(၆၃) သင်္ဘောကျင်းများနှင့် ဖူးစာဆုံရပြန်ခြင်း
စင်ကာပူရောက်စ ပထမနှစ်များ၏ အတွေ့အကြုံကြောင့် သင်္ဘောကျင်းဟုဆိုလျှင် အမှန်ပင်ကျွန်တော် ကျောချမ်းမိပါသည်။ သို့သော် Union Alloy ကလည်း အလုပ်များမရလိုက်နဲ့။ ရလိုက်လျှင် Jurong Island နှင့် သင်္ဘောကျင်းများသာ ဖြစ်၏။ ကျွန်တော့်မှာ ၀က်ဖြစ်မှတော့ ဟိုဒင်းကြောက်နေလို့မရ ဟု သဘောပိုက်လျှက် အလုပ်ရသည့်နေရာ သွားလုပ်ရသည်။ ဖြူသော၊ မဲသော၊ ကြိုက်သော၊ မကြိုက်သော ဘာမှဇံရွေးမနေနိုင်။ သို့အတွက် ပြောစတမ်းဆိုလျှင် စင်ကာပူမှ သင်္ဘောကျင်း များ၌ သင်္ဘောကျင်းပေါက်စနလေးများမှလွဲ၍ ကျွန်တော်တို့မရောက်ဖူးသော သင်္ဘောကျင်းဟု မရှိသလောက်ဖြစ်၏။
တစ်ခါတော့ Zol နှင့် ကျွန်တော်နှစ်ယောက်သား Sembawang သင်္ဘောကျင်းထဲသွားလုပ်ရသည်။ ပင်လယ်ကိုသဲဖို့ရန် သဲများ သယ်ပေးသော သင်္ဘောကြီးမှ ပိုက်လိုင်းများ သွားပြင်ပေးရခြင်း ဖြစ်၏။ ပိုက်လိုင်းဟူသည် လိုင်းသစ်ပြေးပါက ဘာမှမခဲယဉ်း။ တိုင်းထွာ၊ ဖြတ်တောက်၊ ဆက်၊ ဆင်ပေးလိုက်၊ ပြီးလျှင် ရေထည့်စမ်း။ သိပ်ခေါင်းစားစရာမလို။ သို့သော် ပိုက်လိုင်း အဟောင်းများပြင်ရသည့်အခါများတွင်မတော့ ထိုင်ငိုချင်စိတ်ပင် ပေါက်ပါသည်။
သင်္ဘောဝမ်းအတွင်း၌ ဆီချေးနှင့်ရွှံ့များရောကာ ချွဲကျိနေပြီး လမ်းတောင်မနည်းလျှောက်ရသည်။ အခန်းက အလုံပိတ်နေတာ ဆိုတော့ နံလိုက်သည်မှာလည်း ပြောစရာမရှိ။ ပြင်ရမည့်ပိုက်တွင်လည်း ရွှံ့နှစ်များနှင့်ဖုံးနေသည်။ ကျွန်တော်တို့မှာ ဘာအလုပ်သမားမှမရှိ။ Zol နှင့် ကိုယ်၊ နှစ်ယောက်ထဲဖြစ်ရာ ဘယ်လိုမှ မင်းလုပ်၊ ငါလုပ်လို့ တွက်ကပ်နေလို့မရ။ နှစ်ယောက်သား တက်ညီလက်ညီ ပိုက်မှ ရွှံ့များကို ဆေးထုတ်၊ အ၀တ်နှင့်သုတ် လုပ်ရသည်။ Grinding တိုက်တာတော့ သူတိုက်ပါသည်။ လွယ်လွယ်လေးမထင်ပါနှင့်။ ပိုက်မှာ သင်္ဘောဝမ်းအတွင်း၌ ဖြစ်ရာ ဘာလေပေါက်မှမရှိ။ သည်တော့ grinding တိုက်ရာမှ ထွက်လာသော အင်မတန်ယားလှသည့် ဖိုက်ဘာအမှုန်များမှာ ကျွန်တော်တို့ တစ်ကိုယ်လုံး ဖုံးနေပါသည်။
Zol ကတော့ မင်းအပြင်ထွက်နေ၊ ငါတိုက်မယ် ဟု ဆိုပါသည်။ သို့သော် ကျွန်တော်သူ့ကို သင်္ဘောဝမ်းထဲ၌ တစ်ယောက်တည်း မည်ကဲ့သို့ စိတ်ချလက်ချ ထားခဲ့လို့ရပါမည်နည်း။ မတော် တစ်စုံတစ်ခုဖြစ်နေ မခက်ပါလား။ ထို့ကြောင့် ကျွန်တော်ပင် grinding မတိုက်ရသော်လည်း ခပ်လှမ်းလှမ်းသို့သွားကာ စောင့်နေရပါသည်။ Grinding တိုက်ရာမှာလည်း လွတ်လွတ် လပ်လပ်မဟုတ်။ ဘေးနားတွင် အခြားပိုက်များရှိပေသေးရာ ကုန်းလိုက်၊ ကွလိုက်၊ ၀မ်းလျားမှောက်လိုက်၊ ပက်လက်လှန် လိုက်နှင့် တကယ့်ကို ကပ်သီးကပ်သပ် လုပ်ရခြင်းဖြစ်သည်။
Grinding တိုက်ပြီး laminate လုပ်ရာတွင် အီပေါက်ဇီ ခေါ် ဓါတုဗေဒကော်များ၊ ဖိုက်ဘာဖျင်စများနှင့် လုပ်ရသည်။ သည်ကော်များက ခန္ဓာကိုယ်နှင့် ထိလို့မရ။ အလွန်အန္တရာယ်များလှသည်။ သို့သော် အလွန်ကျဉ်းမြောင်းလှသော နေရာ၌ ကျွန်တော်တို့မှာ ဘယ်လိုမှရှောင်လို့မရ။ တစ်ကိုယ်လုံး ကော်စေးများနှင့် ပေပွနေပါသည်။ ကြပ်ကြပ်တည်းတည်း လုပ်ရသည် ဖြစ်ရာ အလွန်ပင်ပန်းလှ၏။
ထိုအခါ Zol က အလွန်စိတ်တိုလာသည်။ စိတ်တိုခြင်းမှာ ဘယ်သူ့ကိုမှမဟုတ်။ မဆီမဆိုင် သူ့သားကို စိတ်တိုခြင်းဖြစ်သည်။ Zol အပြောအရ သူ့သားမှာ အသက်ကသာ ခုမှ ၂၀ ကျော်ရုံရှိသေးသည်။ လူကောင်ကြီးကမူ သူ့နှစ်ဆမျှရှိသည်ဆို၏။ စားလိုက်သည်မှာလည်း သူတစ်ယောက်တည်းစားတာ ကျန်တစ်အိမ်သားလုံးစားတာနှင့် ညီမျှသည် ဆို၏။ ဤသည်ကို Zol က သူ့သားအရင်းခေါက်ခေါက်ပင် ဖြစ်သော်ငြားလည်း ဘယ်လိုမှ မသဒ္ဓါ။ ဗျစ်တောက် ဗျစ်တောက် အမြဲပြောသည် ဆို၏။ သားအရင်းဖြစ်လျှက် ဤကဲ့သို့ မသဒ္ဓါခြင်းကို မိန်းမလုပ်သူက မကြိုက်။ အမေ ပေကိုး။ သည်တော့ သားဖြစ်သူအတွက်နှင့် Zol နှင့် သူ့ဇနီးသည်တို့ မကြာခဏ စကားများရသည် ဆို၏။
ယခုလည်း ကျွန်တော်တို့ သင်္ဘောဝမ်းအတွင်း ပင်ပင်ပန်းပန်း လုပ်ရသောအခါ Zol က ဗျစ်တောက် ဗျစ်တောက် လုပ်ပါသည်။ ဟင်၊ ခွေးမသား။ ဒီမှာနင့်အဖေ ဘယ်လိုလုပ်နေရတယ်ဆိုတာ နည်းနည်းပါးပါးလည်း လာကြည့်ဦး။ ငါကပင်ပင်ပန်းပန်းလုပ်၊ နင်က နင်းကန်စား။ ငါရှာလို့ရသမျှ နင်စားတာနဲ့ ကုန်တာပဲ စသဖြင့် တစ်ယောက်တည်း ပွစိပွစိ လုပ်နေ၏။ ကျွန်တော်က ဟေ့ကောင်၊ အဲဒါမင်းသားလေကွာ ဟု ဆွပေးလျှင် ပိုဒေါကန်လာ၏။ ဘယ့်နဲ့ကွာ၊ အဖေလုပ်တဲ့သူ မသဒ္ဓါအောင် စားရတယ် လို့၊ လွန် လွန်လွန်းတယ် စသဖြင့် တစ်ကိုယ်တည်း ဆူပူနေလေ၏။
တစ်ချီတွင်မူ ကျွန်တော့်ကို Keppel Shipyard မှာ အလုပ်ရတယ်။ သွား လုပ်ချေဟု ခိုင်းသောအခါ ဘာမှ စောဒကတက်လို့ မရသောကြောင့် မသွားချင်သွားချင်၊ သွားရပြန်လေ၏။ အငှားအလုပ်သမားများကို ဦးဆောင်ကာ သွားလုပ်ရခြင်း ဖြစ်သည်။
စင်ကာပူရှိ Sembawang, Jurong, FELS စသော သင်္ဘောကျင်းကြီးတော်တော်များများ၌ ကျွန်တော်လုပ်ဖူးပါသည်။ Keppel လောက် ရစ်သော သင်္ဘောကျင်းမျိုး မတွေ့စဖူး။ ပထမဆုံး ပြဿနာတက်သည်မှာ အလုပ်လုပ်ရာတွင်သုံးမည့် လက်နက် ကိရိယာများကိစ္စ ဖြစ်၏။ တပ်ဆင်သည့်နေရာတွင် ပိုက်ကြီးများကို ဆွဲရန်အတွက် ချိန်းဘလောက် (Chain Block) များ ယူသွား၏။ ကျွန်တော်ယူသွားသော ချိန်းဘလောက်များမှာ ဘာလက်မှတ်မှမပါ။ သို့အတွက် ထိုသင်္ဘောကျင်း Safety ဌာနက လက်မခံ။ သုံးလို့မရ။
ဤကိစ္စရုံးသို့ပြန်ပြောပြလေသော် သူတို့က MOM Certificate များပါသည့် ချိန်းဘလောက်အသစ်များ ပို့ပေးလိုက်သည်။ ကျွန်တော်လည်း safety ဌာနသွားပြီး လက်မှတ်များပြ၏။ အလွန်လေးလှသော ချိန်းဘလောက်ကြီးများပါ သယ်လာပြီး ဟောသည်မှာကြည့် ဟု ပြ၏။ မည်မျှရစ်သောသူများနည်း ဆိုလျှင် MOM certificate များပါသည့် ချိန်းဘလောက်အသစ် ကျပ်ချွတ်များပင်ဖြစ်စေကာမူ သူတို့သင်္ဘောကျင်းမှ သတ်မှတ်ထားသော တံဆိပ်မဟုတ်ဟုဆိုကာ သုံးခွင့်မပြုပါ။
သူတို့သင်္ဘောကျင်းမှ သုံးနေသော ချိန်းဘလောက်များရော မည်မျှကောင်းပါသနည်း။ ၁၉၉၈ ခုနှစ်၊ Tellus တွင်ရှိစဉ်က ကျွန်တော် သည်သင်္ဘောကျင်းတွင် ၂ နှစ်လုပ်ခဲ့ပါသည်။ သည်တုံးက Tellus မှာရှိသော လက်နက်ကိရိယာများကို ဒိုင်ခံ ပြင်ပေးသူမှာ ကိုကျားကြီးနှင့် တပည့်တို့ဖြစ်၏။ သူတို့က ချိန်းဘလောက်များကိုပါ ပြင်သည်။ ပြင်တာကလည်း တခြားနေရာမှာ မဟုတ်။ ကျွန်တော်ထိုင်သောရုံးခန်းရှေ့တွင်ပင်ဖြစ်သဖြင့် သူတို့လုပ်တာ အကုန်မြင်နေရသည်။ ချိန်းဘလောက်များကို ပြင်လိုက်၊ စမ်းလိုက်။ ချိန်းကြိုးများက ဒရွတ်တိုက် လျှောကျလာလိုက်။ ၁ တန်ခွဲ၊ ၂ တန် မ,မည့် ချိန်းဘလောက်ကိုစမ်းသည့် သံတုံးမှာ တစ်တန်မျှပင်မပြည့်။ ပီဘိ မနိုင်ရင်ကာ ချိန်းဘလောက်များဖြစ်သည်။
သို့သော် သည်တုံးက ကျွန်တော့်မှာ QC ဖြစ်သဖြင့် ကိုယ်နှင့်ဘာမှမဆိုင်သည့်အတွက် ဘာမှဝင်ရှုပ်စရာမလို။ သည်အတိုင်း ကြည့်နေရုံမျှသာ။ ယခုတော့ ကိုယ်ကိုယ်တိုင် ရင်ဆိုင်ရပြီ။ နောက်ဆုံး ဘယ်လိုမှမတတ်နိုင်သည့်အဆုံး ကျွန်တော်တို့ ချိန်း ဘလောက်များကို ရုံးသို့ပြန်ပို့လိုက်ကာ သူတို့ ချိန်းဘလောက်များကို ငှားသုံးရသည်။ ပစ္စည်းများကို ကရိန်းနှင့် မ,သည့်အခါ သုံးသည့် lifting belt (၀န်ချီခါးပတ်ကြိုး) များမှာလည်း ဤအတိုင်းပင် သူတို့ဟာကို ငှားသုံးရ၏။
နောက်တစ်ခုက ပစ္စည်းများထားသည့်နေရာ ဖြစ်သည်။ သူတို့ inhouse contractor တွေအဖို့ သည်သင်္ဘောကျင်းမှာပင် အထိုင်ချလုပ်နေသူများဖြစ်သဖြင့် ကိုယ်ပိုင်ရုံးနှင့်၊ ကိုယ်ပိုင်အလုပ်ရုံနှင့်၊ ကိုယ်ပိုင်ပစ္စည်းထားရမည့်နေရာနှင့်။ အားလုံး အဆင် သင့်ရှိသည်။ သို့သော် ကျွန်တော်တို့လို ရံဖန်ရံခါမှလာလုပ်သည့် ပြင်ပကန်ထရိုက်တာများအနေနှင့် ဘာရှိမည်နည်း။ ဘာမှ မရှိ။ သင်္ဘောကျင်းဆိုတာ နေရာကျဉ်းကျဉ်းကလေးတွင် လူပေါင်းများစွာ၊ ကန်ထရိုက်တာပေါင်းများစွာ လုပ်ရသည်ဖြစ်ရာ သူ့နေရာနှင့်သူ အားလုံးပြည့်ကျပ်နေသည်။ ဘယ်နေရာမှ လွတ်နေသည်ဟုမရှိ။ လွတ်နေသည့် နေရာသွားထားပြန်တော့ သည်နေရာက တမင်လွှတ်ထားတာ။ ဘယ်သူမှ ပစ္စည်းထားခွင့်မရှိဟု ဆို၏။ ပစ္စည်းများအတင်အချလုပ်ရန်၊ မီးသတ်ကား ရပ်ရန် စသဖြင့် အရံထားသော နေရာများဖြစ်သည်။
နောက်ပြီး ကျွန်တော်တို့ရထားသော ပိုက်လိုင်းမှာ အတော်များသည်ဖြစ်ရာ ပစ္စည်းမှာ အလွန်များသည်။ ပိုက်များမှာ အရွယ်စုံ။ ၁ လက်မမှ ၂၂ လက်မထိ ပိုက်ကြီးများဖြစ်သည်။ ၈ လက်မပိုက်များမှာဆိုလျှင် အလွန်များသည်။ သည်ပိုက်များကို မြေပြင်၌ ထားဘို့နေရာမပေးတော့ ကျွန်တော်က သင်္ဘောပေါ်တိုက်ရိုက်တင်လိုက်သည်။ သည်တော့ သင်္ဘောကုန်းပတ်ပေါ်တွင် ကျွန်တော့်ပိုက်များနှင့် ပြည့်နေ၏။ ထိုအခါ သင်္ဘောကျင်းမှ အရာရှိမင်းများလာ၏။ နေပါဦး၊ မင်းကို ဘယ်သူက ဒီနေရာမှာ ထားခွင့်ပေးလို့လာထားရသလဲ ဟု ငေါက်၏။ မင်း ဒီလိုပိုက်ကြီးတွေ ပုံထားတော့ တခြားသူတွေ ဘယ်လိုအလုပ်လုပ်တော့ မလဲ ဟု ငမ်း၏။ မင်းပိုက်တွေ ချက်ချင်းရွှေ့ပါ ဟု ကြိမ်း၏။
သည်တော့ ကျွန်တော် ပိုက်များကို ဆင်မည့် ပိုက်စင်များပေါ်တင်ထားလိုက်သည်။ သည်တော့ safety မင်းများ ရောက်ချလာ ပြန်၏။ မင်းပိုက်တွေကို အဲဒီလိုတင်ထားတော့ မတော်လိမ့်ကျလာ ဘယ့်နဲ့လုပ်မလဲဟု မြန်မာလိုပြောရလျှင် မအေ - နှမ - ဟု အဓိပ္ပါယ်ထွက်သော သူတို့တရုတ်လို ကာနီနာ ဟု ဆဲ၏။ မင်းပိုက်တွေ ဘယ်ကပါမစ်ရလို့ အဲဒီလိုတင်ထားတာလဲ ဟု ဆို၏။
ထိုအခါ ပိုက်များ၊ ပိုက်ဆက်ပစ္စည်းများကို ဟိုရွှေ့၊ သည်ရွှေ့လုပ်ရလွန်းသဖြင့် အလွန်ပင်ပန်းလှပြီဖြစ်သောကြောင့် စိတ်တိုလွန်း မက တိုနေပြီဖြစ်သော ကျွန်ုပ်၏ သည်းခံနိုင်စွမ်းတို့ ကုန်ဆုံးသွားပြီဖြစ်သတည်း။
ငါ မင်းတို့ဆီလာတာ မင်းတို့အလုပ်လုပ်ရအောင်လာတာ။ မင်းအဖေတွေက အောက်မှာလဲ ပစ္စည်းထားဘို့နေရာမပေးဘူး။ ကုန်းပတ်ပေါ်မှာထားပြန်တော့ လာဆဲတယ်။ ခု ပိုက်စင်ပေါ်တင်ပြန်တော့ မင်းတို့ကတမှောင့်။ မင်းတို့က ဘာကောင်တွေမို့လို့ နေရာတကာ ပညာပြနေရတာလဲ။ ငါမလုပ်ရလဲ ဘာအကြောင်းမှ မရှိဘူး။ ပြန်ရုံဘဲ ဟု ဒေါနှင့်မောနှင့်ပြောပြီးသကာလ ကျွန်တော့်ကောင်များကို ခေါ်ကာ နေ့တစ်ဝက်နှင့် ပြန်ချလာခဲ့သည်။ မည်သူ့ကိုမျှ အကြောင်းမကြား။ လမ်းရောက်မှ ရုံးသို့ ဖုံးခေါ်ကာ မန်နေဂျာဖြစ်သူကို ငါတော့ မင်းသင်္ဘောကျင်းမှာ ဆက်မလုပ်နိုင်တော့ဘူး။ အဲဒီအတွက် မင်းငါ့ကို ကြိုက်သလို အပြစ်ပေးလို့ရတယ် ဟု ခပ်မာမာပြောလိုက်လေသည်။
အမှန်မှာ ကျွန်တော်တို့ အုပ်လိုက်ပြန်သွားသဖြင့် သင်္ဘောကျင်းမှ လှမ်း complain လုပ်သဖြင့် ကျွန်တော်တို့ ပြန်သွားကြောင်း ကျွန်တော်တို့မန်နေဂျာ ကြိုသိနှင့်နေသည်။ သို့သော် အလွန်စိတ်တိုလှသော ကျွန်တော့်အကြောင်း သိသဖြင့် မန်နေဂျာက မသိယောင်ဆောင်နေကာ ကျွန်တော့်ဖုံးအခေါ်ကို စောင့်နေတာဖြစ်သည်။
ကျွန်တော် အလွန်စိတ်ဆိုးနေမှန်းသိသဖြင့် မန်နေဂျာက ဘာမှမပြောဘဲ မင်းတို့ပင်ပန်းနေပြီ။ အေးအေးဆေးဆေး ပြန်နား လိုက်ပါဦးကွာ။ ဒီကိစ္စနောက်တော့ ပြောကြတာပေါ့ ဟု ဆို၏။ ကျွန်တော့်ကိုမေးလာလျှင် ပြောလိုက်၊ ဆိုလိုက်မည်ဟု မောင်းတင်ထားသော ကျွန်ုပ်မှာ ဘာမှပြောခွင့်မသာဘဲ အောင့်သီးအောင့်သက်နှင့် ပြန်လာခဲ့ရသည်။
ကျွန်တော်တို့မန်နေဂျာကား အလွန်လိမ္မာပါးနပ်လှသူဖြစ်၏။ လက်တွဲလုပ်လာတာ လေးနှစ်ရှိပြီဆိုတော့ ကျွန်တော့်အကြောင်း ကောင်းကောင်းသိသည်။ ထို့ကြောင့်လည်း အလွန်စိတ်တိုတတ်သူ ကျွန်တော့်ကို မည်ကဲ့သို့ကိုင်တွယ်ရမည်ကို သိသည်။ စိတ်ဆိုးနေချိန်မှာပြောလဲ အလကားပဲ။ ဘယ်လိုမှ နားချလို့ရမည်မဟုတ်ဆိုတာ သိနေသည့်အတွက် တမင် အချိန်ဆွဲထား လိုက်ခြင်း ဖြစ်သည်။
နောက်နေ့မနက်တွင် ကျွန်တော့်ကို Keppel ကို လာနိုင်မလား ဟု ခေါ်၏။ ဒီကောင်တွေမျက်နှာ ငါမကြည့်ချင်ဘူး ဟု အပြတ် ပြောလိုက်သောအခါ သူဘာမှ ဆက်မပြောပါ။ သူ့ဟာသူသွားကာ ညှိသည်။ ညနေကျတော့ ကျွန်တော့်ဆီရောက်ချလာ၏။ ကျွန်တော့်ကို ပြုံးပြလျှက် ငါတို့ ထမင်းသွားစားကြရအောင် ဆိုကာ အပြင်ခေါ်သွားသည်။ သည်လိုပင် ကျေအေးခိုင်းပြီး ဆက်လုပ်ခိုင်းမည်ဆိုတာ ကျွန်တော်လည်း ကြိုသိနေပါသည်။ သို့သော် ကျွန်တော့်မှာ မာမာထန်ထန်ငြင်းလို့မရပါ။ သူတို့မှာ ကျွန်တော့်အပေါ် အလွန် ကောင်းလှသူများဖြစ်သည်က တစ်ကြောင်း၊ ကျွန်တော်တောင်းဆိုသမျှ လိုက်လျောလုပ်ပေးသည် တစ်ကြောင်းတို့ကြောင့် ကျွန်တော့်မှာ ခေါင်းငိုက်ဆိုက်ချလျှက် ကောင်းပါပြီကွာဟု လက်ခံလိုက်ရပြန်လေသည်။ သည်အလုပ်ကထွက်ပြီး နောက် အလုပ်တစ်ခုပြောင်းလျှင် သည်လိုသဘောမနော ကောင်းသူများနှင့်တွေ့ချင်မှ တွေ့မည်။ မတော် သဘောထားဆိုးသူများနှင့် တိုးနေလျှင် မခက်ပါလား။ သည်တော့ စိတ်ပင်မချမ်းသာလှသော်လည်း မကြည့်ချင်သည့် မျက်နှာများကို မချစ်သော်လည်း အောင့်ကာနမ်းရဦးမည်သာ ဖြစ်ပါသည်။
(၆၄) ဒုက္ခများနှင့် ကခုန်ခြင်း
ကျွန်တော်တို့ပိုက်များမှာ အမေရိကန်မှ တင်သွင်းလာသော Conley ဖိုက်ဘာဂလပ်စ်ပိုက်များဖြစ်ပါသည်။ Pressure rating 225 psi ဖြစ်၏။ လုပ်ရတာ ဘာမှမခဲယဉ်းပါ။ အပြင်တွင် လွတ်လွတ်လပ်လပ် ကိုယ့်သဘောနှင့်ကိုယ်သာ လုပ်ရပါမူ ကျွန်တော့်အဖို့ ထမင်းစားရေသောက် အလုပ်မျှသာ ဖြစ်၏။ အနို့ ဖိုက်ဘာဂလပ်စ်ပိုက်ကို လုပ်လာတာ ၄ နှစ်ရှိပြီဆိုတော့ နောကျေနေပြီ။ ဘာမှ ခေါင်းစားစရာမရှိ။ ယခု ခေါင်းစားပြီး ပြဿနာတက်ရသည်မှာ သင်္ဘောကျင်းကြောင့်ဖြစ်ပြီး မလိုလား အပ်သော ပြဿနာများကို ဖြေရှင်းနေရခြင်းကြောင့်သာ ဖြစ်ပေသည်။
ပထမ သူတို့လုပ်သော စည်းဝေးပွဲများ တက်ခိုင်းသည်။ ကောင်းပါပြီ၊ တက်ရပေမပေါ့။ နောက်ပြီး ပါမစ်များလျှောက်ရသည်။ ဒါလည်း ဘာမှပြဿနာမရှိ။ သို့သော် ခက်တာက ကျွန်တော်တို့က အပြင်မှလာလုပ်သည့် ကန်ထရိုက်တာဆိုတော့ ဘာလုပ်လုပ် သူတို့အားမှ လုပ်ရသည်။ ကျွန်တော် သင်္ဘောပေါ် ပစ္စည်းတင်ချင်ပြီဆိုပါစို့။ သူတို့အားသည့်အချိန် စောင့်နေရ သည်။ သူတို့ ချီစရာ၊ မ,စရာ ဘာမှမရှိဘူး ဆိုတော့မှ ကျွန်တော် ကရိန်းကိုသုံးခွင့်ရသည်။ ကျွန်တော်က မှော်ဆရာမှ မဟုတ် ဘဲ။ သူတို့ ဘာတွေတင်၊ ဘာတွေချပြီး ဘယ်အချိန်အားမယ်မှန်း ဘယ်နဲ့လုပ်သိနိုင်ပါ့မလဲ။ သည်တော့ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုများနှင့် တွေ့ရသည်။ သည်တော့ အကြံအဖန်လုပ်ရ၏။
ကရိန်းတစ်ခုလျှင် ၀န်ချီသည့် lifting crew တစ်ဖွဲ့စီရှိသည်။ သူတို့နှင့် အလွမ်းသင့်အောင် ပေါင်းထားကာ ကိုယ်မ, လိုသည့် ပစ္စည်းအား သူတို့ကို ပြထားပြီး သွားကလေးဖြဲပြလျှက် အဘမ်း၊ ဒါလေး မင်းအားရင် င့ါကို သင်္ဘောပေါ်က ဘယ်အနား တင်ပေးစမ်းပါကွာ၊ ငါတော့ လုပ်စရာတွေရှိနေလို့ စောင့်မနေနိုင်ဘူး ဟု မျက်နှာချိုသွေးရ၏။ (အဘမ်း ဆိုသည်မှာ မလေး လို အစ်ကို ဟု ခေါ်ခြင်းဖြစ်သည်။) သူတို့ကလည်း ကူညီပါသည်။
ပိုက်တွေကို ပိုက်ဆက်ပစ္စည်းများနှင့် ဆက်မည်ဆိုတော့ ပိုက်သားများကို စားကာ ကော်သုတ်ပြီး ဆက်ရသည်။ ပိုက်ကလေး တွေမှာ ဘာပြဿနာမှမရှိ။ ပိုက်ကို စားလို့ထွက်လာသည့် အမှုန်များက သည်လောက်မများသည့်အတွက် ထွက်လာသမျှ အမှုန်များကို အမှိုက်အိတ်ထဲ ကောက်ကက်သိမ်းထည့်လိုက်လျှင် ကိစ္စပြီးသည်။ သို့သော် ၈ လက်မနှင့်အထက် ပိုက်ကြီးများ ကို စားတော့ ပြဿနာတက်သည်။ ပိုက်များကို စက်နှင့်စားတော့ ထွက်လာသည့်အမှုန်များမှာ အင်မတန်ယားသည်။ အပြင်မှာ ကိုယ့်တစ်ဖွဲ့တည်း လုပ်တုံးကတော့ ဘာပြဿနာရှိမတုံး။ ခုတော့ သင်္ဘောပေါ်မှာ။ နေရာကကျဉ်း။ တခြားသူတွေကလည်း အနားမှာရှိတော့ ကျွန်တော်တို့ပိုက်က ထွက်လာသည့် အမှုန်များကြောင့် သူတို့ခန္ဓာကိုယ်တွေ ယားကုန်သည်။ သည်တော့ complain တက်သည်။
သည်တော့ safety များ ရောက်ချလာပြန်၏။ မင်းတို့အမှုန်တွေကြောင့် တခြားသူတွေယားကုန်ပြီ။ အမှုန်တွေမထွက်အောင် အ၀တ်ရေစိုတွေနဲ့ ကာပြီးလုပ်ပါ ဟု ဆို၏။ အောင်မယ်၊ တယ်လဲ ဟုတ်လိုက်ပါလား။ ခု လုပ်နေတာ ၀ပ်ရှော့ဆို ဘာပြဿနာ ရှိမတုံး။ ကာပါ့။ လွယ်လွယ်လေး။ ခုဟာက သင်္ဘောကုန်းပတ်ပေါ်မှာ။ လုပ်နေတာကလည်း တစ်နေရာတည်းမဟုတ်။ ပိုက်စင်ပေါ်မှာ၊ သင်္ဘောဦးပိုင်းမှာ၊ ပဲ့ပိုင်းမှာ။ ကိုယ်ထည်ထဲမှာ။ အ၀တ်နဲ့ရေက ဘယ်နားသွားပြီး လွယ်လွယ်ကူကူ ရှာလို့ ရပါ့မတုံး။ ကျွန်တော်ကား အလွန်ခေါင်းမာသူ ဖြစ်ရကား ဂရုမစိုက်။ ပစ္စည်းထားဘို့နေရာတုံးက ပြဿနာတက်ထားတာ ဆိုတော့ ပြန်ချဲဘို့ အဆင်သင့်ပြင်ထားသည်။ လုပ်လို့မရရင် မလုပ်ဘူးဟုလည်း ဆုံးဖြတ်ထားတာ ဖြစ်သည့်အတွက် သူတို့ပြောတာ မသိချင်ယောင်ဆောင်နေပြီး ဆက်လုပ်သည်။ ယားတယ်ဆို တခြားသွားလုပ် ဟု ပြန်ပြောတော့ safety များနှင့် ပြဿနာတက်သည်။
တစ်ချီတွင် ကျွန်တော် အလွန်ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရသော ကိစ္စတစ်ခုနှင့် ကြုံရသေး၏။
ပိုက်လိုင်းများဆင်ပြီးသွားတော့ ပိုက်လိုင်းကို ရေလုံ၊ မလုံ။ ရေထည့်ကာ ဖိအားဖြင့် စမ်းရသည်။ ပိုက်လိုင်းကိုရေဖြည့်ပြီး ရေပြည့်ပြီဆိုတော့ ဖိအား စ,တင်သည်။ မည်မျှပင် တင်သော်လည်း ဖိအားပြမီတာက သုညမှာပဲ ပြနေသည်။ အင်း၊ တစ်ခုခုတော့ လွဲနေပြီဟု ပိုက်လိုင်းကို လိုက်စစ်ရသည်။ အားလုံးကောင်းသည်။ ဘာမှ အမှားအယွင်းမရှိ။ သည်တော့ ပန့်နှင့်ဆက်ထားသော ဗားကို ပိတ်လိုက်သည်။ ပန့်ကို စစ်ဆေးရန် ဖြစ်၏။ ဗားကို ပိတ်လိုက်တော့မှ ဖိအားမြင့်နေပြီဖြစ်သော ရေများမှာ ဝေါကနဲပိုက်လိုင်းအတွင်း အဟုန်နှင့် စီးဝင်လေတော့၏။ ပိုက်လိုင်းတစ်ခုလုံး ခါသွားသည်။ ကျွန်တော့်မှာ ရင်တုန်၊ ပန်းတုန်ဖြစ်ကာ ဘုရားတမိ၏။ မီတာကို ကြည့်လိုက်တော့ ဖိအားမှာ ကြောက်စရာကောင်းလောက်အောင် များနေမှန်း တွေ့ရသည်။ သည်တော့မှ ပိုက်လိုင်းတစ်ဖက်ထိပ်ရှိ လေထုတ်ဗားကို သွားဖွင့်ခိုင်းရသည်။
နောက် လိုက်မေးတော့မှ ဤဗားကိုဆင်သူ Ah Heng (မလေးတရုတ် - အ,ဟိန်း) က ဗားလက်ကိုင်မှာ နံရံနှင့်မလွတ်သဖြင့် ပြောင်းတပ်ထားခြင်းဖြစ်သည်ဟု မျက်နှာငယ်လေးနှင့်ပြောသည်။ ကျွန်တော် အလွန်စိတ်ဆိုးလှသော်လည်း အောင့်အည်း သည်းခံကာ မင်းကွာ၊ အဲလို ပြောင်းတပ်ထားတာ ငါ့ကိုဘာလို့မပြောတာလဲ ဆိုတော့ အလုပ်များပြီး မေ့သွားလို့ပါ ဟု ဆို၏။ ဤဖြစ်ရပ်မှာ အလွန်အန္တရာယ်များလှပါသည်။ ကျွန်တော်သာ အဆင်အခြင်မရှိပဲ ရေပန့်ကို ဆက်မောင်းထားပါက ဖိအားလွန် ကာ ပိုက်ပွင့်ထွက်ပြီး အနီးအနားရှိလူများကို အသက်အန္တရာယ်ဖြစ်စေနိုင်ပါသည်။ အ,ဟိန်းက ဗားလက်ကိုင်မှာ နံရံနှင့်မလွတ် သောကြောင့် အဖွင့်နှင့် အပိတ်ကို သူ့သဘောနှင့်သူ ပြောင်းတပ်ထားခြင်းဖြစ်သည်။ ဤသည်ကို ကျွန်တော်မသိ။ ဗားပိတ်ထားသည်ကို ပွင့်နေသည်မှတ်ကာ ဖိအားတင်ခြင်းဖြစ်သည်။ ထို့ကြောင့် ပိုက်အတွင်း ရေမရောက်ပဲ ဖိအားပြ မီတာတွင် သုည ပြနေခြင်းဖြစ်သည်။ ဗားနှင့်ပန့်အကြားတွင် ဖိအားမှာ အလွန်မြင့်နေသည်။ ကံကောင်းထောက်မသဖြင့်သာ ဤအဆက်များပြုတ်မထွက်ဘဲ တင်းခံနေခြင်းဖြစ်ပါသည်။ ပြုတ်သာထွက်ပြီး တစ်စုံတစ်ယောက်ကို ရိုက်လိုက်ပါက မျက်လုံး ကန်းခြင်း၊ နားပင်းခြင်း၊ ဦးခေါင်းကွဲခြင်း၊ မျက်နှာကိုဖြတ်ရိုက်မိခြင်းတို့ ဖြစ်နိုင်သည့်ပြင် အခန့်မသင့်လျှင် အသက်ပါ ဆုံးရှုံးနိုင်ပါ သည်။ မိတ်ဆွေများ နမူနာယူကြပါခင်ဗျား။
၈ လက်မပိုက်ကြီးများ ဆင်တော့လည်း ပြဿနာပေါင်းစုံနှင့်ဖြစ်၏။ ပိုက်အထိုင် (pipe support) များကို ဂဟေဆော်တော့ ငြမ်းစင်က မဆင်ရသေး။ ပိုက်လိုင်းအပ်ရက်ကလည်း နီးနေပြီဆိုတော့ သူတို့ငြမ်းကို မစောင့်နိုင်။ ခိုးဆော်ရသည်။ လုပ်သည့် နေရာ ပတ်ဝန်းကျင်မှာ အစောင့်ထားပြီး အပေါ်တက်ဆော်ခိုင်း။ လူအရိပ်အယောင်မြင်လျှင် ပြန်ဆင်း။ သည်လိုနှင့် အားလုံး ပြီးသွားတော့ ပိုက်လိုင်းကို စမ်းဘို့လုပ်သည်။
ပိုက်က pressure rating 225psi ဖြစ်သည့်အတွက် ဖိအားမြင့်မဟုတ်။ သူတို့ပြောသည့် စမ်းသပ်ဖိအားဒဏ်ကို ဘယ်လိုမှ ခံနိုင်မည်မဟုတ်ကြောင်း စောစောကတည်းက ကျွန်တော်ပြောခဲ့သည်။ သို့သော် ခေါင်းမာလှ၏။ လုပ်ကြည့်ပြီးမှ ပြောပါဆို၏။ ကောင်းပြီလေ၊ လုပ်ပေါ့ဟုဆိုကာ သူတို့ပြောသည့်အတိုင်း လုပ်ပေးလိုက်ပါသည်။
ပထမဦးဆုံးအကြိမ်စမ်းရာတွင် အကွေးအကောက်များရှိရာ အဲလ်ဘိုးဆက်များ ပြုတ်ထွက်ကုန်သည်။ သည်တော့ ကျွန်တော့် အဆက်များမကောင်းလို့ ဟု အပြစ်တင်၏။ ကောင်းပါပြီ။ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်ဆိုကာ ပြန်ဆက်ပေးလိုက် ၏။ ထပ်စမ်းသည်။ ထပ်ပြုတ်ထွက်ပြန်၏။
မိတ်ဆွေများခင်ဗျား၊ ကျွန်တော်ယခုလိုစာနှင့်ရေးပြတော့သာ စာသုံးလေးကြောင်းမျှရှိသော်လည်း တကယ်လုပ်သည့်အခါတွင် အလွန်ပင်ပန်းပါသည်။ ကျွန်တော် ကျွန်တော့်အလုပ်သမားများကို အလွန် သနားမိပါသည်။ ဖိုက်ဘာဂလပ်စ် ဆိုတာ အခြား ပိုက်များနှင့်တူတာမဟုတ်။ လုပ်ရတာ အလွန်လက်ဝင်ခက်ခဲလှပါသည်။ သံပိုက်က အဆက်မကောင်းလျှင် ပြန်ဖြတ်ထုတ်၊ ကျောက်စက်တိုက်၊ ဂဟေပြန်ဆော်။ အလွန်လွယ်ပါသည်။ ဖိုက်ဘာပိုက်မှာ socket joint ဖြစ်သဖြင့် ဖြတ်ထုတ်လိုက်ပြီး အထဲကအသားတွေစားထုတ်ရတာ လွယ်ကူသည့်အလုပ်မဟုတ်ပါ။ ထို့ပြင် အထက်တွင်ပြောခဲ့သလို ဖိုက်ဘာအမှုန်မှာ အင်မတန်ယားလှ၏။ ပိုက်ကိုပြန်ပြင်ဘို့ အဲလ်ဘိုးထဲက အသားတွေ စားထုတ်ရာမှာ အမှုန်များ အသားကုန်ထွက်ပါသည်။ လုပ်သူများမှာ တစ်ကိုယ်လုံးကို အ၀တ်များဖြင့်လုံအောင် ကျကျနန၀တ်ပြီးမှ လုပ်ရပါသည်။ မဟုတ်လို့ကတော့ အိပ်လို့ရမည် မဟုတ်ပါ။
ကျွန်တော်တို့မန်နေဂျာက အဆက်များအားလုံးကို laminate လုပ်ခိုင်းသည်။ Laminate လုပ်သည်ဆိုခြင်းမှာ အဆက်များကို ကျောက်စက်တိုက် (grinding)၊ ကော်သုတ်လိုက်၊ ဖိုက်ဘာဖျင်စများဖြင့် ပတ်လိုက်လုပ်ရခြင်းကို ခေါ်ပါသည်။ ဤအလုပ်မှာ လည်း လွယ်ကူလှသည်မဟုတ်ပါ။ သို့သော် မတတ်နိုင်။ ကျွန်တော်တို့မှာ နေ့ရောညပါ မနားမနေလုပ်ကြရသည်။ တစ်နေ့လျှင် အလုပ်ချိန် ၁၄ နာရီခန့် ရှိပါသည်။
ပိုက်ဆက်များ laminate လုပ်ပြီးစမ်းချိန်တွင် ပိုက်အဆက်များမှာ အလွန်ခိုင်နေပြီဖြစ်သဖြင့် ပြုတ်မထွက်တော့။ သည်တော့ အထဲက ရေက ထွက်ပေါက်ရှာသည်။ ပိုက်လိုင်းကြီးတစ်ခုလုံး ကောက်ကွေးကာ ကွဲထွက်တော့မည့် အန္တရာယ်နှင့်ကြုံရသည်။ အလွန်အန္တရာယ်များလှ၏။ သည်ကိစ္စ ကျွန်တော်၊ ကျွန်တော်တို့ရုံးမှ မန်နေဂျာနှစ်ဦး၊ keppel မှ အင်ဂျင်နီယာ၊ မန်နေဂျာ၊ စူပါဗိုက်ဆာ စသူတို့ ခေါင်းချင်းရိုက်ကြသည်။
ကျွန်တော့်မှာ နေ့မအား၊ ညမအားလုပ်နေရသည်ဖြစ်ရာ အလွန်ပင်ပန်းလှသဖြင့် စိတ်တိုလွန်းမက တိုလှပြီဖြစ်သည်။ ဆင်ထီး ကြီးမှန်းသိလျှက်နှင့် အတင်းကလေးမွေးခိုင်းနေသည့် ကိစ္စကို ကျွန်တော် ဒေါသထွက်ခြင်း ဖြစ်သည်။
ကံအားလျော်စွာပင် လုပ်ရင်းလုပ်ရင်း အချိန်များမှာ လျှင်မြန်စွာ ကုန်ဆုံးသွားပေရာ ကျွန်တော့် ၀ပ်ပါမစ်လည်း သက်တမ်း ကုန်သွားလေတော့၏။ သည်ပရောဂျက်ပြီးလျှင် ကုမ္ပဏီမှာ နောက်ထပ်အလုပ်မရှိသေးသဖြင့် ကျွန်တော့် ၀ပ်ပါမစ် ကို သက်တမ်းမတိုးပေးဟု ဆို၏။ သူတို့ သက်တမ်းတိုးမပေးခြင်းအတွက် ကျွန်တော့်မှာ ၀မ်းနည်းရမည့်အစား အလွန် ၀မ်းသာ မိပါသည်။ သက်တမ်းတိုးပေးပါက ဤပြဿနာထုပ်ကြီးကို ဆက်ရှင်းနေရဦးမည်။ ယခုတော့ သူတို့ဟာသူတို့ ဘယ်လို ဖြစ်နေဖြစ်နေ ကျွန်တော် ဖုတ်ဖက်ခါပြီး ပြန်သွားနိုင်တော့မည်။
လာမဲ့အပတ် ငါပြန်တော့မယ် ဟု ဆိုသောအခါ Keppel မှ မန်နေဂျာဆိုသူက အလွန်ဒေါသထွက်ပါသည်။ ဒါတွေမပြီးသေးဘဲ မင်းဘယ်လိုလုပ်ပြန်လို့ရမလဲ။ ဒါမပြီးမချင်း မင်းမပြန်ရဘူး ဟု ဟောက်ပါလေသည်။ သည်တချီတော့ ကျွန်တော် ဒေါသထွက် စရာမရှိတော့ပါ။ သူ့ကို အသာပြုံးပြလျှက် အေးလေ၊ ၀ပ်ပါမစ်မရှိဘဲ ဒီမှာဆက်လုပ်စေချင်သေးရင် မင်း မစ္စတာ ဂိုချောက်တောင်သာ သွားပြောချေပါ။ သူခွင့်ပြုတယ်ဆိုရင်တော့လည်း တစ်မျိုးပေါ့ ဟု ငေါ့လိုက်ပါ၏။ ထိုအချိန်က စင်ကာပူ ၀န်ကြီးချုပ်မှာ ဂိုချောက်တောင် ဖြစ်ပါသည်။
သို့နှင့် ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ကြုံခဲ့ရသမျှ ပြဿနာအားလုံးကိုမေ့လိုက်ခါ စိတ်လက်ပေါ့ပါးစွာဖြင့် မိသားစုရှိရာသို့ ပြန်ခဲ့ပါလေတော့သတည်း။
မှတ်ချက်။ ။ ထိုအချိန်က ကျွန်တော်နှင့်တွဲလုပ်ခဲ့ရသော Keppel သင်္ဘောကျင်းမှ commissioning ဌာန မန်နေဂျာမှာ ဦးတင်အေးကျော်ဖြစ်ပြီး သူ့အဖွဲ့မှာ ကိုကျော်ကျော်ဝင်း၊ ကိုမြင့်ထွေးတို့ အဖွဲ့ဖြစ်ပါသည်။ အားလုံးလိုလို မြန်မာများချည်း ဖြစ်သော်လည်း သူတို့နာမည်များကို မေ့ကုန်ပါပြီ။ ကိုကျော်ကျော်ဝင်း နှင့် ကိုမြင့်ထွေးကိုသာ မှတ်မိတော့၏။
နောက်တစ်ခေါက် ကျွန်တော်စင်ကာပူပြန်ရောက်လာတော့ ကိုကျော်ကျော်ဝင်းတို့နှင့်တွေ့၏။ ခင်ဗျားတို့ အဲဒီ အရှုပ်ထုပ်ကြီး ဘယ်လိုရှင်းလိုက်ကြသလဲ ဟု မေးသောအခါ သူပြောပြသော စတိုရီလေးမှာ စိတ်ဝင်စားဘွယ်ဖြစ်ပါသည်။
ဘယ်မှာအစ်ကိုရယ်၊ ဒီပိုက်က ဒီပရက်ရှာကိုမှ မခံနိုင်ဘဲ။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးလုပ်တာဘဲ။ ဒါပေမဲ့ ဘယ်လိုမှ မရတော့တဲ့အဆုံး အကြံအဖန်လုပ်ရတော့တာပေါ့။ ပိုက်အ၀င်ဗားကိုပိတ်၊ ပရက်ရှာကိုတင်။ နောက်ပြီး pressure recorder ကိုမောင်း။ သူတို့လည်း အဲဒီလိုလုပ်တာ သိတာပေါ့။ ဒါပေမဲ့ သင်္ဘောထွက်မဲ့ရက်က ကပ်နေပြီလေ။ ABS တွေလည်း ဘယ်သူမှ လာမကြည့်ကြတော့ဘူး။ ပိုက်မှန်သမျှ အဲဒီအတိုင်းဘဲ လုပ်လွှတ်လိုက်ရတယ်။ ခုထိတော့ ဘာမှ ပြောသံ မကြားဘူး။ အဆင်ပြေတယ် ဆိုတဲ့သဘောပေါ့ - ဟု ဆို၏။
သည်လိုလုပ်ရမှန်း ကျွန်တော်လည်း သိပါ့။ သို့သော် ခေါင်းမာလှသည့် အနှီသကောင့်သားများကို ဘာမှမပြောချင်သည့် အတွက် သူတို့ခိုင်းသည့်အတိုင်း လုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သူများသာ ချိုးပြော၊ မိုးပြော ပြောသည်။ ယခု သူတို့ကိုယ်တိုင် လုပ်ရတော့မှ အကြောင်းသိသွားခြင်းဖြစ်၏။
(၆၅) ထွက်ပေါက်
ဤမျှလောက်ဆိုလျှင် စင်ကာပူရောက် ကျွန်တော်တို့၏ ဘ၀ကို မိတ်ဆွေတို့ ရိပ်စားမိလောက်ပါပြီ။ ကျွန်တော်စင်ကာပူ သွားမည်ဆိုတော့ ကျွန်တော့်တပည့်များက နက်ခ်တိုင်များ လက်ဆောင်ပေးလိုက်၏။ သူတို့က ကျွန်တော့်ကို လက်ဆွဲအိတ် ကလေးကို ဟန်ပါပါဆွဲ၊ ကြောင်လျှာသီးလေး ဖတ်လတ်ဖတ်လတ်နှင့် ကြော့ကြော့လေး လုပ်ရမည်မှတ်သဖြင့် ပေးလိုက်ခြင်း ဖြစ်ဟန်တူပါသည်။ ယခုမူ သူတို့ပေးလိုက်သော ကြောင်လျှာသီးကလေးများမှာ သေတ္တာအတွင်း ထောင့်တစ်နေရာ၌ မျက်နှာငယ်စွာ ချောင်ထိုးထားခြင်း ခံနေရပါသည်။ သူတို့ခမျာ အပြင်ထွက်ကြွားဝါခွင့်မသာ။
နေ့စဉ်နှင့်အမျှ သည်ကဲ့သို့ ဒုက္ခများနှင့် နပန်းလုံးနေရတော့ အချို့သူများမှာ ထွက်ပေါက်ရှာသည်။ သူတို့ကတော့ အပျော် ဟု သဘောထား၏။ ကျွန်တော်ကတော့ သည်လိုမယူဆပါ။
မိမိတွင် သားနှင့်၊ မယားနှင့်။ မိသားစုနှင့်။ ကိုယ်က သူတို့မမြင်ကွယ်ရာ၊ တပြေရပ်ခြားရောက်နေသည်။ သို့အတွက် သူတို့ အပေါ် သစ္စာစောင့်သိဘို့ လိုပါသည်။ စိတ်အလိုလိုက်ကာ ထင်တိုင်းလျှောက်လုပ်လို့ မသင့်တော်။ ဟာ၊ ငါတို့က ဒီ ဖဦးထုပ်မ တွေကို စလုံးမှာပဲ တွဲတာပါကွာ။ ဗမာပြည်ပြန်ရင် ခေါ်သွားမှာမှ မဟုတ်ဘဲ ဟု ဆိုအံ့။ အနှီပုဂ္ဂိုလ်များကို ကျွန်တော်ကလည်း သည်ကဲ့သို့ မေးလိုက်ချင်ပါသည်။
ဟုတ်ပါပြီဗျာ။ ဒီလိုဆိုရင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ခင်ဗျားမဟေသီကရော။ ခင်ဗျား စင်ကာပူရောက်နေတုံး ဟိုဘက်အိမ်က ကောင်လေးနဲ့ နေမယ်။ ခင်ဗျား ပြန်လာခါနီးမှ ဟဲ့ကောင်လေး၊ ဟိုဘဲကြီး အလည်ပြန်လာမလို့တဲ့။ နင်ခဏ အိမ်ပြန်နေ လိုက်အုံး။ သူပြန်သွားမှ ပြန်လာခဲ့ လို့ဆို ဘယ့်နဲ့နေမလဲ။
ကျွန်တော် ဂွစကားပြောခြင်းမဟုတ်ပါ။ ကျွန်တော်ပြောတာ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်ကြပါခင်ဗျား။ ကျွန်တော်ကတော့ ဤကိစ္စမျိုးကို မည်သည့်အကြောင်းပြချက်နှင့်မှ လက်မခံနိုင်ပါ။ အလွန်ခေါင်းမာလှပါသည်။
တစ်ခါသော် ကျွန်တော်နှင့်အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး မြန်မာပြည် အပြီးပြန်သွားပါသည်။ သူ့တွင်လည်း ဖဦးထုပ်မ တစ်ယောက်ရှိ၏။ သူနှင့်ပတ်သက်၍ ထိုဖဦးထုပ်မလည်း ကျွန်တော်နှင့် ရင်းနှီးနေပါသည်။ ကျွန်တော်ကမူ သိပ်မရော။ ခပ်တန်းတန်းသာ နေပါသည်။ ကျွန်တော့်မိတ်ဆွေ မြန်မာပြည်ပြန်သွားတော့ ထို ဖဦးထုပ်မ ကျွန်တော့်ကို လာကပ်ပါသည်။ ဒါတောင် ကျွန်တော့်မိတ်ဆွေက နင်၊ ငါ့သူငယ်ချင်းကို သွားမကပ်နဲ့နော်။ သူက ဒါမျိုးတွေကြိုက်တာမဟုတ်ဘူး ဟု အတန်တန် မှာခဲ့တာ ဖြစ်ပါသည်။
ထို အမျိုးသမီးက ကျွန်တော့်ထံ ဖုံးတစ်ဂွမ်ဂွမ် ဆက်သည်။ ဖုံး sms များပို့သည်။ ဟိုသွားရအောင်၊ ဒီသွားရအောင် ဟု အတင်း ခေါ်သည်။ ကြာတော့ ကျွန်တော် သည်းမခံနိုင်တော့။ သည်တော့ ကိုဉာဏ်ပိုလေးကို အကူအညီတောင်းရသည်။ ကောင်လေး၊ အဲဒီ ဖဦးထုပ်မကို ကြည့်ကျက်ရှင်းလိုက်စမ်းပါကွာ။ ကြာရင် ငါ နရင်းတီးမိလိမ့်မယ် ဟု ပြောလိုက်၏။ အာ၊ လူပျိုကြီးကလည်း။ ဒါလေးများ၊ အဟိ။ ကျွန်တော့်ကို ဖုံးပေးထား ဟု ဆိုသဖြင့် ကျွန်တော် သူ့ကို ကျွန်တော့်ဖုံးပေးလိုက်သည်။ မကြာပါ။ ဖဦးထုပ်မ ဖုံးဆက်လာသည်။
မောင်ဉာဏ်ပိုလေးက ဖဦးထုပ်မကို ဟိုဟာပြော၊ ဒီဟာပြောနှင့် ညစ်တီးညစ်ပတ်များ ပြောလိုက်သောအခါ ဖဦးထုပ်မ အလွန် ဒေါကန်လေတော့၏။ နောက် ကျွန်တော့်ကို ဖုံးဆက်ပြီး ငါက နင့်ကိုခင်လို့ ဖုံးဆက်တာ။ နင့်သူငယ်ချင်းက ငါ့ကို ဘာကောင်မ မှတ်လို့လဲ၊ ဘာလဲ နှင့် ဒေါနှင့်မောနှင့် ပြောပြီးသကာလ နောင် ဘယ်သောအခါမှ ကျွန်တော့်ဆီ ဖုံးမဆက်တော့ပါ။ မောင်ဉာဏ်ပိုလေးက သူ့ဟာသူ သဘောကျကာ တဟားဟားရီနေပါသည်။ ထိုအခါမှ ကျွန်ုပ်မှာ ဤဒုက္ခမှ ကင်းလွတ်ရလေ သတည်း။ ကျွန်တော်လည်း ကျေးဇူးတင်လှသဖြင့် မောင်ဉာဏ်ပိုလေးကို ထမင်း လိုက်ကျွေးလိုက်ပါသည်။
ကျွန်တော်နှင့် အလွန်ရင်းနှီးသော ပြောမနာ၊ ဆိုမနာ မိတ်ဆွေတစ်ဦးလည်း ဤကဲ့သို့ပင်ဖြစ်၏။ ကျွန်တော်သူ့ကို တိုးတိုး တစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ၊ ပျော့ပျော့တစ်နည်း။ မာမာတစ်သွယ် နည်းမျိုးစုံဖြင့် ပြောခဲ့ပါသည်။ ဘယ်လိုမှ မရပါ။ တစ်ခါ တစ်ခါ ကျွန်တော်တို့ သူငယ်ချင်းများဆုံရာ သို့မဟုတ် ပွဲလမ်းသဘင်များသို့ပါ ခေါ်ခေါ်လာတတ်ပါသည်။ ကျွန်တော်ကလည်း အားမနာပါ။ လူရှေ့သူရှေ့တွင်ပင် မကြိုက်ကြောင်း။ နောင်ဤကဲ့သို့ခေါ်လာလျှင် ဘယ်လိုလုပ်လိုက်မည်၊ ညာလို လုပ်လိုက် မည် စသဖြင့် ကြိမ်းမောင်း၏။ ကျွန်တော်ဘယ်လိုပင် ကြိမ်းမောင်းစေကာမူ သူကတော့ ကျွန်တော့်စကားကို နည်းနည်းလေးမှ မဖြုံပါ။ ပါးစပ်ကသာ အင်းပါ၊ အင်းပါ နှင့် နောက်တော့လည်း ခေါ်မြဲ ခေါ်လာတာသာ ဖြစ်ပါ၏။ အခြားသူငယ်ချင်းများက ပြောမှမရတာ၊ ပြောမနေပါနဲ့ ကိုအေးငြိမ်းရယ်။ လွှတ်သာထားလိုက်ပါဗျာ ဟု နားချပါသည်။ ကျွန်တော်ကလည်း ထိုပစ္စည်း ကြီးကိုမြင်လျှင် မနေနိုင်။ နည်းနည်းတော့ ပြောလိုက်ရမှ နေသာထိုင်သာ ရှိပါသည်။
ထို့ပြင် မြန်မာတို့စုစည်းရာ ပင်နင်စူလာ ပလာဇာအောက်တွင်လည်း လမ်းဘေးပလက်ဖောင်းများ၊ မြက်ခင်းပြင်များ၊ ကားရပ် သည့်နေရာများ၌ အုပ်စုလိုက်ဝိုင်းဖွဲ့ကာ သောက်စားနေသူများကို စနေ၊ တနင်္ဂနွေနေ့များတွင် မမြင်ချင်မှ အဆုံးဖြစ်ပါသည်။ ကိုယ့်ဟာကိုယ် ကြိုက်လို့သောက်တာ ဘာမှပြောစရာမရှိပါ။ သို့သော် လူမျိုးသိက္ခာတော့ မချပါနှင့်။ မင်းတို့ဗမာတွေကွာ ဟု ပြောလာလျှင် ခံနိုင်ပါမည်လား။ မခံနိုင်လျှင် အပြောလွတ်အောင်နေပါ။ ကိုယ်က သူများတိုင်းပြည်လာနေတာ ဆိုသည်ကို မမေ့သင့်ပါ။ ကိုယ်တစ်ဦးအတွက် လူမျိုးနှင့်ချီ အပြောခံရတာ အလွန်သိက္ခာကျပါသည်။
ပင်နင်စူလာရှိ မြန်မာဆိုင်များပတ်ဝန်းကျင် အမှိုက်ပုံးများ၌ ကွမ်းသွေးများဖြင့် ပေပွနေပါသည်။ အခြားသူများ မဆိုထားပါနှင့်။ မြန်မာအချင်းချင်းပင် မသတီပါ။ အလွန်ရွံစရာ ကောင်းပါသည်။ ဤကိစ္စ အင်တာနက်စာမျက်နှာများ၌လည်း ရေးကြ၊ သားကြ၊ ကန့်ကွက်ရှုတ်ချ၊ လုပ်ကြပါသည်။ သို့သော် ပြောပေမဲ့ မောင်ပြောသာ ဖြစ်ပါသည်။ တိုးပြီး ထူးမလာပါ။ ယခုအခါ ပင်နင်စူလာ ဆိုင်အတော်များများတွင် ကွမ်းယာဆိုင်များ မှိုပေါက်နေပါသည်။ ထိုကွမ်းယာဆိုင်များ၌လည်း ကွမ်းယာဝယ်သူများ အုံခဲနေပါ သည်။ အထက်တွင် ဖော်ပြခဲ့သည့် ကျွန်တော့်အား ဖဦးထုပ်မ လက်ဆောင်ပေးခဲ့သူ မိတ်ဆွေဆိုလျှင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ ကွမ်း၊ ကွမ်းသီး၊ ထုံး၊ ဆေးများ ၀ယ်သွားပါသည်။ တစ်ရက်နှစ်ရက်စာအတွက်မူ ယာပြီးသား ကွမ်းယာများကို အိတ်ကြီးနှင့် ထည့်သွား၏။
ကျွန်တော်၏ ပြောမနာဆိုမနာ မိတ်ဆွေတစ်ဦးဖြစ်သူ ကိုသောင်းတန်မှာလည်း ဤအစားထဲမှ ဖြစ်၏။ ဘယ်နားလေး သွားလိုက် သွားလိုက်။ ကွမ်းယာအရင်ဝယ်ရသည်။ ဘာလုပ်ကြမယ်ဟေ့ ဆိုသည်နှင့် ကွမ်းယာက ထိပ်ဆုံးက ဖြစ်၏။ ကြိုက် ပင် မကြိုက်လှသော်လည်း ကျွန်တော့်မှာ အောင့်အည်းကာ သည်းခံနေရသည်။
အခု အသက်ကလေးရလာတော့ အေးလေ၊ သူတို့ခမျာလည်း၊ မွန်းကြပ်လှတဲ့ ဘ၀ကြီးထဲ ဒီလို အပျော်လေးဘာလေးလည်း ရှာဦးမှပေါ့၊ နေကြပါစေ ဟု ခွင့်လွှတ်တတ်လာသည်။ လွန်ခဲ့သော ဆယ်နှစ်ကနှင့် မတူတော့။ အမြင်များ ပြောင်းလာကာ သဘောထားလည်း ပျော့ပြောင်းလာပါသည်။ အသက်က စကားပြောလာခြင်းဖြစ်၏။ ဒါတောင် တစ်ခါတစ်ခါ အမြင်မတော်တာ များတွေ့လျှင် ဘုတောချင်သည့် စိတ်ကတော့ ရှိမြဲဖြစ်ပါသည်။ လူ့စရိုက်ဆိုတာ ဖျောက်ရခက်သားကလား။
၂၀၀၄ ခုနှစ် ဧပြီလတွင် မြန်မာပြည်မှ ကျွန်တော့် မိတ်ဆွေများဖြစ်သူ ပန်းချီဆရာ ကိုတင်မောင်ဦး (မန္တလေး) နှင့် ကိုအောင်ထွန်းလင်း တို့ လာပါသည်။ စင်ကာပူ ပန်းချီအဖွဲ့တစ်ခုမှ စပွန်စာပေးကာ ဖိတ်ကြားသဖြင့် ရောက်လာခြင်း ဖြစ်၏။ သူတို့ကောင်းမှုကြောင့် ကျွန်တော် ပန်းချီပြပွဲတော်တော်များများ၊ စတူဒီယိုများ၊ gallery များ၊ ပန်းချီကျောင်းများသို့ ရောက်ဖြစ်ပါသည်။ ထို့ပြင် performance show များသို့လည်း သွားဖြစ်၏။ ကျွန်တော်လည်း ယခင်က ပန်းချီလေးဘာလေး ဆွဲကာ ပန်းချီဆို အလွန်ဝါသနာပါလေရကား သူတို့သွားလေရာသို့ လိုက်ဖြစ်လေ၏။
ပြပွဲတော်တော်များများ၌ ၀ိုင်အဖြူနှင့် အနီများကို ဖန်ခွက်များနှင့်ထည့်ပြီး စားပွဲများပေါ် တင်ထားပေးသည်။ စိတ်ကြိုက်ယူ သောက်နိုင်၏။ ကျွန်တော့်မှာ ၀ိုင်ကို ကြိုက်ပင်ကြိုက်သော်လည်း ထိန်းထိန်းသိမ်းသိမ်းသာ သောက်ပါသည်။ ကျွန်တော့် မိတ်ဆွေမှာမူ အလကားရ၊ ရေတောင် သေအောင်သောက်မကွ ဆိုသောထုံးကို နှလုံးမူကာ ကျွဲသောက်၊ နွားသောက်၊ သောက်သတည်း။ နောက်ဆက်တွဲအနေနှင့် ပြပွဲမှ အပြန်တွင် လမ်းပင်မလျှောက်နိုင်။ သို့သော် သူက သူ့ကို မူးနေသည်ဟု ပြောသည်ကို မကြိုက်။ သူ့ကိုသွားတွဲလျှင် သိက္ခာကျသည်ဆိုကာ အတွဲမခံ။ တက္ကစီပေါ်တက်ရာ၌ပင် အလဲလဲ အပြိုပြို။
ပြဿနာမှာ ထမင်းစားသောအခါတွင် ဖြစ်၏။ ပြပွဲမှာ ဖဲရာပါ့ခ် တွင်ဖြစ်ရာ ကျွန်တော်က သူတို့အား စားစေလို၍ မူစတာဖာ အနီးရှိ ကုလားထမင်းဆိုင်များတွင် ထောပတ်ထမင်းလိုက်ကျွေးသည်။ မူးနေသူများကို ထမင်းဆိုင်ခေါ်သွားမိခြင်းကား ကျွန်တော့်အမှားဖြစ်၏။
မိတ်ဆွေ ပန်းချီဆရာမှာ ကျွန်တော် ထမင်းမှာပေးသည်ကို လက်မခံ။ သူ့ဟာသူ သွားမှာသည်။ အရက်ကမူးနေရသည့် ကြားထဲ အင်္ဂလိပ်လိုကလည်း ကောင်းကောင်းမပြောတတ်။ စကားကလည်း မပီတော့။ ဆိုင်ရှင်ကုလားက စိတ်တိုလာသည်။ ကျွန်တော်က တောင်းတောင်းပန်ပန်နှင့် ကြက်သားဒန်ပေါက်တစ်ပွဲမှာပေးသည်။ ဒါတောင် ကိုယ်တော်က သူ့ဟာသူယူမည် ဆိုကာ ထမင်းပန်းကန်ကို မ လာသည်။ ထမင်းနှင့် ဟင်းများမှာ အဖိတ်အစဉ်စဉ်။ ဘေးမှစားသောက်နေသူများက တစေ့ တစောင်းကြည့်နေကြသည်။ ဘယ်က ဗရုတ်သုတ်ခကောင်တွေလဲ ဆိုသည့်မျက်လုံးများနှင့်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ရှက်ပင် ရှက်လှသော်လည်း ကျွန်တော့်မှာ ဘာမှမတတ်နိုင်။ ပန်းချီဆရာမှာ ထမင်းကို သေသေချာချာ မစားနိုင်။ ခက်ရင်းနှင့် ဟို ချော်ထိုးလိုက်။ သည်ချော်ထိုးလိုက်။
ခဏနေတော့ ကုလား သုံးလေးယောက် အနားကပ်လာသည်။ မင်းတို့ ကိုယ့်ဟာကိုယ် ကောင်းကောင်းပြန်မလား။ ငါတို့ ဆွဲထုတ်ရမလား ဟု ဆိုလာ၏။ ကျွန်တော်လည်း တစ်ခါတော့ သောက်ရှက်တော့ကွဲတော့မှာပဲ ဟု ကဲ၊ ကိုအောင်ထွန်းလင်း ရေ့။ တက္ကစီသွားခေါ်ထားချေ။ ကိုယ် ဒီပုဂ္ဂိုလ်ကို မရရအောင် ခေါ်ခဲ့မယ်ဟု ဆိုကာ သူ့ကို သိုင်းဖက်လျှက် အတင်းခေါ်လာ ခဲ့ရလေ၏။ နောင်တွင် သူတို့ပြန်သွားချိန်ထိ သူတို့ကို ထမင်းဆိုင်ခေါ်မသွားဖြစ်တော့ပါ။
တစ်ခါလည်း ပန်းချီဆွဲချင်သည်ဆိုကာ ဂေလမ်းမှ ဈေးပေါသောဟော်တယ်တစ်ခုတွင် အခန်းငှားလျှက် ထိုအနီးမှ အမျိုးသမီး တစ်ယောက်ကို ပိုက်ဆံပေးငှားပြီး ၀တ်လစ်စလစ်ပုံ ဆွဲမည်ကြံရာ ဟော်တယ်ပိုင်ရှင်က အတင်းရဲခေါ်မည် လုပ်သဖြင့် မဟားတရားထွက်ပြေးခဲ့ရဖူးလေသည်။ ကျွန်တော်နေသော Kallang Way မှာ ဂေလမ်းနှင့် မဝေးလှရကား ညကြီးသန်းခေါင် ကျွန်ုပ်မှာ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ခဲ့ရသေး၏။
ကျွန်ုပ်ထက် အတွေ့အကြုံများသူများပင် ကျွန်ုပ်လောက် ထူးထူးဆန်းဆန်း အတွေ့အကြုံ များလိမ့်မည်မထင်။ နောင်တွင် ဒုက္ခရောက်နေသူများကို သနားစိတ်ဖြင့် ကူညီခဲ့ရာမှ ချောက်ကျခဲ့ရပုံ၊ ကံကောင်း၍သာ ဒုက္ခမရောက်ခဲ့ရပုံများကို ဖော်ပြပါဦး မည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၆-၀၃-၂၀၁၂၊ ည ၁၁း၅၆ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027