Sunday, February 27, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၄)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - အပိုင်း (၃)


ကျွန်တော်ကား အမှားပေါင်းများစွာကို လုပ်ခဲ့သူဖြစ်၏။ အမှားများကို တွေးခဲ့၏။ အမှားများကို လုပ်ခဲ့၏။ ဆုံးဖြတ်ချက် အမှားများကို ချခဲ့၏။ မည်မျှအမှားများလုပ်ခဲ့သနည်းဟူမူ ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးကိုသာ စာရင်းချကာ အမှားလုပ်ခဲ့သည့် အရေအတွက်နှင့် အမှန်လုပ်ခဲ့သည့်အရေအတွက်ကို ချရေးလိုက်ရလျှင် အမှားလုပ်ခဲ့သည့်အရေအတွက်က အမှန်လုပ်ခဲ့သည့် အရေအတွက်ထက် အဆပေါင်းများစွာ များကောင်း များနေနိုင်ပါသည်။ အချို့အမှုများဆိုလျှင် မှားမှန်းသိလျှက်နှင့် မိုက်မဲစွာ ဆုံးဖြတ်ခဲ့ခြင်းများပင် ပါပါသည်။

အဘယ်ကြောင့် ဤမျှအမှားများကို ကျူးလွန်ခဲ့ရသနည်း ဆိုသော် ပထမအချက်မှာ မလုပ်ခင်က အရင်ပြီးချင်နေသည့် လောဆော်မှု ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်၏ အထုံဝါသနာနှင့် အကျင့်စရိုက်ဟူသည် ပြင်ရခက်လေရကား ထို အလျင်လိုသည့် စရိုက်ကို ကြိုးစားပြင်ကြည့်ပါသည်။ ခဏပဲဖြစ်၏။ နောက် သတိလက်လွတ် ဖြစ်သွားသည့်အခါတွင်မူ လောဆော်မြဲ လောဆော်နေပြန်၏။

များစွာသောအမှားတို့၏ ဒုတိယလက်သည်မှာ ဒေါသကြီးခြင်း ဖြစ်ပါသည်။ ဒေါသထွက်ပြီဆိုသည်နှင့် လူ့စိတ်မှာေ၀၀ါးသွားကာ မှားမှန်၊ ကောင်းဆိုး ဝေခွဲရန်ခက်သွားပါတော့သည်။ စိတ်ကြီးခြင်းနှင့် ဒေါသဖြစ်လွယ်ခြင်းတို့မှာ ကျွန်တော်၏ အလွန်ကြီးမားသော ချို့ယွင်းချက်၊ အားနည်းချက်ပင် ဖြစ်တော့သည်။ ဒေါသကို မေတ္တာဖြင့် လျှော့ချ၍ရပါသည်။ မေတ္တာရှေ့ထားကြပါကုန်။

လုပ်ခဲ့သမျှအမှားများအနက် တတိယတရားခံမှာ ခေါင်းမာခြင်းနှင့် မာနတက်ခြင်း ဖြစ်ပါသည်။ မာနဟူသည် ပညာမာန ဖြစ်၏။ ကျွန်တော်က ကိုယ့်အလုပ်နှင့်ပတ်သက်လျှင် ရှိသမျှစာများကိုလည်း လိုက်ဖတ်၊ လေ့လည်းလေ့လာ၊ လေ့လာသလောက်လည်း သိထား သည်ဖြစ်ရကား ကိုယ့်ကိုယ်ကိုယ် တတ်လှပြီ၊ သိလှပြီ ဟု ထင်ကြီးတစ်လုံးနှင့်ဖြစ်၏။ ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသဖြင့် သူများပြောတာ နားမထောင်၊ ငါလုပ်တာသာ အမှန်ဟု ဘယ်သူဘာပြောပြော ကိုယ်ထင်ရာစွတ်လုပ်တတ်သော အင်မတန် ခေါင်းမာလှသူ ဖြစ်ရာ ဆုံးဖြတ်ချက်အမှား တော်တော်များများမှာ ဤ ထင်တစ်လုံးနှင့် ခေါင်းမာမှုများ၏ အကျိုးဆက်များပင် ဖြစ်ပါသည်။

ဤသည်ကို မသိမဟုတ်။ ကျွန်တော်သိပါ၏။ သို့သော် အင်မတန်ပြင်ရခက်သော စရိုက်ဖြစ်သဖြင့် သိသိကြီးနှင့် မှားမြဲမှားနေခြင်း ဖြစ်ပါသည်။ ဤစာဖတ်မိသူအပေါင်းတို့သည် ကျွန်တော်ကဲ့သို့ မမိုက်မဲမိကြပါစေရန် ဖော်ထုတ်ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်တော်လုပ်ခဲ့သည့် အမှားများကို မချွင်းမချန် ထည့်သွင်းရေးသားပါမည်။ သို့မှ စာဖတ်သူအပေါင်း ထိုအမှားမျိုးကို ရှောင်ကွင်းနိုင်မည် ဖြစ်ပါသည်။

အမှားများကို တွေးခြင်း၊ ပြောခြင်း၊ လုပ်ခြင်း၊ ဆုံးဖြတ်မိခြင်းတို့မှ ကင်းဝေးကြပါစေကုန်သတည်း။

အချို့စာလုံးများမှာ ဘာသာပြန်လိုက်သည်ထက် မပြန်ဘဲ အင်္ဂလိပ်လို သည်အတိုင်းထားတာက ပိုကောင်းသဖြင့် မူရင်းအတိုင်း အင်္ဂလိပ်လို ရေးထားခြင်းကို နားလည်ကြစေလိုပါသည်။ နားမလည်သူများ၊ သေသေချာချာ သိလိုသူများ ကျွန်တော့်အီးမေးလ် aye475@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည် ခင်ဗျား။

                                        ကျွန်တော်တို့လုပ်ခဲ့ရသော သင်္ဘောကြီးများပုံ
 
စင်ကာပူ သင်္ဘောကျင်းများ တစိတ်တဒေသ
(၁၁) Piping QC (Quality Control) တစ်ဦး၏ တာဝန်နှင့် ၀တ္တရားများ


ကျူစီ (QC) ဆိုလို့ ခဲခဲယဉ်းယဉ်း ဆန်းဆန်းပြားပြားတွေ လုပ်ရသည်မထင်ပါနှင့်။ မိမိလုပ်နေသော ပိုက်စနစ် (Piping System) တစ်ခုတွင် လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံအောင် စုဆောင်းပြင်ဆင်ပေးရခြင်းသာ ဖြစ်ပါသည်။ ဒါက ကျွန်တော်တို့ တကယ်လုပ်ခဲ့ရတာဖြစ်၏။

အမှန်တကယ်ဆိုလျှင် ကျူစီတစ်ဦးအနေနှင့် မိမိကိုင်ရသော ပိုက်စနစ်တစ်ခုလုံးကို ပေးထားသော Piping Specification အရ ဘာတွေလုပ်ရမည်။ မည်ကဲ့သို့သော စံနှုံးများရှိသည်ကို အသေးစိတ် ဂဃနဏ နားလည်ထားရန်လိုပါသည်။ နောက် ပိုက်ဆင်နေသော နေရာသို့သွားကာ သူတို့လုပ်တာ မှန်မမှန် စစ်ဆေးရမည်။ သူတို့သုံးနေသော ပစ္စည်း၊ လုပ်နေသော လုပ်နည်းလုပ်ဟန် စသည်တို့သည် piping spec. နှင့် မကိုက်ညီပါက မိမိက ညွှန်ကြားပြသ ပေးရမည်ဖြစ်၏။ အားလုံး ကျန၊ မှန်ကန်၊ ကောင်းမွန်သည်ဆိုမှ သင်္ဘော owner ဘက်မှ ကိုယ်စားလှယ် (owner rep.) ကို ခေါ်ကာ စစ်ဆေးခိုင်းရမည်။ လိုအပ်သောစာရွက်စာတမ်းပေါ်တွင် လက်မှတ်ထိုးရမည် ဖြစ်သည်။

သို့သော် ကျွန်တော် ကျူစီလုပ်စဉ်ကမူ ပထမနှစ်က ထို spec. ဆိုတာ မြင်ပင်မမြင်ဖူးခဲ့ပါ။ နောက်နှစ်ကျမှ ဟိုလူ့မေး၊ သည်လူ့မေး နှင့် အနည်းငယ် ရိုးတိုးရိပ်တိပ် သိလာရသည်။ ကျွန်တော်တင်မဟုတ်။ ထိုသင်္ဘောကျင်းတွင် နှစ်ပေါင်းများစွာ လုပ်နေသော ကျူစီဆိုသူများ သည်လည်း piping spec ဆိုသည်ကို ဖြူသလား၊ မဲသလားပင် မသိကြပါ။ အလွန် အံ့သြစရာကောင်းပါသည်။

ပိုက်လိုင်းတစ်ခု ဆင်တော့မည်ဆိုလျှင် Isometric Drawing များ ထုတ်ပေးပါသည်။ ထိုပုံများအတိုင်း ဆင်ရန်ဖြစ်၏။ ထို iso drawing များကို ပိုက်ရှော့ထဲတွင် အပိုင်းလိုက်စီ ဆင်ပါသည်။ ထိုအပိုင်းကလေးများကို spool ဟု ခေါ်ပါသည်။ နောက် ထိုအပိုင်းများကို သင်္ဘောပေါ်တင်ကာ ပိုက်လိုင်းကြီးတစ်ခုလုံးရရန် ဆက်ပါသည်။ ဤကဲ့သို့ ဆင်ခြင်းကို installation လုပ်သည် ခေါ်ပါသည်။

ပိုက်များ၊ ပိုက်ဆက်ပစ္စည်းများ (fittings) ကို သုံးပြီး လိုအပ်သလို တိုင်းတာ၊ ဖြတ်တောက်ကာ spool များလုပ်ခြင်းကို fabricate လုပ်သည်ဟု ခေါ်ပါသည်။ Fabricate လုပ်ခြင်းကို Piping Supervisor, pipe fitter, fitter helper, welder များက သူ့အပိုင်းနှင့်သူ လုပ်ပါ သည်။

Iso drawing များရပြီးနောက် supervisor များထုတ်လာသော ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို သွားကြည့်ကာ ထို ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများပေါ်ရှိ Heat Number များကို မှတ်ရပါသည်။ ပိုက်ကိုဖြတ်လိုက်၍ ပိုက်အတိုတွင် heat no. မပါလာတော့ပါက မူလ ပိုက်ကြီးမှ heat no. ကို ဖြတ်ထားသော ပိုက်အတိုကလေးပေါ်တွင် Number Punch နှင့် ရိုက်ရပါသည်။

Heat No. သည် ပစ္စည်းတိုင်းအတွက် အရေးကြီး၏။ သို့မှသာ သည်ပစ္စည်းသည် approved ဖြစ်ပြီးသား ဟုတ်၊ မဟုတ် စစ်နိုင်မည် ဖြစ်ပါသည်။ Heat No. များ ရလာပြီဆိုလျှင် ထို Heat No. အရ ထို ပိုက်၊ သို့မဟုတ် ပိုက်ဆက်ပစ္စည်း၏ စက်ရုံတွင် စစ်ဆေးထားသောလက်မှတ် (Certificate) ကို Keppel Pipe Shop မှ ကျူစီဌာနတွင် သွားရှာရပါသည်။ သင်္ဘောကျင်းတွင်သုံးမည့် ပစ္စည်းများကို Keppel Shipyard မှ မှာပြီး ကန်ထရိုက်တာများက ထိုပစ္စည်းများကို ထုတ်ယူရသည်ဖြစ်ရာ ပစ္စည်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများမှာ Keppel တွင်သာရှိပါသည်။

သည်တွင်လည်း အကြံအဖန်လုပ်တန်တာ လုပ်ရပါသည်။ တစ်ခါတစ်လေ ပိုက်များမှ ကျွန်တော်တို့ မှတ်လာသော heat no. ကို ပိုက်ရှော့တွင် ရှာလို့မရပါ။ သည်အခါများတွင် ပိုက်ရှော့တွင်ရှိပြီးသား Heat No. ပါသည့် လက်မှတ်တစ်ခုယူကာ ထိုနံပါတ်အတိုင်း ပိုက်ပေါ် တွင် ရိုက်ရပါသည်။ အနို့ လက်မှတ်က အရေးကြီးသည်ကိုး။

ထို့နောက် သူတို့ဆင်မည့် spool များအတွက် ပုံများဆွဲပေးရပါသည်။ သို့သော် ကျွန်တော်တို့မှာမူ ပြောင်းပြန်ဖြစ်၏။ သူတို့ ဆင်ပြီးသား spool များကိုသာ ကူးဆွဲတာ ဖြစ်ပါသည်။ ထို့နောက် ထို spool များကို စစ်ဆေးရန် ပုံစံများပြင်ရပါသည်။ ထိုပုံစံများကို traceability record ဟု ခေါ်၏။ Traceability record တွင် မည်သည့်ပစ္စည်းနှင့် မည်သည့်ပစ္စည်းကို တွဲမည်။ ထို ပစ္စည်းများ၏ heat no.၊ မည်သည့်နေ့က fit up လုပ်သည်။ မည်သည့်နေ့က ဂဟေဆော်သည်။ မည်သည့် ဂဟေဆော်သည့်စနစ် (WPS – Welding Procedure Specification) နှင့် ဆော်သည်။ မည်သည့် welder က မည်သည့်နေ့တွင် ဆော်သည်။ ထိုအဆက် (joint) ကို X-Ray ရိုက်မည်၊ MPI စစ်မည်၊ Ultra Sound ရိုက်မည်။ Chemical Cleaning လုပ်မည်။ လုပ်လျှင်လည်း မည်သည့်နေ့တွင် လုပ်သည် စသည်တို့ကို အပြည့်အစုံ ဖော်ပြရသည်။

ထို့နောက်တွင်မတော့ ဆင်ပြီးသား spool များပေါ်တွင် ပိုက်အဆက်များအားလုံး၌ inspection box များ ဆွဲရသည်။ Inspection Box ဆိုသည်မှာ လာရောက်စစ်ဆေးသည့်အခါ မှတ်တမ်းတင်နိုင်ရန် ဆွဲထားသော ဇယားကလေး ဖြစ်ပါသည်။ ဇယားတွင် အဆက်နံပါတ် (Joint No.), ပိုက်အဆက်ကို စစ်သည့်နေ့ (Fit-up Inspection Date), မျက်မြင်စစ်သည့်နေ့ (Visual Inspection Date) စသည်တို့ ဖြည့် ရပါသည်။

ပိုက်ရှော့တွင် spool အတော်များများပြီးသွားပြီ ဆိုပါက စစ်ဆေးရန် Keppel ကျူစီနှင့် သင်္ဘော Owner Rep. ကို ခေါ်ရသည်။ ခေါ်သည်ဆိုခြင်းမှာ မည်သည့်နေ့တွင် spool များကို fit-up inspection လုပ်ပါမည် ဟု request သွားတင်ရခြင်းဖြစ်ပါသည်။ ထိုသို့ request မတင်မီ ကျွန်တော်တို့ဘက်က (အထက်တွင်ဖော်ပြခဲ့သည့်) လိုအပ်သော စာရွက်စာတမ်းများအားလုံး စုဆောင်းထားရသည်။ သူတို့လာကြည့်မှ ပြာပြာ ပြာပြာနှင့် ဟိုဟာမစုံ၊ သည်ဟာမရှိဆိုလျှင် ကောင်းကောင်းအဆဲခံရမည်။

စစ်ဆေးမည့်နေ့တွင် ပြန့်ကျဲနေသော spool များကို တစ်နေရာထဲတွင် စုပုံထားရသည်။ ထို့ပြင် Heat No. ပါသည့်ဘက်ကို မြင်သာသည့်ဘက်သို့ လှည့်ပေးထားရမည်။ သို့မှ စစ်ရာတွင် အဆင်ပြေမည်။ Inspection Box တွင်လည်း Jt. No. များ ကြိုဖြည့်ထားရ သည်။ ကန့်ကူဆံပါ ဆောင်ထားရသည်။ အကယ်၍ Heat No. များ မှိန်နေပြီး ဖတ်လို့မရလျှင် ကန့်ကူဆံဖြင့် ခြစ်ပြရသည်။

ကျွမ်းကျင်လိမ္မာသော ကျူစီတစ်ဦးသည် မိမိဘာလုပ်ရမည်ကို သိသည်။ ဘာတွေပြင်ထားရမည်။ ဘာတွေလိုမည်။ ထို့ပြင် စစ်ဆေးရအောင်လာမည့် အရာရှိ (Owner Rep.) ၏ စိတ်နေသဘောထားကိုပါ အကဲခတ်တတ်ရမည်။ သို့မှ အစစ အဆင်ပြေ၊ အလုပ်လုပ်ရတာ စိတ်ချမ်းသာ လက်ချမ်းသာရှိမည်။ နေ့တိုင်းလုပ်နေရသည့် အလုပ်ဖြစ်သည့်အတွက် အဆင်ပြေပြေ စိတ်လက်ချမ်းချမ်း သာသာ လုပ်ရဘို့ အင်မတန်မှ အရေးကြီးပါသည်။ အမြဲ အဆဲခံ၊ အဆိုခံ၊ ကြိမ်းမောင်းခံနေရလျှင် အလုပ်ထဲမှာ မပျော်တော့။ စိတ်မချမ်းသာ စရာအလုပ်ကို ပိုက်ဆံမည်မျှရသည်ဖြစ်စေ မည်သူမျှ လုပ်လိုမည် မဟုတ်ပါ။ သို့အတွက် မိမိလုပ်ငန်းနှင့်ပတ်သက်လာလျှင် အစစ လေ့လာ၊ မှတ်သား၊ စနစ်တကျပြင်ဆင်တတ်ဖို့ အလွန် အရေးကြီးပါသည်။

(၁၂) ဟိုပြေးသည်ပြေး ကျူစီလေး

ကျွန်တော်တို့အဖွဲ့ထဲတွင် pipe fitter များပါလာပါသည်။ သို့သော် ကျွန်တော်နှင့် တွဲမလုပ်ရပါ။ သူတို့က တစ်နေရာ၊ ကျွန်တော်က တစ်နေရာ ဖြစ်ပါသည်။ ကျွန်တော်နှင့်တွဲလုပ်ရသည်မှာ မလေး နှင့် ကုလားများဖြစ်၏။ သို့သော် သူတို့မှာ လုပ်သက်ရင့်နေပြီ ဖြစ်သဖြင့် စိတ်ချရပါသည်။

Keppel တွင်လုပ်ခဲ့သည့် ၂ နှစ်အတွင်း အဟောင်းပြင်တာရော၊ အသစ်ဆောက်တာပါ သင်္ဘောပေါင်းများစွာ လုပ်ခဲ့ရသဖြင့် owner rep. များစွာနှင့် တွေ့ခဲ့ရပါသည်။ ထို owner rep. များထဲမှ ကျွန်တော်မှတ်မိနေသောသူ သုံးဦးရှိပါသည်။ Smedvig ကုမ္ပဏီမှ မိုဟာမက် (Mohammad), ပီတာ (Peter) နှင့် SBM မှ ဘေလ် (Bill Paterson) တို့ ဖြစ်ပါသည်။ သူတို့နှင့် တွဲလုပ်ရသော သင်္ဘောများမှာ Yetagun FSO, West Menan FSO, FPSO VI နှင့် FPSO Falcon တို့ ဖြစ်၏။

သည် project များမှာ အသစ်ဆောက်သော သင်္ဘောများဖြစ်သဖြင့် နှစ်နှင့်ချီပြီး လုပ်ရသည်။ Inspection ပေါင်းများစွာ လုပ်ရသဖြင့် သူတို့နှင့် လူချင်း ခင်မင်နေပြီ ဖြစ်ပါသည်။ မိုဟာမက် မှာ ၀၀ကြီးဖြစ်၏။ ကျွန်တော့်ကို မကြာခဏ ပညာစမ်းသည်။ သူနှင့် inspection လုပ်ရပြီ ဆိုလျှင် သူစစ်တာက နည်းနည်း ကျွန်တော်ဖြေရသည်က များများဖြစ်ပါသည်။ သို့သော် ကျွန်တော်နှင့် သူ အလွန် အစပ်တည့်သည်။ ကျွန်တော်ကလည်း သူ့ကိုခင်သလို သူကလည်း ကျွန်တော့်ကို သဘောကျပါသည်။ ကိုယ်ကိုင်ရမည့် system တစ်ခုလုံးကို လေ့လာထားသဖြင့် သူမေးတာ ကျွန်တော် အကုန်လိုလို ဖြေနိုင်ပါသည်။ တစ်ခါတစ်ရံ logic သုံးဖြေရတာတောင် ရှိပါသည်။

သင်္ဘောမှ ပိုက်လိုင်းများကို လိုက်စစ်ရတာ လွယ်သည့်အလုပ် မဟုတ်ပါ။ အပေါ်တက်လိုတက်ရ၊ အောက်ဆင်းလိုဆင်းရ၊ Tank ကြီးများထဲ ၀င်လိုဝင်ရ၊ အခန်းကျဉ်းကျဉ်းကလေးများထဲ လေးဖက်တွား ၀င်လိုဝင်ရနှင့် အင်မတန် ပင်ပန်းပါသည်။

တစ်နေ့ မိုဟာမက်နှင့် ကျွန်တော် သင်္ဘောပေါ်တက်ကာ ထုံးစံအတိုင်း ပိုက်လိုင်းများ လိုက်စစ်သည်။ ကျွန်တော်က လူကောင် သေးသဖြင့် သိပ်မပင်ပန်းဘဲ သွားလာနိုင်၊ တက်နိုင်ဆင်းနိုင်သည်။ မိုဟာမက်ကတော့ သူ့ခန္ဓာကိုယ်ကြီး သယ်နေရတာနှင့် မြန်မြန် မတက် နိုင်။ အတော်ကြာကြာ စစ်ဆေးပြီးသောအခါ ကျွန်တော်တို့ ခေတ္တနားပါသည်။ ထိုအခါ သူက ကျွန်တော်တို့ စစ်ဆေးနေသော လိုင်းမဟုတ် သည့် အနားမှ တိုင်ကီတစ်ခုကို ညွှန်ပြကာ ဒါဘာလဲ ဟု မေးပါသည်။ ကျွန်တော်က accumulator ပါ ဟု ဖြေ၏။ ဘာလို့တပ်ထားသလဲကွာ ဟု ဆက်မေး၏။ ဒါ compressed air လိုင်းဖြစ်တယ်။ ဒီလေကို service air နဲ့ instrument air တွေအတွက် သုံးတယ်။ ဒီတော့ သုံးမဲ့ tools and equipment တွေနဲ့ instrument တွေဆီ ရေငွေ့တွေမရောက်အောင် လေထဲပါလာတဲ့ ရေငွေ့တွေ ထုတ်ပစ်ဖို့လိုတယ်။ အဲဒီတိုင်ကီဟာ ဒီရေငွေ့တွေကို ထုတ်ပေးတဲ့ တိုင်ကီပဲ။ ဟောဟိုက ပိုက်ကနေ ချွေးတွေကို ဖောက်ချတယ် ဟု ဖြေလိုက်သောအခါ သူ အတော် သဘောကျ သွားပါသည်။ ဤလိုင်းမှာ ကျွန်တော်တို့ စစ်သည့်အထဲ မပါပါ။ သူက သက်သက် ပညာစမ်းတာ ဖြစ်ပါသည်။

နောက်နေ့ကျတော့ ခေါက်ဆွဲခြောက်များ၊ inspection လုပ်ရာတွင်သုံးသည့် လက်နှိပ်ဓါတ်မီး အသေးတစ်လက် ပေးပါသည်။ မိုဟာမက်ပေးသော ထို လက်နှိပ်ဓါတ်မီးမှာ ကြာကြာမခံပါ။ သင်္ဘောပေါ် ပိုက်လိုင်းစစ်ရန်သွားစဉ် ငြမ်းစင်ပေါ်အတက်၌ ဘောင်းဘီအိတ် ထဲမှ အောက်သို့ထွက်ကျ၏။ အသံကြားသဖြင့် ကျွန်တော်ဆင်းရှာပါသေးသည်။ သို့သော် သူခိုးများ မည်မျှလျှင်သနည်း ဆိုလျှင် ကျွန်တော်အောက်သို့ရောက်သောအခါ ဓါတ်မီးကို ရှာမတွေ့တော့ပါ။ လူပေါင်းများစွာ အလုပ်လုပ်နေသဖြင့် မည်သူယူသွားမှန်း သိရန် မလွယ်ပါ။ စိတ်မကောင်းစွာနှင့် လက်လျှော့လိုက်ရပါသည်။

ထို့ပြင် ကျွန်တော်က ပန်းချီဆွဲတာ ၀ါသနာပါမှန်းသိတော့ သင်္ဘောပန်းချီပုံများနှင့်ထုတ်ထားသည့် ပြက္ခဒိန်တစ်ခုလည်း နောင်တွင် မိုဟာမက်က ကျွန်တော့်ကို လက်ဆောင်ပေးသေးပါသည်။ ပန်းချီကားများမှာ စက္ကူအကောင်းစားပေါ်တွင် ရိုက်ထားသည်သာမက ရေဆေး ကားများဖြစ်ပြီး လက်ရာလည်း အလွန်ကောင်းပါသည်။ ထိုပန်းချီကားများအတွက် မိုဟာမက်ကို ကျွန်တော် အလွန်ကျေးဇူးတင်သွားပါသည်။ ထို့ကြောင့်ပင် ခုထိ သူ့ကို မမေ့မလျော့ မှတ်မိနေခြင်း ဖြစ်ပါသည်။

အမှန်ဆိုရလျှင် အထက်ပါ သူမေးသည့်မေးခွန်းအတွက် ကျွန်တော် ဖတ်မှတ်ထားတာ မဟုတ်ပါ။ သို့သော် ဤလိုင်းမှာ compressed air line ဖြစ်သည်၊ ဤ တိုင်ကီမှာ accumulator မှန်း ကျွန်တော်သိပါသည်။ ကျွန်တော်ဖတ်မှတ်လေ့လာထားသော ဗဟုသုတနှင့် engineering sense ပေါင်းကာ ဖြေလိုက်ခြင်းဖြစ်ပါသည်။

ကျွန်တော်နှင့်ရင်းနှီးကာ မှတ်မိနေသော owner rep. နောက်တစ်ဦးမှာ ပီတာ ဖြစ်ပါသည်။ သူက ခပ်ပျော်ပျော်သမား။ သူကမေး၍ ကျွန်တော်မသိလျှင် သူက ကာနီနာ ဟု ဆဲကာ သေသေချာချာ ရှင်းပြပါသည်။ ကျွန်တော်ကလည်း သိချင်တာတွေများသဖြင့် သူ့ကို မကြာခဏ မေးပါသည်။ ထိုအခါ သူက ASME စာအုပ်ကြီးကို ညွှန်းပါသည်။ မင်းသိချင်တာတွေ အကုန်အဲဒီစာအုပ်ထဲမှာပါတယ် ဟု ဆိုပါသည်။ ကျွန်တော်လည်း စာအုပ်ကို မရမက တောင်းပါသည်။ သို့သော် Jie Tong မှ မြန်မာတစ်ဦးက ကျွန်တော့်ထက် လက်ဦးပါသည်။ ပီတာက ငါ သူ့ကိုပေးထားတယ်။ သူဆီမှာ တောင်းချေ ဟု ဆိုပါသည်။

ကျွန်တော်တို့ရုံးခန်းနှင့် Jie Tong ရုံးခန်းမှာ မဝေးလှ။ လှမ်းအော်လျှင်ပင် ကြားရပါသည်။ ကျွန်တော်တို့ ကန်ထရိုက်တာများကို တန်းလျားကဲ့သို့ အဆောက်အဦကြီးတစ်ခုတွင် စုထားသည်ဖြစ်ရာ Keppel Inhouse Contractor အားလုံး တစ်နေရာထဲတွင် စုနေကြသည် ဖြစ်ရာ အထွေအထူးသွားနေစရာမလို။ ထိုသူ့ကိုလည်း ကျွန်တော် ကောင်းကောင်းသိပါသည်။ မသိစရာမရှိ။ သူလည်း ကျူစီ, ကိုယ်လည်း ကျူစီဖြစ်၍ ကျူစီအချင်းချင်း အားလုံးလိုလို သိနေကြပါသည်။ သူလည်း RIT ကျောင်းဆင်းပင် ဖြစ်ပါသည်။ ဧရာဝတီတိုင်းသားပင် ဖြစ်၏။

မြန်မာစိတ်ဓါတ်များ ပြောပါတယ်။ ထို ASME စာအုပ်ကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ၊ အကြောင်းမရှိပဲ တမင်သက်သက် သူ့ဆီသွား၍ တစ်မျိုး၊ လမ်းတွင်တွေ့သည့်အခါ တစ်ဖုံ ထိုသူ့ထံ ကျွန်တော်တောင်းပါသည်။ ဟိုလိုပြောလိုက်၊ သည်လိုပြောလိုက်နှင့် အကြောင်းအမျိုးမျိုးပြကာ မပေးပါ။ ကျွန်တော် Keppel မှ ထွက်လာသည့်တိုင် ဤစာအုပ်မရခဲ့ပါ။ သို့သော် နောက်ပိုင်းတွင် အသိတစ်ယောက်ထံမှ ရပါသည်။ အလွန်ပဲ့လှသော ကျွန်တော်တို့လူမျိုး စိတ်ဓါတ်ဖြစ်ပါ၏။

(၁၃) ပါးနပ်ခြင်း အလွန်အရေးကြီးပုံ

Fit-up inspection ပြီးသောအခါ ဂဟေဆော်ရန် welding ဖိုမင်သို့ အကြောင်းကြားရပါသည်။ သိပ်တော့ အထူးလုပ်စရာလိုသည် မဟုတ်ပါ။ Fit-up inspection လုပ်ပြီးပြီးချင်း ပိုက်ရှော့တွင် အလုပ်လုပ်နေသည့် ဖိုမင်သို့ ဒါတွေ ဒါတွေ ဂဟေဆော်လို့ရပြီဟေ့ ဟု ပြောလိုက်ရုံ ဖြစ်ပါသည်။ သူတို့ ဂဟေဆော်ပြီးမပြီး အမြဲ လေ့လာနေရန် လိုပါသည်။ ဂဟေဆော်ပြီးသည်နှင့် Fit-up inspection တုံးကလို ပိုက်အဆက်များကို မျက်မြင်စစ်ဆေးရန် visual inspection request တင်ရပါသည်။

ကျွန်တော်တို့ ကျူစီများအလုပ်မှာ ပိုက်စနစ်တစ်ခုကို ဤကဲ့သို့ အဆင့်လိုက် ကျကျနန လုပ်သွားရန် ဖြစ်ပါသည်။ အဆင့်ကျော်လို့ မဖြစ်။ ဒါပြီးမှ ဒါလုပ်ရမည် ဆိုလျှင် လုပ်ကိုလုပ်ရမည်။ ဘာညာကွိကွ ဆင်ခြေဆင်လက်ပေးလို့မရ။ ကွိသွားမည်။ ဖြစ်နိုင်လျှင် သူတို့ဆော် ထားသော အဆက်များကို ကိုယ်ကိုယ်တိုင် သွားရောက်စစ်ဆေးကြည့်ပါ။ ဒါကလည်း အပြောသာလွယ်သည်။ တကယ်တမ်းကျတော့ ကျွန်တော်တို့မှာ အလွန်အလုပ်ရှုပ်သဖြင့် သွားမကြည့်နိုင်ပါ။ စာရွက်စာတမ်းတွေ ပြင်ရတာက တစ်မျိုး။ သင်္ဘောပေါ် ပြေးတက်ရတာက တစ်မျိုး၊ သည်ကြားထဲ ကျူစီစည်းဝေးပဲလို၊ ရက်တိုသင်တန်းလိုမျိုးတွေကလည်း သွားရသေးသည်။

သည်တော့ ပိုက်ဆက်များ ဂဟေဆော်ပြီးသည်နှင့် visual inspection request တင်ရသည်။ တင်သည်ဆိုသော်လည်း မတင်မီ လိုအပ်သည့် စာရွက်စာတမ်းများ အကုန်စုံအောင် ပြင်ထားရသည်။ ဂဟေဆော်သူ၏ နံပါတ် (Welder No.), ဂဟေဆော်သည့် နည်းစနစ် (Welding Procedure Specification) စသည့် လက်မှတ်များယူ၊ Traceability record ထဲတွင်ဖြည့်။ ပိုက်ဆက်များကို ဂဟေဆော်ပြီး နောက် ကျောက်စက်တိုက် (grinding) သင့်တာတိုက်၊ wire brush ဖြင့် သန့်ရှင်းရေး လုပ်သင့်တာလုပ် စသည်တို့ လုပ်ထားမထားလည်း ကြည့်ရပါသည်။ သို့မှ စစ်ဆေးသည့်အခါ မျက်နှာကောင်းရမည်။ လုပ်တာက အလုပ်သမားတွေလုပ်တာ ဖြစ်ပေမင့် ဆဲလျှင် သူတို့ကို ဆဲမှာ မဟုတ်။ ကိုယ်ပဲ အဆဲခံရမည်။ အဆက်မကောင်းလျှင် welding foreman ကို ပြင်ဘို့ပြောရမှာ ကျူစီတွေရဲ့တာဝန်။ သည်တော့ အဆက် မကောင်း ဆိုလျှင် ဂဟေဆော်သူ အထောင်းခံရမှာ မဟုတ်။ ကျူစီတွေပဲ ခေါင်းကြိမ်းမည်။

သည်နေရာတွင် ကိုယ်က ပါးဘို့လိုသည်။ ဘယ့်နဲ့၊ paper work တွေလည်း ပြင်ရသေး။ သင်္ဘောပေါ်လည်း ပြေးရသေး။ တော်ကြာ ပစ္စည်းလိုလို့ လုပ်ပေးပါဦး ဆိုလည်း ကျွန်တော်တို့ပဲ စတိုသွားထုတ်။ လိုတဲ့ လက်မှတ်တွေ အပြည့်အစုံရအောင်လည်း အပြေးအလွှားရှာ။ သည်ကြားထဲ သည်အဆက်တွေ အကုန်လိုက်စစ်ကြည့်ရမယ်ဆို သေ သေရချည့်။

သည်တော့ လည်လည်ဝယ်ဝယ် ကုလားလေးတစ်ယောက်လောက် လူယုံမွေးထားဘို့လိုသည်။ Tellus တွင် ကျွန်တော် ဆုံခဲ့ရသည်မှာ ဟာနီစူး ဆိုသည့် ကုလားကလေး ဖြစ်ပါသည်။ သည်ကုလားကလေးက ကျွန်တော်တို့ထက် အတော်ကြီး နောက်ကျပြီးမှ ရောက်လာသည်။ သူက အတော့်ကိုလည်သည့် ကုလားကလေးဖြစ်ပါသည်။ နေရာတကာ စပ်စပ် စပ်စပ် ပါသည်။ သည်တော့ သူမသိတာ မရှိ။ နောက်ပြီး အတတ်မြန်သည်။ ကျွန်တော်ကတော့ သူ့ကို အလွန်သဘောကျပါသည်။ သူ့ကို လဖက်ရည်လေးဘာလေးတိုက်ကာ ပေါင်းထားရသည်။

ပိုက်ရှော့တွင် မည်သည့် spool များ စစ်ဆေးရန်အဆင်သင့်ဖြစ်နေပြီလဲ။ ကိုယ်တိုင်သွားကြည့်စရာမလို။ ဟာနီစူးကို မှာထားလို့ ရသည်။ ဟာနီစူးကလည်း စိတ်ချရပါသည်။ spool များ အားလုံးအဆင်သင့် ဖြစ်ပြီဆိုသည်နှင့် ရေဒီယို (walkie talkie) နှင့် လှမ်း အော်လိုက်သည်။ သည်တော့မှ ကိုယ်က စက်ဘီးကလေးနှင့် အပြေးအလွှားသွားကာ သေချာအောင် တစ်ချက်လောက် ထပ်ကြည့်ပြီး စာရွက်စာတမ်းကိစ္စများ လုပ်ရုံဖြစ်သည်။

သည်ကဲ့သို့ပင်၊ fit-up inspection ပြီးသွားပါကလည်း သည် spool များကို ဟာနီစူးလက် အပ်လိုက်ရုံဖြစ်သည်။ သူက သူ့ဟာသူ ကြည့်လုပ်သွားလိမ့်မည်။ ကျွန်တော်က နဂိုကတည်းက အဆက်များ ဂဟေဆော်ပြီးပါက သန့်ရှင်းရေးပါလုပ်ထားရန် ဟာနီစူးကို မှာထား လိုက်သည်။ ဟာနီစူးက သူ့အပေါင်းအဖော် ကုလားကလေးများကို ခေါ်ကာ ဟေ့ကောင်တွေ ဒါတွေဒါတွေလုပ်ဟု ညွှန်ကြားသည်။

သိပ်မကြာလိုက်ပါ။ ဟာနီစူး ယူနီဖောင်း အဖြူ ဖြစ်သွားသည်။ ပါးနပ်ခြင်း၊ သွက်လက်ချက်ခြာခြင်း၊ အလုပ်အပေါ် စိတ်ဝင်စား ခြင်း တို့၏ ရလဒ်ပါတည်း။ သည်လိုလူမျိုးကို အဖြူဝတ်ပေးခြင်းအတွက် ကျွန်တော် ၀မ်းသာပါသည်။ ကြီးကျယ်သော စူပါဗိုက်ဆာများကို ခိုင်းရတာ အင်မတန် လက်ပေါက်ကပ်သည်။ စိတ်ညစ်ရသည်။ ကျွန်တော်တို့က စစ်ဆေးရေးလုပ်ချင်လို့ ဒါလေး ကျောက်စက်တိုက်ထား စမ်းပါ ဆိုသည့်တိုင် လုပ်ချင်မှ လုပ်သည်။ တစ်ရက်နှင့်မပြီး။ နှစ်ရက်နှင့်မပြီး။ ဟာနီးစူးကျတော့ စိတ်ချရသည်။ ဟာနီစူးရေ့၊ ဒါလေး လုပ်ပေးစမ်းပါကွာ ဆိုသည်နှင့် သူ့လူများကိုခေါ်ကာ ချက်ခြင်းလုပ်ပေးသည်။ ဘာမှ ချေးမများ။

သည်တော့ သူနှင့်အတူလာသူ ကုလားလေးတွေ ကျောက်စက်တိုက်၊ ပိုက်လုံးကြီးများ မ, နေချိန်တွင် ဟာနီစူးမှာ ရေဒီယိုတစ်လုံး နှင့် လိုအပ်သည်များကို ညွှန်ကြားနေလေပြီ။ နောက်ပြီး လခလည်း တိုးသွားပါသည်။ အတုယူစရာပင် မဟုတ်ပါလော။

ယူနီဖောင်းအဖြူ ဆိုလို့ သင်္ဘောကျင်းများတွင် သူ့အဆင့်နှင့်သူ အိုဗာအော ဘွိုင်လာစွပ်ကြီးများ (Overall) အရောင်၊ ခမောက် (Helmet) အရောင် ခွဲထားပါသည်။ ဆူပါဗိုက်ဆာနှင့်အထက် က အဖြူရောင် အိုဗာအောများဝတ်ရသည်။ Keppel မှ ကျူစီများက ခဲရောင် ၊ သာမန် အလုပ်သမားများကတော့ အပြာရောင် ၀တ်ရသည်။ Smedvig က မိုဟာမက်တို့ကျတော့ အနီရဲရဲ ဖြစ်၏။

ခမောက်ကိုလည်း သူ့အဆင့်နှင့်သူ အရောင်ခွဲထားသည်။ ဆူပါဗိုက်ဆာနှင့်အထက်က အဖြူရောင်၊ သာမန်အလုပ်သမားများက အ၀ါရောင်၊ Safety များကျတော့ အပြာရောင်၊ ပစ္စည်းများ ချီမ,ရာတွင် လုပ်ရသည့် ကြိုးချည်သူ (Rigger) နှင့် အချက်ပြသူ (Signaler) များ ကျတော့ အနီရောင် ဆောင်းရသည်။ သို့အတွက် ၀တ်ထားသည့်အ၀တ်နှင့် ခမောက် အရောင်ကို ကြည့်လိုက်သည်နှင့် သူ ဘယ်အဆင့် ဆိုတာ မှန်းနိုင်သည်။

ထို့ပြင် ထိုသူ မည်သည့်ကုမ္ပဏီမှဖြစ်ကြောင်း သိနိုင်စေရန် အိုဗာအောများတွင် တံဆိပ်ရိုက်ထားရသည်။ သင်္ဘောကျင်းထဲတွင် အခြားအ၀တ် ၀တ်လို့မရ။ ကုမ္ပဏီတံဆိပ်နှင့်အင်္ကျီသာ ၀တ်ရသည်။ သည်တွင် ပြဿနာတစ်ခုရှိသည်။ ကျွန်တော်တို့ကို ထုတ်ပေးထားတာ နှစ်စုံလား၊ သုံးစုံလား၊ မမှတ်မိတော့ပါ။ နှစ်စုံ ထင်သည်။ သည်နှစ်စုံကို ချေးသပတ်လိုက်အောင်၊ ဒုံးပေကတ်သတ် ၀တ်ရသည်။ နောက်ပြီး နေ့တိုင်းလျှော်ဘို့ဆိုတာ မလွယ်။ အလုပ်လုပ်လို့ ပင်ပန်းသည်က တစ်ကြောင်း။ သည်အ၀တ်ကြီးက အင်္ကျီရော ဘောင်းဘီပါ တွဲထားသည် ဖြစ်ရာ အလေးကြီးဖြစ်၏။ မိုးများ စွေနေလျှင် တော်တော်နှင့် မခြောက်နိုင်။

(၁၄) ပိုက်ဆက်များကို ဓါတ်မှန်ရိုက်စစ်ခြင်း

ပိုက်အဆက်များကို ဂဟေဆော်ပြီးလျှင် အဆက်များကောင်းမကောင်း မျက်မြင် စစ်ဆေးရသည်။ ဂဟေဆော်သည် ဆိုတိုင်းလည်း ကြုံရာလူ ၀င်ဆော်လို့မရ။ သက်ဆိုင်ရာစာမေးပွဲကို အောင်ပြီးကြောင်းလက်မှတ်၊ ထိုလက်မှတ်အရ သင်္ဘောကျင်းက ဂဟေဆော်သူ ဆိုပြီး welder no. နှင့် တကွ ကဒ်ပြားထုတ်ပေးထားသူ ဖြစ်ရမည်။ Traceability မှတ်တမ်းထဲ စာရင်းသွင်းသည့်အခါ ထို ဂဟေသမား၏ နံပတ်ပါ ထည့်ရသည်။ ဆိုလိုသည်မှာ ထိုပိုက်အဆက် တစ်ခုခုဖြစ်လျှင် ထိုအဆက်ကို မည်သူဆော်ထားသနည်း ဟု နောက်ကြောင်းပြန် ခြေရာခံနိုင်စေရန် ဖြစ်သည်။ ထို့အပြင် သတ်မှတ်ထားသော ဂဟေဆော်နည်းစဉ် (WPS – Welding Procedure Specification) အတိုင်း ဆော်ရသည်။ ထို WPS ထဲတွင် မည်သည့် ဂဟေချောင်းဖြင့် ဆော်ရမည်။ မည်သည့် အနေအထားဖြင့် ဆော်ရမည်။ ဂဟေဆော်သည့် အမ်ပီယာ၊ ဗို့အား စသည် အားလုံး အသေးစိတ် ဖော်ပြထားသည်။

ကျွန်တော်တို့၏ welding foreman မှာ ကိုလိုး (Koloe) (တရုတ်) ဖြစ်သည်။ အလွန်သဘောကောင်းပါသည်။ ဂဟေဆော်လည်း အလွန်တော်သည်။ ထို့ပြင် ကျွန်တော်တို့ ကုမ္ပဏီတွင် အလွန် ဂဟေဆော်ကောင်းသော တရုတ်ကြီးနှစ်ယောက် ရှိသည်။ အရင်တုံးကတော့ မှတ်တမ်းထဲ နေ့တိုင်းလို ဖြည့်နေရသည်ဖြစ်ရာ သူတို့နာမည်နှင့် နံပါတ်ကို အလွတ်ရသည်။ ခုတော့ မေ့ကုန်ပြီ။ ထို့ပြင် ဘန်းဂလားဖိုမင် ကုလားကြီး တစ်ယောက်လည်း ရှိသေးသည်။ S.K. Alam ဟူ၏။ အသက်ကြီးပါပြီ။ အသက်ကြီးသဖြင့် စိတ်လည်းရှည်သည်။ ဂဟေဆော် တာ အလွန်သပ်ရပ်သည်။ ကျွန်တော်တို့ကို low levy ဖြေရန် အတင်း ဂဟေဆော်လေ့ကျင့်ခိုင်းတုံးက သင်ပေးသူမှာ သူပင် ဖြစ်သည်။

Visual inspection မျက်မြင်စစ်ဆေးပြီးသည်နှင့် ပိုက်များကို သတ်မှတ်ထားသော ရာခိုင်နှုံးအလိုက် စမ်းသပ်ရသည်။ ဤနေရာတွင် ပိုက်အဆက်များ စမ်းသပ်ပုံစမ်းသပ်နည်း အချို့ကို ဗဟုသုတအဖြစ် အနည်းငယ် ဖော်ပြပါမည်။

မျက်စိဖြင့် ပိုက်အဆက်များကို ကောင်းမကောင်း စစ်ဆေးခြင်းသည် အပေါ်ယံကိုသာ ကြည့်လို့ရသည်။ အထဲမှာ ဘာဖြစ်နေသည် ကိုမသိရ။ သို့အတွက် ပိုက်အဆက် အသားထဲမှ ပြစ်ချက် အနာအဆာများကို စစ်ဖို့ ပိုက်အဆက်ကိုလည်း မပျက်စီးစေသော စစ်နည်း (NDT – Non Destructive Testing) ဖြင့် စမ်းရသည်။

NDT တွင် စမ်းသပ်နည်း များစွာရှိသည်။ သို့သော် အများသုံးနည်းများမှာ ၁။ သံမှုန်များဖြင့် အက်ရာရှာခြင်း (MPI – Magnetic Particle Inspection)၊ ၂။ ဓါတုဆေးရည်ဖြင့် အက်ရာရှာခြင်း (Liquid Penetrant Testing)၊ ၃။ ဓါတ်မှန်ရိုက်ခြင်း (Radio Graphic Inspection) (X-Ray or Gamma Ray)၊ ၄။ ကြိမ်နှုံးမြင့်အသံလှိုင်းဖြင့် စမ်းခြင်း (Ultrasonic Testing) တို့ဖြစ်သည်။

MPI ဟူသည် ပိုက်အဆက်ပေါ် သံမှုန်ကလေးများ ဖြူးလိုက်ကာ ပိုက်အဆက်ကို သံလိုက်ဓါတ်ပေးလိုက်ခြင်းဖြင့် ပိုက်အဆက်တွင် အက်ရာရှိမရှိ စမ်းသပ်သောနည်းဖြစ်သည်။ အကယ်၍ အဆက်တွင် အက်ရာရှိခဲ့ပါက သံမှုန်ကလေးများသည် အက်ရာတစ်လျှောက် သွားစုနေသဖြင့် အက်ရာကို အလွယ်တကူ ရှာနိုင်သည်။ သို့သော် MPI က မျက်နှာပြင်ပေါ်မှ အက်ရာကိုသာ စမ်းနိုင်သည်။

Liquid Penetrant Test မှာလည်း အလားတူပင် ဖြစ်ပါသည်။ ဓါတုဆေးရည်များကို ပိုက်အဆက်ပေါ်လောင်းချလိုက်ခြင်းဖြင့် ထိုဆေးရည်များက မည်သည့်နေရာတွင် အက်နေသည်ဆိုခြင်းကို ဖော်ပြပေးသည်။ ထိုနည်းမှာလည်း မျက်နှာပြင်ပေါ်မှ အက်ရာကိုသာ စမ်းနိုင်သည်။

ပိုက်ဆက် အသားအတွင်းမှ အနာအဆာများကို စမ်းဘို့ကျတော့ ခုန နှစ်နည်းနှင့် မလုံလောက်။ ဓါတ်မှန်ရိုက်ကြည့်ရသည်။ လူများ၏ အတွင်းကလီစာကို စစ်ဆေးဘို့ ဓါတ်မှန်ရိုက်သည်နှင့် အလားသဏ္ဍာန်တူပါသည်။ များသောအားဖြင့် ဂမ်မာရေး ကို သုံးသည်။

ပိုက်ဆက်အသားအတွင်းကို စစ်ဆေးသည့် နောက်တစ်နည်းမှာ အာထရာဆောင်း ဖြစ်ပါသည်။ ဤနည်းမှာလည်း လူများတွင် ရိုက်သော အာတရာဆောင်းနှင့် အတူတူပင်ဖြစ်ပါသည်။

သင်္ဘောသည် ပင်လယ်အတွင်း ခုတ်မောင်းမည်ဖြစ်ရာ ပိုက်အဆက်များကို ကောင်းမကောင်း သေချာအောင် စမ်းသပ် စစ်ဆေးရ သည်။ ဤကဲ့သို့ စမ်းသပ်ရာတွင် သက်ဆိုင်ရာ စနစ်များအလိုက် ရာခိုင်နှုံးများ သတ်မှတ်ပေးထားသည်။ ဥပမာ - ဆီတိုင်ကီထဲတွင် အပူပေး သော Heating Coil System ဆိုလျှင် ၀ပ်ရှော့တွင် ဂဟေဆော်သော အဆက်များအတွက် X-Ray 5%, သင်္ဘောပေါ်တွင် ဂဟေဆော်သော အဆက်များအတွက် X-Ray 10% စသဖြင့် ဖြစ်သည်။ အရေးကြီးလိုင်းဖြစ်လေ X-Ray ရိုက်ရသောအဆက် ပိုများလေ ဖြစ်သည်။

မည်သည့်အဆက်ကို မည်သည့်နည်းဖြင့် ဘယ်နှရာခိုင်နှုံးစစ်ရမည် ဆိုသည်ကို အင်ဂျင်နီယာဌာနက ဆုံးဖြတ်ပေးသည်။ ကျွန်တော်တို့ အလုပ်မဟုတ်။ သူတို့သတ်မှတ်ပေးထားသည့်အတိုင်း ကျွန်တော်တို့က ဂဟေဆော်ထားသော အဆက်များကို NDT စစ်ရန် request တင်ရသည်။ မိမိကိုင်နေသော စနစ်ကို မည်သည့် NDT, ဘယ်နှရာခိုင်နှုံး စသည်ကို မိမိက သိထားရသည်။

တကယ်ဖြစ်ရမှာက ဂဟေဆော်ထားသည့်အဆက်မှန်သမျှထဲမှ ကျပန်းကောက်ယူကာ သတ်မှတ်ထားသော ရာနှုံးအတိုင်း စစ်ရန်ဖြစ်သည်။ သို့သော် လက်တွေ့ကျတော့ သည်လိုလုပ်လို့မရ။ ပါးရည်နပ်ရည်ရှိဘို့ လိုသည်။ ကျွန်တော်ရောက်စက အထာမပေါက်။ နီးစပ်ရာ spool များ ကောက်ကက်တင်ပေးလိုက်သည်။ နောက်တော့ ပို့လိုက်သည့် အဆက်များ X-Ray fail (ဓါတ်မှန်စစ်ချက် ကျသည်) ဟု ပြန်လာသည်။ သည်တွင် ကောင်းကောင်း အထောင်းခံရတော့သည်။

NDT ဌာနမှ တာဝန်ခံမှာ အတီး (Ah Tee) ဆိုသူ တရုတ်အဖိုးကြီး ဖြစ်ပါသည်။ မျက်ခမ်းစပ်စပ်နှင့်။ စကားအင်မတန်များသည်။ ပို့လိုက်သောဂျိုင့်များ အိတ်စ်ရေးကျပြီဆိုလျှင် ကျွန်တော်မသက်သာ။ အတီး၏ အော်တာငေါက်တာ ခံရတော့သည်။ ဟင် - ကောင်လေး။ ဘာနားမလည်၊ ညာနားမလည်နဲ့။ မင်းမသိရင် ကိုလိုး (welding foreman) သွားမေးပါလားကွ၊ ဘာညာ နှင့် ဆူညံပွက်လောရိုက်နေပါ တော့သည်။

အဘယ်ကြောင့်ဆိုသော် ပိုက်ဆက်များကို ဂဟေဆော်ရန်မှာ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့်အတိုင်း လက်မှတ်ရ (Certified Welder) မှဖြစ်မည်။ သို့သော် ရာနှင့်ချီနေသော သည်ပိုက်ဂျိုင့်များကို ဂဟေဆော်ဘို့ရာ ကုမ္ပဏီတွင် လက်မှတ်ရ ဂဟေသမား အလုံအလောက်မရှိ။ သည်တော့ အနည်းအပါးဆော်တတ်သည့် ကုလားကလေးများကို ခိုး ဆော်ခိုင်းသည်။ ကျွန်တော်ပို့သည့် ပိုက်ဂျိုင့်များ တွင် ထိုကုလားလေးများ ဆော်ထားသော အဆက်များပါသွား၍ ကျခြင်းဖြစ်သည်။

မြန်မာပြည်က လူတွေကတော့ သည်လောက်အဖြစ်သည်း နေတာ ရီချင်ပါလိမ့်မည်။ သူတို့ကတော့ သံအရည်ပျော်ပြီး ဆက်သွား လျှင် ဂဟေဆော်တတ်သည်ဟု ယူဆထားသည်ကိုး။

ဂဟေဆော်တာ အတွေ့အကြုံ အလွန်အရေးကြီးပါသည်။ ကျကျနန မဆော်တတ်လျှင် ပိုက်ဂျိုင့်မှာ အမြင်အရ မည်မျှပင်ကောင်း နေစေကာမူ အတွင်းသားတွင် ပြဿနာရှိသည်။ ပူလွန်းသွားသဖြင့် ပိုက်သား စားသွားတာမျိုး၊ လုံလောက်သော penetration မရတာမျိုး၊ ပိုက်သားထဲ ချော်ရောသွားတာမျိုး၊ လေခိုတာမျိုး၊ အတွင်းဘက်တွင် ပူလွန်းသဖြင့် အက်သွားတာမျိုး စသဖြင့် အပြစ်အနာအဆာ အလွန် များပါသည်။ တော်ရုံလူ နားမလည်နိုင်ပါ။ (ကျွန်တော်ရေးသော ပိုက်ပြင်ပိုက်ဆက်လက်စွဲ စာအုပ်တွင် ဂဟေဆော်ခြင်းအကြောင်းပါ ထည့်ရေးထားရာ ဂဟေဆက်ကြောင်း၏ အပြစ်အနာအဆာများအကြောင်း အတော် ပြည့်ပြည့်စုံစုံလေး ထည့်ထားပါသည်။ ဤကား စကားချပ်။)

သည်လို အဆဲခံလိုက်ရတော့မှ ဘာလုပ်ရမလဲ နားလည်သွားပါသည်။ နောက်များတွင်မတော့ အထက်တွင် ကျွန်တော်ပြော ခဲ့သည့် အင်မတန်တော်လှသော welder ကြီးများကို သူတို့ဆော်ထားသည့် spool များကို သပ်သပ်ထားရန် မှာထားလိုက်သည်။ NDT အတွက် ပို့ရမည်ဆိုတော့ သည်spool များကိုသာ ပို့လိုက်သည်။ သည်တော့ ပို့လိုက်သည့် အဆက်တိုင်း အောင်။ အဆင့်ကိုပြေလို့။ အမှန်ဆိုလျှင် သည်လို လုပ်လို့ မရပါ။ ကျွန်တော်တို့ အကြံအဖန်လုပ်ခြင်းသာ ဖြစ်ပါသည်။ မတတ်နိုင်။ အိတ်စ်ရေးကျတိုင်းသာ ပြန်ဆော်နေရလျှင် တော်တော်နှင့် ခရီးရောက်မည် မဟုတ်။

လိုအပ်သည့် spool များကို NDT စစ်ဘို့ ပို့ထားစဉ် ကျန်သည့် spool အားလုံးကို ချေးချွတ် (blasting) ဖို့၊ ဆေးမှုတ် (painting) ဖို့ ပို့ရသည်။ ပိုက်များကို ချေးချွတ်ရာတွင် ချော်မှုန်ကလေးများအား ဖိအားဖြင့်လေ (compressed air) နှင့် မှုတ်ကာ ချွတ်ခြင်း ဖြစ်သည်။ ချော်မှုန်များ၏ အားသာချက်မှာ လေအားဖြင့်မှုတ်ပြီး ချေးချွတ်ပြီးသည့်တိုင် ဖုံများ ဖြစ်မသွားခြင်းပင် ဖြစ်ပါသည်။ Blasting မည်မျှ အားကောင်းသနည်း ဟူမူ သင်္ဘောကိုယ်ထည်တွင် ကပ်နေသည့် သံချေးအချပ်လိုက်ကြီးများကိုပင် ကွာကျသွားအောင် ပြင်းပါပေသည်။

ဤသို့ လေအားဖြင့် ပန်းကာ ချေးချွတ်လိုက်မှ ပိုက်တွင်ကပ်နေသည့် အညစ်အကြေးမှန်သမျှ ကွာကျသွားကာ သန့်စင်သွားသည်။ သို့မှ ဆေးသုတ်သောအခါ ဆေးမှာ ခိုင်ခိုင်မြဲမြဲ တွယ်ကပ်နေမည် ဖြစ်သည်။ Blasting လုပ်ပြီးလျှင် ဆေးသုတ်ရသည်။ ဤတွင် ချေးချွတ်သည်၊ ဆေးသုတ်သည်ဆိုရာ၌လည်း သတ်မှတ်ထားသော စံနှုံး (specification) များအလိုက်လုပ်ရခြင်း ဖြစ်သည်။ သုံးရမည့် ချော် မှုန် အရွယ်အစား၊ လေဖိအား ပေါင်မည်မျှရှိရမည်။ ဆေးဆိုလျှင်လည်း primer coat, final coat, enamel paint စသဖြင့် မည်သည့် ဆေးကို ဆေးအလွှာ မည်မျှအထူ၊ ဘယ်နှစ်ထပ် သုတ်ရမည်၊ ဘာရောင် ဆိုသည်ကို သေသေချာချာ ဖော်ပြထားပါသည်။ Blasting & Painting လုပ်သည့် ကန်ထရိုက်တာ သပ်သပ်ရှိသည်။ သူတို့က ချေးချွတ်ခြင်းနှင့် ဆေးသုတ်ခြင်းကို အထူးလုပ်သည်။ တခြားဘာမှ မလုပ်။ ချေးချွတ်လိုသူ၊ ဆေးသုတ်လိုသူမှန်သမျှ သူတို့ဆီသွားရသည်။

သည်တွင် အရေးကြီးတာ တစ်ခုရှိပြန်ပါသည်။ ပိုက်များကိုဆင်ရာတွင် drawing အရဆင်ခြင်းဖြစ်သဖြင့် ဆင်ထားသည့် သည် spool သည် မည်သည့်ပုံ၊ မည်သည့်သင်္ဘောအတွက်၊ မည်သည့်စနစ်အတွက်၊ မည်သည့်နေရာမှ ပိုက်ဆိုသည်ကို သိရန် လိုပါသည်။ သည်သို့သိနိုင်ရန် လုပ်သမျှ spool ပေါ်တွင် spool no. များ ရေးမှတ်ထားရသည်။

အကယ်၍ မိမိရေးထားတာသည် သာမန် paint marker ဖြင့်သာဆိုပါက blasting & painting လုပ်လိုက်သည်နှင့် ထိုနံပါတ်များ အားလုံး ပျောက်သွားပါသည်။ ထိုအခါ အကြီးအကျယ် ပြဿနာတက်ပါတော့သည်။ ကုမ္ပဏီပေါင်းစုံမှ ရာဂဏန်းမျှသော ထို spool များအကြား သည် spool သည် မည်သည့်ပုံအတွက်၊ မည်သည့်သဘောင်္၊ မည်သည့် စနစ်၊ မည်သည့်နေရာအတွက် ဆိုသည်ကို မည်သူ သိနိုင်ပါမည်နည်း။ ရှာရန် မလွယ်တော့ပါ။ သေပြီဆရာဟု အော်ရုံမှတပါး ဘာမှ မတတ်နိုင်တော့ပါလေ။

သည်တော့ blasting & painting ပို့ရမည့် ပိုက်spoolများပေါ်တွင် spool no. များကို ဂဟေဆော်ကာ ရေးခိုင်းရပါသည်။ ဂဟေသားဖြစ်သဖြင့် မည်သို့မှ မပျောက်နိုင်တော့ပါလေ။

ဤသည်တို့မှာ ကျွန်တော်တို့လုပ်ခဲ့ရသော သင်္ဘောကျင်းကျူစီဘ၀ တစ်စိတ် တစ်ဒေသ ဖြစ်ပါသည်။ နောက်လတွင် စင်ကာပူတွင် ထိုစဉ်က ကျွန်တော်တို့မည်ကဲ့သို့ နေခဲ့ထိုင်ခဲ့ရသည်။ မည်သို့သော ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ကြရသည် ဆိုသည်များကို ဆက်လက် ရေးသားပါမည်။

Saturday, February 26, 2011

Friday, February 25, 2011

ဂျီဒီပီ

“ပြောစရာနည်းနည်းရှိလို့ပါ” ကို ရေးလိုက်တော့ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းများဆီက email တွေပြန်လာတယ်။ အများစုက နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေဆိုတော့ ကျွန်တော်နဲ့ တစ်စိတ်ထဲ တစ်ဝမ်းထဲပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် ကို လူတိုင်း ထောက်ခံမယ်လို့ မယူဆနိုင်ဘူး။ မြန်မာပြည်ထဲကလူတွေ ဖတ်ရရင်တော့ ဆဲမလား၊ ခဲနဲ့ထုမလား။ အနည်းဆုံးတော့ နောက်ကွယ်မှာ အတင်းပြောတာ၊ တီးတိုးတီးတိုး သဖန်းပိုးလုပ်တာ၊ မျက်စောင်းထိုးသွားတာ ဖြစ်နိုင်တာပေါ့။


အဲဒီ ပြန်လာတဲ့စာတွေထဲမှာ ကိုရဲဂေါင် က ပြောလာတယ်။

“တစ်ခုတော့သိပ်နားမလည်ဘူး.....အစ်ကိုတွက်တဲ့ စလုံးကနေမြန်မာပြည်ကို ခန့်မှန်းပို့တဲ့ ငွေပမာဏ Unit နဲ့ Nominal GDP unit ကတူမယ် မထင်ဘူး....... အဲဒါလေးကို အကိုအချိန်ရရင် ဆွေးနွေးပေးပါလား” တဲ့။

ကျွန်တော်က “တာယာအန္တရာယ်ကင်းဝေးရေး” ရယ်။ မလေးရှားမှာထုတ်တဲ့ မဂ္ဂဇင်း ‘အပြင်စီး’ အတွက် ဆောင်းပါးရယ် (ဆောင်းပါးက ခု တနင်္ဂနွေ နောက်ဆုံးထားပေးရမယ်) တပြိုင်နက်ထဲ ရေးနေတော့ သိပ်အားလှလို့တော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ကိုရဲဂေါင်ပြောလာတာ လေး အကြွေးမထားချင်လို့ ရေးလိုက်တာ။ မနက် ၆ နာရီခွဲ အိပ်ယာကထရမှာပေမဲ့ ညက အဲဒီ GDP တွေ စုနေတာ ည သန်းခေါင်ကျော်၊ ၁ ချက်တီးခါနီးသွားတယ်။ ဒါ ကိုယ်ကရေးချင်နေတာကိုး။

ဒီလိုမေးလာတဲ့ ကိုရဲဂေါင်ကို အများကြီးကျေးဇူးတင်ကြောင်း ပထမဆုံးပြောပြစေ။

ကျွန်တော်မြန်မာပြည်မှာရှိစဉ် အရင်တုံးက နှစ်ကုန်တိုင်း စာပေဗိမာန်ကထုတ်တဲ့ အစိုးရရဲ့ တစ်နှစ်စာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ နှစ်ချုပ်အစီရင်ခံစာ စာအုပ်ကြီးကို ၀ယ်ပြီးဖတ်လေ့ရှိပါတယ်။ နှစ်တိုင်းမဟုတ်တောင် ရန်ကုန်ရောက်ခိုက် လမ်းကြုံရင် ၀ယ်လေ့ရှိပါတယ်။ ကျွန်တော်က စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေကို အရမ်းဝါသနာပါတယ်။ ဒီတော့ ကိုယ့်တိုင်းပြည်က ထုတ်ကုန်တွေ၊ သွင်းကုန်တွေ၊ အစိုးရရဲ့ အသုံးစရိတ်တွေ၊ ပညာရေး၊ ကျန်းမာရေးအခြေအနေတွေကို သိချင်ပါတယ်။ အဲဒီအတွက် အဲဒီစာအုပ်ကြီးကို ၀ယ်ဖတ်တာပါ။ အခါအားလျော်စွာ သတင်းစာထဲပါလာတဲ့ အဲဒီ ကိန်းဂဏန်းတွေကိုလည်း ဖြတ်ပြီးဖိုင်တွဲသိမ်းထားတာ ခုထိ ရန်ကုန်က စာအုပ်စင်ပေါ်မှာ အဲဒီ (လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ဖြတ်ပိုင်း) ဖိုင်ကြီးတွေ ရှိပါသေးတယ်။

အမှန်အတိုင်း ပြောရရင် အစိုးရက ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေရဲ့ ၈၀ ရာခိုင်နှုံးလောက်ကို ကျွန်တော် အယုံအကြည်မရှိပါဘူး။ တကယ်အတိအကျ survey မလုပ်ဘဲ ရမ်းသမ်းမှန်းသမ်း တုတ်ထားတဲ့ ကိန်းဂဏန်းတွေကြောင့် မို့လို့ပါ။ ဒါ့အပြင် ကောင်းတာဆို သာသာထိုးထိုးလေး လုပ်တတ်ပြီး မကောင်းတာဆို discount ချတတ်တဲ့ ၀ါသနာလည်း ပါတာကိုး။

ဒါဆို ဒီ GDP ဆိုတာကြီးကို နည်းနည်းပြန်ကြည့်ရအောင်။

Gross domestic product (GDP) refers to the market value of all goods and services produced within a country in a given period. It is often considered an indicator of a country's standard of living. Gross domestic product is related to national accounts, a subject in macroeconomics. လို့ wikipedia မှာ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ (http://en.wikipedia.org)

အတိုဆုံးအရှင်းဆုံးပြောရရင် တိုင်းပြည်တစ်ခုရဲ့ ဂျီဒီပီ ဆိုတာ အဲဒီတိုင်းပြည်ရဲ့ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း ထုတ်လုပ်လိုက်တဲ့ပစ္စည်းတွေ နဲ့ ၀န်ဆောင်မှုတန်ဘိုးအားလုံး စုစုပေါင်းရဲ့ ဈေးကွက်တန်ဘိုး ပါဘဲတဲ့။

ဒါကို ပုံသေနည်းနဲ့ ပြောရရင် -

GDP = private consumption + gross investment + government spending + (exports − imports)

ဂျီဒီပီ = တိုင်းသူပြည်သားတွေရဲ့ စားသုံးမှု + စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု + အစိုးရအသုံးစရိတ် + (ပို့ကုန် - သွင်းကုန်)


ဒီမှာ Gross ဆိုတာ နည်းနည်းပြောချင်ပါတယ်။ သိပြီးသားသူတွေ သည်းခံပါ။ မသိသေးတဲ့ သူများအတွက် ရည်ရွယ်ပါတယ်။

ခု ခင်ဗျားတို့ ဘေးနားက ကော်ဖီပုလင်းမှာ ကပ်ထားတဲ့စာကို ဖတ်ကြည့်လိုက်ပါ။
အဲဒီမှာ Net WT : 200g ဆိုတာ တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက ဒီပုလင်းထဲမှာပါတဲ့ ကော်ဖီမှုန့်အလေးချိန်သည် ၂၀၀ ဂရမ် ရှိပါတယ် လို့ ဆိုလိုတာပါ။ အဲဒီ ၂၀၀ ဂရမ်ထဲမှာ ပုလင်းတို့၊ ပုလင်း အဖုံးတို့၊ စက္ကူအလေးချိန်တို့ မပါပါဘူး။ ဒီပုလင်းကြီးတစ်ခုလုံးကို ချိန်ခွင်ပေါ်တင်ချိန်ကြည့်လိုက်ပါ။ ၃၅၀ ဂရမ်လောက် ဖြစ်ချင်ဖြစ် နေပါလိမ့်မယ်။ ကော်ဖီမှုန့်အပါအ၀င် အဲဒီပုလင်းတစ်ခုလုံးရဲ့ အလေးချိန်သည် Gross Weight ဖြစ်ပါတယ်။ Gross Weight ထဲက ပုလင်း၊ အဖုံး၊ စက္ကူ တို့ရဲ့ အလေးချိန်ကို နှုတ်လိုက်ရင် ကော်ဖီမှုန့် အလေးချိန်ရပါမယ်။ အဲဒါ Net Weight ပါ။


ဒါဆိုရင် GDP ဆိုရာမှာ တိုင်းပြည်က ထုတ်လိုက်တဲ့ သဗ္ဗဒါနံအားလုံးပါတယ် လို့ဆိုလိုကြောင်း သဘောပေါက်လောက် ပါပြီ။

ဂျီဒီပီတွက်ပုံတွက်နည်းတွေဟာ ငွေကြေးဆိုင်ရာ စာရင်းဇယားတွေကိစ္စမို့ အတော်လေး ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အထက်က ပုံသေနည်းကို ကြည့်လိုက်ရင်တော့ အကြမ်းဖျဉ်း ဂျီဒီပီ ဆိုတာကို ရိပ်မိလောက်ပါတယ်။ ကုန်ထုတ်လုပ်သူတွေရဲ့ ထုတ်ကုန်တွေ၊ လယ်သမားတွေရဲ့ သီးနှံအထွက်တွေ၊ လက်လီအရောင်းတွေ၊ ဆောက်လုပ် ရေးသမားတွေရဲ့ သုံးစွဲမှုတွေကစပြီး ဝန်ဆောင်မှုတွေအထိပါတယ်။ အင်မတန် ကြီးမားကျယ်ပြန့်တဲ့ တစ်တိုင်းပြည်လုံးရဲ့ စီးပွားရေး ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေကို GDP ထဲမှာ အကုန်ထည့်သွင်း ထားတယ်။ အသေးစိတ်သိချင်ရင် အထက်မှာ ဖော်ပြခဲ့တဲ့ ရည်ညွှန်း website: wikipedia မှာ ဖတ်ကြည့်ဘို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တော့ အသေးစိတ် မရေးတော့ပါဘူး။

တိုင်းပြည်တစ်ခုရဲ့ ဂျီဒီပီ ဟာ အဲဒီတိုင်းပြည်ကလူတွေရဲ့ လူနေမှုအဆင့်အတန်းကို ဖော်ညွှန်းနေတယ် လို့ ယူဆကြပေမဲ့ စီးပွားရေးပညာရှင်တွေကတော့ သဘောမကျပါဘူး။ ဂျီဒီပီတက်တိုင်း လူတွေ လူနေမှုအဆင့်အတန်း မြင့်လာတာ မဟုတ်ပါဘူးတဲ့။ ကမ္ဘာတစ်လွှားက အစိုးရ အတော်များများကတော့ GDP တစ်ခုတည်းကို ကြည့်ပြီး တိုင်းပြည်စီးပွားရေး တိုးတက်တယ်၊ မတိုးတက်ဘူးလို့ ပြောတတ်ကြတယ်။

နိုင်ငံတကာနဲ့ နှိုင်းယှဉ်နိုင်ဘို့အတွက် နိုင်ငံတစ်ခုရဲ့ GDP ကို ဖော်ပြရာမှာ အမေရိကန်ဒေါ်လာနဲ့ ဖော်ပြလေ့ရှိပါတယ်။ အဲဒီလို ဖော်ပြရာမှာလည်း တိုင်းပြည်ရဲ့ထုတ်ကုန်ကို နိုင်ငံတကာ ငွေလဲနှုံးအတိုင်း ပြောင်းလဲ ဖော်ပြတာဖြစ်ပါတယ်။ ဒီမှာ မြန်မာနိုင်ငံအတွက် ပြဿနာက ဘယ်ငွေဈေးနှုံးနဲ့ ပြောင်းမလဲ ဆိုတာပါ။ ဒီကနေ့ မြန်မာနိုင်ငံငွေကြေးရဲ့ အစိုးရသတ်မှတ်နှုံးက (နိုင်ငံတကာဈေးကွက်မှာ)

1 USD = Myanmar Kyats 6.51 ပဲရှိပါတယ်။ မယုံရင် online currency converter မှာ တွက်ကြည့်ပါ။ အောက်ကဇယားမှာတော့ 5.5 – 5.7 လို့ ပြထားပါတယ်။ ဒါပေမဲ့ လက်တွေ့ဈေးကွက်မှာ ပေါက်ဈေးက ၉၀၀ လောက် ဖြစ်နေပါတယ်။ ဒါဆို ကျွန်တော်တို့ ၀င်ငွေ၊ ထုတ်ကုန်တန်ဘိုးတွေတွက်ရင် ဘယ်နှုံးနဲ့တွက်မလဲ ဆိုတာ ပြဿနာပါ။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂျီဒီပီ ရာခိုင်နှုံးတော်တော်များများဟာ ကုန်ထုတ်လုပ်မှုကနေရတာ မဟုတ်ဘဲ သဘာဝ အရင်းအမြစ်တွေကို ရောင်းလို့ရတာ ဖြစ်နိုင်ပါတယ် လို့ နိုင်ငံတကာ စီးပွားရေးပညာရှင်များက သုံးသပ်ပါတယ်။ ကျွန်တော်တို့ အစိုးရကတော့ သိတဲ့အတိုင်းပဲ တိုင်းပြည်မှာ ဘာကြီးဖြစ်နေဖြစ်နေ၊ နိုင်ငံတော်ရဲ့ GDP တိုးတက်မှုနှုံးဟာ ၂ဝဝဝ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ ၆-နှစ်တိုင်တိုင် ၁၀ ရာခိုင်နှုံး ကျော်တယ် လို့ အတင်းအဓမ္မ ပြောနေပါတယ်။ (စင်ကာပူရဲ့ GDP ကတော့ ၂၀၁၀ မှာ ၁၄ % တက်တယ်လို့ အစိုးရကကြေငြာပါတယ်။) ဒါပေမယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အဖွဲ့မျိုးက ၂ဝဝ၃-၂ဝဝ၄ ခုနှစ်မှာ မြန်မာပြည် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက (Zero Growth) သုည ဖွံ့ဖြိုးမှုလို့တောင် တွက်ချက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၁၁ ခုနှစ်အတွက် ၄% ပဲရှိမယ်လို့ Economist Intelligence Unit အဖွဲ့ကလည်း ခန့်မှန်းထားပါတယ်။ အဓိက ကုန်သွယ်မှုလုပ်ငန်းမှာလည်း သဘာဝဓါတ်ငွေ့နဲ့ ကျောက်မျက် ရောင်းဝယ်မှုတွေပဲ ဖြစ်မယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့က ထုတ်ပြန်ထားတဲ့ ဂျီဒီပီ နဲ့ စီးပွားရေး အခြေအနေအရပ်ရပ်ကို အောက်က ဇယားမှာ ကြည့်နိုင်ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၆ ဇန်နဝါရီလ တုံးက ၂ဝဝ၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသား တယောက်ရဲ့ တစ်နှစ်ဝင်ငွေဟာ ကျပ် (၁၆၇,ဝဝဝ) ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ခုပြောပုံကို ကြည့်ပါဦး။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြုလုပ်တဲ့ စက်မှုကုန်ထုတ်လုပ်သူများ အသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းဝေးပွဲမှာ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦးရဲ့ တစ်နှစ်ဝင်ငွေဟာ ၃၄၉,ဝဝဝ ကျပ် ရှိပြီး ရန်ကုန်သားတစ်ဦး တနှစ်ဝင်ငွေ ၆၃၅,၆၆၈ ကျပ် ရှိတယ်လို့ ပြောပါတယ်။ ဒါဆို ၃ နှစ်အတွင်း လူတစ်ယောက်ရဲ့ဝင်ငွေ နှစ်ဆကျော် တိုးလာတယ် ဆိုတာ ဟုတ်နိုင်ပါ့မလား။ ဘယ်အထောက်အထားတွေနဲ့ ဘယ်ညွှန်းကိန်းတွေအရ ပြောတာလဲ။

မြန်မာနိုင်ငံဟာ ၂ဝဝ၇-၂ဝဝ၈ တွေမှာ ထိုင်းကို သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၂၆ဝဝ လောက်ရခဲ့တယ်လို့ ဆိုပါတယ်။ သဘာဝဓါတ်ငွေ့ကိုလည်း နှစ် ၂ဝ စာချုပ်နဲ့ ဒေါ်လာ သန်း ၂၄ဝဝဝ (တနှစ်လျှင် ဒေါ်လာ သန်း ၁၂ဝဝ) ရတယ်လို့ စီးပွားရေး သတင်းတွေမှာ ဖတ်ရပါတယ်။

ကဲ ဒါဆို ကိုရဲဂေါင် မေးထားတဲ့ ကျွန်တော်တို့တွေ မြန်မာပြည်ပြန်ပို့နေတဲ့ငွေတွေဟာ မြန်မာနိုင်ငံ GDP ရဲ့ ဘယ်လောက်ရှိနိုင်မလဲ ဆိုတာ နည်းနည်း ခန့်မှန်းကြည့်ရအောင်။ ဒါပေမဲ့ နိုင်ငံခြားကို ထွက်အလုပ်လုပ်နေတဲ့ မြန်မာတွေ ဘယ်လောက်များသလဲ ခန့်မှန်းရခက်တဲ့အတွက် တွက်ဖို့ လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ မဟုတ်နှစ်ခု၊ အဟုတ်တစ်ခု နည်းနဲ့တွက်ကြည့်မယ်။

CIA ရဲ့ The World Factbook မှာ (Ref: https://www.cia.gov/library/publications/the-world-factbook/) -

GDP real growth rate : 3.1% (2010 estimate)
GDP per Capita (PPP): $1100 (2010 estimate)
GDP (purchasing power parity): $60.07 billion (2010 est.)
Export : $7.841 billion (2010 est.) လို့ ဖော်ပြထားပါတယ်။

Global Finance website မှာတော့ မြန်မာနိုင်ငံရဲ့ ၂၀၁၀ GDP ကို US$ 35.646 billion လို့ဖော်ပြထားပြီး GDP (purchasing power parity) ကိုတော့ US$76.24 billion (2010 est.) လို့ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်နှစ်ခု ကွဲလွဲနေတာကိုလည်း သတိထားမိကြပါလိမ့် မယ်။ ဒါပေမဲ့ ခန့်မှန်းခြေအနေနဲ့ပဲ တွက်ပါမယ်။

တကမ္ဘာလုံးကို ထွက်အလုပ်လုပ်နေတဲ့ မြန်မာဦးရေ ဘယ်လောက်ရှိမလဲ။ မြန်မာတစ်နိုင်ငံလုံးလူဦးရေ သန်း ၆၀ လောက်ရှိတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်က ၆၅ % ပဲရှိတယ်။ ဒါဆို ၃၉ သန်း အလုပ်လုပ်နိုင်မယ်။ ဒါပေမဲ့ တကယ်အလုပ်လုပ်တာကျ အဲဒါရဲ့ ၈၀ % ပဲ ရှိတယ်။ ကျန်တဲ့ ၂၀ % က ဟေးလားဝါးလား ကင်မွန်းကြိုင်နေကြတာ။ ဒီတော့ တကယ် အလုပ်လုပ်တာ ၃၁ သန်းပဲ ရှိတယ်။ ဒါဆို အကြမ်းဖျဉ်း ခန့်မှန်းလို့ရပြီ။ နိုင်ငံခြားသွားအလုပ်လုပ်နေတာ ဆယ်သန်းမရှိနိုင်တော့ဘူး။ ဒါ့အပြင် နိုင်ငံခြားရောက်နေတဲ့ သူတိုင်းလည်း အလုပ်လုပ်တာမဟုတ်ဘူး။ မှီခိုတွေ အများကြီးပါနေတယ်။ မလေးရှားနဲ့ထိုင်းမှာတော့ အများဆုံးပဲ။ စင်ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ တရုတ်၊ ယူအေအီး၊ ဒူဘိုင်း၊ အမေရိကား၊ အင်္ဂလန်၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ အများကြီးပါ။ စုလိုက်ရင် တစ်သန်းခွဲလောက်တော့ ရမယ်ထင်တယ်။ ထားပါ တစ်သန်းပဲ။

ပြီးခဲ့တဲ့ ပို့စ်မှာ ကျွန်တော်က မြန်မာပြည် ပြန်ပို့တဲ့ငွေကို လူတစ်ယောက် မြန်မာငွေ တစ်သိန်းနဲ့တွက်တာ။ ဘယ်နည်းနဲ့မှ တစ်သိန်းမကဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်သိန်းဆိုတာ အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ကလေးပဲရှိတာ။ အနောက်နိုင်ငံမှာ ရောက်နေတဲ့သူတွေဆို ကျွန်တော်တို့ထက် လခ အများကြီး ပိုကောင်းမှာ။ သြစတေးလျရောက်နေတဲ့ ကိုရေချမ်းတောင် ဂဟေဆော်တာ ကျွန်တော် (အင်ဂျင်နီယာ) ထက် လခပိုကောင်း တယ်။ ဒီတော့ ပျမ်းမျှ တစ်ယောက်ကို တစ်လ အမေရိကန်ဒေါ်လာ ၅၀၀ ပြန်ပို့တယ်လို့ မှန်းရအောင်။

ဒါဆို မြန်မာပြည်ကို တစ်လ တစ်လ ၀င်နေတဲ့ ငွေ ဘယ်လောက်ရှိနိုင်မလဲ။

တစ်ယောက် US$ ၅၀၀ x လူ တစ်သန်း = US$ သန်း ၅၀၀

တစ်နှစ် အတွက်ဆို - US$ သန်း ၅၀၀ x ၁၂ လ = US$ သန်း ၆၀၀၀ = US$ 6 Billion (များတယ်ထင်ရင် လျှော့ချလိုက်ပါ။ US$ 1 Billion)

မြန်မာပြည်ရဲ့ ၂၀၁၀ GDP က US$ 35.646 billion ဆိုတော့ -

ကိုရဲဂေါင်ရေ -

ကျွန်တော်က မနေနိုင်မထိုင်နိုင် အိပ်ရေးပျက်ခံပြီး (ဘာတစ်ပြားမှအကျိုးမရှိဘဲ) တွက်ပြလိုက်ပြီ။ ဟုတ်နိုင်၊ မဟုတ်နိုင် ကိုယ့်ဟာကိုယ် ချင့်ချိန်သာကြည့်ပေတော့ဗျို့။

ဖိလစ်ပိုင်မှာ လူဦးရေ သန်း ၉၀ ရဲ့ ဆယ်ပုံတစ်ပုံဟာ ပြည်ပကိုထွက်ပြီး အလုပ်လုပ်နေပါတယ်။ သူတို့တွေ ကိုယ့်နိုင်ငံကို ပြန်ပို့တဲ့ငွေဟာ ဂျီဒီပီ ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ရော။

ခု နာရီပြန် တစ်ချက်တီးခွဲနေပြီ။ အိပ်တော့မယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

အေးငြိမ်း
၂၅-၂-၂၀၁၁

Reference:

Report of Economist Intelligence Unit
http://en.wikipedia.org/wiki/Gross_domestic_product
http://en.wikipedia.org/wiki/Demographics_of_Burma
http://www.populstat.info/Asia/myanmarg.htm
https://www.cia.gov/library/publications/the-world-factbook/geos/bm.html
http://www.gfmag.com/gdp-data-country-reports/214-myanmar-gdp-country-report.html#axzz1EtbkBrbs

Tuesday, February 22, 2011

ပြောစရာနည်းနည်း ရှိလို့ပါ


နိုင်ငံခြားလာပြီးအလုပ်လုပ်တာကိုပဲ တချို့က နိုင်ငံတော် သစ္စာဖောက်မှုကြီးလို မြင်နေကြသေးတယ်။ ကျွဲခြေရာခွက်ထဲ ကျနေတဲ့ဖားလေးတွေလို အင်မတန် သနားစရာကောင်းတဲ့ သူများပါပေပ ခင်ဗျာ။ ပြောတဲ့သူတွေက ဥရောပနိုင်ငံတွေက မဟာဘွဲ့၊ ဒေါက်တာဘွဲ့ကြီးတွေ ယူလာခဲ့တဲ့သူတွေ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ အံ့လည်းအံ့သြမိပါရဲ့။ အေးလေ၊ သူတို့လည်း သူတို့အမြင်နဲ့ သူတို့ပေါ့။ ရှိပါစေ။

သူများတွေ ဘာတွေလုပ်နေသလဲ။ သူတို့ဒီလိုသွားခြင်းဖြင့် ဘယ်လို အကျိုးအမြတ်တွေရသလဲ ဆိုတာ နည်းနည်းမှ ထည့်မစဉ်းစားဘဲ သူတို့ မြန်မာပြည်မှာ ၀န်ထမ်းဘ၀နဲ့ လုပ်နေတာကိုဘဲ မြန်မာပြည်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေ အတွက် အမိနိုင်ငံတော်ကြီးကို ပြန်ကျေးဇူးဆပ်နေသလိုလို။ ကျွန်တော်တို့က မြန်မာပြည်က သင်ပေးလိုက်တဲ့ ပညာတွေနဲ့ စင်ကာပူ နိုင်ငံတော်ကြီးကိုပဲ အလုပ်အကျွေးပြုနေသလိုလို။

ဒါက သူတို့အမြင်ကိုး ခင်ဗျ။ ဒေါက်တာအောင်ထွန်းသက် ပြောတာလေး နားထောင်ကြည့်စမ်းပါ။

“သူတို့နိုင်ငံခြားသွားလုပ်ခြင်းဖြင့် ကိုယ့်နိုင်ငံမှာမရှိတဲ့ ခေတ်မီအတတ်ပညာတွေ သူတို့ဟာသူတို့ လေ့လာပြီးသား သင်ပြီးသား ဖြစ်သွားတယ်။ ဒီတော့ အဲဒီလူတွေသာ မြန်မာပြည်ပြန်လာခဲ့ရင် သူတို့နဲ့အတူပါလာမဲ့ အတတ်ပညာတွေဟာ ဘာနဲ့မှ ၀ယ်လို့မရတဲ့ အင်မတန် အဖိုးတန်တဲ့အရာတွေ ဖြစ်တယ်။ နောက်ပြီး တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံခြားရောက်မြန်မာတွေကနေ မြန်မာပြည်ပြန်ပို့နေတဲ့ ငွေတွေဟာ နည်းနည်းနောနောမဟုတ်ဘူး - တဲ့။”

ဆရာကြီးပြောတာ ဟုတ်မဟုတ် နည်းနည်း ပေသီးခေါက်ကြည့်ရအောင်။

ကျွန်တော်တို့ခင်ဗျားတို့ မြန်မာသံရုံးကို တစ်လ ဘယ်လောက်ပေးနေရသလဲ။ ကျွန်တော် လတိုင်း တစ်လကို စင်ကာပူဒေါ်လာ ၁၂၀ (မြန်မာငွေ တစ်သိန်းနီးပါး) ပေးနေရတယ် ဆိုတာ ခင်ဗျားတို့ သိပါတယ်။ ပီအာ၊ အီးပီ၊ အက်စ်ပတ်စ်၊ ၀ပ်ပါမစ်၊ မိတ်။ အားလုံး ပျှမ်းမျှခြင်းအားဖြင့် တစ်ယောက် ၈၀ ပဲထားပါဦး။

စင်ကာပူမှာ လာအလုပ်လုပ်နေတဲ့ မြန်မာပေါင်း သိန်းဂဏန်းနီးနီးရှိတယ်။ ဒါပေမဲ့ ၅ သောင်းပဲထားပါဗျာ။
မြန်မာသံရုံးရဲ့ တစ်လ ၀င်ငွေ နော်။ တွက်ကြည့်မယ်။
၈၀ x ၅၀၀၀၀ = စင်ကာပူဒေါ်လာ ၄ သန်း။ အားပါးပါး။

သိပ်များသွားသလား။ ထားပါ လေးပုံတစ်ပုံ ဆိုရင်တောင် တစ်သန်း --- ခင်ဗျ။

မြန်မာပြည်က ဘယ်စက်ရုံ၊ ဘယ်ရုံး၊ ဘယ်ဌာနက တစ်လ ဒေါ်လာလေးသန်း (ဘာအရင်းမှ စိုက်စရာမလို၊ ဘာစက်ပစ္စည်းမှ မလို၊ လုပ်သားခဘယ်လောက်မှ မလို၊ ဘာ ကာယအား၊ ဉာဏအားမှ စိုက်စရာမလိုဘဲ) ရပါသလဲ။ ပြောပါ။

ဒါ သံရုံးကို ပြောတာ။ စင်ကာပူလာ အလုပ်လုပ်တယ် ဆိုတာ ကိုယ့်မိသားစုကို ကျွေးမွေးထောက်ပံ့ဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချည်း လာကြတာ။ ဘယ်သူမှ အားအားလျားလျား အလေလိုက်ရအောင် (သည်းခံပါခင်ဗျာ - ရိုင်းသွားတယ်) ပျော်ဘို့ပါးဘို့ လာကြတဲ့သူ မရှိဘူး။ သူရို့ကြိုက်တတ်လို့ ဘီယာသောက်တယ် ဆိုရင်တောင် အိမ်တော့ ခြစ်ချုပ်ပြန်ပို့ကြတဲ့ သူချည်းပဲ။ ဒါဆို စင်ကာပူနိုင်ငံသား ခံသွားတဲ့လူတွေကလွဲလို့ ကျန်တဲ့ မြန်မာတွေအားလုံး ကိုယ့်မိသားစုရှိရာ မြန်မာပြည်ကို ပိုက်ဆံပြန်ပို့ကြတဲ့ သူတွေချည်းပဲပေါ့။ ရှင်းနေတာဘဲ။

ကိုင်း၊ ဒါဆို တစ်လတစ်လ မြန်မာပြည်ကို နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ ပြန်ပို့နေတဲ့ ငွေတွေ တွက်ကြည့်မယ်။ တကမ္ဘာလုံးဆိုတာ သိပ် ကျယ်ပြန့်တယ်။ ကျွန်တော် လက်လှမ်းမမီဘူး။ ကိုယ်သိသလောက် စင်ကာပူကိုပဲ တွက်မယ်။

ခုနပြောသလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့သူကို ၅ သောင်းပဲထား တွက်ရအောင်။
ကျွန်တော်တစ်လကို အနည်းဆုံး ဆယ်သိန်း ပြန်ပို့တယ်။ ၀ပ်ပါမစ်သမားတွေဆို အနည်းဆုံး သုံးသိန်းတော့ ပို့မယ်။ ထားပါ။ ပျမ်းမျှခြင်း - တစ်ယောက်ကို ငါးသိန်းပို့တယ်ပဲထား။
တစ်ယောက် ငါးသိန်း x လူ ငါးသောင်း = ကျပ် သန်းပေါင်း နှစ်သောင်းခွဲ = ၂၅ ဘီလျံ။ အိုးဟိုးဟိုး။

အာ၊ မဖြစ်နိုင်တာ။ ဒါဆို နည်းနည်းလျှော့ချကြည့်မယ်။

ကဲ တစ်ယောက် တစ်သိန်း x လူငါးသောင်း = ကျပ် သန်းပေါင်း ၅ ထောင် = ၅ ဘီလျံ။ (ဒါထက်ပိုစရာပဲ ရှိတယ်။)
ဒါ - စင်ကာပူတစ်နိုင်ငံထဲကို ပြောတာ။ တကမ္ဘာလုံးမှာ ဆယ်နိုင်ငံကို သွားအလုပ်လုပ်ကြတယ်ပဲ ဆိုပါတော့။
၅ ဘီလျံ x ၁၀ = ဘယ်လောက်ဖြစ်သွားမလဲ၊ ဘီလျံ ၅၀ မဟုတ်လား။ အဲဒါ တစ်နှစ်ကိုပြောတာ မဟုတ်ဘူး။
တစ်လ တစ်လ မြန်မာပြည်ကို ၀င်နေတဲ့ ပိုက်ဆံတွေကိုပြောတာ။

ခင်ဗျား မြန်မာပြည်မှာ အလုပ်လုပ်ရင် တစ်လ ဘယ်လောက်ရမလဲ။ မေးစရာမလိုပါဘူးဗျာ။ မစားလောက်လို့ လာကြတဲ့ သူတွေချည်းဟာကို။ ဒါဆို တကယ်စစ်စစ်ပေါက်ပေါက် သေသေချာချာသာ တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့ဆီကနေ ၀င်နေတဲ့ မြန်မာပြည်ရဲ့ ၀င်ငွေဟာ (သံရုံးတွေအပါအ၀င်ဆိုရင်) မြန်မာတစ်နိုင်ငံလုံးရဲ့ အမျိုးသားထုတ်ကုန် (GDP) ရဲ့ ထက်ဝက်မျှတောင် မရှိနိုင်ပေဘူးလား။

ထားပါတော့ဗျာ။ ကျွန်တော် စိတ်တိုတိုနဲ့ ရေးလိုက်တာပါ။ အသက်လည်း ကြီးပါပြီ။ ဖက်ပြိုင်ပြီးတော့လည်း ရန်မဖြစ်ချင် တော့ပါဘူး။

ကျွန်တော်က ကိုယ်လုပ်နိုင်တတ်သမျှလေးနဲ့ မြန်မာပြည်နဲ့ ပြည်သူပြည်သားတွေကို လုပ်ပေးမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့စုပြီး ကျောင်းတွေ (အစိုးရစာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်၊ သီလရင်သင် ပညာရေးကျောင်း) ပြင်ပေး။ ဆေးရုံဆေးခန်းတွေ ပြင်ပေး။ ဆောက်ပေး လုပ်နေတာ။ ခုဆို နေရာပေါင်း ၁၄၀ လောက်ရှိပြီ။ မြန်မာငွေနဲ့ သိန်း ၇၅၀ ကျော်။ စင်ကာပူဒေါ်လာ တစ်သိန်းကျော်။ ကျွန်တော်မြန်မာပြည်မှာနေရင် လုပ်နိုင်ပါ့မလား။ ကိုယ့်ဟာကိုယ်တောင် မနည်း ထမင်းစားဘို့လုပ်နေရတာ။ ကျွန်တော်တို့လို လုပ်နေတဲ့ နိုင်ငံခြားရောက် မြန်မာတွေ၊ အဖွဲ့အစည်းတွေ မနည်းပါဘူးဗျာ။ ရာနဲ့ချီရှိပါတယ်။ အဲဒါတွေသာ ပေါင်းလိုက်ရင် ခုနက အော်ကြီးဟစ်ကျယ်ပြောနေတဲ့ မြန်မာပြည်ကြီးရဲ့ အကျိုးကို သူတို့သာ ဆောင်ကျဉ်းနေပါတယ်ဆိုတဲ့ မမတို့ထက် အဆပေါင်း ရာနဲ့ချီရှိပါတယ် ခင်ဗျာ။

ခုတော့ ဒီလို ပရဟိတလုပ်ငန်းဆိုတာ လူတိုင်း (စေတနာပါရင်) လုပ်လို့ရတယ်။ ဒီတော့ သူများမလုပ်နိုင်တာ ငါလုပ်မဟဲ့လို့ မြန်မာပြည်မှာ လိုနေတဲ့ (Big Gap) ကွက်လပ်ကြီးကို ဖြည့်ဘို့ ညဘက် အိပ်ချိန်တွေလျှော့ပြီး စာအုပ်တွေ ပြုစုတယ် ပေါ့ခင်ဗျာ။

ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် စာအုပ်ဆိုင်တွေ၊ စာအုပ်အဟောင်းတန်းတွေ သွားမွှေလေ့ရှိတယ်။ စာအုပ်ကို ကျွန်တော်က လူမှန်းသိတတ်စကတဲက ချစ်လာတာ။ ဒီလို လျှောက်မွှေရင်းနဲ့ ကိုယ်က အင်ဂျင်နီယာဆိုတော့ အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လိုက်ရှာကြည့်တယ်။ ဘုရားစူးရပါစေရဲ့။ တကယ် အားကိုးအားထား ပြုရလောက်တဲ့ မြန်မာလိုရေးထားတဲ့ အင်ဂျင်နီးယားရင်း စာအုပ် တစ်အုပ်မှ မရှိဘူး ခင်ဗျာ။ ဦးဖေသိန်း (လျှပ်စစ်) ရေးတဲ့ စာအုပ်တချို့။ ဦးအုန်းမြင့် (ဒီဇယ်) ရေးတဲ့ စာအုပ်တချို့။ ဦးကိုကိုလေး ရေးတဲ့ စာအုပ်တချို့တလေပဲ တွေ့တယ်။ ဒါပေမဲ့ အဲဒီစာအုပ်တွေက တကယ့် အင်ဂျင်နီယာစာအုပ်တွေ မဟုတ်ဘူး။ တက်ခနစ်ရှန် (Technician) တွေအတွက်လောက်ပဲ အသုံးတည့်တယ်။

အင်ဂျင်နီယာ စာအုပ်တွေတင်ပဲလားတဲ့။ မဟုတ်ဘူးခင်ဗျ။ တခြား ဘာသာရပ်တွေရောပဲ။ အားလုံး။ တကယ့် ကျကျနန ပြုစုထားတဲ့၊ အားကိုးအားထား ပြုရလောက်တဲ့စာအုပ် တစ်အုပ်မှ မရှိဘူး။ မြန်မာစာပေနဲ့ပတ်သက်လို့တော့ စာအုပ်တွေ တော်တော်များများ တွေ့တယ်။ ညီမဖြစ်သူကလည်း မြန်မာစာဆရာမ၊ ကျွန်တော်ကလည်း မြန်မာစာပေ ၀ါသနာပါတော့ လက်လှမ်းမီသမျှ အကုန်လိုလို ၀ယ်ထားတယ်။ အားရစရာဆိုလို့ မြန်မာစာပေ တစ်ခုပဲရှိတယ်။

မနှစ်က ကျွန်တော့်သူငယ်ချင်း ကိုအောင်ဇော်ဦးက သူဖတ်ချင်လို့ စပါးအကြောင်း သေသေချာချာ ရေးထားတဲ့ စာအုပ်များရှိရင် ပြောစမ်းပါ။ သိရင်လည်း ၀ယ်ပေးစမ်းပါ။ ပိုက်ဆံပေးပါ့မယ် ပေါ့။ ပြောလာတယ်။

ဘုရားစူးရပါစေ့။ ဈေးကွက်ထဲမှာ စပါးနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာအုပ် တစ်အုပ်ကမှ မရှိပါဘူး ခင်ဗျာ။ ကျွန်တော့်မိတ်ဆွေ အပေါင်းအသင်း စိုက်ပျိုးရေးပညာရှင်တွေ လိုက်မေးတော့လည်း ၀ယ်လို့ရတဲ့စာအုပ်တော့ မကြားမိဘူး။ ဟိုလူ့မှာတော့ ရှိတယ်။ လိုချင်ရင် ကော်ပီဆွဲလို့ရတယ်။ ဒီနေရာမှာတော့ ရှိမယ်ထင်တယ် ဆိုတာလောက်ပဲ သိခဲ့ရတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ စိုက်ပျိုးရေးပညာရှင်တွေ၊ ရိုးရိုးဘွဲ့ရ။ မဟာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ၊ နည်းနည်းတတ်တဲ့သူ၊ အရမ်းတော်တဲ့သူတွေ ရိုက်သတ်လို့ မကုန်ပါဘူး။ ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ၀န်ထမ်းဟောင်း တစ်ယောက်ဆိုတော့ ဘယ်သူတွေတော့ဖြင့် ဘယ်နိုင်ငံမှာ ဘာဘွဲ့တွေ သွားယူနေတယ် ဆိုတာ အမြဲလိုလို သတင်းတွေ ကြားနေရပါတယ်။

ဈေးကွက်မှာရှိတဲ့ စာအုပ်တွေက ဘာပန်းပင်စိုက်နည်း၊ မီးဖိုချောင်သုံး သီးနှံများစိုက်နည်း ဆိုပြီး လယ်သမားတွေ သိပြီးသား နည်းပညာတွေလောက်ပဲ ရေးထားတာများပါတယ်။ ကျွန်တော်လည်း လှည်းတန်းနဲ့ ရန်ကုန်မြို့ထဲ က စာအုပ်ဆိုင်တော်တော်များများမှာ လိုက်ရှာကြည့်တာပဲ။ မတွေ့ခဲ့ဘူး။

အဲဒီတော့ မြန်မာပြည်မှာ အတတ်ပညာပိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေ အများကြီးလိုနေတယ်။ ဘာသာရပ်တိုင်း အတွက်ကို လိုတာ။ ဒီတော့ ကျွန်တော်ကလည်း အင်ဂျင်နီယာ ဆိုတော့ ကိုယ်သိထားတာလေးတွေ၊ တတ်ထားတာလေးတွေ။ လေ့လာမိထားတာလေးတွေကို ရနိုင်တတ်သမျှ စာအုပ်စာတမ်းတွေ ရှာဖွေပြီး ဘာသာပြန်။ တကယ့်ကို အင်ဂျင်နီယာတွေ အားကိုးအားထားပြုရမဲ့ စာအုပ်တွေ ရေးမယ်လို့ ဒီလိုပဲ စိတ်ကူးမိတယ်။

ကျွန်တော့် ပထမစာအုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ထုတ်တာ အုပ်ရေ ၁၅၀၀ ကို သိန်း ၅၀ ရင်းရတယ်။ အဲဒီပိုက်ဆံ အရင်းကျေဘို့ တစ်နှစ်ကျော်ကြာအောင် စောင့်ရတယ်။ ကုန်တော့သာ တလုံးတခဲတည်း သွားဟဲ့ သိန်း ၅၀ ဆိုပြီး ကုန်သွားတာ။ ပြန်ဝင်လာတော့ ၁ သိန်းဝင်၊ ၂ သိန်းဝင်။ ငါးသောင်းရတဲ့ အခါများတောင် ရှိတယ်။ ပိုက်ဆံ ဆိုတာမျိုးက နည်းနည်းစီဝင်လာလို့ကတော့ အသုံးစရိတ်ထဲ ၀င်သွားတာမျိုးကို။ ကုန်တော့သာ account ထဲက စင်ကာပူ ဒေါ်လာ ၇၀၀၀ ပြတ်ပြတ်သားသားထွက်သွားတယ်။ တစ်နှစ်ကြာလို့ အရင်းသာကြေသွားရော၊ အဲဒီ ၇၀၀၀ ဟာ ပြန်မ၀င် လာတော့ပါဘူး ခင်ဗျာ။ ကိုယ်တွေ့ပါ။ ဒါပေမဲ့ လူမှုရေးတာဝန်တော့ အရမ်းကျေသဗျို့။ မိတ်ဆွေတွေတွေ့ရင် ဟောတစ်အုပ်၊ ဟောတစ်အုပ်။ လက်မှတ်ကလေး ထိုးထိုးပေးလိုက်ရတာ။ ဟန်ကိုကျလို့။ ဟိုစာကြည့်တိုက်က လာအလှူခံတယ်။ သွားရော့ တစ်အုပ်။ ဟိုကလေးတွေကို ဆုပေးချင်တယ်။ သွားရော့ သုံးအုပ်။ စသဖြင့်။

ဒီတော့ နောက်စာအုပ်တွေကို ကိုယ့်ဟာကိုယ် ထုတ်ရမှာ အတော်ကြီးကို လက်တွန့်သွားတယ်။ ကျွန်တော့် အစ်မကြီးကလည်း ခပ်အင်အင်ပဲ။ ဒီတော့ “ပိုက်ပြင်ပိုက်ဆက်” စာအုပ်၊ ပြီးသာသွားရော ဘယ်လိုထုတ်ရပါ့မလဲ။ ရင် တထိတ်ထိတ်နဲ့ရယ်။ ကိုယ်ကလည်း ရေးမဲ့အတူတူတော့ တူတူတန်တန်လေးဖြစ်အောင် ဆိုပြီး သိသင့်တာမှန်သမျှ ပုံအော ထည့်လိုက်တာ ပထမစာအုပ်ထက် ပိုထူသွားတယ်။ ဒီတော့ ထုတ်ဝေခက သိန်း ၅၀ အောက်တော့ ဘယ်နည်းနဲ့မှ မလျော့ဘူး။ ပိုချင်သာပိုမယ်။

ဘုရားသိကြားမလို့ တော်ပါသေးရဲ့ လို့ ခေါ်ရမယ်။ ကျွန်တော့် ကျောင်းနေဘက်သူငယ်ချင်း ကိုအောင်ကြည်စိုးက ခု ကွန်ပြူတာဂျာနယ် ထုတ်နေတဲ့ ကိုမြင့်သူ ဆိုတာ မန္တလေးတုံးက သူနဲ့ကျောင်းနေဘက် သူငယ်ချင်း တဲ့။ အမှတ် ၁၄ ကျောင်းထွက်တွေ။ အဲဒါ ကိုမြင့်သူနဲ့ မိတ်ဆက်ပေးတယ်။ ဟန်ကျသဗျို့။ ကိုမြင့်သူက လိုလိုချင်ချင်ပဲ လက်ခံတယ်။ သူက ကျွန်တော့် ဒုတိယစာအုပ် “ဘ၀ခါးခါး” ကို အရမ်းကြိုက်သွားတာကိုး။ သူပဲ မန္တလေးစီးတီး အက်ဖ်အမ်ကို ကျွန်တော့်စာအုပ် အကြောင်း ညွှန်းပေးလိုက်သေးတယ်။

တိုတိုပြောရရင် နောင် ကျွန်တော်ရေးမဲ့စာအုပ်တွေအတွက် ထုတ်ဝေရေးကို မပူရတော့ဘူး။ ကိုမြင့်သူကလည်း ကျွန်တော်တို့လိုပဲ အမြင်ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ဘာပြန်ပေးနိုင်မလဲ ဆိုတာ ကြည့်နေတာကိုး။ သူလည်း အလုပ်ဖြစ်။ ကျွန်တော်လည်း ကိုယ်ရေးချင်တာ ရေးလို့ရ။ တိုင်းပြည်မှာလိုနေတဲ့ အဓိက ကွက်လပ်ကြီးကိုလည်း ဖြည့်နိုင်။

ခု “ပိုက်ပြင်ပိုက်ဆက်လက်စွဲ” ကို သူတို့ စာအုပ် format ပြင်နေတယ်။ ပြီးရင် စာပေစိစစ်ရေးတင်၊ စာအုပ်ထုတ်။ သုံးလေးလတော့ ကြာမှာပေါ့။ ကိစ္စမရှိဘူး။ စာအုပ်ထွက်လာဘို့ အရေးကြီးတာပဲ။

ကိုမြင့်သူ တိုက်တွန်းချက်အရ အခု “တာယာအန္တရာယ်ကင်းဝေးရေး” ဆိုတာရေးနေတယ်။ ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ သိပ်ခရီးမတွင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မနည်းတွန်းနေရတယ်။ ဒါပြီးရင် -

၁။ အသေးစား လယ်ယာသုံး စက်ကိရိယာများ

၂။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း - က ကုန်တော့မယ်။ အုပ် ၂၀၀ လောက်ပဲ ကျန်တော့တယ်။ ကုန်ရင် အခန်းသစ်တွေထပ်ဖြည့်၊ ပြင်သင့်တာတွေ ပြင်ပြီး ဒုတိယအကြိမ် ထပ်ရိုက်မယ်။

၃။ ဂဟေဆက်နည်း အတတ်ပညာ (အရင် ဒေသကောလိပ်သုံး စာအုပ်အဟောင်း ကျွန်တော့်ဆီမှာရှိတယ်။ ကျွန်တော်က ဒီထက် ပိုကောင်း၊ ပိုပြည့်စုံတဲ့ စာအုပ်တစ်အုပ်ဖြစ်အောင် ဖြည့်ရေးမယ်။)

၎။ မြန်မာပြည်မှာ မီးလောင်ပြီး တစ်နှစ်တစ်နှစ်ဆုံးရှုံးရတာ မနည်းလှဘူး။ ဒီတော့ စနစ်တကျ မီးကာကွယ်ရေးအကြောင်း နိုင်ငံတကာ စံချိန်စံညွှန်းများကိုယူပြီး ရေးမယ်။ ခုတောင် စုထားတာ အတော်များနေပြီ။

၅။ ကိုမြင့်သူသာ ထုတ်ဝေဘို့ စိတ်ဝင်စားမယ်ဆိုရင် safety အကြောင်းလည်း ရေးချင်တယ်။ ပိုက်ဆံနဲ့ အချိန်တွေ အကုန်ခံပြီး safety officer သင်တန်းသွားတက်ထားတာ ဘယ်နေရာမှာမှ အသုံးမချရသေးဘူး။

- စသဖြင့် စာအုပ်တွေ ဆက်ရေးသွားမယ်။ ကျွန်တော် သူဌေးဖြစ်ချင်လို့ မဟုတ်ပါ။ စာအုပ်တစ်အုပ်ရေးမှ အများဆုံး ၁၀ သိန်းထက် ပိုမရပါ။ ကျွန်တော့်လခဟာ သိန်း ၂၀ အထက်မှာရှိမယ်ဆိုတာ အားလုံးသိပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် အမိမြန်မာပြည်ကြီးကို တစ်ခုခု ပြန်ပေးချင်လို့ပါ။

နောက်ဆုံးပြောချင်တာကတော့ ကိုယ့်ပိုက်ဆံကိုယ် အကုန်ခံပြီး စင်ကာပူလာ။ မိသားစုနဲ့ခွဲ၊ ဆင်းရဲဒုက္ခခံ လုပ်နေရတာကို မနေနိုင်မထိုင်နိုင် ကျွန်တော့်အပေါ် အပြစ်တွေမြင်နေတဲ့ ကျွန်တော့်ရဲ့ အင်မတန်ခင်မင်ရပါသော အမျိုးသမီးမိတ်ဆွေကို ငါ - နိုင်ငံခြားမှာ အလုပ်လုပ်နေပေတဲ့ တိုင်းပြည်အတွက် ဘာတွေလုပ်ပေးနေသလဲ ဆိုတာလည်း သိအောင် ပြလိုက်ချင်တာလဲ ပါပါတယ်။

ရှေ့တန်းထွက် သေနတ်ကိုင်ပြီး အသေခံတိုက်တာမှ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ နိုင်ငံ့သားကောင်း ဆိုတဲ့ အတွေးအခေါ် အယူအဆတွေဟာ ဆိုရှယ်လစ်စနစ်ကြီးနဲ့အတူ ဟောင်းနွမ်း၊ ဆွေးမြေ့၊ ပုပ်သိုးသွားခဲ့ပါပြီ။

ကျွန်တော်နဲ့ သဘောမတူသူများ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ခွင့်ရှိပါတယ်။
လူတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်တတ်နိုင်သလောက် လုပ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အေးငြိမ်း
၂၁-၂-၂၀၁၁
ည ၁၁း၄၅ နာရီ
Blk 134A, Kang Ching Road
#03-91
Singapore 619062
Tel: 97303027
email: y_nyein@yahoo.com.sg
aye475@gmail.com

Wednesday, February 16, 2011

အလဟဿ

(၁)

အသက်ကြီးလာပြီဆိုတော့ မျက်စိများလည်း မှုန်ဝါးလာပြီဖြစ်သဖြင့် စာဖတ်လိုလျှင် မျက်မှန်တပ်ရတော့သည်။ မျက်မှန်တောင်မှ စာဖတ်လျှင် ဒီဂရီကတစ်မျိုး၊ ကွန်ပြူတာကြည့်လျှင် ဒီဂရီ တစ်မျိုးမှ အဆင်ပြေသည်။ စာဖတ်လျှင် +2.00, ကွန်ပြူတာကြည့်လျှင် +1.75။ ကိုယ်က မျက်လုံးနှင့်လုပ်စားရတာဆိုတော့ မျက်မှန်အဆင်ပြေမှ ဖြစ်သည်။

သည်တော့ မျက်လုံးကို ကျကျနန ဂရုစိုက်ရမည်ဟု Taman Jurong Shopping Centre ရှိ မျက်မှန်ဆိုင်သို့သွားကာ စမ်းသပ်ပါသည်။ အလျင်ဦးဆုံး ခပ်လှမ်းလှမ်းမှ စာကို မျက်မှန်မပါဘဲ သည်အတိုင်း ဖတ်ခိုင်းသည်။ နောက်တော့ ကွန်ပြူတာ ရှေ့ထိုင်ခိုင်းကာ မျက်လုံးတစ်လုံးချင်း စမ်းပါသည်။ စမ်းပြီးပြန်တော့ မှန်များတစ်ခုပြီးတစ်ခု လဲတပ်ရင်း နံရံပေါ်တွင် ကပ်ထားသော စာများကို ဖတ်ခိုင်းပြန်ပါသည်။

အမျိုးမျိုးစမ်းသပ်ပြီးတော့မှ မျက်မှန်ရွေးရမည့် ရက်ချိန်းပေးလိုက်သည်။ စာဖတ်ရာတွင်ရော ကွန်ပြူတာကြည့်ရာ တွင်ပါ အဆင်ပြေစေရန် မျက်မှန်နှစ်လက် လုပ်ခဲ့ပါသည်။ တစ်လက်လျှင် (ကိုင်း+မှန်) စင်ကာပူဒေါ်လာ ၈၃ ကျပ်။ နှစ်လက် ဆိုတော့ ၁၆၆ ကျပ်။ သုံးလေးခါတောင် အထပ်ထပ်စစ်ထားတာဆိုတော့ ဘာမှကြောင့်ကြစရာမလို။ စိတ်ချလက်ချ ပြန်လာခဲ့ သည်။

သို့နှင့် ရွေးရမည့်ရက်ရောက်တော့ မျက်မှန်သွားရွေးကာ တပ်ကြည့်သည်။ နှစ်လက်လုပ်ထားသည်တွင် တစ်လက်မှ အဆင်မပြေပါ။ ကိုင်းနှင့် မှန်ကတော့ တော်တော်ကောင်းပါသည်။ သို့သော်အသုံးမတည့်။ မျက်မှန်များတွင် မျက်လုံးတစ်ဖက် သာ အဆင်ပြေသည်။ ကျန်မျက်လုံးတစ်ဖက်မှာ ၀ါးနေသည်။ သူတို့ကိုပြောတော့ သူတို့က မျက်လုံးကိုထပ်စမ်းပါသည်။ မင်းမျက်လုံးက တစ်ဖက်နဲ့တစ်ဖက် ဒီဂရီမတူဘူး။ နောက်ပြီး မျက်လုံးကို အရမ်းခိုင်းထားရင်လည်း ဒီဂရီအမှန်မရနိုင်ဘူး။ မျက်စိမစမ်းခင် မျက်လုံးကို အရင်အနားပေးထားရတယ် ဟု ဆိုပါသည်။ သို့နှင့် နောက်တစ်ပတ် ပြန်ချိန်းလိုက်ပြန်၏။

နောက်တစ်ပတ်လည်း မထူးပါ။ နောက်တစ်ခါ ထပ်ချိန်းသည်။ သူတို့ဘယ်လိုပြန်ချိန်းချိန်း။ သူတို့လုပ်ထားသော မျက်မှန်များမှာ ဘယ်လိုမှ ကြည့်လို့မကောင်းပါ။ လမ်းဘေးဆိုင်များတွင် တစ်လက်လျှင် ၃ ကျပ်ခွဲ လေးကျပ်နှင့် ၀ယ်တပ်သော မျက်မှန်များက ပိုအဆင်ပြေပါသည်။ သို့နှင့် ထိုပေါချောင်ကောင်း မျက်မှန်များနှင့်သာ နှစ်ပါးသွားရပါတော့၏။

ကျွန်တော်မကျေနပ်ပါ။ သည်တစ်ခေါက် ရန်ကုန်ပြန်ရောက်တော့ အိမ်နားရှိ မေတ္တာဦးဆေးခန်းတွင် မျက်လုံးကို စမ်းကာ မျက်မှန်လုပ်ပြန်ပါသည်။ သူတို့က အဝေး ၅၀၊ အနီး ၂၀၀ ဟု ဆိုကာ အဝေးရောအနီးပါကြည့်လို့ရသည့် မျက်မှန် လုပ်ပေးလိုက်ပါ၏။ သူတို့လုပ်ပေးသည့် အဝေးကြည့်မှာ ၁၀ မီတာလောက်ကြည့်လျှင် ကောင်း၏။ ပြတ်ပြတ်သားသား မြင်ရသည်။ သို့သော် မီတာ ၁၀၀၊ ၂၀၀ စသည့်အဝေးများကျတော့ အဆင်မပြေ။ သာမန်မျက်လုံးလောက် ကြည့်မကောင်း။

အဝေးရောအနီးပါ ရောလုပ်ထားတာဆိုတော့ အနီးကြည့်မှန်မှာ သေးနေသည်။ သူများတွေတော့ ဘယ်လို နေမည်မသိ။ ကျွန်တော်တော့ ကြည့်ရတာ အားမရ။ စာဖတ်ရတာ အဆင်မပြေ။ သည်တော့ သည်မျက်မှန်လည်း အဆင်မပြေပါ။ မျက်မှန်လုပ်ခ (စမ်းသပ်ခ - ၄၅၀၀ + ကိုင်း+မျက်မှန် - ၃၈၀၀၀ ) ကုန်သွားသည်။ သည်တော့ လမ်းဘေးမှ တစ်လက်လျှင် ၁၅၀၀ သာပေးရသော မျက်မှန်များဆီ ပြန်ရောက်သွားပြန်ပါသည်။ သည်မျက်မှန်ကလေးများက ကြည့်ရတာ ပိုအဆင်ပြေ၏။

ပြောချင်သည်မှာ ကောင်းအောင်လို့ ကျကျနန လုပ်ပေမင့် အဆင်မပြေသည့်အတွက် ထို စင်ကာပူဒေါ်လာ ၁၆၆ ကျပ် နှင့် မြန်မာငွေ ၄၂၅၀၀ တို့မှာ အလဟဿ ဖြစ်သွားသည်။ သည်တန်ဘိုးကြီးမျက်မှန်များမှာ တပ်မရသည့်အတွက် ဘီရိုထဲတွင် သည်အတိုင်း သိမ်းထားလိုက်ရသည်။

(၂)

ကျွန်တော်တို့၏ နေ့စဉ်လူနေမှုဘ၀တွင် ဤကဲ့သို့ အလဟဿ ဖြစ်သွားရသည့်အရာများ များစွာရှိပါသည်။ တချို့လည်း မသိမသာ၊ တန်ဖိုးသိပ်မကြီး။ တချို့လည်း သိသိသာသာ၊ တန်ဖိုးကြီးကြီးမားမား။

ရန်ကုန်ရောက်ဖူးသူတိုင်း ရန်ကုန်-အင်းစိန် လမ်းမကြီးတစ်လျှောက်၊ ပြည်လမ်းမကြီးတစ်လျှောက် ဘတ်စ်ကား စီးဖူးကြပါလိမ့်မည်။ ထိုအခါတွင် အလဟဿဖြစ်နေသော စွန့်ပယ်ခံ အထည်ကြီးပျက်ကြီးများကို လမ်းမကြီး ၀ဲယာ တစ်လျှောက် တွေ့ကြပါလိမ့်မည်။

ပထမဦးဆုံးတွေ့ရမည်မှာ ကြို့ကုန်းရှိ ရန်ကုန်စက်မှုတက္ကသိုလ်ကြီး ဖြစ်ပါသည်။ သည်ကျောင်းကြီးနား ဖြတ်သွားရသည့် အခါတိုင်း လည်ပြန်လှည့်မကြည့်ပဲ မနေနိုင်ပါ။ ရင်ထဲတွင် ခံစားချက် အပြည့်နှင့်ဖြစ်ပါသည်။ သည်နေရာမှ ကျွန်တော်တို့၏ ရွှေရောင်တောက်ပခဲ့သော နေ့ရက်များကို သတိမရချင်ပါ။

လှည်းတန်း ရောက်လျှင် တစ်ချိန်တစ်ခါက အင်မတန် ထည်ဝါခမ်းနားလှသော ရန်ကုန်တက္ကသိုလ်ကြီးကို တွေ့ကြရပါလိမ့်မည်။ ခုတော့ သည် သမိုင်းဝင်အဆောက်အဦကြီးမှာ ဘိုးဘွားရိပ်သာ ပို့ခံထားရသော မိခင်အိုကြီးနှင့် အလားသဏ္ဍာန် တူနေပါသည်။ အသင်တို့သာကြည့်တတ်မည်ဆိုလျှင် သည်မိခင်အိုကြီးမှ မျက်ရည်များကိုပင် တွေ့နိုင်ပါလိမ့်မည်။

မြေနီကုန်းကျော်လာလျှင် ပေါင်းပင်ခြုံနွယ်များအကြားမှ ပြည်သူ့လွှတ်တော် အဆောက်အဦကြီးကို အထီးကျန်လှစွာ မြင်တွေ့ရပါမည်။ လွှတ်တော်ကြီးကို ကြည့်ရင်း ကျွန်တော့်စိတ်တွင် စိတ်ပျက်လက်ပျက်နှင့် ကျောပေးထိုင်နေသော သားရဲတို့ဘုရင် ခြင်္သေ့မင်းကြီး ကဲ့သို့ မြင်မိပါသည်။ ခြင်္သေ့အိုကြီးနှင့် မလှမ်းမကမ်းတွင်မူ ခြုံးခြုံးကျနေပြီဖြစ်သော ကျားအိုကြီးကဲ့သို့ ဖြစ်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို မြင်တွေ့ရပါသည်။ ခြင်္သေ့အိုကြီးနှင့် ကျားအိုကြီးမှာ တစ်ဦးနှင့်တစ်ဦး လှမ်းကြည့်ရင်း သင်္ခါရသဘောကို စောကြောနေကြပါသည်။

ထို ဘုရင်အိုကြီးနှစ်ပါးအရှေ့တွင်မူ အမျိုးသားပြတိုက်ကြီးသည် မဟောင်းသေးပါဘဲလျှက် အိုမင်းဟောင်းနွမ်းချင် သယောင်ဆောင်နေကာ မိမိ အထည်ကြီးပျက်ဖြစ်နေသည်ကို လူများသိမှာ စိုးသည့်အလား ပုန်းလျှိုးကွယ်လျှိုးလုပ် နေလျှက် ရှိ၏။ စိန်ဂျွန်းထိပ်တွင်မူ စွမ်းအင်ဝန်ကြီးဌာနဟု ရေးထားသည့် အရောင်မပေါ်တော့ပြီဖြစ်သော ရွှေစာလုံးများနှင့် ဖြူဖပ်ဖြူလျော် အဆောက်အဦကြီးကို မြင်နိုင်ကြပါသည်။

မြို့ထဲကို အနည်းငယ်လွန်ပြီး ဗိုလ်အောင်ကျော်လမ်းဘက် ရောက်လာလျှင် တစ်ချိန်က မြန်မာတစ်နိုင်ငံလုံးကို အုပ်ချုပ်ရာ အဆောက်အဦကြီးဖြစ်သော ၀န်ကြီးများရုံးကို ၀မ်းနည်းဖွယ်တွေ့ကြရပါလိမ့်မည်။ သည်မျှသာ မကသေးပါ။ လူသူ ကင်းမဲ့ခြောက်သွေ့ကာ သုဿာန်တစပြင်ကဲ့သို့ဖြစ်နေသော ကမ္ဘာအေးဘုရားလမ်းမှ စိုက်ပျိုးရေးဝန်ကြီးဌာနမှာလည်း သည် အတိုင်းပင်ဖြစ်ပါသည်။

သည်အဆောက်အဦကြီးများကို မြင်တိုင်း အလဟဿ ဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို ပိုမို၍ လေးလေးနက်နက် ကျွန်တော်ခံစားမိပါသည်။ တည်နေရာတန်ဘိုး၊ အဆောက်အဦတန်ဖိုးထက် သမိုင်းတန်ဖိုးကြီးမားလှသော သည်အဆောက်အဦကြီးများသာ စကားပြောတတ်မည်ဆိုလျှင် သူတို့ ဘာတွေပြောမလဲဆိုတာ တိတ်တိတ်ကလေး ချောင်း၍ နားထောင်ချင်စမ်းပါဘိ။

ယခုအခါ စိုက်ပျိုးရေးတက္ကသိုလ် (ရေဆင်း) မှ ကျောင်းသူကျောင်းသားများမှာ အဆောင်နေခွင့်မရ။ တက္ကသိုလ် အနီးအနားတ၀ိုက်မှ ရွာများတွင် ငှားနေကြရသည်။ ထိုအခါ ၎င်းတို့ပေါင်းသင်း ဆက်ဆံကြရသူများမှာ ရွာသားများ၊ ရွာသူများ ဖြစ်ပေတော့၏။ ရွာသားများနှင့် အပေါင်းအသင်းလုပ်ကြရသော ထို ကိုတက္ကသိုလ်ကျောင်းသားများမှာ ဖဲသမားကလေးများ၊ အရက်သမားကလေးများ အလိုလိုဖြစ်ကုန်ကြ၏။ (ကျောင်းသူများ ဘယ်ဘ၀ရောက်နေသည်ဆိုသည်ကိုမူ သေသေချာချာ မသိရပါ။) ရေဆင်းတွင် ဆရာမလုပ်နေသော ကျွန်တော့်ညီမပြောစကားအရမူ စိတ်ပျက်စရာဖြစ်ပါသည်။

စိုက်ပျိုးရေးတက္ကသိုလ်တွင် ထိုတက္ကသိုလ်ကို တက်မည့် ကျောင်းသားကျောင်းသူများနေစရာ အဆောင်များ အလုံ အလောက်ရှိပါသည်။ ငွေတောင်၊ မြနန္ဒာ၊ န၀င်း၊ ကင်းတား၊ သစ်ဆုံ စသည်။ ယခုမူ ထိုအဆောင်များတွင် ကြွက်များ၊ ပိုးဟပ်များ၊ ပင့်ကူများ၊ ပုရွက်ဆိတ်နှင့် ခြ တို့မင်းမူလျှက်ရှိကုန်၏။ တိရိစ္ဆာန်နှင့် အင်းဆက်ပိုးမွှားတို့သည် လူတို့နေရာကို ယူကုန်လျှက် လူတို့ကား မြောင်းထဲရောက်ရသည့်အဖြစ်ကို ကျွန်တော်တော့ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရပါသည်။

ငါတို့ကို အာခံချင်တဲ့အကောင်တွေ။ မှတ်ပလားကွ ဟု ပါးစပ်မှ ထုတ်မပြောသော်လည်း ပြောတာထက်တောင် ဆိုးနေပါသေးသည်။ အလဟဿ ဖြစ်နေရသော ထိုအဆောက်အဦကြီးများကို ကျွန်တော့်မှာ နေရင်းထိုင်ရင်း နှမြောလှ ပါသည်။

(၃)

တလောက BP မှ ရေနံတွင်းပေါက်ကာ ရေနံများယိုစိမ့်ထွက်သည့် သတင်းကို လူတိုင်းသိမိကြပါလိမ့်မည်။ ဂါလံ သန်းပေါင်းများစွာသော ရေနံများကို မီးရှို့ပစ်နေရသည်၊ ပင်လယ်ထဲ စိမ့်ထွက်နေသည်ကိုကြည့်ပြီး ကျွန်တော့်မှာ အသည်းယားလှပါသည်။ နှမြောစရာ ကောင်းလှပါဘိ။ ရေနံဖြစ်လာဘို့ သစ်ပင်နှင့် အကောင်ပလောင်ကြီးများ၏ ရုပ်ကြွင်းများ ကို နှစ်သန်းပေါင်းများစွာ သိုလှောင်ထားရသည်။ ထို့နောက်မှ ထိုရုပ်ကြွင်းများကို ကျောက်လွှာနှင့်မြေလွှာတို့ ဖိညှပ်ပွတ်တိုက် ရာမှ ရေနံဆိုတာ ဖြစ်လာသည်။ လွယ်လွယ်ကလေးမဟုတ်။ ခုတော့ နှစ်သန်းပေါင်းများစွာ တည်ဆောက်ယူခဲ့ရသော ရေနံများကို အလဟဿ မီးရှို့ပစ်နေရသည်။ ရေနံတွင်းအပေါက်ကြီးကို ပိတ်လိုက်နိုင်ပြီဆိုသော သတင်းကြားတော့ ကျွန်တော့်မှာ မဆီမဆိုင် ၀မ်းသာနေမိပါသေးသည်။

မိတ်ဆွေ။ သင် ထမင်းစားသောအခါ ထမင်းစေ့ တစ်စေ့မှ မကျန်အောင် စားဖြစ်ပါသလား။ ထမင်းအိုးထဲတွင် သေသေချာချာ မခူး၍ ဖြစ်စေ၊ အိုးကပ်နေသဖြင့်ဖြစ်စေ။ အိုးဆေးလိုက်သောအခါ ထမင်းမည်မျှ ပါသွားပါသနည်း။ အသင်ကဲ့သို့သာ လူတိုင်းက ထမင်းများကို အလဟဿ ပစ်နေကြမည်ဆိုလျှင် ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၆၀၀၀ ဆိုလျှင် တစ်နေ့တစ်နေ့ လေလွင့်သွားသော ထမင်း မည်မျှဖြစ်မည်နည်း။

ကျွန်တော့်အိမ်တွင် ငှားနေသွားသော ကောင်လေးများမှာ ထမင်း နှင့် ဟင်းများ မကုန်သဖြင့် နေ့စဉ်လွှင့်ပစ်ရသည်။ မနေနိုင်သော ကျွန်တော်က မိမိစားမည့်ထမင်းကို တိုင်းချက်သင့်ကြောင်း၊ ဆန် ၅ ကီလိုတစ်အိတ်လျှင် ၈ ကျပ်ခွဲ ၉ ကျပ်ပေး ၀ယ်ရတာ အလွန်ဈေးကြီးလှကြောင်း ပြောပြသော်လည်း မရပါ။ ကောက်နေသော ခွေးအမြီးကို ကျည်တောက်နှင့် စွပ်သကဲ့သို့ ဖြစ်ပါသည်။

ဤသည်မှာ ၎င်းတို့တစ်ဦးထည်းမဟုတ်ပါ။ အိမ်ထောင်စု တော်တော်များများ၊ လူတော်တော်များများမှာ ဤအတိုင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့မြန်မာများမှာ ဆိုင်တွင်ထမင်းစားကြပြီဆိုလျှင် ပန်းကန်ထဲတွင်ရှိသော အစားအစာ ကို ကုန်အောင် ဘယ်တော့မှ စားလေ့မရှိပါ။ အစားအစာကို ကုန်အောင်စားလိုက်လျှင် သိက္ခာပဲ ကျတော့မလိုလို၊ ရှက်စရာ ကောင်းသော အလုပ်တစ်ခုကို လုပ်လိုက်သလိုလိုနှင့် အမြဲ တစ်ခုခု ချန်ထားလေ့ရှိပါသည်။ သည်အကျင့် ကောင်းမကောင်း မိမိဘာသာ ပြန်သုံးသပ်သင့်ပါသည်။ ကျွန်တော်စားသည့် အစားအစာမှန်သမျှကိုမူ ဘယ်အရာကိုမှ လွှင့်ပစ်သည် မရှိပါ။ (ထမင်းတစ်စေ့မှ မကျန်အောင်) ပန်းကန်ထဲရှိတာ အကုန်စားပစ်လိုက်သည်ချည်း ဖြစ်ပါသည်။

ငါတို့ တစ်ယောက်ကို ထမင်းတစ်စေ့ လွှင့်ပစ်လိုက်ရင် လူတစ်သန်းဆို ထမင်းစေ့ တစ်သန်း လွှင့်ပစ်လိုက်တာနဲ့ အတူတူပဲ ဟု မော်စီတုံးက ပြောခဲ့ပါသည်။ (သူပြောသည့်စကား အတိအကျကို ကျွန်တော် မမှတ်မိပါ။ သဘောကတော့ သည်အတိုင်းဖြစ်ပါသည်။) ဤထမင်းစေ့များမှာ အလဟဿဖြစ်သွားသော ထမင်းများ ဖြစ်ပါသည်။

အလဟဿ အကြောင်းပြောလျှင် မပါမဖြစ်သော အကြောင်းမှာ နရသီဟပတေ့၏ ဟင်းခွက် ၃၀၀ နှင့် အီမယ်လ်ဒါ မားကို့စ် ၏ ဖိနပ်များဖြစ်ပါသည်။ မြတ်စွာဘုရားကတော့ တပေါစ၊ ခြိုးခြံစွာနေထိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည် ဟု ဟောခဲ့ပါသည်။ နေ့စဉ်နှင့်အမျှ တရားစာပေများ ဖတ်ကြားနာယူနေကြသော ကျွန်တော်တို့သည် ဘုရားဟောသကဲ့သို့ ခြိုးခြံစွာ နေထိုင်သူများ ဖြစ်ပါသလား။

တောင်ကိုးရီးယားက သင်္ဘောကို မြှုပ်ပစ်သည်ဆိုကာ တောင်နှင့် မြောက်ကိုးရီးယားတို့ ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ် ဟု အပြိုင်အဆိုင်စစ်ရေးပြ၊ စစ်များပြင်။ စစ်လေ့ကျင့်နေသည်များမှာ အလဟဿ ပိုက်ဆံဖြုန်းနေခြင်းများ မဟုတ်ပါလား။ အရှေ့အလယ်ပိုင်းမှ အသေခံဗုံးခွဲကာ လူသတ်နေကြသည်မှာ၊ တစ်ယောက်နှင့်တစ်ယောက် သေနတ်များ၊ ဗုံးများနှင့် စစ်တိုက်တမ်း ကစားနေကြသည်မှာ အသက်များကို အလဟဿ ဖြုန်းတီးဖြစ်နေခြင်း မဟုတ်ပါသလား။

ဟိုလူ့သမီးမင်္ဂလာဆောင်တာကလည်း ခရစ်စမတ်သစ်ပင် ကျနေတာပဲ ဟု မှတ်ချက်ပြုခံရသော ကျောက်တုံးများမှာ အီမယ်လ်ဒါ မားကို့စ်၏ ဘိနပ်များထက် အဆရာထောင်မက ဖြစ်သွားသော အလဟဿ များပင် မဟုတ်ပါလော။ (သည်အချိန်တွင် ထိုနိုင်ငံ၏ တစ်နေရာရာ၌ ကျောင်းသားငယ်ကလေးများ မြေကြီးပေါ်ထိုင်ကာ မိုးယိုနေသော အမိုးအောက်ဝယ် စာသင်နေကြရသည်ကို မေ့ထားလိုက်ရန် မသင့်လှပါပေ။)

Thursday, February 10, 2011

ပညာသင်ကြားရခြင်း ၏ အဓိကရည်ရွယ်ချက်

ယနေ့လူငယ်အများစုမှာ မြန်မာစာကိုလည်း ကောင်းစွာမရေးတတ်။ အင်္ဂလိပ်လိုလည်း ကောင်းစွာမရေးတတ်ကြသည်ဖြစ်ရာ ကျောင်းသားငယ်များ မြန်မာစာတိုးတက်လာစေရန် စေတနာဖြင့် စာစီစာကုံးပြိုင်ပွဲများကို မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ မြန်မာစာ ဆရာ၊ ဆရာမများ၏ အကူအညီနှင့် လေးမျက်နှာမြို့နယ်နှင့် ကွင်းကောက်တို့တွင် ပြုလုပ်ပေးခဲ့ပါသည်။ ဆုကြေးမှာ အတန်များသဖြင့် ၀င်ရောက်ဖြေဆိုသူ အတော်များသည်ဟု သိရ၏။


ထို စာစီစာကုံးပြိုင်ပွဲဆုများကို ပေးရင်း လေးမျက်နှာနှင့် ကွင်းကောက်တို့သို့သွားရောက်ကာ ပညာရေးနှင့်ပတ်သက်သည်များကို ကျွန်တော်လေ့လာထားမိသမျှ သူတို့အား ပြန်လည်ဖောက်သည်ချပါသည်။ ၂၀-၁-၂၀၁၁ နေ့တွင် ပညာရေးစုံညီပွဲတော်ရှိရာ လေးမျက်နှာ မြို့နယ်အတွင်း ကျောင်းအားလုံးမှ ဆရာဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသားကျောင်းသူများ နှင့် မိဘများ လာရောက် ကြသည်ဖြစ်ရာ ထိုကဲ့သို့သောပွဲမျိုးတွင် ပြောခွင့်ရသဖြင့် ကျွန်တော့်မှာ ၀မ်းသာအားရဖြစ်မိပါသည်။

၂၁-၁-၂၀၁၁ တွင် ကွင်းကောက်ကျောင်း၌လည်း မိဘဆရာအသင်းနှစ်ပတ်လည် စည်းဝေးပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲနှင့် တိုက် ဆိုင်နေရာ အနီးပတ်ဝန်းကျင်ကျောင်းများမှ ဆရာဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများ၊ မိဘများ စုံစုံညီညီတက်ရောက်လာကြ သည်။ ကျွန်တော်လည်း အားရ၀မ်းသာနှင့်ပြောလိုက်ရာ တစ်နာရီခွဲကျော် ကြာသွားပါသည်။ တာဝန်ရှိဆရာတစ်ဦးမှ လာရောက်ကာ ရပ်ဝေးသို့ပြန်ရမည့်သူများရှိပါသဖြင့် တတ်နိုင်လျှင် ချုံ့ပြောပေးပါရန် သတိပေးမှ မနည်းဘရိတ်အုပ်လိုက်ရပါသည်။

အောက်ပါဆောင်းပါးမှာ ထိုပွဲများတွင်ပြောခဲ့သည်များကို အခြေခံကာ ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။

လောကသဘာဝအရ အရာရာတို့သည် ပြောင်းလဲတတ်သည့် သဘောရှိရာ ကျွန်ုပ်တို့၏ ပညာရေးစနစ်ကိုလည်း နိုင်ငံတကာ ပညာရေးအဆင့်အတန်းနှင့် ညီစေရန် ပြောင်းလဲသင့်က ပြောင်းလဲကျင့်သုံးရန် လိုပေသည်။ ယခု ကျွန်တော်တင်ပြမည့် အကြောင်းအရာ များမှာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ ပညာရေးစနစ်ကို လေ့လာကာ မြန်မာနိုင်ငံမှ လက်ရှိအခြေအနေများကို လေ့လာသုံးသပ်လျှက် ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်သည်များကို တင်ပြထားခြင်းဖြစ်ပါသည်။

ကျွန်တော်လေ့လာသော ဆောင်းပါးများမှာ အင်တာနက်မှ ပညာရေးဆိုင်ရာ ဆောင်းပါးများ၊ မောက္ခပညာရေး အွန်လိုင်းမဂ္ဂဇင်း၊ စင်ကာပူ MOE (Ministry of Education - စင်ကာပူနိုင်ငံ ပညာရေး ၀န်ကြီးဌာန) အင်တာနက်စာမျက်နှာများ နှင့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ လထုတ် Living Color မဂ္ဂဇင်း၊ အမှတ် ၁၈၄။ စာမျက်နှာ ၁၃၈ မှ ၁၄၄ ပါ ဒေါက်တာမောင်သင်း ၏ “ဉာဏ်မျက်စိ ပွင့်စေတဲ့ကျောင်း၊ ပိတ်တဲ့ ကျောင်းနဲ့ ထောင်” ဟူသော ဆောင်းပါး ဖြစ်ပါသည်။

(၁)

နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်ရာတွင် ပညာရေးကို အခြေခံ၍တည်ဆောက်မှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ စနစ်တကျ ရောက်ရှိပေမည်။ ပညာရေးဟုဆိုရာတွင် အမည်ခံပညာရေးမျှ မဟုတ်ဘဲ ထိရောက်သော၊ အကျိုးပြုသော၊ ထက်မြက်သော ပညာရေး ဖြစ်ရန် လိုပါသည်။ သို့ဆိုလျှင် မည်ကဲ့သို့သော ပညာရေးကို ထိရောက်သော၊ အကျိုးပြုသော၊ ထက်မြက်သော ပညာရေး ဟု ခေါ်ဆိုနိုင်ပါ သနည်း။ ကျောင်းများမှ မွေးထုတ်ပေးလိုက်သော ကျောင်းသားများ၊ ဘွဲ့ရ ပညာတတ်များသည် တကယ်တတ်သော၊ တကယ်သိသော ပညာရှင်များဖြစ်ပါမှ၊ ကျောင်းများတွင် ၎င်းတို့သင်ယူလာသော ပညာများကို လက်တွေ့ဘ၀နယ်ပယ်၌ တကယ်အသုံးချတတ်သူများ ဖြစ်ပါမှ၊ တစ်နည်းအားဖြင့် ကျောင်းသင်ပညာရေးသည် နိုင်ငံ့ကုန်ထုတ်လုပ်မှုကို လက်တွေ့အထောက်အကူ ပြုပါမှ၊ ကျောင်းမှထွက်လာသူများသည် မိမိရပ်ရွာကို ဦးဆောင်နိုင်ပါမှ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာပါမှ ထိုပညာရေးကို ထိရောက်သော၊ အကျိုးပြုသော၊ ထက်မြက်သော ပညာရေး ဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့လက်ရှိကျင့်သုံးနေသော ပညာရေးစနစ်ကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။

ပထမဦးဆုံး ကျောင်းသားများ ကျောင်းလာတက်ရခြင်း၏ ရည်ရွယ်ချက်ကို လေ့လာကြည့်ပါမည်။ ကျောင်းလာတက်ကြသော ကျောင်းသားအများစု၏ ရည်ရွယ်ချက်မှာ -

၁။ ငယ်စဉ်အခါ ပညာရှာ ဆိုသောစကားအရ ငယ်တုံးအခါ သားသမီးများကို စာသင်စေရမည် ဟူသောအသိဖြင့် မိဘများကလွှတ်၍သော် လည်းကောင်း
၂။ စာမေးပွဲအောင်ရန်၊ ဆယ်တန်းအောင်ရန်၊ ဘွဲ့ရရန် အတွက်သော်လည်းကောင်း
၃။ မိဘကချမ်းသာသဖြင့် စာသင်ရန်မလိုဟု ခံယူထားသော်လည်း လူပုံအလယ်တွင် ကြွားဝါလိုသဖြင့်၊ ဘွဲ့ဝတ်စုံနှင့်ဓါတ်ပုံကြီးကို အိမ်ဦးခန်းတွင် ချိတ်ထားလို၍ လည်းကောင်း
၎။ အလုပ်တစ်ခုခု ရရန်အတွက် သော်လည်းကောင်း
၅။ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီးဖြစ်ရန် အတွက်သော်လည်းကောင်း

- ဖြစ်ပါသည်။ သည့်ထက်ပိုသော ရည်ရွယ်ချက်များလည်း ရှိကောင်းရှိပါလိမ့်မည်။ အများစုမှာမူ အထက်ပါ ရည်ရွယ်ချက်

များဖြင့် ကျောင်းလာတက်ကြတာသာ ဖြစ်ပါသည်။

သို့ဆိုလျှင် လူ့လောကတွင် အသက်ရှင်နေထိုင်ရေးအတွက် ဆယ်တန်းစာမေးပွဲအောင်ခြင်းသည် မရှိမဖြစ် အရေးကြီးပါသလား။

ကျောင်းမတက်သူများရော လောကတွင် အသက်ရှင်နေထိုင်ဘို့ မဖြစ်နိုင်ဘူးလား။ ကျောင်းတက်လာကြသော ကျောင်းသားများကို (တော မှဖြစ်လျှင်) မိဘများက ‘သားတို့သမီးတို့၊ ငါတို့လိုလယ်ထဲကိုင်းထဲမှာ ပင်ပင်ပန်းပန်းမလုပ်ရအောင် စာကြိုးစားကြ’ ဟု မှာလေ့မှာထ ရှိပါသည်။ သို့အတွက် အလုပ်တစ်ခုရရန် ကျောင်းတက်လာကြသူများ၏ ရည်ရွယ်ချက်ထဲမှ အလုပ် ဟူသည် လယ်လုပ်၊ ကိုင်းလုပ်၊ တောင် သူအလုပ်၊ ကုန်သည်အလုပ်ကို မဆိုလိုကြောင်း မှန်းဆနိုင်ပါသည်။ သို့ဖြစ်လျှင် ထို အလုပ် ဟူသည် မည်သည့်အလုပ်ကို ရည်ရွယ်ပါ သနည်း။ အများစုကတော့ ဆရာဝန် နှင့် အင်ဂျင်နီယာဖြစ်ဘို့သာ မှန်းပါသည်။ သို့မဟုတ်လျှင်ပင် အနည်းဆုံး စာရေးစာချီ၊ အစိုးရ၀န်ထမ်း သို့မဟုတ် ကုမ္ပဏီဝန်ထမ်းကိုမှန်းခြင်းဖြစ်ကြောင်း သိသာပါသည်။

အကယ်၍သာ အထက်ပါ ရည်မှန်းချက်များဖြင့် ကျောင်းလာတက်ရိုးမှန်ပါက ဆယ်တန်းစာမေးပွဲကို မအောင်မြင်၊ ရှုံးနိမ့်ကာ ကျောင်းထွက်သွားရသူများအဖို့ ၎င်းတို့၏ ကျောင်းလာတက်ရခြင်း ရည်ရွယ်ချက်များ ပျောက်ဆုံးသွားပြီလား၊ ပညာရေးတွင် ကျဆုံးသွား သူများလား ဟု မေးခွန်းထုတ်စရာ ရှိပါသည်။ မြန်မာနိုင်ငံ၏ ဆယ်တန်းအောင်ချက်သည် ပျမ်းမျှ ၃၀ ရာခိုင်နှုံးခန့်ရှိရာ ကျောင်းလာတက်ကြ သော ကျောင်းသားများအနက် ဆယ်တန်းမရောက်မီ အကြောင်းကြောင်းကြောင့် ကျောင်းထွက်သွားရသူများအားဖယ်၍ ဆယ်တန်းထိ ရောက်လာသူ ကျောင်းသား ၁၀၀ လျှင် ၃၀ မျှသာ ၎င်းတို့ရည်မှန်းထားသော ဘွဲ့တစ်ခုခုရရန်၊ အလုပ်ရရန် ဟူသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်မည် ဟု ယူဆနိုင်ပါသည်။

သို့ဖြစ်ပါက ဆယ်တန်းကျောင်းသား ၁၀၀ အနက် စာမေးပွဲမအောင်၊ ရှုံးနိမ့်၍ ကျောင်းထွက်သွားရသူ ၇၀ သည် လယ်သမား၊ ကိုင်းသမား၊ ကုန်သည် စသည့်အလုပ်များကို ပြန်လုပ်ကြရမည်ဖြစ်ပေရာ ထို ၇၀ သော ကျောင်းသူကျောင်းသားများအတွက် ကျောင်းလာ တက်လိုက်ရခြင်းသည် အလဟဿ ဖြစ်သွားပြီလား ဟု မေးစရာဖြစ်လာပါသည်။

လူ့ဘ၀တွင် အဖိုးတန်ဆုံးနှင့် ပြန်လည်အစားထိုး၍မရသောအရာ နှစ်ခုရှိပါသည်။ ထိုအရာတို့မှာ အရွယ် နှင့် အချိန် တို့ဖြစ်၏။ ကျောင်းတက်ခြင်းဟူသည် လူမှန်းသိတတ်စ အသက် ၅ နှစ် ၆ နှစ်အရွယ်မှ ဆယ်တန်းဆိုလျှင် အသက် ၁၆ နှစ်ထိ၊ ဘွဲ့ယူသည်အထိဆို အသက် ၂၃၊ ၂၄ နှစ်ထိ ကို စာသင်ခန်းများအတွင်း ကုန်ဆုံးလိုက်ရခြင်း ဖြစ်ပါသည်။ ပြောရလျှင် လူ့လောက၌ တကယ့် အချိန်ကောင်း၊ အရွယ်ကောင်းများကို ပေးဆပ်လိုက်ရခြင်းဖြစ်သည်။ အလွန်အဖိုးတန်သည့် အရွယ်ကောင်းနှင့် အချိန်ကောင်းများကို ကျောင်းစာသင်ခန်း ထဲတွင် ကုန်ဆုံးစေလိုက်ရသည်ဖြစ်ရာ ထို ပေးဆပ်လိုက်ရသည့် အရွယ်၊ အချိန်တို့နှင့်ညီမျှသော ပညာကို မိမိတို့ရလိုက်ပါရဲ့လားဟု ဆယ်တန်းအောင်မြင်ပြီးသူ၊ သို့မဟုတ် မအောင်မြင်ဘဲ ကျရှုံးသွားသူများအနေနှင့် မိမိတို့ကိုယ်ကို ပြန်လည်ဆန်းစစ်၊ မေးခွန်းထုတ်ရန် လိုပါ သည်။

ဆယ်တန်းစာမေးပွဲမအောင်၍ လယ်လုပ်၊ ကိုင်းလုပ်ကြရသူများအတွက် ထို ကျောင်းတွင်သင်ကြားခဲ့သော ပညာရေးသည် အလဟဿ ဖြစ်သွားပြီလား။ ဘာမှ အသုံးချ၍ မရတော့ပြီလား။ ထိုကျောင်းသင်ပညာရပ်များကို ဘာမှ အသုံးမချတတ်။ ကျောင်းမှထွက်လာ သည့်တိုင် မိမိတို့တွင် ဘာမှမရလိုက်သူများအဖို့တော့ ကြီးမားသော ဆုံးရှုံးမှုကြီးပင်ဖြစ်ပါသည်။

ဆယ်တန်းအောင်ပြီး၍ ကျောင်းဆက်တက်သူများအဖို့ရော။ အများစုမှာ ဆရာဝန်နှင့်အင်ဂျင်နီယာကိုသာ မှန်းပါသည်။ သို့ဆိုလျှင် ထို ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ရန် ရည်မှန်းထားသူများသည် ၎င်းတို့ကိုယ်၌က တကယ် ဆရာဝန်အတတ်ပညာကိုလေ့လာကာ လူများကို ဆေးကုပေးလိုများ ဟုတ်မဟုတ် မိမိဖာသာမိမိ ပြန်မေးရန် လိုပါသည်။ ပါးစပ်မှသာ အင်ဂျင်နီယာဖြစ်ချင်သည် ပြောနေပြီး သင်္ချာဘာသာရပ် ကို စိတ်မ၀င်စားသူတို့အဖို့ စစ်မှန်သော အင်ဂျင်နီယာတစ်ဦးဖြစ်မလာနိုင်ပါ။ အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ ဆိုပါက ဆရာဝန်ဘွဲ့ယူကာ ဆေးမကုပဲ သီချင်းဆိုသော၊ စာရေးသော ဆရာဝန်များဖြစ်သွားပါက တိုင်းပြည်အတွက်ရော၊ အခြားသူများ အတွက်ရော၊ မိမိကိုယ်တိုင်အတွက်ပါ မနစ်နာပါလော။

သို့ဖြစ်ပါက မည်သည့်အတွက် ကျောင်းလာတက်ကြရပါသနည်း။ ငယ်ရွယ်သူမှန်သမျှ ကျောင်းသို့လာကာ စာသင်နေကြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘာဖြစ်ပါသနည်း။ မေးသင့်မေးထိုက်၊ စိတ်ဝင်စားသင့်၊ စိတ်ဝင်စားထိုက်သော မေးခွန်းမဟုတ်ပါလော။

(၂)

ပညာရေး ဟူသည် အဘယ်နည်း။ ပညာရေးသည် မည်သည့်အဓိပ္ပါယ်ကို ဆောင်သနည်း။

ပညာရေး (Education) သည် မူရင်း Latin ဘာသာစကားဖြင့် E-ducere ဖြစ်ပြီး To lead out ဟု အဓိပ္ပါယ်ရသည်။

Education : To draw out what was already within the student.

ကျောင်းသားတွင် ရှိပြီးသား အရည်အသွေးများကို ပေါ်လွင်လာအောင် ဖော်ထုတ်ပေးရန် ဟု အဓိပ္ပါယ်ရ၏။

ပညာရေး၏ ရည်မှန်းချက်မှာ အဘယ်ဖြစ်သနည်း။

The purpose of Education is : To develop the knowledge, skill or character of students.

ပညာရေးရည်မှန်းချက်သည်ကား ကျောင်းသားများ၏ အသိပညာ၊ ကျွမ်းကျင်မှု သို့မဟုတ် ကိုယ်ကျင့်တရားတို့ကို မြှင့်တင်ပေးရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ လက်ရှိပညာရေးပန်းတိုင်သည်ကား စာမေးပွဲအောင်ဘို့၊ ဘွဲ့တစ်ခုခုရဘို့၊ အလုပ်တစ်ခုခုရဘို့ ဖြစ်နေပါသည်။ သို့ဆိုလျှင် ဤပညာရေးပန်းတိုင်သည် မှန်ကန်သော ပညာရေးပန်းတိုင် ဟုတ်ပါသလား။

ကျောင်းမှသင်ကြားပေးလိုက်သော ပညာများသည် လက်တွေ့ဘ၀နှင့် ဟပ်မိပါရဲ့လား။ ကျောင်းသင်ပညာရပ်များကို အလုပ်လုပ် ရာတွင် တကယ်အသုံးချနိုင်ပါရဲ့လား။ ကျောင်းက သင်ပေးလိုက်တာတွေသည် လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်ပါရဲ့လား။

ဖွံ့ဖြိုးသောနိုင်ငံကြီးများတွင်မူ ကျောင်းများ အထူးသဖြင့် တက္ကသိုလ်များသို့ ပြင်ပမှ ကုမ္ပဏီပိုင်ရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများကို ဖိတ်ကာ မိမိတို့သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြလျှက် ထိုသင်ရိုးညွှန်းတမ်းများသည် တကယ် ဈေးကွက်ဝင်မ၀င်၊ လက်တွေ့ တွင် တကယ်အသုံးချလို့ရမရ။ လက်တွေ့နှင့်ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းများကို မည်ကဲ့သို့ ပြင်ဆင်သင့်သည် စသည်များကို အကြံ ဉာဏ်များတောင်းခံပါသည်။ ထို့ပြင် ကုမ္ပဏီကြီးများကလည်း တက္ကသိုလ်ကျောင်းသားများကို မိမိတို့ကုမ္ပဏီက မည်ကဲ့သို့သော ပညာရှင် များကို အလိုရှိသည်၊ မည်ကဲ့သို့သော ပညာများတတ်လျှင် မိမိတို့ကုမ္ပဏီတွင် လခမည်မျှရနိုင်သည် စသည်များကို ဟောပြောပွဲများ ပြုလုပ် ပေးသည်။ သို့အတွက် ကျောင်းသားများအနေနှင့် မိမိတို့ကြိုက်နှစ်သက်ရာ၊ ၀ါသနာပါရာ သင်တန်းများကို ရွေးချယ်တက်ရောက်နိုင်သည်။

အကျိုးဆက်အနေနှင့် လက်တွေ့တွင် တကယ်အသုံးချရမည့်ပညာများဖြစ်၍ ကျောင်းသားများအနေဖြင့် စိတ်ပါလက်ပါ သင်ကြား သောကြောင့် ပိုမိုတတ်မြောက်ကြသည်။ မိမိတို့သင်ကြားတတ်မြောက်ထားသော ပညာများကို လက်တွေ့တွင် အသုံးချနိုင်သည်။

သို့ဆိုလျှင် လူမမယ် ကလေးဘ၀ကတည်းက အသက် ၁၄၊ ၅၊ ၆ နှစ်ထိ။ အသက် ၂၀ ကျော် အစိတ်ထိ သင်ကြားခဲ့သော ပညာ များသည် တကယ့်လက်တွေ့ဘ၀နှင့် မည်သို့ဆက်စပ်နေပါသနည်း။ လက်တွေ့ဘ၀တွင် မည်ကဲ့သို့ အသုံးချနိုင်ပါမည်နည်း။

အထက်ပါ ပညာရေးရည်မှန်းချက်ကို ကြည့်လိုက်လျှင် ကျောင်းသူကျောင်းသားများ ကျောင်းလာတက်ခြင်းမှာ စာမေးပွဲအောင်ဘို့၊ ဘွဲ့ရဘို့သာမဟုတ်ဘဲ ကျောင်းသားကလေးများရှိ မီးခဲပြာဖုံးဖြစ်နေသော အရည်အသွေးများကို တောက်ပြောင်လာအောင် လုပ်ပေးဘို့ ဖြစ်သည်။ တနည်းအားဖြင့် ကျောင်းသူကျောင်းသားများ ကျောင်းမှထွက်သွားသောအခါ လူ့ဘောင်လောကတွင် အဆင်ပြေပြေ၊ စည်းကမ်း စနစ်တကျ နေတတ်၊ ထိုင်တတ်ရန် သင်ယူလေ့လာရေးအတွက် ဖြစ်သည်။

ဤနေရာတွင် ကျွန်တော်က Living Color မဂ္ဂဇင်းမှ ဆရာ ဒေါက်တာမောင်သင်း ၏ ဆောင်းပါးပါ အချက်အလက်များကို ထုတ်နုတ်တင်ပြလိုပါသည်။ ဆရာ၏ ဆောင်းပါးအပြည့်အစုံကို ရှာဖွေဖတ်ရှုကြရန်လည်း တိုက်တွန်းပါသည်။ ဆရာက ကျောင်း နှင့် ထောင် သည် ဆက်စပ်နေကြောင်း၊ ကျောင်းက တော်သလောက်ကောင်းအောင် လေ့ကျင့်ပေးတဲ့သူတွေများလေလေ အကျဉ်းထောင်မှာ လူနည်း လေလေ ဖြစ်မှာဖြစ်ကြောင်း။ ကျောင်းဆိုသည်မှာ ဘ၀တွင်ကြုံတွေ့ရမည့် ဆူးငြောင့်ခလုတ်ကန်သင်းများ၊ အခက်အခဲများကို ကျော်လွှားနိုင် အောင် လေ့ကျင့်ပေးသော နေရာဖြစ်၍ ကျောင်းများတွင် ထို လေ့ကျင့်မှုကို အပြည့်အ၀မရခဲ့သူများအား လူမှုအသိုင်းအ၀ိုင်းက ဆက်လက် လေ့ကျင့်မှုကိုခံယူရန် ဘ၀ထဲကကျောင်းကို ပို့လိုက်ကြောင်း။ ထိုဘ၀ထဲကကျောင်း ဟူသည်မှာ ‘ထောင်’ ပင်ဖြစ်ကြောင်း တင်ပြ ထားပါ သည်။

ဆရာက ကျောင်းဟူသည် စာချည်းသက်သက် သင်ပေးသည့် နိမ့်နိမ့်ကျကျနေရာကလေးတစ်ခုမျှသာ မဟုတ်ကြောင်း၊ ကျောင်းဟူသည် လိမ္မာယဉ်ကျေးသည့် လူချွန်လူကောင်းများ၊ ခေါင်းဆောင်လောင်းများ မွေးထုတ်ပေးရာအရပ်ဖြစ်ကြောင်း။ အပြစ်ကင်းစင်သည့် လူမမယ်ကလေးများကို လူလိမ္မာကလေးများ၊ တော်တည့်ထက်မြက်သည့် စံပြနိုင်ငံသား၊ နိုင်ငံကြီးသားစိတ်ဓါတ် ကြွယ်ဝသူများဖြစ်လာရန် သင်ပေး၊ ပြင်ပေး၊ လေ့ကျင့်ပေး၊ တန်ဖိုးမြှင့်တင်ပေးသည့်နေရာဖြစ်ကြောင်း။ လူသားတစ်ယောက်ကို သူ့ဘ၀ တစ်လျှောက်လုံးအတွက် အကျိုးများစေမည့် အခြေခံကောင်းများကို လေ့ကျင့်ပေး၊ ဖြည့်ဆည်းပေးသည့်နေရာဖြစ်ကြောင်း။ လူသား၏ အနာဂတ်အတွက် လုံခြုံသည့်ဘ၀၊ ငြိမ်းချမ်းသည့်ဘ၀၊ အောင်မြင်သည့်ဘ၀တစ်ခုကို မိမိဘာသာဖန်တီးနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသည့်နေရာဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။

တစ်နည်းအားဖြင့် ကျောင်းဟူသည်မှာ ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုတွင် ရှိပြီးသားဖြစ်သော ဗလငါးတန်ထဲမှ ဗလလေးတန် ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလများကို အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးသောနေရာဖြစ်ကြောင်း၊ ခြုံပြောရလျှင် ကျောင်းဟူသည်မှာ တန်ဖိုးမြင့်လူသားများအား အစွမ်းကုန်ပွင့်လန်းဖို့ရာ ပြုစုပျိုးထောင်ပေးသော ဥယျာဉ်ကြီးပင်ဖြစ်ကြောင်း၊ ကလေးများသည် ထိုဥယျာဉ်တွင် ပျော်မွေ့ရန်၊ ခင်တွယ်ရန်လိုကြောင်းများကိုပါ တင်ပြထားပါသည်။

ထိုကဲ့သို့ ကျောင်းသားကလေးငယ်များကို တော်တည့်ထက်မြက်သည့် နိုင်ငံသားများဖြစ်ရန် ပြုစုပျိုးထောင်ရာတွင် ကျောင်းများ၌ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး (Physical Development)၊ ကျန်းမာရေးအသိတရား (Health Care)၊ တစ်ကိုယ်ရေလူမှုဘ၀နှင့် စိတ်ဓါတ် ဖွံ့ဖြိုးမှု (Social and Emotional Development)၊ ကိုယ်ကျင့်တရားမြင့်မြတ်မှု (Ethical Values)၊ စာနာတတ်မှု (Sympathy)၊ လူမှုဆက်ဆံ ရေး အသိစိတ် (Social Consciousness)၊ ပြောဆိုလိမ္မာယဉ်ကျေးမှု (Politeness and Courteous)၊ ရင့်ကျက်သော အနုပညာခံစားမှုနှင့် စိတ်ထားနူးညံ့မှု (Aesthetic Development)၊ ကျိုးကြောင်းညီညွတ်စွာ ယုတ္တိရှိရှိ ပြဿနာကို ဖြေရှင်းနိုင်မှု (Logical Problem Solving)၊ စည်းကမ်းလိုက်နာမှု (Discipline)၊ မိမိနှင့်စရိုက်နောက်ခံမတူသူများနှင့် စည်းလုံးညီညွှတ်စွာ ပေါင်းစည်းဆောင်ရွက်နိုင်မှု (Diversity and Unity) စသည်တို့ကို လေ့ကျင့်ပေးရမည် ဖြစ်သည်။

ကျောင်းကောင်းဟူသည် ကျောင်းသင်ခန်းစာကို အခြေခံပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုစိတ်ရှိရန်၊ သင်ရိုးတွင်ပါသည်ထက် ပိုသိချင်၊ ပိုတတ်ချင်စိတ်ရှိရန်၊ လူမှုဆက်ဆံရေးတော်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိရန်၊ မိမိပတ်ဝန်းကျင်၊ လူသားဝန်းကျင်နှင့် လူ့အဖွဲ့အစည်း အကျိုးကို သယ်ပိုးနိုင်စွမ်းရှိရန် လေ့ကျင့်ပျိုးထောင်ပေးသော ကျောင်းဖြစ်သည်။ ကျောင်းတွင် သင်ပေးလိုက်သမျှကလေးကို ကျက်ပြီး စာမေးပွဲဖြေရုံသက်သက်မျှသာ မဟုတ်ဘဲ မိမိလက်တွေ့ဘ၀ ပတ်ဝန်းကျင်တွင် အသုံးချနိုင်ရန်ဖြစ်သည်။

ကျောင်းသင်ခန်းစာကို မှတ်စုထုတ်ပေး၊ အလွတ်ကျက်ပြီး ‘၏’ ‘သည်’ မလွဲပြန်ဖြေခိုင်းစေခြင်းသည် ကလေး၏ ဉာဏ်အမြင်ကို ပိတ်စေသော သင်ခြင်းဖြစ်သည်။ ကလေးများသည် မိမိပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းမရှိတော့ဘဲ ကျောင်းသင်ခန်းစာများထက် ပိုမမြင်အောင် ပိတ်လှောင်ခံလိုက်ရခြင်းဖြစ်သည်။ ယခုအခါတွင် ကျောင်းသားငယ်များသည် ကျောင်းပြီးလျှင် ကျူရှင်၊ ကျူရှင်ပြီးလျှင် guide ဖြစ်နေသဖြင့် စာသံသရာထဲ တ၀ဲလည်လည်ဖြစ်နေကာ စာနံရံဖြင့်ပိတ်လှောင်ခံနေရပြီး လူ့ဘ၀အစစ်အမှန်၊ လူ့တန်ဘိုးအစစ်၊ ပတ်ဝန်းကျင်တို့ကို မြင်ခွင့် မရတော့ပေ။ ထိုအခါတွင် ထိုကလေးငယ်သည် မည်မျှပင် စာမေးပွဲများအောင်နေပါစေ၊ မည်သည့်ဘွဲ့ကြီးများကို ရနေပါစေ လူ့တန်ဖိုး အစစ် အမှန်များဖြစ်သော စိတ်ဓါတ်တည်ငြိမ်ရင့်ကျက်ရေး၊ ကျန်းမာရေး၊ ကိုယ်ကျင့်တရားမြင့်မြတ်မှု၊ စာနာတတ်မှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု၊ စာနာတတ်မှု၊ ပြဿနာကို ကျိုးကြောင်းခိုင်လုံစွာ ဖြေရှင်းတတ်မှု စသည်တို့မပါလာတော့။ ခေါင်းပါးနေတော့သည်။ ထိုသူသည် စာဘက်တွင် တော်နေစေကာမူ လူ့ဘောင်ကို အကျိုးပြုသော၊ မိမိပတ်ဝန်းကျင်ကို ခေါင်းဆောင်နိုင်သောသူ မဖြစ်လာနိုင်တော့ပေ။

အကျဉ်းချုပ်လိုက်ရလျှင် ကျောင်းဟူသည် မကောင်းသည့်စရိုက်ဆိုးများပပျောက်သွားအောင်၊ ကောင်းသည့်စရိုက်များဖြစ်ထွန်း လာအောင် လေ့ကျင့်ပျိုးထောင်ပေးသော နေရာဖြစ်သည်။

(၃)

နောက်တစ်ခုရည်ညွှန်းလိုသည်မှာ ကျွန်တော်ရေးသည့် ‘အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း’ စာအုပ်၊ စာမျက်နှာ ၂၂၁ မှ ၂၃၅ ထိ ဖြစ်ပါသည်။ ဤတွင် စင်ကာပူမှ ပညာရေစနစ်အကြောင်း ရေးသားထားပါသည်။ စင်ကာပူပညာရေးစနစ်ကား ‘Less Teaching, More Learning’ ဖြစ်သည်။ မြန်မာလို ‘နည်းနည်းသင်ပေး၊ များများလေ့လာ” ဟု ဘာသာပြန်လျှင် ရမည်ထင်ပါသည်။ ဆိုလိုသည်မှာ အစစအရာရာ ဆရာ ဆရာမကချည်း သင်ပေးသည်မဟုတ်ပဲ ဆရာ ဆရာမက မည်ကဲ့သို့ဖြေဆိုရမည် လေ့လာရမည်ကို လမ်းညွှန်ပေးရုံမျှ ဖြစ်၍ တကယ်လေ့လာရသူမှာ ကျောင်းသားဖြစ်ပါသည်။

စင်ကာပူသင်ရိုးတွင် ကျောင်းစာအပြင် Co Curriculum Activities (CCA) ကိုပါ ပူးတွဲ လေ့ကျင့်ရသည်။ ထို CCA တွင် အားကစားပါသည်။ ၀ါသနာပါရာသင်တန်းများ ပါသည်။ အနုပညာ ပါသည်။ ကလပ်များ ပါသည်။ ကျောင်းသားကျောင်းသူများသည် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော စသည့် မိမိ ၀ါသနာပါရာ အားကစားတစ်မျိုးမျိုးကို လေ့လာလိုက်စားရသည်။ ၀ါသနာပါရာ ဥပမာ ပန်းချီ၊ ဂီတကို သင်ကြားရသည်။ လူမှုရေးအဖွဲ့အစည်းများဖြစ်သော ကြက်ခြေနီ၊ ဘွိုင်းကောက် စသော အသင်းများတွင် ပါဝင် လှုပ်ရှားရသည်။

စာမေးပွဲအတွက် တကယ်အမှတ်ပေးသောအခါတွင် ထို CCA တွင် ပါဝင်လှုပ်ရှားမှုအရ ပေးသောအမှတ်ကိုပါ ထည့်ပေါင်းသည်။ ကျောင်းစာတစ်ခုထဲ တော်ရုံမရ။ အားကစားနှင့် လူမှုရေးအသင်းအဖွဲ့များတွင် မည်မျှစိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားသည် ဆိုသည်ပါ အရေး ကြီးသည်။ တစ်နည်းအားဖြင့် ကျောင်းမှထွက်သွားသည့်အခါ အားကစားတွင် ထူးချွန်သူများဖြစ်လာစေရန်၊ လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှားတတ်သူများဖြစ်လာစေရန် ကျောင်းမှ တစ်ခါတည်း လေ့ကျင့်ပေးလိုက်ခြင်း ဖြစ်သည်။

စင်ကာပူတွင် မြန်မာပြည်မှာကဲ့သို့ ကျူရှင်များ၊ ၀ိုင်းများ မှိုလိုပေါက်နေတာ မတွေ့ရပါ။ ကိုယ့်အားကိုယ်ကိုး ပညာရေးစနစ် ဖြစ်သည်။ ကျောင်းသားများ စာဖတ်အားကောင်းလာစေသည်။ မိမိကိုယ်တိုင် report ရေးတတ်လာစေသည်။ စကားပြောကောင်းစေသည်။ လူများနှင့်မည်ကဲ့သို့ ပေါင်းသင်းဆက်ဆံရမည်ကို နားလည်စေသည်။ ကိုယ်ဝါသနာပါသည့် အားကစား၊ အနုပညာများတွင် ထူးချွန်အောင် လုပ်နိုင်သည့် အခွင့်အလမ်းများရှိလာသည်။ ထူးချွန်အောင် လုပ်နိုင်လာသည်။ သို့သော် မကောင်းသည့်အချက်မှာမူ ၀န်နှင့်အား မမျှသည့်အခါ ငယ်ငယ်ရွယ်ရွယ်နှင့် depression (စိတ်ကျရောဂါ) ရနိုင်သည်။

ကျွန်တော်တို့မြန်မာပြည်တွင်မူ ကျောင်းသားက ဘာမှစိုက်ထုတ်လုပ်စရာမလို။ ဆရာဆရာမပေးလိုက်သော အဖြေများကို၊ သင်ခန်းစာမှတ်စုများကို အလွတ်ကျက်ကာ စာမေးပွဲတွင်မေးလာသည့် မေးခွန်းကို ဖြေလိုက်ရုံသာ ဖြစ်သည်။ မေးလာသောမေးခွန်းကို ၏ သည် မရွေးပြန်ဖြေနိုင်ပါက အမှတ်ကောင်းမည်။ ဂုဏ်ထူးထွက်မည်။ သို့သော် မကောင်းသည့်အချက်မှာ မေးခွန်းအသစ်အဆန်းမေးလာ သောအခါတွင်မူ မည်ကဲ့သို့ဖြေရမည်ကို မသိတော့။ ပုစ္ဆာကို မိမိဘာသာ မဖြေရှင်းတတ်။

ရလဒ်မှာ ဆရာဆရာမဖြေပေးထားသော အဖြေများကို အလွတ်ကျက်မှတ်ဖြေဆိုလိုက်ခြင်းဖြင့် ကျောင်းသားသည် ထိုပုစ္ဆာကို အဘယ်ကြောင့် ဤကဲ့သို့ဖြေရသည်။ ထိုပုစ္ဆာက ဘာကိုဆိုလိုသည်။ ဤပုစ္ဆာနှင့်အလားတူ အခြားပြဿနာများလာပါက မည်ကဲ့သို့ဖြေရှင်း ရမည်ကို မသိတော့။ ကျောင်းစာကို သဘောမပေါက်ပဲ အလွတ်ကျက်လိုက်ခြင်းဖြင့် ထို ကျောင်းစာကို လက်တွေ့ဘ၀တွင် မည်ကဲ့သို့ ဆက်စပ် အသုံးချရမည်ကို မသိတော့။ ထို့ပြင် အလွတ်ကျက်ထားသော စာများဖြစ်သဖြင့် စာမေးပွဲပြီး၍ ငါတို့တော့ လွတ်ပြီ ကျွတ်ပြီဟု လွှတ်ချလိုက်သည်နှင့် တပြိုင်နက် ထိုစာများမှာ ကျောင်းစာအုပ်များအတွင်း ပြန်လည်ဝင်ရောက်သွားတော့သည်။ ကျောင်းသားထံတွင် ဘာမှမကျန်ခဲ့တော့။

တစ်နည်းပြောရလျှင် ထိုကျောင်းသားသည် တစ်နှစ်ပတ်လုံး အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သော်လည်း စာမေးပွဲ ပြီးသွား၍ နောက်တစ်တန်းတက်သွားသည့်တိုင် ၎င်းတွင် ထိုအတန်းအလိုက်ရှိသင့်သည့် ပညာ၊ အသိသညာကို မရလိုက်။ ဤသို့ဖြင့် အတန်းများ တစ်တန်းပြီးတစ်တန်းတက်လာပြီး ဆယ်တန်းအောင်သွားသည့်တိုင် ထိုကလေးသည် ဆယ်တန်းနှင့်ထိုက်တန်သော အသိပညာ ကို မရတော့။ ကျောင်းမှထွက်လာပြီးနောက် ဆယ်နှစ်ကျော်သင်ခဲ့သမျှ အားလုံးမှာ စာအုပ်ထဲတွင်ပင် ကျန်ခဲ့တော့သည်။ ဘွဲ့ရသည့်သူများမှာ လည်း ဤအတိုင်းပင်ဖြစ်သည်။ ဘွဲ့သာရလာသည်။ မိမိရလာသောဘွဲ့ကိုပင် စာလုံးပေါင်းမှန်အောင် မပေါင်းတတ်တော့ပါ။

သူငယ်တန်းမှ (တစ်နည်း) အသက် ၅ နှစ် ၆ နှစ် လောက်မှ စကာ ဘွဲ့ရသည်ထိ (တစ်နည်း) အသက် နှစ်ဆယ်ကျော်ထိ၊ ဆယ့်လေးငါးနှစ်မျှ သင်ကြားလာခဲ့ပါလျှက် အင်္ဂလိပ်စာကို အမြီးအမောက်တည့်အောင် မရေးတတ်ခြင်း။ မြန်မာကို စာတစ်ပုဒ်ဖြစ်လာအောင် ကောင်းကောင်းမရေးတတ်ခြင်း။ မည်သည့်နေရာတွင် မည်သည့်စာလုံးကို သုံးရမည် မသိခြင်း။ စာလုံးပေါင်းကိုမျှ မှန်အောင် မပေါင်းတတ်ခြင်းများမှာ အထက်ဖော်ပြပါ အလွတ်ကျက်သော ပညာရေးစနစ်၏ ရလဒ်များပင် ဖြစ်ပါသည်။ မည်မျှဆိုးသနည်းဟူမူ GTI လက်မှတ်ကြီးကိုင်ထားပါလျှက် unit conversion ကို ကျကျနန မတွက်ချက်တတ်ကြ။ အလွန်စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေ ဖြစ်ပါသည်။

ကျွန်တော်တို့ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) တွင် လက်ရှိကြုံတွေ့နေရသည့် အခြေအနေမှာ အလွန်ဆိုးပါသည်။ ရွာကို ဦးဆောင်အုပ်ချုပ်မည့်သူမရှိ။ ရွာ့ဦးသျှောင် အဖွဲ့အစည်းမရှိ။ ရပ်ရွာကို ဦးဆောင်နိုင်မည့် အရည်အချင်းရှိသူ တစ်ဦးတစ်ယောက်မှ မရှိခြင်းပင်ဖြစ်ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်များက ရွာလူကြီးများရွေးကောက်တင်မြှောက်ကြရာတွင် သင့်တော်မည်ထင်မည့်သူများကို ရွေးချယ် တာဝန်ပေးခဲ့ကြသည်။ သို့သော် ယခုတိုင် သူတို့တွင် ကျေးရွာအကျိုးသယ်ပိုးနိုင်မည့် ခေါင်းဆောင်ကောင်းကို ရှာလို့မတွေ့သေး။ ကျွန်တော်လည်း ၀ါးတောကွင်းရွာသားတစ်ဦး ဖြစ်ခဲ့ဖူးရာ ထိုရွာမှလူအားလုံးကို သိသည်။ မည်သူကတော့ မည်မျှအရည်အချင်းရှိသည်။ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်မည့်သူ ဟုတ်၊ မဟုတ် ကျွန်တော် အကဲခတ်နိုင်ပါသည်။ သည်ကနေ့အထိတော့ ၀ါးတောကွင်းကျေးရွာအုပ်စု (၀ါးတောကွင်းရွာနှင့် ထောက်ကြံ့ကွင်းရွာ) တွင် ရပ်ရွာအကျိုးကို သယ်ပိုးနိုင်သည့် အရည်အချင်းရှိသူ၊ လူထုကို ဦးဆောင်မှုပေးနိုင်သူ တစ်ဦးတစ်ယောက်မှ မမြင်မိပါ။

သို့ဆိုလျှင် ထိုကျေးရွာများ၌ ကျောင်းတက်ခဲ့ဖူးသူ မရှိတော့ပြီလော ဟု မေးစရာရှိပါသည်။ ကျွန်တော်တို့ကျောင်းသားဘ၀ကမူ ကျွန်တော်တို့ကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ရွာများ၌ ဆယ်တန်းထိ ကျောင်းတက်ခဲ့ဖူးသူ တစ်ဦးတလေမှ မရှိခဲ့ပါ။ ကျွန်တော်တို့ မောင်နှမ များသည်ကား ဤဒေသ၏ ပညာရေးကို အစပြုသူများဖြစ်လေသည်။ ဆယ်တန်းကို မဆိုထားပါနှင့်။ လေးတန်းအောင်သူပင် ရှာမှရှားထဲက ဖြစ်သည်။ သို့ပေမင့် ယခုအခါ ကျွန်တော်တို့ရွာတွင် ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲ ဘွဲ့ရ၊ မူလတန်းလွန်ကျောင်း ကျောင်းအုပ် ရှိသည်။ တက္ကသိုလ် တက်ခဲ့ဖူးသူ သုံးလေးဦးရှိသည်။ ဆယ်တန်းကျ ဆယ်ဦးခန့်ရှိသည်။ ရွာတွင် မူလတန်းလွန်ကျောင်းရှိသဖြင့် ၈ တန်းထိ တက်ခဲ့ဖူးသူ အတော်များလေသည်။

အကယ်၍သာ ထိုလူငယ်များသည် အထက်တွင် ဆရာမောင်သင်းပြောခဲ့သလို ကျောင်းများ၌ လူချွန်လူကောင်းကလေးများ ဖြစ်အောင်၊ မိမိပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်စွမ်းရှိအောင် ပြုစုပျိုးထောင်ပေးခြင်းကို ခံခဲ့ရပါလျှင် ထိုလူငယ်ကလေးများ သည် ထိုရွာ၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်မှာ သေချာလှပါသည်။ ရပ်ရွာအကျိုး၊ လူ့အဖွဲ့အစည်း၏ အကျိုးကို သယ်ပိုးနိုင်သူ၊ တစ်နည်းအားဖြင့် ရပ်ရွာက အားကိုးအားထားပြုရမည့်သူများ ဖြစ်လာပါမည်။

သို့သော် လက်တွေ့တွင်မူ ထို တက္ကသိုလ်ကို တက်ခဲ့ဖူးသော၊ ဆယ်တန်းထိ ပညာဆည်းပူးခဲ့ဖူးသော လူငယ် လေးငါး ဆယ်ယောက်မှာ ရွာထဲရှိအခြားသူများနှင့် ဘာမှ မခြားနားပါ။ ၎င်းတို့၏ အသိပညာသည် ကျောင်းလုံးဝမနေခဲ့ဖူးသော ရွာရှိအခြားလူငယ်များ နှင့် ဘာမှ မထူးပါ။ အတူတူပင်ဖြစ်ပါသည်။ ရွာသို့ပြန်ရောက်သည့်အခါတိုင်း သူတို့အားလုံးကို စုခေါ်ကာ ရပ်ရွာအကျိုးသယ်ပိုးကြရန် ကျွန်တော် အတန်တန်ပြောခဲ့၊ ပြောခဲ့သမျှကိုလည်း စာနှင့်ရေးကာ ဖြန့်ဝေခဲ့ပါသည်။ သို့ရာတွင် ယခုထိတော့ ဘာမှထူးခြားတာ မတွေ့ရ သေးပါ။

ဤသည်မှာ သူတို့သည် သူတို့ကိုယ်သူတို့ ပညာတတ်များဟု မခံယူ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထား။ ကိုယ်သင်လာခဲ့သည့် ပညာကို တန်ဖိုးမထား။ ပညာတတ်ဟု ခံယူရလောက်အောင်လည်း ဘာမှမတတ်။ ဆယ်တန်းထိသာ ရောက်လာသည်၊ ဘာမှမတတ် သေးကြောင်း မိမိဘာသာသိသည်။ သို့အတွက်သာ သူတို့သည် ကျောင်းမတက်ခဲ့သူများနှင့် တန်းတူပြန်ဖြစ်သွားရခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူတို့ ဆယ်စုနှစ်တစ်ခုကျော် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံကာ ကျောင်းလာတက်ခြင်းသည် ဘာမှအရာမရောက်။ တန်ဖိုးမရှိ။ အလကား ဖြစ်သွားသည်။ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ထောင်ပေါင်းများစွာသော ကျောင်းသားကလေးများလည်း (ထူးချွန်ထက်မြက်သည့် ကျောင်းသားအနည်းငယ်မှလွဲ၍) ဤကဲ့သို့ပင်ဖြစ်မည်ဟု မှန်းဆနိုင်သည် ဖြစ်ပေရာ နိုင်ငံအတွက် ဆုံးရှုံးမှုကြီးမှာ အလွန်ကြီးမားလှပါသည်။ ထို့ပြင်တ၀ သက်မဲ့ပစ္စည်းဆုံးရှုံးမှုကို အစားထိုးလို့ရသည်။ လူအရင်းအမြစ် ဆုံးရှုံးမှုကို အစားထိုးရန် မလွယ်ကူရကား တစ်နှစ်တစ်နှစ်တွင် အလဟဿဖြစ်သွားသော အချိန်၊ ငွေ၊ လူအင်အား စသည်တို့မှာ ကြောက်ခမန်းလိလိဖြစ်ပါသည်။

အထက်တွင်ဖော်ပြသလို ဖြစ်နေသည်မှာ ကျွန်တော်တို့ရွာကလေး တစ်ရွာထဲတင်မဟုတ်မူ၍ မြန်မာပြည်တလွှားမှ ရွာများအားလုံး လည်း သည်အတိုင်းပင်ဖြစ်ဖို့များပါသည်။ တိုင်းပြည်တစ်ပြည်ဟူသည် ထိုရွာကလေးများဖြင့် စုပေါင်းထားသော အစုအဝေးကြီးတစ်ခု ဖြစ်ပေ ရာ ထိုကဲ့သို့သော ရွာများဖြင့်စုစည်းထားသည့် တိုင်းပြည်တစ်ခု၏ အခြေအနေကို အကဲခတ်၊ မှန်းဆကြည့်နိုင်ပါသည်။ ရင်လေးဘွယ် ကောင်းသော အခြေအနေကြီးပင်ဖြစ်ပါ၏။

သို့ဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသနည်း ဟု ပြန်လည်ဆန်းစစ်ကာ ပြုပြင်ကြရန် မသင့်ပါသလော။

နိုင်ငံတကာပညာရေးကို အခြေခံကာ ကျွန်တော်လေ့လာမိသလောက်၊ ဉာဏ်မီသလောက် ဤနေရာတွင် တင်ပြပါမည်။ ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်ကလေးနှင့် ရေးခြင်းဖြစ်၍ ပြည့်စုံလုံလောက်သည်ဟု မဆိုလိုပါ။ အခြားလိုအပ်ချက် များစွာရှိပါမည်။ ပညာရှင် ဆရာဆရာမကြီးများ ထပ်မံဖြည့်စွက်ပြီး ပိုမိုကောင်းမွန် ထိရောက်သော ပညာရေးစနစ်တစ်ခုဖြစ်လာစေရန် ၀ိုင်းဝန်းလုပ်ဆောင် အကောင်အထည်ဖော်ကြရန် တိုက်တွန်းရပါသည်။

အခြေခံသင်ရိုးကို ဆရာဆရာမက ရှင်းပြပြီး စာကိုမူ ကျောင်းသားအား မိမိဘာသာ ဖတ်စေ၊ လေ့လာစေရမည်။ ပြဿနာတစ်ခုကို ဖြေရှင်းရာတွင်၊ ပုစ္ဆာတစ်ပုဒ်ကို ဖြေဆိုရာတွင် ဆရာဆရာမက ဖြေဆိုပေးခြင်းမပြုဘဲ မည်သို့ဖြေဆိုရမည်ကို ရှင်းလင်းပြောပြကာ ကျောင်းသားအား မိမိဘာသာ ဖြေဆိုစေရမည်။ လိုအပ်သောအချက်အလက်များကို ကျောင်းသားအား မိမိဘာသာရှာဖွေစေရမည်။ သို့မှသာ ကျောင်းသူကျောင်းသားများသည် ပြဌာန်းစာများကို ထဲထဲဝင်ဝင်၊ ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်မည်။ ပြဿနာကို ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းနိုင်မည်။ စာအပေါ် စိတ်ဝင်စားမှုရှိလာမည်။ ကျောင်းစာနှင့်ပတ်သက်သော အခြားပြင်ပစာများကိုပါ ရှာဖွေဖတ်ရှုရကောင်း မှန်း သိလာမည်။

ကျောင်းသားများအနေနှင့် ‘ငါ ကျောင်းလာတက်နေတာသည် စာမေးပွဲအောင်ရုံ၊ ဘွဲ့ရရုံကလေးမျှသာ မဟုတ်ဘဲ လူ့ဘ၀မှာ နေနည်း ထိုင်နည်းတွေကို သင်ယူနေတာ’ ဟု နားလည်သဘောပေါက်လာစေရန် မိဘ၊ ဆရာဆရာမများက ရှင်းလင်းပြသပေးရမည်။ စာကို ကျောင်းတွင် သင်ပေးလိုက်သမျှနှင့် ရောင့်ရဲမနေဘဲ မိမိကိုယ်တိုင် ထဲထဲဝင်ဝင် ကျကျနန နားလည်သဘောပေါက်လာအောင် ကြိုးစား ရမည်။ ကျောင်းကပေးလိုက်သည့် အဖြေလွှာများကို အလွတ်ကျက်ဖြေမည့်အစား မိမိဘာသာ ဖြေဆိုနိုင်အောင် ကြိုးစားရမည်။ တစ်ချိန်လုံး စာပြီးရင်းစာ ဖြစ်နေမည့်အစား အခြားမိမိဝါသနာပါရာ၊ လူမှုဆက်ဆံရေး၊ အားကစား စသည်များကိုလည်း လေ့လာလိုက်စားရမည်။ ဗဟုသုတ ဖြစ်စေမည့် ကျောင်းစာပြင်ပက စာများကိုလည်း ဖတ်ရှုလေ့လာရမည်။

ကျောင်းသားများ စာကိုချစ်တတ်လာအောင် လေ့ကျင့်ပေးရမည်။ စာအုပ်များကို ချစ်တတ်လာအောင် ပျိုးထောင်ပေးရမည်။ ကျောင်းသင်ပညာကို လက်တွေ့ဘ၀တွင် အသုံးချတတ်အောင် သင်ကြားပေးရမည်။ ကျောင်းသားများတွင် ကောင်းမြတ်သော အလေ့ အကျင့်များဖြစ်ထွန်းလာအောင် လေ့ကျင့်ပေးရမည်။ မိမိကိုယ်ကို တန်ဖိုးထားတတ်လာအောင်၊ မိမိသင်ယူနေသော ပညာကို တန်ဖိုးထား တတ်လာအောင် ပြောဆိုပြသ ဆိုဆုံးမပေးရမည်။ အချိန်ကို တန်ဖိုးရှိစွာ စီမံခန့်ခွဲတတ်စေရန် ကျောင်းသားဘ၀ကတည်းက လေ့ကျင့်ပေးရ မည်။

ကျောင်းများတွင် အားကစားအသင်းများ ဖွဲ့စည်းပေးကာ အားကစားကို မဖြစ်မနေလုပ်စေရန်လိုပါသည်။ ကြက်ခြေနီအသင်းများ ဖွဲ့စည်းပေးကာ ရှေးဦးသူနာပြုစုနည်းသင်တန်းများ ပေးရမည်။ ကျောင်းချိန်တွင် မဟုတ်လျှင်သော်မှ နွေရာသီကျောင်းပိတ်ရက်များတွင် စီစဉ် ပေးနိုင်ပါသည်။ ပန်းချီသင်တန်းများလည်း ဖွင့်ပေးနိုင်ပါသည်။ ဘာသာရေးနှင့်ပတ်သက်သည့် သင်တန်းများကို (နာမည်ခံမျှမဟုတ်ဘဲ) ထိထိရောက်ရောက် သင်ပေးရမည်။ လူငယ်များကို ဘာသာရေးအသိများ သွင်းပေးလိုက်ခြင်းဖြင့် ယဉ်ကျေးလိမ္မာသော လူငယ်ကလေး များ ဖြစ်လာစေသည်။ ဂီတ၀ါသနာပါသူ ကျောင်းသားကျောင်းသူများအတွက် ဂီတသင်တန်းများ စီစဉ်ပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

စကားပြောတတ်လာစေရန်၊ ပေါင်းသင်းဆက်ဆံတတ်လာစေရန် ကျပမ်းစကားပြောပွဲများ၊ စကားရည်လုပွဲများ မကြာခဏ ကျင်းပ ပေးရန် လိုပါသည်။ ဖြစ်နိုင်လျှင် ပရိသတ်ရှေ့တွင် စကားပြောနည်းကိုပါ သင်ပေးသင့်ပါသည်။ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ အဘိဓမ္မာ အခါတော်နေ့ကဲ့သို့သော နေ့ကြီးရက်ကြီးများတွင် ကျောင်းသားကလေးများကို ထိုနေ့ရက်နှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များကို စုဆောင်းစေကာ ဟောပြောပွဲများ ပြုလုပ်ပေးသင့်ပါသည်။ ဆရာဆရာမများက ဟောနည်းပြောနည်းများကို သင်ပေး ပြီး ကျောင်းသားကျောင်းသူကလေးများကို တစ်ပတ်တန်သည်၊ ဆယ်ရက်တန်သည် လေ့ကျင့်ပေးကာ ပရိသတ်ရှေ့တွင် ဟောပြောခိုင်းရ ပါမည်။ သို့မှ သူတို့တွင် လူရှေ့သူရှေ့တွင် စကားပြောသည့် အလေ့အကျင့် ရလာပါမည်။ လူ့ဘောင်တစ်ခုကို ဦးဆောင်ရာတွင် ဤအရည် အချင်းမှာ အလွန်အရေးကြီးပါသည်။ သို့ဖြစ်ရာ ဤအရည်အချင်းကို ကျောင်းမှာကတည်းက လေ့ကျင့်ပျိုးထောင်ပေးရန် လိုပါသည်။

လေ့လာရေးခရီးတိုများလည်း ထွက်ပေးသင့်ပါသည်။ လေ့လာရေးဆိုသည်မှာ ရှည်ရှည်ဝေးဝေး တွေးစရာ၊ ပိုက်ဆံအကုန်အကျ ခံစရာ၊ အချိန်ကုန်ခံစရာ မလိုပါ။ မိမိရပ်ရွာအတွင်း၊ ရပ်ရွာ အနီးပတ်ဝန်းကျင်တွင်ပင် ဖြစ်နိုင်ပါသည်။ ဥပမာ - မြို့ပေါ်ရှိ ဆန်စက်ကို သွားရောက်လေ့လာမည်။ သစ်စက်ရှိလျှင် သစ်စက်ကို သွားရောက် လေ့လာမည်။ မွေးမြူရေးခြံရှိလျှင် မွေးမြူရေးခြံသို့။ စိုက်ပျိုးရေးခြံရှိလျှင် စိုက်ပျိုးရေးခြံသို့။ ယုတ်စွအဆုံး လယ်ကွင်းများဆီ သွားရောက် လေ့လာနိုင်ပါသည်။ ပထ၀ီ၊ သိပ္ပံများတွင် သင်ရသော သင်ခန်းစာများကို လယ်ကွင်းများတွင် လက်တွေ့ရှင်းလင်းပြသနိုင်သည်။

စပါးအမျိုးအစားဘယ်နှမျိုးရှိသည်။ သက်ကြီးစပါးနှင့် သက်ငယ်စပါးမည်သို့ကွာသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဆန်စားသုံးမှု မည်မျှရှိသည်။ ဤမြို့နယ်မှ စပါးအထွက်သည် ဤမြို့နယ်တွင်နေထိုင်သူများအတွက် လုံလောက်မလောက်။ ဤရွာတွင် အိမ်ခြေမည်မျှ ရှိသည်။ စာတတ်သူ မည်မျှရှိသည်။ လယ်သမားမည်မျှ၊ ကိုင်းသမားမည်မျှ၊ သက်ကြီးရွယ်အိုမည်မျှ၊ တစ်နှစ်ကလေးဘယ်နှယောက် မွေးသည် စသည်ဖြင့် လေ့လာစရာတွေ အများကြီးရှိပါသည်။ လက်တွေ့နှင့်ဆက်စပ်လေ့လာသည့်အခါမှလည်း ကလေးများသည် မိမိတို့ သင်ယူနေသည့် ပညာကို စိတ်ဝင်စားလာမည်။ သဘောပေါက်လာမည်။

ကလေးငယ်များ စာကို ကျကျနနရေးတတ်လာစေရန်၊ ရေးကျင့်ရလာစေရန် စာစီစာကုံးပြိုင်ပွဲများကို ဆုကြေးကောင်းကောင်း ပေးလျှက် လုပ်ပေးသင့်ပါသည်။ စာစီစာကုံးကို ဆရာဆရာမက ရေးပေးလိုက်ကာ၊ သို့မဟုတ် စာစီစာကုံးစာအုပ်များထဲမှ အလွတ်ကျက်ကာ ရေးသည့်အကျင့်ကို အားမပေးပါနှင့်။ ထို ရေးပြီးသားစာစီစာကုံးများကို နမူနာယူကာ မိမိဘာသာ ရေးတတ်စေရန်လေ့ကျင့်ပေးရပါမည်။ အချက်အလက်ကိုပင် ဆရာဆရာမက တိုက်ရိုက်မပေးဘဲ ဖတ်ရမည့်စာအုပ်များကို ညွှန်ပြကာ သူတို့ဘာသာ ဖတ်မှတ်၊ လေ့လာစေသင့် ပါသည်။ သို့မှသာ ကလေးများ ကိုယ့်အားကိုယ်ကိုးသည့် အလေ့အကျင့်များ ရလာပါမည်။ အထက်တွင်ဖော်ပြခဲ့သော လေ့လာရေးခရီးတို များမှ ပြန်ရောက်လာသောအခါ သူတို့ကို လေ့လာရေးအတွေ့အကြုံများ ရေးခိုင်းစေလျှင် သူတို့တွင် အစီရင်ခံစာရေးသော အလေ့ အကျင့် ကိုပါ ရလာမည် ဖြစ်ပါသည်။

သင်္ချာ၊ ပထ၀ီ၊ သမိုင်း၊ သိပံ္ပဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲများကိုလည်း ဆုကောင်းကောင်းပေးလျှက် လုပ်ပေးပါ။ လက်တွေ့ကျသော လူမှုပြဿနာများကို ချပြကာ သူတို့အား ဖြေရှင်းပါစေ။

နောက် အရေးကြီးသော အချက်တစ်ခုမှာ စာကြည့်တိုက် နှင့် စာဖတ်ကျင့် ဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းများတွင် စာကြည့်တိုက်များမှာ ဖုံတက်နေပြီး စာကြည့်တိုက်ဟူသည်မှာလည်း နာမည်ခံမျှသာ ဖြစ်လျှက် အထဲတွင် ဖတ်စရာစာအုပ် မယ်မယ်ရရ မရှိပါ။ ထို့အတူ စာကြည့်တိုက်ဖွင့်ချိန် သီးသန့်ဟူ၍လည်း ရှိမည်မထင်ပါ။ စာကြည့်တိုက်ကို စနစ်တကျစောင့်ရှောက်မည့်သူ ရှိမရှိလည်း မသိရပါ။ ရှိလျှင်သော်မှ ထိုသူသည် စာကြည့်တိုက်မှ စာအုပ်များမပျောက်မပျက်ရအောင် စာအုပ်များကို စာရင်းပြုစုကာ စာအုပ်ဗီရိုများ အတွင်း သော့ခတ်သိမ်းထားဘို့ များပါသည်။

ဆရာ ဆရာမများခင်ဗျား။ စာမဖတ်သူသည် သေနေသူဖြစ်သည်။ စာဖတ်သူမှသာ အသိပညာ အမြဲတိုးတက်နေသူဖြစ်သည်ကို ဆရာ ဆရာမများ သိပြီးဖြစ်ပါသည်။ သို့အတွက် ယနေ့မှစ၍ စာကြည့်တိုက်တံခါးကို ကလေးများအတွက် အမြဲဖွင့်ပေးထားပါ။ တစ်နေ့လျှင် စာဖတ်ချိန်တစ်ချိန် သီးသန့်သတ်မှတ်ပေးပြီး ကလေးများကို စာဖတ်ကျင့်ရရန် လုပ်ပေးပါ။ စာအုပ်များ ပြဲမှာ စုတ်မှာ မစိုးရိမ်ပါနှင့်။ တာဝန် ရှိသူ ဆရာဆရာမက စာအုပ်များ မပျောက်မပျက်ရန် ထိန်းသိမ်းပေးဘို့သာ လိုပါသည်။ စာဖတ်ရင်း စာအုပ်များ ဟောင်းနွမ်း၊ စုတ်ပြဲသွား ခြင်းသည် မဖတ်လိုက်ရဘဲ ဘီရိုထဲတွင်ပင် ပျက်စီးသွားသည်ထက် အဆပေါင်းများစွာ တန်ဘိုးရှိပါသည်။ “ဘီရိုထဲတွင် ဖုံတက်နေသော စာအုပ်တစ်အုပ်သည် ထင်းတုံးတစ်တုံးမျှလောက်ပင် တန်ဖိုးမရှိပါ” ဟူသော စကားပုံရှိပါသည်။

စာပေ၀ါသနာပါသူများ၊ တတ်နိုင်သူများကို အလှူခံ၍သော်လည်းကောင်း၊ ကျောင်းရံပုံငွေမှသော်လည်းကောင်း စာအုပ်များ ၀ယ်ယူပြီး ဟောင်းလောင်းဖြစ်နေသော စာကြည့်တိုက်ဘီရိုများကို ဖြည့်တင်းပါ။ မလိုအပ်သော အခြားအသုံးစရိတ်များကို လျှော့ချလျှက် စာအုပ်များ ၀ယ်ပါ။ နေ့စဉ်ထုတ် သတင်းစာ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ အခြားဖတ်သင့်ဖတ်ရာ ကောင်းနိုးရာရာ စာအုပ်များ ၀ယ်ယူပါ။ ကလေးများ စာဖတ်ဝါသနာပါလာခြင်းသည် တိုင်းပြည်ကြီးပွားတိုးတက်ရေး၏ လမ်းစဖြစ်ပါသည်။ ကျန်းမာရေးနှင့်ဆိုင်ရာ စာအုပ်များ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စာအုပ်များ၊ စာစီစာကုံးစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ဘာသာရေးစာအုပ်များ၊ မြန်မာစာပေဆိုင်ရာ စာအုပ်များ၊ ကဗျာစာအုပ်များ၊ ယဉ်ကျေးမှုဆိုင်ရာစာအုပ်များ စသည်ဖြင့် စာအုပ်အမယ်မျိုးစုံ တင်ပေးပါ။ သူတို့နှစ်သက်ရာကို ရွေးဖတ်သွား ပါလိမ့်မည်။

မိဘများအနေနှင့်လည်း ကလေးက မသိ၍မေးလာလျှင် အော်ငေါက်မလွှတ်ပါနှင့်။ စိတ်ရှည်လက်ရှည် ရှင်းပြပေးပါ။ မိမိမသိလျှင် သိရန်ကြိုးစားပါ။ သို့မဟုတ် သိသူထံခေါ်သွားပြီး ချဉ်းကပ်မေးမြန်းပါစေ။ မိမိသားသမီးကို ချစ်စနိုးနှင့် ဘာမှမခိုင်းဘဲ ဖူးဖူးမှုတ်ထားခြင်း သည် ကလေး၏ အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်သည်။ မိမိသားသမီးကို အိမ်အလုပ်၊ လယ်အလုပ်များ ၀ိုင်းဝန်းလုပ်ပါစေ။ သူတတ်နိုင် သလောက် တာဝန်ခွဲဝေယူခိုင်းပါ။ ကလေးများကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ကစားပါစေ။ အန္တရာယ်ရှိမည့်အရာ၊ မဟုတ်သည့်အရာများမှလွဲ၍ တတ်နိုင်သမျှ မချုပ်ချယ်ပါနှင့်။

မိဘများကိုယ်တိုင်က သားသမီး၏ အတုယူစရာဖြစ်အောင်နေထိုင်ပါ။ မည်သည့်အခါမျိုးတွင်မှ မိမိသားသမီးကို ဆေးလိပ်၊ ကွမ်းယာဝယ်ခိုင်းခြင်း၊ အရက်၊ ထန်းရည် ၀ယ်ခိုင်းခြင်း မခိုင်းပါလေနှင့်။ သားသမီးရှေ့တွင် လင်မယားရန်ဖြစ်ခြင်း၊ ခွန်းကြီးခွန်းငယ် စကားများခြင်း၊ နင်ပဲငဆ ပြောခြင်း၊ ဆဲခြင်း၊ ရိုင်းစိုင်း၊ ရင့်သီးသော အသုံးအနှုံးများသုံးခြင်း မပြုပါနှင့်။ ကလေးသည် မိဘကို အတုယူတတ် သည်ဖြစ်ရာ မကောင်းသော အပြုအမူ၊ အပြောအဆိုများ မိမိ၏သားသမီးကို မသိမသာ သင်ပေးနေခြင်းမျိုးမဖြစ်စေရန် အထူးဂရုပြုပါ။ ကလေးများ မဟုတ်တာလုပ်လျှင်သော်မှ ရိုက်မောင်း၊ ဆဲဆိုမည့်အစား သူတို့နားလည်လက်ခံလာအောင် သေသေချာချာ ရှင်းပြပါ။

(၄)

နိဂုံးချုပ်ရလျှင် အနာဂတ်၏ တိုင်းပြည်ခေါင်းဆောင်များဖြစ်လာမည့် ကျွန်တော်တို့၏ သားသမီး တူတူမများ၊ တက်သစ်စ အညွန့် အဖူးကလေးများကို အညွန့်တလူလူနှင့် တက်လာစေရန်၊ ပြုစုပျိုးထောင်ပေးရန်၊ မြေတောင်မြှောက်ပေးရန် ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိပါသည်။ သူတို့ကို ပြုစုပျိုးထောင်ပေးရာတွင် အညွန့်ကို ချိုးလိုက်မိသလို ဖြစ်မသွားစေရန် အထူးဂရုပြုရပါမည်။

ယုတ်စွအဆုံး သူတို့သည် မိမိတို့ဘာလုပ်နေသလဲ ဆိုတာ ကောင်းစွာသိရန် လိုပါသည်။ သို့မှ ကိုယ်လုပ်နေသောအလုပ်၊ ကိုယ်သင်ကြားနေသော ပညာရပ်အပေါ် တန်ဖိုးထားတတ်လာမည် ဖြစ်ပါသည်။ မိမိအနာဂတ်ကို အာမခံမပေးနိုင်သော ပညာ သို့မဟုတ် အလုပ်တစ်ခုကို မည်သူကမှ တန်ဖိုးထားမည် မဟုတ်ပါ။ သို့အတွက် ယခု သူတို့လေ့လာ သင်ကြားနေသော ကျောင်းသင်ပညာအား ဘွဲ့တစ်ခုရရုံဟူသော၊ အလုပ်တစ်ခုရရုံ ဟူသော အလွန်ကျဉ်းမြောင်းသည့် အမြင်မှ လူချွန်လူကောင်းကလေးများဖြစ်လာရန်၊ တိုင်းပြည် ခေါင်းဆောင်များဖြစ်လာရန် ဟူသော မြင့်မားသည့် ရည်မှန်းချက်သို့ ပြောင်းလဲမြင်နိုင်ကြစေရန်၊ လေးနက်စွာ ခံယူလာကြစေရန် တည့်မတ် ပေးရန်မှာ ဆရာဆရာမများ၊ မိဘများနှင့်တကွ ကျွန်တော်တို့အားလုံး၏ တာဝန်ပင်ဖြစ်ပါတော့သည်။

မြန်မာပြည်သည် ကမ္ဘာ့အလယ်တွင် ၀ံ့ကြွားစွာ ရပ်တည်နိုင်ပါစေသတည်း။

အေးငြိမ်း
၂၇-၁-၂၀၁၁
တိုက် 24A, အခန်း 6B
ပြည်ရိပ်မွန်အိမ်ယာ၊ နာနတ်တောလမ်း
ကမာရွတ်၊ ရန်ကုန်
ဖုံး - (၉၅၁) ၇၀၉၅၁၀