမယ် စသဖြင့် တစ်ခုချင်း လိုက်စဉ်းစားနေစရာမလို။ သင်တန်းခန်းတစ်ခုတွင် မည်သည့်ပစ္စည်းများပါရမည်ကို တစ်ပါတည်း စာရင်းလုပ်ပေး ပြီးသားဖြစ်၏။ ထိုစာရင်းတွင်ပါသည့်ပစ္စည်းအားလုံး ထည့်သွင်း တပ်ဆင်ရသည်။ တပ်ဆင်ပြီးကြောင်း Checklist တွင် လက်မှတ်ထိုး၊ သင်တန်းခန်းကို ဓာတ်ပုံရိုက်၊ လက်တွေ့လုပ်မည့် နေရာကို ဓာတ်ပုံရိုက်ကာ ဓာတ်ပုံများနှင့်တကွ လိုင်စင် လျှောက်လွှာနှင့် တစ်ပါတည်း ပူးတွဲတင်ပြရသည်။          
            ဓာတ်ပုံမျှ မကသေး။ မည်မျှသေချာသနည်းဆိုလျှင် သင်တန်းခန်းအတွက် ၀ယ်ထည့်ထားသည့် ပစ္စည်းဝယ် ဘောက်ချာများပါ ပူးတွဲတင်ပြရသေးသည်။ ကွန်ပြူတာဝယ်တာ၊ ပရော်ဂျက်တာ၊ ပရင်တာ၊ စားပွဲ၊ ကုလားထိုင်တွေဝယ်တာ၊ အဲယားကွန်းဆင်တာ အကုန်တင်ပြရသည်။ ထိုအထဲတွင် အမှတ်စစ်စက်နှင့် ဆော့ဖ်ဝဲ ၀ယ်ရတာလည်း ပါ၏။ အထက်ဖော်ပြပါ သင်တန်းလေးခုအတွက် အမှတ်စစ်ရာတွင် ထိုပရိုဂရမ်နှင့်စစ်ရပြီး ရလဒ်ကို MOM database နှင့် တိုက်ရိုက်ချိတ်ဆက်ထား၏။ ထို့ကြောင့် အလုပ်သမားတစ်ဦး သင်တန်းတက်ပြီးမပြီး၊ အောင်မအောင်ကို MOM website တွင် အချိန်မရွေးစစ်ကြည့်လို့ ရသည်။

ထို့နောက် သင်တန်းဆရာများ ခန့်ထားရေး ဖြစ်၏။ ခန့်ထားမည့်သင်တန်းဆရာစာရင်း၊ ထိုသင်တန်းဆရာများ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၊ လက်မှတ်များ၊ လုပ်ငန်းအတွေ့အကြုံမှတ်တမ်း စသည်တို့တင်ပြရသည်။ သင်တန်းဆရာများတွင် ရှိရမည့် အရည်အချင်းကို CDA တွင် ဖော်ပြထားသည်။


သင်တန်းကျောင်းမှ ဆင်းလာသူများအား အားလုံးတပြေးညီ အရည်အသွေးများ ရရှိစေနိုင်ရန် သင်တန်းကျောင်း များတွင် သင်မည့်သင်ရိုး၊ သင်တန်းဆရာများ၏ လိုအပ်ချက်များကို အစိုးရမှ ချမှတ်ပေးထားသည်။ မည်သည့်သင်တန်း အတွက်ဆိုလျှင် မည်သည့်သင်ရိုးအတိုင်းသင်ရမည်။ ထိုသင်တန်းကိုသင်မည့်ဆရာတွင် မည်ကဲ့သို့သော အရည်အချင်းများ ရှိရမည်ဟု သတ်မှတ်ထား၏။ ဤသည်ကို CDA (Curriculum Development Advisory) ဟု ခေါ်သည်။ CDA ကို အစိုးရ website (https://www.wshc.sg) တွင် အခမဲ့ download လုပ်ယူ၍ ရပါသည်။

(၄) ACTA (အက်တာ)

            သင်တန်းတစ်ခုကို သင်နိုင်ရန် ထိုသင်တန်းနှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရမည်။ ဥပမာ - ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် သင်တန်းများ သင်မည့်သူသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် (စူပါဗိုက်ဆာ၊ အင်ဂျင်နီယာ၊ မန်နေဂျာ စသည်) လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရမည်။ အကယ်၍ သင်္ဘောကျင်း (marine) နှင့်ပတ်သက်သည့် သင်တန်းများ သင်မည်ဆိုပါက marine အတွေ့အကြုံ အနည်းဆုံး ၅ နှစ်ရှိရမည် စသည်။ (ကျွန်တော်က သင်္ဘောကျင်းတွင် ၁၉၉၈ မှ ၂၀၀၀။ ၂၀၀၅ မှ ၂၀၀၇။ လေးနှစ်လုပ်ဘူးသည်။ သတ်မှတ်ထားသော ၅ နှစ် မပြည့်သဖြင့် marine သင်တန်းများ သင်ဘို့ရမရ မသေချာ။)
            သူတို့ကတော့ competent person ဟု ခေါ်၏။ တကယ်တတ်မြောက် ကျွမ်းကျင်သူများကိုသာ သင်တန်းဆရာ ဖြစ်စေသည်။ Competent person ဖြစ်ရန် အနည်းဆုံး နှစ်ချက် လက်ဆုပ်လိုက်ပြရန် လိုသည်။ ဤသည်မှာ Skill + Knowledge ဖြစ်၏။ တစ်နည်းအားဖြင့် သင်တန်းဆင်းလက်မှတ် + လုပ်ငန်းအတွေ့အကြုံတို့ကို ပြရသည်။
သင်တန်းဆရာများအတွက် သတ်မှတ်ထားသော သင်တန်းများရှိ၏။ ထိုသင်တန်းများထဲမှ သင်တန်းဆရာဖြစ်ရန် အခြေခံအကျဆုံးသင်တန်းမှာ ACTA (Advanced Certificae in Training and Assessment) ဖြစ်၏။ ထိုသင်တန်းတွင် CU1 မှ CU6 ထိ module ၆ ခု ပါသည်။ အချိန်ပြည့်သင်တန်း ဆရာဖြစ်ရန် ထိုသင်တန်း ၆ ခုစလုံး တက်ရောက်အောင်မြင် လက်မှတ်ရပြီး ရမည်။ အချိန်ပိုင်းဆရာဆိုလျှင်တော့ CU1, CU2, CU4, CU6 သင်တန်းဆင်းလက်မှတ် လေးခု ရှိရမည်။ အပြည့်အစုံသိနိုင်ရန် အောက်တွင် မူရင်းကို ဖော်ပြထားပါသည်။


ACTA (Advanced Certificae in Training and Assessment)

SPECIALISATION TRACKS
There are two specialisation tracks in ACTA:
·           Facilitated Learning – suitable for trainers and developers practising classroom-based facilitated training and courseware development.
·           On-the-Job Training – suitable for trainers and developers practising the OJT training approach and use of blueprint in courseware development.
 Course participants can opt for any of the two specialisation tracks:

Facilitated Learning
A specialisation that will certify your ability in developing competency-based training programmes; delivering them in a classroom-training environment; and assessing a trainee’s competency levels.

On-the-Job Training (OJT)
A specialisation that will certify your competence in developing and conducting OJT programmes; as well as assessing the competency level of workers in performing a specific job function.


Under the Facilitated Learning track, you are required to complete CU1, CU2, CU3A, CU4A, CU5, and CU6.
Under the On-the-Job (OJT) track, you are required to complete CU1, CU2, CU3B, CU4B, CU5, and CU6.
If you have completed your ACTA in either track, you could top up on the two modules (CU3A / B and CU4 / B) from the other track and obtain 2 ACTA certification – one from each track.

