Saturday, March 10, 2012

စက်မှုလယ်ယာ ထူထောင်ရေး

 

နိဒါန်း



ယခုအခါ တိုးတက်ပြောင်းလဲလာသော မြန်မာနိုင်ငံ၏ အခြေအနေများနှင့် လိုက်လျောညီထွေစွာ ပြုပြင် ပြောင်းလဲရေးများ လုပ်ကြရန် အဖက်ဖက်မှ ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေမှုများကို တွေ့မြင်လာရပါသည်။ ထို့အတူ ကဏ္ဍအသီးသီးအတွက် အကြံပြုဆောင်းပါးများကိုလည်း ဂျာနယ်များတွင် ဖတ်ရသည်မှာ အားရစရာကောင်းလှပါ၏။

ဤအထဲတွင် မဖြစ်မနေပါရမည့် ကဏ္ဍမှာ စိုက်ပျိုးရေးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးရေးမှာ မြန်မာပြည်သား လူအများစု၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်နေသောကြောင့်တည်း။

မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၆၀ ခန့်အနက် ၇၅ ရာခိုင်နှုံးမှာ တောလက်ကျေးရွာများတွင် နေထိုင်ကြသည်။ အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မြန်မာတစ်နိုင်ငံလုံး လုပ်သားအင်အားစုစုပေါင်း၏ ၆၃ ရာခိုင်နှုံးမှာ စိုက်ပျိုးရေး လုပ်သားများဖြစ်သည်။ တစ်နိုင်ငံလုံး ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၃၆ ရာခိုင်နှုံးမှာ စိုက်ပျိုးရေး ကဏ္ဍမှ ဖြစ်ပြီး နိုင်ငံခြားပို့ကုန် ၃၅ ရာခိုင်နှုံးမှာ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည်ဟု သိရပါသည်။

၂၀၀၀ - ၂၀၀၁ ခုနှစ် မြန်မာနိုင်ငံ၏ စုစုပေါင်း စိုက်ဧက ၃၉.၁ သန်း အနက် အသားတင် စိုက်ပျိုးမြေဧရိယာမှာ ဧကပေါင်း ၂၃.၉ သန်း ရှိသည်။ ထိုမြေဧရိယာများအနက် စပါးစိုက်ဧရိယာမှာ ဧကပေါင်း ၁၅.၉၄ သန်း ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးမြေများ၊ လူအင်အားများ၊ လုပ်နိုင်ကိုင်နိုင်သော အင်အားများစွာရှိသည့်နိုင်ငံ တစ်နိုင်ငံ အနေနှင့် နိုင်ငံခြားသို့တင်ပို့နိုင်သည့် စိုက်ပျိုး၊ မွေးမြူရေးထွက်ကုန်များကို သည့်ထက်မက ပိုမိုတင်ပို့နိုင်ခြေ ရှိပါသည်။ လုပ်လို့လည်း ရပါသည်။

အရေးကြီးသည်မှာ ခိုင်မာသော ဈေးကွက်တစ်ခု ဖြစ်ပါသည်။ စိုက်ပျိုး၍ရသော သီးနှံများ ဈေးကောင်းမရ၊ တွက်ခြေမကိုက်လျှင် သီးနှံအထွက်တိုးရေးကိစ္စ မည်သည့်တောင်သူမှ စိတ်ဝင်စားမည်မဟုတ်ပါ။ ထို့အတူ လယ်ယာ လုပ်ငန်းကိုလည်း မည်သူမျှ ဖိဖိစီးစီး လုပ်မည်မဟုတ်ပါ။ လယ်ယာလုပ်ငန်းမှ မိသားစု စားဝတ်နေရေးကို အာမခံ ပေးနိုင်သော သို့မဟုတ် မက်လောက်သော ၀င်ငွေသာမရပါက လယ်လုပ်နိုင်သော အရွယ်ကောင်း လုပ်သားများမှာ အခြားဝင်ငွေ ကောင်းသော လုပ်ငန်းများကို ပြောင်းလုပ်ကြမည်သာ ဖြစ်ပါသည်။ ယခုပင်လျှင် တောရွာများကိုစွန့်ခွာကာ မြို့ပြများ တက်၍သော်လည်းကောင်း၊ နိုင်ငံရပ်ခြား တိုင်းပြည်များသို့ သွား၍သော် လည်းကောင်း အလုပ်လုပ်နေသော လူရွယ်အင်အားမှာ မနည်းလှပါ။

ထို့ကြောင့် စိုက်ပျိုးရေးထွက်ကုန် တိုးစေရန်မှာ ဈေးကွက်သည် ပထမဖြစ်ပြီး အခြား မျိုးစေ့၊ နည်းပညာ၊ သွင်းအားစု စသည်တို့မှာ ဒုတိယဖြစ်ပါသည်။ တောင်သူတို့အတွက် စိတ်ချရသော ဈေးကွက်တစ်ခု ဖန်တီးပေးလျှင် စိုက်ပျိုးရေးတွင် အထွက်တိုးစေရေးကို သော်လည်းကောင်း၊ စိုက်ပျိုးမြေများတိုးချဲ့ရေးကို သော်လည်းကောင်း၊ အခြား စီးပွားရေးလုပ်ငန်းများ စိတ်မ၀င်စားဘဲ စိုက်ပျိုးရေးကိုသာ ဖိဖိစီးစီးလုပ်ကြရေးကိုသော်လည်းကောင်း မည်သူမှ ဆော်သြနေစရာ၊ စည်းရုံးနေစရာ လိုမည်မဟုတ်ပါ။ စိုက်ပျိုးရေးကို သူလုပ်ချင်၊ ငါလုပ်ချင် ဖြစ်လာမည်မှာ မြေကြီး လက်ခတ်မလွဲပါ။



            ကျွန်တော်ယခုပြောလိုသည်မှာ ဈေးကွက်ကိစ္စမဟုတ်ပါ။ လယ်သမားများအတွက် ခိုင်မာသော ဈေးကွက် တစ်ခု တည်ဆောက်ပေးပြီးနောက် လယ်ယာလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် သီးနှံအထွက်တိုးရန် အကောင်အထည် ဖော်ပေးရမည့် စက်မှုလယ်ယာကိစ္စ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်၊ အစိတ်လောက် ကတည်းက စလုပ်ခဲ့ သော်လည်း နာမည်ခံသာရှိပြီး ယခုထိ အောင်မြင်အောင် မလုပ်နိုင်သေးသော လုပ်ငန်းတစ်ခုကို ပြပါဟုဆိုလျှင် စက်မှုလယ်ယာကို လက်ညှိုးထိုးပြရပါလိမ့်မည်။

            မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကပင် စက်မှုလယ်ယာဦးစီးဌာန ကို ထူထောင်ကာ မြန်မာနိုင်ငံအနှံ့ စက်မှုလယ်ယာစခန်းများ ဖွင့်လှစ်လုပ်ဆောင်ခဲ့ပါသည်။ ဆင်တဲ၌ နိုင်ငံပိုင် ထွန်စက်ထုတ်လုပ်သော စက်ရုံရှိပြီး ယခင်က ဇွဲ လယ်ထွန်စက်များကို ထုတ်လုပ်ခဲ့ပါသည်။ လယ်သမားများအားလည်း လက်တွန်းလယ်ထွန်စက်များကို ရောင်းချပေးခဲ့ ပါသည်။ သို့သော် စက်မှုလယ်ယာစနစ် မအောင်မြင်ခဲ့ပါ။ အစိုးရစိုက်ခင်း အနည်းငယ်တွင် မဖြစ်စလောက်သာ ထွန်ယက် ခဲ့ပြီး လက်တွေ့အသုံးချမည့် တောင်သူများထံ မရောက်ခဲ့ပါ။



            သို့အတွက် ယခုချိန်ထိ တောင်သူလယ်သမားအများစုသည် လယ်ယာလုပ်ငန်းတွင် လူနှင့် ကျွဲနွားအင်အားကို သာ အဓိကထား သုံးစွဲနေရသေးသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ လယ်ယာလုပ်ငန်းတွင် ကျွဲနွားများအစား စက်ကိရိယာများကို သုံးစွဲနေလေပြီ။ လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများကို သုံးစွဲနိုင်လျှင် သီးနှံအထွက်တိုးလာမည် ဆိုသည်ကို သံသယရှိစရာမလိုပါ။ ထိုအခါတွင် နိုင်ငံခြားသို့ပို့သည့် စိုက်ပျိုးထွက်ကုန်လည်း အမှန်ပင် တိုးတက်လာရ ပေမည်။

အခွင့်သာပါက လယ်သမားများအနေနှင့် မိုးစပါးပြီးလျှင် နွေစပါးကို ဆက်စိုက်မည်။ သို့မဟုတ်ပါကလည်း မတ်ပဲ စသော သီးနှံတစ်မျိုးမျိုးကို လယ်ထဲတွင် စိုက်လိုမည်သာဖြစ်သည်။ ဤကဲ့သို့စိုက်ရာတွင် နောက်သီးနှံအတွက် အစိုဓါတ် အရေးကြီးသည်။ ထိုအခါတွင် ရိတ်သိမ်းပြီးသားစပါးများကို ချွေလှေ့ခြင်း၊ တလင်းထဲသို့ပို့ခြင်း စသည်မပြုနိုင်သေးဘဲ ရိတ်ပြီးစလယ်ကို ထယ်ထိုးရသည်။ နောက်သီးနှံအတွက် လုံးပမ်းနေရသဖြင့် လယ်ကန်သင်းများပေါ်တွင် ပုံထားသော ကောက်လှိုင်းပုံများမှာ လိုသည်ထက် ပိုခြောက်ကုန်သည်။ ထို့ကြောင့် ကောက်လှိုင်းပုံမှ တလင်းသို့သယ်သည့်အခါတွင် အလေအလွင့်များလှသည်။ သည်ကြားထဲ အချိန်အခါမဟုတ် မိုးရွာလိုက်ပါက ကြွေသည်ကတစ်မျိုး၊ မိုးကြောင့် အစို့ပေါက် ကုန်သည်က တစ်မျိုးတို့ ဖြင့် ကောက်လှိုင်းရှိစပါးမှာ တစ်ဝက်ပင် မတင်တော့ပါ။

            အကယ်၍သာ လယ်သမားသည် စပါးကို ရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) ဖြင့် ရိတ်သိမ်းနိုင်ခဲ့ ပါက ရိတ်သည်နှင့် တပြိုင်နက် အိတ်သွတ်ပြီးသားစပါးကိုရသဖြင့် အထက်ဖော်ပြပါ အလေအလွင့်များကို များစွာလျှော့ချ နိုင်ပေလိမ့်မည်။ စက်ဖြင့်ရိတ်သောကြောင့်လည်း နောက်သီးနှံအတွက် အစိုဓါတ်မမီမှာ မပူရတော့ပါ။

            ယခုမူ မြန်မာနိုင်ငံအနှံ့အပြားတွင် လယ်ယာလုပ်ငန်းများ၌ စက်ကိရိယာများ သုံးစွဲလာသည်ကို ဒေသအနှံ့အပြား တွင်တွေ့လာရပါသည်။ စက်များသုံးခြင်းဖြင့် လယ်ယာလုပ်ငန်းများ မည်မျှတွင်ကျယ်လာသည်၊ လယ်သမားများအနေနှင့် ထိုစက်များ သုံးစွဲနေရသည်မှာ အဆင်ပြေမပြေ၊ မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်နေရပါသနည်း စသည်တို့ကို စနစ်တကျ ကွင်းဆင်းလေ့လာသင့်ပါသည်။



မြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်းတွင် စက်ကိရိယာများ သုံးစွဲမှုအခြေအနေ



            မြန်မာနိုင်ငံတွင် နွေစပါးကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာသည့် ၁၉၉၂ - ၁၉၉၃ ခုနှစ်များတွင် စိုက်ပျိုးရေးလုပ်ငန်း ၌ စက်ကိရိယာများကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့သည်။ လယ်ယာသုံးစက်ကိရိယာများ တင်သွင်းမှုတွင် အစိုးရက အခွန်ကင်းလွတ်ခွင့် ပြုလိုက်ခြင်းသည်လည်း လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် အခွင့်အလမ်း တစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံခြားမှ တင်သွင်းခြင်းသာမက အစိုးရစက်ရုံများ နှင့် ပုဂ္ဂလိကစက်ရုံများမှလည်း မြန်မာ့ စက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဦးဆောင်မှုအောက်တွင် ပြည်တွင်း၌ လယ်ယာသုံးစက်ကိရိယာများကို ထုတ်လုပ် ခဲ့ကြသည်။

            စက်မှုလယ်ယာမှ ထုတ်ပြန်သောကိန်းဂဏန်းများအရ လယ်သမားများသို့ ရောင်းချပေးသော လယ်ယာသုံး စက်ကိရိယာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



လက်တွန်းထွန်စက်၊ ရေတင်စက်နှင့် အခြားလယ်ယာသုံးကိရိယာများ ရောင်းချမှု အခြေအနေ

           


ဘဏ္ဍာရေးနှစ်

ထွန်စက်

လက်တွန်းထွန်စက်

ရေတင်စက်

ခြွေလှေ့စက်

၁၉၉၁-၁၉၉၂

၂၃၈

၁၁၇

၁၃၀၅

၅၈

၁၉၉၂-၁၉၉၃

၂၄၆

၁၅၃

၂၉၃၆

၁၄၂၆

၁၉၉၃-၁၉၉၄

၁၅၇၃

၁၉၇၇

၂၇၉၇

၁၄၆၁

၁၉၉၄-၁၉၉၅

၁၃၈၁

၇၁၈၆

၅၈၂၁

၄၇၂

၁၉၉၅-၁၉၉၆

၁၄၄

၂၄၃၁

၂၃၃၇

၂၇၁

၁၉၉၆-၁၉၉၇

၃၈၅

၄၉၅၂

၃၇၇၃

၅၈၃

၁၉၉၇-၁၉၉၈

၅၈၅

၄၄၈၁

၁၇၆၄

၂၆၈

၁၉၉၈-၁၉၉၉

၇၁၆

၁၆၇၈

၁၃၄၀

၄၉၅

၁၉၉၉-၂၀၀၀

၈၁၅

၄၇၀၀

၂၂၀၀

၄၅၅

Ref: Proceeding of the National Seminar on the System of Food and Agriculture Statistics in Myanmar, Jan 2000



            မြေယာပြုပြင်ခြင်းလုပ်ငန်းတွင် ထွန်စက်များအသုံးပြုမှု သိသာထင်ရှားစွာ တိုးတက်လာပြီဆိုနိုင်သော်လည်း ထွန်စက်များဖြင့် ထွန်ယက်နှိုင်မှု နှုံးထားမှာ နည်းပါးလျှက်ပင်ရှိပါသေးသည်။ လယ်ယာလုပ်ငန်းတွင် ထွန်စက်များကို ထိထိရောက်ရောက် အသုံးပြုစေနိုင်ရန် စက်မောင်းဆီ အလုံအလောက် ထောက်ပံ့ပေးခြင်း၊ ထွန်စက်အပိုပစ္စည်းများ အလွယ်တကူရနိုင်ခြင်း၊ ပြုပြင်ထိန်းသိမ်းရေးတွင် ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်ခြင်းတို့ အရေးတကြီးလိုအပ်လျှက် ရှိသည်။

            အောက်ပါဇယားက ထွန်စက်နှင့်လက်တွန်းထွန်စက်တို့ဖြင့် ထွန်ယက်နိုင်မှု အခြေအနေကို ဖော်ပြထားပါသည်။




ထွန်စက်



ပိုင်ဆိုင်သူ

၁၉၉၇ - ၁၉၉၈

၁၉၉၈ - ၁၉၉၉

၁၉၉၉ - ၂၀၀၀



အရေအတွက်

စုစုပေါင်း

၈၀၄၇

၈၄၆၅

၈၆၅၆





စက်မှုလယ်ယာ

၃၄၅၀

၃၃၆၆

၃၁၈၈





တောင်သူ

၄၅၉၇

၅၀၉၉

၅၄၆၈



ထွန်ယက်နိုင်မှု

စုစုပေါင်း

၄၅၀၇

၅၆၀၆

၅၂၁၃



(ဧက x ၁၀၀၀)

စက်မှုလယ်ယာ

၂၄၈၃

၃၂၃၄

၂၅၇၇





တောင်သူ

၂၀၂၃

၂၃၇၂

၂၆၃၆



ထွန်စက်တစ်စီး

စုစုပေါင်း

၅၆၀

၆၆၂

၆၀၂



ပျမ်းမျှထွန်နိုင်မှု

စက်မှုလယ်ယာ

၇၁၉

၉၆၁

၈၀၈





တောင်သူ

၄၃၉

၄၆၄

၄၈၁

လက်တွန်း

အရေအတွက်

တောင်သူ

၂၆၁၃၀

၃၁၅၂၅

၃၉၈၇၆

ထွန်စက်

ထွန်နိုင်မှု(ဧကx၁၀၀၀)

တောင်သူ

၂၆၁၄

၃၃၆၅

၄၄၂၅



ပျမ်းမျှထွန်နိုင်မှု

တောင်သူ

၁၀၁

၁၀၆

၁၁၁



ရည်ညွှန်း။ Proceeding of the National Seminar on the System of Food and Agriculture Statistics in Myanmar, Jan 2000 



            မြန်မာနိုင်ငံရှိလယ်သမားများ အနေနှင့် လယ်ယာလုပ်ငန်းတွင် ကျွဲနွားများကို လက်မလွှတ်နိုင်သေးချေ။ ထွန်ယက် စိုက်ပျိုးရာတွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ရေးတွင် လည်းကောင်း သုံးနေရသေးသည်။ ထို့ပြင် ကျွဲနွားများမှရသော ကျွဲ / နွားချေးသည်လည်း လယ်ယာလုပ်ငန်းအတွက် အလွန်ကောင်းသော မြေသြဇာဖြစ်၏။ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ကျွဲနွားအရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 




ဘဏ္ဍာရေးနှစ်

ကျွဲနွားကောင်ရေ

ထယ်

ထွန်

လှည်း

၁၉၉၅-၁၉၉၆

၆၈၀၈၀၀၀

၂၇၅၈၀၀၀

၂၈၃၄၀၀၀

၁၆၇၄၀၀၀

၁၉၉၆-၁၉၉၇

၆၉၂၂၀၀၀

၂၇၇၄၀၀၀

၂၈၄၁၀၀၀

၁၆၈၄၀၀၀

၁၉၉၇-၁၉၉၈

၆၉၈၆၀၀၀

၂၇၈၀၀၀၀

၂၈၅၀၀၀၀

၁၆၈၉၀၀၀

၁၉၉၈-၁၉၉၉

၇၂၅၈၀၀၀

၂၈၀၁၀၀၀

၂၉၀၄၀၀၀

၁၇၂၀၀၀၀

၁၉၉၉-၂၀၀၀

၇၆၁၅၀၀၀

၂၇၉၅၀၀၀

၃၀၉၂၀၀၀

၁၆၉၆၀၀၀



            အထက်ပါစာရင်းဇယားများကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံ၌ လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ အသုံးပြုမှု အခြေအနေမှာ အလွန်နည်းပါးသေးသည်ကို တွေ့နိုင်ပါသည်။ ထွန်စက်ကြီးကို မဆိုထားဘိ။ လက်တွန်းထွန်စက်သော်မှ ဧက ၆၀၀ လျှင် တစ်စီးမျှသာ ရှိသေးသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် ဤသည်မှာလည်း အရေအတွက်သာဖြစ်ပြီး လက်တွေ့တွင် လက်တွန်းထွန်စက်အရေအတွက် မည်မျှသာ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် အလုပ်လုပ်နိုင် သည်ကို မသိနိုင်ပါ။



စက်မှုလယ်ယာထူထောင်ရေး အဘယ်ကြောင့် မအောင်မြင်သနည်း



            ကျွန်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ တာဝန်ထမ်းဆောင်ခဲ့စဉ် ၁၉၉၅ ခုနှစ်က အခြားဆရာဆရာမများနှင့် အတူ တက္ကသိုလ်ပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူများထံသွားရောက်ကာ သင်တန်းများ ပို့ချခဲ့ဖူးပါသည်။ ကျွန်တော်က အင်ဂျင်နီယာဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းတွင်သုံးသော လက်တွန်းထွန်စက်အကြောင်း လက်ကမ်း စာစောင်များလည်း ဝေပေး၊ ဗီဒီယိုလည်းပြကာ သေသေချာချာ ရှင်းလင်းပြသပါသည်။

            သင်တန်းပြီးသောအခါ သင်တန်းလာတက်သူ တောင်သူများက ကျွန်တော့်ထံလာကာ သူတို့မှာ လက်တွန်း ထွန်စက်များပင်ရှိသော်လည်း ထိုစက်များအကြောင်း ဘာမှမသိဘဲ ရမ်းသုံးနေရကြောင်း၊ ယခုကဲ့သို့ သင်ပြပေးမည့်သူ လည်း မရှိကြောင်း၊ ထို့ကြောင့် ပျက်ချိန်မတိုင်ပဲပျက်ရ၊ မပျက်သင့်ဘဲ ပျက်ရကြောင်း၊ စက်ပျက်သည့်အခါတွင်လည်း မိမိတို့ဘာမှမတတ်သည့်အတွက် စက်ပြင်ဆရာ ခေါ်ရကြောင်း၊ စက်ပြင်ဆရာဆိုသည်မှာလည်း ရွာအနီးပတ်ဝန်းကျင်တွင် မရှိသည့်အတွက် ပျဉ်းမနားမှ စက်ဆရာများကို သွားခေါ်ရကြောင်း၊ သူတို့မှာလည်း သူတို့ အလုပ်နှင့် သူတို့ဆိုတော့ တောရွာများသို့ မလိုက်ချင်ကြောင်း၊ လိုက်၍ စက်ပြင်ပေးသည့်တိုင် မတန်တဆ တောင်းတတ်ကြောင်း၊ ထို့ကြောင့် သူတို့မှာ စက်ပျက်ပြီဆိုလျှင် အလွန်ဒုက္ခရောက်ရကြောင်း၊ စိတ်လည်း အလွန်ညစ်ရကြောင်း။ ထို ဒုက္ခများကို မခံနိုင်သူ တို့ကတော့ စက်ကြီးကို အလုံးလိုက် သည်အတိုင်း ချောင်ထိုးထားလိုက်ရကြောင်း စသည်များ ပြောပြကြပါသည်။

            ၂၀၁၀ ခုနှစ်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ နင်းကြမ်းကျေးရွာသို့ ကျွန်တော်ရောက်ခဲ့စဉ် တည်းခိုသည့် ဦးမြသောင်းတို့အိမ်၌ အိမ်ပေါ်တွင်တစ်လုံး၊ အိမ်အောက်တွင်တစ်လုံး မီးစက်နှစ်လုံးဖြစ်နေတာ တွေ့ရ၏။ အိမ်အောက်မှ မီးစက်အနီးတွင် လက်တွန်းထွန်စက်တစ်လုံးရပ်ထားသည်။ သိလိုသဖြင့် ကျွန်တော်စပ်စုသောအခါ အိမ်ရှင် ဦးမြသောင်း က အောက်ပါအတိုင်းရှင်းပြပါသည်။

            အပြောကောင်းလှသောကြောင့် လက်တွန်းထွန်စက်တစ်လုံးကို ထွန်ယက်ကိရိယာများနှင့်တကွ သူတို့ဝယ်လိုက် သည်။ ဆိုင်မှာတုံးက ရွှန်းရွှန်းဝေအောင်ပြောပြ၊ သေသေချာချာလည်း ရှင်းပြလိုက်ကြသော်လည်း လက်တွေ့ ထွန်ယက် သောအခါ ပြဿနာတက်သည်။ ထွန်က ဘယ်လိုမှ ထွန်လို့မရ။ မြေအစူးကို မည်မျှပင် ကြိုးစားချိန်သော်လည်း အဆင် မပြေ။ ထိုအခါ ရောင်းလိုက်သောဆိုင်မှ အင်ဂျင်နီယာဆိုသူများလာကာ သူတို့ဟာသူတို့ ချိန်သည်၊ ညှိသည်၊ စမ်းမောင်း ကြသည်။ ဘယ်လိုမှ အဆင်မပြေ။ နောက်ဆုံးတော့ ဤထယ်တွဲကြီးကို ပြန်ယူသွားကာ ထိုထယ်တွဲအစား မီးစက်ကို အစားပြန်ပေးသည် ဆို၏။ ထွန်စက်ကြီးမှာ သည်အတိုင်း သောင်တင်ကျန်ခဲ့သည်။ မီးစက်က နဂိုကတည်းက အိမ်မှာ တစ်လုံးရှိပြီးသားမို့ နောက်ထပ်ရလာသော တစ်လုံးမှာ ဘယ်လိုမှအသုံးမတည့်ဘဲ အိမ်အောက်တွင် သည်အတိုင်း ထားရ သည်။ လက်တွန်းထွန်စက်မှာလည်း လောလောဆယ်တော့ ဘာမှအသုံးချလို့မရသဖြင့် သည်အတိုင်း ထိုးထားရသည်။

            ရန်ကုန်နှင့် မလှမ်းမကမ်းရွာတစ်ရွာသို့ ကျွန်တော့်ဆရာတစ်ဦးနှင့် အလည်ရောက်စဉ်ကလည်း ရွာတွင် စပါးချွေစက်တစ်လုံးတွေ့သဖြင့် အခြေအနေ ကို စုံစမ်းကြည့်သည်။ ခြွေစက်မှာ စက်ကို တင်မောင်းလိုက်လျှင် ကောက်နှံများပြတ်ပါလာသည်။ လျှော့လိုက်လျှင် စပါးအားလုံး ကုန်အောင်မခြွေနိုင်။ သည့်တော့ စက်ကိုလျှော့မောင်းကာ ကျန်သည့်ကောက်ရိုးများကို နွားနှင့်ပြန်နယ်ရသည် ဆို၏။ သူတို့ဟာက ကောက်ရိုးမလောက်၊ မြက်မလောက်သည့် အဖြစ်။ သို့သော်လည်း စက်ကြီး ၀ယ်ထားမိမှတော့ သည်အတိုင်းလည်း ပစ်မထားချင်သည်နှင့် အဆင်ပင်မပြေသော် လည်း သည်အတိုင်း ဆက်သုံးနေရသည်။

            ဤသည်မှာ ကျွန်တော် ခရီးသွားဟန်လွှဲ တွေ့ခဲ့ရသော လယ်သမားများ၏ လယ်ယာသုံးစက်များနှင့် နပန်းလုံးနေ ရသော ဒုက္ခများထဲမှ တချို့ဖြစ်ပါသည်။ ဤဒုက္ခများကို အရေးတယူဆောင်ရွက်ပေးသူ ရှိပါသလား။ ဦးမြသောင်းတို့ကဲ့သို့ သုံးမရသော စက်ကြီးကို အသုံးမတည့်သော မီးစက်နှင့်လဲပေးခြင်းမှာ တရားပါသလား။ ဤစက်ဝယ်ခြင်းအတွက် ရင်းလိုက်ရသော ငွေများမှာ မည်သည့်နေရာတွင်မှ မသုံးလိုက်ရဘဲ သည်အတိုင်း အိပ်မသွားပါလား။

အစိုးရက တောင်သူများကို အရစ်ကျ စပါးပေးစနစ်ဖြင့် လက်တွန်းထွန်စက်များ ရောင်းပေးခဲ့ဖူးပါသည်။ သို့သော် ဤစက်များ တကယ်အသုံးတည့်မတည့် ကွင်းဆင်းလေ့လာဖူးပါသလား။ စက်များကို ကြံ့ခိုင်ရေးလုပ်သည့် ကိစ္စ၊ ပျက်လျှင် ပြင်သည့် ကိစ္စများကိုရော ထည့်တွက်မိပါသလား။ ဦးမြသောင်းတို့ကဲ့သို့ စက်ဝယ်သွားပြီး အလုံးလိုက် ချောင်ထိုး ထားရ သော တောင်သူ မည်မျှရှိသနည်း။ တကယ်ထွန်ယက်နေသော စက်များမှာလည်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်ရဲ့ လား။ မတတ်သာလို့ ဖြစ်သလို သုံးနေရတာလား။ 

            လယ်သမားဆိုတာ လယ်ပဲစိုက်တတ်မည်။ သည်စက်ကိရိယာများအကြောင်း နားလည်မည်မဟုတ် ဆိုသည်ကို ကြိုတင်မတွက်ဆပဲ သည်အတိုင်းစက်ကြီး ထိုးရောင်းပေးလိုက်ကာ မည်သည့်ကျေးရွာတွင် ထွန်စက်ဘယ်နှလုံးရှိသည်။ စပါးခြွေစက် ဘယ်နှလုံးရှိနေသည်ဟု လူကြားကောင်းရုံ စက်မှုစံပြကျေးရွာများ ထူထောင်ပြနေရုံ၊ ပုတ်ကြီးလောက် ဆိုင်းဘုတ်ရေးပြနေရုံမျှနှင့်တော့ မည်သည့်အခါမှ တကယ်အသုံးကျသော စက်မှုလယ်ယာဖြစ်လာမည် မဟုတ်ပါ။



စက်မှုလယ်ယာထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်များ



            စက်မှုလယ်ယာအဖြစ် ဖော်ဆောင်ရာတွင် အဓိကလိုအပ်ချက်မှာ နည်းပညာပံ့ပိုးမှု ဖြစ်ပါသည်။ ငွေအင်အား သုံးပြီး စက်ကိရိယာများမည်မျှပင် ထည့်သွင်းစေကာမူ ထိုစက်ကိရိယာများကို ထိထိရောက်ရောက် အသုံးမချနိုင်ပါက အောင်မြင်ဖြစ်ထွန်းမည် မဟုတ်ပါ။ လယ်သမားဟူသည် စိုက်ပျိုးရေးအကြောင်းသာ သိမည်။ စက်များနှင့် ယဉ်ပါးလိမ့်မည် မဟုတ်။ နယ်ဘက်များတွင် စက်ပြင်ဆရာများရှိကောင်း ရှိနိုင်မည် ဖြစ်သော်လည်း ထိုစက်ပြင်ဆရာများမှာ မိမိထက် ၀ါရင့်သော စက်ပြင်ဆရာကြီးများထံ ၀င်ရောက်လုပ်ကိုင်ရင်းမှ တတ်ကျွမ်းလာရသူများသာ ဖြစ်မည်။ အင်ဂျင်များ၊ လယ်ယာသုံးထွန်ယက်ကိရိယာများအကြောင်း သေသေချာချာ နားလည်ပါမည်လား။ သေသေချာချာ မတတ်ဘဲ တတ်ယောင်ကား ပြင်ခြင်းသည် အခြေအနေကို ပိုဆိုးစေသည်။

စက်မှုလယ်ယာကို လက်တွေ့ အကောင်အထည်ဖော်မည့် ထိုတောင်သူများအား စက်များထုတ်မပေးမီ ၎င်းတို့အား ထုတ်ပေးလိုက်မည့် စက်များအကြောင်း ကောင်းကောင်းနားလည် တတ်ကျွမ်းအောင် သင်တန်းပေးရန် လိုပါသည်။ လယ်သမားဟူသည် တစ်ခါမှ စက်ကိုကိုင်ဖူးသူများ မဟုတ်ကြသည့်အတွက် ရက်ပိုင်းအတွင်း တတ်ကျွမ်း နားလည်ဘို့ လွယ်မည်မဟုတ်ပါ။ လနှင့်ချီသင်ရပါလိမ့်မည်။ သို့သော် ဤကဲ့သို့ အချိန်ယူသင်ခြင်းမှာ ၎င်းတို့တစ်ဘ၀စာ အတွက် ဖြစ်သဖြင့် အချိန်ယူသင်ပေးဘို့ရာ ၀န်မလေးသင့်ပါ။ လယ်သမားများအားလည်း နားလည်သဘောပေါက်အောင် ရှင်းပြရပါမည်။ ထိုမျှသာမက ထိုလယ်သမားသာ ဤစက်အကြောင်း ကောင်းကောင်းနားလည်သွားပြီဆိုပါက ၎င်း၏ နောက်မျိုးဆက်များကိုလည်း ပြန်သင်ပေးနိုင်မည်၊ ရပ်ရွာအတွင်းမှ အခြား လယ်သမားများအားလည်း အသိပညာ ပြန်လည် ဝေငှနိုင်မည် ဖြစ်ပါသည်။ 

သို့အတွက် စက်မှုလယ်ယာထူထောင်ရေးတွင် လယ်သမားများအား သင်တန်းပေးမည့် သင်တန်းကျောင်းများ ထူထောင်ရန် အရေးကြီးပါသည်။ ဤသင်တန်းကျောင်းများမှာလည်း အဖြစ်မျှ နာမည်ခံ သင်ပေးတာမဟုတ်ဘဲ တကယ့် စက်များသုံးကာ လယ်သမားများကို တကယ်တတ်ကျွမ်းစေရန် စေတနာအပြည့်ဖြင့် သင်ပေးရန်လိုပါသည်။ သင်တန်း ကျောင်းတွင် လယ်သမားများဝယ်ယူမည့် စက်များကို မောင်းနှင်နည်းလည်းပြ၊ ကိုယ်တိုင်လည်းမောင်းခိုင်း၊ ချိန်ညှိနည်း လည်းပြ၊ ကိုယ်တိုင်လည်း ချိန်ညှိခိုင်း စသဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးရပါမည်။



စက်ကိုင်မည့် လယ်သမားများအား သင်ကြားပေးရမည်မှာ -

အင်ဂျင်တစ်လုံး၏ အခြေခံသဘောတရားများ၊

လယ်ယာသုံးစက်ကိရိယာများ၏ အခြေခံသဘောတရားများ၊

လယ်ယာသုံးကိရိယာများ အသုံးချကာ ထွန်ယက်ခြင်း၏ အခြေခံသဘောတရားများ၊

အင်ဂျင်တစ်လုံးအား အသေးစားပြင်ဆင်ခြင်း၊

လယ်ယာသုံးကိရိယာများအား စနစ်တကျ ကိုင်တွယ်မောင်းနှင်ပုံ၊

လယ်ယာသုံးကိရိယာများကို မိမိလိုသလိုရအောင် ချိန်ညှိပုံ၊

လယ်ယာသုံးကိရိယာများအား ကြံ့ခိုင်ရေး ထိန်းသိမ်းပုံ၊ အသေးစားပြင်ဆင်ပုံ စသည်တို့ ဖြစ်ပါသည်။ ထိုမျှသာမကလယ်သမားများ ဖတ်ရှုနိုင်မည့် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ပုံကိုင်တွယ်နည်းများ၊ ချိန်ညှိပုံများ၊ ပြုပြင်ထိန်းသိမ်းနည်းများ စာအုပ်ထုတ်ဝေဖြန့်ချိပေးရန် လိုပါသည်။

မည်သည့်စက်မဆို အပိုပစ္စည်းများ၊ စက်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဖော်ပြထားသော လက်စွဲ စာအုပ်များ၊ လက်နက်ကိရိယာများကို စက်ရုံမှ စက်နှင့်အတူ တစ်စုံစာ ထည့်ပေးလိုက်ပါသည်။ စက်ရောင်းသူများ အနေနှင့် ဤပစ္စည်းများအားလုံးကို စက်ဝယ်သူလက်ထဲသို့ ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်၊ သစ္စာရှိရှိ ထည့်ပေးလိုက်ရန် လည်း အရေးကြီးပါသည်။ ဤပစ္စည်းများမှာ စက်ပိုင်ရှင်အနေနှင့် မရှိမဖြစ်လိုသောကြောင့် ထုတ်လုပ်သူမှ တစ်ပါတည်း ထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။    



နောက်တစ်ချက်မှာ လယ်သမားများအား ပိုင်ပိုင်နိုင်နိုင် သင်ပေးနိုင်ရန် လယ်ယာသုံးစက်ကိရိယာများအကြောင်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းနားလည်သော အင်ဂျင်နီယာများ အထူးလိုအပ်ခြင်း ဖြစ်ပါသည်။ ၀မ်းနည်းစရာ ကောင်းသည်မှာ စိုက်ပျိုးရေးအဓိကနိုင်ငံကြီး ဖြစ်သော မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်အကြောင်း လေသံမျှပင် မကြားဖူးကြခြင်း ဖြစ်ပါသည်။ စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာ ဆိုပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် Minor Subject အနေနှင့် သင်ပေးပါသည်။ Minor ဆိုမှတော့ အဘယ်မှာလျှင် သေသေချာချာ တတ်စရာအကြောင်း ရှိပါမည်နည်း။ ပြဌာန်းဘာသာတစ်ရပ် အနေနှင့် စာမေးပွဲအောင်ရုံလောက် အဖြစ်မျှသာ သင်ရခြင်းဖြစ်ပါသည်။ အဆိုးဆုံးမှာကား အင်ဂျင်နီယာဘာသာရပ်ကို အင်ဂျင်နီယာများအား မသင်ကြားစေပဲ စိုက်ပျိုးရေးပညာရှင် ဖြစ်လာမည့် သူများကို သင်ပေးရခြင်း ဖြစ်ပါသည်။ အဘယ်ကဲ့သို့ ရွှေဉာဏ်တော် စူးရောက်ကာ နိုင်ငံတော် ခေါင်းဆောင်ကြီးများ အနေနှင့် ဤသို့ပြဌာန်းထားမှန်း ယနေ့ထိတိုင် ကျွန်တော်နားမလည်ပါ။ ယခုအချိန်မှစကာ အင်ဂျင်နီယာဘာသာရပ်ကို အင်ဂျင်နီယာ အလောင်းအလျာများအားသာ သင်ပေးဘို့ ပြင်ဆင်ပြဌာန်းပေးရေး နိုင်ငံတော်သို့ အကြံပြုလိုက်ပါသည်။

(ကျွန်တော်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေး အင်ဂျင်နီယာဌာနတွင် လက်ထောက်ကထိက အဖြစ် ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ မှ ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလထိ ၇ နှစ်ခွဲ တာဝန်ထမ်းဆောင်ခဲ့သူ Mechanical Engineer တစ်ဦးဖြစ်ပါသည်။ ဤကား စကားချပ်)

သို့အတွက် စက်မှုတက္ကသိုလ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးရန် လိုပါသည်။ သင်သည်ဆိုရာ၌လည်း စာအုပ်ကလေးတစ်အုပ်စ၊ နှစ်အုပ်စ၊ ဂျာနယ်လေးတစ်စောင်၊ နှစ်စောင်မျှဖတ်ပြီး သင်ပေးသော ဆရာများနှင့်တော့ အလုပ်ဖြစ်မည်မဟုတ်ပါ။ နာမည်ခံမျှသာ ဖြစ်ပါလိမ့်မည်။ ဤဘာသာရပ်ကို အမှန် တကယ် တတ်တတ်ကျွမ်းကျွမ်းသင်ကြားပေးနိုင်မည့် ဆရာများကို ဦးစွာမွေးထုတ်ပေးရန် လိုပါသည်။ ဤကဲ့သို့ဆရာများ ရရှိရန် နိုင်ငံခြားသို့စေလွှတ်ကာ စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်များကို သင်ယူစေရမည်ပါသည်။ စက်မှုလယ်ယာ စနစ်ထူထောင်ရန် စိုက်ပျိုးရေးအင်ဂျင်နီယာများ မရှိမဖြစ်လိုအပ်ပါသည်။ 



            စက်မှုလယ်ယာထူထောင်ရေးအတွက် အရေးကြီးသော နောက်တစ်ချက်မှာ စက်သုံးဆီ အလုံအလောက်ရရှိရေး နှင့် စက်ကိရိယာအပိုပစ္စည်းများ အလွယ်တကူ ၀ယ်ယူရရှိရေး ဖြစ်ပါသည်။ ထွန်စက် အလုံးတစ်ရာရှိလျှင် ထိုစက်အလုံး တစ်ရာစာအတွက် အနည်းဆုံး အပိုပစ္စည်း အစုံတစ်ရာရှိထားရန် လိုပါသည်။ သို့မဟုတ်ပါက စက်ချို့ယွင်း၍ အပိုပစ္စည်း အစားထိုးရမည်ဆိုမှ အပိုပစ္စည်းမရှိမှုကြောင့် စက်ကြီးကို သည်အတိုင်းရပ်ထားရမည်ဆိုလျှင် အဆင်ပြေမည် မဟုတ်ပါ။ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမည်။ ထိုအခါ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများနှင့် ရင်ဆိုင်ရပါမည်။ လယ်သမားများအနေနှင့်လည်း စက်သုံးရန် စိတ်ကုန်သွားပါလိမ့်မည်။ ဤသည်တို့မှာ စက်မှုလယ်ယာထူထောင်ရေးတွင် အဓိက စိန်ခေါ်မှုများဖြစ်ပါသည်။

            ထို့ပြင် လယ်သမားများသို့ ရောင်းချပေးလိုက်သော စက်များသည် ထိုလယ်သမားများရှိရာဒေသမှ မြေအမျိုး အစား၊ နေရာဒေသအနေအထားနှင့် ကိုက်ညီမှုရှိမရှိ သုတေသနလုပ်ကာ ထိုဒေသအတွက် မည်ကဲ့သို့သော ထွန်ယက် ကိရိယာများ ထုတ်လုပ်ရမည်ကိုလည်း ကြိုးစားရပါမည်။ နိုင်ငံခြားတိုင်းပြည်များတွင် စက်ရုံတိုင်း၌ ဤကဲ့သို့ ဌာနများ ထားရှိ၏။ ဤဌာနကို Design, Research and Development ဟုခေါ်ပါသည်။ မိမိတို့ထုတ်လိုက်သော ထုတ်ကုန်သည် ထိုဒေသနှင့် ကိုက်မကိုက် သုတေသနပြုကာ ထိုဒေသနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ဒေသအလိုက် မြေအမျိုးအစားများစွာရှိရာ ထိုမြေအမျိုးအစားများနှင့် ကိုက်ညီမည့် လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်သင့်ပါသည်။

            ထို့ပြင် မိမိတို့ရောင်းချလိုက်သော စက်ကိရိယာများကို သုံးစွဲနေသည့် တောင်သူများထံမှလည်း စက်သုံးရာတွင် မည်သည့်အခက်အခဲများရှိသည်၊ မည်ကဲ့သို့သော ပြဿနာများနှင့်ရင်ဆိုင်နေရသည်၊ မည်ကဲ့သို့လုပ်လိုက်လျှင် ပိုကောင်း လာမည် စသည်တို့ကိုလည်း ပြန်လည်အကြံပြုချက် (Feed Back) အမြဲပြန်လည် ရယူနေသင့်ပါသည်။ သို့မှသာ ထိုဒေသ နှင့်ကိုက်ညီမည့် စက်ကိရိယာများကို တိုးတက်ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။    





နိဂုံး



            အချုပ်အားဖြင့် စက်မှုလယ်ယာထူထောင်ခြင်းဟူသည် လယ်သမားများအား လယ်ယာသုံးစက်ကိရိယာများ ရောင်းချပေးရုံမျှသာ မဟုတ်။ လယ်ယာများထဲ၊ ကျေးရွာများထဲ၌ စက်များမြင်နေရုံမျှနှင့် စက်မှုလယ်ယာ ဖြစ်လာပြီ ဟု မဆိုနိုင်။ လယ်ကို ထွန်စက်နှင့်မောင်းရုံကာမျှနှင့် စက်မှုလယ်ယာဟု ပြောလို့မရ။ စပါးချွေစက်များနှင့် ခြွေလှေ့နေသည်ကို မြင်ရသည်နှင့် စက်မှုလယ်ယာစနစ် အောင်မြင်ပြီဟု လက်ခမောင်းခတ်လို့မဖြစ်ပါ။

            အထက်တွင် ဖော်ပြသကဲ့သို့ ထိုစက်များကို လယ်သမားများ ကျကျနန သုံးတတ်ပါမှ၊ သေသေချာချာ ထွန်ယက် နိုင်ပါမှ။ အလေအလွင့်နည်းစွာ ခြွေလှေ့နိုင်ပါမှ။ စက်များအကြောင်း လယ်သမားများ ဂဃနဏ သိနားလည်ပါမှ။

            ရိတ်သိမ်းခြွေလှေ့စက်တစ်လုံး ၀ယ်လာပြီဆိုလျှင် သိန်းရာချီတန်သော ထိုစက်ကြီးကို စနစ်တကျ မောင်းနှင် တတ်ပါမှ။ စပါးအလေအလွင့် နည်းနိုင်သမျှနည်းအောင် မှန်မှန်ကန်ကန် ချိန်ညှိတတ်ပါမှ။ အရေးဟဲ့ဆိုလျှင် စက်ကို မိမိကိုယ်တိုင် ဖြုတ်ကာ ပြင်ဆင်နိုင်ပါမှ။ ဟိုနားကပစ္စည်း ကျိုးသွားလို့ဆိုလျှင် ထိုပစ္စည်းကို အလွယ်တကူ ၀ယ်ယူ ထည့်သွင်းနိုင်ပါမှ။

            ထို့ပြင် စပါးခြွေစက်မှထွက်လာသော စိုနေသေးသည့်စပါးကို အခြောက်ခံနိုင်မည့် အခြောက်ခံစက်များ သုံးနိုင် ပါမှ။ စပါးအစိုဓါတ် မည်မျှရှိသည်၊ အခြောက်ခံရာတွင် အပူချိန်မည်မျှ ထားပေးရမည်။ ဆန်ကြိတ်ရာတွင် အကျိုးအကြေ နည်းနိုင်သမျှနည်းအောင် မည်သည့်အပူချိန်တွင် သိုလှောင်ထားရမည်။ စိုထိုင်းဆ မည်မျှရှိရမည် စသည်တို့ကို သိနား လည်ပါမှ။

            စက်မှုလယ်ယာစနစ်စစ်စစ် ဖြစ်လာပြီဟု ပြောနိုင်လိမ့်မည် ဖြစ်ပါသတည်း။

           

အေးငြိမ်း (လေးမျက်နှာ)



၁၀-၃-၂၀၁၂

No comments: