(၁) စင်ကာပူတွင် ဆူညံသံများကို မည်ကဲ့သို့
ထိန်းသည် ဆိုခြင်းအကြောင်း
ဆူညံသံအကြောင်းမရေးမီ ကျွန်ုပ်တို့ လောလောလတ်လတ် ရလိုက်သော ဘောနပ်စ်အကြောင်း ပြန်လည် ဖောက်သည်ချပါအံ့။
နိုဝင်ဘာလ ပထမပတ်က ကျွန်တော်တို့ (ကျွန်တော် (ECO)၊ စီမံကိန်းမန်နေဂျာ၊ လုပ်ငန်းမန်နေဂျာ)
တို့ကို NEA (National Environment Agency) မှ ခေါ်၏။ သည်သို့ခေါ်မည်မှန်း ကျွန်တော်လည်း မျှော်လင့်ထားတာ ဖြစ်ပါသည်။
ယခု ကျွန်တော်တို့လုပ်နေသည့် စီမံကိန်းက Bukit
Timah တွင် ကွန်ဒိုတိုက် ၈ လုံးဆောက်တာ ဖြစ်၏။ ပရောဂျက်နာမည်က The Creek@Bukit ဖြစ်သည်။ နေရာက တောင်စောင်းမှာ။ ဆိုတော့ မြေပြင်ညီအောင် မြေသားများ တူးထုတ်ရသည်။ သည်သို့ တူးထုတ်လိုက်တော့ ဘေးချင်းကပ်လျက်ခြံနှင့် နိမ့်မြင့် ဖြစ်သွား၏။ သည်တော့ ထို အနိမ့်အမြင့် နေရာတွင် မြေမပြိုအောင် နံရံများဖြင့် ကာထားရမည်။ ဤသည်ကို retaining wall ဟု ခေါ်၏။ Retaining wall များ ဆောက်ရန် ပိုင်တိုင်များ စိုက်ရသည်။
ပိုင်တိုင်များစိုက်ရာဝယ် မြေကြီးကို လွန်သွားဖြင့်တူးထုတ်ပြီး ကွန်ကရိလောင်းသည်။ သည်ပိုင်တွင်းတူးစက်ကြီးမှာ အတော်ကြီးသဖြင့် အတော်ဆူလှ၏။ နောက်ပြီး မြေကြီးတူးပြီး လွန်ကိုပြန်ထုတ်ကာ လွန်သွားမှ မြေစာများကို ခါချသည့်အခါ တွင်လည်း အသံဆူသည်။ ပိုင်တိုင်များမှာ ၆၀၀ မမ မှ ၇၀၀ မမ (မီလီမီတာ) ထိရှိသည်။ ပိုင်တိုင်အနက် ၁၅ မီတာမှ မီတာ ၂၀ ထိရှိ၏။
ကျွန်တော်တို့ စီမံကိန်းက လူနေအိမ်များအကြားမှာဆိုတော့ ဆူညံသံတိုင်းမီတာ (Noise Meter) ကို ဘယ်ဘက်ခြမ်းတွင် တစ်လုံး၊ ညာဘက်ခြမ်းတွင် တစ်လုံး၊ နှစ်လုံးတပ်ထားရသည်။ သည်တော့ ပိုင်တိုင်စိုက်သည့်ဘက်မှာ တစ်လုံးရှိသည်ပေါ့။ ပိုင်တိုင်ကလည်း ခြံစည်းရိုးနား ကပ်စိုက်ရသည်။ မီတာကလည်း ခြံစည်းရိုးနားမှာ။ သည်တော့ အနည်းငယ်ဝေးတုံးက ကိစ္စမရှိ။ မီတာနားတွင် ပိုင်တွင်းတူးတော့ မည်ကဲ့သို့ရှောင်လို့ ရနိုင်ပါအံ့နည်း။ သေချာပေါက် သတ်မှတ်ထားသော ဆူညံသံနှုန်းကို ကျော်မည်သာ ဖြစ်လေသည်။ ဤသည်ကို ကျွန်တော်တို့ မသိပါသလော။ သို့သော် အလုပ်ကရပ်ထားလို့ရတာ မဟုတ်။ သည်တော့ သိသိကြီးနှင့် လုပ်တာဖြစ်၏။
သိတော်မူကြသည့်အတိုင်း စင်ကာပူကလူတွေဆိုတာ ကွန်ပလိန်းလုပ်ရတာ အင်မတန်ဝါသနာကြီးသူများ ဖြစ်၏။ (ယုတ်စွအဆုံး အိမ်နားက သစ်ပင်မှာ ငှက်တွေလာနားလို့ဆူတာတောင် ကွန်ပလိန်းလုပ်သည်။) ကျွန်တော်တို့ပိုင်တွင်းတူးတာ ခြံစည်းရိုးနားဆိုတော့ သူတို့ အိမ်နား ကပ်လျက်ပေါ့။ သည်ကိစ္စ မည်ကဲ့သို့ ရှောင်လွှဲလို့ရပါမည်နည်း။ သည်တော့ သူတို့က ဆူလှညံလှချည့်ဆိုကာ NEA သို့ ကွန်ပလိန်းတက်သည်။
ပထမ
NEA officer တစ်ယောက် စနေနေ့လာသည်။ မင်းတို့ဆိုဒ်က သိပ်ဆူနေတယ် ဟု ပြောသည်။ ကျွန်တော်လည်း သူ့ကိုခေါ်ကာ အိမ်ဘေးနားကပ်လျက် ပိုင်တွင်းတူးနေသော စက်ကြီးကို ပြလိုက်သည်။ သူကတော့ တတ်နိုင်သမျှ ထိန်းလုပ်ဘို့ပြောကာ ပြန်သွားသည်။ တနင်္လာနေ့တွင် နောက်တစ်ယောက် လာပြန်သည်။ မင်းတို့မီတာ ဘယ်နားတုံး ဆိုသဖြင့် လိုက်ပြရပြန်၏။ နောက် real time ဖတ်လို့ရသော noise
meter ၏
website address, online user ID နှင့် password များ
တောင်းသွားပြန်သည်။
(မှတ်ချက်။ ။
real time ဟူသည် အသံကို ၂၄ နာရီပတ်လုံး မပြတ်ဖတ်ကာ ဖတ်၍ရသောတန်ဘိုးများကို ချက်ချင်း အင်တာနက်တွင် ကြည့်လို့ရခြင်းကို ဆိုလိုသည်။
ထို့ကြောင့် ညာလို့မရ။)
သူပြန်သွားပြီး ၃-၄ ရက်အကြာတွင် ကျွန်တော်တို့ကို သူတို့ရုံးသို့ ကြွပါရန် ဖိတ်စာပို့ခြင်း ဖြစ်သတည်း။
ရုံးရောက်တော့ သူတို့အဆင်သင့်ထုတ်ထားသော ဆူညံသံတန်ဘိုးများ ထုတ်ထားသည်။ တစ်ပတ်စာ ဖြစ်၏။ သတ်မှတ်ထားသည့် နှုန်းထက် ကျော်သည့်နေရာအားလုံးကို အနီရောင်ဖြင့် highlight လုပ်ထားသည်။ စုစုပေါင်း ၆ ရက်။ (တနင်္ဂနွေနေ့တွင် အလုပ်လုပ်ခွင့် မပြုပါ။)
ထိုစာရွက်များပြပြီး ဟောသည်မှာ ၁၊ ၂၊ ၃ . . . . စုစုပေါင်း 6 offence ဟု ဆို၏။ ဟိုက်ရှားဘား။ သူတို့က တစ်ရက်ကို 1 offence ဟု ယူတာဖြစ်သည်။ ပထမတစ်ကြိမ်ကျော်လျှင် စင်းဒေါ်လာ - ၅၀၀၀။ ဒုတိယတစ်ကြိမ် - ၁၀ ၀၀၀။ တတိယအကြိမ် - ၁၅ ၀၀၀။ သုံးကြိမ်ထက်ပိုလျှင်မူ ကျန်သည့်အကြိမ်များအတွက် တရားရုံးသို့သွားရမည်။ ကျန်တာ တရားသူကြီးက ဆက်လုပ်မည်ဆို၏။ တရားရုံးက အများဆုံးဒဏ်ငွေ လေးသောင်းထိ ချနိုင်သည်။ ဒါမှ မကျေနပ်သေးလျှင် အလုပ်ရပ်ပစ်နိုင်သည်။
ဆိုတော့ မင်းတို့ကို ပထမသုံးမှုအတွက် သုံးသောင်းဒဏ်ရိုက်မယ်။ ကျန်တဲ့ သုံးမှုကို ခဏဆိုင်းထားမယ်။ မင်းတို့ နှစ်ပတ်အတွင်း ဆူသံမကျော်အောင်ထိန်းပါ။ ကျော်တာနဲ့ အဲဒီသုံးမှုကို ဆွဲထုတ်မယ်။ ဒါပေမဲ့ မင်းတို့ဒီလာစရာမလိုတော့ဘူး။ တရားရုံးကို သွားရမယ် ဟု ဆိုလေ၏။
ဆိုဒ်ထဲ ပြန်ရောက်သည်နှင့် ကျွန်တော်ရော လုပ်ငန်းမန်နေဂျာပါ အင်တာနက်မှပြနေသော ဆူညံသံဇယားကြီးကို ချစ်သူမျက်နှာအမှတ်ဖြင့် မပြတ် စောင့်ကြည့်နေရတော့သည် ဟူသတတ်။ ဇယားနီလာပြီဆိုလျှင် ဟေ့ကောင်တွေ၊ ရပ်တော့၊ ဘယ်နှစ်နာရီနား။ ဘယ်တော့မှ ပြန်စ။ စသဖြင့် လုပ်ရတော့သည်။ အနို့ မလုပ်လို့က မဖြစ်။ ပိုက်ဆံ လေးသောင်းဆိုတာ နည်းတာမှတ်လို့။ သည်တော့ သုံးရက်လောက်နှင့် ပြီးရမည့်တိုင်များကို ဆယ်ရက်လောက် လုပ်ယူလိုက်ရလေသတည်း။
ဤသည်မှာ စင်ကာပူမှ ဆူညံသံထိန်းပုံအကြောင်း တစ်စိတ်တစ်ဒေသ ဖြစ်လေသည်။
(၂) ပရောဂျက်မစမီ တင်ပြရသော စီမံချက်များ
စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု စတော့မည်ဆိုကတည်းက သက်ဆိုင်ရာ အစီအမံများ ပြုလုပ်ကာ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့ တင်ပြရသည်။ ထို အစီအမံများအနက် အချို့မှာ ECO နှင့် သက်ဆိုင်သည်။ လေထု၊ ရေထု၊ မြေထု မညစ်ညမ်းအောင် မည်ကဲ့သို့လုပ်ပါမည်ဟု စီမံချက် ရေးဆွဲတင်ပြရခြင်း ဖြစ်၏။
ထိုစီမံချက်များအနက် ECO နှင့်သက်ဆိုင်သည့် အစီအမံများမှာ -
၁။ Noise
Management Plan (ဆူညံသံထိန်းရေး အစီအမံ)
၂။ ECM
(Earth Control Measure) Management Plan (မြေတိုက်စားမှုကာကွယ်ရေး အစီအမံ) - တို့ဖြစ်၏။
Noise Management
Plan တွင် ဤပရောဂျက်၌ မည်သည့်လုပ်ငန်းများပါသည်။ မည်သည့်စက်များ သုံးမည်။ အလုပ်စချိန်၊ အလုပ်သိမ်းချိန်နှင့်တကွ မည်သည့်ရက်တွင် လုပ်ငန်းစပြီး ခန့်မှန်းချေ မည်သည့်ရက်၌ ပြီးမည်။ ဆူညံသံမည်မျှ ရှိနိုင်သည်။ နောက်ခံဆူညံသံ (ပတ်ဝန်းကျင်ဆူညံသံ - background noise) မည်မျှရှိသည်။
(မှတ်ချက်။ ။ background noise
ဆိုသည်မှာ မည်သည့်လုပ်ငန်းမှ မလုပ်ဘဲရှိနေချိန်တွင် ရှိနေသော အသံကို ခေါ်သည်။ ဤအသံများတွင် ကားသံ၊ ရထားသံ၊ လေယာဉ်သံ၊ ကစားကွင်းမှ အော်ဟစ်သံ စသည့် (အလုပ်လုပ်ရာမှ ထွက်ပေါ်လာသော ဆူညံသံမဟုတ်သော) ပတ်ဝန်းကျင်ရှိ သဘာဝအသံ ကျယ်နှုန်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ဆူညံသံတိုင်းမီတာ ဘယ်နှလုံးတပ်မည်။ မည်သည့်နေရာများတွင် တပ်မည်။
မီတာဝယ်ထားသော ပြေစာ၊ မီတာကို ကြည့်ရှုစောင့်ရှောက်မည့် ကုမ္ပဏီ (service provider) ၊
မီတာအား ချိန်ညှိထားသောလက်မှတ် (calibration
certificate), အနီးအနားမှ အိမ်များနှင့် ဆက်ဆံရမည့် ဆက်ဆံရေးအရာရှိ၏ အမည်နှင့် ဖုံးနံပါတ်၊ အနီးရှိအိမ်များသို့ မည်သည့်လုပ်ငန်းများ ကို မည်သည့်ရက်မှစပြီး မည်သည့်ရက်တွင် ပြီးမည်ဟု အကြောင်းကြားရမည့် စာ
နမူနာ။ စီမံကိန်းမှ တာဝန်ရှိသူများ၏ နာမည်များနှင့် ဖုံးနံပါတ်များ။ ဆူညံသံများတပ်ဆင်မည့် နေရာများ ပြထားသော စီမံကိန်းမြေပုံ စသည်
အားလုံး အပြည့်အစုံပါရသည်။
ထို
Noise Management Plan ကို စီမံကိန်းလုပ်ငန်းများမစမီ NEA သို့တင်ပြကာ
အတည်ပြုချက် ရယူရသည်။ ဆိုလိုသည်မှာ ထိုအစီအမံအတိုင်း လုပ်ငန်းခွင်၌ အကောင်အထည်ဖော်ရန် ဖြစ်၏။ ထိုစီမံချက်ရေးဆွဲရေးမှာ ECO ၏ တာဝန်များအနက်မှ တစ်ခုဖြစ်ပါသည်။
နမူနာကြည့်နိုင်စေရန် ကျွန်တော်တို့ဆိုဒ်မှ noise meter တပ်ဆင်ထားပုံ၊ ပိုင်ရိုက်စက်နှင့် ဆိုဒ်အနေအထားများကို ပူးတွဲပေးလိုက်ပါသည်။ ထို့ပြင် စက်မှဖတ်ပေးသည့်ရလဒ်ကို အင်တာနက်တွင် ကြည့်၍ရသော စာမျက်နှာကိုပါ screen shot ရိုက်၍ တင်ပေးလိုက်ပါသည်။ Noise Management Plan မှာ hard copy အနေနှင့်သာရှိပြီး pdf version မှာမူ ဆေးရုံပို့ထားသော စက်ထဲ၌သာ ရှိပါသည်။
(၃) ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဆူညံသံ ဥပဒေများ
စင်ကာပူတွင် ဆူညံသံနှင့်ပတ်သက်သည့် ဥပဒေ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ ဆူညံသံကြောင့် အများပြည်သူ အနှောက်အယှက်ဖြစ်မှုကို ကာကွယ်ပေးသော ဥပဒေဖြစ်ပြီး ထိုဥပဒေကို NEA က ကိုင်သည်။ အရေးယူစရာရှိလျှင် ထိုဥပဒေ ကိုကိုင်ကာ အရေးယူသည်။ အစပိုင်းက ဖော်ပြခဲ့သော ကျွန်တော်တို့ ဒဏ်ရိုက်ခံခဲ့ရသည့်ဥပဒေမှာ ထိုဥပဒေဖြစ်၏။
ထိုဥပဒေမှာ Environmental Protection And Management Act အောက်ရှိ Environmental Protection And Management (Control Of
Noise At Construction Sites) Regulations ဖြစ်သည်။ ထို့ပြင် Environmental Protection And Management (Boundary
Noise Limits For Factory Premises) Regulations ဟုလည်း ရှိသေး၏။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ခွင့်ပြုထားသော ဆူညံမှုနှုန်း (Permissible
Noise Level) မှာ အောက်ပါ အတိုင်းဖြစ်၏။
ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းသည် လူနေအိမ်ခြေများနှင့် မီတာ ၁၅၀ အတွင်းရှိပါက စနေနေ့ည ဆယ်နာရီမှ တနင်္လာနေ့မနက် ၇ နာရီအတွင်း၊ အများပြည်သူရုံးပိတ်ရက်မတိုင်မီနေ့ ည ဆယ်နာရီမှ ပိတ်ရက်၏ နောက်နေ့မနက် ၇ နာရီ အတွင်း အလုပ်လုပ်ခွင့်မပြု။ အလုပ်ဆိုရာတွင် သန့်ရှင်းရေးလုပ်ခြင်းလည်း ပါ၏။
ဆူညံသံတိုင်းမီတာတပ်ရမည့်နေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းမှ အနီးဆုံးအဆောက်အဦ၏ ၅ မီတာ အကွာတွင် ဖြစ်၏။ (Reg: 4(2))
ဆူညံသံနှင့်ပတ်သက်သည့် နောက်ဥပဒေတစ်ခုမှာ MOM (Ministry of
Manpower) နှင့်ဆိုင်သည်။ ထိုဥပဒေက လုပ်ငန်းခွင်မှဆူညံသံကြောင့် အလုပ်သမားများ နားလေးမည့်အန္တရာယ်မှ ကာကွယ်ပေးသည်။ ထိုဥပဒေကို WSH
(Noise) Regulations ဟု ခေါ်သည်။ WSH မှာ Workplace
Safety and Health ဖြစ်၏။ ထိုဥပဒေမှာ WSH Act အောက်မှ
ဖြစ်သည်။
ထိုဥပဒေတွင် ဆောက်လုပ်ရေးလုပ်ငန်းမှထွက်လာသည့် ဆူညံသံများကို ထိန်းချုပ်ရမည့် နည်းလမ်းများနှင့် ၎င်းကို မလိုက်နာ၊ မလုပ်ဆောင်လျှင် အရေးယူမည့် ပြစ်ဒဏ်များကို ဖော်ပြထား၏။ ထိုဥပဒေအရ ဆူညံသည့်ဒဏ်ကို ခံစားရသူ အလုပ်သမား ၅၀ နှင့်အထက်ရှိလျှင် ဆူညံသံနှင့်ပတ်သက်၍ အကြံပေးအရာရှိ ခန့်ထားရမည်ဟုလည်း ပြဌာန်းထား၏။ ထိုအကြံပေးအရာရှိက အလုပ်သမားများ နားလေးခြင်းမှ ကာကွယ်ရန် မည်သည့်အစီအမံများဆောင်ရွက်ရမည်ဟု အကြံပြုပါ လိမ့်မည်။
ဆူညံသည့်နေရာတွင် အလုပ်လုပ်နေရသည့် အလုပ်သမား ၁၀ ယောက်ထက်ကျော်လျှင် အလုပ်သမားများ၏ အကြားအာရုံစစ်ဆေးခြင်းကို ၃ နှစ်တကြိမ် လုပ်ပေးရမည်။ ထိုမျှသာမက ၀တ်ဆင်ရမည့် အကြားအာရုံကာကွယ်ရေး ကိရိယာ၊ ၀တ်ဆင်နည်းသင်တန်း စသည်တို့ကိုပါ ဖော်ပြထားပါသေးသည်။
နောက်ဆက်တွဲတွင်မူ လူတစ်ဦး ခံနိုင်ရည်ရှိသည့် အများဆုံး ဆူညံသံနှုန်းကို ဖော်ပြထားရာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထိုဇယားအရ လူတစ်ဦး အများဆုံးခံနိုင်သော ဆူညံသံမှာ ၈ နာရီအတွက် 85dB ဖြစ်သည်။ ဤဆူညံသံကို sound pressure level A ဟု
ခေါ်၏။ နားမလည်ဘူးလား။ မလည်သည့်အတိုင်းသာ ထားလိုက်ပါခင်ဗျား။ ဆိုလိုသည်မှာ လူတစ်ဦးသည် 85dB ရှိသော
အသံကို ၈ နာရီထိ ခံနိုင်သည်။ အသံသည် 86dB ရှိလာပြီဆိုပါက ၆ နာရီ ၂၁ မိနစ် သာ ခံနိုင်စွမ်းရှိပြီး 87dB ဆိုလျှင် ၅ နာရီနှင့် ၂ မိနစ်သာ ခံနိုင်တော့သည်။ ထိုအချိန်ထက်ပိုကြာလျှင် နားလေးတော့မည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် 85dB ထက်ကျော်သည့်အသံကို ၈ နာရီကျော် ကြားနေရပြီဆိုလျှင် မကြာမီ
နားလေး တော့မည်ဖြစ်၏။
ဤတွင်မိတ်ဆွေတို့ သတိထားမိပါလိမ့်မည်။ အသံကျယ်နှုန်း 1dB တိုးလာတိုင်း လူနားကခံနိုင်ရည် တစ်နာရီကျော် လျော့ကျသွားသည်။ အဘယ်ကြောင့်ဆိုသော် အသံကျယ်နှုန်းမှာ ဂဏန်းသင်္ချာနှုန်းအရ တိုးခြင်းမဟုတ်ဘဲ လော့ဂရစ်သမ် နှုန်းအရ တိုးခြင်းကြောင့် ဖြစ်၏။ အဲသလောက်သာမှတ်ထားပါ။ ပိုရှင်းလျှင် ပိုရှုပ်တော့မည်။
ပထမဥပဒေမှာ ECO နှင့်ဆိုင်ပြီး ဒုတိယဥပဒေမှာ WSHO (Safety Officer) နှင့်ဆိုင်သည်။ သူဌေးကလူလည်ကျပြီး ကျွန်ုပ်တို့ကို 2 in 1 ခန့်ထားလေရာ (သောက်ကျိုးနဲ၊ လူများ ကော်ဖီမစ် အောက်မေ့နေသလားမသိ) ကျွန်ုပ်တို့မှာ ထိုဥပဒေနှစ်ခုအကြား ညပ်နေလေ၏။ သို့သော်လည်း အလွန်အလုပ်ရှုပ်ပြီး အလွန်ခက်လိမ့်မည် မထင်လိုက်ပါနှင့်။ ECO အလုပ်က မီတာမှဖတ်ပေးသော ဂဏန်းများ ဇယားပေါ်တွင် အနီရောင်ပြမနေစေရန် သတိထားရုံ၊ WSHO အလုပ်က ကျောက်စက်တိုက်နေသော၊ ကျောက်ခွဲနေသော အလုပ်သမားများ နားကြပ်ဝတ်ထား၊ မထား ကြည့်ရုံ။ (တခြားလူတွေတော့ မပြောတတ်ဘူး။ ကျွန်တော်တော့ အဲသလောက်ပဲလုပ်သဗျာ။ ဘုရားစူးရပါစေ့။) အဲ၊ ဆူညံသံဇယား နီလာရင် မန်နေဂျာကိုသတိပေး၊ သို့မဟုတ် စက်မောင်းသမားများကို သွားသတိပေး။ ကျောက်စက်တိုက်နေသော အလုပ်သမား နားကြပ်ဝတ်မထားလျှင် နားရင်းသွားအုပ် (ဟုတ်ပေါင်) နားကြပ်ဝတ်ဘို့ သွားပြော။ အဲသလောက်တော့ လုပ်ရသပေါ့။
(၄) ဆူညံသံကို ထိန်းချုပ်ခြင်း နည်းလမ်းများ (Noise Control
Measures)
Reduce
at source.
သည်သီအိုရီလေးက နေရာတကာ အသုံးတည့်သည်။
ဥပမာ - လူနာတစ်ဦး ရောဂါတစ်ခုခုရလျှင် ထိုရောဂါ၏ ပြင်ပလက္ခဏာသာမကဘဲ ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေကုသမှ အမြစ်ပြတ် ပျောက်ကင်းနိုင်သည်။
ထို့အတူ ရန်ကုန်မြို့လယ်ခေါင်တွင် ရမ်းကားနေသော မိမဆုံးမ၊ ဖမဆုံးမ လူမိုက်ကလေးများအား ၎င်းတို့ကို တစ်ဦးချင်း လိုက်ဖမ်းနေခြင်းထက် သူတို့နောက်ကွယ်တွင် အဘယ်ကဲ့သို့သော အဖွဲ့အစည်း၊ အကောင်ကြီးများက မြှောက်ပင့် ပေးထားသောကြောင့် ဤမျှ ပြောင်ပြောင်တင်းတင်း ရမ်းကားနေရသည်ကို ရှာဖွေကာ ထိုအဖွဲ့၊ အကောင်ကြီးများကို နှိမ်နှင်း နိုင်ပါမှ ၇ ရက်သားသမီးတို့ စိတ်ချမ်းသာမည် ဖြစ်ပေသည်။ (ဒါဖြင့် အဲဒီအဖွဲ့နဲ့ အကောင်ကြီးတွေက ဖမ်းမဲ့သူတွေထက် ပိုကြီး နေရင်ကောကွာ။ ဟို ငါးလောင်းပြိုင်လိုပေါ့။ အဲဒါတော့ ကျွန်တော်မျိုးလည်း မပြောတတ်တော့ပါ။)
ဤသည်မှာ Reduce
(or eliminate) at source. သဘောတရားဖြစ်၏။
ထို့အတူပင် လုပ်ငန်းခွင်မှ ဆူညံသံများကို ထိန်းရာ၌လည်း အသံဆူခြင်းကို ထိန်းသည်ထက် ထိုအသံထွက်ပေါ်ရာ ပင်ရင်းကို ထိန်းနိုင်မှ ပြဿနာ ပြေလည်နိုင်မည်။ ဆူညံသံထွက်ရာ ပင်ရင်း နှစ်မျိုးရှိ၏။ တစ်ခုမှာ စက်ကိရိယာများ ဖြစ်ပြီး နောက်တစ်ခုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။
စက်ကိရိယာများမှထွက်သော ဆူညံသံများကို နည်းနှစ်မျိုးဖြင့် ထိန်းနိုင်သည်။
၁။ Substitution နှင့်
၂။ Engineering Control တို့ဖြစ်၏။
Substitution
ဟူသည် လက်ရှိစက်ကို ပိုမို အသံတိုးသောစက်ဖြင့် အစားထိုး လဲလှယ်ခြင်း ဖြစ်၏။ ဥပမာ - မီးစက်များအား အသံလုံသည့် မီးစက်များဖြင့် အစားထိုးခြင်း။ အဆောက်အဦဖြိုဖျက်ရာတွင် ထိုးခွဲသော စက်ကြီးများ သုံးမည့်အစား ညှပ်ခွဲသည့်စက်များသုံးခြင်းက ဆူညံမှု ပိုသက်သာသည်။ ဖုံထွက်လည်း ပိုနည်းသည် - စသဖြင့် ဖြစ်၏။ သို့သော် ဤနည်းသုံးရန် အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်ရပေမည်။ စက်များကို လဲလှယ်သုံးစွဲရန် ငွေကြေးကိစ္စ ပါလာသော ကြောင့်ဖြစ်၏။ (ကျွန်တော်တို့ ECO တွေအနေနဲ့တော့ အကြံပေးရုံပဲ တတ်နိုင်တာပေါ့ဗျာ။ ကျန်တာ သူတို့ကဏ္ဍ)
Engineering Control တွင် စက်များအား အသံတိုးစေမည့် ကိရိယာများ ဥပမာ - မာဖလာများ (မာဖလာဟူသည် ကားအိတ်ဇောများတွင် တပ်ဆင်သည့် ဆိုင်လင်ဇာမျိုးဖြစ်၏။)၊ ပုံးများ (ဥပမာ - စက်ကို ပတ်ပတ်လည် သေတ္တာပုံစံ ရိုက်ကာထားခြင်း)၊ နံရံများ၊ စက်အထိုင်အောက်တွင် ရာဘာခြေထောက်များထည့်ခြင်း၊ စက်ကို ပိုမိုအသံတိုးစေမည့်နေရာ၌ ရွေးချယ်တပ်ဆင်ခြင်း (ဥပမာ - စက်ကို အခန်းထောင့်များ၌ မထားရ) စသည်တို့ ပါဝင်သည်။
စက်များတုန်ခါနေလျှင် အသံဆူသည်။ ထို့ကြောင့် အထိုင်ချလုပ်ရမည့်စက်များကို စက်အထိုင်များ ကျကျနန လုပ်ပါစေ။ ကြမ်းပြင်ပေါ်သည်အတိုင်း ချမောင်းထားခြင်းမှ ရှောင်ကြဉ်ပါ။
စက်များ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ပါကလည်း အလွန်ဆူညံသည်။ ထို့ကြောင့် စက်များကို ပုံမှန် ကြံ့ခိုင်ရေး လုပ်မလုပ် စောင့်ကြည့်ရန် လိုပါသည်။
ဆူညံသော စက်များရှိရာနေရာကို သုံးထပ်သားဖြင့် ကာထားပါ။ အိမ်များနှင့်နီးလျှင် အိမ်ဘက်ခြမ်း၌ အသံကာ နံရံများ ထောင်ပါ။ အသံကာနံရံများမှာ ရိုးရိုးသုံးထပ်သားမဟုတ်ပါ။ အသံလုံအောင် အထူးဒီဇိုင်းဆွဲထားသော အပြားများ ဖြစ်ပါသည်။ ဈေးကွက်၌ အလွယ်တကူ ၀ယ်ယူရနိုင်ပါသည်။ (မည်ကဲ့သို့ဝယ်ရမှန်းမသိလျှင် ကျွန်တော့်ကို ဆက်သွယ်ပါ။)
ယခုတော့ သည်မျှဖြင့် နှစ်သိမ့်တော်မူကြပါ။ ဆူညံသံ ထိန်းချုပ်ခြင်းအကြောင်း ပိုမိုသိရှိလိုပါက ကျွန်တော့်ကို ဆက်သွယ်ပါ။ စာအုပ်များ
အီးမေးဖြင့် ပို့ပေးပါမည်။ အားသည့်အခါမှ ဆူညံသံအကြောင်း သီးသန့်ဆောင်းပါးရေးပါမည်။
ဆူညံသံအား ထိန်းချုပ်ခြင်းသည်လည်း အတော်များပါသည်။ ပြောလိုရင်းအကြောင်းအရာမှ ဘေးရောက်သွားမည် စိုးသဖြင့် သည်နေရာတွင် ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်း၌ ECO တစ်ဦး လုပ်လို့ရသည့် နည်းလမ်းများလောက်သာ ပြောပြပါမည်။ နောက်ပြီး သည် ဆပ်ဘဂျက်က အင်ဂျင်နီယာမဟုတ်သူများ တော်ရုံနားမလည်နိုင်ပါ။ (ဖိန့်လုံး)
ဆောက်လုပ်ရေးလုပ်ငန်းမှ ဆူညံသံကို မည်ကဲ့သို့ထိန်းရမည်ကို ပြဌာန်းထားသော စံနှုန်းရှိပါသည်။ CP 99 ဖြစ်၏။
(သြဇီတို့ နျူးဇီလန်တို့က CP တွေကို အလကား
ဒေါင်းလို့ရတယ်။ စလုံးကတော့ ၈၀
နဲ့ရောင်းစားသဗျာ၊ ဟင်းဟင်း) (အချင်းချင်းမို့ လက်တို့ပြောရအုံးမယ်။ အဲဒီစာအုပ် ကျွန်တော့်ဆီမှာရှိသဗျ။ လိုချင်တိုးတိုးတိတ်တိတ် လှမ်းတောင်းလိုက်ပါ။ ဟိုလူတွေမကြားစေနဲ့နော။ တော်ကြာ သူတို့မူပိုင်စာအုပ်ဆိုပြီး ပြဿနာလာရှာနေဦးမယ်။)
နောက်ပြီး ဆူညံသည့်နေရာတွင်အလုပ်လုပ်နေသော အလုပ်သမားများအား နားလေးခြင်းမှ
ကာကွယ်ရန် အကြားအာရုံထိန်းသိမ်းရေးစီမံချက် - HCP
(Hearing Conservation Programme) ရေးဆွဲရသည်။ မည်ကဲ့သို့ရေးရမည်ကို ညွှန်ပြထားတာ ရှိပါသည်။ WSH Guidelines
(Hearing Conservation Programme ) ဖြစ်၏။ ထိုစာအုပ်ကိုမူ MOM website တွင် အခမဲ့ download လုပ်လို့ရပါသည်။ (အဲဒါကျ ချစ်ဘို့ကောင်းသွားပြန်ရော။) ဤအလုပ်မှာ
ECO နှင့်မဆိုင်ပါ။ WSHO
၏ အလုပ်ဖြစ်သည်။
ကိုင်း၊
ဆူတာညံတာနဲ့တင် စာမျက်နှာ တော်တော်စားသွားပြီ။ တော်ကြပါစို့။
ကျန်တာ ကိုယ့်ဘာသာကိုယ် ဆက်လေ့လာကြပါ။ ဒါထက်ပိုပြီး ပရော်ဖက်ရှင်နယ် ကျချင်တယ်ဆိုရင်တော့ Noise and Vibration သင်တန်းသွားတက်ပါ။ ၂၄ နာရီသင်တန်းဖြစ်ပြီး သင်တန်းကြေး
၅၅၀ ဖြစ်၏။ (ကျွန်ုပ်တို့တက်လျှင်တော့ အစိုးရက ထောက်ပံ့ကြေးပေးသဖြင့် ၁၇၆
ကျပ်ခွဲသာ ကျသင့်ပါမည်။ မေ့နေလိုက်တာ နောက်နှစ်ကျ သွားတက်လိုက်ဦးမယ်။ ဗဟုသုတပေါ့။)
(၅) ECM (Earth Control Measures)
ECO ၏ အရေးကြီးသော နောက်တာဝန်တစ်ခုမှာ မိမိဆောက်လုပ်ရေးလုပ်ငန်းမှ ရေနောက်များ အများပြည်သူပိုင် မြောင်းများ အတွင်း စီးမ၀င်စေရေးဖြစ်၏။
သည်တွင်လည်း ပြောစရာက ပေါ်လာပြန်ပြီ။ ကျွန်တော်ယခုလုပ်နေသော ပရောဂျက်က အစသာရှိသေးသဖြင့် ပရောဂျက်မန်နေဂျာအစစ်က မရောက်လာသေး။ ယမနေမန်နေဂျာသာ ရှိသေးသည်။ ထို so call မန်နေဂျာက တရုတ် ဖြစ်၏။ တရုတ်ဆိုတော့ တရုတ်ဒီဇိုင်းအတိုင်း လုပ်သည်ပေါ့။ တရုတ်ဒီဇိုင်းဆိုသည်မှာ မြန်မာဒီဇိုင်းနှင့် သူမသာ၊ ကိုယ်အသုဘ ဖြစ်၏။ ဘာစည်းစနစ်မှမရှိဘဲ ကျုပ်ကျက်လိဒီဇိုင်း ဖြစ်သည်။ သည်တော့ ကျွန်တော်နှင့် မကြာခဏ ပြဿနာတက်၏။
ပရောဂျက်သို့ ကျွန်တော်ရောက်ပြီး များမကြာမီ (အောက်တိုဘာလလယ်လောက်) မိုးအကြီးအကျယ် ရွာသည်။ ပရောဂျက်တစ်ခုလုံးမှာ ဘာအကာအရံမှ မရှိသော မြေသားပြောင်ပြောင်ဖြစ်သဖြင့် မိုးရွာတော့ ရွှံ့ရေများမှာ တောင်ကျချောင်း အလား ဒရဝေါကျလာသည်။ ထို့နောက် ထိုရေများမှာ ၀င်ပေါက်မှတစ်ဆင့် ကတ္တရာလမ်းမပေါ်သို့ အပြေးအလွှား ခုန်ပေါက် ပျော်မြူးကာ စီးဆင်းသွားကြလေကုန်သတည်း။
ကတ္တရာလမ်းတစ်ခုလုံး ရွှံ့ရေများဖြင့် ၀ါထိန်သွားလေရကား (ကျွန်တော်ပါမကျန်) ရှိသမျှလူအကုန် အလုပ်ရှုပ်ကုန် လေတော့၏။ ဟိုကကာပါအုံး၊ ဒီကဆီးပါအုံးဟဲ့ နှင့် မြေတူးစက်ကြီး ကမန်းကတန်းမောင်းချလာကာ ကန်ကြီးကသောကမျော တူး၊ မြေဘောင် ကသောကမျော ဖို့ရ၏။ စိတ်ရှိလက်ရှိသာ လုပ်လိုက်ရလျှင် အဲသည် စီလုပ်ကို ကျွန်တော် ခြေထောက် နှစ်ချောင်းမှကိုင်ကာ စကြာဝဠာတံတိုင်း ဟိုးဘက်ရောက်အောင် လွှင့်ပစ်လိုက်ချင်မိလေသည်။
နောက်နေ့မနက်ကျတော့ မျှော်လင့်ထားသည့်အတိုင်း PUB Officer တစ်ယောက် ရောက်လာ၏။ သူက သူ့စမတ်ဖုံးကိုထုတ်လျက် ဓာတ်ပုံများပြ၏။ ဟောသည်မှာ
ကြည့်စမ်း။
မြတ်စွာဘုရား၊
မနေ့က ကျွန်တော်တို့ဆိုဒ်မှ ရေများ ကားလမ်းပေါ်စီးဆင်းနေပုံများ ဖြစ်၏။ (အလုပ်ရှုပ်နေသဖြင့် ကျွန်တော်တောင် ဓာတ်ပုံရိုက်ထားချိန်မရ။) လမ်းသွားလမ်းလာများက ဓာတ်ပုံရိုက်ကာ
PUB သို့ ပို့လိုက်ခြင်း ဖြစ်၏။ (PUB = Public Utility Board)
ကျွန်တော်တို့မှာတော့ ထုံးစံအတိုင်း သွားကလေးများဖြဲလျှက် ဒါက ဟိုလိုရှိပြီး ဟိုဟာက ဒီလိုရှိပါတယ်ဟု ဖြီးလုံးဖြန်းလုံးများ ထုတ်ရသည်။ (ဟင်း၊
ရနေပါအုံးမယ်။)
သိတော်မူကြသည့်အတိုင်း
PUB က မင်းတို့ ဘာတွေ၊ ဘာတွေလုပ်ထားပါ။ နောက်တစ်ခါဆို ဘာဖြစ်မယ် နှင့် ဓားကြိမ်းကြိမ်းသွားလေသည်။
စင်ကာပူတွင်
ရေချိုမထွက်။ ခင်ဗျားတို့ကျွန်တော်တို့ သောက်သုံးနေသော ရေကို အရင်းအမြစ် လေးခုမှ ရယူသည်။
၁။ မလေးရှားနိုင်ငံ ဂျိုဟိုးမှ
ဝယ်ယူသောရေ
၂။ ပင်လယ်ရေကို ကျိုချက်ယူသောရေ (Desalinated
Water)
၃။ သုံးရေများကို ပြန်သန့်စင်ထားသောရေ (Newater)
၎။ မိုးရေ
သည်အကြောင်း အကျယ်သိလိုပါက ကျွန်တော် စင်ကာပူကရေ၊ စင်ကာပူမှ ရေမြောင်းများ၊ စင်ကာပူ ရေဆိုး ပြုပြင်ရေးစနစ် စသည်ဖြင့် ရေးထားတာရှိပါသည်။ ကျွန်တော့် ဘလော့တွင် ရှာဖွေဖတ်ကြပါ။
Reference
Link:
သည်တော့ စင်ကာပူက ဘုရားသခင်က လက်ဆောင်ပေးသည့် မိုးရေများကို တစ်စက်ကမှ မလေလွင့်ရအောင် စုဆောင်းကာ ပြန်သုံးရေး ကြိုးစား၏။ မိတ်ဆွေတို့ ပန်းခြံများရောက်လျှင် ဟိုဟိုသည်သည် ကြည့်ကြည့်ပါ။ မိုးရေများကို ကဲ့ယူသည့် မြောင်းကွန်ယက်များကို တွေ့ရပါလိမ့်မည်။ မြောင်းဆိုတာ ဖြစ်သလို ပေါက်တူးနှင့် ကောက်ကက် ယက်ထားသည့် မြောင်းမဟုတ်။ ကွန်ကရိမြောင်းများ၊ ပီဗီစီပိုက်မြောင်းများ ဖြစ်သည်။
မိုးရေများကို မြောင်းများဖြင့် ကဲ့ယူကာ ရေကန်ကြီးများအတွင်း သိုလှောင်ပြီး ပြန်လည်သန့်စင်လျှက် လူများသုံးရန် ပြန်ပို့ပေးသည်။ မိုးရေစုသည့်ဒေသကို water catchment
area ဟု ခေါ်သည်။ ထိုဒေသမှ ဆယ်နှစ်တာ မိုးရွာသွန်းမှုကို တွက်ချက်လျှက် တစ်နာရီရေစီးနှုန်းကိုတွက်ကာ ရေမြောင်းများကို ဒီဇိုင်းဆွဲထားသည်။ ထိုမြောင်းများအားလုံးကို PUB
က ပိုင်သည်။ PUB ပိုင်ရေမြောင်းများအတွင်းသို့ ရေများကို သွန်ချင်သလို သွန်လို့မရ။ မြောင်းအတွင်းသွန်မည့် ရေများသည် သူတို့သတ်မှတ်ထားသော ရေအရည်အသွေးရှိရမည်။ ဤသည်ကိုလည်း
ဥပဒေဖြင့် သတ်မှတ်ထားသည်။ ထိုဥပဒေမှာ Environmental
Protection And Management (Trade Effluent) Regulations ဖြစ်၏။
ဥပဒေဟူသည် ဒဏ်ကြေးနှင့်တွဲလာတတ်သည့် သဘောရှိရကား ထိုဥပဒေကို မလိုက်နာလျှင် ဟောသလို ဒဏ်ရိုက်ပါလိမ့်မည်။
ခပ်လွယ်လွယ်ပြောရလျှင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်လာသည့် ရေများကို တစ်စက်ကမှ
မပြုမပြင်ဘဲ သည်အတိုင်း ရေမြောင်းအတွင်း သွန်ချလို့မရပါ။ ဤရေများကို မည်ကဲ့သို့ ကိုင်တွယ်စီမံမည်ဆိုသည်ကို စီမံကိန်း မစမီ ကတည်းက အစီအမံများရေးဆွဲကာ PUB သို့ တင်ရသည်။ သည်ဟာတောင် ကိုယ့်ဘာသာ ရေးချင်သလို ရေးလို့ရသည် မဟုတ်ပါ။ Qualified Erosion Control Professional (QECP) များက ရေးတင်တာ ဖြစ်သည်။
ဘယ်လိုရေးရမလဲဆိုတာလည်း မပူပါနှင့်။ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာသာလိုချင်သည် ဆိုသော
အူတူတူ ဆောင်ပုဒ်မှာ နိုင်ငံတစ်နိုင်ငံတည်း၌သာ ရှိသည်။ စင်ကာပူမှာကျ ဟောသလိုလုပ်ဟေ့ ဟု လမ်းညွှန်ပေးထား၏။ ထိုလမ်းညွှန် စာအုပ်ကို PUB website ၌ အခမဲ့ download လုပ်ယူနိုင်ပါသည်။ ထိုစာအုပ်၌ ဘာတွေလုပ်ရမည်ကို အသေးစိတ် ပြောပြ ထားပါသည်။ သူရို့ပြောသည့်အတိုင်း လိုက်လုပ်သွားရုံ ဖြစ်၏။
မိတ်ဆွေများခင်ဗျား။ Knowledge is Power ဟူသောစကားပုံရှိပါသည်။ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ။ မဖတ်လျှင်၊ မမှတ်လျှင်၊ မလေ့လာလျှင် အမြဲ သူများနောက်မှာ ကျန်နေလိမ့်မည်။ ယခုတောင် အနှစ်သုံးဆယ်လောက် နောက်ကျ ကျန်နေခဲ့ပြီ ဖြစ်၏။ အောက်က link မှာ
download လုပ်ယူနိုင်ပါသည်။
Download
Link:
သည်
ECM စီမံချက်ကို ကျွန်တော် အကျဉ်းရုံးပြောပြပါမည်။ ပိုမိုသိလိုသူများ ထိုစာအုပ်တွင် ဖတ်ကြည့်ပါ။
အကယ်၍ သင်သည် ECO
တစ်ဦးအနေနှင့် ပရောဂျက်တစ်ခုကို ကိုင်ရပြီ ဆိုပါစို့။ ထို ပရောဂျက် မစမီကတည်းက လုပ်ငန်းခွင် အနေအထားကို လေ့လာပါ။ ထို့နောက် ECM စီမံချက်ကို တောင်းကြည့်ပါ။ ထိုအထဲတွင် ဖော်ပြထားသည်များကို အားလုံးနားလည်နိုင်ရန် ကြိုးစားပါ။ ထို့နောက် ထိုအတိုင်း မိမိဆိုဒ်ကို စီမံရန် အားထုတ်ပါ။
ECM စီမံချက်တွင်
drawing တစ်ခုပါပါလိမ့်မည်။ ထို drawing ကို သေချာစွာဖတ်ပါ။ အောက်တွင် PUB
မှ နမူနာပေးထားသော drawing ကို ဖော်ပြထားပါသည်။
ပထမ ဤဒေသတွင်ရွာသည့် မိုးရေချိန်လက်မကို
ရှာရသည်။ ထို့နောက် မိုးအများဆုံးရွာလျှင် မိုးရေမည်မျှ စုဆောင်းရနိုင်သည်ကို တွက်၏။
တွက်ပြီးမှ မြောင်းအရွယ်အစားကို တွက်၊ ထို့နောက် ထိုမိုးရေများကို သိုလှောင်မည့်ကန်
(water holding tank) အရွယ်အစားကို တွက်ရသည်။
ရေပမာဏရပြီဆိုတော့မှ ထိုရေများကို သန့်စင်မည့် စက်၏ အရွယ်အစားကို တွက်ရသည်။ အားလုံးရပြီဆိုလျှင်
ထိုစီမံကိန်းမြေပုံပေါ်၌ ECM
Plan ဆွဲရသည်။
ဘာမှတော့
မခဲယဉ်းပါ။ စီမံကိန်းပတ်ပတ်လည်ကို စည်းရိုးကာရသည်။ Hoarding ဟု ခေါ်၏။ ထို့နောက်မှ ထိုစည်းရိုးနား
ကပ်လျှက် ရေမြောင်းဖောက်ရသည်။ ၎င်းကို perimeter drain ဟုခေါ်သည်။ ထို perimeter
drain များတွင် မီတာ ၃၀ စီအကွာ၌ silt trap များ ထားရသည်။ silt trap က ရေထဲတွင်ပါလာသည့် ရွှံ့များကို စစ်ထုတ်ပေးသည်။ silt trap ၏ အရွယ်အစားကိုလည်း
QECP ကတွက်ပေးပါလိမ့်မည်။ ဆိုဒ်ထဲမှ စီးလာသမျှ ရေအားလုံးကို ရေလှောင်ကန် (water
holding tank) အတွင်း လှောင်ထားရသည်။ ၎င်းကို (ECM Tank) ဟုလည်း အလွယ်ခေါ်သေး၏။ ထိုကန်ထဲမှရေများကို
ရေသန့်စင်စက် (ECM Machine) ဖြင့်စစ်ထုတ်ကာ ထွက်လာသော ရေ အရည်အသွေးကို မြောင်း
(PUB Drain) ထဲသွန်မချမီ စစ်ဆေးရ၏။ ထိုစစ်ဆေးချက်ရလဒ်ကို အင်တာနက်တွင် တိုက်ရိုက်
ဖတ်လို့ရသည်။ ၎င်းကို Realtime TSS
Monitorning system ဟု ခေါ်၏။ ထိုစနစ်ကို အင်တာနက်ရှိသည့် မည်သည့်နေရာမှ မဆို ကြည့်နိုင်သည်။
ထို website ကို ၀င်ကြည့်ရန် User ID နှင့် password လိုသည်။ ထို User ID နှင့်
password ကို PUB သို့ ပေးထားရသည်။ သို့မှ သူတို့ အချိန်မရွေး ကြည့်လို့ရမည်။
အကြမ်းဖျဉ်းအားဖြင့် ပြောရလျှင် မြောင်းထဲသွန်မည့်ရေထဲတွင်
အမှုန်ပါဝင်နှုန်း 50 ppm သာ ရှိရမည်။ ppm ဟူသည်
parts per millions ဖြစ်၏။ 1 ppm ကို လူပြိန်းနားလည်အောင် ပြောရလျှင် အပုံတစ်သန်းပုံလျှင်
တစ်ပုံ ဖြစ်သည်။
စက်မှထွက်လာသော
ရေများကို မြောင်းအတွင်း သွန်ချမည့်နေရာတည့်တည့် (discharge point) ၌ ရေသွန်သည့်ပိုက်ဝကိုရော
အထက်မှလာသည့် မြောင်းကိုပါ မြင်နိုင်သည့်အနေအထားဖြင့် စီစီတီဗီ (CCTV – Closed
Circuit Television) တပ်ထားရသည်။ သို့မှသာ အကယ်၍ မြောင်းအတွင်း
ရွှံ့ရေများစီးလာပါက ထိုရွှံ့ရေသည် ဤဆိုဒ်မှလာသလော၊ အထက်ဘက်မှ စီးလာသလောဟု သိနိုင်မည်
ဖြစ်၏။
ထိုစီစီတီဗီက
၅ မိနစ်ခြားတစ်ခါ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ပေးသည်။ စီစီတီဗီလိုအပ်ချက်ကို Annex 2 တွင် ဖော်ပြထားသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စီမံကိန်းမစမီ
မိမိတို့၏ အစီအမံကို PUB သို့တင်ပြရပြီး PUB က clearance
license ထုတ်ပေးသည်။ ထိုလိုင်စင်တွင် Annex 2 ကို ပူးတွဲပေးထား၏။
ထိုလိုင်စင်ရမှ လုပ်ငန်းစခွင့်ရှိသည်။
ထို့ပြင်
ဆင်ခြေလျှောများရှိပါက ထိုဆင်ခြေလျှောများမှ ရေများ စီးကျမလာစေရန် အတားများ (hump) လုပ်ပေးထားရမည်။
လုပ်ငန်းခွင်
အတွင်းမှ ထွက်လာသမျှ ကားအားလုံးကို ဘီးများအား ရေဖြင့် ပြောင်စင်နေအောင် ဆေးပေးရသည်။
မည်သည့်ကားမှ ရွှံ့အလိမ်းလိမ်းဖြင့် လမ်းပေါ်တက်ခွင့်မရှိ။ လမ်းကို ရွှံ့ပေသည့်ကိစ္စကျတော့
LTA
(Land Transport Authority) က ကိုင်သည်။ ကားဘီးရေဆေးသည့်ကန်ကို
washing
bay ဟုခေါ်၏။ washing bay တွင်သုံးသည့်ရေများကို ECM Machine မှ ထွက်လာသောရေများအား
သုံးနိုင်သည်။
ပိုမိုနားလည်နိုင်ရန် အောက်တွင် ပုံများဖြင့်
ဖော်ပြထားပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၅ ဒီဇင်ဘာ ၂၀၁၄