            အထက်ဖော်ပြပါ အချက်အလက်များအရ ထိုသင်တန်းကို နှစ်မျိုးလေ့လာ သင်ယူနိုင်၏။ တစ်မျိုးမှာ သင်တန်းခန်းမ အတွင်း၌ ထိုင်လျှက် သင်တန်းဆရာပို့ချသည်ကို နားထောင်၊ လေ့ကျင့်သည့်သင်တန်း (စာတွေ့) (Facilitated Learning) ဖြစ်ပြီး နောက်တစ်မျိုးမှာ သင်ကြားပို့မည့် နေရာသို့ သင်တန်းဆရာကသွားရောက်ကာ  ဟောသည်လို လုပ်ရသကွ ဟု လက်တွေ့ပြသခြင်း (လက်တွေ့) (On-the-Job Training) ဖြစ်၏။
            အထက်ပါဇယားကိုကြည့်လျှင် CU ၆ ခုအနက် CU1, CU2, CU5, CU6 များမှာ စာတွေ့ရော၊ လက်တွေ့သင်တန်း အတွက်ပါ အတူတူပင်ဖြစ်ပြီး စာတွေ့သင်တန်းအတွက် CU3A နှင့် CU4A၊ လက်တွေ့သင်တန်းအတွက် CU3B, CU4B ဟု ကွာသွားသည်။ အထက်ပါဇယားတွင် ဖော်ပြထားသော သင်တန်း ၆ ခုကို မြန်မာလိုပြန်ပြရလျှင် အောက်ပါအတိုင်း ဖြစ်ပါသည်။

CU1: စင်ကာပူအစိုးရမှ ချမှတ်ထားသော လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေး စည်းမျဉ်းဘောင်ကို နားလည်ခြင်း
CU2: သက်ကြီးသင်တန်းအခြေသဘောတရားများနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို သင်တန်း၌ အသုံးချခြင်း
CU3: သင်တန်းအစီအမံ (ပရိုဂရမ်) ဒီဇိုင်း ရေးဆွဲခြင်း
CU4: သင်တန်းပို့ချရန် ပြင်ဆင်ခြင်း နှင့် သင်တန်းပို့ချခြင်း
CU5: စာမေးပွဲ/အကဲဖြတ် ဇယား ပြင်ဆင်ခြင်း
CU6: ကျွမ်းကျင်မှုအခြေခံ (competency based) အကဲဖြတ်ခြင်း

            CU ဆိုသည်မှာ Competency Unit ဖြစ်၏။ ဤတွင် ကျွမ်းကျင်မှုအခြေခံ (competency based) ဆိုသော စကားလုံးကို စာရှုသူတို့ သတိထားမိပါလိမ့်မည်။ ဤသည်မှာ သင်တန်းသားတကယ်တတ်မတတ်ကို စာတွေ့လက်တွေ့ စမ်းသပ်ခြင်း ဖြစ်၏။ ဥပမာ - safety harness အကြောင်း သင်ရာတွင် safety harness ကို မည်ကဲ့သို့ ရွေးချယ်ရသည်၊ စစ်ဆေးရသည် စသည့် စာတွေ့ ဗဟုသုတ သာမက လက်တွေ့လည်း ၀တ်ပြခိုင်းခြင်းမျိုး ဖြစ်၏။
            မြန်မာပြည်တွင်လည်း ဤစနစ်လုပ်လိုက်ပါသေးသည်။ ဘာတဲ့၊ စဉ်ဆက်မပြတ် အကဲခတ် ဆိုလား။ အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျင့်သုံးသည်။ စာမေးပွဲစစ်စရာမလို။ ကျောင်းသား၏ အရည်အသွေးကို ဆရာဆရာမက အကဲဖြတ်ကာ တကယ်တတ်မြောက်သည့် ကျောင်းသားကို အတန်းတင်ပေးခြင်းဖြစ်၏။
            သို့သော် သိတော်မူကြသည့်အတိုင်း မြန်မာပြည်ဆိုသည်မှာ လုပ်လိုက်လျှင် သောက်တလွဲက များသည်။ သည်စနစ်က ငါတို့နဲ့ ကိုက်ညီသလားဆိုတာ မသုံးသပ်။ အများယောင်လို့ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိ။ သည်စနစ်ကောင်းသည်ဆိုကာ အတွေးအခေါ်အမြော်အမြင် ကြီးမားလှသည့် နိုင်ငံ့ခေါင်းဆောင်ကြီးများက ချမှတ်ကျင့်သုံး လေတော့ရာ ကျောင်းသားကလေးများခမျာ ဆယ်တန်းရောက်လာသည့်တိုင် ကိုယ့်နာမည်ကိုယ် မှန်အောင် စာလုံးမပေါင်း တတ်သော အခြေအနေထိ ဆိုက်လေ၏။ ဤစနစ် စတင်ကျင့်သုံးလိုက်သည်မှအစ တစ်နိုင်ငံလုံး ငဒူများချည်း ဖြစ်လေတော့ သတည်း။
            ကျွန်တော်ကလည်း ကိုယ့်ရှေ့မဟုတ်တာ လုပ်လာလျှင် မနေတတ်။ ဖော်ကောင်လုပ်ချင်သည်။ အစိုးရက သူတို့လူများအား လူတော်လူကောင်းများဖြစ်လာအောင် စနစ်များချမှတ်၊ အတင်းရော အဓမ္မပါ အစွမ်းကုန် လေ့ကျင့် လုပ်ပေးနေသည့်တိုင် ရာနှုန်းပြည့် ဖြစ်လာသလားဆိုတော့ မဖြစ်ပါ။ အဘယ်ကြောင့် မဖြစ်သနည်း။ လူတွေဖြစ်သောကြောင့် မဖြစ်ပါသည်။ ရှင်းပါအံ့။
            လိုအပ်ချက်အရ သည်သင်တန်းအားလုံးကို ကျွန်တော်သွားတက်ပါသည်။ ပိုက်ဆံနှင့် အချိန်များပေးကာ တက်ရ သောကြောင့် ကျွန်တော်ကတော့ ရသမျှအကုန်ယူဘို့ အားထုတ်ပါသည်။ သို့သော် မဖြစ်လို့သာ လာတက်ရသည်၊ လက်မှတ်ရ ပြီးရော ဆိုသူများလည်း မနည်းလှပါ။ ဤသည်မှာ ကျွန်တော် ညာဝါဖြီးဖြန်းပြောခြင်း မဟုတ်ပါ။ CU3A ကို STADA တွင် တက်တော့ ကျွန်တော်နှင့် တစ်စားပွဲတည်းထိုင်သူက ပြောခြင်းဖြစ်ပါသည်။ သူက ငါ့အတွက်တော့ လက်မှတ်ရဘို့က လွဲပြီး ဘာမှစိတ်မ၀င်စားဘူးဟု ဆိုပါသည်။
            သင်တန်းတွင် လက်တွေ့ရေးရသော assignment များရေးရသည်။ ဤ assignment များကို ကိုယ့်ဘာသာမရေးဘဲ ခိုးချသည်။ ကျွန်တော်လည်း အခြားသူများရေးထားသော assignment များကို တောင်းကြည့်ပါသည်။ သို့သော် ကျွန်တော် ကြည့်တာ သူတို့ဘယ်လိုရေးထားသလဲဆိုတာ နမူနာယူရုံမျှ ဖြစ်ပါသည်။ အနို့ သူတို့တွေ ခိုးချတယ်ဆိုတာ မင်းက ဘယ့်နှာလုပ် သိသတုံးကွာ ဟု မေးပါ။ ဤသည်မှာ ကျွန်တော်ပြောတာမဟုတ်ပါ။ သင်တန်းဆရာများက ပြောတာဖြစ်ပါသည်။ မင်းတို့ ခိုးတာတော့ ခိုးတာပေါ့ကွာ၊ ဒါပေမဲ့ မမှန်တာကြီးတော့ မခိုးနဲ့ပေါ့၊ ဘယ်လောက်ဆိုးသတုံးဆို စာလုံးပေါင်းမှားတာက စ တူတယ် ဟု ပြောပြပါသည်။
            ထို့ကြောင့် သင်တန်းဆင်းလက်မှတ်ရလာတိုင်းလည်း တတ်သည်ဟု မမှတ်ပါလေနှင့်။ Safety Officer ဖြစ်နေပြီး Risk Assessment မရေးတတ်သူတွေ တပုံကြီး။ Permit-To-Work ကိုပင် သေသေချာချာ ရှင်းမပြနိုင်သူတွေ ရှိသေးသည်။
           
(၅) CDA (Curriculum Development Advisory)

            သင်တန်းမှတ်စုများရေးရာတွင် အထက်တွင်ဖော်ပြခဲ့သော CDA အလိုက် ရေးရသည်။

CDA ထဲတွင် ဤသင်တန်းတက်ရန်အတွက် သင်တန်းသား၌ မည်သည့်အရည်အချင်းရှိရမည်။ ဤသင်တန်းကို ပို့ချမည့် သင်တန်းဆရာတွင် မည်သည့်အရည်အချင်းများရှိရမည်။ သင်တန်းသားနှင့် သင်တန်းဆရာ အချိုး၊ သင်တန်းတစ်ခုတွင်ရှိရမည့် သင်တန်းသားအရေအတွက်၊ သင်ကြားပို့ချရမည့်နာရီ၊ အကဲဖြတ်ရန် (စာမေးပွဲ) ကြာချိန်၊ စာမေးပွဲစစ်ပုံစစ်နည်း၊ စသည်တို့ အားလုံးပါသည်။
            အရေးကြီးဆုံးမှာကား ဘာတွေသင်မလဲဆိုတာ (Curriculum) ဖြစ်ပါသည်။ သင်တန်းတွင် သင်ရမည့် ခေါင်းစဉ် များကို သင်ရန်ကြာချိန်နှင့်တကွ လမ်းကြောင်းပေးထားသည်။ ဥပမာ -



သင်တန်းဆရာလုပ်မည့်သူသည် ဤ CDA ကို ကောင်းစွာ ကျေညက်နေရမည်။ မဟုတ်လျင် MOM က အင်တာဗျူး ခေါ်သည့်အခါ ဒုက္ခနှင့်လှလှနှင့်တွေ့မည်သာ အောက်မေ့။ နောက်ပြီး ဤတွင်သင်ကြားမည့်အကြောင်းအရာများကိုလည်း ကောင်းစွာ သိနားလည်ထားရပေမည်။ Rules and Regulations များကို အားလုံးမဟုတ်တောင် တီးမိခေါက်မိ ရှိထားရမည်။ မဟုတ်လျှင်တော့ သင်တန်းဆရာဖြစ်ခွင့်ရှိမည်မဟုတ်ပါ။
            CDA ကား အလွန်ချစ်စရာကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် သင်တန်းမှတ်စုများပြင်ရာတွင် လမ်းကြောင်းပေး ထားသဖြင့် ဘာမှခေါင်းစားစရာမလိုတော့ဘဲ ဤခေါင်းစဉ်များအတိုင်း ပြင်လိုက်သွားရုံသာ ရှိပေသည်။ ဘယ်လောက်များများ ပြင်ရမည်ဆိုသည်ကိုလည်း အချိန်နှင့် ကန့်သတ်ပေးထားသည်။ ၁၅ မိနစ် ဟု ပေးထားလျှင် ၁၅ မိနစ်စာလောက် ပို့ချမည့် အကြောင်းအရာလောက်ပဲ ထည့်ပေါ့။
            (သဟာတောင် သောက်တလွဲလုပ်သူတွေ မနည်းပါ။
            ကျွန်တော်တို့ သင်တန်းကျောင်းထောင်မည်ဆိုတော့ သည်သင်တန်းမှတ်စုများပြင်ရန် ငှားသည်။ သင်တန်းမှတ်စုများ ပြင်ရန်မှာ အချိန်အတော်ပေးရမည်။ နောက်ပြီး တစ်ခု၊ နှစ်ခုတည်းမဟုတ်။ ကျွန်တော်က နေ့တိုင်း အလုပ်ဆင်းရတာဆိုတော့ အချိန်အားမရှိ။ ညပိုင်းများတွင်ပြင်လျင်တော့ ဖြစ်နိုင်သည်ပေါ့။ ဒါပေသိ၊ အချိန်အကြာကြီးလုပ်ရမည်။ သည်တော့ စီးပွားရေး လုပ်ငန်းလုပ်မှာဘဲ၊ သည်လောက်တော့ ကပ်စီးမနည်းသင့်ဟု တိုင်ပင်ကာ (so called) consultant ငှားကြသည်။ Murat Dahalan ဟူ၏။ ကုမ္ပဏီနာမည်က Red-Delima ဖြစ်၏။ မိတ်ဆွေတို့ အထိတ်တလန့်ဖြစ်မှာစိုးသဖြင့် သူ့ဓာတ်ပုံတော့ မဖော်ပြတော့ပါ။
            ပထမတစ်အုပ် စလှန်လိုက်ကတည်းက မူရတ်တော့ သောက်တလွဲလုပ်ပြီဟု ကျွန်တော်သဘောပေါက်လိုက်သည်။ အထဲကစာများကို အသာထား၍ ခေါင်းစဉ်မျှပင် မှန်အောင်မရေးနိုင်။ အမှန်က သူရေးတာပင် ဟုတ်ချင်မှ ဟုတ်ပါမည်။ ဘယ်ကနေ ဘယ်လိုကူးချထားမှန်းမသိ။ ကူးတာကို အဆိုးမဆိုပါ။ သို့သော် ACTA တုံးက သင်တန်းဆရာမ ပြောသလို မှန်အောင်ကူးပေါ့။ သည်အကြောင်း ခပ်စောစောပိုင်းက ကျွန်တော် အနည်းငယ်ရေးခဲ့ပြီးပါပြီ။
            သည်ဟာများကိုသာ MOM တင်လိုက်ရင် reject ဖြစ်ဘို့ ၁၂၀% လောက်ရှိသည်။ တစ်ခါ reject ဖြစ်ပြီး ပြန်တင်လျှင် တန်းစီထားသူများ၏ နောက်သို့ ပြန်ရောက်သွားပေလိမ့်မည်။ ထိုအခါ တမေ့တမော ပြန်စောင့်ပေတော့။
            သည်တော့ မူရတ်ခေါင်းကို တူနှင့်ထုချင်တာ နောက်ထား။ ထို ၂၀၀၀ ကျော်မျှရှိသော slide များကို အစအဆုံး ကိုယ့်ဘာသာကိုယ် လုပ်ရလေတော့သည်။ မကြိုက်လိုက်၊ ပြန်ပြင်လိုက်၊ ဟိုဟာထပ်ထည့်လိုက်၊ သည်ဟာဖြုတ်လိုက်နှင့် တစ်လကျော်လောက် လုပ်တာတောင် သုံးခုလောက်ပဲ ပြီးသည်။
            မူရတ်ပဲလားဆိုတော့ မဟုတ်ပါ။ လက်ရှိသင်နေသည့် သင်တန်းကျောင်းများမှ စာများတွင်လည်း အမှားများစွာ ပါပါသည်။ သို့သော် သူများအမှားကို ထောက်ပြဘို့ထက် ထိုအမှားများမှ နမူနာယူရန်သာ ကြိုးစားပါသည်။ လူမှန်လျင် မည်သူ အမှားကင်းပါသနည်း။
            ယခု MOM တင်ဘို့ အားလုံးအဆင်သင့်ဖြစ်နေပြီမို့ သည်စာကို ရေးခြင်းဖြစ်၏။ သို့သော် လုပ်စရာများ လက်စမသပ်သေးပါ။ နောက်သင်တန်းများအတွက် ဆက်ပြင်စရာ များစွာ ကျန်သေးသည်။ ဤကား စကားချပ်။)
            ထိုမျှမက Course Matrix, Lesson Plan, Assessment Plan, Course Notes, Trainer’s Guide, မေးခွန်းနှင့် အဖြေ စသည်တို့ကိုလည်း ပူးတွဲတင်ပြရပသည်။ သည်အရာများမှာ ရှုပ်ထွေးလှသဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။ သိလိုသူများ ရည်ညွှန်းထားသော MOM နှင့် WSHC website များတွင် ဖတ်နိုင်ပါသည်။

(၆) အခြားလိုအပ်ချက်များ

            MOM က အရာရာကို စံသတ်မှတ်ပေးထား၏။ သင်တန်းဆင်းလက်မှတ် (certificate) နှင့် သင်တန်းဆင်းကဒ် (pass) ကိုလည်း မည်သို့ပြင်ရမည်ကို သတ်မှတ်ပေးထား၏။ ထိုအတိုင်းပြင်ရမည်။ သူတို့သတ်မှတ်ထားသော ပုံစံအတိုင်း ပြင်ထားကြောင်း သင်တန်းဆင်းလက်မှတ်နှင့် ကဒ် နမူနာကိုပါ ပူးတွဲတင်ပြရသည်။
            သင်တန်းဆရာများတွင်လည်း အထက်တွင်ဖော်ပြထားသော ACTA လက်မှတ်များသာမက အခြား သက်ဆိုင်ရာ သင်တန်းများလည်း တက်ရသေးသည်။ အထက်တွင် ဖော်ပြခဲ့သော သင်တန်းဆရာလိုအပ်ချက်တွင် ကြည့်ပါ။
            Specialist Diploma ဟူသည် Safety Officer သင်တန်းဖြစ်၏။ WSH Level C ဟု ခေါ်သည်။ အလုပ်သမားများ အတွက် ဆိုလျင်တော့ Level B (Safety Coordinator) သင်တန်းဆို ရပါသည်။ သည်မျှသာမက Work-At-Height သင်တန်း သင်ရန် Work-At-Height သင်တန်းဆင်းလက်မှတ် ရှိထားရမည်။
            သည်သင်တန်းဆရာများကို ထုတ်ပေးထားသည့် အလုပ်ခန့်စာကိုလည်း ပူးတွဲတင်ပြရသည်။ အစိုးရက သတ်မှတ် ထားသည့် Safety level စံနှုန်း bizSAFE level3 လက်မှတ်လည်း တင်ပြရသည်။

(၇) နိဂုံး

            သည်သင်တန်းများတွင် သည်အရာများကို သည်ကဲ့သို့သင်ရမည်၊ သင်တန်းဆရာများတွင် ဤကဲ့သို့သော အရည်အချင်းများရှိရမည်၊ သင်တန်းကျောင်းဆိုလျှင် သည်အရာများနှင့် ပြည့်စုံရမည် စသဖြင့် အစိုးရ လမ်းညွှန်ချက် ပေးထားသောကြောင့် လွဲသည်ဆိုသည့်တိုင် ဆိုးဆိုးဝါးဝါး မလွဲတော့။ သင်တန်းဆရာများမှာလည်း ရာနှုန်းပြည့် မကောင်းစေကာမူ သင်တန်းဆရာနှင့်ထိုက်တန်သော အရည်အချင်းအချို့ ရှိနေမည် ဖြစ်ပါသည်။ အရည်အချင်းမရှိသူကိုလည်း ဆရာဖြစ်လက်မှတ် ထုတ်ပေးလိမ့်မည် မဟုတ်ပါ။
            လူများ (အထူးသဖြင့် အာရှသားများ) ဖြစ်သဖြင့် အစိုးရက သည်မျှ ကြပ်ကြပ်မတ်မတ် လုပ်နေတာတောင် ဥပဒေကို ကျော်ခွစားနေသူများ ရှိပါသေးသည်။ သင်တန်းလာတက်၊ အတန်းထဲ၌ အိပ်ငိုက်၊ အချိန်တန်တော့ လက်မှတ်တစ်စောင် ထုတ်သွားသူများ မနည်းလှပါ။ အတန်းထဲမှာ အိပ်ငိုက်နေသူက ဘယ်နည်းဘယ်ပုံဖြင့် စာမေးပွဲအောင်သနည်းဟု မမေးပါနှင့်။ နည်းလမ်းများစွာရှိသည်ဟုပဲ မှတ်ထားပါ။ သည့်ထက်ပိုပြောလို့ မသင့်။
            ကျွန်တော်တို့ မြန်မာပြည်တွင်လည်း စနစ်တကျဖြစ်စေချင်ပါသည်။ လုပ်သားများကို တကယ်တတ်အောင် သင်ပေးသည့် သင်တန်းကျောင်းများ ပေါ်ထွက်လာရေး အစိုးရက ၀ါယမထုတ် လုပ်ကိုင်သင့်ပါသည်။ မယောင်ယာ ဆီလူးသည့်ကိစ္စ၊ နှမ်းဖြူးသည့်ကိစ္စများဖြင့် အချိန်ဖြုန်းနေခြင်းများကို ရပ်တန်းက ရပ်သင့်ပါပြီ။
သို့သော် အထက်တွင်ဖော်ပြခဲ့သလို စဉ်ဆက်မပြတ် အကဲခတ်ပညာရေးစနစ်ကဲ့သို့ လူများကို ဖျက်ဆီးပစ်ရာမရောက်အောင်လည်း သတိပြုရပါမည်။ လက်မှတ်ရှိမှ အလုပ်လုပ်ရမည်ဟု သတ်မှတ်လိုက်ပါက လက်မှတ်ရိုက်ကာ ရောင်းစားမည့်သူများ ဥပဒေမထွက်မီ ကတည်းက တန်းစီနေပါလိမ့်မည်။ 
           
ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၅၊ ၆၊ ၂၀၁၄။ နေ့လည် ၂း၀၆ နာရီ

No comments: